ယခုကား ညနက်ချိန်ခါဖြစ်ပြီး လောင်လင်းအာမူကား ရီဖူရှင်း၏ ကု့ချင်းသံစဉ် အောက်တွင် နှစ်ချိုက်စွာ အိပ်ပျော်နေပြီ ဖြစ်သည်။ ဂီတသံစဉ် ရပ်တန့်သွားကာ ရီဖူရှင်းက ထရပ်ပြီး အစေခံ နှစ်ယောက်အား နှုတ်ဆက်ပြီး ထွက်ခွာ လာခဲ့သည်။ သူထွက်ခွာ သွားပြီးလျှင် အစေခံနှစ်ယောက်က တစ်ယောက်ကို တစ်ယောက် ကြည့်ပြီး တစ်ယောက်က ပြောသည်… “သခင်မလေးက အခုတလော အရင်ကထက် စိတ်ကောင်းလာတယ်…”
“အမှန်ပဲ… သခင်မလေးက သူနဲ့ နေ့တိုင်း အချင်းများတယ် ဆိုပေမဲ့ သူမက ဒါကိုပဲ ပျော်နေပုံရတယ်… အရင်နှစ်တွေတုန်းက မတော်တဆဖြစ်ပြီး နောက်ပိုင်း သခင်မလေးနဲ့ ဒီလို အချိန်ပေးတဲ့လူက သိပ်မရှိတော့ဘူး… သခင်ကြီးနဲ့ သခင်မတို့ကလည်း အရင်ကထက် တင်းကျပ်လာတယ်… သခင်မလေးရဲ့ စိတ်ကလည်း ပိုပြီး ဆတ်လာတယ်… ဒီနောက်ပိုင်း သခင်မလေးရှေ့မှာ ရဲရဲနေရဲတဲ့လူတောင် သိပ်မရှိတော့ဘူး… သူတို့က ကြောက်တာ မဟုတ်ရင် မနာလိုတဲ့လူတွေပဲ ရှိတယ်… သခင်လေးက သခင်မလေးကို ချစ်တယ် ဆိုပေမဲ့ သူ့စရိုက်က…” နောက် အစေခံမ တစ်ယောက်က ခေါင်းယမ်းသည်။ သူတို့က လောင်လင်းအာ ငယ်ရွယ်စဉ် ကတည်းက ထိန်းကျောင်း လာသူများဖြစ်ရာ ကလန်အတွင်း ကိစ္စ အတော်များများကို သိသည်။ ယခင် ကလန် ခေါင်းဆောင် သေဆုံးသွားပြီး နောက်ပိုင်း ကလန်အတွင်း အပြောင်းအလဲများစွာ ဖြစ်ပျက်ခဲ့သည်။ သခင်မလေးက ဤသို့ ပျော်ရွှင်နေသည် ကိုလည်း ယခုမှ ပြန်လည်၍ မြင်ရခြင်း ဖြစ်သည်။
“ဒါပေမဲ့ ဒီလူက တကယ်ပဲ အတင့်ရဲတယ်… သခင်မလေးနဲ့ ဒီလို နေနေတာ သူက သခင်မလေး ဘယ်သူဆိုတာ မသိဘူးလား…” ပထမအစေခံမက ပြုံးလျက် ပြောသည်… “ပြီးတော့ သူ့ရုပ်ရည်နဲ့ ပါရမီကလည်း တော်တော် ထူးခြား ကောင်းမွန်တယ်…”
ရီဖူရှင်းက အစေခံမ နှစ်ယောက် ဘာတွေ ဆွေးနွေးနေသည်ကို မသိပေ။ မိန်းကလေးက ဘယ်သူ ဖြစ်သည်ကို သူက အတိအကျ မသိသော်လည်း သူက ခန့်မှန်းနိုင်သည်။ နတ်ဗိမာန် အိမ်တော်အား ဝယ်ယူနိုင်သည်ဟု အလွယ်တကူ ပြောရဲသော ကောင်မလေးက မည်သို့ သာမန် နောက်ကြောင်း ဟုတ်မည်နည်း။ သို့သော်လည်း သူက သူမ၏နောက်ခံနှင့် ပတ်သက်၍ အလေးအနက် သိပ်မထားပေ။ သည်မိန်းကလေးက ချစ်ခင် နှစ်သက်မည့်လူ ကင်းမဲ့လွန်းလှသည်ဟု သူက ခံစားမိ၍သာ သူမနှင့် ရက်အနည်းငယ် အချိန်ဖြုန်းခဲ့ခြင်းသာ ဖြစ်သည်။ သူက မိမိနေထိုင်ရာ အဆောင်ကို ရောက်သောအခါ အဘိုးအို တစ်ယောက်အား တွေ့ရသည်။ ရီဖူရှင်းက အံ့အားသင့်ခြင်း မရှိပေ။ သူက ရှေ့ကို လျှောက်သွားကာ ဦးညွှတ်လိုက်သည်… “ရီဖူရှင်းက စီနီယာကို နှုတ်ဆက်ပါတယ်…”
“မင်းကလည်း နဂါးဆရာပဲလား…” အဘိုးအိုက မေးသည်။ သူကား လောင်လင်းအာကို သင်ကြား ပေးနေသော အဘိုးအို ဖြစ်သည်။
“ကျွန်တော် မဟုတ်ပါဘူး…” ရီဖူရှင်းက လောင်လင်းအာကို သင်ကြား ပေးနေသည်ကို ဖုံးကွယ်မထားပေ။ သူက ထိုသို့ လုပ်ရန်လည်း စိတ်ကူးမရှိပေ။ မည်သို့ဆိုစေ သူက ထိုအဘိုးအိုထံတွင် လျှို့ဝှက် သင်ယူနေသည်ဟု ပြော၍ ရပေသည်။ သူက ရှင်းရှင်းလင်းလင်း လုပ်ရန် လိုပေသည်။ အကယ်၍ ထိုကိစ္စအား တခြား တစ်ယောက်က သိရှိခဲ့ပါက သူ့အတွက် မကောင်းပေ။ သူက မိန်းကလေးအား သင်ကြားပေးနိုင်သော စွမ်းရည် ရှိခြင်းကြောင့်သာ ဤသို့ ဖြစ်လာခြင်းလည်း ဖြစ်ပေသည်။
“ဒါဆို မင်းက ဘယ်လိုလုပ်ပြီး နဂါးတေးသွားကို သင်ယူနိုင်တာလဲ…” အဘိုးအိုက စိတ်ဝင်စားစွာ မေးသည်။ နဂါးဆရာ မဟုတ်သော မည်သူမဆို ထိုသီးသန့် ပါရမီမျိုး မပါသော လူများက နဂါးတေးသွားကို သင်ယူနိုင်စွမ်း ရှိမည် မဟုတ်ပေ။ သူတို့က ကု့ချင်းပညာကို ထူးချွန်သည့်တိုင် သူတို့က နဂါးများနှင့် မဆက်သွယ်နိုင်ရာ နဂါးတေးသွားကို မသင်ယူနိုင်ပေ။
“ကျွန်တော်က မှော်ဂီတပညာရှင်ပါ… ပြီးတော့ သားရဲဆရာလည်း ဟုတ်ပါတယ်… ဒါကြောင့်ပဲ ကျွန်တော်က နဂါးဆရာတွေရဲ့ စွမ်းရည်ကို တုပနိုင်တာပါ… အမှန်ကတယ် ကျွန်တော် တကယ် တတ်မြောက်ခြင်း မဟုတ်ပါဘူး… ကျွန်တော်က စီနီယာဆီက တမင် သင်ယူတာ မဟုတ်ပါဘူး… စီနီယာက ခွင့်လွှတ်ဖို့ တောင်းပန်ပါတယ်…” ရီဖူရှင်းက ပြောသည်။ ရီဖူရှင်း ထုတ်ဖော်ခဲ့သော စွမ်းရည်က နဂါးဆရာများနှင့် ကွဲပြားပေသည်။ ရီဖူရှင်းက နဂါးကို ထိန်းချုပ်ကာ ဂီတဖြင့် ဆက်နွှယ်ခဲ့ခြင်း ဖြစ်ပြီး နဂါးဆရာများက နဂါးကြီး၏ စိတ်ဝိညာဉ်အား ဂီတဖြင့် နှိုးဆွခြင်းဖြင့် တိုက်ရိုက် ချဉ်းကပ်ခြင်း ဖြစ်သည်။
“ငါနားလည်ပြီ…” အဘိုးအိုက ခေါင်းညိတ်ကာ လျှပ်တစ်ပြက်ပင် ပျောက်ကွယ် သွားသည်။
မြန်ဆန်လွန်းလှသည်… ရီဖူရှင်းက တွေးလိုက်၏။ သို့သော် သူက သိပ်စိတ်မပူပေ။ အဘိုးအို၏ အဆင့်ဖြင့် သူက ထိုမျှသော အသေးအမွှား ကိစ္စဖြင့် ရီဖူရှင်းအား ဘာမှ လုပ်မည် မဟုတ်ပေ။ ထို့အပြင် ရီဖူရှင်းကလည်း ဝန်ခံခဲ့ပေသည်။
အဘိုးအိုက တောင်ပေါ်ကို ပြန်ရောက်သောအခါ လောင်လင်းအာ၏ အနီးတွင် အမြဲ စောင့်ရှောက် နေတတ်သော အစောင့် ခေါင်းဆောင်က ထိုနေရာတွင် ရောက်နေပြီ ဖြစ်သည်။ အဘိုးအို ရောက်လာသည်နှင့် သူက ဦးညွှတ်ကာ နှုတ်ဆက်သည်… “စီနီယာ…”
“ဘယ်လိုလဲ…” အဘိုးအိုက မေးသည်။
“ပြဿနာ မရှိလောက်ဘူး… အဲဒီတုန်းက သူတို့တွေ့ကာ တိုက်ဆိုင်မှု သက်သက်ပဲ… သူ့အဖော်တွေကလည်း နယ်ခြား ဒေသကလူတွေပဲ…” အစောင့် ခေါင်းဆောင်က ပြောသည်။
“ကောင်းပြီ.. ပုံမှန်ဆိုရင်တော့ ဒါက ပြဿနာ တစ်ခု မဟုတ်ဘူး… ဒါပေမဲ့ ဒါက လင်းအာလေးနဲ့ သက်ဆိုင်နေတော့ ငါတို့က သတိထားဖို့ လိုတယ် … အခု ဘာမှ မှားနေတာ မရှိဘူးဆိုတော့ ပုံမှန်အတိုင်းပဲ ထားလိုက်တော့… ငါတို့ ဝင်စွက်ဖက်ဖို့ မလိုဘူး… လင်းအာလေး ကလည်း သူ့ကို တော်တော် သဘောကျပုံရတယ်… လင်းအာကို တန်ခိုးကျင့်တဲ့အခါ တစ်ယောက်ယောက်က အဖော်လုပ်ပေးတာ ကောင်းတဲ့ကိစ္စပဲ…” အဘိုးအိုက လက်ဝှေ့ယမ်းကာ ပြောသည်… “မင်း သွားလို့ရပြီ…”
“နားလည်ပါပြီ…” အစောင့် ခေါင်းဆောင်က ခေါင်းညိတ်သည်… “သခင်မလေး အတွက် အဖော်ရအောင် သူ့အတွက်လည်း ဝင်ခွင့်ရအောင် လုပ်ပေးရမလား…”
“ဒါကို နောက်မှ ငါတို့ ဆွေးနွေးကြမယ်… ငါတို့က ဒီကိစ္စနဲ့ ပတ်သက်ပြီး သူက ဘယ်လို ထင်လဲ မသိရသေးဘူး… သူ့မူလ ရည်ရွယ်ချက် ကလည်း ထိပ်သီးကျောင်း သုံးကျောင်းကို ဝင်ချင်လို့ ဖြစ်ကောင်း ဖြစ်နိုင်တာပဲ… နဂါးတေးသွားကို ရက်နည်းနည်းနဲ့ သင်ယူနိုင်တယ် ဆိုတော့ သူ့ပါရမီကတော့ ပြဿနာ မရှိဘူး… ပြီးတော့ ဒီကိစ္စကို သခင်မနားထဲကိုပဲ ရောက်ပါစေ… တခြားလူတွေကို မသိစေနဲ့…” အဘိုးအိုက ပြန်ပြောသည်။
“နားလည်ပါပြီ… ဒါဆို ကျွန်တော် သွားလိုက်ပါဦးမယ်…” အစောင့်က ဦးညွှတ်ကာ ထွက်သွားသည်။
နောက်တစ်နေ့ လောင်လင်းအာ နိုးလာသောအခါ သူမက ရီဖူရှင်းအား ခေါ်ယူကာ တောင်ပေါ်တွင် ကု့ချင်း သွားသင်သည်။ ပုံမှန်နေ့များလိုပင် အဘိုးအိုက ကု့ချင်း သင်ပေးရန် မူလနေရာတွင် စောင့်နေသည်။ ထူးထူးခြားခြား အခြေအနေ ဘာမှ မရှိပေ။
ထိုအရာက အဘိုးအိုက သူ့အား အသိအမှတ်ပြုခြင်း ဖြစ်ကြောင်း ရီဖူရှင်းက သိသည်။ ထို့ကြောင့် ရီဖူရှင်းက ဂီတအကူ ဖြစ်သော်လည်း သူကလည်း နဂါးတေးသွားအား သင်ယူသည်။
သူတို့က သင်ယူခြင်း ပြီးမြောက်သွားလျှင် သူက လောင်လင်းအာကို အနီးကပ် ကြပ်မတ် သင်ပေးသည်။ ထို့ကြောင့် သည်ရက်ပိုင်းတွင် အပျော်ရွှင်ဆုံးလူမှာ လောင်လင်းအာ ဖြစ်ပေသည်။ သူမအား လူနှစ်ယောက်က တစ်ပြိုင်နက်တည်း သင်ပေးနေကြကာ အဘိုးအိုက အဓိကအားဖြင့် သင်ကြားပေးပြီး ရီဖူရှင်းက သူမအား အသေးစိတ် အမှားလေးများကို ပြင်ဆင်ပေးသည်။ ထို့ကြောင့် သူမ၏သင်ယူခြင်းက လွန်စွာ မြန်ဆန်နေခဲ့သည်။
အနောက်ဘက် တရားရေးရာ စံအိမ်ရှိ နေ့ရက်များကား အေးချမ်းကာ ရိုးရှင်းသည်။ ရီဖူရှင်းအပေါ် လောင်လင်းအာ၏ သဘောထားမှာလည်း ပိုမိုကောင်းမွန် လာခဲ့သည်။ သို့တိုင်အောင် သူတို့နှစ်ယောက်က မကြာမကြာ အချင်းများ နေကြဆဲဖြစ်သည်။
အပြင်ဘက်တွင် မိုးမြေကောင်းကင်မြို့၌ အံ့အားသင့်ဖွယ် သတင်းတစ်ပုဒ် ထွက်ပေါ်လာခဲ့သည်။ မိုးမြေကောင်းကင်မြို့မှ အကျော်ကြားဆုံး တည်းခိုစံအိမ် သုံးခုထဲမှ တစ်ခုဖြစ်သော နတ်ဗိမာန် အိမ်တော်က ပိုင်ရှင် ပြောင်းလဲ သွားခဲ့ခြင်းပင်။
မိုးမြေကောင်းကင်မြို့၏ ထိပ်တန်း အရည်အသွေးရှိသော တည်းခိုခန်း ဖြစ်သည်နှင့်အညီ နတ်ဗိမာန် အိမ်တော်၏ပိုင်ရှင်ကား အားကောင်းသော နောက်ခံရှိကာ ငွေကြေး လိုအပ်သော အခြေအနေမျိုးလည်း မရှိပေ။ သို့တိုင်အောင် နတ်ဗိမာန်အိမ်တော် ပိုင်ရှင်က အလွယ်တကူ လက်လွှတ်ကာ ရောင်းချပေးခဲ့သည်။
မကြာမီ နတ်ဗိမာန် အိမ်တော်အား ဝယ်ယူသွားသူမှာ အနောက်ဘက် တောင်ကုန်းမှ ကလန်ဖြစ်သည်ဟု ပြောကြသည်။ ထိုသတင်းကို ကြားပြီးနောက်တွင် လူအများအပြားက သိပ်ထူးဆန်းသည် မတွေးကြတော့ပေ။ ထိုကလန်က နတ်ဗိမာန် အိမ်တော်ကို ဝယ်ယူခြင်း ဖြစ်မှတော့ ထိုအရာက သူတို့အတွက် အသေးအမွှား ကိစ္စတစ်ခုသာ ဖြစ်ပေသည်။ သို့တိုင်အောင် လူအများအပြားက ထိုကလန်က နတ်ဗိမာန် အိမ်တော်အား အဘယ်ကြောင့် ဝယ်ယူသည်ကို စိတ်ဝင်စားကြသည်။
ကောလာဟလများအရ နောက်နှစ်အစတွင် ထိုမိန်းကလေးက ကြယ်မင်းကျောင်းအား တန်ခိုးကျင့်ရန် ဝင်ရောက်မည်ဟု ကြားကြရသည်။ သူမအတွက် နေထိုင်ရန် ဝယ်ယူခဲ့သည် များလား…။ သို့သော်လည်း ကြယ်မင်းကျောင်း အနီးတွင် ထိုကလန်မှ ပိုင်ဆိုင်သော အနောက်ဘက် တရားရေးရာ စံအိမ်လည်း ရှိနေပေသည်။ အလွန်အမင်း စွမ်းအားမြင့်သော လူတစ်ယောက်ကလည်း ထိုစံအိမ်တွင် နေထိုင်နေ၏။ ဤသို့ဆိုလျှင် အဘယ်ကြောင့် သူတို့က နတ်ဗိမာန် အိမ်တော်အား ဝယ်ယူခဲ့သနည်း။
လူအများအပြားက ဝယ်ယူရသည့် အကြောင်းအရင်းကို မသိကြသော်လည်း ငြင်းခုံခြင်း များစွာ၏ နောက်ပိုင်းတွင် သူတို့က ဆက်လက် မခန့်မှန်းကြတော့ပေ။ ထိုမျှ အင်အားကြီးမားသော လူများက သူတို့စိတ် အလိုအတိုင်း လုပ်ဆောင်နေသည်များကို သာမန်လူများက မည်သို့ လိုက်မီမည်နည်း…။
သူတို့က သူတို့၏ ဦးနှောက်များကို ခန်းခြောက်အောင် စဉ်းစားလျှင်ပင် နတ်ဗိမာန် အိမ်တော်ကို ဝယ်ယူခြင်းက မိန်းကလေး တစ်ယောက်နှင့် လူငယ်လေး တစ်ယောက်တို့၏ အလောင်းအစား တစ်ခုကြောင့် ဖြစ်သည်ကို သိကြလိမ့်မည် မဟုတ်ပေ။ သို့သော် မူလဇာစ်မြစ်ကား ထိုလူငယ်အား နတ်ဗိမာန်အိမ်တော်မှ ဝန်ထမ်းကောင်မလေး၏ အထင်သေးမှုကြောင့် အငြိုးအတေး ထားရာမှ ဖြစ်လာခြင်းပင်။
နတ်ဗိမာန် အိမ်တော်အပြင် ကြယ်မင်းကျောင်း၏ နှစ်ကုန်စာမေးပွဲကလည်း လူအများအကြား ပြောစရာ ဖြစ်ပေသည်။ သည်ပွဲကား ကြယ်မင်းကျောင်းမှ နှစ်စဉ် ပြုလုပ်သော အကြီးမားဆုံး ပွဲတစ်ခုလည်း ဖြစ်သည်။
***
အနောက်ဘက် တရားရေးရာ စံအိမ်တွင် လောင်လင်းအာက နောက်ထပ် ကု့ချင်းသံစဉ် တစ်ခုအား သင်ယူခဲ့ကာ လွန်စွာ ပျော်ရွှင် မြူးထူးနေသည်။ သူမက ရီဖူရှင်းအား ပြုံးလျက် ကြည့်ကာ မေးသည်… “အစ်ကိုကြီး ဖူရှင်း… လင်းအာ မတော်ဘူးလား…”
“သာမန်ပါပဲ… မင်းက တော်တယ် ထင်ရတာက ငါ့လို ဆရာကောင်း ရှိလို့ပေါ့…” ရီဖူရှင်းက ပျင်းရိစွာ ပြောသည်။
“ဟင်း… ရှင်က နည်းနည်းတောင် အားမပေးဘူး…” လောင်လင်းအာက ရီဖူရှင်းကို ဒေါသတကြီး ကြည့်သည်။
“ဒါဆို မင်းရဲ့ ယုံကြည်မှုက မိုးပေါ် တက်သွားမှာပေါ့…” ရီဖူရှင်းက ကောင်မလေးအား အထင်သေးသော မျက်လုံးများဖြင့် ပြန်လည်၍ စိုက်ကြည့်သည်။
လောင်လင်းအာက သူမ၏အင်္ကျီအိတ်ထဲအား လက်နှိုက်လိုက်လျှင် ကျောက်စိမ်းပြား တစ်ပြား ထွက်လာသည်။ ထို့နောက် သူမက ကျောက်စိမ်းပြားအား ရီဖူရှင်းကို ပေးသည်… “ရှင့်အတွက်…”
ရီဖူရှင်းက ကျောက်စိမ်းပြားအား ယူလိုက်လျှင် ကျောက်စိမ်းပြားပေါ်တွင် နတ်ဗိမာန် အိမ်တော်ဟု ရေးထွင်း ထားသည်ကို တွေ့ရသည်။ လောင်လင်းအာ အတွက် နတ်ဗိမာန် အိမ်တော်ကို ဝယ်ယူရန် မခက်ခဲသည်ကို သူသိသော်လည်း သည်မျှ ရိုးရှင်းမည်ဟု သူမထင်ထားပေ။ သူတို့နှစ်ယောက်က တစ်ယောက်ကို တစ်ယောက်က စနောက်နေရင်းက သူမက သူ့အား ကု့ချင်း သင်ပေးသရွေ့ နတ်ဗိမာန် အိမ်တော်အား ဝယ်ပေးမည်ဟု ပြောခဲ့သည်။ သို့သော် ရက်အနည်းငယ် အတွင်းတွင်ပင် သူမက အမှန်တကယ် ဝယ်ပေးခဲ့သည်…
ရီဖူရှင်းက တိတ်တခိုး သက်ပြင်းချသည်။ သူမကား ကျိုးကြောင်း ဆီလျော်ခြင်း မရှိအောင်ပင် ချမ်းသာ ကြွယ်ဝလွန်းသည်။ သည်ကဲ့သို့ လူမျိုးနှင့် တွေ့ဆုံရသောအခါ အကယ်၍ နောင်တွင် ကောင်းမွန်သော အရာများ ရှိလျှင်လည်း သူ့ကို လာရှာရန် ပြောချင်လွန်း လှ၏။
“…” ကောင်မလေးက ရီဖူရှင်းအား မျက်တောင် တဖျတ်ဖျတ် ခတ်ကာ ကြည့်နေသည်။ စက္ကန့်အနည်းငယ် မှင်တက်နေပြီးနောက် သူမက ပါးစပ်ဟကာ ပြောသည်… “ဘာမှ ပြောစရာ မရှိဘူးလား…”
“တော်တယ်…” ရီဖူရှင်းက ကောင်မလေး၏ ခေါင်းမှ ဆံပင်များကို ဖွလိုက်သည်။
မိန်းကလေး၏ မျက်နှာက ချက်ချင်း နက်မှောင်သွား၏။ သူမက သူ့အား ဒေါသတကြီး မေးခွန်း ထုတ်သည်… “ရှင်က အနည်းဆုံး မလိုချင်တဲ့ ပုံစံဟန်ဆောင်ပြီးမှ ကျွန်မ ကမ်းလှမ်းတာကို ငြင်းသင့်တယ်လေ… ကျွန်မ အတင်းပေးလို့ မငြင်းဆန်နိုင်တော့မှ ကျေးဇူးတွေ အများကြီး တင်ပြီး လက်ခံရမှာ မဟုတ်ဘူးလား…”
“ကလေးတွေက ဒီလောက် မတွေးသင့်ဘူး…” ရီဖူရှင်းက သူမ၏ခေါင်းအား အသာပုတ်ကာ ပြောသည်။
“ရှင်က ဒီလိုလူဆိုတာ မယုံနိုင်ဘူး…” လောင်လင်းအာကား ငိုကြွေးလု နီးပါးပင်။
“အိုး… ကြည့်ရတာ မင်း သိသွားပြီပဲ…” ရီဖူရှင်းက အရှက်မရှိစွာ ပြော၏။
“ဟင်း…” လောင်လင်းအာက နောက်ဘက်ကို လှည့်ကာ အစေခံ နှစ်ယောက်ထံသို့ လျှောက်သွားသည်… “လင်းအာ အပြင်ကို သွားကစားချင်တယ်…”
ရီဖူရှင်း အံ့အားသင့် သွား၏။ မိန်းကလေးက စိတ်မကောင်း ဖြစ်သွားမည်ဟု သူက တွေးထားသော်လည်း သူက သူမအား လျှော့တွက်မိပြီ။
“သခင်မလေး… ကျွန်မတို့ ဆုံးဖြတ်လို့ မရပါဘူး…” အစေခံမက ပြောသည်။
“ဦးလေးယန်…” မိန်းကလေးက ကျယ်လောင်စွာ အော်လိုက်သည်။ မကြာမီ လူကြီး တစ်ယောက် ပေါ်လာကာ မေးသည်… “သခင်မလေး ရှာပါသလား…”
“လင်းအာ အပြင်ထွက်ချင်တယ်…” လောင်လင်းအာက လေးနက်စွာ ပြောသည်။
“သခင်မလေး… သခင်မက သခင်မလေးကို ကြယ်မင်းကျောင်းကို မဝင်ခင်အထိ တရားရေးရာ စံအိမ်မှာပဲ ကြိုးစားပြီး လေ့လာသင်ယူဖို့ ညွှန်ကြားထားပါတယ်…” ယန်ရှင်းက စိတ်ရှည်စွာ ရှင်းပြသည်။
“လင်းအာက ဒီလောက် မြန်မြန် သင်နေပြီးပြီ… ဒီနေ့ အစ်ကို ဖူရှင်းကို ကျေးဇူးတင်မှရမယ်… လင်းအာက နတ်ဗိမာန်အိမ်တော်ကို ဂုဏ်ပြုပွဲသွားလုပ်လို့ မရဘူးလား… ပြီးတော့ အစ်ကိုကြီးဖူရှင်းကို နတ်ဗိမာန်အိမ်တော်ကို ပေးဖို့ လင်းအာက ကတိပေးထားတယ်… ဒါကြောင့် လင်းအာက သွားမှ ရမယ်…” လောင်လင်းအာက သူမကိုယ်သူမက အာမခံကာ ပြောသည်။
“ဒါ…” ယန်ရှင်းကား ဒွိဟ ဖြစ်နေသည်။
လောင်လင်းအာက ရီဖူရှင်း၏ ဘေးနားကို ပြေးသွားကာ သူ၏ လက်တစ်ဖက်ကို ဆွဲပြီး ပြောသည်… “ဦးလေးယန်… စိတ်မပူပါနဲ့… အစ်ကိုကြီးဖူရှင်း ပါနေမှတော့ လင်းအာက ပြဿနာ မရှာပါဘူး…”
ရီဖူရှင်း ခေါင်းကိုက် သွားသည်။ သည်အရာကား အမှန်ပင် သူရှင်းထုတ်မရသော ဝန်ထုပ်ကြီးပင်။
ယန်ရှင်းက ရီဖူရှင်းအား ကြည့်ကာ ခေါင်းညိတ်သည်… “ဒါဆိုလည်း ကောင်းပြီ…”
“ကျေးဇူးတင်ပါတယ်… ဦးလေးယန်…” မိန်းကလေးက တောက်ပစွာ ပြုံးသည်။ သူမက နောက်ဆုံးတွင် လိုချင်တာ ရသွားလေပြီ။
***
နတ်ဗိမာန် အိမ်တော်မူကား သည်ရက်ပိုင်းတွင် လွန်စွာ အလုပ်များကာ အကြောင်းပြချက်က နှစ်ခု ရှိပေသည်။ ပထမဆုံး အချက် နတ်ဗိမာန် အိမ်တော်အား အနောက်ဘက် တောင်ကုန်းမှ ကလန်က ဝယ်ယူသွားကာ ပိုင်ရှင် အပြောင်းအလဲ ဖြစ်သည်။ ထိုကိစ္စက ပုံမှန်အားဖြင့် လူအများ၏ အာရုံစိုက်မှုကို ရရှိခဲ့သည်။ ဒုတိယ အချက်ကား ကြယ်မင်းကျောင်းမှ နှစ်ကုန် စာမေးပွဲတွင် ကောင်းမွန်စွာ စွမ်းဆောင်နိုင် သူများက နတ်ဗိမာန် အိမ်တော်တွင် လာရောက် အောင်ပွဲလာခံကြမည် ဖြစ်သည်။
ယခုတွင်ကား နတ်ဗိမာန်အိမ်တော် အပြင်ဘက်တွင် များစွာသော ကြယ်မင်းကျောင်းမှ တပည့်များ ရောက်နေကြပြီ ဖြစ်သည်။ ကျင့်နန်နှင့် ဝမ်ယွီချန်းတို့ ကလည်း ထိုလူများထဲတွင် ပါဝင်သည်။ ဝမ်ယွီချန်းက ခေါင်းမော့ကာ ကြီးမားကာ တောက်ပြောင်သော တံခါးမကြီးကို ကြည့်ကာ စိတ်လှုပ်ရှား နေသည်။
သူမက ယွန်ယွဲ့မြို့မှ အဓိက အင်အားစု တစ်ခု၏ မျိုးဆက် ဖြစ်သော်လည်း နတ်ဗိမာန် အိမ်တော်ကို လာရောက် တည်းခိုရန်ကိုမူကား သိပ်မတတ်နိုင်ပေ။ သည်နေရာတွင် နေထိုင်ရန် တစ်စုံတစ်ယောက်က သိဒ္ဓိဝင်ပစ္စည်းများကိုသာ လက်ခံပေသည်။ ထို့ကြောင့် သည်နေရာတွင် တည်းခိုနိုင်ခြင်းက ထိုလူ၏ အဆင့်အတန်းနှင့်လည်း သက်ဆိုင်ပေသည်။
ဝမ်ယွီချန်းက သည်နေရာသို့ တစ်ခါမှ မရောက်ဖူးပေ။ သူမအတွက်မူ သည်နေရာမျိုးတွင် လာရောက် ဖြုန်းတီးခြင်းက မတတ်နိုင်သော ကိစ္စဖြစ်သည်။ သူမက သည်နေရာမျိုးတွင် အရေးပါသော လူများနှင့်တွေ့ဆုံလျှင်ပင် အဆင့်အတန်း ကွာခြားခြင်းက သူတို့က သူမအား သိပ်အရေးစိုက်ကြမည် မဟုတ်ပေ။ သို့သော်လည်း ကျင့်နန်က စာမေးပွဲတွင် လွန်စွာ ကောင်းမွန်အောင် စွမ်းဆောင်နိုင်ခဲ့ရာ သူတို့က လာရောက် အောင်ပွဲခံကြခြင်း ဖြစ်သည်။
“သွားစို့… မင်းတို့ကို နတ်ဗိမာန် အိမ်တော်က ပတ်ဝန်းကျင် အခြေအနေတွေကို လက်တွေ့ ခံစားလို့ရအောင် ပို့ပေးမယ်…” ကျင့်နန်က ပြုံးလျက် ပြောသည်။ သူက ရှေ့ကို လျှောက်သွားကာ ပြောသည်… “ငါကြားတာက နတ်ဗိမာန် အိမ်တော်ကို အနောက်ဘက် တောင်ကလန်က ဝယ်သွားတယ်တဲ့… ဒီနေ့ လူအများကြီးကလည်း လာပြီး အပန်းဖြေကြတယ်… ငါတို့က ကျော်ကြားတဲ့လူတွေနဲ့ ကံကောင်းရင် တွေ့နိုင်တယ်…”
***