နတ်သမီးရေကန် အပေါ်ကို ဖြတ်ဆောက် ထားသော တံတားပေါ်တွင် လူတစ်စု လျှောက်လာကြသည်။ နတ်သမီးရေကန်မှ လူတိုင်းက သူတို့အား ကြည့်ကြသည်။ သူတို့က ရှေ့မှ သီးခြား အဆောက်အဦထံသို့ လျှောက်သွားကြသည်။ သာမန်လူများ ထိုနေရာသို့ မသွားနိုင်ပေ။ နတ်သမီးရေကန်တွင် စားသောက်ခြင်းပင် အလွန် တန်ဖိုးကြီးမားနေပြီ။ နတ်သမီးရေကန်မှ သီးသန့်အဆောင်ထဲကို ဝင်ရောက်ခြင်းကား ကြွယ်ဝ ချမ်းသာသူများပင် တတ်နိုင်သော ကိစ္စမဟုတ်ပေ။ သို့သော် ထိုအုပ်စုက ထိုနေရာကို ဝင်ရောက်ခြင်းကို မူကား လူအများက ထူးဆန်းသည် မတွေးကြပေ။ ထိုအုပ်စုကား နဂါးကလန်မှ နဂါးမယ်လေးတို့ အုပ်စုဖြစ်သည်။
လောင်လင်းအာကား အသက်၁၃ နှစ် ၁၄နှစ် အရွယ်မျှသာ ရှိသေးသည်။ သူမက ငယ်ရွယ်သေးသော်လည်း သူမက ချစ်စရာကောင်းကာ လှပချောမောနေပြီ ဖြစ်သည်။ နောက်နှစ် အနည်းငယ် ကြာသောအခါ မိုးမြေကောင်းကင်မြို့၌ နောက်ထပ် အလှပဂေး တစ်ယောက် ပေါ်ထွက် လာတော့မည်မှာ သေချာသည်။
လူတိုင်းက အနောက်ဘက် နဂါးကလန်မှ နဂါးမယ်လေး၏ ပါရမီကို ကြားဖူးကြ၏။ သူမတွင် နဂါးဆရာဖြစ်ရန် ပါရမီပါသည်။ သူမ ငယ်ရွယ်စဉ် ကတည်းကပင် နဂါးကလန်က သူမအတွက် နဂါးတစ်ကောင်ကို ဖမ်းဆီးကာ သူမနှင့် ရင်းနှီးစေသည်။
လူတချို့ကား မွေးကတည်းက မနာလို ဝန်တိုစရာ ကောင်းလှ၏။ အကယ်၍ အနောက်တောင် နဂါးကလန်မှ စွမ်းအား အမြင့်ဆုံးလူက မသေဆုံးခဲ့ပါက သူမ၏ဘဝက သည်ထက်ပင်ပို၍ လင်းလက် ပေဦးမည်။ မည်သို့ဆိုစေ ထိုလူ အသက်ရှိစဉ်က မြေရိုင်းဒေသ အရှေ့ဘက်နယ်တွင် သူနှင့် ယှဉ်တိုက်နိုင်သောလူ အနည်းငယ်မျှသာ ရှိပေသည်။ သူ့အား ဆုံးရှုံးခဲ့ခြင်းက နဂါးကလန်အတွက် ကပ်ဘေးတစ်ခု ဖြစ်ကာ ထိုအဖြစ်အား အဖတ်ဆယ်ရန် နှစ်များစွာ အချိန်ယူခဲ့ရသည်။
လူတိုင်းက လောင်လင်းအာ၏အနီးမှ လူများကို ကြည့်ကြရာ ရီဖူရှင်းကို မြင်ကြသည်။ သူတို့က သိပ်နားမလည်ကြပေ။ သူက သည်မတိုင်ခံ အအော်အငေါက် ခံရသောလူ မဟုတ်ပေဘူးလား…။
ထိုအဖြစ်က လူအများအား စိတ်ဝင်စားစေသည်။ သူတို့က ကျင့်နန်နှင့် ဝမ်ယွီချန်းကို လှမ်းကြည့်ကြသည်။ လက်ရှိတွင် သူတို့ နှစ်ယောက်ကလည်း မှင်တက်နေကြသည်။ ဘာဖြစ်နေသနည်း။ ရီဖူရှင်းက အနောက်တောင် နဂါးကလန်နှင့် မည်သို့ သိနေရသနည်း။ ရီဖူရှင်းနှင့် အနောက်တောင် နဂါးကလန်က မည်သို့မှ ဆက်စပ်မှု မရှိသည်ကို သူတို့ သိကြသည်။
ရီဖူရှင်းက သူတို့အား မကြည့်ပေ။ သူတို့က သီးသန့်ဆောင်ထဲကို တိုက်ရိုက် ဝင်ရောက် သွားကြသည်။
ကျင့်နန်က စားပွဲအား တဒေါက်ဒေါက် ခေါက်ကာ ရယ်မောလိုက်သည်… “သူက နတ်ဗိမာန် အိမ်တော်မှာ နေနိုင်တာ မထူးဆန်းတော့ပါဘူး… သူက နဂါးကလန်ကို ဝင်ရောက်ခဲ့တယ်…”
“စီနီယာက ဘာကို ပြောချင်တာလဲ…” ဝမ်ယွီချန်းက မေးသည်။
“နဂါးကလန်က မင်းသမီးလေးက အရမ်း ငယ်ရွယ်ပြီးတော့ ကြယ်မင်းကျောင်းကို ပညာသင်ဖို့ ဝင်ရောက်လိမ့်မယ်… သူတို့မိသားစုက သူမနဲ့အတူ ပညာသင်ဖက် ရှာပေးတာ ပုံမှန်ပဲ… မင်းရဲ့ မိတ်ဆွေက ဉာဏ်ကောင်းတယ်လို့ ငါထင်တယ်… ဒီလို မြင်ကွင်းမျိုးက ရင်းနှီးနေသလို မင်း မခံစားရဘူးလား…” ကျင့်နန်က အသာအယာ ပြုံးလိုက်သည်။
“စီနီယာက ဝမ်မိသားစုကို ပြောတာလား…” ဝမ်ယွီချန်းက ကျင့်နန် ပြောလိုသည်ကို နားလည်၏။
“မင်း ဘယ်လိုထင်လဲ…” ကျင့်နန်က ရယ်မောလိုက်သည်… “ငါက သူ့ကို အထင်သေးမိပြီ… သူက အဲဒီအပိုင်းမှာ တကယ်ပဲ ဉာဏ်ကောင်းတယ်… သူက ယွန်ယွဲ့မြို့မှာ မင်းတို့ မိသားစုနဲ့ အဆက်အသွယ် ရတယ်… သူက မိုးမြေကောင်းကင်မြို့ကို ရောက်တာ သိပ်မကြာသေးဘူး… ဟော… အခု နဂါးကလန်နဲ့ အဆက်အသွယ် ရသွားပြီ…ငါက တကယ်ပဲ အထင်ကြီးမိတယ်…”
“နဂါးကလန်ကို ဝင်ဖို့ဆိုတာ သိပ်မလွယ်ကူဘူး… သူက ဘယ်လို လုပ်လိုက်တာလဲ…” ဘေးမှ တစ်ယောက်က တီးတိုးပြောသည်။ နဂါးကလန်က ထိုအဆောက်အဦထဲတွင် ရှိသည်။ ထိုနေရာက အနည်းငယ် ဝေးသော်လည်း သူတို့က ကျယ်လောင်စွာ မဝေဖန်ရဲပေ။
“အဲဒါက အနိမ့်အမြင့် နည်းလမ်းတွေ ရှိတယ်… ငါက အတိအကျ မသိနိုင်ဘူး…” ကျင့်နန်က အဓိပ္ပာယ်ပါစွာ ရယ်မောလိုက်သည်… “သူက ဒီမှာ ရက်နည်းနည်း နေမယ် ပြောတာက သူမက မင်းကို တမင် ကြွားဝါနေတာ ဖြစ်ရမယ်…”
“အနောက်ဘက် တောင်ကုန်း နဂါးကလန်…” ဝမ်ယွီချန်းက ရေရွသည်။ သူမက ထူးဆန်းသလို ခံစားရ၏။
“သူတို့က မိုးမြေကောင်းကင်မြို့ရဲ့ အင်အားအကြီးဆုံး ကလန်တစ်ခု ဖြစ်တယ်ဆိုပေမဲ့ သူက သင်ကြားရေး အကူသက်သက်ပဲ… ဒါကို စိတ်ပူနေဖို့ မလိုဘူး… သူက အဲဒီအပိုင်းမှာ ထူးချွန်နိုင်တယ် ဆိုပေမဲ့ သူက ကျရှုံးသွားပြီ ဆိုတာကိုတော့ သူက သိမှာ မဟုတ်ဘူး… တကယ့်ပါရမီရှင်တွေက တခြားလူတွေဆီမှာ ခေါင်းမငုံ့ဘူး… သူ့ထက်စာရင် ထိပ်သီးကျောင်း သုံးကျောင်းက သာမန်တပည့်က ပိုပြီး ကောင်းသေးတယ်…”
“အင်း…” ဝမ်ယွီချန်းက ခေါင်းညိတ်သည်။ သူမက ရီဖူရှင်းနှင့် ပတ်သက်၍ ထပ်ပြီး မဆွေးနွေးလိုတော့ပေ။ သူတို့က နောက်ပိုင်း ပတ်သက်စရာ အကြောင်း မရှိတော့ဟု သူမက ယူဆသည်။ သို့သော် သူ့အား ဤနေရာတွင် ထပ်တွေ့ရမည်ဟု မထင်ထားခဲ့ပေ။
ရီဖူရှင်းက ကျင့်နန်နှင် ဝမ်ယွီချန်းတို့၏ အတွေးများကို သိလည်း မသိသလို ဂရုလည်း မစိုက်ပေ။ သူ့အတွက်မူ ထိုလူနှစ်ယောက်မှာ သူ့ဘဝတွင် ဖြတ်လျှောက်များသာ ဖြစ်သည်။ သီးသန့်အဆောင်ထဲကို ဝင်ရောက်ပြီးနောက် အဆောင်အား လျှို့ဝှက်ဓာတ်နည်း စနစ်များ ပြုလုပ်ထားသည်ကို ရိပ်မိလိုက်သည်။ အဆောင်တစ်ခုလုံအား မှန်သားဖြင့် ပြုလုပ်ထားကာ သူတို့က ပြင်ပကို မြင်ရပြီး ပြင်ပမှ လူများက အထဲကို မမြင်ရနိုင်ပေ။ ထို့အပြင် ပြင်ပမှ အသံများကလည်း တိုးသွားကာ သူတို့အတွက် အနှောင့်အယှက် မဖြစ်စေနိုင်တော့ပေ။ အထဲတွင် တိတ်ဆိတ်နေသည်။
“အစ်ကိုဖူရှင်း… ဒီက အစားအသောက်တွေက ကောင်းတယ်… ဒါတွေကို ဆေးပင်ဝါးပင်တွေနဲ့ လုပ်ထားတာ… ဒါတွေကို ပုံမှန်စားရင် တန်ခိုးကျင့်ရာမှာ အကူအညီ ဖြစ်တယ်…” လောင်လင်းအာက ပြောသည်… “ဒါပေမဲ့ လင်းအာက အစ်ကိုဖူရှင်းကို လင်းအာနဲ့အတူ ရှိနေစေချင်တယ်…” ထို့နောက် သူမက ရီဖူရှင်းအား သနားစဖွယ် ကြည့်သည်။
“ဒီမှာ အပြင်လူတွေ မရှိဘူး… ဟန်ဆောင် မနေနဲ့တော့…” ရီဖူရှင်းက သူမ၏ သရုပ်ဆောင်မှုကို မြင်နိုင်သည်။
မိန်းကလေးက ဒေါသတကြီး ကြည့်ကာ ဝမ်းနည်းစွာဖြင့် ရီဖူရှင်း၏လက်ကို ကိုင်လှုပ်သည်… “လင်းအာက တကယ်ပြောနေတာ…”
“အ…” မိန်းကလေးက ထိုအပြုအမူကို မြင်ကာ သူက သူမ၏နဖူးအား လက်ဖြင့် ထောက်ကာ မေးသည်… “ဒါတွေကို ဘယ်က သင်လာတာလဲ…”
“အစ်ကိုဖူရှင်းက ဘယ်လိုများ ချစ်သူ ရတာလဲ… ရှင်က မိန်းကလေးတွေကို ဘယ်လို ဂရုစိုက်ရမယ် ဆိုတာလည်း မသိဘူး…” သူမက ရီဖူရှင်း၏ လက်ကို လွှတ်ကာ အထင်သေးစွာဖြင့် ပြောသည်။
“သခင်မလေး… သခင်မလေးက ကျုပ်တို့ရှေ့မှာ ဒီလို ပြုမူနေလို့ ရပေမဲ့ အပြင်မှာတော့ ဒီလို မလုပ်ပါနဲ့… သခင်မလေးရဲ့ အပြုအမူက ဆရာရီကို ထိခိုက်လိမ့်မယ်…” သူတို့ဘေးမှ ယန်ရှင်းက ချွေးစေးများ ပြန်လာကာ ပြောသည်။
“သိတယ်… သိတယ်… လင်းအာက ဒီလောက် မတုံးဘူး…” လောင်လင်းအာက ယန်ရှင်းအား ဒေါသတကြီး ကြည့်သည်။
“ကောင်းပါပြီ…” ယန်ရှင်းက ခေါင်းညိတ်သည်။
“ဒီနေရာက ပျော်စရာလည်း မကောင်းဘူး…” လောင်လင်းအာက ဝမ်းနည်းစွာ ပြောသည်။ သို့သော် မျက်ခုံးပင့်လိုက်ကာ ရုတ်တရက် ပြောသည်… “အစ်ကိုဖူရှင်း… လင်းအာ ကြားတာတော့ ကြယ်မင်းကျောင်းမှာ မိန်းမလှတွေ အများကြီးပဲတဲ့…”
“စိတ်မဝင်စားဘူး…” ရီဖူရှင်းက အလိမ်မခံပေ။
“လင်းအာ မလိမ်ဘူး… မိုးမြေကောင်းကင်မြို့က နာမည်ကျော် မိန်းမလှကလည်း ကြယ်မင်းကျောင်းမှာ တက်နေတာ…” လောင်လင်းအာက ဆက်ပြောသည်။
“ငါ့မှာ ချစ်သူရှိတယ်…” ရီဖူရှင်းက ပြန်ပြောသည်။
“ညာတယ်…” မိန်းကလေးက ရေရွတ်သည်။
“လင်းအာက ဒီမှာလို့ ကြားတယ်… သူမက ဘယ်လောက် ကြီးပြီလဲ ကျုပ် သိချင်တယ်… သူမကို တွေ့လို့ရမလား…” အပြင်ဘက်မှ အသံတစ်သံကို ကြားရသည်။ သူက သူ၏အသံအား တမင် ထုတ်လွှတ်လိုက်ဟန် ရကာ အထဲမှလူများအား ကြည်ကြည်လင်လင် ကြားရစေသည်။
လူတိုင်းက အပြင်ဘက်ကို လှမ်းကြည့်ကြလျှင် လူအချို့က ကန်ဘောင်နားတွင် ရပ်ကာ သီးသန့်ဆောင်ဘက်ကို လှမ်းကြည့်နေသည်ကို မြင်ရသည်။ ခေါင်းဆောင်ကား လွန်စွာ တောက်ပြောင်သော အဝတ်အစားကို ဝတ်ဆင်ထားကာ ရွှေရောင် တလက်လက် ထနေသည်။
လူငယ်၏ ရုပ်လက္ခဏာကလည်း လွန်စွာ ထူးခြား ကောင်းမွန်သည်ဟု ပြောနိုင်သည်။ သူက အသက် နှစ်ဆယ်အရွယ်ခန့်ရှိကာ သူ၏ဆံပင်များကလည်း ရွှေရောင်သန်း နေသည်။ သူ၏ ရုပ်ရည်ကလည်း အတော်ချောသည်ဟု ပြောနိုင်၏။
လက်ရှိတွင် နတ်သမီးရေကန်မှ လူများအားလုံးက သူ့ထံ အာရုံရောက် လာကြသည်။ ထိုလူငယ်က နဂါးကလန်က ဝယ်ယူထားသော နတ်ဗိမာန်အိမ်တော်ကို လာရောက်သည်ကို အံ့အားသင့်ကြရသည်။
“ကျင်းယွန်ရှောင်း…” သူ့အား မြင်လျှင် ဝမ်ယွန်ချန်းနှင့် ကျင့်နန်တို့၏ အမူအရာများ ပြောင်းလဲ သွားကြသည်။
ကျင်းယွန်ရှောင်းကား ကြယ်မင်းကျောင်း၏ ထိပ်သီးပါရမီရှင် တစ်ယောက်ဖြစ်သည်။ သူက နှစ်ကုန် စာမေးပွဲတွင်လည်း လွန်စွာ ကောင်းမွန်သော စွမ်းဆောင်ရည်ကို ပြသခဲ့ကာ ကြယ်တာရာ အဆင့်ကို ဝင်ရောက်ခဲ့သည်။ ထို့အပြင် သူ၏နောက်ခံ မိသားစုကလည်း အလွန် အားကောင်းသည်။ သူက ကျင်းမိသားစုမှ ဖြစ်သည်။
ကျင်းကလန် တိမ်တိုက်ကိုးခု နန်းတော်ကား နဂါးကလန်ကဲ့သို့ မိုးမြေကောင်းကင်မြို့၏ အားကောင်းသော မိသားစု တစ်ခုဖြစ်သည်။ သူတို့က ပြိုင်ဘက်များလည်း ဖြစ်ကြသည်။ လွန်ခဲ့သော နှစ်များစွာ အကြာက ထိုနဂါးကလန်မှ နာမည်ကျော် နဂါးခေါင်းဆောင်က အသက်ရှိစဉ်တုန်းက သူက ကျင်းကလန်အား ဖိနှိပ်နိုင်ခဲ့သည်။ သူသေဆုံးပြီး နောက်ပိုင်းတွင် ကျင်းကလန်က နဂါးကလန်ကို ယခင်ကကဲ့သို့ သိပ်လေးစားမှု မရှိတော့ပေ။
ကျင်းယွန်ရှောင်းဘေးမှ တခြားလူများကလည်း ကြယ်မင်းကျောင်းမှ ပါရမီရှင်များ ဖြစ်ကြသည်။
“အဲဒါ ယွမ်ဟေးနဲ့ မူကျန်းရွှဲတို့မလား..” ဝမ်ယွီချန်းက တခြား နှစ်ယောက်ကို မှတ်မိသည်။ သူတို့ကား သူမက အထင်ကြီး လေးစားရသူများ ဖြစ်ကြသည်။ သူတို့က သူမထက် အသက် ငယ်ရွယ်သော်လည်း သူတို့၏ အဆင့်အတန်းများက သူမထက် မြင့်မားကြပေသည်။ ယွမ်ဟေးနှင့် မူကျန်းရွှဲတို့ပင်လျှင် ကျင်းယွန်ရှောင်း၏ နောက်တွင် နေရ၏။
“စီနီယာအစ်ကိုကျင်း… စီနီယာအစ်ကိုယွမ်… စီနီယာအစ်ကိုမူ…” ကျင့်နန်က ထရပ်ကာ နှုတ်ဆက်သည်။ သူက သူတို့ထက် အသက်ကြီးသော်လည်း သူက ကျောင်းကို နောက်ကျမှ ရောက်ကာ သူတို့အား စီနီယာများဟု ခေါ်ရန် လိုအပ်ပေသည်။
လူအများအပြားက ထိပ်သီးကျောင်း သုံးကျောင်းအား ငယ်ရွယ်စဉ် ကတည်းက ဝင်ရောက်ခဲ့ကြသည်။ ဥပမာ လောင်လင်းအာက အသက်က ငယ်ရွယ်သေးသော်လည်း သူမက နောက်နှစ် ကြယ်မင်းကျောင်းကို ဝင်ရောက်တော့မည် ဖြစ်သည်။
ကျင်းယွန်ရှောင်းက သူတို့အား တစ်ချက်ကြည့်ကာ အဆောက်ဘက်သို့ အကြည့်လွှဲသွားသည်။ မူကျန်းရွှဲ၏ အမူအရာက အေးစက်နေသည်။ ယွမ်ဟေးက အနည်းငယ် ခေါင်းညိတ်ကာ ခေါ်သည်… “ကျင့်နန်… မင်းက စာမေးပွဲမှာ ကောင်းကောင်း လုပ်ခဲ့တယ်…”
“ကျေးဇူးတင်ပါတယ်… စီနီယာအစ်ကို…” ကျင့်နန်က ထိုသို့ ပြန်ပြောခံရသည်တွင် လွန်စွာ ဂုဏ်ယူဟန်ရသည်။ ကျင့်နန်ကား ပါရမီရှင် ဖြစ်သော်လည်း ကြယ်မင်းကျောင်းတွင် သိပ်ထင်ပေါ်ခြင်း မရှိပေ။ ယွမ်ဟေးနှင့် မူကျန်းရွှဲတို့ကသာ တကယ့် ပါရမီရှင်များ ဖြစ်ကြသည်။ သူတို့ထံမှ ချီးကျူးစကား ကြားရသည်မှာ အလွန် ဂုဏ်ယူဖွယ်ရာပင်။
“ငါက စီနီယာ အစ်ကိုယွမ်နဲ့ အရင်က စကားပြောဖူးတယ်…” ကျင့်နန်က တီးတိုးပြောသည်… “ငါတို့က အချင်းချင်း သိတယ်လို့ ပြောနိုင်တယ်…”
ဝမ်ယွီချန်းက ခေါင်းညိတ်သည်။ ထိုလူများနှင့် သိခြင်းက ဂုဏ်ယူစရာ ကောင်းပေသည်။
ထိုအချိန်တွင် အဆောင်အတွင်းဘက်တွင် ကျင်းယွန်ရှောင်းအား ကြည့်နေသော လောင်လင်းအာ၏ မျက်လုံးများက စိတ်ပျက်ဟန်များ အထင်းသား ပေါ်နေသည်… “လင်းအာ သူ့ကို သဘောမကျဘူး…” သူမက ကျင်းယွန်ရှောင်းအား သိသည်။ သူတို့ မိသားစုများက မိုးမြေကောင်းကင်မြို့၏ ထိပ်သီး အင်အားစုများ ဖြစ်ကြသည်။
“သူက ဘယ်သူလဲ…” ရီဖူရှင်း မေးသည်။
“သူက ကျင်းကလန်ကပဲ… သူတို့က အရမ်း စိတ်ကြီးဝင်နေတဲ့လူတွေ… သူ့အဝတ်အစားကို ကြည့်ပါလား… ပုံမကျပန်းမကျနဲ့…” လောင်လင်းအာက ငေါ့တော့တော့ ပြောသည်… “သူတို့က သူတို့အိမ်ကိုလည်း တိမ်တိုက်ကိုးခု နန်းတော်လို့ ပြောင်းလိုက်သေးတယ်… မြို့မှာဆို အဲဒီနေရာက အတောက်ပြောင်ဆုံး နေရာပဲ… သူတို့က ကြွားဝါဖို့ပဲ သိတယ်… လင်းအာ ငယ်ငယ်တုန်းက သူတို့က သူနဲ့လင်းအာနဲ့ စေ့စပ်ချင်ကြတယ်… ဒါပေမဲ့ ဦးလေးက သူတို့ကို နှင်ထုတ်ခဲ့တယ်… အဲဒီကိစ္စကို လင်းအာက အသေးစိတ်တော့ မသိဘူး…”
“အဲဒါ အမှန်ပဲလေ….” ယန်ရှင်းက ပြောသည်… “သခင်မလေး မွေးစတုန်းက ကျင်းကလန်က သခင်မလေးရဲ့ မိဘတွေကို လာပြီး ဂုဏ်ပြုခဲ့ကြတယ်… သူတို့က စေ့စပ်ပွဲ လုပ်ချင်ကြပေမဲ့ ကလန်ခေါင်းဆောင်က သူတို့က ဘာမှ ဖြစ်မြောက်တဲ့လူတွေ မဟုတ်ဘူး ဆိုပြီးတော့ နှင်ထုတ်ခဲ့တယ်… အဲဒီတုန်းက ကျင်းကလန်က ဘာမှတောင် ပြန်မပြောရဲဘူး…” ယခင် ကလန်ခေါင်းဆောင်၏ အောင်မြင်မှုများကို ပြန်တွေးလျှင် သူက ဂုဏ်ယူဝင့်ကြွားစွာ ပြောသည်။
ထိုအချိန်က ကလန်ခေါင်းဆောင်က အသက်ရှင် နေသေးသော်လည်း ကောင်းကင်ဘုံက ပါရမီရှင်များအား မနာလိုဖြစ်ဟန် ရသည်။
***