Switch Mode

အပိုင်း (၄၂၆)

လျှို့ဝှက်စွာ ထွက်ပြေး လွတ်မြောက်ခြင်း

ရှမ်းဟိုင်က ဤနေရာတွင် သေရမည်ဟု တစ်ခါမှ မမျှော်လင့်ထားခဲ့ပေ။ သူက မိသားစု၏ဖယ်ကြဉ်မှုကို ခံရ၍ ရှမ်းယွန်ဖန်း နောက်ကို လိုက်ရန် ဆုံးဖြတ်ခဲ့သည်။ သို့သော်လည်း သူက မိသားစုမှ ထွက်ခွာပြီး သိပ်မကြာမီတွင်ပင် ရှမ်းယွန်ဖန်းနှင့် သူတို့ နှစ်ယောက်လုံး အသတ်ခံရသည်။ ထိုအရာများ အားလုံးက ကျောက်စိမ်းဖြူ မျှော်စင်မှ အကျိုးဆက်များ ဖြစ်ပေသည်။

သူ၏စိတ်ထဲတွင် နောက်ဆုံး ကျန်နေရစ်သော ပုံရိပ်ကား သူက ကျောက်စိမ်းဖြူ မျှော်စင်တွင် ရီဖူရှင်း၏ရှေ့တွင် သဘာဝစွမ်းအင် ကျောက်တုံးများကို ပစ်ချလျက် မောက်မာဝင့်ကြွားစွာ ရပ်နေသော သူ၏ပုံဟန်ဖြစ်သည်။ ထိုစဉ်က သူကား ယွန်ယွဲ့ကုန်သည် အုပ်စု၏ ထွန်းတောက်နေသော ပါရမီရှင်တစ်ယောက် ဖြစ်သည်။ သူက မှော်ဆရာဝူနှင့် မိစ္ဆာဓားတို့အား ဖိတ်ခေါ်နိုင်ခဲ့ကာ သူ၏မိသားစုအတွက် အကျိုးဆောင်ပြီး သူ၏အနာဂတ်ကလည်း လွန်စွာ ကောင်းမွန်တော့မည်ဟု ထင်မှတ်ခဲ့သည်။ သို့သော်လည်း အရာအားလုံးက သူက အရေးမပါဟု ယူဆခဲ့သော အပြုအမူ တစ်ခုတည်းကြောင့် ပျက်စီး သွားခဲ့ရသည်။ သူက ရီဖူရှင်းကို ဒုတိယအကြိမ် မြင်ရသောအခါ သူကား ကြီးမြတ်ကာ ပြိုင်ဘက် ကင်းပေသည်။

ယခု သည်တစ်ကြိမ် တွေ့ဆုံခြင်းက တတိယအကြိမ် ဖြစ်သည်။ ရီဖူရှင်းကား ယွန်ယွဲ့စင်မြင့်ပေါ်က ပုံစံမဟုတ်တော့ဘဲ ဝမ်ယွီချန်း နောက်ကိုလိုက်ကာ နှိမ့်ချကာနေသည်။ သို့သော်လည်း သူလှုပ်ရှားသည်နှင့် သူကား ယခင်ကထက်ပင် အားကောင်းနေဟန် ရသည်။

ဘယ်တစ်ယောက်က သူ၏အစစ်အမှန်လဲ…။ ကျောက်စိမ်းဖြူမျှော်စင်မှ ကိစ္စသာ မရှိခဲ့လျှင် ရီဖူရှင်းက သူ၏အကူ ဖြစ်လာနိုင်ခဲ့မလားဟု ရှမ်းဟိုင် တွေးမိသည်။ ထို့ကြောင့် သူ၏ကံကြမ္မာက ပြောင်းလဲသွားမလား သူသိလိုသည်။

အကယ်၍ဟူသော စကားက လက်တွေ့တွင် မရှိပေ။ ရှမ်းဟိုင်၏ ခန္ဓာကိုယ်က မြေပြင်ပေါ်ကို လဲပြိုကျသွားသည်။ သူက ထပ်မတွေးတော့ပေ။ ယွန်ယွဲ့ကုန်သည် အုပ်စု၏ သခင်လေး ငါကား ဤနေရာတွင် ထာဝရ လဲလျောင်း နေရတော့မည်…။ သူ့အား ရီဖူရှင်း သတ်သွားသည်ဟု ယွန်ယွဲ့ကုန်သည် အုပ်စုက သိရှိနိုင်တော့မည်လည်း မဟုတ်တော့ပေ။

မြေပြင်ပေါ်တွင် ရှမ်းဟိုင်နှင့် ရှမ်းယွန်ဖန်းတို့၏ အသက်မဲ့နေသော ခန္ဓာကိုယ်တို့ကို ဝမ်ယွန်ချန်းက အဝေးမှ မြင်ကာ လုံးဝ ထိတ်လန့်နေသည်။ သူမကဲ့သို့ပင် ရှမ်းယွန်ဖန်းက ယွန်ယွဲ့မြို့မှ လာကာ ထိပ်သီးကျောင်း သုံးကျောင်းကို ဝင်ရောက်နိုင်သော ပါရမီရှင်ဖြစ်သည်။ သို့သော် သူက ဤနေရာတွင် သေဆုံးခဲ့ရသည်။

ခေါင်းမော့ကာ ဝမ်ယွီချန်းက လွန်စွာ လင်းလက် တောက်ပကာ စွမ်းအားမြင့်သော ငွေရောင်ဝတ်လူအား ကြည့်ပြီး သူမ၏ခေါင်းထဲကို ထူးဆန်းသော အတွေးများ ဝင်လာသည်။ ထိပ်သီးကျောင်း သုံးကျောင်းမှ လူများကား လွန်စွာ ထူးချွန်ကြသူများ ဖြစ်ကြသော်လည်း ယခုတွင် သူက လူအားလုံး၏ အာရုံကို ရယူထားသည်။ သူက မည်သို့သော လူမျိုးနည်း…။

လက်ရှိတွင် သူကား မိစ္ဆာငှက်၏ နောက်ကျောတွင် ထိုင်လျှင် ရှေ့ကို သွားနေဆဲ ဖြစ်သည်။ သူ၏သံစဉ်က အားကောင်းသော မုန်တိုင်းတစ်ခုအဖြစ် ပြောင်းလဲသွားကာ သားရဲများနှင့် တန်ခိုးရှင်များကို လွှမ်းမိုးထားသည်။ သူက တစ်ဖက်လူကို ဂီတနှင့် တိုက်ခိုက်လျှင် သူတို့၏စိတ်ထဲတွင် ဖျက်ဆီးအား ကောင်းသော သံစဉ်က ပေါက်ကွဲလေ့ရှိသည်။

သူ့အနီးတွင်ကား ရာကျော်သော သားရဲများက သူ၏အမိန့်ကိုနာခံကာ လိုက်ပါနေကြသည်။ ထို့အပြင် ထိုသားရဲများမှာ အဆင့်မြင့် အကာနာ တန်ခိုးရှင်များ ဖြစ်ကြသည်။ သူတို့က သံစဉ်ကြောင့် ပိုမိုရုန့်ရင်း ရက်စက်နေကြကာ သူတို့၏ အမြင်အာရုံမှ ရှိရှိသမျှသော အရာများကို ဖျက်ဆီးကြသည်။ ထိပ်သီးကျောင်း သုံးကျောင်းမှ ပါရမီရှင်များပင် ထိုသားရဲအုပ်ကြီးအား မတားဆီးနိုင်ပေ။

ဝမ်ယွီချန်းနှင့်အတူ ပါလာ​သော ပါရမီရှင် ကျင့်နန်အပါအဝင် များစွာသော တန်ခိုးရှင်များက သားရဲများကြောင့် ဒဏ်ရာရကြသည်။ တခြား ကျောင်းများကလည်း ထို့အတူပင်။

လေထဲတွင် ရီဖူရှင်းကား ဧကရာဇ်အလင်းများ ဖြာထွက်နေသည်။ သူက ဧကရာဇ်အသိအား သူ၏သံစဉ်ထဲတွင် ပေါင်းစပ်ထားရာ သူ၏ဂီတကား ကြောက်မက်ဖွယ် ကောင်းသော စိတ်ဝိညာဉ် တိုက်ခိုက်မှုကို ပြုလုပ်နိုင်သည်။ သူ၏သံစဉ်က သူ၏အနီးမှ သားရဲများကို အားကောင်းစေကာ ရန်သူကိုလည်း တိုက်ခိုက်နိုင်သည်။ ထို့အပြင် သိမ်းငှက်နက်ကား ကောင်းကင်တောင်မှ မိစ္ဆာငှက်၏ အသိအား ဝါးမျိုခဲ့ရကာ သူ့အား ဆင့်ကဲပြောင်းလဲစေပြီး မိစ္ဆာငှက် ဖြစ်သွားစေခဲ့သည်။ သူက မိစ္ဆာငှက်အဖြစ် ပြောင်းနေချိန်တွင် သူ၏တိုက်ခိုက်ရေး စွမ်းအင်က အလွန့်အလွန် အားကောင်းပေသည်။

များစွာသော တန်ခိုးရှင်များက တစ်ယောက်ပြီး တစ်ယောက် အဝေးကို လွင့်စဉ်သွားကြပြီး မိစ္ဆာငှက်က ရှေ့ကို တိုးသွားခြင်းကို မတားဆီးနိုင်ကြ​ပေ။ သားရဲများက ဖောက်ပေးသော လမ်းအတိုင်း မိစ္ဆာငှက်က နဂါးမြက်ထံသို့ ပျံသန်း သွားနေသည်။

ရုတ်တရက် လူတစ်ယောက်က ရီဖူရှင်းထက်ပင် မြန်ဆန်စွာ ပျံသန်းလာ၏။ လူတိုင်းက ရီဖူရှင်းကို အာရုံစိုက်နေစဉ်မှာပင် သူက လက်ကို ဆန့်တန်းလျက် နဂါးမြက်ကို လှမ်းဆွဲလိုက်သည်။

ရီဖူရှင်း၏ မျက်လုံးများထဲတွင် အေးစက်သော အငွေ့အသက်များ ထွက်ပေါ်လာသည်။ သူ၏လက်ချောင်းက ကု့ချင်းကို ထိခတ်သွားသည်နှင့် မရေမတွက်နိုင်သော သံစဉ်များက ဆက်တိုက် လှုပ်ရှား ထွက်ပေါ်လာသည်။ ထို့နောက်တွင် လေထုထဲတွင် လှည့်ပတ် ဖြစ်ပေါ်နေသော သံစဉ်မုန်တိုင်းက ထိုလူထံ တိုးဝင်သွားသည်။ ထိုလူက သူ့ထံသို့ လွန်စွာကြီးမားသော ဖိအားတစ်ခု ဆင်းသက်လာသည်ကို ခံစားရကာ သူ၏မျက်နှာအမူအရာက ပြောင်းလဲသွားသည်။ ချက်ချင်းပင် သူက နဂါးမြက်အား လွှတ်ချကာ နောက်ဆုတ် လိုက်သည်။ ထို့နောက်တွင် သူ့နောက်မှ လိုက်ပါလာသော ဖိအားကလည်း ပျောက်ကွယ်သွား၏။

ထို့နောက်တွင် မိစ္ဆာငှက်က နဂါးမြက်၏အပေါ်ကို ရောက်ရှိသွားပြီး ဖြစ်သည်ကို လူတိုင်းက သိလိုက်ကြသည်။ သူ၏ နောက်ကျောတွင်ကား ရီဖူရှင်း၏ခန္ဓာကိုယ်မှ နတ်ဘုရား သစ်ပင်တစ်ပင် ထွက်ပေါ်လာဟန် ရသည်။ သူ၏အရွယ်အစားက ကြီးမားလာပြီး များစွာသော သစ်ကိုင်းများက ရှည်လျားလာကာ တွန့်လိမ်လျက် နဂါးမြက်ထံသို့ တိုးဝင်သွားကြသည်။

ပုံရိပ်ယောင်နဂါးက နဂါးမြက်ထံမှ တစ်ဖန် ထွက်ပေါ်လာပြန်သည်။ သို့သော်လည်း သစ်ကိုင်းများက နဂါးမြက်တစ်ခုလုံးအား ဖုံးအုပ်သွားသည်။ လွန်စွာ အားကောင်းသော စိတ်စွမ်းအားတစ်ခုက နဂါးမြက်တွင် တွယ်ကပ်နေသော နဂါးကြီး၏ စိတ်အသိအား ဖယ်ရှားသည်။ ပုံရိပ်ယောင်နဂါးက ဟိန်းဟောက်သံပေးကာ နောက်ဆုံးတွင် ပျောက်ကွယ်သွားပြီး နဂါးမြက်ကလည်း ရီဖူရှင်းထံသို့ ဆောင်ယူသွားခြင်း ခံရသည်။

အချိန်ကြာမြင့်စွာ ကုန်ဆုံးသွားပြီဟု ထင်မှတ်ရသော်လည်း အမှန်တကယ်အားဖြင့် ရီဖူရှင်း ပေါ်လာသည့်အချိန်နှင့် သူက နဂါးမြက်အား ရယူသွားသည့်အချိန်က ခဏအတွင်း ဖြစ်ပျက်သွားခြင်း ဖြစ်သည်။ သူက သားရဲများ၏ အကူအညီဖြင့် ရှေ့ကို ပျံသန်းသွားပြီး နဂါးမြက်အား ရယူခဲ့သည်။

ဝှီး… ချက်ချင်းပင် မိစ္ဆာငှက်က နောက်လှည့်ကာ အနက်ရောင် အလင်းတန်းအလား ပြေးထွက်သွားသည်။ ထိတ်လန့်ဖွယ် အမြန်နှုန်းဖြင့် ထွက်သွားသော မိစ္ဆာငှက်နှင့် ငွေဝတ်စုံနှင့်လူတို့အား ကြည့်ကာ လူအများက တားဆီးရမည့်အစား မှင်တက်နေကြသည်။

နိုဘယ်များကား ဒဏ်ရာရနေကြကာ အားလုံးကို သည်အတိုင်း ကြည့်နေကြရသည်။ ထိုအခိုက်တွင် သူတို့၏ မျက်နှာများ နက်မှောင် သွားကြသည်။ လူထူးလူဆန်းက သူတို့အားလုံး ဒဏ်ရာရနေသော အချိန်တွင်မှ စတင်လှုပ်ရှားခဲ့သည်။ အဘယ်ကြောင့် သူက နဂါးမြက်အား လုယူရဲသနည်း…။ သူက ကိုယ့်ကိုယ်ကိုယ် သတ်သေရန် ကြိုးစားနေသည်လား…။ သူက ဤနေရာမှ နဂါးမြက်အား ယူကာ ထွက်သွားနိုင်မည် မဟုတ်ပေ။

ဝူး…

နဂါးအော်သံက ကောင်းကင် တစ်ခွင်လုံးကို တုန်ခါသွားစေသည်။ နဂါးမြက်အား တစ်စုံတစ်ယောက်က ယူသွားသည်ကို မိစ္ဆာနဂါးက သိရာ သူ၏ခန္ဓာကိုယ်က ဒေါသကြောင့် တုန်ယင်နေသည်။ ချက်ချင်းပင် တောင်တစ်ခုလုံး စတင်တုန်ခါလာကာ တဝုန်းဝုန်း မြည်ဟည်းသည်။ များစွာသော ကျောက်တုံး ကျောက်ဆောင်များ ကျဆင်းလာပြီး တောင်တစ်ခုလုံးက စတင်ပြိုလဲ လာပုံရနေသည်။

“ငါတို့ ထပ်စောင့်လို့ မရတော့ဘူး…” ထိပ်သီးကျောင်း သုံးကျောင်းမှ လူများက အော်ကြသည်။ သည်မတိုင်မီက ကြောက်မက်ဖွယ် ကောင်းသော ရွှေကြိုးက တစ်ဖန် အသက်ဝင်လာကာ နဂါးကြီး၏ ခန္ဓာကိုယ်အား ရစ်ပတ်သွားသည်။ တစ်ချိန်တည်းမှာပင် ထိပ်သီးကျောင်း သုံးကျောင်းမှ တန်ခိုးရှင်များက တစ်ယောက်ပြီး တစ်ယောက် လိုဏ်ဂူထဲဘက်ကို ပြေးကြသည်။

ဝူး… ဝူး… နဂါးကြီးက ဒေါသတကြီး အော်ဟစ်သည်။ မြေပြင်က တုန်ခါကာ အရာအားလုံးက ပြိုလဲကျလာနေသည်။

တန်ခိုးရှင်များက စတင်လှုပ်ရှားသည်နှင့် ဂူတုံးလျိုကလည်း စတင် လှုပ်ရှားသည်။ သူ၏ခြေထောက်တွင် အလင်းတစ်ချက် ပေါ်လာကာ သူက မြန်ဆန်စွာဖြင့် ရှေ့ကို ပြေးသွားသည်။ သူ၏အနီးမှ စွမ်းအားမြင့် တန်ခိုးရှင် သုံးယောက်က သူ့အား တားဆီးရန် ကြိုးစားကြသည်။ သို့သော်လည်း ဂူတုံးလျိုက သူ၏သင်္ကေတ ကိုးခုအား တန်ခိုးရှင် သုံးယောက်ထံသို့ သွားရောက် တိုက်ခိုက်စေပြီး သူ၏လမ်းကို ဖယ်ရှားသည်။

တန်ခိုးရှင် သုံးယောက်က ထိုတိုက်ခိုက်မှုမှ အန္တရာယ်ကို ခံစားမိရာ ချက်ချင်း နောက်ဆုတ် လိုက်ကြသည်။ ထို့နောက်တွင် ဂူတုံးလျိုက ရှေ့ကို ရောက်ရှိသွားပြီး လိုဏ်ဂူထဲကို ဝင်မည်ရန် ဟန်ပြင်နေကြသော လူများအား ကြည့်သည်။

ထိုစဉ်မှာပင် သူတို့ထံသို့ မမြင်ရသော အားလှိုင်းတစ်ခု ပျံ့လွင့်လာသည်ကို လူတိုင်းက ခံစားရသည်။ ထို့နောက်တွင် လွန်စွာ တောက်ပ လင်းလက်သော ရှေးဟောင်း သင်္ကေတများက သူတို့၏လမ်းကြောင်းကို ပိတ်ဆို့လျက် ပေါ်လာသည်ကို မြင်ကြရသည်။

ဘယ်သူကမှ ဂူတုံးလျိုနှင့် အချိန်မဖြုန်းလိုကြပေ။ သူတို့ လုပ်လိုသည်ကား လိုဏ်ဂူထဲကို ဝင်ရောက်ကာ နဂါးမြက်အား လုယူသည့်လူကို တားဆီးရန်ဖြစ်သည်။ နဂါးမြက်အား ရယူသွားသည့်လူက သူတို့ကျောင်းမှ မဟုတ်သည်ကို သိကြသည်။

ဂူတုံးလျို၏ မျက်လုံးများက အလွန်အမင်း ထက်ရှသွားကာ ထိုနေရာတစ်ခုလုံးက သူ၏မျက်လုံးအောက်ကို ရောက်သွားသလို ထင်မှတ်ရသည်။ သူ့နောက်တွင်ကား နတ်ဘုရားအလား ပုံသဏ္ဌာန်တစ်ခု ပေါ်လာကာ ထိုနေရာ တစ်ခုလုံးကို လွှမ်းခြုံ သွားလောက်အောင် အလင်းများ ဖြာထွက်လာသည်။ ထို့နောက် မှော်မျက်လုံး နည်းစနစ်၏ သီးခြားနယ်ထဲတွင် မရေမတွက်နိုင်သော သင်္ကေတများပေါ်လာပြီး ထိုနေရာ တစ်ခုလုံးအား ပိတ်လှောင်သွားကာ အားလုံးကို ပိတ်ဆို့လိုက်သည်။

“သွားစမ်း…” တစ်စုံတစ်ယောက်က အော်ဟစ်ကာ မရေမတွက်နိုင်သော သင်္ကေတများကို တိုက်ခိုက်သည်။ သို့သော်လည်း သင်္ကေတတိုင်းက အလင်းတန်းများ ထွက်ပေါ်လာပြီး ဓားစွမ်းအားများနှင့် အားကောင်းသော မှော်စွမ်းအားများ ထွက်ပေါ်လာကာ ထိုလူများအား ပြန်လည် တိုက်ခိုက်သည်။

“ဒါတွေလုပ်လို့ မင်းက ဘယ်လို အကျိုးကျေးဇူး ရမှာလဲ…” တစ်ယောက်က ဂူတုံးလျိုကို အေးစက်စွာ ကြည့်ကာ မေးသည်။ တစ်စုံတစ်ယောက်က နဂါးမြက်အား ယူသွားကာ ဂူတုံးလျိုက အဘယ်ကြောင့် သူတို့အား တားဆီးနေသည်ကို သူတို့ နားမလည်ကြပေ။ သို့မဟုတ်လျှင် နဂါးမြက်ကို ယူသွားသူက သူ၏ အပေါင်းအပါများလား….။

ဂူတုံးလျိုက တန်ခိုးရှင်များကို တားဆီးထားသော အချိန်တွင် မိစ္ဆာငှက်ကလည်း လိုဏ်ဂူထဲမှ ထွက်နိုင်အောင် အတတ်နိုင်ဆုံး ကြိုးစားနေသည်။ ထိုအခိုက်တွင် လိုဏ်ဂူကား ပြိုလဲနေကာ အထဲတွင် အရာအားလုံးက ဖရိုဖရဲဖြစ်နေသည်။

ရီဖူရှင်းက လိုဏ်ဂူထဲမှ ထွက်လာသည်နှင့် အပြင်ဘက်မှ များစွာသော သားရဲများက တစ်ချိန်တည်းတွင် သူ့အနီး၌ ဝန်းရံလိုက်ကြပြီး ဖရိုဖရဲ ပြေးလွှားကြသည်။ တစ်ချိန်တည်းမှာပင် ကြောက်မက်ဖွယ် ကောင်းသော အနက်ရောင် အားလှိုင်းတစ်ခုက ထိုနေရာ တစ်ခုလုံးကို ဖုံးအုပ်သွားသည်။ ယူချင်းနှင့် ရီဝူချင်းတို့ကလည်း ထိုအထဲတွင် ပုန်းကွယ်နေကြ၏။

ဝှီး… ကြမ်းတမ်း ခက်ရော်သော လေပြင်းတစ်ချက် တိုက်ခတ်သွားကာ မိစ္ဆာအလင်း တစ်ခုက ကောင်းကင်သို့ ထိုးတက်သွားသည်။ မရေမတွက်နိုင်သော သားရဲများကလည်း တစ်ချိန်တည်းမှာပင် မိစ္ဆာငှက်ကို စီးနင်းထားသော ငွေရောင်ဝတ်လူနှင့်တူ အဝေးကို ပျံတက် ပြေးသွားကြသည်။

သူတို့နောက်တွင် များစွာသော လူများက နောက်ဆုံးတွင် အုတ်အော်သောင်းနင်း အခြေအနေမှ လွတ်ထွက်လာကြသည်။ သူတို့နှင့် အတော်ဝေးဝေးကို ရောက်သွားသော လူထူးလူဆန်းကို ကြည့်ကာ သူတို့၏ မျက်နှာများ နက်မှောင် သွားကြသည်။ အပြင်ဘက်မှ လူများက အဘယ်ကြောင့် သူ့ကို မတားဆီးကြသနည်း…။

“မင်းတို့က ဘာလို့ သူ့ကို မတားကြတာလဲ…” ကျင့်နင်က ယူချင်း၊ ရီဝူချင်းနှင့် ရီဖူရှင်းတို့ ပေါ်လာနေသော နေရာကို ကြည့်ကာ မေးသည်။ သူတို့အပြင် သိမ်းငှက်နက်လည်း ရှိနေသည်။

မိစ္ဆာငှက်က လိုဏ်ဂူထဲမှ ထွက်လာသော အချိန်တွင် အနက်ရောင် အငွေ့အသက်များက ထိုနေရာအား ဖုံးအုပ်သွားပြီး သိမ်းငှက်နက်က သူ၏မူလပုံစံကို ပြောင်းလဲသွားသည်။ ထို့အတူ ရီဖူရှင်းကလည်း သူ၏ငွေရောင်ဝတ်စုံကို ပြန်သိမ်းဆည်း ထားလိုက်သည်။ ယူချင်းနှင့် ရီဝူချင်းတို့ကလည်း ရီဖူရှင်း၏ဘေးတွင် ရပ်နေလိုက်ကြ၏။ တခြားတစ်ဖက်တွင် သားရဲများက အဝေးကို ပြေးလွှား သွားနေကြသည်။

မှန်သည်… ထွက်ပြေးသွားသော မိစ္ဆာငှက်နှင့် ငွေရောင်ဝတ်လူတို့က ရေဓာတ်စွမ်းအင်များဖြင့် ပြုလုပ်ထားသော ကိုယ်ပွားများ ဖြစ်ကြသည်။ ထိုမျှ ရုန့်ရင်းဆန်ခတ် အချိန်တွင် မည်သူကမှ အသေးစိတ် မကြည့်နိုင်ပေ။

“ကျုပ်တို့ အဆင့်နဲ့ ဘယ်လို တားမလဲ…” ရီဖူရှင်းက ပြုံးကာ ပြောသည်။ ရီဖူရှင်းနှင့် သူ၏ သူငယ်ချင်းများက ထိုလူအား မည်သို့ တားဆီးနိုင်မည်နည်း..။ ကျင့်နန်က သူ၏ဒေါသများကို ပုံချနေသည်သာ…။

“ဟင်း…” ကျင့်နန်က နှာခေါင်းတစ်ချက် ရှုံ့ကာ အဝေးကို ထွက်ပြေးသွားသော လူကို စိုက်ကြည့်သည်။ ထိပ်သီးကျောင်း သုံးကျောင်းက နဂါးမြက်အား သေချာစွာ စောင့်ကြပ် ခဲ့ကြသော်လည်း အမှန်တကယ်ပင် လူစိမ်းတစ်ယောက်က ယူဆောင်သွားသည်။ အဘယ်ကြောင့် အပြင်ဘက်မှ လူများက မတားဆီးကြသနည်း…။

နောက်ဆုံးတွင် ကျယ်လောင်သော မာန်သွင်းသံများ ကြားရကာ နိုဘယ်များက ဂူတုံးလျို၏ အရံအတားကို ဖြတ်ကျော်နိုင်ခဲ့ကြကာ သားရဲများ နောက်ကို လိုက်ပါ သွားကြသည်။

ဂူတုံးလျို၏ ခြေထောက်တွင် အလင်းတစ်ချက် ဖျတ်ခနဲ လက်သွားကာ သူက ထိုလူများနောက်ကို လိုက်ပါရန် ဟန်ပြင်သည်။ သူ၏ညီငယ်လေးအား တစ်စုံတစ်ခု ဖြစ်သွားရန် သူက ခွင့်မပြုနိုင်ပေ။ သို့သော်လည်း သူက တစ်စုံတစ်ခုအား ခံစားမိဟန်ရသည်။ နောက်ဘက်ကို လှည့်ကြည့်လျှင် ရီဖူရှင်းက အေးဆေးစွာ ရပ်နေသည်ကို သူမြင်ရသည်။

ထိုအဖြစ်က ဂူတုံးလျို၏မျက်နှာတွင် ထူးဆန်းသော အမူအရာ ဖြစ်သွားစေသည်။ ဘာဖြစ်နေသနည်း…။ သံစဉ်က သူ၏ညီငယ်လေးထံမှ ဖြစ်သည်ကို သူက သေသေချာချာ သိသည်။ တိုက်ဆိုင်စွာပင် ရီဖူရှင်းကလည်း သူ့အား ကြည့်နေကာ ပြုံးနေသည်။ ချက်ချင်းပင် ဂူတုံးလျိုက သဘောပေါက်လိုက်သည်။

ထိုအရာကား လျှို့ဝှက်စွာ ထွက်ပြေး လွတ်မြောက်ခြင်း ဖြစ်သည်။

သူကား အမှန်ပင် ညီငယ်လေး ဖြစ်သည်။ ဂူတုံးလျိုက သူ့အား အချိန်အနည်းငယ်မျှသာ ပေးနိုင်ခဲ့သော်လည်း သူကား အောင်မြင်စွာ ထွက်ပြေးနိုင်ခဲ့သည်။

“လိုက်…” ထိပ်သီးကျောင်း သုံးကျောင်းမှ စွမ်းအား အမြင့်ဆုံး တန်ခိုးရှင်များက လွန်စွာ မြန်ဆန်စွာဖြင့် ပြေးထွက် သွားကြသည်။ မကြာမီ သူတို့က သားရဲများကို လိုက်မီသွားကြ သော်လည်း ရီဖူရှင်းနှင့် မိစ္ဆာငှက်တို့အား ရှာမတွေ့ပေ။ ကိုယ်ပွားက ပျောက်ကွယ်သွားပြီး ဖြစ်သည်။ ရီဖူရှင်း၏ ရည်ရွယ်ချက်ကား မည်သည့် သဲလွန်စကိုမှ မချန်ထားလိုခြင်း ဖြစ်သည်။ ကိုယ်ပွားက ပျောက်ကွယ် သွားပြီးဖြစ်ရာ မည်သူကမှ ဘာမှ သိကြတော့မည် မဟုတ်ပေ။

သားရဲများကို လိုက်မီလာသော တန်ခိုးရှင်များ အားလုံးက အဝေးကို ကြည့်ကြသည်။ သူတို့၏စိတ်ဝိညာဉ် စွမ်းအားများက ပျံ့လွင့်သွားကာ တစ်စုံတစ်ခုအား ရှာဖွေရန် သူတို့က ကြိုးစားကြသည်။ သို့သော် သူတို့ ဘာမှ မတွေ့ပေ။

“အရပ်မျက်နှာခွဲပြီး လိုက်ကြမယ်…” ထိပ်သီးကျောင်း သုံးကျောင်းမှ တန်ခိုးရှင်များက အရပ်မျက်နှာမျိုးစုံသို့ ပြေးထွက် သွားကြသည်။ သို့သော်လည်း တကယ့်တရားခံ ရီဖူရှင်းကား တောင်ခြေတွင် တိတ်ဆိတ်စွာ ရပ်နေသည်။  ထိပ်သီးကျောင်း သုံးကျောင်းက ဘာမှ ရှာတွေ့မည် မဟုတ်သည်ကို သူသိသည်။

***

Comment

Leave a Reply

Options

not work with dark mode
Reset