ကြီးမားသော အုပ်စုကြီးက နဂါးကြီးနှင့်အတူ ရှေ့ကို ဆက်သွားကြသည်။
ရီဖူရှင်းကား တစ်နည်းအားဖြင့် မပျော်မရွှင် ဖြစ်ရသည်။ ရှေ့ဆုံးမှ မိန်းကလေးကား လမ်းမအလယ်တွင် အတင်းတိုးကာ သွားနေရာ လူအများအား လွန်စွာ နိုင်ထက်စီးနင်း ပြုကျင့်နေသလို ဖြစ်နေသည်။ သို့သော်လည်း လမ်းမှ လူများက သူမ ဘယ်သူ ဖြစ်သည်ကို ခန့်မှန်းမိဟန် ရကြသည်။ သူတို့က စိတ်ဆိုးဟန် မရဘဲ ဘေးကို ဖယ်ပေးကာ တိတ်ဆိတ်စွာ ရပ်ကြည့် နေကြသည်။ မည်သို့ဆိုစေ သူမအား မြင်တွေ့ရန် ခက်ခဲပေသည်။ မည်သူကမှ သူမအား မြို့လယ်တွင် ရုတ်တရက် ထွက်ပေါ် လာမည်ဟု မထင်မှတ်ထားကြပေ။
“ဆရာ… ခင်ဗျားကို ဘယ်လို ခေါ်ရမလဲ…” ရီဖူရှင်းဘေးမှ လူကြီးက ရုတ်တရက် မေးသည်။
“ရီဖူရှင်း…”
“ဆရာရီ… ဒီအတွက် တကယ်ပဲ စိတ်မကောင်းပါဘူး…” ထိုလူက တောင်းပန်သည်…
“သခင်မလေးက သူမအမေရဲ့ အပြစ်ပေးတာကို ခံရပြီး အရမ်း စိတ်ဆိုးနေတယ်… သူမကို စိတ်မဆိုးစေချင်ပါဘူး… နောက်ပိုင်း သခင်မလေးက ခင်ဗျားကို စိတ်ညစ်အောင် လုပ်မိရင် ဒါလေးကို လျော်ကြေးအနေနဲ့ ယူထားပေးပါ…”
ထိုလူက သိဒ္ဓိဝင်လက်နက် တစ်ခုကို အင်္ကျီလက်အိုးထဲမှ ထုတ်ယူလိုက်သည်။ သူက လက်နက်အား တမင် အသက်သွင်းလိုက်ဟန် ရကာ ရွှေရောင် ဝင်းလက်သွားပြီး ရီဖူရှင်းက အမှန်ပင် နိုဘယ်အဆင့် စွမ်းအားကို ခံစားရသည်။
ထိုအဖြစ်က ရီဖူရှင်း၏ အမူအရာအား ပြောင်းလဲ သွားစေသည်။ သည်အရာကား အမှန်ပင် တခြားပစ္စည်းများနှင့် နှိုင်းယှဉ်ပါက အဖိုးထိုက်တန်ပေသည်။ ရီဖူရှင်းကား စျေးကြီးသော တည်းခိုခန်းတွင် မနေထိုင်လိုဘဲ ထိုနေရာမှ မိန်းကလေး၏ သရော်သော အမူအရာကိုပင် တွေ့ကြုံခဲ့ရသည်။ တခြားတစ်ဖက်တွင် လူကြီးက နိုဘယ်အဆင့် လက်နက်အား သည်အတိုင်း ထုတ်ပေးသည်။
“စီနီယာ… ကျုပ်ကို ဘယ်လိုလူလို့ ထင်လဲ…” ရီဖူရှင်းက ခံစားချက် ကင်းမဲ့စွာ ပြောသည်။ သို့သော် သူက နိုဘယ်အဆင့် လက်နက်အား ယူလိုက်ပြီး ဖြစ်သည်။ ထို့နောက် သူက လေးနက်စွာ ထပ်ပြောသည်… “ဒါပေမဲ့ သူမက ငယ်ရွယ်ပြီး မရင့်ကျက်သေးတဲ့အတွက် အပြစ်တော့ မတင်ပါဘူး…”
ရီဖူရှင်းက သိဒ္ဓိဝင်လက်နက်အား လက်ခံလိုက်သည်ကို သတိထားမိလျှင် လူကြီးက ပြုံးကာ ပြောသည်… “ကျေးဇူးတင်ပါတယ်… သခင်မလေးက နောက်ပိုင်း ရိုင်းစိုင်းမိခဲ့ရင်လည်း သူမကို ခွင့်လွှတ်ပေးပါ… ကျုပ်က သခင်မလေး အတွက် လျော်ကြေး ပေးပါ့မယ်…”
ရီဖူရှင်းက အသာအယာပြုံးကာ ပြောသည်…
“သူမက အရမ်း လွန်ကဲမလာရင်ပေါ့…” ထိုအခိုက်တွင် သူမက လွန်ကဲလွန်းလျှင်ပင် သူက သည်းခံရမလား စဉ်းစားနေသည်။ မည်သို့ဆိုစေ သူကား ဆင်းရဲပေသည်။ သည်အပေးအယူက အမှန်ပင် အကျိုးဖြစ်ထွန်း ပေသည်။
“သခင်မလေးက နည်းနည်း ရင့်သီးတယ် ဆိုပေမဲ့ သူမက အရမ်းတော့ မလွန်ကဲပါဘူး…” လူကြီးက ရီဖူရှင်းကို ပြုံးလျက်ပြောသည်။ သူတို့၏အဆင့်ဖြင့် ဤသို့သောပုံစံမျိုး ဖြစ်နေစရာ မလိုပေ။
သို့သော်လည်း သူတို့၏ မိသားစုထဲတွင် စည်းမျဉ်း စည်းကမ်းများ ရှိပေသည်။ အကယ်၍ သခင်မလေးက အပြင်ဘက်တွင် တရားမဲ့ပြုမူကာ လူအများအပြားအား ထိခိုက်စေပါက သူတို့က အပြစ်ပေးခံရမည်သာ…။
ထို့ကြောင့် သူက အရာအားလုံးကို အဆင်ပြေအောင် စီမံပေးနေရသည်။ ထို့အပြင် သခင်မလေးက ဤသို့ အမြဲတမ်း စိတ်လိုက်မာန်ပါ ပြုမူနေပါက တစ်နေ့တွင် မိသားစုတစ်ခုလုံးကို ကပ်ဘေးဆိုက် စေနိုင်ပေသည်။
ထို့ကြောင့် သူက အရာအားလုံးကို မြန်ဆန်စွာ ဖြေရှင်းပေးရန် လိုသည်။ အနာဂတ်တွင် သခင်မက သခင်မလေးအား ပိုမို၍ တင်းကျပ်စေနိုင်လျှင် ပိုကောင်းပေမည်။ မည်သို့ဆိုစေ သူမကလည်း အရွယ် ရောက်လာတော့မည် ဖြစ်ကာ အမြဲတမ်း ဒေါသထွက်တိုင်း ပေါက်ကွဲနေ၍ မရပေ။
မိုးမြေကောင်းကင်မြို့ အနောက်တရားရေးရာ စံအိမ်ကား မြို့၏အလွန် ကျော်ကြားသော နေရာဖြစ်ပေသည်။ ထိုအခိုက်တွင် ရီဖူရှင်းနှင့် တခြားလူများက ထိုနေရာသို့ ရောက်လာကြကာ တရားရေးရာ ခြံဝင်းထဲကို တိုက်ရိုက် ဝင်ရောက် လာကြသည်။ တရားရေးရာ ခြံဝင်းထဲတွင်ကား အလွန်လှပသော သာယာသော မြင်ကွင်းများ၊ အစီအရီ ဆောက်လုပ်ထားသော အဆောင်များနှင့် ခြံဝင်းငယ်များကို တွေ့ရသည်။
ထို့အပြင် တောင်ကုန်းအား တစ်ခြမ်း အလယ်မှ တိတိရိရိ ပိုင်းဖြတ်ထားသော တောင်ကုန်းငယ် တစ်ခုကိုလည်း တွေ့ရသည်။ ထိုနေရာမှ ရေတံခွန်တစ်ခု ဖြစ်ပေါ်နေကာ တောင်ထိပ်တွင်လည်း အဆောင်များရှိပေသည်။
ထိုနေရာတစ်ခုလုံးက နတ်ဘုံနတ်နန်းနှင့် ဆင်တူပေသည်။ အကယ်၍ ရီဖူရှင်းကသာ ကိုယ်တိုင် မမြင်တွေ့ရလျှင် မြို့တစ်မြို့တွင် ဤသို့သော ခြံဝင်းမျိုး ရှိမည်ဟုပင် ထင်မည် မဟုတ်ပေ။ သည်မြင်ကွင်းက တောင်ပေါ်မှ မြင်ကွင်းအလား ထင်မှတ်ရသည်။ ရီဖူရှင်းတို့က ရေတံခွန်အောက်ခြေကို လျှောက်လာကြသည်ကာ အပေါ်ကို မော့ကြည့်လျှင် အဘိုးအိုတစ်ယောက်က တင်ပလ္လင်ခွေ ထိုင်နေသည်ကို မြင်ကြသည်။
သူ့ဘေးတွင်ကား ရေနွေးကြမ်းခွက် ကရားတစ်ခု ရှိကာ လက်ရှိတွင် ရေနွေးကြမ်းကို သောက်နေသည်။ သူနှင့်သိပ်မဝေးသော နေရာတွင်ကား ကု့ချင်းတစ်လက် ရှိသည်။
“ဖန်းဘိုးဘိုး” မိန်းကလေးက အော်လိုက်သည်။ ထိုအခိုက်တွင် အဘိုးအိုကား ထရပ်လိုက်ပြီး ဖြစ်သည်။ သူက ပြုံးလျက်ပြောသည်…
“မင်း ရောက်လာပြီလား… မင်းက ဒီကို မရောက်လာတာတောင် တော်တော်ကြာသွားပြီ…”
“အင်း… အခု ရောက်လာပြီမို့လား… ဖန်းဘိုးဘိုး… အခုတလော နေကောင်းရဲ့လား…”
မိန်းကလေးက ညင်သာစွာ ပြောသည်။ အပြင်ဘက်တွင် ရင့်သီးသော သူမ၏ပုံဟန်က ယခု လုံးဝ ပျောက်ကွယ်သွားပြီး ဖြစ်သည်။
“ငါ နေကောင်းတယ်… ဒီကိုလာခဲ့…” အဘိုးအိုက ပြောသည်။ မိန်းကလေးက အသာအယာ ခေါင်းညိတ်ကာ ရေခဲနဂါးအား စီးနင်းလျက် ရေတံခွန်အပေါ်သို့ တက်သွားကာ အဘိုးအိုထံသို့ လျှောက်သွားသည်။
“မင်းက အခု တော်တော် အရွယ်ရောက်လာပြီ… နောက်ဆုံး မင်းတစ်ခေါက် လာတုန်းက မင်းက ကလေးပဲ ရှိသေးတယ်… မျက်လုံးတစ်မှိတ် အတွင်းမှာ မင်းက လူကြီးလေး ဖြစ်လာပြီပဲ…”
အဘိုးအိုက ကြင်နာစွာ ကြည့်သည်… “မင်းက မင်းအမေ စီစဉ်တာနဲ့ပတ်သက်ပြီး မကျေမနပ် ဖြစ်နေတယ် ကြားတယ်…”
“ဖန်းဘိုးဘိုး… သမီးက မကျေမနပ်ဖြစ်တာ မဟုတ်ပါဘူး… သမီးက အိမ်က ထွက်မသွားချင်တာပါ…” မိန်းကလေးက သနားစဖွယ်ပြောသည်။
“မင်းက အနှေးနဲ့အမြန် တွေ့ကြုံရမှာပဲ… မင်းက ပြန်လာရမှာပဲကို… ကျောင်းကလည်း မိုးမြေကောင်းကင်မြို့မှာ ရှိနေတာကို… ဘယ်လောက်ဝေးလို့လဲ… အနောက်ဘက် တရားရေးရာ စံအိမ်ကလည်း မင်းအိမ်ပဲ… ဒါကြောင့် အဲဒါကို သိပ်မတွေးနဲ့တော့… မင်းရဲ့ ပါရမီတွေကို အလဟဿ မဖြစ်စေနဲ့…”
“ကောင်းပြီ…” မိန်းကလေးက ခေါင်းညိတ်သည်။
“သွား… မင်းက ဒီကို အရင်ကလည်း မကြာမကြာ လာဖူးတာပဲ… မင်းက ကိုယ်နေမယ့်နေရာကို ကိုယ့်ဘာသာ သွားရွေး… ပြဿနာ တစ်ခုခု ရှိရင် ငါ့ကို လာရှာ…” အဘိုးအိုက ပြောသည်။ မိန်းကလေးက ညင်သာစွာ ခေါင်းညိတ်ကာ တောင်ကုန်းမှ ထွက်ခွာ လာခဲ့သည်။
ရီဖူရှင်းအား ကြည့်ကာ သူမက ပြောသည်… “နောက်က လိုက်ခဲ့…”
ရီဖူရှင်းက မျက်လုံးပြူးကာ မိန်းကလေးအား ကြည့်သည်။ သို့သော် သိဒ္ဓိဝင် ပစ္စည်းများကို ပြန်တွေးကာ သူက ဘာမှ မပြောတော့ပေ။ လူကြီးလူကောင်းက ကလေးများနှင့် ရန်မဖြစ်ပေ။
အနောက်ဘက် တရားရေးရာ ခြံဝင်းကား အလွန်ကြီးမားသည်။ မိန်းကလေးက ရှုခင်းလွန်စွာ ကောင်းသော အဆောင်တစ်ခုအား ရွေးချယ်သည်။ တခြား လူများကလည်း မိန်းကလေးနှင့် မနီးမဝေး အဆောင်များတွင် နေထိုင်ရန် ရွေးချယ်ကြသည်။ ရီဖူရှင်းက တစ်နည်းနည်းဖြင့် ဆွံ့အရသည်။ သူက သည်နေရာတွင် လုံးဝ အရေးမပါသလို ခံစားရသည်။
ထိုစဉ်မှာပင် မိန်းကလေးက သူ့အား သတိထားမိဟန် ရသည်။ သူမ၏ မရင့်ကျက်သေးသော မျက်နှာပေါ်တွင် ထူးခြားသော အမူအရာတစ်ခု ဖြစ်ပေါ်လာကာ မျက်လုံးက အရောင်လက် သွားသည်။ မိန်းကလေးက သူ့အား စိုက်ကြည့်နေသည်ကို သိလိုက်လျှင် ရီဖူရှင်းက မေးသည်…
“ငါက မင်းကို ဘယ်လို အပြစ်လုပ်မိလို့လဲ…” မိန်းကလေးက ခေါင်းမော့ကာ ပြောသည်…
“ခုနက ဘာလို့ ရယ်ရတာလဲ…”
“ရယ်တာ ပြဿနာလား…” ရီဖူရှင်းက မိန်းကလေးကို မေးသည်…
“မင်း မရယ်ဘူးလား…”
“ကျွန်မ ဂရုမစိုက်ဘူး… ကျွန်မက ပြဿနာ ရှိတယ်ဆိုရင် ပြဿနာရှိနေလို့ပဲ…” မိန်းကလေးက ပြန်ပြောသည်။
“ငါ…” ရီဖူရှင်းက ပြန်အော်လိုသော်လည်း သူမ၏ဘေးမှ လူကြီးက မျက်ရိပ်ပြ နေသည်ကို မြင်လျှင် ရီဖူရှင်းက ရပ်လိုက်သည်။ ရီဖူရှင်းကလည်း လျော်ကြေးကို မမေ့နှင့်ဟူသော သဘောဖြင့် လူကြီးကို ပြန်၍ စိုက်ကြည့်သည်။
“ရှင်က ကု့ချင်း ဘယ်လို တီးရလဲ သိလား…” မိန်းကလေးက မေးသည်။
“အင်း… နည်းနည်း…” ရီဖူရှင်းက ခေါင်းညိတ်သည်။
“ဒါဆို အဆင်ပြေတယ်… ရှင်က ကျွန်မရဲ့ ဂီတအကူ လုပ်လို့ရတယ်… ဘဝက နောက်ဆို ပျင်းစရာ မကောင်းလောက် တော့ဘူး…” မိန်းကလေးက မချိုမချဉ် ပြုံးကာ ပြောသည်။
ရီဖူရှင်းကလည်း ဂီတအကူစကားကို ကြားကာ ထူးဆန်းသော အမူအရာ ဖြစ်သွားသည်။
နှစ်များစွာ အကြာက သူက ထိုစကားအား ကြားဖူးခဲ့သည်။ နန်ဒူနိုင်ငံမှ တစ်ယောက်က သူ့အား ဂီတအကူ ဖြစ်စေချင်ခဲ့သည်။ သို့သော်လည်း သည်တစ်ကြိမ်ကား မိန်းကလေး ဖြစ်သည်။ ထို့အပြင် ချမ်းသာသော မိန်းကလေး ဖြစ်သည်။ ခုနက ထိုအဘိုးအိုက အနောက်ဘက် တရားရေးရာ စံအိမ်က သူမ၏အိမ်ဟု ပြောခဲ့သည်။ အနောက်ဘက်တရားရေးရာ စံအိမ်ကား နတ်ဗိမာန် အိမ်တော်ကဲ့သို့ပင် ကြီးကျယ် ခမ်းနားသည်။ မိန်းကလေးက သူမ၏နောက်မှ လိုက်ပါလာနေကြသော လူများကို ကြည့်ကာ ပြောသည်… “ကောင်းပြီ… ရှင်တို့အားလုံး သွားနိုင်ပြီ… ကျွန်မက တန်ခိုးကျင့်ရာမှာ အာရုံစိုက်ရဦးမယ်…”
“ကျုပ်တို့က သခင်မလေးရဲ့ ဘေးကင်းမှုအတွက်ပါ…” လူကြီးက ဦးညွှတ်ကာ ပြောသည်။
“အနောက်ဘက် တရားရေးရာ စံအိမ်မှာ ကျွန်မက ဘာဖြစ်ရမှာလဲ…” မိန်းကလေးက လက်ဝှေ့ယမ်းကာ ပြောသည်။ သို့သော် ထိုလူစုက မလှုပ်ပေ။
“ကောင်းပြီ… ကု့ချင်း ပြင်ဆင်ပေး…ပြီးရင် ရှင်တို့ သွားအနားယူလို့ ရပြီ…” မိန်းကလေးက သူမပြော၍ မရသည်ကို ရိပ်မိသည်။ အစေခံမိန်းကလေးက ရောက်လာကာ အဆောင်ထဲ၌ ကု့ချင်းအား လာချပေးပြီး လူကြီးက လက်နှစ်ဖက်ကို ဆုပ်ကိုင် နှုတ်ဆက်ကာ သူ့လူများကို ခေါ်သွားသည်။ မိန်းကလေးအား ခစားရန် အစေခံ နှစ်ယောက်ကိုသာ ချန်ထားခဲ့သည်။ မှန်သည်… ရီဖူရှင်းနှင့် ရေခဲနဂါးတို့ကလည်း ကျန်နေခဲ့သည်။ ရေခဲနဂါးက မနီးမဝေးတွင် ရစ်ခွေကာ ပျင်းရိသော ပုံစံဖြင့် အနားယူနေသည်။
မိန်းကလေးက ကု့ချင်းရှေ့တွင် ထိုင်ကာ စတင် တီးခတ်သည်။ ဂီတသံစဉ်က လေထုထဲကို စတင်ပျံ့လွင့်လာသည်။ သူမကား ကု့ချင်းကို ကောင်းကောင်း တီးတတ်သည်ဟု ပြောနိုင်သည်။ သို့သော်လည်း သူမက စိတ်အာရုံစူးစိုက်မှု ရှိဟန်မရဘဲ သံစဉ်က အနည်းငယ် ရှုပ်ထွေးနေသည်။
မိန်းကလေးကလည်း သူမက ကောင်းမွန်စွာ တီးခတ်နေခြင်း မရှိကြောင်း သိဟန်ရကာ တီးခတ်ခြင်းကို ရပ်လိုက်သည်။ စိတ်ပျက်စွာဖြင့် သူမက ကု့ချင်းအား ပစ်ချကာ ထရပ်သည်။ ထို့နောက် သူမ၏အခန်းထဲကို ဝင်ရောက်သွားသည်။
ရီဖူရှင်း၏ မျက်နှာတွင် ထူးဆန်းသော အမူအရာတစ်ခု ဖြစ်ပေါ်လာသည်။ သူက လျှောက်သွားလိုက်ကာ ကု့ချင်းအား ထိခတ်ကြည့်သည်။ ကု့ချင်းကြိုးက လှုပ်ခတ်သွားကာ လွန်စွာ ကြည်လင်သော အသံတစ်သံ ထွက်လာသည်။ ကု့ချင်းကား လွန်စွာ ရှားပါးသော ရတနာတစ်ခု ဖြစ်သည်။
“ကျုပ်က ဒီမှာ ဘယ်လောက် ကြာကြာ နေရဦးမလဲ…” ရီဖူရှင်းက ဘေးနားမှ အစေခံ မိန်းကလေးကို မေးသည်။ သူက တစ်စုံတစ်ခု ရရှိသော်လည်း အမြဲတမ်းတော့ ဤနေရာတွင် မနေနိုင်ပေ။ မိန်းကလေးက ထူးဆန်းသော စိတ်နေသဘောထား ရှိပြီး ရီဖူရှင်းကလည်း အမြဲတမ်း သူမနောက်ကို မလိုက်နိုင်ပေ။
“နှစ်ဟောင်း ကုန်တော့မယ်… နောက်နှစ်သစ်မှာ သခင်မလေးက ကြယ်မင်းကျောင်းကို တန်ခိုးကျင့်ဖို့ ဝင်ရောက်လိမ့်မယ်… ဒါကြောင့် အကြာဆုံး ရှင်နေရရင် နောက်နှစ်သစ်အထိ ဖြစ်လိမ့်မယ်…” အစေခံမိန်းကလေးက ပြန်ပြောသည်။ သူ မသိလိုက်မီတွင်ပင် နောက်တစ်နှစ် ကုန်တော့မည် ဖြစ်သည်။
“ဟိုမှာ အဆောင်ငယ်လေး တစ်ခု ရှိတယ်…” အစေခံမိန်းကလေးက ညွှန်ပြသည်။ ရီဖူရှင်းက ခေါင်းညိတ်သည်။ ထို့နောက် သူက ထိုအဆောင်ငယ်လေးသို့ သွားကာ သူ၏လက်သိုင်းကို လေ့ကျင့်သည်။
ညအချိန်ခါဖြစ်၍ ငွေလမင်းက အနောက်ဘက် နဂါးစံအိမ်ကို အလင်းများ ဖြန့်ကြက်ထားသည်။
ရီဖူရှင်းကား သူ၏အဆောင်ထဲတွင် လက်သိုင်းကို လေ့ကျင့်နေဆဲ ဖြစ်သည်။ သူက ဤနေရာသို့ အဓိပ္ပာယ်ကင်းမဲ့သော နည်းလမ်းဖြင့် ခေါ်ဆောင်လာခြင်း ခံရသော်လည်း တန်ခိုးကျင့်ရာတွင် နောက်ကျနေ၍ မရပေ။
ရုတ်တရက် သူက ပထမက အစီအစဉ်မကျသော ဂီတသံစဉ်နှင့် လုံးဝ ကွဲပြား ခြားနားနေသော သံစဉ်တစ်ခုအား ကြားလိုက်ရသည်။ ဂီတသံစဉ်ကား လွန်စွာ လွှမ်းမိုးနိုင်စွမ်းအား ကောင်းသည်။ ထိုသံစဉ်က အမှန်ပင် နားထောင်သူကား ဝမ်းနည်းစေကာ တီးခတ်သူ၏ နာကျင်မှုကို ခံစားရစေသည်။
ရီဖူရှင်းက တီးခတ်ခြင်းကို ရပ်လိုက်ကာ ပိုမိုထူးခြားသော အမူအရာ ဖြစ်ပေါ်လာသည်။ ဂီတသံစဉ်က တီးခတ်သူ၏ စိတ်အခြေအနေကို ဖော်ပြသည်။ သည်သံစဉ်ကို တီးခတ်နေသည်ကို အမှန်ပင် ထိုမိန်းကလေးလား…။ သူ မယုံကြည်နိုင်ပေ။
ထို့နောက် ရီဖူရှင်းက အဆောင်ထဲမှ လှမ်းထွက်လိုက်သည်။ သူက လရောင်အောက်တွင် တိတ်ဆိတ်စွာ ထိုင်နေသော မိန်းကလေးကို မြင်သည်။ သူမက လရောင်အောက်တွင် ကု့ချင်းအား တီးခတ်နေပုံက အထီးကျန် ဆန်လွန်းလှသည်။
ဂီတသံစဉ်က ဆက်တိုက် ပြောင်းလဲနေသည်။ တစ်ခါတစ်ရံ ပျော်ရွှင်ဖွယ်ကောင်းပြီး တစ်ခါတစ်ရံ ဝမ်းနည်းဖွယ် ကောင်းကာ ခန့်မှန်းရခက်သည်။ သူမက သည်မျှ ငယ်ရွယ်သော အရွယ်တွင် ပုံပြင်ရှိသလား…။
ရီဖူရှင်းက မိန်းကလေးကို ကြည့်ကာ တွေးသည်။ ထို့နောက် ရီဖူရှင်းကလည်း ထိုနေရာတွင်ပင် ရပ်ကာ တိတ်ဆိတ်စွာဖြင့် ဂီတအား နားထောင်နေသည်။ ဂီတက ပိုမို၍ ဝမ်းနည်းဖွယ် ကောင်းလာသည်။ နောက်ဆုံးတွင် နားထောင်သူကိုပါ အသည်းကွဲစေလောက်သော ခံစားချက်ကို ပေးသည်။ လရောင်အောက်တွင် မိန်းကလေး၏ပါးပြင်မှ မျက်ရည်စများကို သူက မြင်နေရသည်။
နောက်ဆုံးတွင် ဂီတသံစဉ်က ရပ်တန့်သွားကာ အနုပညာရသသိက အတန်ကြာအောင် ကျန်နေရစ်သည်။ ရီဖူရှင်းကား သံစဉ်ထဲတွင် အာရုံဝင်စားနေဆဲ ဖြစ်သည်။ အတန်ကြာလျှင် သူက ပြောသည်… “မင်းက ဒီလောက် ငယ်တာ… ပူဆွေးသောကကို ဘယ်လိုလုပ်သိမလဲ… ဘာလို့ ဒီလို ဝမ်းနည်းစရာ သံစဉ်ကို တီးရတာလဲ…”
“ကျွန်မက ဘာလို့ နားမလည်ရမှာလဲ… ရှင်ကော နားလည်လား…” မိန်းကလေးက မျက်လုံးပြူးကာ ရီဖူရှင်းကို ကြည့်သည်။
“သေချာတာပေါ့…” ရီဖူရှင်းက ပြန်ပြောသည်။
“ရှင်နဲ့ အနီးကပ်ဆုံးလူနဲ့ ခွဲခွာဖူးလား…” မိန်းကလေးက မေးသည်။
“အင်း…” ရီဖူရှင်းက ခံစားချက် ကင်းမဲ့စွာ ပြောသည်။ သူက ခွဲခွာခြင်းများစွာကို ကြုံတွေ့ဖူးသည်။
“ငါ သိရသလောက် မင်းမှာ မိဘတွေ ရှိသေးတယ်… ဟုတ်တယ်မလား…” ရီဖူရှင်းက မေးသည်။
“ဟုတ်တယ်…” မိန်းကလေးက ဖြည်းညင်းစွာ ပြောသည်…
“တစ်ခါက သူရဲကောင်း တစ်ယောက်ရှိတယ်… သူက ရင်းနှီး ဖော်ရွေပြီးသော ကြင်နာတတ်တယ်… အပြင်ဘက်မှာ သူက အရမ်းကျော်ကြားပြီး လူတိုင်းက သူ့ကို သိကြတယ်… သူက မြေရိုင်းဒေသရဲ့ အရှေ့ဘက်နယ်မှာ အကျော်ကြားဆုံးပဲ… ကျွန်မ ငယ်ငယ်တုန်းက သူက အမြဲတမ်း ကျွန်မကို ပွေ့ချီပြီးတော့ ဆော့ကစားတယ်… ကျွန်မ ပျော်ရွှင်သရွေ့ ကြိုက်တာ လုပ်လို့ရတယ်လို့ ပြောတယ်… သူရှိနေတဲ့အတွက် ကျွန်မက ကောင်းမွန်တဲ့ဘဝမှာ နေထိုင်ရပြီး ဘယ်သူကမှ ကျွန်မကို အနိုင်မကျင့်ရဲကြဘူး…”
ရီဖူရှင်းက မိန်းကလေးအား စိုက်ကြည့်သည်။ သူ ထင်မှတ်ထားသလိုပင် မိန်းကလေးတွင် ပုံပြင်တစ်ပုဒ် ရှိနေသည်။
“နောက်ပိုင်း သူ သေသွားတယ်…” သူမ၏အသံက တိုးသွားသည်။ ထို့နောက် သူမ၏ မျက်နှာတွင် မျက်ရည်များ တစ်ဖန် စီးကျလာပြန်သည်။
***
စာစဉ်(၂၉)ပြီးပါပြီ
ဆက်ပါဦးမည်။
***