ရီဖူရှင်းက ဝမ်ယွီချန်း၏ စကားကို ကြားလျှင် သူ၏နှလုံးသားက နာကျင်မှုကို ခံစားရ၏။ ဝမ်မိသားစု အိမ်တွင်တုန်းက သူက ထိပ်သီးကျောင်း သုံးကျောင်းကို ဝင်လိုသည်ဟု ဝင်ယွီချန်းက တွေးခဲ့ကာ သူ့အား အမြဲတမ်း ဂျူနီယာ တစ်ယောက်ကဲ့သို့ ဆက်ဆံခဲ့၏။ ထိပ်သီးကျောင်း သုံးကျောင်း၏ တပည့်တစ်ယောက် အနေဖြင့် သူမက အမြဲတမ်း စိတ်ကြီးဝင်ကာ လေသံက အထက်စီး ဆန်သည်။
ယခု သူမက သူ့အား နတ်ဗိမာန် အိမ်တော်တွင် မြင်သောအခါတွင်လည်း ထိုသို့ အပြုအမူ ရှိနေဆဲပင်။ ထိုအဖြစ်က သူ့အား ဆွံ့အစေ၏။
သူ့ဘေးမှ လောင်လင်းအာ၏ အစေခံမက ပြောသည်… “သူမက ဘယ်သူလဲ…” သူမက နားမလည်စွာ မေးသည်။ သူမက အနောက်ဘက် တရားရေးရာ စံအိမ်တွင် ရီဖူရှင်း၏ အပြုအမူများကို မြင်နေရသည်။ သူက လောင်လင်းအာထက် အားနည်းခြင်း မရှိဘဲ သူမအားလည်း လုံးဝ ထိန်းချုပ်ထားသည်။ လောင်လင်းအာက သူ့အား ချစ်ခင်စွာဖြင့် “အစ်ကိုကြီးဖူရှင်း” ဟု ခေါ်လေ့ရှိသည်။ ယခုမူကား သူက ထိုမိန်းကလေး၏ နှုတ်အားဖြင့် အော်ငေါက် ခံနေရသည်။ ထို့အပြင် ထိုမိန်းကလေးက တစ်နည်းအားဖြင့် ထိုသို့ ငေါက်ငမ်းခြင်းက သူမအတွက် ပုံမှန်ဖြစ်စဉ်လိုပင် ပြုမူကာ မောက်မာဟန် ရနေသည်။
“မိတ်ဆွေ တစ်ယောက်…” ရီဖူရှင်းက မသက်မသာ ပြုံးကာ ပြောသည်။
“ဘယ်သူက ရှင့်မိတ်ဆွေလဲ…” ဝမ်ယွီချန်းက အေးစက်စွာ ပြောသည်… “ငါ့အဘိုးကသာ နင့်ကို ဂရုစိုက်ပေးဖို့ မပြောခဲ့ဘူးဆိုရင် ငါက နင့်ကို မိုးမြေကောင်းကင် မြို့ကိုတောင် ခေါ်လာမှာ မဟုတ်ဘူး… ဒါပေမဲ့ အဘိုးက နင်နဲ့ပတ်သက်ပြီး မှားသွားခဲ့တယ်… သူက တကယ်ပဲ နင့်အပေါ် ဒီလောက် မျှော်လင့်ချက်တွေ ထားခဲ့တာ ပြန်တွေးရင် ဘယ်လောက် စိတ်မကောင်းစရာလဲ…”
“လူတိုင်းမှာ ကိုယ်ပိုင်ဘဝ ရှိတယ်… သူက ကိုယ့်ကိုယ်ကိုယ် ဒီလို အဆင့် နှိမ့်ချပစ်ချင်တယ် ဆိုမှတော့ ဒါက သူ့ကိစ္စပဲ… ယွီချန်း … ဘာလို့ ဒီလောက် ဒေါသထွက် နေရတာလဲ…” သူမ၏ဘေးမှ ကျင့်နန်က ပြုံးလျက် ပြောသည်။ နတ်သမီးရေကန်တွင် လာရောက် စားသောက် နေကြသော လူများကလည်း သူတို့ဘက်ကို စိတ်ဝင်စားစွာ လှမ်းကြည့် နေကြသည်။
ရီဖူရှင်းက ပိုမို၍ ဆွံ့အရသည်။ သူက သူမအား မိုးမြေကောင်းကင်မြို့ကို ရောက်စဉ်က သဘာဝစွမ်းအင် ကျောက်တုံးများကို ခရီးစရိတ်အဖြစ် ပေးခဲ့ခြင်းမှာလည်း ကျေးဇူးကြွေး ရှိနေမည် စိုးရိမ်၍ ဖြစ်သည်။ သို့သော်လည်း သူက ဝမ်မိသားစုနှင့် ဆက်ဆံရေးကို စိတ်ထဲ အလေးထားဆဲ ဖြစ်သည်။ မည်သို့ဆိုစေ ဝမ်မိသားစု ခေါင်းဆောင်က သူ့အပေါ် အလွန် ကောင်းခဲ့ပေသည်။ ထို့ကြောင့် သူက ဝမ်ယွီချန်းနှင့် ဆက်ဆံရေးကို အလွန်ဆိုးဝါးသော အခြေအနေသို့ မရောက်ရှိစေလိုပေ။
“ငါတို့က မိတ်ဆွေတွေ မဟုတ်ဘူး ဆိုမှတော့ ကျုပ်ကိစ္စတွေကို ပြောနေတာ ရပ်တော့…” ရီဖူရှင်းက ထိုသို့ ပြောကာ ထွက်သွားသည်။
“နင်…” ရီဖူရှင်း၏အပြုအမူကို မြင်လျှင် ဝမ်ယွီချန်း၏ မျက်နှာက ပိုမို၍ အေးစက်လာသည်။ ထို့နောက် သူမက ပြောသည်… “ဘယ်လောက် ကျေးဇူးကန်းတဲ့လူလဲ…”
“ယွီချန်း… ငါပြောပြီးသားပဲ… မင်းတို့က ကမ္ဘာတစ်ခုတည်း မဟုတ်တော့ဘူး… မင်းက သူ့ကို စကား ပြောနေစရာတောင် မလိုဘူး… ဒီလိုလူအတွက် ဒေါသထွက် နေစရာလည်း မလိုဘူး…”
“မှန်တယ်… ငါတို့က ဒီကို အောင်ပွဲ လာခံကြတာ… ငါတို့စိတ်တွေ ဒီအတွက် ညစ်ထေးမခံနဲ့…” သူတို့ဘေးမှ နောက်တစ်ယောက်က ပြော၏။
“အင်း… ဒါပေမဲ့ အဘိုးက သူ့အတွက် အရမ်း မျှော်လင့်ထားတာကို ပြန်တွေးရင် ငါက ဒေါသထွက် နေတုန်းပဲ…” ဝမ်ယွီချန်းက ပြောသည်… “အနည်းဆုံးသူက နည်းနည်း ကြိုးစားမယ်လို့ ငါထင်ခဲ့တယ်… နှစ်ဟောင်းက ကုန်တော့မယ်… သူသာ ကြိုးစားရင် နှစ်သစ်မှာ ထိပ်သီးကျောင်း သုံးကျောင်းကို ဝင်ခွင့်ရနိုင်သေးတယ်… သူက ဝင်ခွင့်ရခဲ့ရင် သူ့ကို ဂရုစိုက်ပေးဖို့ အပန်းမကြီးဘူး… ဒါပေမဲ့… ဟင်း… ထားလိုက်ပါတော့… ဒါက ငါနဲ့ ဘာဆိုင်လို့လဲ…” ထို့နောက် သူမက ခေါင်းယမ်းသည်။
“ဒါလေး စားကြည့်ဦး… ဒီဟင်းက မီးလင်းငှက် အသားနဲ့ လုပ်ထားတာ…. မီးဓာတ် ပါရမီပါတဲ့လူနဲ့ သင့်တော်တယ်…” ကျင့်နန်က ပြုံးကာ ဝမ်ယွီချန်း၏ ပန်းကန်ထဲကို ထည့်ပေးသည်။ ရီဖူရှင်းက ဘယ်လိုလူမျိုး ဖြစ်သည်ကို ဝမ်ယွီချန်း ကိုယ်တိုင် မြင်သွားခြင်း ကလည်း ကောင်းမွန်ပေသည်။ ကျင့်နန်က ရီဖူရှင်းကို အရင်ကတည်းက သဘောမကျပေ။ သူကား အနည်းငယ် ကြည့်ကောင်းရုံက လွဲလျှင် ရေကန်ထဲက ဖားသူငယ်လေးသာ ဖြစ်သည်။
တခြား အရပ်တစ်ခုတွင် ရီဖူရှင်းတို့အုပ်စုက အိမ်တော်အတွင်း စည်းဘက်သို့ ရောက်လာကြပြီ ဖြစ်သည်။
ခေါင်းငုံ့လျက် ရှိနေသော စိန့်ယွီကလည်း ရီဖူရှင်းကို တိတ်တခိုး ကြည့်သည်။ ရီဖူရှင်း မည်သို့သော လူမျိုးဖြစ်သည်ကို တွေးနေမိသည်။ ပထမဆုံး သူ့အား တွေ့စဉ်တုန်းက သူက နတ်ဗိမာန် အိမ်တော်တွင် နေရန် မတတ်နိုင်သေးသည့်တိုင် ရောက်လာခဲ့သည်။ သူ့အား ဒုတိယ အကြိမ် မြင်ရသော အခါတွင်မူကား သူ့အား နဂါးကလန်မှ အစေခံက ခေါ်လာခဲ့သည်။ သိသာစွာပင် သူကား လောင်လင်းအာ၏ အောက်မှ လူတစ်ယောက် ဖြစ်သည်။ သို့သော်လည်း မကြာမီက သူ့အား မိန်းကလေး တစ်ယောက်က လူပုံအလယ်တွင် ငေါက်ငမ်းကာ အရှက်ခွဲခံရ၏။ သူက အမှန်ပင် စွမ်းအားမြင့်သော လူများနှင့် ဆက်သွယ်နိုင်ခဲ့ကာ အရေးပေးခံရသော လူများလား…။
“မင်းက ငါ့ကို ဒီလို ကြည့်နေရင် ငါကမင်းကို တစ်မျိုး ထင်မိတော့မယ်…”
ရီဖူရှင်းက စိန့်ယွီအား ပြုံးရောင်သန်းလျက် ကြည့်သည်။ စိန့်ယွီ မှင်တက် သွားသည်။ ထို့နောက် သူမ၏ မျက်နှာက ရှက်သွေးများ ဖြန်းသွားကာ တစ်ဖက်ကို လှည့်သွားသည်။ သည်ကောင်ကား အမှန်ပင် အရေထူသည်။ သို့သော် သူကား အမှန်ပင် ကြည့်ကောင်းသည်ဟု သူမက တွေးမိသည်။
သူတို့အုပ်စုက သီးသန့် အဆောင်တစ်ခုသို့ ရောက်လာသည်။ လူအများအပြားက သည်နေရာသို့ ရောက်လာနေကြပြီး ဖြစ်သည်။
လောင်လင်းအာကား အဆောင်ထဲမှ တခြားလူများကို ညွှန်ကြားချက်များ ပေးနေသည်။ ရီဖူရှင်း ရောက်လာသည်ကို မြင်လျှင် သူမက တောင်ပစွာ ပြုံးကာ သူ့ထံကို ပြေးလာသည်… “အစ်ကိုဖူရှင်း… ဘာလို့ အရမ်း နှေးရတာလဲ… ဒီမှာ ပျင်းစရာ ကောင်းတယ်…”
ထို့နောက် သူမက ရီဖူရှင်း၏ လက်တစ်ဖက်အား ပွေ့ဖက်သည်။ ချက်ချင်းပင် မရေမတွက်နိုင်သော လူများက ရီဖူရှင်းကို စိုက်ကြည့်ကြသည်။ နတ်ဗိမာန် အိမ်တော်သို့ ခေါ်လာသူများ အားလုံးမှာ နဂါးကလန်မှ ဖြစ်ကြသည်။ လောင်လင်းအာက အမှန်ပင် သူတို့ရှေ့မှ လူငယ်လေးနှင့် အလွန် ရင်းနှီးနေသည်ကို မြင်လျှင် သူတို့က အံ့အားသင့် ကြရသည်။
သည်မိစ္ဆာမလေးက မည်သည့်အချိန်က ဆက်ဆံရ လွယ်ကူ သွားသနည်း…။
စိန့်ယွီက ရီဖူရှင်းအား ထိတ်လန့် အံ့အားသင့်စွာ ကြည့်သည်။ ထိုမိန်းကလေးက ဘယ်သူ ဖြစ်သည်ကို သူမသိသည်။ နတ်ဗိမာန် အိမ်တော်၏ ယခင် ပိုင်ရှင်ဟောင်းပင်လျှင် သည်မိန်းကလေး၏ ရှေ့တွင် ခေါင်းငုံ့ကာ ရိုသေစွာ ဆက်ဆံရသည်။ နဂါးကလန်မှ နဂါးမယ်လေးကား သံသယ ရှိစရာ မလိုအောင်ပင် မိုးမြေကောင်းကင်မြို့၏ အာဏာအရှိဆုံး တစ်ယောက် ဖြစ်ပေသည်။ သူမက နဂါးကလန်မှ သူမ၏မိဘများ၏ တစ်ဦးတည်းသော သမီးလည်း ဖြစ်သည်။ ထို့အတူ ယခင်ကလန် ခေါင်းဆောင်၏ အချစ်ဆုံးလည်း ဖြစ်သည်။
နဂါးမယ်လေးနှင့် ရီဖူရှင်းတို့၏ ဆက်ဆံရေးက အမှန်ပင် ကောင်းမွန်လွန်းပေသည်။ သည်မတိုင်မီလေးကပင် ရီဖူရှင်းအား မိန်းကလေး တစ်ယောက်က အရှက်ခွဲခဲ့သေးသည်။
“မလုပ်နဲ့…” ရီဖူရှင်းက လောင်လင်းအာကို မျက်လုံးပြူး ကျယ်လျက် ကြည့်သည်။ သူမက သူ့အား သတ်ရန် ကြိုးစားနေသည်လား… ။ အနောက်ဘက် တရားရေးရာ စံအိမ်တွင် သည်ကဲ့သို့ ပုံစံဖြင့် ပြုမူခြင်းက အဆင်ပြေသော်လည်း သည်နေရာမူကား…
“ဆရာရီ…” ရှေ့ဆုံးမှ ယန်ရှင်းက ခေါ်လိုက်သည်။ ထို့နောက် သူက နောက်လှည့်ကာ ကျန်လူများကို ပြောသည်… “နောက်ပိုင်း မင်းတို့က နတ်ဗိမာန် အိမ်တော်မှာ အလုပ်လုပ်တဲ့အခါ မင်းတို့အားလုံးက ဆရာရီရဲ့ အမိန့်ကို နာခံရမယ်… သူက နတ်ဗိမာန် အိမ်တော်ရဲ့ ပိုင်ရှင်အသစ်ပဲ…”
လူအများအပြားက တစ်နည်းအားဖြင့် ထိတ်လန့် သွားကြသည်။ သူတို့က လောင်လင်းအာက နတ်ဗိမာန် အိမ်တော်အား တစ်စုံတစ်ယောက်ကို လက်ဆောင်ပေးရန် ဝယ်ယူသည်ဟု ကြားကြသောအခါ သိပ်မယုံချင်ခဲ့ကြပေ။
စိန့်ယွီကလည်း တစ်ဖန် ထိတ်လန့် သွားပြန်သည်။ နတ်ဗိမာန် အိမ်တော်တွင် သည်မတိုင်မီက တည်းခိုရန်ပင် မတတ်နိုင်သောလူက ယခု နတ်ဗိမာန် အိမ်တော်၏ပိုင်ရှင်အသစ် ဖြစ်လာသည်။
“မင်းတို့က ပိုင်ရှင်အသစ်ကို ဘာလို့ နှုတ်မဆက် သေးတာလဲ…” လောင်လင်းအာက လူအုပ်အား လက်ညှိုးထိုးကာ ပြောသည်။
ချက်ချင်းပင် လူတိုင်းက ဦးညွှတ်ကာ အော်လိုက်ကြသည်… “ဆရာရီကို နှုတ်ဆက်ပါတယ်…”
“ဆရာရီ… ပြောစရာတစ်ခုခု ရှိရင် သူတို့ကို ပြောပါ…” ယန်ရှင်းက ပြောသည်။
ရီဖူရှင်းက နောက်လှည့်ကာ လို့လန်ရွှီကို ခေါ်သည်… “လို့လန်… ဒီကိုလာ…” လို့လန်ရွှီကလည်း အံ့အာသင့်သော အမူအရာဖြင့် ရှေ့ကို တက်လာသည်။ ရီဖူရှင်းအား ထိုလူများက အတင်း ခေါ်ယူ သွားကြသော်လည်း သူကား ဘေးကင်းရုံမက လွန်စွာ ကောင်းမွန်သော ဆက်ဆံရေးကို တည်ဆောက် နိုင်သည်။
“အနာဂတ်မှာ သူမက နတ်ဗိမာန် အိမ်တော်ရဲ့ အုပ်ချုပ်ရေးပိုင်းကို စီမံလိမ့်မယ်… သူမရဲ့ အမိန့်ကို နာခံရမယ်…” ရီဖူရှင်းက ပြောသည်။
“ဟုတ်ကဲ့ပါ… ဆရာရီ…” လူတိုင်းက ခေါင်းညိတ်ကြသည်။
“စိန့်ယွီ…” ရီဖူရှင်းက ခေါ်လိုက်သည်။ စိန့်ယွီကလည်း အံ့အားသင့်သွားကာ ရီဖူရှင်းကို ကြည့်သည်။ သူက အဘယ်ကြောင့် သူမကို ခေါ်သနည်း။
ပြုံးလျက်ပင် ရီဖူရှင်းက သူမအား ကြည့်ကာ ပြောသည်… “စိန့်ယွီ… မင်းက နတ်ဗိမာန် အိမ်တော်မှာ အရင်ကတည်းက အလုပ် လုပ်လာတယ်… နောက်ဆို မင်းက ဒီက ကိစ္စတွေကို လို့လန်က စီမံရာမှာ ကူညီပေးရမယ်…”
ရီဖူရှင်း၏ စကားကို ကြားလျှင် စိန့်ယွီကား ဇဝေဇဝါ ဖြစ်သွားသည်။ သူမက ဘာဖြစ်နေသည်ကိုပင် နားမလည်တော့ပေ။ သူမကား နတ်ဗိမာန် အိမ်တော်တွင် ဧည့်ကြို တစ်ယောက်မျှသာ ဖြစ်သည်။ ယခု ရီဖူရှင်းက သူမအား နတ်ဗိမာန် အိမ်တော်ကို စီမံရန် စေခိုင်းနေသည်။ သူက ဟာသ လုပ်နေသည်လား…။
စိန့်ယွီက သူ့အား အတိုင်းသား စိုက်ကြည့်နေသည်ကို မြင်လျှင် ရီဖူရှင်းက ပြုံးလျက်ပြောသည်… “ဘာလဲ… မင်းက မလိုလားဘူးလား…”
“ကျွန်မ လုပ်ချင်တာပေါ့…” စိန့်ယွီက စိုးရိမ်စွာဖြင့် ခေါင်းယမ်းကာ ပြောသည်… “ရှင် တကယ် ပြောနေတာလား…” ရီဖူရှင်းက သူမအား ဟာသ လုပ်နေမလား စိုးရိမ်စွာဖြင့် သူမက ကြည့်နေသည်။
“ငါက အလိမ်အညာတွေ ပြောတဲ့လူနဲ့ တူနေလို့လား…” ရီဖူရှင်းက ပြုံးလျက်ပြောသည်။
“ရှင်က လိမ်နေတာ မဟုတ်ဘူးပေါ့…” စိန့်ယွီ၏ မျက်လုံးများက စိတ်လှုပ်ရှား လွန်းသောကြောင့် နီရဲလာသည်။
“မင်း မလုပ်ချင်ရင်လည်း ထားလိုက်တော့…” ရီဖူရှင်းက လေးနက်သော အမူအရာဖြင့် ပြောသည်။
“ကျွန်မ လုပ်ချင်တယ်…” စိန့်ယွီက အလျင်အမြန် ပြောသည်။ ထိုအခါမှ ရီဖူရှင်းက ပြုံး၏။
စိန့်ယွီ၏နှလုံးက ပြင်းထန်စွာ တုန်ခါနေကာ စိတ်ကို တည်ငြိမ်အောင် မထားနိုင်တော့ပေ။ သူမက သည်နေရာတွင် အလုပ်လုပ်နေရာ နတ်ဗိမာန် အိမ်တော်က မည်သို့သော နေရာဖြစ်သည်ကို သိနားလည်သည်။ အကယ်၍ သူမက နတ်ဗိမာန် အိမ်တော်အား စီမံခန့်ခွဲရပါက သူမ၏ဘဝက အောင်မြင်တော့မည် ဖြစ်သည်။
ရီဖူရှင်းက သူမကို ရွေးခြင်းမှာ နတ်ဗိမာန် အိမ်တော်နှင့် ရင်းနှီးကျွမ်းဝင်သော လူတစ်ယောက်အား လို့လန်ရွှီကို ကူညီရန် လိုအပ်ခြင်းကြောင့် ဖြစ်သည်။ စိန့်ယွီက သူ့အား သရော်ခဲ့ဖူးသော်လည်း သူမက မကောင်းသော အတွေးအကြံများ မရှိပေ။ အမှန်တကယ်အားဖြင့် သူမက ရိုးသားဟန် ရပေသည်။
မှန်သည်… အဓိက အကြောင်းပြချက်မှာ စိန့်ယွီကား ပြုံးလျှင် အလွန်လှ၏။
“ဦးလေးယန်… တစ်ခုရှိသေးတယ်…” ရီဖူရှင်းက ယန်ရှင်းကို ကြည့်ကာ ပြောသည်… “ဒီကိစ္စကို လျှို့ဝှက်ထားပေး နိုင်မလား…” ရီဖူရှင်းက လူအများ၏ အာရုံစိုက်ခံရမည်ကို သိပ်မလိုလားပေ။
“ကောင်းပြီ…” ယန်ရှင်းက ခေါင်းညိတ်သည်။ ထို့နောက် သူက လူတိုင်းကို မှာကြားသည်။ ထို့နောက် စိန့်ယွီမှအပ အားလုံးကို ထွက်သွားခိုင်းသည်။
“လို့လန်… မင်းကို ပြောထားတာတွေ စီစဉ်ပြီးသွားပြီလား…” ရီဖူရှင်းက မေးသည်။
“အင်း…” လို့လန်ရွှီက ခေါင်းညိတ်သည်။
“မင်းက တန်ခိုးကျင့်တဲ့ ဆေးဝါးတွေလိုရင် အကောင်းဆုံတွေကိုသာ ဝယ်သုံး…” ရီဖူရှင်းက ပြုံးလျက်ပြောသည်။ တစ်နေ့တည်းတွင် ချမ်းသာသွားခြင်းကား အမှန်တကယ် ကောင်းမွန်သော ခံစားချက်ပင်။
သူတို့က မိုးမြေကောင်းကင်မြို့ကို အဘယ်ကြောင့် လာရောက်ခဲ့ကြသနည်း…။ တန်ခိုးကျင့်က ပိုမိုအားကောင်းရန် မဟုတ်ပါလော…။ ယခု သူတို့တွင် နတ်ဗိမာန် အိမ်တော် ရှိနေမှတော့ ထိုအရာများကို စိတ်ပူနေစရာ မလိုတော့ပေ။
“နားလည်ပြီ…” လို့လန်ရွှီက ခေါင်းညိတ်သည်။
“သူမက ရှင့်ရဲ့…” လောင်လင်းအာက လို့လန်ရွှီကို ကြည့်သည်။
“အစေခံ…” လို့လန်က ဖြေသည်။ အတိတ်တွင်တုန်းကလည်း သူမအား နားလည်မှု လွဲကြသည်။
“ဝါး… အစ်ကိုဖူရှင်း… ရှင်က အရမ်းမိုက်တာပဲ…” လောင်လင်းအာက ရီဖူရှင်းကို လေးစားစွာ ကြည့်သည်။ သူ၏အစေခံပင် အလွန်ချောသည်။
“အတူ သွားစားရအောင်…” ရီဖူရှင်းက လောင်လင်းအာ၏ ထူးဆန်းသော အကြည့်ကို မြင်ကာ ဆွံ့အသွားရသည်။ သည်မိန်းကလေးကား လွန်စွာ ငယ်ရွယ်သေးသည်။ သူမက ဘာတွေကို တွေးနေသနည်း…။
“ကောင်းပြီ…” လောင်လင်းအာက တခစ်ခစ် ရယ်သည်။ ထို့နောက် သူမက ရီဖူရှင်း၏ လက်တစ်ဖက်ကို ကိုင်ကာ သူ့အား အပြင်ဘက်ကို ဆွဲယူသည်။ ရီဖူရှင်းက နောက်လှည့်ကာ ပြောသည်… “နေ့လယ်စာကို မင်းတို့ဘာသာ စားလိုက်ကြတော့…”
ယန်ရှင်းနှင့် လောင်လင်းအာ၏ဘေးမှ လူများအားလုံးက သူမ၏နောက်မှ လိုက်ပါသွားကြကာ ယူချင်းနှင့် ရီဝူချင်းတို့အား ချန်ထားခဲ့ကြသည်။
“ဒါက တော်တော် အံ့အားသင့်ဖို့ ကောင်းတာပဲ…” ယူချင်း၏ မျက်နှာက လေးစား အားကျခြင်းများနှင့် ပြည့်နှက်နေသည်။ ကြည့်ရသည်မှာ ရီဖူရှင်း ရင်မဆိုင်နိုင်သော မိန်းမ ရှိမည် မဟုတ်ပေ။
စကားနည်းသော ရီဝူချင်းပင်လျှင် ရေရွတ်သည်… “ဒါ ပါရမီတစ်ခုပဲ…”
လောင်လင်းအာနှင့် ရီဖူရှင်းတို့က အဆောင်ထဲမှ ထွက်လာကြသည်။ ရီဖူရှင်း၏ လက်အား ဆွဲကိုင်ထားရင်းက လောင်လင်းအာက ပြောသည်… “အစ်ကိုဖူရှင်း… ရှင်က လင်းအာနဲ့အတူ ကြယ်မင်းကျောင်းကို မတက်ချင်ဘူးလား… လင်းအာက နတ်ဗိမာန် အိမ်တော်လို ကျော်ကြားတဲ့ တည်းခိုခန်း နောက်နှစ်ခု ဝယ်ပေးမယ်လေ…”
“ငါက အဲဒီကို သွားရင် ဘယ်လိုလုပ် လေ့ကျင့်ဦးမလဲ…” ရီဖူရှင်းက လောင်လင်းအာကို မျက်လုံး ပြူးကျယ်လျက် ကြည့်သည်။
“လင်းအာက အစ်ကိုဖူရှင်းကို ခေါ်သွားနေမှာပေါ့…” လောင်လင်းအာက ပြောသည်။
“ငါ့ကို ခေါ်သွားနေမယ်…” ရီဖူရှင်က ဆွံ့အသွားသည်။ ထို့နောက် သူက လောင်လင်းအာ၏ လက်အား ဖယ်ထုတ်ကာ ပြောသည်… “မင်းက နဂါးကလန်ရဲ့ မင်းသမီးပဲ… ငါက မင်းရဲ့ ဂီတအကူပဲ… မင်းရဲ့ပုံရိပ်ကို သတိထားရမယ်…”
“လင်းအာ ဂရုမစိုက်ဘူး…” လောင်လင်းအာက ထူးမခြားနားစွာ ပြောသည်။
“မင်းက ဂရုမစိုက်ဘူးလို့ ပြောတာက တခြားလူတွေက ဂရုမစိုက်ဘူးလို့ မတွေးနဲ့… ပြီးတော့ မင်းရဲ့ မိသားစုက နတ်ဗိမာန် အိမ်တော်ကို ငါ့ကို ပေးလိုက်တာ သိရင် သူတို့က ဒီအတိုင်း လျစ်လျူရှုထားကြမှာ မဟုတ်ဘူး…” ရီဖူရှင်းက ပြောသည်။
“ဒါပေမဲ့ အစ်ကိုဖူရှင်းက လင်းအာကို အများကြီး သင်ပေးခဲ့တယ်…” လောင်လင်းအာက ရိုးစင်းစွာ ပြောသည်… “အဲဒါက နတ်ဗိမာန် အိမ်တော်ထက် အရေးကြီးတယ်…”
“တခြားလူတွေက အဲလို မတွေးဘူး…” ရီဖူရှင်းက လောင်လင်းအာ၏ ဆံပင်များအား ဖွကာ ပြောသည်… “ငါ့စကားကို နားထောင်…”
“သိပြီ…” သူမ၏လက်ဖြင့် ရီဖူရှင်းအား မျက်နှာကို ရုပ်ပြောင် လုပ်ပြသည်။
***