အခန်း( ၉၃ )

ချုံတောင်လေးပေါ်ရှိ စျာပနအခမ်းအနား ဖွင့်ပွဲ

သစ်သားဆိုင်ဘုတ်လေး ပေါ်တွင် ရေးထားသည်မှာ…
‘ သင်လမ်းပျောက်နေပါသလား ’ ဆိုသည့် စာတန်းလေးတစ်ခုပင်။

ချုံတောင်လေးမှ ဆေးဖော်ဆောင်အပြင်ဘက်ရှိ မန္တန်အစီအရင်အပြင်လွှာထဲ၌၊

လူသားအသွင်ယူထားကြသော မိစ္ဆာအုပ်စုသည် သူတို့အရှေ့ရှိ သစ်သားဆိုင်းဘုတ်လေးကို ဖတ်လိုက်ကြပြီး သူတို့၏ မျက်နှာထားသေများသည် ရှုံ့တွသွားကြ၏။

လူသန်ကြီးသည် သူတို့ကို ထိုမန္တန်အစီအရင်အတွင်းသို့ မျှားခေါ်ခဲ့ခြင်းပင်။ အစပိုင်းတွင် ထိုလူသန်ကြီး၏ လူရိပ်ကိုတွေ့ရသေးသော်လည်း ယခုတွင် အရိပ်အယောင်ကိုပင် မ​​မြင်ရတော့ပေ။

ရှေ့ဆုံးမှ ကောင်းကင်နတ်မင်းအဆင့် မိစ္ဆာအိုကြီးသည် မျက်မှောင်ကြုတ်လိုက်ပြီး သူ့အရှေ့ရှိ သစ်သားဆိုင်းဘုတ်ကို ဖျက်ဆီးပစ်လိုက်သည်။

“ ထွက်လာစမ်း… ”
မိစ္ဆာမတစ်ကောင်က အော်လိုက်သည်။ သို့သော် ပတ်ဝန်းကျင်တွင် မည်သည့်တုံ့ပြန်မှုမှ မပေါ်ထွက်လာပေ။

သစ်သားဆိုင်းဘုတ်ကို ဖျက်ဆီးလိုက်သော မိစ္ဆာအိုကြီး၏ ခန္ဓာကိုယ်မှ မိစ္ဆာစွမ်းအားများထွက်လာလေသည်။ သူ၏ ခန္ဓာကိုယ် ပတ်ပတ်လည်တွင် အဝါဖျော့ဖျော့ အလင်းတန်းများထွက်လာ၏။

လေပြင်းတစ်ချက် တိုက်ခတ်လာပြီး မန္တန်အစီအရင်ကို ပယ်ရှားလိုက်သည်။ ပတ်ဝန်းကျင်ကို ရုတ်ခြည်း ရှင်းရှင်းလင်းလင်းမြင်လိုက်ရလေသည်။ မကြသေးခင်က တားမြစ်ခြင်းခံထားရသော သူတို့၏ နတ်အာရုံများသည်လည်း ပတ်ဝန်းကျင်မှ အရာအားလုံးကို ချက်ချင်း ပြန်အာရုံခံနိုင်လာပြီဖြစ်၏။

ထိုအချိန်မှာပင် မိစ္ဆာများသည် အရှေ့ခပ်လှမ်းလှမ်းတွင် အေးအေးဆေးဆေး ရေထိုင်သောက်နေသော လူသန်ကြီးကို မြင်လိုက်ရသည်။

ကြည့်ရသည်မှာ ထိုလူသန်ကြီးသည် မိစ္ဆာများကို ဆဲဆိုပြီးနောက် အာခေါင်ခြောက်သွားဟန်တူသည်။

မိစ္ဆာများသည် ရုတ်ခြည်း ‌ဒေါသအိုးပေါက်ကွဲသွားတော့သည်။

ထိုသို့ဒေါသထွက်နေခြင်းကြောင့် သွေးခြင်များ၏ ထိန်းချုပ်မှုမှ လွတ်သွားတော့မလိုပင် ရှိလေသည်။

လူသန်ကြီးသည် အေးအေးလူလူပင် ရှိနေ၏။ သူသည် အသံများကိုကြား၍ မော့ကြည့်လိုက်ရာ တုန်လှုပ်သွားဟန်တူသည်။

“ မိစ္ဆာကောင်တွေ … မင်းတို့ ငါကို တကယ်ရှာတွေ့တယ်ပေါ့ ”
ထိုသို့ပြောပြီးနောက် သူသည် ပုဆိန်ကြီးကိုသယ်ကာ ထွက်ပြေးလေတော့သည်။

မိစ္ဆာများသည် မျက်ဝန်းထဲတွင် မီးထတောက်တော့မတတ် အမျက်ချောင်းချောင်းထွက်နေ၏။ သူတို့၏ ဓမ္မရတနာများ၊ နတ်တန်ခိုးများကို အရှေ့သို့ပစ်လွှတ်လိုက်ပြီး ထိုလူသန်ကြီးနောက်သို့ လိုက်ကြလေသည်။

သူတို့၏ ခန္ဓာကိုယ်များမှ မိစ္ဆာတန်ခိုးများထွက်ပေါ်နေရာ ရက်စက်ကြမ်းကြုတ်သောအသွင် ဆောင်နေပေသည်။

အရှေ့ဆုံးရှိ မိစ္ဆာအိုနှစ်ကောင်သည် ကောင်းကင်နတ်မင်းအဆင့်ဖြစ်သည်။

ဘေးမှ မိစ္ဆာမသည် အနည်းငယ် ခပ်ဖိုင့်ဖိုင့်ရှိပြီး သူမ၏ ခန္ဓာကိုယ်မှနေ၍ အစိမ်းရောင်အလင်းများ ထိုးဖောက်ထွက်နေလေသည်။ သူမ၏ လက်ဖြူဖြူနှစ်ချောင်းသည် အစိမ်းရောင်အတောင်ပံတစ်စုံ အဖြစ်သို့ ပြောင်းသွား၏။

သူမသည် တောင်ပံများကို ဖြန့်ကား၍ ခြေတစ်ပေါင်ကျိုး ရပ်လိုက်သည်။ ပိဿာ(၂၀၀)လေးသော အစိမ်းရောင်အမွေးအတောင်များသည် သူမအရှေ့သို့ ပျံ့လွင့်သွား၏။

မန္တန်အစီအရင်ကို ပယ်ရှားလိုက်သော မိစ္ဆာအိုကြီး၏ခေါင်းသည် အနက်ရောင်အမွေးများရှိသည့် သမင်ခေါင်းအဖြစ် ပြောင်းလဲသွားပြီး ကောက်ကျစ်သော ရုပ်သွင်ရှိလေသည်။ သူသည် လှုပ်ခါလိုက်ရာ ခန္ဓာကိုယ်အတွင်းမှ သဲနက်များထွက်လာပြီး မည်းနက်သော ဓားအဖြစ် ဖွဲ့စည်းသွား၏။ သူသည် ထိုဓားကို လူသန်ကြီး၏ နောက်ကျောသို့ ပစ်လိုက်လေသည်။

သို့‌သော် လူသန်ကြီးသည် ရှေ့သို့ခြေလှမ်းအနည်းငယ် ပြေးပြီးနောက် အော်၍ ခုန်လိုက်ရာ သူ၏ခန္ဓာကိုယ်သည် ထူးဆန်းစွာ ပျောက်ဆုံးသွားပေသည်။

သူ့နောက်မှ လိုက်လာသော အစိမ်းရောင် အမွေးအ‌တောင်များ၊ ဓားနက်များနှင့် အလင်းတန်းများသည်လည်း တချိန်တည်းမှာပင် ပျောက်ကွယ်သွား၏။ ၎င်းတို့၏ အရိပ်အယောင်ကိုပင် မတွေ့ရတော့ချေ။

မန္တန်အစီအရင်တစ်ခု ထပ်မံပေါ်ပေါက်လာ၏။

ရေတံလှပ်များပမာ လှိုင်းတွန့်ကလေးများ ရုတ်ခြည်းပေါ်လာပြီး တောအုပ်ကို လွှမ်းခြုံသွားလေသည်။ မိစ္ဆာများသည်လည်း လျင်မြန်စွာ တုံ့ပြန်လိုက်ပြီး ကောင်းကင်သို့ ကမြောသောပါး ပျံတက်လိုက်သည်။

သို့သော် သူတို့ ခြေထောက်များ မြေပြင်မှ ကြွသွားချိန်တွင် သူတို့၏ မြင်ကွင်းများ ဝေဝါးသွား၏။ သူတို့အပေါ်မှ ကောင်းကင်သည် ကြယ်တာရာများ လင်းလက်နေသော အာကာပြင်တစ်ခု ဖြစ်သွား၏။ ထိုအာကာပြင်ကြီးသည် ရုတ်ခြည်းလည်ပတ်သွားသဖြင့် သူတို့ လမ်းပျောက်သွားကြလေတော့သည်။ သူတို့သည် မည်သည့် အရပ်သို့သွားရမည်မှန်း မသိတော့ပေ။ သူတို့ မည်သို့မှ မတုံ့ပြန်နိုင်ခင် အာကာပြင်တစ်ခုလုံးတွင် ကြယ်တာရာများဖြင့် ပြည့်နှက်သွားကြလေသည်။

မိစ္ဆာများသည် ကြောင်သွားကြ၏။
‘ ငါတို့ ဝင်လာတာ သာမန်မန္တန်အစီအရင်‌လေးပါ။ ဒါပေမဲ့ ငါတို့ရှေ့ကို နည်းနည်းလောက်လှမ်းပြီးတော့ ဒီ အာကာပြင်ထဲကို ရောက်သွားတာလား။ ဒါက ငါ့လို ကောင်းကင်နတ်မင်းအဆင့်ရှိတဲ့ မိစ္ဆာအိုကြီးတောင် ဖောက်မထွက်နိုင်တဲ့ အဆင့်မြင့် မန္တန်အစီအရင်ပဲ ’

‘ ဘာလို့ ဒီလို တောင်သေးတောင်မွှားလေးမှာ ဆန်းကြယ်တဲ့ အဆင့်မြင့် မန္တန်အစီအရင်မျိုး ရှိနေရတာလဲ ’
ကြယ်တရာများ၏နောက်တွင် သူတို့ကို ကြည့်နေသော မျက်ဝန်းတစ်စုံရှိပုံရ၏။

ထိုကြယ်တာရာများ အကြားတွင် မိစ္ဆာစား ဘီလူးများ ပုန်းအောင်းနေသကဲ့သို့ သူတို့ ခံစားနေရလေသည်။ ထို့ပြင် စွမ်းအားကြီးသော သွေးအေးသည့် စုန်းကဝေတစ်ရာကျော်က သတ်ဖြတ်လိုသည့် အရှိန်အဝါများကို ထုတ်လွှတ်နေသကဲ့သို့လည်း ခံစားရ၏။

အတုမဲ့နတ်ဝိဇ္ဇာအဆင့် မိစ္ဆာနှစ်ကောင်သည် တစ်ဦးကို တစ်ဦးကြည့်လိုက်ကြပြီး ဘေးဘီဝဲယာသို့ မလုံမလဲကြည့်လိုက်ကြသည်။ သို့သော် သူတို့ရှေ့သို့ ခြေနှစ်လှမ်း လှမ်းလိုက်သောအခါ သူတို့၏ မူလနေရာမှ ခြေလေးလှမ်းအကွာသို့ ရောက်သွား၏။ အရောင်မှိန်မှိန်သာ တောက်ပနေသော ကြယ်နှစ်လုံးသည် ညင်သာစွာ အလင်းရောင်လက်သွားပြီး ဓားသွားမှ ရောင်ပြန်အလင်းကဲ့သို့ အလင်းတန်းနှစ်ခုသည် သူတို့၏ လည်ပင်းပေါ်သို့ ကျရောက်သွားလေတော့သည်။

မျက်စိတစ်မှိတ်စာ ကြာပြီးနောက် ဦးခေါင်းနှစ်လုံးသည် လေထဲသို့ လွင့်ထွက်သွားပြီး မိစ္ဆာသွေးများသည် နေရာအနှံ့သို့ ပန်းထွက်သွားလေသည်။ ထို့နောက် မိုးကြိုးတစ်ချက်ပစ်ချလိုက်ရာ မိစ္ဆာအလောင်းနှစ်လောင်း ရုတ်ခြည်း ပြိုကွဲသွား၏။

မိစ္ဆာများကို ပို၍ကြောက်ရွံ့သွားစေသည့်အရာမှာ ထိုအလောင်းနှစ်လောင်းသည် မိစ္ဆာတစ်ပိုင်း၊ လူတစ်ပိုင်းအဖြစ်သို့ ပြောင်းလဲသွားခြင်းပင်။ သို့သော် ထိုအလောင်းနှစ်လောင်းထဲရှိ ကျန်ရှိနေသော မိစ္ဆာတန်ခိုးများကိုမူ မန္တန်အစီအရင်ကြီးက စုပ်ယူသွားလေသည်။

မိစ္ဆာများသည် လှုပ်ပင်မလှုပ်ဝံ့တော့ချေ။

သို့သော် ကောင်းကင်နတ်မင်းအဆင့် မိစ္ဆာနှစ်ကောင်သည် ရုတ်ခြည်းထ၍ တိုက်ခိုက်လိုက်၏။ သူတို့သည် ပတ်ဝန်းကျင်ရှိ ကြယ်တာရာများ တောက်ပနေသော ပတ်ဝန်းကျင်ကို မိစ္ဆာတန်ခိုးများထုတ်၍ အရူးများသဖွယ် တိုက်ခိုက်လေတော့သည်။ သို့သော် သူတို့၏ တိုက်ခိုက်မှုများသည် မည်သို့မှ အကျိုးမထူးပေ။

သို့ရာတွင် သူတို့ထိုကဲ့သို့ မလှုပ်ရှားပေးလျှင်လည်း သတ်ဖြတ်မန္တန်အစီအရင်များသည် နိုးထလာမည် မဟုတ်ချေ။ ထိုအချက်သည် သူတို့မလှုပ်ရှားဘဲနေလျှင် လုံခြုံမည်ဟု ဆိုလိုခြင်းမဟုတ်ပေ။

အရောင်မဲ့၊ အနံမဲ့ အဆိပ်မှုန့်များသည် ကြယ်တာရာများအကြားမှ ထွက်ပေါ်လာပြီး မိစ္ဆာများတစ်ကောင်းချင်းထံသို့ ပျံ့နှံ့သွားလေသည်။

ရုတ်ခြည်းပင် ကျင့်ကြံခြင်းအဆင့်နိမ့်သော မိစ္ဆာတချို့သည် မျက်ဖြူလန်ကာ သတိလစ်သွားကြ၏။

မိစ္ဆာများသည် တစ်ကောင်ပြီးတစ်ကောင် သတိလစ်သွားကြသည်။ ကောင်းကင်နတ်မင်းအဆင့်ရှိသော မိစ္ဆာနှစ်ကောင်သည်လည်း အခြားမိစ္ဆာများထက် အသက်နှစ်ချက်သာ ပိုရှူလိုက်ရပြီးနောက် ဒေါသတကြီးအော်ကာ ဖြည်းဖြည်းချင်း သတိလစ်သွားလေတော့သည်။

လူသန်ကြီးသည် မန္တန်အစီအရင်အပြင်ရှိ သစ်ပင်ကြီးတစ်ပင်၏ သစ်ကိုင်းပေါ်တွင် ထိုင်နေပြီး ကြွေပုလင်းများကို ပြန်သိမ်းနေ၏။

ချုံတောင်လေးပေါ်ရှိ မန္တန်အစီအရင်အောက်ခြေ သုံးဆယ့်ခြောက်ခုသည် ထိုမိစ္ဆာများ၏ တန်ခိုးများကို စုပ်ယူလိုက်လေသည်။

‘ ကြယ်တာရာတစ်ထောင် တိုက်ပွဲ ’ ဟုအမည်ရသော သတ်ဖြတ်မန္တန်အစီအရင်ကြီးသည် အသင့်အနေအထားသို့ ပြန်ရောက်သွား၏။

လီချန်ရှို့သည် အဆိပ်မှုန့်များ ကုန်သွားမည်ထက် မန္တန်အစီအရင်များ၏ အောက်ခြေများရှိ စွမ်းအားများကုန်သွားမည်ကို ပိုကြောက်လေသည်။ ယနေ့တွင် ချုံတောင်လေးပေါ်ရှိ သတ်ဖြတ်မန္တန်အစီအရင်များကို အကြိမ်များစွာ သုံးရမည် မဟုတ်ပါလား။

မန္တန်အစီအရင်ကြီး ပြန်ပိတ်သွားသောအခါ လေထဲတွင် တံလှပ်အလွှာများ ပေါ်ပေါက်လာ၏။

ထူးဆန်းသောပုံစံများရှိသည့် မိစ္ဆာအလောင်းများသည် ထိုတံလှပ်အလွှာများအတွင်းမှ ထွက်လာပြီး မြေကြီးပေါ်သို့ ပြုတ်ကျကာ အလောင်းပုံကြီးဖြစ်သွားလေတော့သည်။

ထိုအလောင်းအများစုသည် လူတစ်ပိုင်း၊ မိစ္ဆာတစ်ပိုင်း ပုံစံရှိလေသည်။ ထိုအခိုက်တွင် သူတို့၏ ဝိညာဉ်များကို အဆိပ်ဒုတိယလှိုင်းက တိုက်စားနေ၏။

လီချန်ရှို့ က ‌ရေရွတ်လိုက်သည်။
“ အဆိပ်တွေကို ငါကိုယ်တိုင် ထိန်းချုပ်ပြီး လွှတ်တာပဲကောင်းတယ်။ ဒါမှ အလေအလွင့်မဖြစ်မှာ ”

စက္ကူကိုယ်ပွား လူသန်ကြီး၏ အင်္ကျီလက်အတွင်းမှနေ၍ စက္ကူရုပ်သုံးရုပ်ထွက်သွားပြီး သုန်မှုန်သော မျက်နှာထားရှိသည့် တာအိုရသေ့အိုကြီး သုံးပါးအဖြစ်ပြောင်းလဲသွားလေသည်။ သူတို့သည် ကျင်လည်စွာ ‌ရှေ့သို့ ပြေးထွက်သွားကြ၏။

လီချန်ရှို့သည် စက္ကူကိုယ်ပွားများ၊ စက္ကူရုပ်များကို တချိန်တည်းမှာပင် ထိန်းချုပ်တိုက်ခိုက်နေသဖြင့် သူတို့ဘက်မှ အရေးသာလာ၏။ ရန်သူနောက်တစ်သုတ်ကိုလည်း ထပ်၍ မျှားခေါ်လာပေပြီ။ နောက်ပိုင်းဆက်ဖြစ်မည့် ကိစ္စများကိုမူ အထူးတလည် ဖော်ပြရန်လိုမည် မထင်ပေ။

စက္ကူရုပ်များသည် အရိုးဆွေးနတ်ရေစင်နှင့် ဝိညာဉ်ထိန်းပုလဲနှစ်လုံးကို ပစ်လွှတ်လိုက်သည်။

လီချန်ရှို့သည် စက္ကူကိုယ်ပွားကို ကိုယ်တိုင်ထိန်းချုပ်၍ သမာဓိမီးတောက်များကို ပစ်လွှတ်လိုက်၏။ တန်ခိုးစွမ်းအားများ ကုန်လုနီးပါးဖြစ်နေသော မိစ္ဆာအလောင်းပုံကြီးကို သမာဓိမီးတောက်များက ဝါးမျိုသွားလေသည်။

ချုံတောင်လေး၏ ပတ်ဝန်းကျင်ကို မထိခိုက်သွားစေရန် စက္ကူရုပ်များသည် သမာဓိမီးတောက်များ တောက်လောင်သည့် အဝန်းအဝိုင်းကို ထိန်းချုပ်လိုက်ပြီး သုတ္တန်များကို စတင်ရွတ်လိုက်ကြ၏။

ရုတ်တရက် တောအုပ်ထဲတွင် ခြင်သံများ လွင့်ပျံလာ၏။

လီချန်ရှို့သည် ထိုအတွက် ပြင်ဆင်ပြီးသားဖြစ်သည်။ စက္ကူကိုယ်ပွားနှင့် စက္ကူရုပ်များ၏ ခန္ဓာကိုယ်ပတ်ပတ်လည်တွင် လျှပ်စီးကြောင်းလေးများ ပေါ်ထွက်လာ၏။ သို့သော် ခြင်တစ်ကောင်သည် စက္ကူကိုယ်ပွားဆီသို့ မ‌ရောက်သေးခင်မှာပင် အနီးရှိ သစ်ကိုင်းတစ်ကိုင်းမှနေ၍ လျှာအရှည်ကြီးတစ်ခု ထွက်လာ၏။ ထိုလျှာသည် ခြင်ကိုမိသွားပြီး ပါးစပ်ထဲသို့ ဆွဲယူသွားလေသည်။

အုံးအွမ်
သစ်ကိုင်းပေါ်ရှိ ကျောက်စိမ်းဖားသည် လီချန်ရှို့ထံမှ ချီးကျူးမှုကို တောင်းခံနေသည့်အလား အသံပြုလိုက်သည်။

တောအုပ်တစ်ခုလုံးထဲတွင် ဖားအော်သံများကို ကြားနေရပေပြီ။

လီချန်ရှို့သည် ‘ ခြင်ဖမ်း လျှပ်စီးဇကာ ’၏ အသုံးဝင်မှုကို စမ်းသပ်လိုသော်လည်း ခြင်များမှာ ဖားများဖြင့်ပင် စမုန်တုံးသွားပြီဖြစ်၍ စိတ်ပျက်သွား၏။

‘ ဒါကိုတောင် မင်းတို့ဖားတွေက ချီးကျူးခံချင်သေးတယ်ပေါ့လေ… ’

‘ ကောင်းပြီ။ တိုက်ပွဲပြီးရင် မင်းတို့ကို ကြော်စားပစ်မယ် ’
လီချန်ရှို့ထိန်းချုပ်နေသော လူသန်ကြီးသည် သစ်ကိုင်းပေါ်မှ ခုန်ဆင်းလိုက်ပြီး သမာဓိမီးတောက် နောက်တစ်ချက်ပစ်လွှတ်လိုက်လေသည်။

ခေတ္တမျှကြာပြီးသောအခါ အလောင်းများသည် ပြာကျသွားပေပြီ။ လူသန်ကြီးသည် လက်တစ်ချက်ဝှေ့ယမ်းလိုက်ရာ ပြာများ ပျံ့ကျဲသွားလေတော့သည်။

‘ အခုမှ စိတ်အေးသွားတော့တယ်… ’

“ ငါကုသိုလ်တွေ ထပ်ရလိုက်ပြန်ပြီ ”
ထိုအရာသည် ခံစား၍ကောင်းသော်လည်း သူ မတော်တဆရရှိခဲ့သော အမွှေးတိုင်ပူဇော်မှုမှ ရသော ကုသိုလ်များနှင့် ယှဉ်လျှင် ဆီးစေ့နှင့်တောင်လောက် ကွာခြားလေသည်။

သုန်မှုန်သော မျက်နှာထားရှိသည့် တာအိုရသေ့အိုကြီး သုံးပါးသည် တိုက်ပွဲနေရာကို ရှင်းလင်းလိုက်ပြီး စက္ကူရုပ်အဖြစ်ပြန်ပြောင်းကာ လူသန်ကြီး၏ အင်္ကျီလက်အတွင်းသို့ ဝင်သွားကြ၏။

လူသန်ကြီးသည် အ‌ရှေ့ရှိ မီးကျွမ်းနေသော တောအုပ်ကို အနည်းငယ် နောင်တရသွား၏။ ထိုတောအုပ်အတွင်းမှ သစ်ပင်အများစုသည် သူတောင်ပေါ်သို့ရောက်သည့်အချိန်ကမှ စတင်စိုက်ပျိုးထားခြင်းပင်။

‘ ထားလိုက်ပါတော့… ဂိုဏ်းကို ကာကွယ်ဖို့ဆိုတော့လည်း နည်းနည်းပါးပါးတော့ ရင်းရမှာပေါ့ ’

‘ တုနတ်ဝိဇ္ဇာဂိုဏ်းသာ ဒီတစ်ခေါက် တိုက်ပွဲကို အောင်အောင်မြင်မြင် ကျော်လွှားနိုင်ခဲ့ရင် ငါ တခြားတောင်တွေကိုသွားပြီး ဝိညာဉ်သစ်ပင်တွေ၊ သစ်မြစ်တွေကို သွားခိုးရမယ်။ အဲဒါတွေကို ဂိုဏ်းကပေးတဲ့ ဆုအနေနဲ့ သဘောထားလိုက်မယ်လေ… ’
သူသည် ရယ်လိုက်ပြီး မန္တန်အစီအရင် ထိပ်နားသို့သွားလိုက်ပြီး ‘ သင်လမ်းပျောက်နေပါသလား ’ ဟုရေးထားသော သစ်သားဆိုင်းဘုတ်ကို ပြန်ချိတ်လိုက်သည်။

ထို့နောက် လူသန်ကြီးသည် သူ၏မျက်နှာကို ကိုယ့်ဘာသာ ပြန်ရိုက်လိုက်ပြီး ခန္ဓာကိုယ်ပေါ်တွင် ဝိညာဉ်သားရဲ သွေးအချို့ကို လောင်းချလိုက်၏။

သူသည် အင်္ကျီများကိုလည်း စုတ်ဖြဲလိုက်ပြီး ဆံပင်ရှည်ကြီးကိုလည်း ရှုပ်ပွအောင်ဖွလိုက်လေသည်။ သူ၏ ကိုယ်ရောင်ကိုယ်ဝါသည် မတည်မငြိမ်ဖြစ်လာပြီး ဒဏ်ရာပြင်းပြင်ထန်ထန် ရထားသည့်အသွင်ဖြစ်သွားလေ၏။ သူသည် အပြင်ပန်းတွင် သန်မာသည်ဟုထင်ရသော်လည်း အမှန်တွင် အားနည်းနေသည့်ပုံစံ ဖြစ်နေသည်။

သူသည် ပုံမှန် ဘဝင်ရူးပုံစံပြန်ဖြစ်သွား၏။ ထို့နောက် ပုဆိန်ကြီးကို ကိုင်ကာ လေပေါ်သို့ခုန်လိုက်ပြီး အော်ဟစ်၍ ကောင်းကင်ခွင်းတောင်သို့ ပျံသန်းသွားလိုက်လေသည်။

“ ဟားဟားဟားဟား… ”

“ ကောင်စုတ်လေးတွေ… မင်းတို့ရဲ့ အဘိုး ငါ ပြန်လာပြီကွ ”

“ မင်းတို့သာ သတ္တိရှိရင် ငါ့ကို ထိပ်တိုက်လာရင်ဆိုင်ကြစမ်း… ”

“ ဟိုသောက်သုံးမကျတဲ့ တစ်ဖွဲ့ကတော့ ငါ့ရဲ့ ဓမ္မရတနာတွေကြောင့် မာလကီးယားသွားပြီ…ဟားဟားဟား ”

ချုံတောင်လေးပေါ်၌ မကြာသေးခင်က ကောင်းကင်နတ်မင်းအဆင့် မိစ္ဆာအိုကြီးကြောင့် ပျက်ဆီးသွားသော မန္တန်အစီအရင်အပြင်အလွှာသည် အလိုလို ပြန်ကောင်းလာ၏။

ချုံတောင်လေး၏ နက်နက်ရှိုင်းရှိုင်းနေရာတွင် မြှုပ်နှံထားသော မန္တန်အစီအရင်အောက်ခြေများသည် အလင်းတန်းများ တဖန်ထပ်၍ ထွက်ပေါ်လာ၏။ ထိုအောက်အလွှာများ၏ အကူအညီဖြင့် အပေါ်ရှိ မန္တန်အစီအရင်များသည် မူလနေရာကို ပြန်လည်ရောက်ရှိသွားကြသည်။

ဆက်စပ်မန္တန်အစီအရင် အစစ်အမှန်သည် မန္တန်အစီအရင်များကို ဆက်စပ်ထားရုံသာမဟုတ်ပေ။ အပြင်လွှာ၏ ပျက်ဆီးမှုများကို အောက်အလွှာများက ပြန်လည်ပြင်ဆင်ပေးနိုင်မှသာ စစ်မှန်သော ဆက်စပ်မန္တန်အစီအရင်ကို ရပေမည်။

စက္ကူကိုယ်ပွား လူသန်ကြီး ထွက်ခွာသွားသောအခါ တောအုပ်တစ်ခုလုံးသည် ပုံမှန်အတိုင်း ကျန်ခဲ့လေသည်။ အပြင်မှကြည့်လျှင် ထိုတောအုပ်သည် ယခင်အတိုင်း တစ်ပုံစံတည်းဟု ထင်ရပေမည်။

သို့သော် တောအုပ်အတွင်း မီးကျွမ်းရာများနှင့် မှော်အစွမ်းများကြောင့် ကျန်ခဲ့သော ခြေရာလက်ရာများ ရှိနေဆဲပင်။

ခေတ္တမျှကြာပြီးသောအခါ မြောက်ဘက်မှနေ၍ လူရိပ်နှစ်ခုသည် ချုံတောင်လေးသို့ လာနေ၏။ ထိုနှစ်ယောက်သည် ရန်သူများကို မျှားခေါ်လာသော စက္ကူကိုယ်ပွားစုံတွဲပင်။

အထက်တွင်ဖော်ပြခဲ့သည့်အတိုင်း ထပ်မံဖြစ်ပွားခဲ့လေသည်။

အမျိုးသမီးအသွင်ယူထားသော စက္ကူကိုယ်ပွားသည် တမင် ဓမ္မရတနာအမှန်ခံ၍ ချုံတောင်လေးပေါ်သို့ ပြုတ်ကျသွား၏။ ဓားလွယ်ထားသော လူငယ်သည် အောက်သို့လိုက်ဆင်းလိုက်ရာ သူ့နောက်မှ ရန်သူများသည်လည်း ထပ်ကြပ်မကွာ လိုက်လာလေတော့သည်။ မန္တန်အစီအရင်အစွန်းတွင် ရန်သူတချို့သည် အန္တရာယ်ကို အာရုံခံမိ၍ ရပ်တန့်နေကြ၏။

သို့သော် သူတို့၏ အာရုံသည် အမျိုးသား စက္ကူကိုယ်ပွားအပေါ်ရောက်သွားသည်။

အမျိုးသား စက္ကူကိုယ်ပွားသည် သူ၏ညီမလေးကို တောအုပ်အတွင်းသို့ ပြေးစေပြီးနောက် ရန်သူများကို မျက်နှာချင်းဆိုင်လိုက်၏။ သူသည် လက်ယာလက်ဖြင့် ဓားရိုးကို ဆုပ်ကိုင်လိုက်သည်။
“ ငါ့ကို ဓားထုတ်ရအောင် ဖိအားမပေးနဲ့နော်… ”

နောက်မှလိုက်လာသော ရန်သူများသည်လည်း စိတ်မထိန်းနိုင်တော့ဘဲ ထိုစက္ကူကိုယ်ပွားဆီသို့ ပြေးဝင်သွားလေတော့သည်။ ရန်သူတစ်ဦးသည် အရှေ့မှဦးဆောင်၍ ကျန်ရန်သူများသည် နောက်မှ အတူတကွလိုက်ကြလေတော့၏။

****

အမှောင်ထုအတွင်းရှိ ထောင့်တစ်နေရာတွင် လီချန်ရှို့သည် လက်ရှိ သူ၏ မျက်နှာအမူအရာများကို အခြားသူများတွေ့သွားပါက သူ့ကို ရူးနေသည်ဟု ထင်မည်ဖြစ်ကြောင်း တွေးနေလေ၏။

သူသည် မကြာမကြာဆိုသလို လေးနက်ဖြောင့်မတ်သော မျက်နှာထားဖြစ်သွား၏။ တစ်ခါတရံတွင်လည်း ပြုံဖြီးဖြီးဖြင့် ဆဲဆိုနေ၏။ ထို့နောက် အေးစက်စက်ပြုံး၍ မကျေနပ်သော အကြည့်များဖြင့်လည်း ကြည့်လေ၏။

ထိုသို့ဖြစ်နေရခြင်းမှာ…

လီချန်ရှို့သည် စက္ကူကိုယ်ပွားတစ်ရုပ်စီ၏ ကိုယ်ရောင်ကိုယ်ဝါနှင့် မျက်နှာထားများကို ကိုယ်တိုင် သရုပ်ဆောင်ပေးနေရ၍ဖြစ်သည်။ စက္ကူကိုယ်ပွားသုံးရုပ်သည် ကောင်းကင်ခွင်းတောင်အနားရှိ ရန်သူများကို အလှည့်ကျ မျှားခေါ်နေကြသည်။ ချုံတောင်လေးရှိ မန္တန်အစီအရင်များသည် ထိုအစီအစဉ်တွင် အဓိကကျသော အရာများဖြစ်၏။ ထိုမန္တန်အစီအရင်များအတွင်းသို့ ရောက်လာသောအခါ ရန်သူများသည် အပြင်ဘက်ကို မြင်ရတော့မည် မဟုတ်ပေ။ ထို့နောက် သူတို့သည် သတ်ဖြတ်မန္တန်အစီအရင်များ၊ အဆိပ်ဆေးမှုန့်များနှင့် သတ်ဖြတ်ခြင်းကို ခံရပေလိမ့်မည်။

သူ၏ခန္ဓာကိုယ်အစစ်သည် တုနတ်ဝိဇ္ဇာဂိုဏ်းအတွင်း၌ မရှိတော့သော်လည်း လီချန်ရှို့သည် သူတတ်စွမ်းသမျှ လုပ်နေ၏။

အကြီးအကဲဝမ်လင်းယွမ်နှင့်အတူ ချောင်းမြောင်းသတ်ခဲ့‌သော ရန်သူများကို ထည့်မတွက်လျှင်ပင် လီချန်ရှို့သည် အဆိပ်မန္တန်အစီအရင်များ၊ အဆိပ်မြားများ၊ ပေါက်ကွဲစက္ကူရုပ်များနှင့် ရန်သူများကို မျှားခေါ်သည့် စက္ကူကိုယ်ပွားများကိုသုံး၍ ရန်သူ သုံးပုံတစ်ပုံကို သတ်ပစ်ခဲ့လေသည်။ ထို့ကြောင့် တုနတ်ဝိဇ္ဇာဂိုဏ်းသည် များစွာ သက်သာရာရခဲ့ခြင်းပင်။

အမှန်တွင် တိုက်ပွဲအခြေအနေပြောင်းလဲသွားရခြင်းမှာ သူ့ကြောင့်သာဖြစ်သည်ဟု ဆိုနိုင်လေသည်။

အာဒိကပ္ပလောကတွင် ဟန်ချက်ညီသောအရာဟူ၍ မရှိပေ။

တုနတ်ဝိဇ္ဇာဂိုဏ်းမှ နတ်ဝိဇ္ဇာများသည် သူတို့ကို ကူညီနေသောသူများကို ခန့်မှန်းကြည့်နေကြသော်လည်း အကြီးအကဲဝမ်လင်းယွမ်မှလွဲ၍ မည်သူမှ ထိုကူညီနေသောလူများသည် မည်သူမည်ဝါဖြစ်ကြောင်းမသိကြချေ။

ထိုအချိန်တွင် လီချန်ရှို့သည် လင်းအယ်အပေါ်သို့ အာရုံစိုက်လိုက်၏။

ကောင်းကင်နတ်မင်းအဆင့်တာအိုရသေ့အိုကြီးနှင့် အတုမဲ့နတ်ဝိဇ္ဇာအဆင့်ရှိသော မိစ္ဆာဂဠုန်သည် မြေကြောအရေးပေါ်မန္တန်အစီအရင်ကို သုံး၍ ရှောင်ပြေးသွားကြသော အတုမဲ့နတ်ဝိဇ္ဇာဂိုဏ်းမှ တပည့်ငယ်များကို တိုက်ခိုက်ရန် အရှေ့အရပ်သို့ ဦးတည်ပျံသန်းနေလေသည်။

ထိုသတင်းကို မဟာအကြီးအကဲတစ်ဦးသည် တပည့်ငယ်များကို ကာကွယ်ပေးနေသည့် ဂိုဏ်းပြင်ပကိစ္စများကိုတာဝန်ယူရသော အကြီးအကဲများသို့ အကြောင်းကြားပြီးပြီဖြစ်သည်။ သို့သော် တပည့်ငယ်အရေအတွက်မှာ တစ်ထောင်ကျော်ရှိရာ ထိုမျှများသော လူအုပ်ဖြင့် အဘယ်သို့ လုံလုံခြုံခြုံရွေ့လျားနိုင်ပေမည်နည်း။

ထိုအခိုက် ယခင်က ပန်းချီကားတစ်ချပ်ကဲ့သို့ လှပနေခဲ့သည့် ‌တောင်ကြားအတွင်းမှ လူအုပ်သည် စတင်စိုးရိမ်လာကြပေပြီ။ တပည့်ငယ်အများစုသည် ကြောက်ရွံ့နေကြ၏။

ကောင်းကင်နတ်မင်းအဆင့်တစ်ဦးသည် သူတို့ကို တိုက်ခိုက်ရန် နောက်မှလိုက်လာနေသည်ဆိုသော သတင်းမှာ သူတို့အတွက် သတင်းဆိုးသာဖြစ်သည်။

ထို့ကြောင့်…

ယုံချင်ရွှမ်းယာက ထရပ်လိုက်သည်။
“ အကြီးအကဲတို့… ရွှမ်းယာ အဲဒီအစွမ်းကြီးရန်သူကို မျှားခေါ်သွားပါမယ် ”

“ မလုပ်ရဘူး… ”
တပည့်ငယ်များကို ကာကွယ်ပေးရန်တာဝန်ကျသည့် အတုမဲ့နတ်ဝိဇ္ဇာ အကြီးအကဲတစ်ဦးသည် အော်ပြောလိုက်သည်။
“ ဘယ်လိုလုပ် ငါတို့က တပည့်ငယ်တွေကို အသက်ရင်းခိုင်းပြီး ကိုယ့်ကိုယ်ကို လုံခြုံအောင် ပုန်းနေရက်မှာလဲ ”

“ ထျန်အကြီးအကဲ… ခင်ဗျားနဲ့ ကျုပ်နဲ့ အဲဒီမိစ္ဆာကောင်ကို အတူတူတိုက်ခိုက်မယ်… ”

“ ကောင်းပြီ… ”
အခြားအကြီးအကဲတစ်ယောက်က ထရပ်လိုက်သည်။

ထိုနှစ်ဦးသည် ကောင်းကင်ပေါ်သို့ ရုတ်ခြည်း ပျံတက်သွားကြ၏။

ထိုအခိုက်တွင် လူအုပ်ထဲမှ မဝံ့မရဲ အသံတစ်သံထွက်ပေါ်လာ၏။
“ ဂိုဏ်းကနေ ကောင်းကင်နတ်မင်းအဆင့်အကြီးအကဲနှစ်ယောက်ကို မြေကြောအရေးပေါ်မန္တန်အစီအရင်သုံးပြီး ပို့ခိုင်းလိုက်လို့မရဘူးလား ”

လူများသည် အသံထွက်လာရာသို့ လှည့်ကြည့်လိုက်ကြသည်။ စကားပြောလိုက်သောလူမှာ လင်းအယ်ဖြစ်လေသည်။

လူအများအပြားသည် ဉာဏ်အလင်းပွင့်သွားကြသည်။ လင်းအယ်ပြောသော အကြံသည် အမှန်ပင် အကြံကောင်းတစ်ခု ဖြစ်၏။ သို့သော် တပည့်အနည်းငယ်သည် ခါးသက်သက်ပြုံးလိုက်ကြ၏။

ထိုခါးသက်သက်ပြုံးလိုက်သောတပည့်များမှာ မြေကြောအရေးပေါ်အစီအရင်ကို သုံးခဲ့သော နောက်ဆုံးအသုတ်ဖြစ်သည်။ အမှန်တွင် မူလနတ်ဝိဇ္ဇာအဆင့်ရှိသော တပည့်တစ်ရာကျော်သည်လည်း ထိုမန္တန်အစီအရင်ကို သုံးရဦးမည်ဖြစ်သည်။ သို့သော် ထိုလူများသည် နတ်ဝိဇ္ဇာဖြစ်ပြီးသူများဖြစ်၍ ဂိုဏ်းတွင်သာ ကျန်နေ၍ ရန်သူများကို တိုက်ခိုက်ရန် နောက်ဆုံးအချိန်ရောက်မှ ဆုံးဖြတ်ချက်ချခဲ့ကြ၏။

တပည့်ငယ်များ ရှောင်ပြေးသွားသော နေရာကို ရန်သူများ ရှာမတွေ့စေရန် ထိုမူလနတ်ဝိဇ္ဇအဆင့်ရှိသော တပည့်များသည် မြေကြောအရေးပေါ်မန္တန်အစီအရင်ကြီးကို ဖျက်ဆီး၍ ဂိုဏ်း၌သာ ကျန်နေခဲ့ကြလေသည်။

ထိုအကြောင်းအရာကို ရှင်းပြလိုက်သောအခါ တပည့်များသည် စိတ်ဓာတ်တက်ကြွလာကြ၏။
“ ကျွန်တော်တို့ အဲဒီရန်သူကို ဒီမှာပဲ ခံချမယ် ”

“ ဟုတ်တယ် ”

“ ကျမရဲ့ ဆရာက ဂိုဏ်းမှာ ရန်သူတွေကို တိုက်ခိုက်နေတုန်းပဲ။ ကျမတို့လည်း လည်စင်းပြီးတော့ အသေမခံနိုင်ဘူး။ ပြန်ချမယ် ”

“ အဆိုးဆုံးအခြေအနေက ကျွန်တော်တို့ရဲ့ ဝိညာဉ်တွေ အဖျက်ဆီးခံလိုက်ရရုံပါပဲ။ မဟုတ်လည်း ကျွန်တော်က ကောင်းကင်ပြစ်ဒဏ်ခံရရင် သေရမှာပါပဲ ”
လီချန်ရှို့ မသိမသာ မျက်မှောင်ကြုတ်လိုက်သည်။ ထိုအခြေအနေသည် သူ့အတွက် မကောင်းပေ။

သို့သော် ထိုနေရာတွင် ယုံချင်ရွှမ်းယာရှိနေ၍ တော်သေးပေသည်။

လီချန်ရှို့သည် လင်းအယ်ကို သူ့အနားသို့ဆွဲ၍ သူမ၏ နားအတွင်း စကားတချို့ တီးတိုးပြောလိုက်သည်။ သူတို့နှစ်ဦးသည် ယုံချင်ရွှမ်းယာထံ လျှောက်သွားလိုက်ကြ၏။

နောက်အစီအစဉ်တွင် ယုံချင်ရွှမ်းယာ၏ မျိုးဆက်သစ်တပည့်ခေါင်းဆောင်ဟူသော ဂုဏ်ပုဒ်နှင့် ကျော်ကြားမှုကို အသုံးချရမည် ဖြစ်သည်။

လီချန်ရှို့သည် သူမကို အသုံးမချချင်သော်လည်း အခြား ရွေးချယ်စရာမရှိပေ။


Comment

Leave a Reply

Options

not work with dark mode
Reset