ရီဖူရှင်းကား အတန်ကြာ မှင်တက် သွားသည်။ မိန်းကလေး၏ ပါးပြင်ပေါ်မှ မျက်ရည်စများကို ကြည့်ကာ သူက ဘာပြောရမှန်း မသိတော့…။
ပုံပြင်က အမှန်ပင် ဝမ်းနည်းစရာ ကောင်း၏။ ထိုသို့သော လူတစ်ယောက်က သူမအား များစွာ ချစ်ခင် နှစ်သက်မှုကို ခံရသည်မှာ ပျော်ရွှင်ဖွယ်ရာ ကောင်းလှသည်။ သို့သော် ထိုလူကား သေဆုံးသွားပြီ…။
တန်ခိုးရှင်လောကကား ဤသို့ဖြစ်၏။ ဘယ်သူက ဘယ်လောက် အားကောင်းနေပါစေ တစ်နေ့တော့ သေရမည်သာ…။
“ကျွန်မဘဝလည်း ဒီနောက်ပိုင်း ပြောင်းလဲ သွားခဲ့တယ်… အမေတို့က ဒီနောက်ပိုင်း ကျွန်မအပေါ် အရမ်း တင်းကျပ်ပြီးတော့ ကျွန်မနဲ့ ဆော့မကစားကြတော့ဘူး… နေ့တိုင်း သူတို့က တန်ခိုးကောင်းကောင်း ကျင့်ဖို့… ထိပ်သီးကျောင်း သုံးကျောင်းကို ဝင်ဖို့ တွန်းအား ပေးကြတယ်… အဲလို အမှိုက်ပုံတွေကို ကျွန်မက ဘာလို့ သွားရမှာလဲ…” မိန်းကလေးက သဘောမကျစွာ ပြော၏။ ရီဖူရှင်း ဆွံ့အသွားသည်။ ထိပ်သီးကျောင်း သုံးကျောင်းကား အရှေ့ဘက်နယ်၏ နတ်ဘုံနတ်နန်း ဖြစ်သည်။ ယခု ထိုနေရာအား အမှန်ပင် “အမှိုက်ပုံ” ဟု သတ်မှတ်ခံရသည်။
သူမက ကောင်းကင်ပေါ်မှ ငွေလမင်းအား ကြည့်ကာ မိန်းကလေးက ညင်သာစွာ ပြောသည်… “ဦးလေး… သမီး သတိရတယ်…” ထိုအချိန်မှ မိန်းကလေး ပြောနေသော လူက သူမ၏ဦးလေး ဖြစ်သည်ကို သိလိုက်ရသည်။ သူမအား လွန်စွာ ရင်းနှီး ချစ်ခင်သော ဦးလေးက သေဆုံးသွားရသည်။ သူမက ဝမ်းနည်းသည်မှာ မထူးဆန်းတော့…။
ရီဖူရှင်းက ဘာမှ မပြောဘဲ မိန်းကလေး၏ ဘေးနားတွင် တိတ်ဆိတ်စွာ ထိုင်ကာ အဖော် လုပ်ပေးနေသည်။
အတန်ကြာလျှင် မိန်းကလေးက ရုတ်တရက် လှည့်လာကာ ပြောသည်… “ဘာလို့ ရှင့်ကို ဒါတွေ ပြောမိနေရတာလဲ… အခု ရှင်က ဒါတွေ သိသွားပြီဆိုတော့ ရှင့်ရဲ့ သောကတွေကိုရော ပြန်မပြောပြသင့်ဘူးလား…”
“မင်းက ငါ့ထက် အများကြီး ကံကောင်းတယ်… ကျုပ်မိဘတွေက ထူးထူးဆန်းဆန်း ပျောက်သွားကြတယ်… မွေးစားအဖေလည်း ဒီလိုပဲ… ကျုပ်က ဘယ်ကလာတယ် ဆိုတာတောင် မသိဘူး… ကျုပ်အပေါ် သိပ်မဆိုးတဲ့ လူအိုကြီး တစ်ယောက်လည်း ရှိတယ်… ဒါပေမဲ့ သူ့ကိုလည်း တခြားလူတွေက ခေါ်သွားကြတယ်… ကျုပ်ရဲ့ စီနီယာ အစ်မကိုလည်း သူမရဲ့ မိသားစုတွေက ပြန်ခေါ်သွားကြတယ်… ကျုပ်ချစ်သူကလည်း ကျုပ်နဲ့ ခွဲသွားတယ်… ကျုပ်ဘဝက မင်းဘဝထက် ဆိုးတယ်လို့ မထင်ဘူးလား…” ရီဖူရှင်းက တစ်လုံးချင်း ပြောသည်။
သူ၏စကားများကို ကြားလျှင် မိန်းကလေးက မှင်တက်သွားကာ ပြောသည်… “ဒါဆို ဘာလို့ ရှင်က ရယ်နိုင်သေးတာလဲ…”
“ဘဝဆိုတာက ဒီလိုပဲ ဆက်လျှောက် ရမှာပဲလေ… ဒါတွေ စိတ်ညစ်နေလို့ ဘာအကျိုးထူးမှာလဲ… ပြီးတော့ ဒီနောင်တတွေကိုပဲ ပြန်ပြင်နိုင်အောင် ကျုပ်တို့က ကြိုးစားကြရမှာ မဟုတ်ဘူးလား…” ရီဖူရှင်းက တစ်နည်းနည်းဖြင့် ထူးဆန်းသည်ဟု ခံစားသွားရ၏။ ငါက တကယ်ပဲ ဒီမိန်းကလေးကို နားလည်အောင် ပြောပြနေတာလား…။ ငါက ဒီကို အတင်းခေါ်လာခံရတာ မဟုတ်ဘူးလား…။
ဒါက တကယ်ပဲ အရှက်မရှိတာပဲ…။
ထားလိုက်တော့…။ သူမကို ကြည့်ရတာ သနားစရာ ကောင်းနေတော့ အခုတော့ နှစ်သိမ့်ပေးလိုက်မယ်…။ ငါက ဘာလို့ အမြဲ ကြင်နာသနားတတ် နေရတာလဲ…။
“ကျိုးကြောင်း ဆီလျော်တယ်…” မိန်းကလေးက ခေါင်းညိတ်သည်။ ထို့နောက် သူမက တစ်စုံတစ်ခုအား တွေးမိဟန်ရကာ တိုးညင်းစွာ ပြောသည်… “ဒါပေမဲ့ ဦးလေးက ဘယ်တော့မှ ပြန်မလာတော့ဘူး…”
“ဒါကြောင့်ပဲ သူ မျှော်လင့်ထားသလိုမျိုး မင်းက ပျော်ပျော်ရွှင်ရွှင် ကြီးပြင်းသင့်တယ်…” ရီဖူရှင်းက ပြောသည်။
“ရှင်က လူတွေကို ဘယ်လို နှိပ်သိမ့်ရမယ် ဆိုတာ သိတာပဲ…” မိန်းကလေးက ရီဖူရှင်းအား နိုးကြားသော အကြည့်ဖြင့် ပြောသည်… “ကျွန်မက လှလို့ အဲဒီလို ပြောတာမလား…”
“…”
ရီဖူရှင်းက မျက်လုံးကို မှိတ်လိုက်ကာ သူ၏နဖူးပေါ်တွင် လက်တင်လိုက်သည်။
ခုခေတ်မိန်းကလေးတွေ အကုန်လုံး ဒီလို မြန်မြန် စိတ်ကစားတတ် ကြသလား…။ သူမကား လွန်စွာ ငယ်ရွယ်သေးသော်လည်း အတွေးများလှသည်။
“မင်းက တကယ်ပဲ အချစ်တွေ ကင်းမဲ့နေတာပဲ…” ရီဖူရှင်းက မိန်းကလေးကို ကြည့်ကာ ပြောသည်။
“ရှင်ပဲ အချစ်တွေ ကင်းမဲ့နေတာ…” မိန်းကလေးက ရီဖူရှင်းအား ဒေါသတကြီး ကြည့်သည်။
“မင်းက ဘာကို ကြည့်နေတာလဲ… ရုပ်ချောတဲ့လူတွေ မင်း အရင်က မမြင်ဖူးဘူးလား…” ရီဖူရှင်းက ပြုံးရောင်သန်းလျက် ပြောသည်။
“…” မိန်းကလေးက ရီဖူရှင်းအား လက်ညှိုးထိုးသည်။ သူမက ဤကဲ့သို့ အရှက်မရှိသော လူမျိုး မမြင်ဖူးသေးပေ။ ထို့နောက် သူမက စိတ်လျှော့လိုက်ဟန် ရသည်။ ပြုံးလျက်ပင် သူမက မေးသည်… “ဦးလေးနာမည်က ဘာလဲ…”
“ဦးလေး…” ရီဖူရှင်းက ထိုင်နေရာမှ ထခုန်လုမတတ်ပင်…။
ဦးလေး… ငါက ဒီလောက် အိုနေပြီမို့လား… သည်အလှည့် အပြောင်းကား သည်းမခံနိုင်စရာပင်… စိတ်လျှော့… စိတ်လျှော့… တကယ်လို့ ငါက အတည်သတ်မှတ်ရင် ငါရှုံးပြီ…
ရီဖူရှင်းက နေရာတကျ ပြန်ထိုင်ကာ ပြုံးလျက် ပြန်ပြောသည်… “ဦးလေးနာမည်က ရီဖူရှင်း…”
“ကျွန်မနာမည်က လောင်လင်းအာ… ဦးလေး… ရှင့်လို အရှက်မရှိတဲ့လူက ဘယ်လိုလုပ် ချစ်သူရတာလဲ…” မိန်းကလေးက ပြုံးလျက်မေးသည်။ ထို့ကြောင့်ပင် ရီဖူရှင်း၏ချစ်သူက သူ့အား ထားသွားသည်ဟု သူမက ထင်နေသည်။
“ငါ့ ရုပ်ရည်ကြောင့်ပေါ့…” ရီဖူရှင်းက ပြုံးရောင်သန်းလျက် ပြောသည်။
“ထားလိုက်တော့…” သူမ ပြိုင်ပြော၍ မရနိုင်တော့ဟု လောင်လင်းအာက ခံစားရသည်။ ထို့နောက် သူမက ကု့ချင်းအနီးကို လျှောက်သွားလျှင် ဝမ်းနည်းစရာ သံစဉ်က တစ်ဖန် ထွက်ပေါ်လာပြန်သည်။
“ရပ်…” ရီဖူရှင်းက ပြောလိုက်သည်။ သံစဉ်က ရပ်သွား၏။
ထို့နောက် မိန်းကလေးက ရီဖူရှင်းအား စိုက်ကြည့်သည်။ အကယ်၍ သူမက ဆက်တီးလျှင် မိန်းကလေးက တစ်ညလုံး ငိုကြွေးရနိုင်သည်။
ဂီတက လူတစ်ယောက်၏ ခံစားချက်အား အလွယ်တကူ နှိုးဆွပေးနိုင်သည်။ မိန်းကလေးက ထိုသံစဉ်အား ထပ်တီးလျှင် ထပ်ငိုမည်မှာ သေချာသည်။
“ငါမင်းအတွက် တစ်ပုဒ်တီးပေးမယ်… ဘယ်လိုလဲ…” ရီဖူရှင်းက ကမ်းလှမ်းသည်။ ကြည့်ရသည်မှာ သူမအား လက်ရှိတွင် ကယ်တင်နိုင်သော တစ်ဦးတည်းသောသူကား ကြင်နာသော မိမိသာ ဖြစ်ရမည်…။
“ရှင်က တီးခတ်လို့လား…” လောင်လင်းအာက သိပ်ယုံကြည်ဟန် မရပေ။
“သေချာတာပေါ့… ငါက မင်းထက် တီးတတ်တယ်…” ရီဖူရှင်းက လေးနက်စွာ ပြောသည်။
ဒီမိန်းကလေးရဲ့ အကြည့်က ဘာလဲ…။
“ဒါဆိုလည်း လာတီး…” မိန်းကလေးက ကု့ချင်းရှေ့မှ ထရပ်ကာ ရီဖူရှင်းကို သံသယ မျက်လုံးများဖြင့် ကြည့်သည်။
ရီဖူရှင်း ကု့ချင်းရှေ့တွင် ထိုင်လိုက်လျှင် ချက်ချင်း သူ၏ရုပ်လက္ခဏာက ထည်ဝါသွားကာ ငြိမ်းချမ်းသော ပုံစံဖြစ်သွားသည်။ လရောင်က သူ၏ချောမောသော မျက်နှာကို ကျဆင်းနေ၏။ သူက ကု့ချင်းကြိုးများအား လက်ဖြင့် ထိခတ်လိုက်သည်နှင့် လွန်စွာ ကြည်လင်ကာ ညို့ငင်စွမ်းသော သံစဉ်တစ်ခု ထွက်ပေါ်လာသ်။
သံစဉ်ကား ကြည်လင်ကာ ငြိမ်းချမ်းသည်။ လရောင်အောက်တွင် သံစဉ်အား နားထောင်သူများကို တိတ်ဆိတ်က အေးချမ်းမှုကို ပေးသည်။ ငွေရောင်လမင်းကြီးအား ငေးကြည့်ကာ လူတိုင်း၏ အပူအပင်များက တဒင်္ဂအားဖြင့် ကင်းစင်လျက် ရှိနေသည်။
“ညလမင်းဖြင့် သန့်စင်ခြင်း” ကား ရီဖူရှင်း ပထမဆုံး သင်ယူခဲ့ရသော သံစဉ်ဖြစ်သည်။ နောက်ပိုင်း သူ၏ဂီတပညာ တိုးတက်လာသောအခါ ထိုသံစဉ်အား ရီဖူရှင်းက မူလသံစဉ်ထက် ပိုမိုကောင်းမွန်အောင် ပြင်ဆင်နိုင်ခဲ့သည်။ ယခုမူကား ထိုရိုးရှင်းသော သံစဉ်က အပြစ်အနာအဆာ ကင်းကာ လွန်စွာ ကောင်းမွန်သော အနုပညာရသသိအား ပေးစွမ်းနေသည်။
မိန်းကလေးက ရီဖူရှင်းဘေးတွင် နံရံအား ကျောမှီလျက် ထိုင်ကာ ခေါင်းမော့လျက် ငွေလမင်းကို ကြည့်သည်။ သူမ၏မျက်လုံးများက ငြိမ်သက်နေကာ အေးချမ်းမှုကို ခံစားနေရဟန် တူသည်။ မကြာမီ သူမက မျက်လုံးအား ဖြည်းညင်းစွာ မှိတ်လိုက်သည်။ ထို့နောက် သူမ အိပ်ပျော်သွားဟန် ရ၏။
ရီဖူရှင်းက နောက်လှည့်ကာ မိန်းကလေးအား တစ်ချက် ကြည့်သည်။ လရောင်အောက်တွင် မိန်းကလေးကား ကလေးတစ်ယောက် အလား အပူအပင်ကင်းစွာ အိပ်စက်နေသည်။ မှန်သည်… သူမကား အရွယ် မရောက်သေးသော ကလေး တစ်ယောက်သာ…။
သူတို့နောက်မှ အစေခံ တစ်ယောက်က ထရပ်ကာ မိန်းကလေးကား အသာအယာ ပွေ့ယူသွားသည်။ ရီဖူရှင်းကလည်း ကု့ချင်း တီးနေခြင်းကို ရပ်လိုက်သည်။ အစေခံက အခန်းထဲမှ မထွက်မီ သူ့အား ပြောသည်… “ကျေးဇူးတင်ပါတယ်…”
“ရပါတယ်…” ရီဖူရှင်းက ယဉ်ကျေးစွာ ပြောသည်။
“ဒီနှစ်တွေမှာ သခင်မလေးက အဲဒီတုန်းက မတော်တဆမှုကို စိတ်ထဲ စွဲနေတုန်းပဲ… ညတိုင်းလိုလို သူမက ငိုနေတတ်ပြီး စိတ်ကလည်း အရင်ကထက် ဆတ်လာတယ်… ရှင့်အတွက် ပြဿနာ ဖြစ်ရတာ စိတ်မကောင်းပါဘူး…” အစေခံက ပြောသည်။ သူမက မိန်းကလေးအား ငယ်စဉ်ကတည်းက ထိန်းကျောင်းလာသူ ဖြစ်သည်။
“ပြဿနာ မရှိဘူး… ကျုပ် သွားအနားယူလိုက်ဦးမယ်…” ရီဖူရှင်းက ပြောကာ နောက်လှည့်လျက် ထွက်ခွာလာသည်။
ဤနေ့မနက်က ဒေါသက ယခုကား လုံးဝ ပျောက်ကွယ်သွားပြီး ဖြစ်သည်။ သူမကား သနားစရာကောင်းသော မိန်းကလေး တစ်ယောက်သာ…။ သူက သိပ်အလေးအနက် မထားသင့်ပေ။ သို့သော် ရီဖူရှင်းက ကြီးကျယ် ခမ်းနားလှသော တရားရေးရာ စံအိမ်ကြီးအား ကြည့်ကာ သက်ပြင်းချသည်။
ဟူး… ငါက ဒီထက် သနားစရာ ကောင်းတာပဲ…။
***
နောက်တစ်နေ့ နံနက်တွင် ရီဖူရှင်းက ကျယ်လောင်သော ဆူညံသံနှင့်အတူ နိုးလာသည်။ အခန်းအပြင်ဘက်ကို ထွက်လိုက်သည်နှင့် မိန်းကလေးက ခါးထောက်ကာ သူ့အား စောင့်နေသည်ကို မြင်သည်။ သူမက သူ့အား ဒေါသတကြီး ကြည့်နေ၏။ သို့သော် သူမ၏ ဒေါသထွက်နေပုံက ချစ်စရာလည်း ကောင်းနေသည်။
“ဘာလဲ…” ရီဖူရှင်းက ပျင်းရိစွာ မေးသည်။
“ရှင်က ဘာလို့ ကလေးချော့တေးတစ်ပုဒ် တီးခဲ့တာလဲ…” လောင်လင်းအာက ရီဖူရှင်းကို မျက်လုံးပြူးလျက်ပြောသည်။ သူမက အမှန်ပင် အိပ်ပျော် သွားခဲ့၏။
“အဲဒါက ဂီတသံစဉ် တစ်ခုပဲ…” ရီဖူရှင်းက ဆွံ့အစွာ ပြောသည်။
အဲဒါက ဘယ်လိုလုပ် ကလေးချော့တေး ဖြစ်ရမှာလဲ…။
“အတူတူပဲ… ဘာလို့ ကျွန်မကို အိပ်ပျော်အောင် လုပ်ရတာလဲ…” မိန်းကလေးက သဘောမကျစွာ ပြောသည်။
“မင်းက မောပန်းပြီးတော့ အိပ်ပျော်သွားတာ… ငါနဲ့ ဘာဆိုင်လို့လဲ…”
သူမက ဘာလို့ သဘောမကျရတာလဲ…”
“ရှင်…” မိန်းကလေးက ရီဖူရှင်းအား လက်ညှိုးထိုးသည်။ ထို့နောက် သူမက မြေပြင်ကို ဆောင့်နင်းကာ ပြောသည်… “နောက်ကလိုက်ခဲ့…”
“ငါတို့ ဘယ်ကို သွားမလို့လဲ…” ရီဖူရှင်းက မေးသည်။
“ဂီတအကူအနေနဲ့ ရှင်က ကျွန်မနဲ့ အတူတူ ကု့ချင်း လိုက်သင်ရမယ်…” လောင်လင်းအာက ပြောသည်။ ရီဖူရှင်းက ဘာပြောရမည် မသိတော့ရာ သူမနောက်က လိုက်ပါလာသည်။
သူက အမှန်တကယ် သူမနဲ့အတူ ကု့ချင်း လိုက်သင်ရမှာလား…။
ထားလိုက်တော့… ငါက ကောင်းမှုကုသိုလ် လုပ်တယ် မှတ်လိုက်မယ်…။
သူတို့နှစ်ယောက်က ယမန်နေ့က တွေ့ခဲ့သော ရေတံခွန်သို့ ရောက်လာကာ ရေခဲနဂါးစီးလျက် အပေါ်သို့ တက်လာကြသည်။ တောင်ထိပ်ပေါ်မှ ရှုခင်းကား အမှန်ပင် သာယာလွန်းလှသည်။ ဖန်းမျိုးရိုး နာမည်ဖြင့် အဘိုးအိုကား ထိုနေရာတွင် စောင့်နေပြီး ဖြစ်သည်။ လောင်လင်းအာ ရောက်လာသည်ကို သတိထားမိလျှင် သူက ကြင်နာစွာ ပြုံးသည်။
“ဖန်းဘိုးဘိုး… သမီး ကု့ချင်း လာသင်တယ်…” လောင်လင်းအာက တိုးညင်းစွာ ပြောသည်။
“အင်း…” အဘိုးအိုက ခေါင်းညိတ်သည်။ ထို့နောက် သူက ရီဖူရှင်းကို ကြည့်ကာ မေးသည်… “သူက ဘယ်သူလဲ…”
“သူက ရီဖူရှင်းပါ… သမီးရဲ့ ဂီတအကူ…” လောင်လင်းအာက ပြန်ပြောသည်။ အဘိုးအိုက ဘာမှ မပြောတော့…။ မည်သို့ဆိုစေ သူက လောင်လင်းအာအား သင်ပေးမည့် ဂီတအမျိုးအစားက သာမန်လူများ သင်ယူ၍ မရနိုင်ပေ။
“မင်းက အခြေခံ ပိုင်နေပြီလို့ ငါယုံတယ်… မင်းမိဘတွေကလည်း အများကြီး သင်ပေးထားမှာပဲ… ဒါကြောင့် ငါက တိုက်ရိုက်ပဲ သင်ပေးတော့မယ်…”
“ကောင်းပြီ…” လောင်လင်းအာက ညင်သာစွာ ခေါင်းညိတ်သည်။
အဘိုးအိုက ကု့ချင်းထံသို့ လျှောက်သွားသည်။ ကု့ချင်းအား နဂါးပုံသဏ္ဌာန်ဖြစ်ပြီး သစ်မင်း အသားဖြင့် ပြုလုပ်ထားခြင်း ဖြစ်သည်။ ထိုကု့ချင်းကား လွန်စွာ အိုဟောင်းပုံ ရသော်လည်း တစ်နည်းအားဖြင့် ထူးခြား လေးနက်သော အရှိန်အဝါများကို ခံစားနေရသည်။
ထို့နောက် သူက ကု့ချင်းအား စတင်၍ ဖြည်းညင်းစွာ တီးခတ်သည်။ ဂီတသံစဉ်က ထွက်ပေါ်လာလျှင် သံစဉ်က လူသားတို့နှင့်ပင် မသက်ဆိုင်ဘဲ နဂါးတို့နှင့် သက်ဆိုင်သည်ဟု ခံစားရသည်။
“အာ…” ရီဖူရှင်းက ထိတ်လန့် သွားသည်။ မိန်းကလေးက သူ့အား ဤနေရာသို့ ခေါ်လာသောအခါ သူမ၏ဆရာက သာမန် ဂီတကိုသာ ပြသမည်ဟု ထင်ထားခဲ့သည်။ ယခုမှ ထိုအဘိုးအို တီးခတ်နေသည်က လွန်စွာ မြင့်မား နက်ရှိုင်းနေသည်ကို သိလိုက်သည်။
ထိုအခိုက်တွင် နဂါးများက လေထဲတွင် စကားပြောကာ ကခုန်နေကြသည့်အလား မမြင်ရသော အားလှိုင်းတစ်ခုက ကောင်းကင်တွင် စတင် လှည့်ပတ်လာသည်။
လွတ်လပ်ခြင်း ကျင့်စဉ်က အလိုအလျောက် အသက်ဝင်လာလျှင် မမြင်ရသော ပုံသဏ္ဌာန်က ရီဖူရှင်း၏ မျက်စိထဲတွင် ရှင်းလင်းလာသည်။ ကောင်းကင်တွင် များစွာသော နဂါးများ ရစ်ခွေနေသည်ကို ရီဖူရှင်းက အမှန်တကယ် မြင်ရသည်။ လောင်လင်းအာ၏ဘေးမှ ရေခဲနဂါးကလည်း ရုတ်တရက် ကောင်းကင်ပေါ်သို့ တက်ကာ ကခုန်သည်။ ရုတ်တရက် တောင်နောက်ဘက်မှ နဂါးဟိန်းသံတစ်ချက် ကြားရသည်။ ထို့နောက်တွင် ပိုမိုကြီးမားသော နဂါးကြီးတစ်ကောင် ပေါ်လာသည်။ ထိုနဂါးကား ခရမ်းရောင်ဖြစ်ကာ သူ ယခင်က မြင်ဖူးသမျှသော နဂါးများထက် ကြီးမားသော နဂါးကြီးတစ်ကောင် ပေါ်လာသည်။ ခရမ်းရောင်နဂါးက အဘိုးအိုထံသို့ ရောက်လာကာ သူ့အား ရစ်ခွေထားသည်။
ဤသံစဉ်က ထူးခြားသော သံစဉ် အမျိုးအစားတစ်ခု ဖြစ်သည်ကို ရီဖူရှင်းက ရိပ်မိလိုက်သည်။ သံစဉ်က ပုံရိပ်ယောင် နဂါးများကို ဆင့်ခေါ်နိုင်ကာ တကယ့်နဂါးများနှင့်လည်း ဆက်သွယ်နိုင်သည်။ သံစဉ်က ဘာသာစကား တစ်ခုထက်ပင် ပိုနိုင်သည်။ ထိုအရာက သူတို့က မျိုးနွယ်တစ်ခုတည်းဟု ခံစားရစေသည်။
“မိန်းကလေး… နဂါးတေးသံက နဂါးတွေနဲ့ ဆယ်သွယ်နိုင်တယ်.. မင်းက မင်းရဲ့နှလုံးသားကို အသုံးပြုပြီး နားထောင် ခံစားရမယ်… မင်းက ကု့ချင်းကို တီးတဲ့အခါ မင်းရဲ့စိတ်ဝိညာဉ် စွမ်းအင်က ဘာသာစကားအဖြစ် ပြောင်းလဲသွားပြီး ကောင်းကင်၊ မြေပြင်၊ နဂါးတွေနဲ့ ပေါင်းစပ်သွားတယ်… အရမ်းထူးချွန်တဲ့ နဂါးတေးသွားဆရာက သံစဉ်နဲ့နဂါးကို တစ်ခုတည်း ဖြစ်သွားစေနိုင်တယ်…” အဘိုးအိုက တစ်လုံးချင်း ပြောသည်… “မင်းက အဲဒီလို လုပ်နိုင်တော့မှ တကယ့် နဂါးဆရာလို့ ပြောလို့ရတယ်…”
“နဂါးဆရာ…” ရီဖူရှင်း၏ မျက်လုံးက အရောင်လက် သွားသည်။ သည်ပညာရပ်ကား ထည်ဝါ မြင့်မြတ်ကာ နဂါးစီးသူရဲများထက်ပင် ပိုမို၍ အဆင့်မြင့်သော အတန်းစား ဖြစ်ဟန်ရသည်။ ထို့အပြင် ထိုပညာကို သင်ယူနေသူကလည်း ငယ်ရွယ်သော နဂါးဆရာမလေး ဖြစ်နေသည်။
***