Switch Mode

အပိုင်း(၄၂၈)

မိုးမြေကောင်းကင်မြို့

တစ်ရက်ကြာသောအခါ ရီဖူရှင်းနှင့် သူ့သူငယ်ချင်းများက မိစ္ဆာနဂါးနယ်မြေသို့ ပြန်လာခဲ့ကြသည်။ ယခုတွင်ကား တောင်တစ်ခုလုံး ပြိုလဲနေပြီး ဖြစ်သော်လည်း လူအများအပြားက ထွက်ခွာသွားခြင်း မရှိကြသေးပေ။

ကြီးမားသော ကျောက်ဆောင်ကြီးတစ်ခုပေါ်တွင် ကျင့်နန်နှင့် ဝမ်ယွီချန်းတို့က တင်ပလ္လင်ခွေ ထိုင်နေကြကာ မျက်လုံးများကို မှိတ်ထားကြသည်။ ခုနကမှ သူတို့က သူရိယနေမင်းကျောင်းနှင့် စန္ဒာလမင်းကျောင်းတို့မှ တပည့်များနှင့် ရန်ဖြစ်ခဲ့ကြကာ အများအပြားက ဒဏ်ရာရခဲ့ကြသည်။ မှန်သည်… တခြားကျောင်းမှ တပည့်များလည်း ဒဏ်ရာရကြသည်။

“ကြည့်ရတာ ငါတို့ဒီမှာ ဘာမှ လုပ်စရာ ရှိတဲ့ပုံ မပေါ်ဘူး…” ရီဖူရှင်းက ရှေ့မှ မြင်ကွင်းကို ကြည့်သည်။ နဂါးလိုဏ်ဂူကား လုံးဝ ပြောင်တလင်းခါနေပြီ ဖြစ်သည်။ မည်သို့ဆိုစေ ဤသည်ကလည်း သူခန့်မှန်းထားပြီးဖြစ်သည်။

နိုဘယ်များက ထွက်ခွာ သွားကြပြီးဖြစ်ရာ ကျန်ရှိနေသူများမှာ အကာနာဂျူနီယာများ ဖြစ်ကြသည်။

ရီဖူရှင်းတို့က နဂါးမြက်အား စားသုံးကာ တန်ခိုး အဆင့်တစ်ဆင့်စီ တက်ရောက် သွားကြပြီး ဖြစ်သည်။ သူတို့၏ မှော်ပညာအပြင် သိုင်းပညာကလည်း တိုးတက်လာခဲ့သည်။ ထို့ကြောင့် သူတို့က အကာနာ အဆင့်သုံးကို ရောက်ရှိနိုင်ခဲ့ကြသည်။

နဂါးမြက်ကား ထိပ်သီးနိုဘယ်များပင် လိုချင်တပ်မက်ရသော ရတနာ ဖြစ်သည်။ နဂါးမြက်က သူတို့၏ ခန္ဓာကိုယ်အား ပိုမိုသန့်စင်စေသည်။ မှန်သည်… အများဆုံး အကျိုးဖြစ်ထွန်းသူကား သိမ်းငှက်နက် ဖြစ်သည်။ နဂါးမြက်က စားသုံးသူ၏ ဉာဏ်ရည်အား ထက်မြက်စေပြီး အထူးသဖြင့် ထိပ်သီးအဆင့် နဂါးကြီးကိုယ်တိုင်က နှစ်ပေါင်းများစွာ ပြုစုပျိုးထောင်လာခြင်း ဖြစ်သည်။ လက်ရှိတွင်ကား သိမ်းငှက်နက်၏ မျက်လုံးများက ပိုမို၍ပင် ထက်ရှလာပုံရသည်။
အစ်ကိုသုံးမူကား သူက တံခါးပိတ်လေ့ကျင့်ရန် နေရာတစ်နေရာ သွားရှာသည်။ ဂူတုံးလျိုက ထိုသို့မလုပ်လျှင်ပင် ရီဖူရှင်းက သူ့နောက်ကို လိုက်မည် မဟုတ်ပေ။ ဂူတုံးလျို၏ ရည်ရွယ်ချက်က သူတို့နှင့် ကွဲပြားပေသည်။ အကယ်၍ ရီဖူရှင်းတို့က သူ့နောက်မှ​ လိုက်လျှင် လုံလောက်သော အခက်အခဲများ တွေ့မည် မဟုတ်ပေ။

“သွားစို့…” ရီဖူရှင်းက တိုးညင်းစွာ ပြောသည်။

“ငါတို့ ဘယ်ကို သွားကြမလဲ…” လို့လန်ရွှီက မေးသည်။

“မိုးမြေကောင်းကင်မြို့…” ရီဖူရှင်းက ပြန်ပြောသည်။ သူတို့က ထွက်ခွာသွားရန် အဆင်သင့် ပြင်ကြသည်။ သို့သော် ကျောက်ဆောင်ပေါ်တွင် ထိုင်နေသော ဝမ်ယွီချန်းက ရုတ်တရက် မျက်လုံးဖွင့်ကာ မေးသည်…

“ရီဖူရှင်း… နင်တို့ ဘယ်ကို သွားနေကြတာလဲ…”

ရီဖူရှင်းက နောက်လှည့်ကာ သူမအား ပြုံးလျက်ကြည့်သည်…

“ကျုပ်တို့က ရတနာတွေကို ယူနိုင်စွမ်း မရှိမှတော့ တောထဲကိုသွားပြီး လေ့ကျင့်နေကြတာ…”
ဝမ်ယွီချန်းက သူ့အား သံသယ ဝင်ဟန်မတူပေ။ သူမက ထရပ်ကာ ပြောသည်…

“ငါတို့ကလည်း မိုးမြေကောင်းကင်မြို့ကို သွားမှာ… ငါတို့နဲ့ လိုက်ခဲ့လို့ရတယ်…”
သူမ၏ဘေးမှ ကျင့်နန်က သူမအားကြည့်ကာ တိုးညင်းစွာ ပြောသည်…

“ဘာလို့ သူ့ကို မင်းက ဆက်ပြီး ခေါ်သွားဦးမှာလဲ…”

သည်ကို မလာခင်တုန်းက ရီဖူရှင်းက လောကကြီးအား တွေ့မြင်ချင်သည်ဟု ပြောခဲ့သည်။ ယခု သူတို့က ကိုယ်တိုင်မြင်ခဲ့သလို ထိပ်သီးကျောင်း သုံးကျောင်း၏ ကျရှုံးမှုကိုလည်း မြင်ခဲ့ရ၏။ နဂါးမြက်အား လူထူးလူဆန်း တစ်ယောက်က ယူဆောင်သွားသလို ထိပ်သီးကျောင်း သုံးကျောင်းမှ တပည့်များကလည်း သူ့ထံတွင် အလွယ်တကူ ရှုံးနိမ့်ခဲ့ကြသည်။ ကျင့်နန်က အမှန်ပင် မကျေမနပ် ဖြစ်နေပေသည်။

ကျင့်နန်က ရီဖူရှင်းအား မူလကတည်းက သဘောမကျပေ။ ရီဖူရှင်းကား ရုပ်ချောလွန်း လှသည်။ သူက ဝမ်ယွီချန်းအား ပိုးပန်းနေရာ ပုံမှန်အားဖြင့် ဝမ်ယွီချန်းက ရီဖူရှင်းအား အလေးပေး နေသည်ကို သူက သိပ်သဘောမကျပေ။

“အဲဒီနေ့က ကျွန်မအဘိုးက သူ့ကို ဂရုစိုက်ဖို့ မှာခဲ့တယ်… စီနီယာ… သူ့ကို မိုးမြေကောင်းကင်မြို့သို့ ခေါ်သွားရအောင်…” ဝမ်ယွီချန်းက ပြောသည်။ ဝမ်မိသားစု အိမ်တော်တွင်တုန်းက မိသားစုခေါင်းဆောင်က သူမအား ရီဖူရှင်းကို ဂရုစိုက်ရန် သေသေချာချာ မှာခဲ့သည်။

“ဒါဆိုလည်း ကောင်းပြီ…” ကျင့်နန်က ရီဖူရှင်းအား အေးစက်စွာ ကြည့်သည်။ သူက ဝမ်ယွီချန်းအား ပိုးပန်းနေသော်လည်း သူက သူမ၏ကိစ္စများတွင် ဝင်မစွက်ဖက်ပေ။ သို့ဆိုလျှင်လည်း သူတို့က ရီဖူရှင်းအား ခေါ်သွားပေမည်။ ရီဖူရှင်းက ဝမ်ယွီချန်းအား ကြည့်ကာ သူတို့နောက်ကို လိုက်သင့်လား မလိုက်သင့်လား စဉ်းစားနေသည်။

“အဘိုးက နင့်ကို မိုးမြေကောင်းကင်မြို့သို့ ခေါ်သွားဖို့ မှာခဲ့တယ်… သွားစို့…” ဝမ်ယွီချန်းက ပြောသည်။ သူမ၏စကားကို ကြားလျှင် ရီဖူရှင်းက ခေါင်းညိတ်သည်။ ဝမ်မိသားစု ခေါင်းဆောင်၏ စကားဖြစ်မှတော့ သူက နားထောင် လိုက်ပေမည်။ သူတို့အား ဦးဆောင် ခေါ်သွားမည့်လူ ရှိသည်ဆိုပါက လမ်းမေးနေစရာလည်း မလိုတော့ပေ။ ထို့အတူ ထိပ်သီးကျောင်း သုံးကျောင်းမှ တပည့်များ အားလုံးတွင် ခရီးသွား သိဒ္ဓိဝင် ပစ္စည်းများ ရှိကြပေသည်။ သူတို့က မိုးမြေကောင်းကင်မြို့သို့ ရောက်လျှင် သူတို့က လမ်းခွဲကြမည် ဖြစ်သည်။ ရီဖူရှင်းက သူနှင့် ဝမ်ယွီချန်းအကြား ကွာဝေးမှုကို ခံစား၍ ရသည်။ မည်သို့ဆိုစေ ထိုအရာက ပုံမှန်သာ…။ ထိပ်သီးကျောင်း သုံးကျောင်းမှ တပည့်များ ဖြစ်သည့်အလျောက် သူတို့က မာနကြီးကြပေသည်။ ရီဖူရှင်းက ဝမ်ယွီချန်းထံသို့ လျှောက်သွား လိုက်သလို ကျင့်နန်ကလည်း သူ၏သိဒ္ဓိဝင် ပစ္စည်းအား ထုတ်ယူလိုက်သည်။ သိဒ္ဓိဝင် ပစ္စည်းများကား ကျုံ့နိုင်ချဲ့နိုင်စွမ်း ရှိပေသည်။ ထိုအရာက ကြီးမားသွားသောအခါ အတောင်ပံပါသော ငါးကိုယ်ထည်ပုံစံ ယာဉ်ပျံ ဖြစ်သွားသည်ကို မြင်ရသည်။ ယာဉ်ပျံထံမှ လွန်စွာ အားကောင်းသော လေဓာတ်ကို ရီဖူရှင်းက ခံစားရသည်။ ယာဉ်ပျံက လူဆယ်ယောက်လောက် အထိ ဆံ့လောက်ပေသည်။ သိသာစွာပင် ယာဉ်ပျံ၏ ကိုယ်ထည်တွင် များစွာသော အင်းကွက်များအား ရေးထွင်းထားပြီး သဘာဝစွမ်းအင် ကျောက်တုံးများဖြင့် စွမ်းအင်ထောက်ပံ့ရန် လိုအပ်ပေသည်။ အရှေ့မြေရိုင်း ဒေသကား မြေရိုင်းဒေသနှင့် ယှဉ်လျှင် အမှန်ပင် နည်းပညာပိုင်းဆိုင်ရာ အားနည်းပေသည်။ တခြားတစ်ဖက်တွင် မြေရိုင်းဒေသ၌ ကွဲပြားခြားနားသော သိဒ္ဓိဝင်ပစ္စည်းများ ရှိကြပေသည်။ ဒေသနှစ်ခု၏ ပညာရှင်များက အရည်အချင်းသာမက အသုံးပြုသော ပစ္စည်းများပါ ကွာဟချက် ကြီးမားလွန်း လှပေသည်။
အရှေ့မြေရိုင်း ဒေသတွင်ကား ရီဖူရှင်းက အဂ္ဂိရတ်ဆရာများအား တစ်ခါမှ မကြားဖူးပေ။ သို့သော်လည်း ရီဖူရှင်းက မြေရိုင်းဒေသတွင် အာခီမီမြို့အား မြေပုံတွင် မြင်ခဲ့သည်။ ကျင့်နန်က ရီဖူရှင်းအား အေးစက်စွာ ကြည့်သည်။ ထို့နောက် သူက လူတိုင်းကို ပြောသည်… “သွားကြစို့…” ရီဖူရှင်း အပါအဝင် အားလုံးက ယာဉ်ပျံပေါ်သို့ တက်ကြသည်။ ကျင့်နန်က ရီဖူရှင်းအား အမှန်တကယ် ကြည့်မရဟန်ရသည်။ ယာဉ်ပျံက လေထက်ကို ပျံတက်သွားကာ မိုးတိမ်များထဲသို့ ဝင်ရောက် ပျောက်ကွယ် သွားတော့သည်။

***

မြေရိုင်းဒေသကား ကျယ်ပြောကာ အကန့်အသတ်မဲ့သည်။ မြေရိုင်းဒေသ၏ အရှေ့ဘက်နယ်ပင်လျှင် လွန်စွာ ကျယ်ပြောသည်။ မိုးမြေကောင်းကင်မြို့ကား အရှေ့ဘက်နယ်၏ တစ်ခုတည်းသော မြို့တော်ဖြစ်သည်။ မိုးမြေကောင်းကင်မြို့က အရှေ့ဘက်နယ်၏ ဗဟိုချက်မမြို့ဟု ပြောနိုင်သော်လည်း မြေနေရာ အနေအထားအရ ဗဟိုချက်မ ဖြစ်နေခြင်း မဟုတ်ဘဲ မြေရိုင်းဒေသ အလယ်မှ ကျုံးကျိုးမြို့နှင့် အနီးဆုံးမြို့ ဖြစ်သောကြေင့်သာ ဖြစ်သည်။ ယွန်ယွဲ့မြို့နှင့် မိုးမြေကောင်းကင်မြို့တို့က အရှေ့ဘက်နယ်တွင် ရှိသောငြားလည်း ထိုမြို့နှစ်ခုအကြား အကွာအဝေးက အလွန်အမင်း ကွာဝေးလှပေသည်။ သိဒ္ဓိဝင်ယာဉ်ပျံနှင့်ပင် သူတို့က မိုးမြေကောင်းကင်မြို့ကို ရောက်ရန် တစ်လခန့်အချိန် ကြာမြင့်ခဲ့သည်။ မည်သို့ဆိုစေ ယာဉ်ပျံကား နိုဘယ်အဆင့် ဖြစ်ပေသည်။
မိုးမြေကောင်းကင် မြို့ထက်တွင်ကား ယာဉ်ပျံတစ်စင်းက လျင်မြန်စွာ ပျံသန်းနေသည်။
ယာဉ်ပျံပေါ်တွင် ရီဖူရှင်းက အောက်ကို ငုံ့ကြည့်လျှင် လွန်စွာ ကြီးကျယ် ခမ်းနားသော အဆောက်အဦများကို မြင်ပြီး စိတ်လှုပ်ရှားနေသည်။ မြေရိုင်းဒေသ… ငါလာပြီ…။ ကောင်းကင်တွင် များစွာသော ယာဉ်ပျံများနှင့် စွမ်းအားမြင့် သတ္တဝါဆန်းများ ပျံသန်းနေကြသည်။ သူတို့ အောက်တွင်ကား မိုးထိုးနေသော အဆောက်အဦများ၊ မျက်စိပဒေဿ ဖြစ်စေကာ ထူးခြားသော ဗိသုကာများကို မြင်ရသည်။ သူတို့ကား လွန်စွာ ကြီးမားခန့်ညားကာ လှပလွန်းရကား ရီဖူရှင်းက တစ်ခါမှပင် မမြင်ဖူးပေ။

“မြို့တော်ဆိုတဲ့အတိုင်း တကယ်ပဲ ကွဲပြားတာပဲ…” သူနှင့်ဟွာဖန်းလူတို့က ဒွန်ဟိုင်မြို့ကို စတင် ဝင်ရောက်စဉ်က အဖြစ်ကို ပြန်တွေးမိကာ ရီဖူရှင်း၏ မျက်နှာတွင် အပြုံးတစ်ခု ပေါ်လာသည်။ သူက ကြီးပြင်းလာသည်နှင့်အမျှ တဖြည်းဖြည်း ပိုမိုမြင့်မားသော အခြေအနေသို့ တက်လှမ်း လာနိုင်ခဲ့သည်။ အတိတ်က သူက အထက်စီးဆန်သော်လည်း ထိုစဉ်က ငယ်ရွယ်ကာ မောက်မာသော အချိန်အခါ မဟုတ်ပါလား…။ သူက ဤသို့သော ဝေးလံသော ဒေသများသို့ ရောက်လာလိမ့်မည်ဟု တစ်ခါမှ မထင်မှတ်ထားခဲ့ပေ။ အတိတ်ကို ပြန်တွေးလျှင် သူက အချိန်များ ရှည်ကြာခဲ့ပြီဟု သူက ထင်ရသည်။

ဝမ်ယွီချန်းက ရီဖူရှင်းအား ကြည့်ကာ တိုးညင်းစွာ ပြောသည်… “မိုးမြေကောင်းကင်မြို့မှာ နှိမ့်ချပြီးနေဖို့ ကြိုးစားပါ… နင်က ယွန်ယွဲ့မြို့ကလန်လေးခု တိုက်ပွဲမှာ ကောင်းကောင်း စွမ်းဆောင်ခဲ့တယ်လို့ ငါကြားတယ်… ဒါပေမဲ့ ဒီမှာက ပါရမီရှင်တွေက နေရာတိုင်းမှာ ရှိတယ်… နင်က ဒီမှာ ပြဿနာရှာမိရင် အခြေအနေကောင်းမှာ မဟုတ်ဘူး… နားလည်တယ်မလား…”

“အင်း… ကျုပ်က အမြဲတမ်း နှိမ့်ချပြီးနေတယ်…” ရီဖူရှင်းက ပြုံးကာ ခေါင်းညိတ်သည်။ သူ့ရှေ့မှ ကြယ်မင်းကျောင်းမှ တပည့်များက ရီဖူရှင်းအား ခံစားချက်ကင်းမဲ့စွာ ကြည့်ကြသည်။ ကျင့်နန်က နောက်လှည့်မကြည့်ဘဲ သရော်ပြုံးတစ်ချက် ပြုံးလိုက်သည်။  ရီဖူရှင်းတွင် နောက်ခံလည်း မရှိသလို အားလည်း နည်းပေသည်။ သူက မိုးမြေကောင်းကင်မြို့တွင် ကောင်းကောင်း နေရမည် မဟုတ်ပေ။

“မိုးမြေကောင်းကင်မြို့မှာ နင်က ကိုယ့်ကိုယ်ကိုယ်ပဲ အားကိုးရမယ်… တခြားဘာမှ သိပ်မမျှော်လင့်နဲ့…” ဝမ်ယွီချန်းက ပြောသည်။

“စိတ်မပူပါနဲ့…” ရီဖူရှင်းက ပြုံးသည်။ ဝမ်ယွီချန်းက သူမ၏နောက်မှ သူတို့အဖွဲ့ လိုက်ပါလာမည်ကို စိုးရိမ်နေဟန်ရသည်။

သို့ဆိုလျှင် ဝမ်ယွီချန်းကား အတွေးလွန်နေခြင်းသာ ဖြစ်သည်။ ကျင့်နန်က နောက်လှည့်ကာ မေးသည်… “မင်းတို့ ဘယ်မှာ ဆင်းကြမလဲ…”

“ကျုပ်တို့က ခင်ဗျားနဲ့ ခဏတော့ လိုက်ဦးမယ်… ခင်ဗျားတို့က ကြယ်မင်းကျောင်းကို ရောက်တဲ့အခါမှ ကျုပ်တို့ ဆင်းလိုက်မယ်…” ရီဖူရှင်းက ပြန်ပြောသည်။ ထိပ်သီးကျောင်း သုံးကျောင်းက မိုးမြေကောင်းကင်မြို့၏ အလယ်တွင် ရှိသည်။ သူတို့က သည်နေရာသို့ ရောက်လာမှတော့ မြို့လယ်တွင် ဆင်းသက်ခြင်းက ပိုမို ကောင်းမွန်ပေသည်။ ကျင့်နန်က အသာအယာ ပြုံးကာ ဘာမှ မပြောတော့ပေ။ ယာဉ်ပျံက ဆက်လက် ပျံသန်းသွားသည်။

“ဒီနှစ်က မကြာခင် ကုန်တော့မယ်… နောက်နှစ်အစမှာ ထိပ်သီးကျောင်း သုံးကျောင်းက ကျောင်းသားသစ် ခေါ်ကြလိမ့်မယ်… တကယ်လို့ နင်တို့က ကြိုးစား ကြည့်ချင်ရင် နောက်နှစ် ဝင်ဖြေကြည့်လို့ ရတယ်… ဒီနှစ်တော့ ရမှာ မဟုတ်တော့ဘူး…” ဝမ်ယွီချန်းက ရှေ့ကိုကြည့်ကာ တည်ငြိမ်စွာ ပြောသည်။

“ကောင်းပြီ…” ရီဖူရှင်းက ပြန်ပြောသည်။ သို့သော် သူ့တွင် ထိုသို့အစီအစဉ် မရှိပေ။ ဖြစ်ကောင်း ဖြစ်နိုင်သည်မှာ သူက ကြယ်မင်းကျောင်းကို ဝင်လိုသည်ဟု ဝမ်ယွီချန်းက တွေးထင်နေပုံရ၏။

ဝမ်ယွီချန်းက ခေါင်းညိတ်ကာ ဘာမှ ထပ်မပြောတော့ပေ။ သူမက သူမ၏အဘိုး စေခိုင်းသည်ကို အောင်မြင်စွာ လုပ်ဆောင်ပြီး ဖြစ်သည်။ အနာဂတ်တွင် ရီဖူရှင်း ဘာလုပ်လုပ် သူမနှင့် မသက်ဆိုင်တော့ပေ။ မည်သို့ဆိုစေ သူမကလည်း ကြယ်မင်းကျောင်း၏ သာမန်ကျောင်းသူ တစ်ယောက်မျှသာ ဖြစ်ပေသည်။ သူမက တခြား ပါရမီရှင်များကို အမီလိုက်ရန် ကြိုးစားရမည် ဖြစ်ကာ ရီဖူရှင်းအား ဂရုစိုက်ရန် အချိန်မရှိပေ။

“ကျောင်းစာမေးပွဲက နှစ်ကုန်မှာ လာတော့မယ်… မင်းက ယုံကြည်ချက်ရှိလား…” ကျင့်နန်က ဝမ်ယွီချန်းဘေးကို လျှောက်လာရင်းက မေးသည်။ ဝမ်ယွီချန်းက အသာအယာ ခေါင်းယမ်းကာ ပြောသည်… “ကျောင်းစာမေးပွဲက ကျွန်မနဲ့သိပ်မဆိုင်ဘူး စီနီယာ… ရှင်ပဲ ကောင်းကောင်း ကြိုးစားသင့်တယ်…”

“အင်း…” ကျင့်နန်က ခေါင်းညိတ်သည်။ နောက်ဆုံးတွင် ဧရာမ အဆောက်အဦကြီး တစ်ခု သူတို့၏ မြင်ကွင်းထဲကို ဝင်ရောက် လာသည်။ ထိုနေရာကို ညွှန်ပြကာ ဝမ်ယွီချန်းက ရီဖူရှင်းကို ပြောသည်…

“အဲဒါ ကြယ်မင်းကျောင်းပဲ… မြေရိုင်းဒေသ အရှေ့ဘက်နယ်ရဲ့ တန်ခိုးကျင့်ရာ နိဗ္ဗာန်ဘုံလို့ ပြောလို့ရတယ်… မြေရိုင်းဒေသရဲ့ စွမ်းအားအမြင့်ဆုံး မိသားစုတွေတောင်မှ သူတို့ရဲ့ မျိုးဆက်သစ်တွေကို ဒီကိုစေလွှတ်ပြီး သင်ယူစေတယ်…”

“ဆင်းရအောင်…” ကျင့်နန်က ယာဉ်ပျံအား ထိန်းချုပ်ကာ အောက်ကို ဆင်းသက်သည်။ မကြာမီ သူတို့က ကြယ်မင်းကျောင်း အပြင်ဘက်မြေပြင်ကို ကျဆင်းလာသည်။ ကျောင်း အပြင်ဘက်တွင် လူအများအပြားရှိပြီး အများစုမှာ လူငယ်များ ဖြစ်ကြသည်။ တချို့က ကြယ်မင်းကျောင်း၏ တပည့်များဖြစ်ကာ တခြားလူများက လာရောက် ကြည့်ရှုရုံမျှသာ ဖြစ်သည်။

“ငါတို့ ရောက်ပြီ…”

ဝမ်ယွီချန်းက ရီဖူရှင်းကို ပြောသည်။

“ဂျူနီယာ… သွားရအောင်…” ကျင့်နန်က ပြောသည်။

“အင်း…” ဝမ်ယွီချန်းက ခေါင်းညိတ်သည်။ ထို့နောက် သူမက ရီဖူရှင်းကို ပြောသည်…

“ဂရုစိုက်ပါ…”

“သေချာတာပေါ့…” ရီဖူရှင်းက ခေါင်းညိတ်သည်။ ကျင့်နန်၊ ဝမ်ယွီချန်းနှင့် သူတို့လူများက ကျောင်းတော်ထံသို့ လှမ်းသွားကြလျှင် ရီဖူရှင်းက ရုတ်တရက် ခေါ်သည်…

“နေဦး…”

ဝမ်ယွီချန်းက နောက်လှည့်ကာ ရီဖူရှင်းအား ပြောသည်… “ဘာလဲ…” သူမက သိပ်စိတ်ရှည်ဟန် မရပေ။

ရီဖူရှင်းက သူမထံသို့ အိတ်တစ်လုံးကို ကိုင်ကာ လျှောက်သွားသည်။ ထို့နောက် သူက ထိုအိတ်အား ဝမ်ယွီချန်းကို ပေးသည်… “ခရီးစရိတ်…” ဝမ်ယွီချန်းက မျက်မှောင်ကြုတ်ကာ မေးသည်…

“နင်က ဘာကိုဆိုလိုတာလဲ…”

“ခရီးက ရှည်ပြီး ယာဉ်ပျံက အသုံးပြုဖို့ သဘာဝ စွမ်းအင်ကျောက်တုံး လိုအပ်တယ်… ကျုပ်က ဒါကို ပေးသင့်တယ်… ကျုပ်က တခြားလူတွေကို အကြွေးတင်တာ သဘောမကျဘူး…” ရီဖူရှင်းက ပြုံးလျက် ပြောသည်။

ဝမ်ယွီချန်းက သိပ်ပျော်ရွှင်ဟန် မရပေ။ သူမက သူမ၏အဘိုးအား ကတိပေးခဲ့မှတော့ ရီဖူရှင်းတို့အား မိုးမြေကောင်းကင်မြို့သို့ ခေါ်လာခြင်းက သူမ လုပ်သင့်သော အလုပ်ဟု တွေးသည်။ သူမက တစ်စုံတစ်ခု တောင်းဆိုမည် မဟုတ်ပေ။ ရီဖူရှင်း၏ အပြုအမူက သူမအား မလေးမစားရာ ကျပေသည်။

“သူက ပေးမှတော့ ယူသင့်တယ်…” ကျင့်နန်က ပြုံးလျက်ပြောသည်။ ရီဖူရှင်းက သူတို့အကြားက အရာအားလုံးကို ရှင်းရန် ကြိုးစား နေသည်လား…။

ဝမ်ယွီချန်းက သူ့အားကြည့်လျှင် ရီဖူရှင်းက ပြုံးလျက် ပြောသည်… “ယာဉ်ပျံက သူပိုင်တာဆိုတော့ သူလိုချင်ရင် သဘာဝစွမ်းအင် ကျောက်တုံးတွေကို သူ့ကို ပေးနိုင်တယ်… နှုတ်ဆက်ပါတယ်…”

ထို့နောက် ရီဖူရှင်းတို့က ထိုနေရာမှ ထွက်ခွာ သွားကြသည်။ အကယ်၍ သူတို့က မိတ်ဆွေများဆိုပါက ရီဖူရှင်းက စိတ်ထဲထားမည် မဟုတ်ပေ။ သို့သော်လည်း ဝမ်ယွီချန်းနှင့် ကျင့်နန်တို့၏ အပြုအမူများအရ သူတို့က သူ့အား ဆင်းရဲသည်ဟု တွေးထင်ကာ ထိုသို့ ဆက်ဆံနေပုံ ရနေသည်။ သို့ဆိုလျှင်လည်း သူကဘာမှ အကြွေးတင်ခံမည် မဟုတ်တော့…။

“သူ့မှာလည်း ကိုယ်ပိုင် ကျင့်ဝတ်သိက္ခာ ရှိပုံရတယ်…” ကျင့်နန်က ပြုံးလျက်ပြောသည်…

“ထိပ်သီးကျောင်း သုံးကျောင်းက ဘာကိုဆိုလိုတာကို သူက သိပ်နားလည်သေးပုံ မပေါ်သေးဘူး…”

ရီဖူရှင်းက ဘာမှ အကြွေးမတင် မခံလိုဘူးလား…။ ရီဖူရှင်း မသိသည်ကား ထိုသို့ လုပ်လိုက်ခြင်းဖြင့် နောင်တွင် သူက ထိပ်သီးကျောင်း သုံးကျောင်းမှ တပည့်များနှင့် မည်သည့်အခါမှ မိတ်ဆွေ ဖြစ်နိုင်တော့မည် မဟုတ်ခြင်းပင်…။

အနာဂတ်တွင် သူတို့ သဘောပေါက် လာမည်ကား မိုးမြေကောင်းကင်မြို့ကို ရောက်ကာစ လူငယ်များက ပုံမှန်အားဖြင့် လွန်စွာ ယုံကြည်ချက် မြင့်မားကြကာ မာနကြီးကြသည်။ နောက်ပိုင်း ကြာလာသော အခါတွင်ကား သူတို့၏ စိတ်အားထက်သန်မှုများ တဖြည်းဖြည်း ပျောက်ကွယ် သွားပေမည်။ သို့သော်လည်း ကျင့်နန်က သိပ်အလေးမထားပေ။ မည်သို့ဆိုစေ ရီဖူရှင်းတို့ဘဝနှင့် သူ့ဘဝက မည်သို့မှ ဆက်စပ်မရနိုင်သော အနေအထားဟု ကျင့်နန်က ယူဆပေသည်။ သူတို့က နောင်တွင် ဆက်စပ်စရာ အကြောင်း မရှိတော့ပေ။

***

Comment

Leave a Reply

Options

not work with dark mode
Reset