နဂါးဆရာဖြစ်ရန် ထူးခြားသော ပါရမီပါရန် လိုအပ်ပေသည်။ ထိုအရာက နဂါးတေးဆရာ ဖြစ်ရန်ပင်။ ရီဖူရှင်းက ဘေးတွင် ရပ်ကာ တိတ်ဆိတ်စွာ နားထောင်နေသည်။ သံစဉ်က နဂါးတေးသွားနှင့် ဆင်တူကာ နဂါးတစ်ကောင်၏ စိတ်ဝိညာဉ်နှင့် ပေါင်းစပ်သွားသည်ကို သူက သိလိုက်သည်။
အဘိုးအိုက ဆက်လက် တီးခတ်လျှင် ဧရာမ ခရမ်းရောင် နဂါးကြီးက စတင် ကခုန်ကာ သံစဉ်နှင့်အတူ ရှေ့ကို လှုပ်ရှားသည်။ သူက ပါးစပ်မှလည်း အဘိုးအိုနှင့် နဂါးကြီးတို့ အတူတူ ထုတ်လွှတ်သည့်အလား ပါးစပ်မှ မှော်တိုက်ကွက်များကို ထုတ်လွှတ်သည်။
ရီဖူရှင်းက မိမိကိုယ်ကို တွေးတော ကြည့်သည်။ အကယ်၍ နဂါးဆရာက နဂါးများနှင့် ပေါင်းစပ်ကာ နဂါး၏လွန်စွာ အားကောင်းသော ခန္ဓာကိုယ်ကို သုံးလျက် စွမ်းအားမြင့် တိုက်ကွက်များကို ထုတ်လွှတ်ခြင်းက ထိုနည်းက နဂါးနှင့် ထိုလူတို့ကို တစ်ခုတည်း အဖြစ် ပေါင်းစပ်သွားခြင်း ဖြစ်ပေလိမ့်မည်။ ထိုအရာက နဂါးစီးသူရဲနှင့် နဂါးဖြင့် ပူးပေါင်း၍ တိုက်ခိုက်သူများထက် ပိုမို အားကောင်းသော နည်းလမ်း ဖြစ်ပေလိမ့်မည်။
အဘိုးအိုက တီးခတ်ပြီးနောက် လောင်လင်းအာက စတင်၍ လေ့ကျင့်သည်။ သူမက သံစဉ်တစ်ခုလုံးကို အခက်အခဲမရှိ တီးခတ်နိုင်သော်လည်း သူမ၏ဂီတပညာနှင့် အဆင့်က အလွန် အားနည်း နေသေးရာ သူမအား ရေခဲနဂါးနှင့်အတူ စိတ်နှလုံး ဆက်နွှယ်ခြင်းဖြင့် သံစဉ်ပြိုင်တူ မဖြစ်ပေါ်စေနိုင် သေးသော်လည်း သူမအတွက် ဆက်နွှယ်မှုတစ်ခု ပြုလုပ်နိုင်ခြင်းက အလွန် ကောင်းမွန်နေပြီဟု ပြောရမည်။ သူမကား ငယ်သေးသည်။ သူမ၏အသက်တွင် ရီဖူရှင်းက တန်ခိုးပင် မကျင့်သေးပေ။
သည်မိန်းကလေးက အနည်းငယ် သနားစရာ ကောင်းသော်လည်း သူမက ရွှေဇွန်းကိုက်ကာ မွေးလာသူဖြစ်ပြီး ပုံမှန်အားဖြင့် နဂါးဆရာတို့၏ ပါရမီမျိုး ရှိပေသည်။ အကယ်၍ သူမက သင်ယူလိုပါက စွမ်းအားမြင့် နဂါးဆရာ တစ်ယောက်ကို အလွယ်တကူ ရှာဖွေနိုင်ပေသည်။ သူမက ထိပ်သီးကျောင်း သုံးကျောင်းကို အမှိုက်ပုံဟု ပြောရဲသည်မှာ မထူးဆန်းတော့ပေ။ သာမန်လူများက သူမနှင့် မည်သို့ ယှဉ်နိုင်မည်နည်း။
အဘိုးအိုက သူမအား စိတ်ရှည်စွာ သင်ပေးသလို မိန်းကလေးကလည်း ကြိုးစား သင်ယူသည်။ သူမက တန်ခိုးကျင့်ခြင်းကို မနှစ်သက်ဟု ပြောခဲ့သော်လည်း ကြည့်ရသည်မှာ သူမက အလွန် အားထုတ်ပုံ ရနေသည်။
ရီဖူရှင်းကလည်း ကျောက်တုံး တစ်တုံးပေါ်တွင် တိတ်တဆိတ် ထိုင်ကာ သူ၏တည်ရှိမှုအား မှေးမှိန်စေသည်။ သို့သော် အဘိုးအိုက တီးခတ်သည့် အခါတိုင်း သူက အာရုံစူးစိုက်ကာ နားထောင်လေ့ရှိသည်။
သူတို့ သတိ မထားလိုက်မီတွင်ပင် နာရီအနည်းငယ် ကြာညောင်း သွားသည်။ လောင်လင်းအာက နောက်ဆုံးတွင် ထရပ်သည်… “ဖန်းဘိုးဘိုး… သမီး မနက်ဖြန် ထပ်လာခဲ့မယ်…”
“ကောင်းပြီ… မင်းမှာ ပါရမီ အများကြီး ရှိတယ်… မင်းက ကောင်းကောင်း လေ့ကျင့်ဖို့ပဲ လိုတယ်… သွားပြီးတော့ လေ့ကျင့်ချေ…” အဘိုးအိုက ပြုံးလျက် ပြောသည်။
“ကောင်းပြီ…” လောင်လင်းအာက ခေါင်းညိတ်ကာ ရီဖူရှင်းဘက်ကို လှည့်၍ ပြောသည်… “သွားစို့…”
သူတို့ နှစ်ယောက်လုံးက ရေခဲနဂါးပေါ်ကို တက်ကာ ထွက်ခွာ လာကြသည်။ နဂါးပေါ်တွင် လောင်လာင်းအာက ရီဖူရှင်းကို ဂုဏ်ယူစွာ ပြောသည်… “အဲဒါ ဘယ်လိုလဲ… ရှင့်အတွက် အတွေ့အကြုံ အသစ်အဆန်းတွေ ရတယ်မလား… ရှင်က သံစဉ်ကို နားလည်နိုင်လား…”
“ဒါက တော်တော်ကို လွယ်တယ်…” ရီဖူရှင်းက ထူးမခြားနားစွာ ပြောသည်။
လောင်လင်းအာက သူ့အား စိုက်ကြည့်ကာ ပြောသည်… “ရှင်က တကယ်ပဲ မယုံနိုင်စရာပဲ…”
ရီဖူရှင်းက ပခုံးတွန့်သည်။ သူကား မကြာမကြာ ဤသို့ အထင်လွဲ ခံရတတ်သည်။
နောက်ရက် အနည်းငယ်တွင် ရီဖူရှင်းက လောင်လင်းအာ၏ သင်ယူခြင်းများတွင် အဖော်ပြုပေးသည်။ မိန်းကလေးက တဖြည်းဖြည်း တိုးတက်လာသည်။ သို့သော် သူတို့နှစ်ယောက် အကြားလည်း မကြာခဏ အချင်းများခြင်း ရှိလာ၏။
တစ်နေ့ လောင်လင်းအာ၏ ခြံဝင်းထဲတွင် သံစဉ်က ရုတ်တရက် ပြတ်တောက် သွားသည်။ ထို့နောက် လောင်လင်းအာက ကု့ချင်း၏အစွန်းအား လက်ဝါးဖြင့် ရိုက်ကာ ပြောသည်… “ကျွန်မ မသင်ချင်တော့ဘူး…”
“ဘာလို့လဲ… မင်းက ပါရမီနည်းလို့ မသင်ချင် တော့တာလား…” ရီဖူရှင်းက ဘေးမှနေ၍ ထိုးနှက်လိုက်သည်။
“ရှင်က ဒါကို သင်ယူနိုင်တယ်လို့ ပြောနေတာလား…” လောင်လင်းအာ ကလည်း သူ့ကို အထင်သေးစွာ ကြည့်သည်။
“ငါ သင်ယူနိုင်တယ်…” ရီဖူရှင်းက ပြုံးလျက် ခေါင်းညိတ်သည်။
“ကျွန်မ ရှင့်ကို ယုံတယ်…” လောင်လင်းအာက ပြုံးကာ ပြောသော်လည်း သူမ၏လေသံက သရော်နေဟန် ရသည်။
အဲဒါ ဘာ အမူအရာလဲ…။ ရီဖူရှင်းက ထိုသို့ တွေးကာ မေးသည်… “ကျုပ် သင်ယူနိုင်ခဲ့တယ် ဆိုရင်ရော…”
လောင်လင်းအာက သူ့ကို ကြည့်ကာ မေးသည်… “ဒါဆို ရှင် ဘာလိုချင်လဲ…”
“ငါက နတ်ဗိမာန် အိမ်တော်မှာ တစ်နှစ် တည်းခိုချင်တယ်… မင်းက အဲဒီအတွက် ပေးရမယ်…” ရီဖူရှင်းက ထိုမတော်တဆနှင့် ပတ်သက်၍ သိပ်မကျေနပ်သေးပေ။ ရီဖူရှင်းက သူမကို ကြည့်ကာ သူ၏တောင်းဆိုမှုက များသွားလား စိုးရိမ်နေသည်။ အမှန်ပြောရလျှင် တစ်နှစ်စာကား အလွန်များပြားသော ပမာဏဖြစ်သည်။
“ပြဿနာ မရှိဘူး…” မိန်းကလေးက ချက်ချင်း သဘောတူသည်။ သူမက ရီဖူရှင်းအား ပမာမခန့်စွာပင် ကြည့်သေးသည်။ သူ့တွင် ဘယ်လို နိမ့်ကျတဲ့ အဆင့်အတန်းရှိလဲ…။ မိန်းကလေး၏ အမူအရာကို ကြည့်ကာ သူက အလွန်နည်းပါးစွာ တောင်းလိုက်သည်ကို ရီဖူရှင်းက နားလည်လိုက်သည်။ သူက တောင်းဆိုမှုကို ပြောင်းလဲရန် ကြိုးစားလိုက်သည်… “ငါပြောတာ မှားသွားတယ်…”
“ရှင်က စကားကို ပြန်ပြင်လို့ မရတော့ဘူး… ရှင်လုပ်နိုင်တယ် ဆိုတာ သေချာလား…” မိန်းကလေးက ရီဖူရှင်းကို မေးသည်။
“မင်းရဲ့နဂါးကို ငါနဲ့ ပူးပေါင်းစေလိုက်…” ရီဖူရှင်းက ရှေ့ကို တိုးသွားကာ လောင်လင်းအာ ကလည်း သူ့ကို သံသယဝင်စွာ ပြောသည်။ သူက အမှန်တကယ် လုပ်တော့မည်လော…။
သူမက ထရပ်ကာ ကု့ချင်းအား ရီဖူရှင်းကို ပေးသည်။ ထို့နောက် ရေခဲနဂါးဘက်ကို လှည့်ကာ ပြောသည်… “သူ့စကားကို နားထောင်…”
ရေခဲနဂါးက ခေါင်းညိတ်ကာ သူ၏ မျက်လုံးကြီးများဖြင့် ရီဖူရှင်းကို ကြည့်သည်။ ရီဖူရှင်းက ကု့ချင်းရှေ့တွင် ထိုင်လိုက်သည်။ သူ၏လက်ချောင်းများက ကြိုးများပေါ်တွင် ရွေ့လျားသွားကာ ထူးခြားသော သံစဉ်က နဂါးဟိန်းသံအလား ကောင်းကင်တစ်ခွင်ကို ပျံ့လွင့်သွားသည်။
ချက်ချင်းပင် လောင်လင်းအာ တုန်ယင်သွားကာ သူမ၏ မျက်လုံးက ရီဖူရှင်းကို စူးနစ်စွာ ကြည့်သည်။
ဒါ… သံစဉ်က ဆက်လက် ထွက်ပေါ်လာလျှင် ထိုအသံက နဂါးတစ်ကောင် ကခုန်သည့်အလား မုန်တိုင်းတစ်ခုကို ဖြစ်ပေါ်စေသည်။ ရီဖူရှင်းအနီးတွင် သဘာဝ စွမ်းအင်များက နဂါးတစ်ကောင်ပုံစံသို့ လှည့်ပတ် ဖြစ်ပေါ်လာသည်။ တစ်ချိန်တည်းမှာပင် ထူးခြားသော စိတ်စွမ်းအားတစ်ခုက သံစဉ်ထဲ စိမ့်ဝင်သွားကာ နဂါးကြီး၏ စိတ်နယ်ပယ်ထဲကို တိုးဝင်လာသည်။
ထိုအခိုက်တွင် ခွေကောက်နေသော ရေခဲနဂါးကြီး၏ ခန္ဓာကိုယ်က ဖြောင့်တန်းလာကာ သူ၏ ဧရာမခေါင်းကြီးဖြင့် ရီဖူရှင်းကို ငုံ့ကြည့်သည်။ သူ၏စိတ်ထဲတွင် ရီဖူရှင်း၏ ကု့ချင်း တီးခတ်နေသော ပုံပေါ်လာသည်။ ထို့အပြင် ထူးဆန်းသော စိတ်ဝိညာဉ် စွမ်းအားတစ်ခုက သူနှင့် ဆက်နွှယ်ရန် ကြိုးစားနေသည်။
ကု့ချင်းသံစဉ်ထဲမှ စိတ်ဝိညာဉ် စွမ်းအားတွင် သူက အန္တရာယ်၏ အငွေ့အသက်ကို ခံစားမိသည်။ သားရဲဘုရင်တစ်ပါး ဖြစ်သည့်အလျောက် သူက လွန်စွာ ဉာဏ်ကောင်းကာ ရီဖူရှင်းက သားရဲဆရာဖြစ်ပြီး သားရဲများကို ထိန်းချုပ်နိုင်ကြောင်း သိသည်။ သို့သော်လည်း ရီဖူရှင်း၏ ရည်ရွယ်ချက်က သူ့အား ထိန်းချုပ်ရန် မဟုတ်ပေ။ သံစဉ်က ရင်းနှီးဖော်ရွေကာ သူနှင့် ဆက်နွှယ်မှု ပြုလုပ်ရန် မျှသာ ဖြစ်သည်။
“စီနီယာနဂါးကြီး… ကျွန်တော်နဲ့ ပူးပေါင်း ပေးနိုင်မလား…” ရီဖူရှင်းက ခေါင်းမော့ကာ ရေခဲနဂါးကြီးအား ပြုံးလျက်မေးသည်။
ရေခဲနဂါးကြီးက ခေါင်းညိတ်ကာ သူ၏စိတ်စွမ်းအားကို ထုတ်လွှတ် လိုက်သည်။ ချက်ချင်းပင် ရီဖူရှင်း၏သံစဉ်က သူ၏စိတ်စွမ်းအားထဲကို ပျော်ဝင်သွားသည်။ ထိုအခိုက်တွင် နဂါးကြီး၏ မျက်လုံးများနှင့် စိတ်နယ်ပယ်ထဲတွင် ရီဖူရှင်း၏ ပုံရိပ်များနှင့် ပြည့်နေသည်။ လောင်လင်းအာမူကား သူမ မြင်နေရသည်ကို ကြည့်ကာ မှင်တက်နေသည်။ ထို့နောက်တွင် ရီဖူရှင်း၏ လက်ချောင်းများက ကု့ချင်းကြိုးကို ရု့န်ရင်းစွာ လှုပ်ခတ်သွားစေသည်။
“ဂရား…” လွန်စွာ အံ့အားသင့်ဖွယ် ကောင်းသော နဂါးအော်သံတစ်ခု ထွက်လာကာ လေထုက တုန်ခါသွားသည်။ အိမ်ကလေးက တုန်ယင်သွားကာ လောင်လင်းအာက သူမ၏နားများကို လက်ဖြင့် ဖုံးအုပ်လိုက်သည်။ သူမ၏နှလုံးက မြန်ဆန်သွားပြီး နောက်ကို ထိုင်ကျသွားသည်။ နဂါးအော်သံကား အမှန်ပင် ချန်းဆန်း နဂါးတေးသွားဖြစ်ကာ နဂါးတစ်ကောင်၏ ပါးစပ်မှ ထွက်လာခြင်း ဖြစ်သည်။ ရီဖူရှင်းက သူ၏စိတ်ဝိညာဉ် စွမ်းအားကို ပြန်ရုပ်သိမ်းလိုက်ကာ သံစဉ်ကလည်း ရပ်တန့်သွားသည်။
လောင်လင်းအာက ရီဖူရှင်းကို အတိုင်းသား စိုက်ကြည့်နေသည်… “ရှင် ဘယ်လို လုပ်လိုက်တာလဲ…”
“ငါက မင်းလောက် မတုံးအလို့ပေါ့…” ရီဖူရှင်းက ပြုံးလျက်ပြောသည်။
ကောင်မလေး၏ မျက်လုံးများက မျက်အိမ်ထဲတွင် ကလယ်ကလယ် ဖြစ်သွားရင်းက သူမက ရီဖူရှင်းထံကို လျှောက်လာပြီး သူ၏လက်မောင်းအား စတင် ဆွဲငင်ယူသည်။
ရီဖူရှင်းက သူမ၏ ညင်သာသော အပြုံးကို မြင်ကာ အလိုအလျောက် နောက်ဆုတ်မိသည်။ သူက သူမအား သတိထားပြီး ကြည့်ကာ မေးသည်… “မင်း ဘာလုပ်နေတာလဲ…” ပုံမှန် အခြေအနေမှ ရုတ်တရက် ပြောင်းလဲခြင်းက အကြောင်းပြချက် ရှိရပေမည်။
ကောင်မလေးကို ရှေ့ကို တစ်လှမ်း တက်လာကာ ရီဖူရှင်း၏ လက်တစ်ဖက်ကို ပွေ့ဖက်လျက် အသာအယာ ကိုင်လှုပ်သည်။ သူမက နူးညံ့စွာ ပြောသည်… “အစ်ကိုကြီးဖူရှင်း… ရှင်က လင်းအာကို သင်ပေးပါလား…” အခြေအနေက ပြောင်းလဲမှု မြန်ဆန်လွန်းကာ ထိုဉာဏ်နီဉာဏ်နက် များလှသော မင်းသမီးလေးက ချက်ချင်း သိမ်မွေ့ကာ ချစ်စရာ မိန်းကလေးအဖြစ် ပြောင်းလဲသွားသည်။
“ဟင်း… ဒါက နည်းနည်း ခက်တယ်…” ရီဖူရှင်းက မည်သို့ အလွယ်တကူ အလိမ်ခံမည်နည်း။
“အစ်ကိုကြီးဖူရှင်း… လင်းအာကို သနားပါလားဟင်…” လောင်လင်းအာ၏ ပါးပြင်အား မျက်ရည်များ စတင် စီးကျလာနေသည်။
ဘဝဆိုတာ ပုံရိပ်ယောင်တစ်ခု သက်သက်ပဲ…။ ရီဖူရှင်းက မိမိကိုယ်ကို တွေးလိုက်ကာ ပြောသည်… “ငါ့ကို လိမ်ဖို့ ကြိုးစားနေတယ် မလား…”
မိန်းကလေး၏ မျက်ရည်များက ရုတ်တရက် ပျောက်ကွယ် သွားသည်။ သူမက ရီဖူရှင်း၏လက်ကို လွှတ်လိုက်ကာ အံကြိတ်လျက် ပြောသည်… “ရှင်က နတ်ဗိမာန် အိမ်တော်မှာ နေချင်တယ်လို့ မပြောဘူးလား… တကယ်လို့ ရှင်သာ သင်ပေးမယ်ဆိုရင် ကျွန်မက ရှင့်အတွက် နတ်ဗိမာန် အိမ်တော်ကို လက်ဆောင် ဝယ်ပေးမယ်…”
“…” ရီဖူရှင်းက စက္ကန့်အနည်းငယ် တိတ်ဆိတ်သွားကာ မိန်းကလေးအား ပြောသည်… “ငါက ဒီလို လူမျိုးလို့ မင်းထင်လား…”
မိန်းကလေးက သူ့အား စိုက်ကြည့်ကာ သူမ၏ပါးစပ်ကို ဟပြီး တစ်စုံတစ်ခု ပြောရန် ဟန်ပြင်လိုက်သည်တွင် ရီဖူရှင်းက ကပျာကယာ ပြောသည်… “ကောင်ပြီ…”
ရီဖူရှင်းက ဟန်မဆောင်နိုင်တော့ဘဲ တောက်ပစွာ ပြုံးလိုက်သည်။ သူက မိန်းကလေးအား သင်ခန်းစာတစ်ခု ပေးမည်ဟု ဆုံးဖြတ် ထားသော်လည်း နတ်ဗိမာန်အား ဝယ်ပေးမည်ဟု ကမ်းလှမ်းသည်တွင် ထိုနတ်ဗိမာန်မှ မိန်းကလေး၏ ငေါ့တောတော့ ပုံစံကို ပြန်တွေးမိသည်။
သူမက သူ့အား အထင်သေးရဲသည်… ဟင်း… တွေ့ကြသေးတာပေါ့…
“ရှင်က ဘယ်တော့ သင်ပေးမလဲ..” မိန်းကလေးက ရီဖူရှင်းအား သဘောမကျစွာ ကြည့်သည်…
ဒီ အရှက်မရှိတဲ့လူ…
“အခု သင်ကြတာပေါ့…” ရီဖူရှင်းက ပြန်ပြောသည်။ သူ၏ကြီးပွား အောင်မြင်ရေး လမ်းကြောင်းက သည်မိန်းကလေး အပေါ်တွင် မူတည်နေလေပြီ။ နတ်ဗိမာန် အိမ်တော်တွင် တစ်နေ့တည်းခိုသည့် ကုန်ကျစရိတ်ကို ပြန်တွေးလျှင် အကယ်၍ သူသာ နတ်ဗိမာန်အိမ်တော်ကို ပိုင်ဆိုင်ခဲ့ပါက…
ရီဖူရှင်းကား သူ၏ နှစ်သက် ပျော်ရွှင်ဖွယ်ဘဝကို စတင်၍ စိတ်ကူးယဉ်မိနေပြီ ဖြစ်သည်။
“အဲဒီသံစဉ်ကိုပဲ ဆယ်ခေါက် တီးရမယ်…” ရီဖူရှင်းက ညွှန်ကြားသည်။
“ဟင်…” လောင်လင်းအာ၏ ပါးစပ်က ဟသွားသည်။ သူမက ရီဖူရှင်းကို တင်းမာစွာ ကြည့်သည်… “ရှင်က ကျွန်မကို လိမ်နေတာမလား…”
“မင်းက သင်ဦးမှာလား…” ရီဖူရှင်းက ပြန်ပြောသည်။ ကောင်မလေး၏ အခြေခံကား အားနည်းနေဆဲ ဖြစ်သည်။ အကယ်၍ သူမက ပိုမိုခက်ခဲသော သံစဉ်များကို တိုက်ရိုက် သင်ယူမည် ဆိုပါက သူမ၏အဆင့်က လိုက်မီမည် မဟုတ်ပေ။ သူမ လိုအပ်သည်ကား အခြေခံကို ခိုင်မာအောင် တည်ဆောက်ရန် ဖြစ်သည်။ ထို့အပြင် အဘိုးအိုက သူမအား အလွန် ကောင်းမွန်စွာ သင်ကြားထားပြီး ဖြစ်သည်။ သူ သင်ကြားရာတွင် အနည်းငယ် လိုအပ်နေခြင်းသာ ဖြစ်သည်။ ထိုအဘိုးအို မမြင်သော အသေးစိတ် အရာတချို့အား သူ၏လွတ်လပ်ခြင်း ကျင့်စဉ်က မြင်နိုင်သည်။ ထို့ကြောင့်လည်း သူက လောင်လင်းအာကို သင်ပေးနိုင်စွမ်း ရှိခြင်းဖြစ်သည်။
“ဒီတစ်ခါ ရှင့်ကို ယုံလိုက်မယ်…” မိန်းကလေးက ရီဖူရှင်းအား ကြည့်ကာ ပြန်ပြောသည်။ ထို့နောက် သူမက နဂါးတေးသွားအား စတင်၍ တီးခတ်၏။
ဆယ်ခေါက်တိတိ တီးခတ်ပြီး နောက်ပိုင်းတွင် ရီဖူရှင်းက သူမအား နဂါးတေးသွားကို ကု့ချင်းကိုသုံး၍ သူမ၏ နဂါးကြီး၏အာရုံကို လှုံ့ဆော်ရန် ကြိုးစားစေပြီး သူမ၏ အမှားများကို စတင်၍ ပြင်ဆင်ပေးသည်။ တစ်ချိန်တည်းမှာ သူက လွတ်လပ်ခြင်း ကျင့်စဉ်ဖြင့် သူ၏စိတ်ဝိညာဉ် စွမ်းအားကို သူမ၏သံစဉ်ထဲကို ထုတ်လွှင့်ပေးသည်။
ပထမတစ်ကြိမ်က မအောင်မြင်ပေ… “မင်းက အရမ်းစိုးရိမ်ပြီး အတွေးများနေတယ်… မင်းရဲ့ စိတ်ဝိညာဉ် စွမ်းအားတွေကလည်း ဖရိုဖရဲနဲ့… နောက်တစ်ခေါက် ကြိုးစားကြည့်ဦး…” ရီဖူရှင်းက ပြောသည်။
လောင်လင်းအာက ဆက်ပြောသည်။
“အသံတွေက အပေါ်ကို တက်နေတယ်… ပြန်ကြိုးစားကြည့်… မင်းရဲ့စိတ်က မင်းနှလုံသားနဲ့ တစ်သားတည်း ဖြစ်နေရမယ်… အာရုံမပျံ့စေနဲ့… ကိုယ့်ကိုယ်ကိုယ် ပေါ့ပါးနေပါစေ… မင်းက မင်းမဟုတ်တော့ဘဲ နဂါးတစ်ကောင် အနေနဲ့ ခံစား သက်ဝင်ကြည့်…” ရီဖူရှင်းက သူမအား တစ်ကြိမ်ပြီး တစ်ကြိမ် အမှားပြင်ပေးလျှင် မိန်းကလေးက စတင်၍ သံစဉ် အနိမ့်အမြင့် မှန်ကန်လာသည်။
ဒီလူက တော်တာပဲ… မိန်းကလေးက ကိုယ့်ကိုယ်ကိုယ် တွေးလိုက်သည်။
ဤသို့ဖြင့် အမှားပြင်လိုက် တီးလိုက်ဖြင့် ညနေစောင်း ရောက်လာသော အချိန်တွင် ခြံဝင်းထဲမှ နဂါးဟိန်းသံတစ်ချက် ထွက်လာပြန်သည်။ နောက်မှ လိုက်ပါလာသည်အား ပျော်ရွှင်စွာ အော်ဟစ်သံ ဖြစ်သည်။ မိန်းကလေးက ထိုင်နေရာမှ ထခုန်ကာ ရီဖူရှင်းအား ပြေးဖက်သည်… “အစ်ကိုကြီးဖူရှင်း.. ရှင်တကယ်ပဲ သင်ပေးနိုင်တယ်…”
“အင်း…” ရီဖူရှင်းက သူမ၏ အပြစ်ကင်းသော အပြုံးအား ကြည့်ကာ သူမအတွက် ပျော်ရွှင်ရသည်။ ယခု သင်ယူပြီးသွား၍ ပျော်ရွှင်နေသော သူမအား ကြည့်ရင်းက သူမက လွန်စွာ စိုးရိမ်ပူပန် နေသည်မှာ မထူးဆန်းတော့ပေ။
“ငါက စွမ်းအားမြင့်တဲ့ နဂါးဆရာ တစ်ယောက် ဖြစ်ရမယ်…” လောင်လင်းအာက ကျယ်လောင်စွာဖြင့် အော်ဟစ် တိုင်တည်သည်။
“သေချာတာပေါ့… ဒါပေမဲ့ မင်းက အခု ငါ့ကို မလွှတ်သင့် သေးဘူးလား…” ရီဖူရှင်းက ပြန်ပြောသည်။
မိန်းကလေးက မျက်လုံး ကလယ်ကလယ်ဖြင့် ရီဖူရှင်းအား လွှတ်ပေးသည်… “ကျွန်မက ဒီလောက် လှတာ… ရှင့်အတွက် အသာစီး ရနေတာကို…” သူမက စိတ်ထဲ ထားဟန် မရဘဲ ပြောသည်။
“မင်းက ဘာကို တွေးနေတာလဲ…” ရီဖူရှင်းက သူမ၏ခေါင်းမှ ဆံပင်များအား ပွထအောင် ဖွလိုက်ကာ ပြောသည်။
မိန်းကလေးက နောက်လှည့်ကာ သူ့အား ကြောက်စရာ ကောင်းအောင် ကြည့်သည်။ ထို့နောက် ရုတ်တရက် ချိုမြိန်စွာ ပြုံးကာ ပြောသည်… “အစ်ကိုကြီးဖူရှင်း… လင်းအာကို အမြဲတမ်း အဖော်လုပ်ပြီး လေ့ကျင့်ပေးပါလား… လင်းအာက အစ်ကိုကြီး ဖူရှင်းအတွက် နတ်ဗိမာန် အိမ်တော်လိုမျိုး အများကြီး ဝယ်ပေးမယ်လေ…”
“ငါ့လို ရုပ်ချောတဲ့လူက မင်းကို အဖော်လုပ်ပေးရမယ်… မင်းက အိပ်မက် မက်နေတာပဲ…” ရီဖူရှင်းက သူမ၏နဖူးအား ထောက်ကာ ပြောသည်။
ကောင်မလေး၏ အမူအရာက ဝမ်းနည်းသွားဟန် ရသည်။ သို့သော် ထိုပုံစံက အမှန်ပင် ချစ်စရာ ကောင်းလှသည်။
“ဒါဆို နှစ်သစ်ကို လင်းအာနဲ့အတူ ရှိနေပေး… ဒီနှစ် အမေတို့က လင်းအာကို အဖော် မလုပ်ပေးနိုင်ဘူးတဲ့…” မိန်းကလေးက ထပ်မေးသည်။
ရီဖူရှင်းက ကောင်မလေး၏ အမူအရာကို ကြည့်ကာ သူ၏ခေါင်းအား ညိတ်သည်… “ကောင်းပြီ…”
“ကျေးဇူးပါ… အစ်ကိုကြီးဖူရှင်း…” မိန်းကလေးက သူ့အား ခေါ်ပုံက သူမအတွက် ဘာမှ မဟုတ်သလို လွန်စွာ ရင်းနှီးသည့်ဟန် ပြောင်းလဲသွားသည်။
***