Switch Mode

အပိုင်း (၄၂၇)

ဘေးကင်းခြင်း

မကြာမီ ထိပ်သီးကျောင်း သုံးကျောင်းမှ တန်ခိုးရှင်များ ပြန်လာကြသည်။ နေရာအနှံ့ကို ထွက်ပြေးနေကြသော သားရဲများအပြင် သူတို့က ဘာမှ ရှာမတွေ့ကြပေ။ သူတို့အားလုံး၏ မျက်နှာများ နက်မှောင် သွားကြသည်။ တရားခံက သူတို့၏ မျက်စိရှေ့တွင် အမှန်တကယ် ထွက်ပြေး သွားနိုင်ခဲ့သည်။

တောင်က ဆက်လက် ပြိုလဲနေဆဲဖြစ်ကာ လူအများအပြားက တောင်ပေါ်မှ ဆင်းသက် လာကြသည်။ လက်ရှိ ထိုနေရာကား ဖရိုဖရဲဖြစ်နေတုန်း ဖြစ်သည်။ ရီဖူရှင်းနှင့် သူ၏သူငယ်ချင်းများက တောင်ခြေတွင် တိတ်ဆိတ်စွာ ရပ်နေကြသည်။

သူက မလှုပ်ရှားရသေးမီတွင်ပင် သူက အရာအားလုံးကို အစီအစဉ်ချပြီး ဖြစ်သည်။ သူ၏အစ်ကိုသုံးက သူ၏သံစဉ်ကို ကြားလျှင်ကြားချင်း သူက ရီဖူရှင်းဖြစ်ကြောင်း သိမည်ဖြစ်သည်။ အမှန်ပင် ဂူတုံးလျိုက စွမ်းအားမြင့် တန်ခိုးရှင်များက ရီဖူရှင်းထံ မရောက်စေရန် သူက တားဆီးပေးခဲ့သည်။ ထို့ကြောင့်ပင်လျှင် ရီဖူရှင်းက အစီအစဉ်အား အောင်မြင်အောင် လုပ်နိုင်ခဲ့သည်။ အရာအားလုံးက ဖရိုဖရဲဖြစ်နေကာ သားရဲများက ရုန်းရင်းဆန်ခတ် ဖြစ်နေသည်။ ရီဖူရှင်းက လိုဏ်ဂူထဲမှ ထွက်လာနိုင်သောအခါ သားရဲအုပ်ကို ဖုံးကွယ်လျက် မူလဇာတိပုံစံကို ပြောင်းကာ ရေဓာတ် ကိုယ်ပွားအား ကောင်းကင်သို့ စေလွှတ်ခဲ့သည်။ အရာအားလုံးက အမှားအယွင်းမရှိ လုပ်ဆောင်နိုင်ခဲ့သည်။ ထိုအချိန်က ထိုနေရာ တစ်ခုလုံးက သားရဲများနှင့် သားရဲ ကိုယ်ရောင် ကိုယ်ဝါများ ဖုံးလွှမ်းနေသည်။ မည်သူကမှ သူ့အား သံသယ ဝင်မည် မဟုတ်ပေ။

ဝတ်စုံက သူ၏မျက်နှာအား မဖုံးအုပ်ပေးနိုင်ပေ။ သို့သော် သူ၏သိဒ္ဓိဝင် ပစ္စည်းက သူ၏ ရုပ်ရည်သွင်ပြင်ကို ပြောင်းလဲစေနိုင်သည်။ ထို့အပြင် မိစ္ဆာငှက်ကား မူလနှင့် လုံးဝ ကွဲပြားသွားသည်။ သိမ်းငှက်နက်နှင့် ရီဖူရှင်းတို့က မိစ္ဆာငှက်နှင့် ငွေဝတ်စုံနှင့်လူ ဖြစ်သည်ဟု မည်သူမှ​ထင်ကြမည် မဟုတ်ပေ။

သူ့အား သိရှိနိုင်သော တစ်ခုတည်းသော အရာက နဂါးမြက်တွင် တွယ်ငြိနေသော မိစ္ဆာနဂါး ဖြစ်သော်လည်း သူ့အား ရီဖူရှင်းက ဖယ်ရှားပြီး ဖြစ်သည်။ ထို့နောက်တွင်ကား ရီဖူရှင်းက ပုံမှန် သရုပ်ဆောင် သွားရန်သာ လိုတော့သည်။

ထိပ်သီးကျောင်း သုံးကျောင်းမှ တန်ခိုးရှင်များက လေထဲတွင် ရပ်ကာ သူတို့၏ မျက်နှာများက လွန်စွာ သုန်မှုန်နေကြသည်။ လူအများအပြားက ပြင်းထန်စွာ ဒဏ်ရာရကြပြီး တခြားလူများ၏ အကူအညီဖြင့် သယ်ယူကြရသည်။

ထိပ်သီးကျောင်း သုံးကျောင်းက မိစ္ဆာနဂါးဇုန်အား ပိတ်ဆို့ကာ နဂါးမြက် ရင့်မှည့်မည့် အချိန်ကို စောင့်စားနေခဲ့ကြသည်။ သူတို့က နဂါးမြက်အား ရယူရန် စိတ်ပိုင်းဖြတ်ထား ကြသည်။

ယခု ထိပ်သီးကျောင်း သုံးကျောင်းက သည်မျှ အားကောင်းသော အဖွဲ့ကို စေလွှတ်ခဲ့သည့်တိုင် တစ်စုံတစ်ယောက်က သူတို့၏ မျက်လုံး ရှေ့တွင် နဂါးမြက်အား လုယက်သွားခဲ့သည်။ ဘယ်လောက် ရှက်စရာ ကောင်းသနည်း…။

ကောင်းကင်တွင် စွမ်းအားအမြင့်ဆုံး နိုဘယ်များက သူတို့၏အောက်မှ တန်ခိုးရှင်များကို ကြည့်ကြသည်။ မူလက သူတို့က ဂူးတုံးလျိုနှင့် မိစ္ဆာနဂါးအား တားဆီးထားခြင်းဖြင့် သူတို့၏ တပည့်များက နဂါးမြက်အား ရယူနိုင်မည်ဟု ထင်မှတ်ခဲ့ကြသည်။ သို့သော်လည်း ထိပ်သီးကျောင်း သုံးကျောင်းမှ တပည့်များက သူတို့အား စိတ်ပျက်စေခဲ့သည်။ တပည့်များကလည်း တစ်နည်းနည်းဖြင့် အရှက်ရကြ၏။

“အဲဒါ ဘယ်သူလဲ…” ကြယ်မင်းကျောင်းမှ ထန်ကျုံးက မြေပြင်မှ တပည့်များအား မေးသည်။

“အရမ်း အားကောင်းတဲ့ သားရဲဆရာပဲ … သူက သားရဲတွေကို ထိန်းချုပ်ပြီးတော့ ဂီတသံစဉ်တွေကို သုံးပြီး သားရဲတွေကို စိတ်လွတ်သွားအောင် လုပ်ပြီး မြင်မြင်သမျှ လူတွေကို တိုက်ခိုက်စေတယ်…” ကျင့်နန်က ပြောသည်… “ကျုပ်တို့က သူ့ကို မယှဉ်နိုင်ဘူး… သူရိယနေမင်း ကျောင်းက လူတချို့ဆို အဲဒီနေရာမှာပဲ အသတ်ခံခဲ့ရတယ်… ”

“သူက တကယ်ပဲ အားကောင်းတယ်… သူ့ရဲ့ ဂီတသံစဉ်ထဲမှာ အရမ်း အားကောင်းတဲ့ စိတ်ဝိညာဉ် တိုက်ခိုက်မှုတွေ ပါတယ် … ဘယ်သူမှ သူ့ကို မတားနိုင်ဘူး…” ဝမ်ယွီချန်းက ပြောသည်။ သူတို့အားလုံးက လက်တွေ့ ခံစားခဲ့ရသူများ ဖြစ်ကာ ထိုလူထူးလူဆန်းက မည်မျှ အားကောင်းသည်ကို သူတို့ သိကြသည်။

“မင်း သူ့ကို သိတယ်… ဟုတ်တယ်မလား…” ထန်ကျုံးက ဂူတုံးလျိုကို ကြည့်ကာ အေးစက်စွာ ပြောသည်။

ထိပ်သီးကျောင်း သုံးကျောင်းမှ တန်ခိုးရှင်များက ဂူတုံးလျိုအား အေးစက်စွာ ကြည့်ကြသည်။ အကယ်၍ ခုနကသာ ဂူတုံးလျိုက သူတို့အား မပိတ်ဆို့ခဲ့လျှင် ထိုလူထူးလူဆန်းက လွတ်မြောက်သွားမည် မဟုတ်ပေ။

ဂူတုံးလျိုက ထန်ကျုံးအား ခံစားချက် ကင်းမဲ့စွာ ကြည့်သည်။ သူ၏ ခန္ဓာကိုယ်မှ တောက်ပ လင်းလက်နေဆဲ ဖြစ်သည်။ နောက်လှည့်ကာ သူက ထွက်သွားတော့မည် ဟန်ပြင်၏။

“မင်းက ဒီအတိုင်း ထွက်သွားလို့ ရမလား…” ထန်ကျုံးက အေးစက်စွာ ပြောသည်။ ရှေ့ကို တက်သွားကာ သူက လေဟာနယ်အား ထွင်းဖောက်လျက် ဂူတုံးလျိုထံသို့ လျှောက်သွားသည်။ သူက လက်ကို ဆန့်တန်းက လက်ဝါးကို ဆုပ်ကိုင်လိုက်သည်။ ချက်ချင်းပင် မဆုံးနိုင်သော မြေဓာတ်သဘာဝ စွမ်းအင်များက ကောင်းကင်တွင် လှုပ်ခတ်သွားကာ ဂူတုံးလျိုထံသို့ စီးဆင်း သွားကြသည်။ လမ်းခုလတ်တွင်ပင် ထိုစွမ်းအင်များက ကျောက်တုံး ကျောက်ခဲများ အဖြစ် ပြောင်းလဲသွားကာ ဂူတုံးလျိုအား လှည့်ပတ် ဖုံးအုပ်သွားကြ၏။

“ဥက္ကာခဲများဖြင့် နှစ်မြှုပ်ခြင်း”

ကြယ်မင်းကျောင်းမှ တပည့်များ အားလုံးက အံ့အားသင့် သွားကြသည်။ ကြည့်ရသည်မှာ ထန်ကျုံးကား အမှန်ပင် ဒေါသထွက်နေပုံ ရသည်။

ထန်းကျုံးကား အလွန် ထက်မြက်သော ပါရမီရှင်ဖြစ်ကာ အလွန်လည်း အားကောင်းသည်။ သူက နဂါးမြက်ကို လာရောက် ဆောင်ယူသည်မှာ နဂါးမြက်က သူ့အား လက်ရှိအဆင့်မှ နောက်တစ်ဆင့်သို့ တက်ရောက်ရန် မျှော်လင့်ချက် ဖြစ်သောကြောင့်ပင်။ နဂါးမြက်ဖြင့် သူက ရှီအဆင့်ကို တက်ရောက်ရန် မျှော်လင့်ချက် ရှိပေသည်။ သို့သော်လည်း ယခု နဂါးမြက်အား အပြင်လူ တစ်ယောက်က ယူဆောင်သွားပြီး ဖြစ်သည်။ ထန်ကျုံးကဲ့သို့ စွမ်းအားမြင့်ကာ မာနကြီးသော လူအတွက် သည်းမခံနိုင်စရာပင်။

မရေမတွက်နိုင်သော လူများက ကောင်းကင်မှ အခြေအနေကို စောင့်ကြည့် နေကြသည်။ ထိပ်သီးကျောင်း သုံးကျောင်းမှ တပည့်များ၏ မျက်နှာများက အေးစက်နေကြသည်။ သည်မတိုင်မီက ဂူတုံးလျိုက ရုတ်တရက် တိုက်ခိုက်ခဲ့ကာ သူတို့၏ လမ်းကြောင်းများကို ပိတ်ဆို့ခဲ့သည်။ သို့သော်လည်း ထိုအချက်က သူတို့က ဂူတုံးလျိုထက် အားနည်းသည်ဟု မဆိုလိုပေ။

လက်ရှိတွင်ကား သူတို့အားလုံးက ဂူတုံးလျိုကို လွန်စွာ စိတ်ဆိုး ဒေါသထွက် နေကြပြီ ဖြစ်သည်။

ဂူတုံးလျို၏ အနီးတွင် ဥက္ကာခဲများ ဆက်တိုက် ဖြစ်ပေါ်လာသည်။ ထိုနေရာ တစ်ခုလုံးကလည်း အားကောင်းသော မြေဆွဲအားဖြင့် ပြည့်နှက်နေပြီး ကောင်းကင်က ပြိုကျတော့မည့်အလား ထင်မှတ်ရသည်။ ထိုအခိုက်တွင် အဖြူရောင်ဝတ်စုံ ဝတ်လူငယ်ကား သေးငယ်က အထီးကျန် ဆန်လှသည်။

“မြှုပ်နှံခြင်း…” ထန်ကျုံးက အေးစက်စွာ ပြောသည်။ ချက်ချင်းပင် မရေမတွက်နိုင်သော ကျောက်တုံး ကျောက်ခဲများက ဂူတုံးလျို၏ ခန္ဓာကိုယ်အား ဗဟိုပြု၍ စုစည်းသွားကြကာ ချက်ချင်း သူ့အား ကျောက်တုံးများ အောက်တွင် နစ်မြုပ်သွားစေသည်။ ထိုမြင်ကွင်းကား အမှန်ပင် ကြောက်မက်ဖွယ် ကောင်းလွန်းလှသည်။

ဘန်း… ဘန်း … ဘန်း …

ကျောက်တုံး ကျောက်ခဲကြီးများက လျှပ်စီးအလား မြန်ဆန်လွန်းလှကာ ဂူတုံးလျိုအား နစ်မြုပ်သွားစေသည်။

ရီဖူရှင်း၏ မျက်လုံးက အရောင်လက် သွားသည်။ ထိုတိုက်ကွက်ကား အမှန်ပင် အားကောင်းလှသည်။ သို့သော်လည်း သူက သိပ်စိတ်မပူပေ။ ထန်ကျုံးက ကြယ်မင်းကျောင်းမှ ပါရမီရှင် နိုဘယ် ဖြစ်သော်လည်း သူ၏ အစ်ကိုသုံးနှင့် ပတ်သက်၍ သူက ကောင်းကောင်း သိနားလည် ပေသည်။ ထို့အပြင် ဆရာဒူက ကြယ်မင်း ကျောင်းထက်နိမ့်ကျသော နည်းစနစ်များကို အစ်ကိုသုံးအား သင်ကြားပေးမည် မဟုတ်သည်ကို သူသိသည်။ မည်သို့ဆိုစေ ဆရာဒူကား အရှင်ဒွန်ဟောင်နှင့် ဆက်စပ်နေသည် မဟုတ်ပါလား…။

ထန်ကျုံး၏ လက်က ဆုပ်ကိုင်ထားဆဲဖြစ်ကာ ဥက္ကာခဲများက အဆက်မပြတ် ကျဆင်းနေဆဲ ဖြစ်သည်။ အကယ်၍ ဂူတုံးလျိုက မသေလျှင်ပင် သူက အပိုင်းအပိုင်းအစစ ဖြစ်နေလောက်လေပြီ…။

ထိုစဉ် ဂူတုံးလျိုအား ဥက္ကာခဲများ နစ်မြုပ် လှည့်ပတ်နေရာမှ လွန်စွာ လင်းလက် တောက်ပလာသည်။ ထို့နောက် အက်ကွဲသံများနှင့်အတူ ဘုန်းခနဲ မြည်ဟည်းသွားကာ ကျောက်တုံး ကျောက်ခဲကြီးများက အစိတ်စိတ် အမြွှာမြွှာ ဖြစ်သွားပြီး ဂူတုံးလျိုက အထဲမှ ထွက်ပေါ် လာသည်။

လက်ရှိတွင် ဂူတုံးလျိုအား ရှေးဟောင်း သင်္ကေတကိုးခု လှည့်ပတ်ကာ နတ်ဘုရား အလင်းများ ဖြာထွက်လျက် လေထဲတွင် ရပ်နေသည်။

ထန်းကျုံးက မျက်မှောင်ကြုတ် လိုက်သည်။ ထိုစဉ်မှာပင် သူရိယ နေမင်းကျောင်းနှင့် စန္ဒာလမင်းကျောင်းတို့မှ တန်ခိုးရှင် တစ်ယောက်စီတို့က ရှေ့ကို တက်လာကြသည်။ လွန်စွာ အေးစက်သော ဓာတ်စွမ်းအားက စန္ဒာက လမင်းကျောင်းမှ တန်ခိုးရှင်ထံမှ ထွက်ပေါ်လာသည်။ ချက်ချင်းပင် ထိုနေရာတစ်ခုလုံးကို မြူများ ဖုံးအုပ်သွားပြီး လူတိုင်း၏ လှုပ်ရှားမှုကို နှေးကွေး သွားစေသည်။ ထိုနေရာတစ်ခုလုံး ရုတ်တရက် အေးစက်သွားလျှင် နိုဘယ် အဆင့်အောက်မှ လူများက ထိန်းချုပ်မရအောင် ကျောများ စိမ့်တက် လာကြသည်။

ဂူတုံးလျိုက သူ၏အာရုံခံစားမှုနှင့် လှုပ်ရှားမှုတို့က နှေးကွေး သွားသည်ကို ခံစားရသည်။ တခြားတစ်ဖက်တွင် သူရိယနေမင်း ကျောင်းဘက်မှ နေမင်းတစ်စင်း ပေါ်လာဟန်ရသည်။ ကောင်းကင်တွင် နေမင်းထံမှ အလင်းတန်းများက ဖြာထွက်လာကာ ဂူတုံးလျိုထံသို့ ရောက်ခြည်များ အလား ကျဆင်းလာသည်။ အေးခဲမှုနှင့် လောင်ကျွမ်းမှုနှစ်ခု ပေါင်းစပ်သွားသောအခါ အမှန်ပင် အားကောင်းလွန်း လှသည်။

“သူ့ကို ထုတ်ပေးရင် မင်းကို အသက် ချမ်းသာပေးမယ်…” သူရိယနေမင်းမှ တန်ခိုးရှင်က အေးစက်စွာ ပြောသည်။ ထိပ်သီးကျောင်း သုံးကျောင်းမှ တန်ခိုးရှင်များက ဂူတုံးလျိုအား ပူးပေါင်း တိုက်ခိုက် နေကြသည်။

ဂူတုံးလျို၏ အမူအရာကား အမြဲတမ်း တည်ငြိမ်နေသည်။ သူ၏ခန္ဓာကိုယ်အား သင်္ကေတကိုးခုက ကြမ်းတမ်းစွာ လှည့်ပတ်သွားကာ သူ့နောက်မှ ပုံရိပ်ယောင် စစ်နတ်ဘုရားက ဂူတုံးလျို၏ မူလခန္ဓာနှင့် ပေါင်းစပ်သွားဟန် ရသည်။ ချက်ချင်းပင် ဂူတုံးလျို၏ ကိုယ်ရောင်ကိုယ်ဝါက ပိုမိုအားကောင်းသွားပြီး သူ့ဘေးပတ်ပတ်လည်တွင် များစွာသော ဓားအသိများ မွေးဖွားလာကာ ရောက်ရှိလာသော တိုက်ခိုက်မှုများကို ပယ်ဖျက်သည်။

ဂူတုံးလျိုက ရုတ်တရက် ရှေ့ကို တက်သွားသည်။ သူက လျှပ်စီးအလား ပြောင်းလဲသွားပြီး လေဟာနယ်ကို ဖြတ်ကျော် သွားဟန် ရသည်။ သူက တခြား တန်ခိုးရှင် နှစ်ယောက်၏ တိုက်ခိုက်မှုကို ခုခံနေရင်းက သူက ထန်ကျုံး၏အနီးကို ချဉ်းကပ်လာသည်။

ဂူတုံးလျိုက သူ၏လက်ကို ဆန့်တန်းလိုက်လျှင် ကြောက်မက်ဖွယ် ကောင်းသော တံဆိပ်တော်တစ်ခု ဖြစ်ပေါ်လာသည်။ သူကား လောက၏ ဧကရာဇ်အလား စွမ်းအား ကောင်းလွန်းလှသည်။ ထိုအရာကား တံဆိပ်တော်ကိုးခုထဲမှ ကျွင်းလင် တံဆိပ်တောင် ဖြစ်သည်။

ထန်ကျုံးကလည်း သူ၏လက်ကို မြှောက်ကာ ရိုက်ထုတ် လိုက်သည်။ သူ့ထံမှ ကြယ်တစ်စင်း ထွက်ပေါ်လာဟန် ရသည်။ တိုက်ခိုက်မှုနှစ်ခုက တွေ့ဆုံမိလျှင် ကောင်းကင်က တုန်ယင်သွားကာ တဝုန်းဝုန်း အသံများ ထွက်ပေါ်လာသည်။

သင်္ကေတကိုးခုက လည်ပတ်သွားလျှင် ပိုမိုအားကောင်းသော ဒုတိယမြောက် တိုကျန်းတံဆိပ်တော် ဖြစ်ပေါ်လာသည်။ ထိုအရာက ထန်ကျုံးထံသို့ တိုးဝင်သွားသည်။

ထန်ကျုံး၏အမူအရာက အနည်းငယ် ပြောင်းလဲသွားသည်။ မာန်တစ်ချက် သွင်းကာ သူက ဆက်လက်၍ ပိတ်ဆို့ ကာကွယ်သည်။

သို့သော်လည်း တိုကျန်းတံဆိပ်တော်ပြီးလျှင် နောက်ထပ် ဖော်မေ့တံဆိပ်တော်နှင့် ကျင့်ခမ်တံဆိပ်တော်တို့ ဆက်တိုက် ရောက်ရှိလာသည်။ နောက်ဆုံးတွင် ကျင့်ခမ်တံဆိပ်တော် လက်ချက်တွင် ထန်ကျုံးက အဝေးကို လွင့်စဉ်သွားပြီး ကျောက်တောင်နံရံနှင့် ရိုက်မိသည်။

ကြယ်မင်းကျောင်းမှ လူများ၏ အမူအရာများက ပြောင်းလဲသွားသည်။ ထန်ကျုံးက အမှန်တကယ် ရှုံးနိမ့်ခဲ့သည်လား…။

ဂူတုံးလျိုက နောက်လှည့်ကာ တခြား တန်ခိုးရှင် နှစ်ယောက်အား ကြည့်သည်။ သင်္ကေတကိုးခုက သူ့အား လှည့်ပတ်နေကာ များစွာသော တံဆိပ်တော်များကို ဖန်တီးသည်။ သူက လက်ကို မြှောက်လိုက်လျှင် တံဆိပ်တော်များက ထိုလူနှစ်ယောက်ထံသို့ မြန်ဆန်စွာ တိုးဝင်သွားကြသည်။

သူတို့နှစ်ယောက်၏ မျက်နှာက ပျက်ယွင်းသွားကာ များစွာသော အရံအတားများ နည်းစနစ်များကို သုံးကာ ကာကွယ်ကြသည်။

ဂူတုံးလျိုက လေထဲကို ဖြည်းညင်းစွာ တက်ရောက် သွားသည်။ ထိပ်သီးကျောင်း သုံးကျောင်းမှ တန်ခိုးရှင်များကို အေးစက်စွာ ကြည့်ကာ သူက အေးစက်စွာ ပြောသည်… “မင်းတို့ အချိန်မဖြုန်းနဲ့တော့… ကျုပ် ထွက်သွားချင်ရင် မင်းတို့ တားလို့ မရဘူး…” ထို့နောက်တွင် သူက အလင်းတန်းအဖြစ် ပြောင်းလဲသွားကာ အဝေးကို ပျံသန်း ထွက်ခွာသွားသည်။ သူကား မြန်ဆန်လွန်းလှသဖြင့် လူအများက သူ့နောက်ကို လိုက်နိုင်စွမ်းပင် မရှိပေ။

ထိပ်သီးကျောင်း သုံးကျောင်းမှ လူများ၏ မျက်နှာများက သုန်မှုန် သွားကြသည်။ သူတို့က အဝေးကို ပျံသန်း ပျောက်ကွယ် သွားသော အလင်းတန်းအား ငေးကြည့်နေကြဆဲ ဖြစ်သည်။

ယနေ့ ထိပ်သီးကျောင်း သုံးကျောင်းက အရှက်တကွဲ ဖြစ်ကြရသည်။

“နဂါးကို ခေါ်လာခဲ့…” တစ်ယောက်က အေးစက်စွာ ပြောသည်။ ထို့နောက်တွင် တန်ခိုးရှင် အနည်းငယ်က နဂါးကြီးအား သွားရောက် ဖမ်းခေါ်လာခဲ့ကြသည်။ ထို့နောက်တွင် ကျောင်းသုံးကျောင်းမှ စွမ်းအားမြင့် တန်ခိုးရှင်များက တိုက်ရိုက် ထွက်ခွာ သွားကြသည်။ သူတို့က မြေပြင်မှ တပည့်များကိုပင် ဂရုမစိုက်ကြတော့ပေ။ သူတို့က ဤနေရာတွင် ဆက်နေရန် လွန်စွာ အရှက်ရကြသည်။

ထိုအခိုက်တွင် နဂါးကြီးကလည်း ခေါ်ဆောင်သွားခြင်း ခံရသလို တောင်ကြီးကလည်း အစိတ်အပိုင်း အတော်များများ ပြိုလဲကျနေသည်။ ထိုမြင်ကွင်းကို ကြည့်ကာ ထိပ်သီးကျောင်း သုံးကျောင်းနှင့် အဝေးမှ လူများက စိတ်ခံစားချက်များ ရှုပ်ထွေးလျက် ရှိနေကြသည်။

ကြည့်ရသည်မှာ ထိပ်သီးကျောင်း သုံးကျောင်းပင် တစ်ခါတစ်ရံ မအောင်မြင်သည်များ ရှိနေပေသည်။

အဖြူရောင်ဝတ်စုံဝတ် စာပေသမားက ဘယ်သူလဲ…။ ငွေရောင်ဝတ်စုံဖြင့် လူငယ်က ဘယ်သူလဲ…။ သူတို့က ထူးဆန်းသော နေရာတစ်ခုခုမှ တပည့်များလား… သို့မဟုတ် သူတို့က မြေရိုင်းဒေသ အဓိက အင်အားစုများမှ တပည့်များလား…။

လူအများအပြားက ယနေ့ တိုက်ပွဲတွင် သင်ခန်းစာများစွာ ရခဲ့ကြသည်။ ထိပ်သီးကျောင်း သုံးကျောင်းက သည်နယ်တွင် အားအကောင်းဆုံးဟု သူတို့ အမြဲတမ်း တွေးထားခဲ့ကြသည်။ သို့သော်လည်း ယနေ့ ပြင်ပလူနှစ်ယောက် ပေါ်လာကာ သူတို့အား ကျော်ဖြတ်၍ နဂါးမြက်အား ရယူသွားသည်။

“သွားမယ်… နဂါးလိုဏ်ဂူထဲမှာ ရတနာတွေ အများကြီး ရှိသေးတယ်…” တစ်ယောက်က ပြောသည်။ ထို့နောက်တွင် လူများစွာက နဂါးလိုဏ်ဂူထဲကို ဝင်ရောက် သွားကြသည်။

တခြားတစ်ဖက်တွင် ရီဖူရှင်းတို့က တိတ်ဆိတ်စွာ ထွက်ခွာ သွားကြသည်။ မည်သူမှ ထိုအရေးမပါသော လူငယ်တစ်ခုအား အရေးမစိုက်ပေ။

သူတို့က သားရဲတောထဲကို ဝင်ရောက် လာကြသည်။ ရှေ့တွင်ကား စမ်းချောင်းလေး တစ်ခု ရှိသည်။

“အစ်ကိုသုံး…” ရီဖူရှင်းက အော်လိုက်သည်။

“အင်း…” အသံတစ်သံ ထွက်လာသည်။ ထို့နောက်တွင် ဂူတုံးလျိုက သူတို့၏ရှေ့ကို ဆင်းသက် လာသည်။ ရီဖူရှင်းအား ကြည့်ကာ သူက မေးသည်… “မင်းက မြေရိုင်းဒေသကို အစောကြီး လာခဲ့တာပဲ…”

“အရှေ့မြေရိုင်း ဒေသမှ ဆက်နေတာထက် မြေရိုင်းဒေသမှ ပိုပြီး အခွင့်အလမ်း များမယ်ထင်လို့ ကျွန်တော်တို့က စောစော ထွက်လာကြတာ…” ရီဖူရှင်းက ပြုံးလျက်ပြောသည်။ ထို့နောက် သူက နဂါးမြက်အား ထုတ်ယူကာ ပေးသည်… “အစ်ကိုသုံး… ခင်ဗျားက ဒါကိုသုံးပြီး အဆင့်တက် နိုင်တာလား…”

“ရှီအဆင့်ကို ဝင်ဖို့က သိပ်မလွယ်ဘူး… ဒါက အကူအညီ ဖြစ်တယ်လို့ပဲ ပြောနိုင်တယ်…” ဂူတုံးလျိုက နဂါးမြက်အား လှမ်းယူကာ နှစ်ပိုင်း ပိုင်းလိုက်ကာ ပြောသည်… “မင်းတို့ကလည်း နည်းနည်းစီ သုံးသင့်တယ်… ဒါက မင်းတို့ အဆင့်တက်ဖို့ လုံလောက်တယ်…”

“အဲဒါက အစ်ကိုသုံးအတွက် လုံလောက်ရင်ရပြီ… ကျွန်တော်တို့က နောက်မှ အဆင့်တက်မယ်…”

ရီဖူရှင်းက ပြောသည်။ အစ်ကိုသုံးက နဂါးမြက်အား အလိုရှိမှတော့ သူက လောဘကြီးမည် မဟုတ်တော့ပေ။ ဂူတုံးလျို၏ တန်ခိုးအဆင့်က ပိုမိုမြင့်မားရာ သူ့အတွက် အဆင့်တက်ရန် ပိုမိုခက်ခဲပေမည်။ ကော့တေး တပည့်များက တစ်ယောက်နှင့် တစ်ယောက် ခွဲခြားနေစရာ မလိုပေ။

“တစ်ဝက်က အကူအညီ မဖြစ်ရင် မင်းက အားလုံးကို ပေးရင်လည်း ဒီအတိုင်းပဲဖြစ်မှာပဲ…” ဂူတုံးလျိုက ပြောသည်… “မင်းတို့ သားရဲတွေ သတိမထားမိခင် ယူလိုက်ကြ… ”

“ကောင်းပြီ… ” ရီဖူရှင်းက ခေါင်းညိတ်ကာ နဂါးမြက်ပင် တစ်ဝက်အား ပြန်ယူလိုက်သည်။

***

Comment

Leave a Reply

Options

not work with dark mode
Reset