နတ်ဗိမာန်အိမ်တော်ရှိ အဆောင်များစွာထဲတွင် အလွန် ကြည်လင် သာယာသော ရေကန်တစ်ခုလည်း ရှိသည်။ သီးသန့်ဆန်သော ခြံဝင်းများ အားလုံးမှ အရသာရှိသော အစားအသောက်များကို မှာယူစားသောက် နိုင်သော ထိုရေကန်၏ အဓိကကျသော နေရာသို့ သွားရောက်နိုင်သော လမ်းမကျယ်ကြီး တစ်ခုလည်း ရှိသည်။ ထိုနေရာအား နတ်သမီးရေကန် ဟုလည်း ခေါ်ကြသည်။ မှန်သည်… ပြင်ပမှ လူများကလည်း နတ်သမီးရေကန်ကို လာရောက်ကာ စားသောက်ကြသည်။ သို့သော်လည်း အလွန် စျေးကြီး၏။ မည်သို့ဆိုစေ လက်ရှိတွင် နတ်သမီးရေကန်၌ စားသောက်ကာ စကားပြောနေကြသော လူများ ရှိကြပေသည်။ မိုးမြေကောင်းကင်တွင် ချမ်းသာ ကြွယ်ဝသော လူများ အများအပြား ရှိကြပေသည်။
ယနေ့ ကျင့်နန်ကလည်း လွန်စွာ ရက်ရောစွာဖြင့် သူ၏အဖော် မိတ်ဆွများကို နတ်သမီးရေကန်တွင် စားသောက်ရန် ဖိတ်ခေါ်ခဲ့သည်။
“ဒီပတ်ဝန်းကျင်… ငါက နတ်ဘုံနတ်နန်းမှာ စားသောက်နေရသလို ခံစားနေရတယ်…” တစ်ယောက်က ချီးကျူးသည်။ သူက နတ်သမီး ရေကန်ရှေ့တွင် ကခုန်နေကြသော လှပသော မိန်းကလေးများကို ကြည့်သည်။ သူတို့၏ အင်္ကျီများနှင့် အဝတ်စများက လေထဲတွင် သိမ်မွေ့ ညင်သာစွာ လှုပ်ခတ်နေကြ၏။ ထိုအုပ်စု၏ အလယ်တွင်ကား မျက်နှာကို ပဝါအုပ်ထားသော မိန်းကလေး တစ်ယောက်က ကု့ချင်း တီးခတ်ပေးနေသည်။ သံစဉ်က ပတ်ဝန်းကျင်နှင့် လွန်စွာ လိုက်ဖက်ကာ နားထောင်သူအား သာယာ ပျော်ရွှင်မှုကို ပေးသည်။ ဤသို့သော ပတ်ဝန်းကျင်ဖြင့် နတ်ဗိမာန်တွင် လာရောက် စားသုံးခြင်းက လွန်စွာ စျေးကြီးခြင်းမှာ မထူးဆန်းတော့ပေ။
“စီနီယာ… အခုလို နတ်ဗိမာန် အိမ်တော်က ပတ်ဝန်းကျင်ကို လာရောက် ခံစားနိုင်အောင် လုပ်ပေးလို့ ကျေးဇူးတင်ပါတယ်…” နောက်တစ်ယောက်က ပြုံးသည်။
ကျင့်နန်၏အမူအရာက ကျေနပ်သွားဟန် ရသည်။ ပြုံးလျက်ပင် သူက ဝမ်ယွီချန်းအား ပြောသည်… “ယွီချန်း… ဒီနေရာကို ဘယ်လိုထင်လဲ…” သူ၏အဓိက ရည်ရွယ်ချက်ကား သူမကို ကျွေးမွေးရန် ဖြစ်သည်။
“ဒီနေရာက တကယ်ပဲ လှတယ်…” ဝမ်ယွီချန်းက ခေါင်းညိတ်သည်။ ကု့ချင်း တီးခတ်နေသော မိန်းကလေးနှင့် ကခုန်နေသော မိန်းကလေးများပင် လှပ ချောမောကြ၏။ ကန်အလယ်တွင်ကား မျှော်စင်များကဲ့သို့ မြင့်မားသော အဆောင်များ ဆောက်လုပ်ထားပြီး ထိုအဆောင်များကို ကန်ဘောင်မှ တံတားကလေးများနှင့် ဆက်သွယ်ထားသည်။
“နတ်သမီးရေကန်က အစားအသောက်တွေက တန်ဖိုးကြီးတဲ့ အမယ်တွေနဲ့ ချက်ပြုတ် ထားတာတွေချည်းပဲ…” ဝိုင်များနှင့် အစားအသောက်များက တန်ခိုးရှင်များကို အကျိုး ဖြစ်ထွန်းစေနိုင်သော တန်ဖိုးကြီး ဆေးပင် ဆေးမြစ်များ၏ အဆီအနှစ်များကို ထည့်သွင်း အသုံးပြုထားသည်။ ပတ်ဝန်းကျင်ကသာ သာယာလှပသည် မဟုတ်ပေ။ သာမန်လူများက ဤနေရာသို့ လာရန်မူကား အိပ်မက်ပင် မက်ခွင့် အရှိပေ။
ကျင့်နန်က ရေကန်အလယ်မှ အဆောင်များကို ကြည့်ကာ ပြောသည်… “အဲဒီ အဆောင်မှာ စားသောက် နိုင်တဲ့လူတွေက တကယ့် မြင့်မားတဲ့ အဆင့်အတန်းနဲ့ လူတွေပဲ သူတို့က အပြင်ကို အဲဒီနေရာက မြင်နိုင်ပေမဲ့ ငါတို့က အဲဒီ အဆောင်ထဲကို မမြင်ရဘူး…”
“အင်း…” ဝမ်ယွီချန်းက ခေါင်းညိတ်ကာ မည်သို့သော လူများက ထိုနေရာများတွင် စားသောက်ကြသည်ကို တွေးနေမိသည်။ ထို့နောက် သူမက တခြား နေရာများကို ကြည့်သည်။ နတ်သမီးရေကန်တွင် လူအများအပြား ရှိကြသည်။ သို့သော် နေရာကား အလွန်ကျယ်သည်။ စားပွဲတစ်ခုနှင့်တစ်ခု အလွန်ဝေးကာ မိမိတို့နှင့် မသက်ဆိုင်သော လူများနှင့် ဝေးကွာစေလျက် သီးသန့်ဆန်သော ခံစားချက်ကို ရစေသည်။
သည်နေရာကို ရောက်လာသော လူများ၏ ရုပ်လက္ခဏာများက ထူးခြား ကောင်းမွန်ကြသည်။
ရုတ်တရက် တိတ်ဆိတ်သော နေရာအား ဆူညံသံတချို့ ရောက်ရှိလာသည်။ လူအများအပြားက ထိုနေရာကို လှမ်းကြည့်ကြလျှင် ကြီးမားသော အုပ်စုတစ်စုက အဝေးမှ လမ်းအတိုင်း လျှောက်လာ ကြသည်ကို မြင်ရသည်။
ထိုအုပ်စု၏ ရှေ့ဆုံးမှ ဦးဆောင်လာသူကား အမှန်ပင် အသက် ၁၃နှစ် ၁၄ နှစ် အရွယ် ကောင်မလေး တစ်ယောက် ဖြစ်သည်။
“သူမက အနောက်ဘက် တောင်ကုန်းက နဂါးမယ်လေးပဲ… သူမက တကယ်ပဲ ဒီကို ရောက်လာတယ်… နတ်ဗိမာန် အိမ်တော်ကို ဝယ်တာ သူမကို ပေးမလို့များလား…” တစ်ယောက်က မေးသည်။
“အနောက် တောင်ကုန်းက နဂါးမယ်လေး…” ကျင့်နန်၊ ဝမ်ယွီချန်းနှင့် သူတို့၏ သူငယ်ချင်းများက ထိုအရပ်ကို ကြည့်ကြသည်။ ထိုမိန်းကလေး၏ ခမ်းနားကြီးကျယ်မှုကို ကြည့်ကာ သူတို့က တိတ်တခိုး သက်ပြင်း ရှိုက်ကြရသည်။ သည်နဂါးမယ်လေးက နောက်နှစ်တွင် ကြယ်မင်းကျောင်းကို တန်ခိုးကျင့်ရန် ဝင်ရောက်မည်ဟု ကြားခဲ့ကြသည်။ ထိုအချိန်ကျလျှင် သူမက သူတို့၏ဂျူနီယာလေး ဖြစ်သွားပေတော့မည်။ သို့သော်လည်း မိုးမြေကောင်းကင်မြို့တွင် သည်ကဲ့သို့သော ပတ်သက်မှုက မြင်တွေ့နေကျ ဖြစ်ကာ သိပ်မထူးဆန်းပေ။
အနောက်တောင်ကုန်း နဂါးကလန်မှ မင်းသမီးလေးက သူတို့နှင့် သီးခြားကမ္ဘာတွင် နေထိုင်သူဖြစ်သည်ကို ဝမ်ယွီချန်းတို့ အားလုံး သိနားလည်ကြသည်။
ဝမ်ယွီချန်းကား ယွန်ယွဲ့မြို့မှ အဓိက အင်အားစုလေးခုမှ တစ်ခု၏ အဓိက မျိုးဆက် ဖြစ်သော်လည်း သူမ၏နောက်ခံက အနောက်တောင်ကုန်း နဂါးကလန်နှင့် ယှဉ်လျှင် မိုးနှင့်မြေလို ကွာခြားပေသည်။
နဂါးမယ်လေးကား သူမက ပတ်သက်လိုလျှင်ပင် ပတ်သက်ခွင့် မရှိသော အဆင့်အတန်းတွင် နေထိုင်သူ ဖြစ်သည်။
“အဲဒါက နတ်ဗိမာန် အိမ်တော်က အုပ်ချုပ်ရေးအဖွဲ့လို့ ငါထင်တယ်… ဘာလို့ နဂါးမယ်လေးက သူတို့ကို စုစည်း ခေါ်ယူထားတာလဲ…” တစ်ယောက်က တီးတိုးမေးသည်။ သူတို့က ရုတ်တရက် ထူးဆန်းသော အတွေးတစ်ခု ဖြစ်ပေါ်လာကြသည်။ နတ်ဗိမာန် အိမ်တော်ကို ဝယ်ယူခြင်းက နဂါးကလန်၏ ရည်ရွယ်ချက် မဟုတ်ဘဲ နဂါးမယ်လေး ကိုယ်တိုင်က ဝယ်ယူခြင်းများလား…။
“ငါက တကယ်ပဲ ကောလာဟလ တချို့ကို ကြားခဲ့တယ်… နဂါးကလန်က နတ်ဗိမာန် အိမ်တော်ကို ဝယ်တုန်းက ကလန်က ဘာအမိန့်မှ မပေးခဲ့ဘူးတဲ့…” တစ်ယောက်က ပြုံးကာ ပြောသည်။ လူတိုင်း၏ မျက်နှာတွင် ထူးဆန်းသော အမူအရာ ဖြစ်ပေါ်လာသည်။ လက်ရှိတွင် နဂါးမယ်လေးက အနောက်ဘက် တရားရေးရာ စံအိမ်တွင် လေ့လာ သင်ကြားနေသည်ကို လူတိုင်း သိကြသည်။ အကယ်၍ ထိုအမိန့်က အနောက်ဘက် တရားရေးရာ စံအိမ်က ပေးခဲ့ခြင်းဖြစ်ပါက ဖြစ်ကောင်း ဖြစ်နိုင်သည်မှာ သူမကသာ နတ်ဗိမာန် အိမ်တော်ကို ဝယ်ယူခြင်း ဖြစ်ရပေမည်။
နဂါးမယ်လေးနှင့် သူမ၏လူများက နတ်ဗိမာန် အိမ်တော်၏ အတွင်းဘက်သို့ ဝင်ရောက် သွားသည်တွင် တစ်ယောက်က မေးသည်… “ဘာလို့ သူမက နတ်ဗိမာန် အိမ်တော်ကို ဝယ်ရတာလဲ…”
“သူမက တစ်စုံတစ်ယောက်ကို လက်ဆောင်အနေနဲ့ ပေးချင်တယ် ကြားတာပဲ…” တစ်ယောက်က ပြုံးလျက် ပြောသည်။
“လက်ဆောင်…” လူတိုင်း၏ အမူအရာက ပိုမို၍ပင် ထူးဆန်းသွားကြ၏။ နတ်ဗိမာန် အိမ်တော်အား လက်ဆောင်ပေးခြင်းက အလွန်ပင် များလွန်းလှသည်။ သို့သော်လည်း နဂါးမယ်လေးကား အသက် ဆယ့်သုံးနှစ်ခန့်မျှသာ ရှိသေးသည်။ အဘယ်ကြောင့် သူမက နောက်တစ်ယောက်ကို နတ်ဗိမာန် အိမ်တော်အား လက်ဆောင် ပေးရသနည်း…။
လူအများအပြားက သိပ်နားမလည် ကြတော့ပေ။ ကျင့်နန်က ထိုင်နေရာက ပြုံးလျက် ပြောသည်… “နဂါးမယ်လေးရဲ့ ကမ္ဘာက ကျုပ်တို့လိုလူတွေ နားလည်နိုင်တာမှ မဟုတ်တာ…”
“မင်း မှန်တယ်…” နောက်တစ်ယောက်က ပြောသည်။
ထို့နောက် လူတိုင်းက မိမိတို့ အရေးကိစ္စများကို ပြန်လည် ပြောဆိုကြတော့သည်။ သူတို့က အရေးမပါသော ကိစ္စများစွာကို အဘယ်ကြောင့် ဂရုစိုက်ရမည်နည်း။
***
ထိုအခိုက်တွက် ရီဖူရှင်းကား လောင်လင်းအာ၏ နောက်ကို လိုက်မသွားဘဲ နတ်ဗိမာန် အိမ်တော်၏ အပြင်ဘက်တွင် စောင့်နေသည်။
အဝေးမှ ငှက်အော်သံ တစ်သံကို ကြားရ၏။ သိမ်းငှက်နက်က ကျောပေါ်တွင် လူသုံးယောက်ကို တင်ဆောင်ကာ ရီဖူရှင်းထံသို့ ဆင်းသက် လာသည်။ သူတို့ကား ယူချင်း၊ ရီဝူချင်းနှင့် လို့လန်ရွှီတို့ ဖြစ်ကြ၏။
သိမ်းငှက်နက်နှင့် ရီဖူရှင်းတို့က စိတ်ချင်း ဆက်နွှယ်နေကြရာ ရီဖူရှင်းက သိမ်းငှက်နက်မှ တစ်ဆင့် တခြားလူများကိုပါ ဤနေရာသို့ ခေါ်ယူခဲ့သည်။
“နင်က ဒီမှာ မနေတော့ဘူးဆို…” လို့လန်ရွှီက ရီဖူရှင်းကို မေးသည်။
ထိုနေ့က ရီဖူရှင်းက စျေးနှုန်းကို ကြားပြီးသည်နှင့် မနေတော့ဘဲ ထွက်ခွာ လာခဲ့သည်… “အခု ငါတို့ နေမယ်…” ရီဖူရှင်းက ပြုံးလျက် ပြောသည်… “သွားကြမယ်…”
သူတို့သုံးယောက်က ရီဖူရှင်းအား ထူးဆန်းသော အမူအရာဖြင့် ကြည့်ကြသည်။ ထို့နောက် လို့လန်ရွှီက ရှေ့ကို တိုးလာကာ ပြောသည်… “နင့်ကို သူတို့ ခေါ်သွားတဲ့နေ့က ငါက စုံစမ်းကြည့်တော့ အဲဒီအုပ်စုက အနောက်တောင်ကုန်း နဂါးကလန်ကတဲ့… အဲဒီမိန်းကလေးကလည်း နဂါးကလန်ရဲ့ မင်းသမီးလေးလို့ ပြောတယ်…”
“အနောက်တောင်ကုန်း နဂါးကလန်…” ရီဖူရှင်းက ထိုနာမည်ကို ယခင်က ကြားဖူးသလို ရှိသည်။ သူတို့အုပ်စုက နတ်ဗိမာန် အိမ်တော်ထဲရှိ လောင်လင်းအာ၏ အစေခံတစ်ယောက် စောင့်နေသော နေရာထံသို့ ဝင်ရောက် သွားကြသည်။ ရီဖူရှင်း ရောက်လာသည်တွင် အစေခံမက အော်လိုက်သည်… “ဆရာရီ…” ထို့နောက် သူမက ဘေးမှ မိန်းကလေးကို ပြောသည်… “ရှေ့က လမ်းပြပေး…”
မိန်းကလေးကား အသက် နှစ်ဆယ်ခန့်ရှိကာ ချစ်ခင် နှစ်လိုဖွယ် ရှိသည်။ သူမ၏နာမည်က စိန့်ယွီဖြစ်သည်။ စိန့်ယွီက ရီဖူရှင်းကို မြင်သည်နှင့် သူ့အား မှတ်မိသည်။ နောက်ဆုံး အကြိမ်က ရီဖူရှင်း၏ အပြုအမူက သူမ၏စိတ်ထဲတွင် မှတ်မှတ်ရရ ဖြစ်စေခဲ့သည်။
ရက်အနည်းငယ် အကြာက ရီဖူရှင်းတို့က နတ်ဗိမာန် အိမ်တော်ကို ရောက်ရှိလာခဲ့ကြကာ ဤနေရာ၌ တည်းခိုလိုသည်ဟု ပြောကြသည်။ သို့သော်လည်း သူမက စျေးနှုန်းကို ပြောလိုက်သည်နှင့် ရီဖူရှင်းက တန်ခိုးရှင်များက လွန်မင်းစွာ စည်းစိမ်မခံသင့်ဘဲ အခက်အခဲများကို ရင်ဆိုင်သင့်သည်ဟု ပြောကာ နောက်လှည့် ထွက်ခွာ သွားခဲ့သည်။ ချက်ချင်းပင် သူမက မဟန်နိုင်တော့ဘဲ ဝါးလုံးကွဲ ရယ်မောမိ၏။ သို့သော်လည်း လက်ရှိတွင် ရီဖူရှင်းက ထိုနေ့က သူမက သူ့အား ကြည့်သည့်အတိုင်း ပြုံးရောင်သန်းလျက် ကြည့်နေသည်။ ထို့ကြောင့်ပင် ယခု သူမက ရီဖူရှင်းအား ရဲရဲ မကြည့်ရဲတော့ပေ။ မည်သို့ဆိုစေ ရီဖူရှင်းအား ခေါ်လာသူမှာ လက်ရှိ နတ်ဗိမာန် အိမ်တော်ကို ပိုင်ဆိုင်သော နဂါးကလန်အုပ်စုမှ တစ်ယောက် မဟုတ်ပါလား…။
“ကောင်းပြီ…” သူမက ရီဖူရှင်းအား မျက်လုံးချင်း ရင်မဆိုင်ရဲဘဲ အသာအယာ ခေါင်းညိတ်သည်။ ထို့နောက် သူမက နောက်လှည့်ကာ ရှေ့မှ ဦးဆောင် ထွက်ခွာသွားသည်။
စိန့်ယွီက ရှေ့ဆုံးမှ စိုးရိမ်စွာဖြင့် လျှောက်သွားနေစဉ် သူမ မသိလိုက်မီတွင်ပင် ရီဖူရှင်းက သူမ၏ဘေးမှ အတူတူ လျှောက်နေပြီး ဖြစ်သည်။ ရီဖူရှင်းက ပြုံးလျက်မေးသည်… “မင်းနာမည် ဘာလဲ…”
“ကျွန်မနာမည် စိန့်ယွီပါ…” စိန့်ယွီက ခေါင်းငုံ့ကာ ပြောသည်။
“ငါ့နာမည် ရီဖူရှင်း…”
“အင်း…” စိန့်ယွီက အသာအယာ ခေါင်းညိတ်သည်။
“ပူလို့လား… ဘာလို့ မျက်နှာက ရဲနေရတာလဲ…” ရီဖူရှင်းက ပြုံးလျက် မေးသည်။
ရီဖူရှင်း၏ စကားကို ကြားလျှင် စိန့်ယွီ၏ မျက်နှာက ပိုမို၍ပင် နီရဲလာနေသည်… “အင်း ပူတယ် ထင်တာပဲ…”
သူတို့ဘေးမှ အစေခံမက သူတို့ကို ထူးဆန်းစွာ ကြည့်သည်။ သူတို့က ဘာကို ပြောနေကြသနည်း။ လို့လန်ရွှီနှင့် ယူချင်းတို့က ရီဖူရှင်းကို မသက်မသာ ကြည့်ကြသည်။ သူကား တမင်ပင် စိန့်ယွီကို နောက်ပြောင် ဟန်သည်။
သူတို့အုပ်စုက ရှည်လျားသော လမ်းအတိုင်း လျှောက်သွားကြသည်။ စိန့်ယွီမူကား လမ်းတစ်လျှောက်လုံး ခေါင်းငုံ့နေသည်။ ထိုနေ့က သူမ၏ အပြုအမူကြောင့် ယခု သူမက ကသိကအောက် ခံစားနေရသည်။ ရီဖူရှင်းနှင့် နဂါးကလန်တို့၏ ပတ်သက်မှုကိုလည်း သူမက ခန့်မှန်းတွေးတော နေမိသည်။
ရုတ်တရက် တစ်စုံ တစ်ယောက်က အော်လိုက်သည်… “ရီဖူရှင်း…”
ရီဖူရှင်းက ရပ်လိုက်ကာ အသံလာရာဘက်ကို ကြည့်လိုက်လျှင် စားပွဲဝိုင်း တစ်ခု၌ ရင်းနှီးသော မျက်နှာများကို မြင်ရသည်။ သူတို့ကား ဝမ်ယွီချန်းနှင့် ကျင့်နန်တို့ ဖြစ်ကြ၏။
“နင် ဘာလို့ ဒီမှာ ရှိနေရတာလဲ…” ဝမ်ယွီချန်းက မေးသည်။ နတ်ဗိမာန် အိမ်တော်၏ စျေးနှုန်းကို သူမက သိသည်။ ရီဖူရှင်းက အမှန်ပင် ဤသို့သော နေရာကို ရောက်နေသည်။
ဝမ်ယွီချန်းအပြင် ကျင့်နန်နှင့် တခြားလူများ၏ မျက်နှာများကလည်း အံ့အားသင့်ဟန်များ ရှိနေကြသည်။
“ငါ ဒီမှာ ရက်နည်းနည်း နေဖို့ အစီအစဉ် ရှိတယ်…”
“ရက်နည်းနည်း…” ဝမ်ယွီချန်း၏ မျက်နှာက ချက်ချင်း နက်မှောင် သွားသည်။ သူမက နတ်ဗိမာန် အိမ်တော်ကို တစ်ခါကမှ မဝင်ရောက်ရဲပေ။ တခြား တစ်ဖက်တွင် ရီဖူရှင်းက သည်မှာ ရက်အနည်းငယ် နေလိုနေသည်။
“နင် ရူးသွားပြီလား… ဒီမှာ နေတာ ဘယ်လောက် စျေးကြီးတယ် ဆိုတာ နင်သိလား…” ဝမ်ယွီချန်းက ရီဖူရှင်းကို စိုက်ကြည့်ကာ ပြောသည်… “ငါက နင့်ကို မိုးမြေကောင်းကင်မြို့ကို ခေါ်လာတာ သာယာမှုကို ရှာဖို့ မဟုတ်ဘူး… တကယ်လို့ နင်က ဒါတွေကိုပဲ စွဲလမ်းနေရင် ဘယ်လိုလုပ် တိုးတက်ဦးမှာလဲ…”
ကျင့်နန်ကလည်း ဖြစ်ပျက်နေသည်ကို စိတ်ဝင်စားပုံ ရသည်။ သည်အရူးက အမှန်ပင် နတ်ဗိမာန် အိမ်တော်တွင် နေထိုင်လိုနေသည်။
“ဒါက မင်း တတ်နိုင်တဲ့အချိန် စည်းစိမ်ခံတယ်လို့ ခေါ်တာပေါ့…” သူကား အမှန်ပင် စိတ်ဝင်စားဖွယ် လူတစ်ယောက်ပင်။
“ငါ့အဘိုးက နင့်ကို ဂရုစိုက်ခိုင်းခဲ့တယ်… ဒါပေမဲ့ နင့်စရိုက်က တကယ်ပဲ ဆိုးဝါးတယ်…” ဝမ်ယွီချန်းက သူ၏ပိုင်ဆိုင်မှုများကို အကျိုးရှိရှိ အသုံးပြုရမည့်အစား ဖြုန်းတီးနေသည်ဟု ထင်မြင်ကာ ဒေါသ ထွက်နေသည်။ သူမ၏အမြင်တွင် ရီဖူရှင်းကား သာယာမှုကို လိုက်ရှာနေကာ သည်နေရာ၏ အထက်တန်းဆန်မှုကို လာရောက် ခံစားနေခြင်းသာ ဖြစ်သည်။
***