Switch Mode

အခန်း ( ၉၂ )

လာစမ်းပါကွ

ဝှစ်…
လေဟုန်ခွင်း၍ ပျံသန်းသွားသော လေသံသဲ့သဲ့ လွင့်ပျံသွားသည်။

အဆိပ်နတ်မြား တစ်စင်းပြီးတစ်စင်း လေကိုခွင်း၍ ရန်သူအုပ်စုရှိရာသို့ ကျောဘက်မှနေ၍ ပျံသန်းသွားလေသည်။ လေထုထဲတွင် မည်သည့် နတ်တန်ခိုးပြောင်းလဲမှုမှ မဖြစ်သွားပေ။

သို့သော် လေထုကိုတော့ အနည်းငယ် လှုပ်ခတ်သွားစေ၏။

ရန်သူများ အာရုံမခံမိစေရန် မြားများကို ရန်သူများတည့်တည့်ကို မပစ်လွှတ်ဘဲ ရန်သူများကြားမှ နေရာလပ်လေးများကြားထဲသို့ ပစ်လိုက်ခြင်းပင်။

လီချန်ရှို့၏ အချိန်ကိုက်ပစ်လိုက်မှုသည် အလွန်တိကျ၏။ နှစ်ဖက်စလုံးတွင် ရန်သူများ၏ ကျောနောက်မှနေ၍ ပျံသန်းလာသော မြားအချောင်းလေးဆယ်သည် အလိုရှိသော အမြင့်သို့ရောက်ရှိသွားပေပြီ။

မြားထိပ်ဖူးလေးများသည် တချိန်တည်းလိုလို ပွင့်သွားကြလေ၏။ အရောင်အနံ့မရှိသော အဆိပ်မှုန့်များနှင့် အဆိပ်ငွေ့များ ကောင်းကင်တွင် ပျံ့နှံ့သွားကြသည်။

ဟူး…
မြားခေါင်းလေးများသည် ကောင်းကင်ပေါ်တွင် မီးရှူးမီးပန်းများကဲ့သို့ ပွင့်ထွက်နေကြသည်။

ရန်သူများရှိရာနေရာမှ ရန်သူ အတုမဲ့နတ်ဝိဇ္ဇာနှစ်ဆယ်ခန့်သည် လှည့်ကြည့်ရန်ပင် အချိန်မရလိုက်ချေ။ ရုတ်တရက် သူတို့၏ မြင်ကွင်းများ ဝေဝါးလာပြီး အောက်ရှိ တိမ်များပေါ်သို့ ပြုတ်ကျကုန်ကြ၏။

လေညင်းတစ်ချက်တိုက်ခတ်လိုက်သောအခါ ကောင်းကင်နတ်မင်းများကိုပင် သတ်နိုင်သော အဆိပ်များ လျင်မြန်စွာ ပျံ့နှံ့သွားကြ၏။ အရိပ်နက်များသည် ကောင်းကင်ပေါ်မှနေ၍ တစ်ဦးပြီးတစ်ဦး ခွေးကျဝက်ကျ ပြုတ်ကျနေကြသည်။

ထိုသွေးခြင်များ၏ ထိန်းချုပ်မှုကို ခံနေရသော ရုပ်သေးရုပ်များသည် အဆိပ်မိမည်ကို အမှန်ပင်ကြောက်ကြ၏။

ဤအကြိမ်တွင် သူတို့သည် ဆတ်ခနဲ တုံ့ပြန်လိုက်သည်။ ရုပ်သေး ကောင်းကင်နတ်မင်းတစ်ပါးသည် တစ်စုံတစ်ခုမှားယွင်းနေသည်ကို ရိပ်မိ၍ ချက်ချင်းအော်ပြောလိုက်သည်။
“ ဓမ္မတန်ခိုးတွေသုံးပြီး ကိုယ့်ကိုယ်ကို ကာကွယ်ထားကြ။ တစ်ယောက်ယောက်က ငါတို့ကို ခိုးကြောင်ခိုးဝှက် အဆိပ်ခတ်နေတယ်… ”

ထို့နောက် ရန်သူများရှိရာနေရာမှ နတ်တန်ခိုးများ၊ မိစ္ဆာတန်ခိုးများနှင့် စိတ်တန်ခိုးများ ပေါ်ထွက်လာကြသည်။ ထိုတန်ခိုးများသည် သူတို့ထံလာနေသော အဆိပ်ငွေ့များ၊ အဆိပ်မှုန့်များကို ပယ်ရှားပေးလေ၏။

သို့သော် ထိုတန်ခိုးများ မထုတ်နိုင်ခင် ရန်သူအတုမဲ့နတ်ဝိဇ္ဇာ ငါးဆယ်ကျော်သည် အဆိပ်မိ၍ သေသွားကြပြီဖြစ်သည်။

ရန်သူတစ်ရာကျော်ကျော်သည်လည်း အဆိပ်မိသွားကြ၏။ ထိုအခိုက်တွင် အဆိပ်မိသွားသူများသည် အစွမ်းကုန်သုံး၍ အဆိပ်ဓာတ်ကို တွန်းလှန်ရန် ကြိုးစားနေကြရသည်။ ထို့ကြောင့် သူတို့၏ တိုက်ခိုက်နိုင်စွမ်းသည် ‌ကြီးမားစွာ လျော့ကျသွား၏။

ရန်သူများသည် သူတို့ကို ခိုးကြောင်ခိုးဝှက် အဆိပ်ခတ်သူကို ရှာဖွေနေကြသည်။

ထိုအခိုက်တွင် တုနတ်ဝိဇ္ဇာဂိုဏ်းမှ နတ်ဝိဇ္ဇာများလည်း ကြောင်သွားကြသည်။ စစ်ကူသည် မည်သည့်နေရာမှ ထွက်ပေါ်လာကြောင်းကို သူတို့လည်း မသိကြပေ။

သို့သော် သူတို့သည် ကောင်းကင်ခွင်းတောင် တစ်ဝိုက်တွင် ရန်သူများ၏ ဖိအားပေးတိုက်ခိုက်မှုကို ခံနေရ၏။ စွမ်းအားကြီးသော ရန်သူအုပ်စုနှစ်စုသည် အလွန်ကြမ်းကြုတ်စွာ တိုက်ခိုက်နေဆဲပင်။ ထို့ကြောင့် သူတို့သည် ပြင်ပမှ အကူအညီရရန် ခက်ခဲနေ၏။

ထို့ပြင် တုနတ်ဝိဇ္ဇာဂိုဏ်းမှ နတ်ဝိဇ္ဇာများသည် စစ်ကူများရောက်လာသည်ကိုလည်း မမြင်ရပေ။

အဆိပ်မြားများသည် သိပ်၍ မထိရောက်လှချေ။ သို့တစေ လီချန်ရှို့သည် မည်သို့မှ မခံစားရပေ။ သူသည် ထိုဓမ္မအဆောင်များ၏ လိုအပ်ချက်ကိုသာ ပြန်သုံးသပ်လိုက်သည်။

ထိုကဲ့သို့ နေရာအနှံ့သို့ အဆိပ်များ လွှတ်ခြင်းသည် နတ်တန်ခိုးကိုသုံး၍ ရန်သူများ၏ မူလလဝိညာဉ်အတွင်းသို့ အဆိပ်များကို တိုက်ရိုက်ပို့ခြင်းလောက် မကောင်းပေ။

ထို့ပြင် သူသည် အဆိပ်အာနိသင်များကို အလေအလွင့် ဖြစ်စေလိုက်မိ၏။

လီချန်ရှို့သည် အဆိပ်ငွေ့များ မိမိတို့ဘက်မှ လူများထံရောက်ရှိသွားမည်စိုး၍ ကောင်းကင်နတ်မင်းများကို သတ်နိုင်သည့် အဆိပ်မြားနှစ်ချောင်းကိုသာ သုံးခဲ့၏။ ထိုအဆိပ်သည် ပို၍ ဖော်စပ်ရခက်သလို အချိန်အကန့်အသတ်လည်းရှိ၏။ ခေတ္တမျှကြာလျှင် ထိုအဆိပ်၏ အာနိသင်သည် လေထဲတွင် ပျောက်ကွယ်သွားမည်ဖြစ်သည်။

ထိုအဆိပ်မြားများ၏ အခြေခံအယူအဆသည် မဆိုးလှသော်လည်း အကျိုးသက်ရောက်မှုသိပ်မရှိပေ။ ထိုအဆိပ်ပမာဏကိုပင် အဆိပ်မန္တန်အစီအရင်များတွင် သုံးခြင်းက ပို၍ ထိရောက်မှုရှိလေသည်။

တိုက်ပွဲအခြေအနေသည် ထပ်မံပြောင်းလဲသွားပြီဖြစ်ကြောင်း လီချန်ရှို့ ကောက်ချက်ချလိုက်သည်။

ရန်သူများသည် မြားများပစ်လိုက်သော နေရာကို လျင်မြန်စွာပင် ရှာတွေ့သွား၏။ သူတို့၏ တန်ပြန်တိုက်ခိုက်မှုသည် လျင်မြန် ပြင်းထန်လှသည်။

ကောင်းကင်ခွင်းတောင် နှစ်ဖက်တွင် တိုက်ခိုက်နေကြသော ရန်သူအုပ်စုနှစ်စုအတွင်းမှ ရန်သူဆယ်ယောက်စီထွက်လာ၍ စက္ကူရုပ်များပုန်းအောင်းနေသော နေရာသို့ ပျံသန်းသွားလိုက်ကြသည်။

သူတို့သည် ဓမ္မရတနာများကို မြှောက်ကာ မှော်အစွမ်းများကို စုစည်း၍ တောင်နှစ်လုံးကို တိုက်ခိုက်လိုက်သည်။

လီချန်ရှို့သည် အမှောင်ထုထဲတွင် ရှင်းပြရန်ခက်သော အပြုံးတစ်ခုပြုံးလိုက်၏။

စက္ကရုပ်လေးဆယ်သည် ပြန်မဆုတ်ဘဲ ပုန်း၍နေလိုက်၏။

ရန်သူသုံးဆယ်ခန့်သည် တောအုပ်နှစ်ခု၏ အပေါ်သို့ ရောက်လာသောအခါ စက္ကူရုပ်သုံးရုပ်စီသည် တောအုပ်နှစ်ခု၏ ဘေးဘက်မှထွက်၍ ရန်သူများ၏ အာရုံစိုက်မှုကို ၎င်းတို့အပေါ် ဦးတည်စေလိုက်သည်။

သို့သော် ထိုစက္ကူရုပ်ခြောက်ရုပ်သည် ရှေ့သို့ ကျန့်(၁၀၀)ခန့်သွားပြီးသောအခါ အနောက်မှရောက်လာသော အလင်းတန်းများ၏ ဖျက်ဆီးခြင်းကို ခံလိုက်ရလေ‌တော့သည်။

ထိုအခိုက်တွင်…
ကျန်ရှိနေသေးသော စက္ကူရုပ် သုံးဆယ့်ခြောက်ရုပ်သည် ၎င်းတို့ပုန်းအောင်းနေသော နေရာများမှ ထွက်လာကြ၏။

၎င်းတို့၏ ကိုယ်ရောင်ကိုယ်ဝါများထွက်ပေါ်လာ၏။ ၎င်းတို့သည် လျင်မြန်စွာ လှုပ်ရှားလိုက်ကြပြီး ရန်သူရုပ်သေးရုပ်များထံ ဦးတည်သွားလိုက်ကြသည်။

ရန်သူအုပ်စု နှစ်စုသည်လည်း ချက်ချင်း ပြန်တိုက်ခိုက်လိုက်ကြလေသည်။ သို့သော် ရန်သူများ အောက်သို့ပျံသန်းလာစဉ် စက္ကူရုပ် နတ်စစ်သည် တစ်ဝက်ခန့်သည် ရန်သူများ၏ ဘေးနားသို့ အလျင်အမြန်ရောက်သွားကြသည်။

ထိုစက္ကူရုပ်များသည် တုံ့ဆိုင်းမှုမရှိဘဲ ပေါက်ကွဲသွားကြလေ၏။

တောအုပ်နှစ်ခု၏ အပေါ်တွင် စုစုပေါင်း စက္ကူရုပ် ဆယ်ရုပ်ကျော်ပေါက်ကွဲသွား၏။

ထိုမြင်ကွင်းသည် ကြေကွဲဖွယ်ကောင်း၏။ တုနတ်ဝိဇ္ဇာဂိုဏ်းမှ နတ်ဝိဇ္ဇာများသည် ဒေါသထွက်သွားကြသော်လည်း သူတို့ကို လာကူညီပေးသည့် စက္ကူရုပ်များအတွက် မည်သို့မျှမလုပ်ပေးနိုင်ပေ။

သို့သော် စက္ကူရုပ်များ ပေါက်ကွဲသွားပြီးနောက်…
တောအုပ်နှစ်ခုဆီသို့ ဆင်းသက်နေကြသော ရန်သူများသည် မည်သည့်ထိခိုက်မှုမှ မရခဲ့ချေ။ သူတို့သည် ကြောင်ရုံသာကြောင်သွားကြ၏။

ပေါက်ကွဲမှု၏ ပြင်းအားသည် အတန်ငယ်အားပျော့လေသည်။

ထိုရန်သူများသည် သွေးခြင်များ၏ ထိန်းချုပ်မှုကို ခံထားရ၍ ကိုယ်ပိုင် အသိဉာဏ်မရှိတော့သောလည်း ထိုအခိုက်အတန့်အတွင်း စိတ်ရှုပ်ထွေးသွားမှုကို ခံစားလိုက်ကြရလေသည်။

သူတို့သည် အစပိုင်းတွင် နောက်ကျောဘက်မှ ရောက်လာသော အဆိပ်ငွေ့များ၏ ရန်မှ လွတ်သွားသဖြင့် သေဘေးမှ ကင်းဝေးခဲ့၏။
( သူတို့ ကံကောင်းသည်ဟု ခံစားလိုက်ရ၏ )

ထို့နောက် သူတို့သည် မြားများပစ်လိုက်သော နေရာကို တိုက်ခိုက်ရန် အမိန့်ပေးခြင်းခံရ၏။ သူတို့သည် အလျင်အမြန် ထွက်ပြေးသွားသောသူများကို တွေ့သောအခါ ချက်ချင်းတိုက်ခိုက်၍ ထိုသူများကို သတ်ပစ်ခဲ့သည်။ သူတို့သည် အချိန်မဆွဲခဲ့ပေ။
( သူတို့၏ စိတ်သည် တည်ငြိမ်နေ၏ )

အခြေအနေသည် ရုတ်ခြည်းပြောင်းလဲသွား၏။ ထိုထွက်ပြေးသွားသော ခြောက်ယောက်သည် သူတို့ကို အာရုံလွှဲခြင်းသာ ဖြစ်သည်။ အောက်ရှိ တောအုပ်အတွင်းမှ နတ်စစ်သည်များ ပျံသန်းထွက်ပေါ်လာပြီး သူတို့ဆီသို့ ဦးတည်လာကြ၏။
( သူတို့ စိတ်လှုပ်ရှားသွားကြသည် )

သို့သော် ထိုနတ်စစ်သည်များသည် စွမ်းအားမကြီးကြသဖြင့် သူတို့အံ့ဩသွားသည်။ ထိုနတ်စစ်သည်များကို သူတို့လက်ညှိုးဖြင့်တောက်လိုက်လျှင်ပင် သေသွားမည်ကို စိုးရိမ်ရ၏။
( အဘယ်ကြောင့်နည်း )

သို့သော် ထိုနတ်စစ်သည်များသည် မည်သည့်ဗျူဟာမှ မသုံးဘဲ ထိပ်တိုက်ဝင်ရောက်လာကြသည်။ ထိုနတ်စစ်သည်များ၏ ခေါင်းဆောင်သည်လည်း ပုန်းအောင်းနေဆဲဖြစ်၏။ ထိုနတ်စစ်သည်များသည် သူတို့၏အနီးသို့ ရောက်လာပြီး ကိုယ့်ကိုယ်ကို ဖျက်ဆီးဖောက်ခွဲလိုက်ကြလေသည်။
( သေမတတ် ကြောက်ရွံ့သွားကြ၏ )

တော်သေးသည်မှာ ထိုပေါက်ကွဲမှုသည် အားမပြင်းပေ။ သို့သော် ပေါက်ကွဲသံနှင့် ပေါက်ကွဲမှုအဟုန်တို့တော့ ရှိလေ၏။ ထိုသို့ မိမိကိုယ်ကို ဖောက်ခွဲမည့်အစား မူလနတ်ဝိဇ္ဇာများ၏ သာမန် ဓမ္မရတနာများနှင့် တိုက်ခိုက်ခံ၍ သေခြင်းက သူတို့အတွက် ပိုကောင်းပေလိမ့်မည်။
( အဘယ်ကြောင့် မိမိကိုယ်ကို ဖောက်ခွဲလိုက်ရသနည်း )

ရုတ်တရက်…

ရန်သူ သုံးဆယ်ခန့်၏ အမြင်များ မှောင်မိုက်သွားသည်။ သူတို့၏ မူလဝိညာဉ်သည် နာကျင်လာ၏။ ထို့နောက် သတိလစ်သွားလေသည်။ သူတို့၏ နတ်တန်ခိုးများ ပျောက်ကွယ်သွားပြီး လေထဲမှနေ၍ အောက်သို့ပြုတ်ကျကုန်လေသည်။
သူတို့သည် မသေခင်လေးတွင် သိသွားကြသည်။
( ပေါက်ကွဲမှုသည် အဆိပ်များကို ထုတ်လိုက်ခြင်းပင် )

တောအုပ်အပေါ်ရှိ ရန်သူသုံးဆယ်ခန့်သည် တချိန်တည်းမှာပင် အောက်သို့ပြုတ်ကျသွားကြ၏။

အမှောင်ထဲတွင် လီချန်ရှို့သည် မျက်ခုံးပင့်၍ အတန်ငယ် စိတ်ပျက်သွားသည်။
‘ ဘာလို့ စက္ကူရုပ်တွေကို လာတိုက်တဲ့အထဲမှာ ကောင်းကင်နတ်မင်းနည်းနည်းပဲ ပါလာရတာလဲ ’

သူသည် စက္ကူကိုယ်ပွားလေးရုပ်ကို ထိန်းချုပ်၍ မြေအောက်ထဲတွင် ဆက်လက်ပုန်းအောင်းခိုင်းထားလိုက်သည်။ လီချန်ရှို့သည် ရန်သူများ၏ အခြေအနေကိုသိရန် ထိုစက္ကူကိုယ်ပွားများကို သုံးစရာမလိုပေ။

တုနတ်ဝိဇ္ဇာဂိုဏ်းမှ နတ်ဝိဇ္ဇာများသည်လည်း နားမလည်နိုင်ေအာင်ဖြစ်နေကြ၏။ သူတို့တွေးလိုက်သည်။
‘ ရန်သူတွေ ရူးကုန်တာဖြစ်မယ်… ’

ယေဘုယျအားဖြင့် ထိုအလစ်တိုက်ခိုက်မှုများသည် အကျိုးရှိ၏။ သူတို့ဘက်သို့ ဖိအားပေးတိုက်ခိုက်နေမှုသည် များစွာလျော့ကျသွား၏။ ရန်သူများသည် အထိအခိုက် အကျအဆုံးများ ခံစားလိုက်ရသည်။

ကောင်းကင်ခွင်းတောင်အောက်ခြေတွင် ရှိနေသော စက္ကူကိုယ်ပွားလေးရုပ်သည် သတိလက်လွတ်လှုပ်ရှား၍ မရချေ။ လီချန်ရှို့သည် သူ၏ အာရုံကို ‘ကောင်းကင်ခွင်း’ စာလုံးပါသော စက္ကူကိုယ်ပွားဆီသို့ ပို့လိုက်ပြီး ချုံတောင်လေးရှိ မန္တန်အစီအရင်များကို အကြမ်းဖျင်း စစ်ဆေးလိုက်သည်။

ထို့နောက်သူသည် ကောင်းကင်ပေါ်ရှိ တိုက်ပွဲကို ပြန်အာရုံခံလိုက်၏။

အကြီးအကဲချီလင်းသည် ခန္ဓာကိုယ်အစစ် ပြန်ပြောင်းပြီးနောက် ပြင်းထန်စွာတိုက်ခိုက်နေလေသည်။ သူသည် ရန်သူအာကာသနတ်မင်းကို ဖိအားပေးတိုက်ခိုက်နေ၏။

တုနတ်ဝိဇ္ဇာဂိုဏ်း၏ ဂိုဏ်းချုပ်မှာ လိုအပ်ချက်အနည်းငယ်ရှိသေးသော်လည်း အာကာသနတ်မင်းနှစ်ပါးကို အလုပ်ရှုပ်အောင် လုပ်နေနိုင်လေသည်။

‘ ငါလည်း ခဏလောက်တော့ ဆက်တိုက်ရဦးမယ် ထင်တယ်… ’
လီချန်ရှို့၏ စိတ်သည် စက္ကူကိုယ်ပွားလေးရုပ်ဆီသို့ အလျင်အမြန်ပြန်ရောက်သွားပြီး သူသုံးရန်လိုအပ်သည့် ဓမ္မအဆောင်များကို ပြင်ဆင်လိုက်သည်။

ပထမ အလစ်တိုက်ခိုက်မှု ပြီးလေပြီ။
‘ အခုဆက်လုပ်ရမှာက တိုက်ခိုက်မှု ဒုတိယအဆင့်ပဲ… ’

‘ သူတို့ကို ထောင်ချောက်ထဲမျှားခေါ်ပြီး အလစ်တိုက်ရမယ်… ’

‘ ကဲ… ဒုတိယအဆင့်စဖို့ နီးလာပြီပဲ ’

*****

‘ ဘာလို့ ဒီအညတရ တုနတ်ဝိဇ္ဇာဂိုဏ်းလေးက အခုထိ မပျက်ဆီးသွားသေးတာလဲ ’

အနောက်ကျွန်းရှိ အနောက်ကျောင်းတော်၏ ဝိညာဉ်တောင်အနီးမှ လျှို့ဝှက်ဂူတစ်ဂူအတွင်း၌ အရှင်မဝမ်ကျင်းသည် အပြာရောင်ဝတ်စုံကို ဝတ်ဆင်၍ ကုတင်ပေါ်တွင် လှဲနေ၏။

သူမ၏ဘေးတွင် အမျိုးသမီးအစေခံနှစ်ယောက်သည် ဒူးထောက်နေ၏။ တစ်ယောက်သည် သူမကို ယပ်ခပ်ပေးနေပြီး ကျန်တစ်ယောက်သည် သူမသောက်ရန် သွေးနှင့်တူသည့် နတ်အရက်ထည့်ထားသော ကျောက်စိမ်းခွက်ကို ကိုင်ထားလေသည်။

ထိုအခိုက် အရှင်မဝမ်ကျင်းသည် တုနတ်ဝိဇ္ဇာဂိုဏ်းတွင် ဖြစ်ပေါ်နေသော တိုက်ပွဲကြီးကို လျှို့ဝှက်စောင့်ကြည့်နေ၏။ ထိုတိုက်ပွဲသည် သူမ၏ သွေးခြင်များကြောင့် ဖြစ်ပေါ်လာသည့် တိုက်ပွဲပင်။ သူမသည် ဘေးမှစောင့်ကြည့်သူသာ ဖြစ်လေသည်။

ယခုတွင် သူမသည် ကိုယ်တိုင်မလှုပ်ရှားဘဲ ဤနေရာမှသာ တိုက်ပွဲကို စောင့်ကြည့်နေပါက နောက်ကွယ်တွင် သူမ ရှိကြောင်းကို မည်သူမှသိမည်မဟုတ်ပေ။ သို့သော် ကျောင်းတော်သုံးကျောင်း၏ တည်ထောင်သူ တန်ခိုးရှင်များ ကိုယ်တိုင် စစ်ဆေးလျှင်တော့ သူမလည်း ရှောင်နိုင်မည် မဟုတ်ချေ။

ထို့ပြင် သူမသည် အနောက်ကျောင်းတော်၏ ဒုတိယတန်ခိုးရှင်ကို လှည့်ဖြားထားပြီးဖြစ်သည်။

အာဒိကပ္ပခေတ်တွင် သူမ၏ ဖြစ်တည်မှုကို သိရှိသူမှာ များများစားစားမရှိပေ။ အကယ်၍ သွေးခြင်များ ပေါ်သွားလျှင်ပင် မှော်အစွမ်းတစ်ခုအနေနှင့်သာ တွေးကြပေလိမ့်မည်။

အရှင်မဝမ်ကျင်းသည် သူမကို သူမ လုံခြုံလှပြီဟု ထင်နေ၏။ နောက်ကွယ်မှ ကြိုးကိုင်သူမှာ သူမဖြစ်ကြောင်းသိရှိသွားလျှင် ဒုက္ခများပေလိမ့်မည်။

ထိုအခိုက်တွင် သူမသည် တုနတ်ဝိဇ္ဇာဂိုဏ်းရှိ တိုက်ပွဲကို စောင့်ကြည့်နေလေသည်။ အကယ်၍ ရန်ကျောင်းတော်မှ ပညာရှင်များ ရောက်လာခြင်းကဲ့သို့ မမျှော်မှန်းထားသည့် အခြေအနေများဖြစ်လာပါက အာကာသနတ်မင်းသုံးပါး၏ ဝိညာဉ်များကို ဖျက်ဆီးပြီး သူတို့၏ အလောင်းများကို ကျဲကျောင်း‌တော်အတွက် လက်ဆောင်အနေဖြင့် ချန်ထားလိုက်မည် ဖြစ်သည်။
‘ ဒီလှည့်ကွက်က ထိပ်တိုက် တိုက်ပြီး သတ်ဖြတ်တာထက် ပိုစိတ်ဝင်စားစရာကောင်းတယ် ’

အရှင်မဝမ်ကျင်းသည် လှပကောက်ကျစ်သော အပြုံးကို လှစ်ဟပြလိုက်၏။ သူမ၏ဘေးရှိ မိစ္ဆာအစေခံနှစ်ဦးသည် ခေါင်းငုံ့လိုက်ကြ၏။ သူတို့သည် အရှင်မကို မကြည့်ဝံ့ကြချေ။

အရှင်မ ဝမ်ကျင်းသည် ပွဲကို ဆက်ကြည့်နေ၏။ အာကာသနတ်မင်းငါးပါးသည် တိုက်ခိုက်နေကြသည်။

သူမသည် အာကာသနတ်မင်းများနှင့် ကောင်းကင်နတ်မင်းတို့၏ တိုက်ခိုက်မှုကိုသာ အာရုံစိုက်၍ကြည့်၏။ သူမသည် အတုမဲ့နတ်ဝိဇ္ဇာများကိုမူ နတ်ဝိဇ္ဇာပင်မဖြစ်သေးသော ချီကျင့်ကြံသူများနှင့် အဆင့်တူဟုသာ သဘောထားသည်။ သူတို့သည် ပျင်းရိငြီးငွေ့စရာကောင်း၍ သာမန်အဆင့်သာဖြစ်သည်။

အာကာသနတ်မင်းများ တိုက်ခိုက်မှုကို ကြည့်ရသည်မှာ ပို၍ စိတ်ဝင်စားဖွယ်ကောင်းသည်ဟု သူမ ထင်၏။ အထူးသဖြင့် ရှားပါးသော ရှေးဟောင်းသားရဲ ချီလင်း တိုက်ခိုက်သည်ကို ကြည့်ရခြင်းမှာ လွန်စွာ စိတ်ဝင်စားဖွယ်ကောင်းလှပေသည်။ ထိုအရာသည် အရှင်မဝမ်ကျင်းကို ဆာလောင်လာစေ၏။

လီချန်ရှို့၏ ပထမ အလစ်တိုက်ခိုက်မှုသည် ရန်သူ အတုမဲ့နတ်ဝိဇ္ဇာရှစ်ဆယ်ကျော်ကို သတ်နိုင်လိုက်ပြီး ရန်သူတစ်ရာကျော်ကို ဒဏ်ရာရစေလိုက်သည်။ ထို့ကြောင့် တိုက်ပွဲအခြေအနေသည် တုနတ်ဝိဇ္ဇာဂိုဏ်းဘက်မှ အတန်ငယ် ပြန်၍အလေးသာလာ၏။

လောလောဆယ်တွင် အနိုင်အရှုံးကို သေချာပေါက်မပြောနိုင်သေးပေ။

‘ ဟင်… အောက်မှာဘာတွေ ဖြစ်နေတာလဲ ’
အရှင်မဝမ်ကျင်းသည် ကောင်းကင်ခွင်းတောင် ပတ်ဝန်းကျင်ကို စူးစမ်းလိုက်၏။ သူမ၏ နှုတ်ခမ်းများသည် တွန့်သွားပြီး စက်ဆုပ်သော အပြုံးတစ်စပေါ်လာလေသည်။

သူမ အချိန်မီစုဆောင်းထားသော ရုပ်သေးရုပ်များသည် အသုံးမကျပေ။ သူတို့သည် ထပ်၍ တိုက်ခိုက်ခံရပေဦးမည်။
‘ ထားလိုက်ပါတော့… ဒီနေ့တိုက်ပွဲမှာ တုနတ်ဝိဇ္ဇာဂိုဏ်း ဖျက်ဆီးမခံရတော့ဘူးပေါ့လေ… ’

အကယ်၍ တိုက်ပွဲဆက်၍ ကြာရှည်နေလျှင် အာကာသနတ်မင်းအတုသုံးပါး၏ ကိုယ်တွင်းရှိ သွေးကြာပွင့်အစွမ်းများ လုံးဝကုန်ခမ်းသွားတော့မည်ဖြစ်သည်။
‘ ဟူး… တပည့်ငယ်တွေကိုသာ တိုက်ခိုက်ရရင် တုနတ်ဝိဇ္ဇာဂိုဏ်းကို မျက်စိတစ်မှိတ်အတွင်း အနိုင်ယူနိုင်မှာပဲ ’

‘ ဟုတ်သားပဲ… တုနတ်ဝိဇ္ဇာဂိုဏ်းက တပည့်ငယ်တွေ ဘယ်‌ရောက်သွားတာလဲ ’
အရှင်မဝမ်ကျင်းသည် အတန်ငယ် ကြောင်သွား၏။ သူမသည် ခေတ္တမျှ အထက်အောက်အနှံ့အာရုံခံလိုက်ပြီး သရော်ပြုံး ပြုံးလိုက်သည်။
‘ မြေအောက်က မြေကြောမှာ စိတ်တန်ခိုး အကြွင်းအကျန် နည်းနည်းတွေ့တယ်။ ကြည့်ရတာ… မြေကြောအရေးပေါ်မန္တန်အစီအရင်ကို သုံးသွားတာထင်တယ် ’

‘ သူတို့ အရှေ့အရပ်ကို ထွက်ပြေးသွားတာလား… ’

‘ မင်းတို့က ငါဘုရင်မဆီက ထွက်ပြေးလို့ ရမယ်လို့ ထင်တယ်ပေါ့လေ… ’

‘ ငါ မင်းတို့ဂိုဏ်းကို မဖျက်ဆီးနိုင်ဘူးဆိုတော့ မင်းတို့ရဲ့ တပည့်ငယ်တွေကို သတ်ရရင်လည်း မဆိုးပါဘူး… ’

‘ နောက်ဆက်တွဲ ကိစ္စတွေက တော်တော် စိတ်ဝင်စားစရာကောင်းမှာ သေချာပေါက်ပဲ ’

အကယ်၍ ယခုတွင် သူမကိုယ်တိုင် ရုပ်သေးများကို ဆက်သွယ်လိုက်လျှင် နောက်ကွယ်မှသူသည် သူမဖြစ်ကြောင်း ပေါ်သွားနိုင်ချေ အနည်းငယ်ရှိ၏။

သို့သော် အရှင်မဝမ်ကျင်းသည် အတန်ငယ်စိတ်တက်ကြွနေသဖြင့် အနည်းငယ် စွန့်စားရန် ဆုံးဖြတ်လိုက်သည်။

****

တုနတ်ဝိဇ္ဇာဂိုဏ်းရှိ ကောင်းကင်ခွင်းတောင်အနီးတွင် တိုက်ခိုက်နေသော နတ်ဝိဇ္ဇာတစ်ထောင်ကျော်ကြားသို့ မိုးပေါ်မှနေ၍ တာအိုသင်္ကေတများ ကျဆင်းလာသည်။ ထိုသင်္ကေတများသည် သွေးခြင်များ ထိန်းချုပ်နေသည့် လူသားကောင်းကင်နတ်မင်း ရုပ်သေးရုပ်တစ်ရုပ်ပေါ်သို့ ဆင်းသက်သွား၏။ တာအိုသင်္ကေတများသည် လျင်မြန်စွာ ထိုရုပ်သေးရုပ်အတွင်းသို့ ဝင်သွားကြ၏။

ကောင်းကင်နတ်မင်းအဆင့်ရှိသော တာအိုရသေ့အိုကြီးသည် လှုပ်ခါသွားပြီး တိုက်ပွဲအတွင်းမှ ဆုတ်သွား၏။ သူသည် အတုမဲ့နတ်ဝိဇ္ဇာအဆင့်ရှိသော မိစ္ဆာဂဠုန်တစ်‌ကောင်ကို ဆင့်ခေါ်လိုက်ပြီး ထိုမိစ္ဆာဂဠန်၏ ကျောပေါ်မှနေ၍ ပျံသန်းသွားလိုက်လေသည်။

သူ့အရှင်မ၏ အမိန့်ကို ထမ်းဆောင်ရန် ထိုကောင်းကင်နတ်မင်းအဆင့်ရှိသော တာအိုရသေ့အိုကြီးသည် မိစ္ဆာဂဠုန်ကို ရှေးဦးစွာ မြောက်အရပ်သို့ ဦးတည်ပျံသန်းစေလိုက်၏။ သူတို့သည် အတော်လှမ်းလှမ်းသို့ရောက်သောအခါ အရှေ့အရပ်သို့ ချိုး၍ ပျံသန်းလိုက်ကြသည်။

ဂဠုန်များသည် ပျံသန်းခြင်း အတတ်တွင် ကျွမ်းကျင်ကြသည်။ မိစ္ဆာဂဠုန်များသည် အာကာသနတ်မင်းအဆင့်ရှိသော ဂဠုန်တစ်ကောင်၏ မျိုးဆက်များဖြစ်သဖြင့် မွေးရာပါ တန်ခိုးအစွမ်းများရှိကြလေသည်။

ထိုအခိုက်တွင် ၎င်းမိစ္ဆာဂဠုန်သည် အရှိန်အဟုန်အပြည့်ဖြင့် ပျံသန်းနေရာ ခြေရာလက်ရာပင် မကျန်ခဲ့ဘဲ မြင်ကွင်းအပြင်သို့ လျင်မြန်စွာ ရောက်သွားလေတော့သည်။

တုနတ်ဝိဇ္ဇာဂိုဏ်းမှ ကောင်းကင်နတ်မင်းအဆင့်ရှိသည့် အကြီးအကဲများသည် ထိုအခြင်းအရာကို သတိထားမိလိုက်၏။ ထို ကောင်းကင်နတ်မင်းအဆင့်ရှိသော တာအိုရသေ့အိုကြီးနှင့် မိစ္ဆာဂဠုန်သည် အရှေ့ဘက်သို့ ပြဿနာရှာရန် သွားကြောင်း သူတို့ ခန့်မှန်းမိလိုက်ကြသည်။

ထို့ကြောင့် သူတို့သည် စိုးရိမ်တကြီးဖြင့် လျှို့ဝှက်အသံပို့လွှတ်လိုက်သည်။

သို့သော် လက်ရှိတွင် သူတို့သည် ကောင်းကင်ခွင်းတောင်မှ ခွာ၍မရဖြစ်နေ၏။ အကယ်၍ သူတို့သည် ကောင်းကင်ခွင်းတောင်ကို ဝန်းရံနေသော ရန်သူများကို ဖောက်ထွက်၍ အရှေ့ဘက်သို့ လိုက်သွားစေနိုင်ကာမူ မိစ္ဆာဂဠုန်၏ လျင်မြန်မှုကို မီအောင်လိုက်နိုင်မည် မဟုတ်ပေ။

မဟာအကြီးအကဲတစ်ဦးသည် တိုက်ပွဲမှ ခေတ္တဆုတ်၍ ဆက်သွယ်ကျောက်စိမ်းအ‌ဆောင် အချို့ကိုထုတ်ကာ အရှေ့ဘက် လီရှစ်ထောင်ကျော်အကွာသို့ ရောက်နေပြီဖြစ်သော ဂိုဏ်းပြင်ပကိစ္စများကို တာဝန်ယူရသည့် တပည့်ငယ်များကို လိုက်ပါစောင့်ရှောက်နေသော အကြီးအကဲများကို ဆက်သွယ်လိုက်သည်။

ထိုအရာသည် လက်ရှိ သူတို့အကောင်းဆုံး လုပ်နိုင်သည့်အရာဖြစ်သည်။

တုနတ်ဝိဇ္ဇာဂိုဏ်းမှ အကြီးအကဲများသည် ကိစ္စနှစ်ခုကို အတွက်မှားခဲ့၏။

ပထမတစ်ခုမှာ ရန်သူများသည် ထိုမျှရက်စက်လိမ့်မည်ဟု သူတို့မထင်ခဲ့ခြင်းပင်။

တိုက်ပွဲသည် မပြီးဆုံးသေးသော်လည်း ရန်သူများမှာ နတ်ဝိဇ္ဇာပင်မဖြစ်သေးသော တပည့်ငယ်များ၏ နောက်သို့လိုက်၍ ပြဿနာရှာရန် ကြံနေပေပြီ။

ဒုတိယတစ်ခုမှာ…

မြေကြောသည် မြေအောက် တော်တော်နက်နက်တွင် ရှိ၏။ ရန်သူများသည် ထိုမြေကြော၌ အရေးပေါ်မန္တန်အစီအရင်ရှိကြောင်း မည်သို့ သိသနည်း။

သို့သော် အကြီးအကဲများ မစဉ်းစားထားမိသော ထိုကိစ္စများကို တပည့်တစ်ဦးသည် လွန်ခဲ့သော နှစ်အနည်းငယ်ကတည်းက စဉ်းစားထားခဲ့၏။

လီချန်ရှို့သည် အရှင်မဝမ်၏ ကောက်ကျစ်ရက်စက်မှုကို သိ၏။ ထို့ကြောင့် လီချန်ရှို့သည် အစကတည်းက ဖြစ်နိုင်ချေ အမျိုးမျိုးကို စဉ်းစားကာ သတိကြီးကြီးထားခဲ့၏။

ရန်သူဘက်မှ ကောင်းကင်နတ်မင်းအဆင့်ရှိသော တာအိုရသေ့အိုကြီးသည် မိစ္ဆာဂဠုန်စီး၍ ထွက်သွားကတည်းက လီချန်ရှို့တစ်ယောက် ထိုလှုပ်ရှားမှုကို အာရုံခံမိခဲ့သည်။

ပြဿနာတစ်ခုဖြစ်ပွားတော့မည်ကို သိလိုက်သော်လည်း သူ စိတ်မလှုပ်ရှားသွားခဲ့ပေ။ လီချန်ရှို့ စိတ်မလှုပ်ရှားခြင်းမှာ သူ၏ ညီမလေးနှင့် ဆရာကို ဂရုမစိုက်၍ မဟုတ်ချေ။ သူသည် ထိုရန်သူနှင့် ရင်ဆိုင်ရန် ကြိုတင်ပြင်ဆင်ထားခဲ့ခြင်းကြောင့် ဖြစ်၏။ အကယ်၍ ကောင်းကင်နတ်မင်းဆယ်ပါး လာခဲ့စေကာမူ သူရင်ဆိုင်နိုင်လေသည်။
‘ အဟမ်း… အဲဒါက နည်းနည်းတော့ ပိုသွားတယ် ’

‘ ဒါပေမဲ့ ကောင်းကင်နတ်မင်း နှစ်ပါး..သုံးပါးလောက်ဆိုရင်တော့ အေးဆေးပါပဲ… ’

‘ အချိန်ကျတော့မယ်… ’

‘ တိုက်ခိုက်မှု ဒုတိယအဆင့် စမယ်ဟေ့ ’
ထိုသို့တွေးပြီးနောက် လီချန်ရှို့သည် သူ၏ အာရုံအချို့ကို လင်းအယ်ဘေးရှိ ‘လူ’ စက္ကူကိုယ်ပွား(၃)ထံပို့၍ တိုက်ပွဲအတွက် စတင်ပြင်ဆင်လိုက်သည်။

သူသည် စက္ကူကိုယ်ပွား(၂)ကို မြေအောက်တွင် ဆက်လက်ပုန်းအောင်းနေစေလိုက်ပြီး ကောင်းကင်ခွင်းတောင်အနီးရှိ တောင်ကြားတွင် ပုန်းအောင်းနေသော ကျန်စက္ကူကိုယ်ပွား သုံးရုပ်ကို ထိန်းချုပ်လိုက်သည်။

ဤအကြိမ်တွင် သူသည် စက္ကူကိုယ်ပွားများကို လူလုံးထွက်ပြစေလိုက်တော့သည်။

အမျိုးသားနှစ်ဦးနှင့် အမျိုးသမီးတစ်ဦးသည် မြောက်ဘက်နှင့် တောင်ဘက်တွင် ထွက်ပေါ်လာကြ၏။ သူတို့သည် သူတို့၏ ကျင့်ကြံခြင်းအဆင့်ကို ထုတ်ဖော်ပြသထားကြ၏။ သူတို့၏ အဆင့်သည် အတုမဲ့နတ်ဝိဇ္ဇာ နောက်ဆုံးအဆင့်ဖြစ်သည်။

ထိုအဆင့်သည် လက်ရှိတွင် လီချန်ရှို့ ဖော်ပြနိုင်သော အမြင့်ဆုံးအဆင့်ပင်။ စက္ကူကိုယ်ပွားများသည် နတ်တန်ခိုးများကို အကန့်အသတ်ဖြင့်သာ သိမ်းဆည်းထားနိုင်၍ သူ၏ နတ်တန်ခိုးအနည်းငယ်ကိုသာ သယ်ဆောင်ထားနိုင်လေသည်။

ထို့နောက် ထိုလူသုံးဦးသည် သူတို့၏ နတ်တန်ခိုးများကို သုံး၍ အော်ဟစ်လိုက်သည်။

သူတို့သည် ရှေးဦးစွာ မြောက်ဘက်သို့ ကြည့်လိုက်၏။

ကျောတွင် ဓားတစ်ချောင်းလွယ်ထားသော တာအိုရသေ့ငယ်လေးသည် အော်ပြောလိုက်သည်။
“ ကျုပ်တို့ ဒီနားက ဖြတ်သွားတုန်း မိစ္ဆာတွေ ဒီဂိုဏ်းကို တိုက်ခိုက်နေတာ တွေ့လိုက်တာ… ”

“ တော်တော်စိတ်ကြီးဝင်နေတဲ့ မိစ္ဆာတွေပဲ။ တုနတ်ဝိဇ္ဇာဂိုဏ်းက အဆွေကျင်ကြံသူတို့ မပူပါနဲ့။ ကျုပ်တို့နှစ်ယောက် ခင်ဗျားတို့ဘက်က ကူညီပေးပါမယ် ”

သူသည် ဖြောင့်မတ်ပေစွ။

ထို့နောက် သူ့ဘေးရှိ ကျောက်စိမ်းပုလွေတစ်ချောင်းကို ကိုင်ထားသော အမျိုးသမီးနတ်ဝိဇ္ဇာက ဆက်ပြောလိုက်သည်။
“ လောကကြီးက ကြည်လင်သာယာတယ်။ မိစ္ဆာတွေကို နှိမ်နင်းပြီး လူသားတွေကို ကာကွယ်ရမယ်ဟေ့ ”

“ တုနတ်ဝိဇ္ဇာဂိုဏ်းက အဆွေကျင့်ကြံသူတို့ ကျမတို့နှစ်ယောက်အတွက် မစိုးရိမ်ပါနဲ့။ ကျမတို့ အင်အားသုံးပြီး ထိပ်တိုက်ရင်ဆိုင်မှာ မဟုတ်ပါဘူး။ အဆွေကျင့်ကြံသူတို့ သက်သာရာရသွားအောင် အရင်ဆုံး မိစ္ဆာအနည်းငယ်ကို ဝေးရာကို မျှားခေါ်သွားပေးပါမယ် ”
ထိုစကားလုံးများသည် အကျိုးအကြောင်းဆီလျော်၍ တုနတ်ဝိဇ္ဇာဂိုဏ်းမှ နတ်ဝိဇ္ဇာများ ချက်ချင်း စိတ်သက်သာရာရသွား၏။ သူတို့သည် ဂိုဏ်းအနီးမှ မတော်တဆ ဖြတ်သွားကြ‌သော ထိုလူစိမ်းနှစ်ဦးကို လွန်စွာကျေးဇူးတင်နေကြသည်။

သို့သော် နတ်ဝိဇ္ဇာအများစုမှာ ထိုလူစိမ်းများ၏ ရုပ်သွင်သည် တစ်ခုခု ထူးဆန်းနေသည်ဟု ထင်နေကြလေ၏။

မြောက်ဘက်မှ လူစိမ်းနှစ်ဦးထက် တောင်ဘက်ရှိ လူသန်ကြီးက ပို၍ ဘွင်းဘွင်းရှင်းရှင်း ပြောတတ်လေသည်။

ထိုလူသန်ကြီးသည် ပုဆိန်ကြီးတစ်ခုကို ကိုင်ထားပြီး တိုက်ပွဲဖြစ်ပေါ်နေသော နေရာနှင့် ငါးလီအကွာတွင် ရှိလေသည်။

သူက အော်ပြောလိုက်သည်။
“ သောက်ခွေး … ဒီမိစ္ဆာတွေနဲ့ မကောင်းဆိုးဝါးတွေကတော့ကွာ။ သတ္တိရှိရင် ငါနဲ့ ထိပ်တိုက်လာရင်ဆိုင်စမ်းပါ။ ငါမင်းတို့ကိုလည်း သတ်မယ်… မင်းတို့ရဲ့ ဘိုးဘေးတွေကိုလည်း သတ်ပစ်မယ်ကွ… ”

ရုတ်ခြည်းပင် ကောင်းကင်ခွင်းတောင်ကို ဝန်းရံထားကြသော သွေးခြင် ရုပ်သေးရုပ်များသည် တုံ့ပြန်လိုက်သည်။

မြောက်ဘက်ရှိ စုံတွဲထံသို့ အရိပ်နက် ဆယ်ဦးကျော်မျှ ပျံထွက်သွားကြ၏။

ကျောတွင် ဓားလွယ်ထားသော တာအိုရသေ့ငယ်သည် အသံထွက်၍ ရယ်မောလိုက်သည်။ ထိုစုံတွဲသည် လျင်မြန်စွာ ဆုတ်ခွာ၍ နတ်တန်ခိုးများကိုသုံးကာ မန္တန်အချို့ကို ရွတ်လိုက်၏။ သူတို့သည် ရန်သူများကို မျှားခေါ်သွားလေသည်။

‘ တောင်ဘက်က ရန်သူတွေက ပိုစွမ်းအားကြီးတာပဲ… ’
မိစ္ဆာနှစ်ဆယ်ကျော်သည် လူသန်ကြီးဆီသို့ ဦးတည်သွားလိုက်၏။ ထိုမိစ္ဆာအုပ်၏ ရှေ့ဆုံးတွင် ကောင်းကင်နတ်မင်းအဆင့်ရှိသော မိစ္ဆာနှစ်ကောင်ပါလေသည်။

လူသန်ကြီး၏ ဒူးများတုန်လာ၏။ သူသည် ပုဆိန်ကြီးကို မကာ ထွက်ပြေးလေတော့သည်။ သို့သော် သူသည် လေကိုယ်ယောင်ဖျောက်အတတ်ကိုသုံး၍ ရန်သူများကို ချုံတောင်လေးဆီ မျှားခေါ်ခြင်းသာ ဖြစ်လေသည်။

ရန်သူများ၏ အာရုံစိုက်မှုကိုရရန် လီချန်ရှို့သည် စက္ကကိုယ်ပွားများကို အော်ဟစ်ဆဲဆိုခိုင်းလိုက်ခြင်းဖြစ်၏။

လူသန်ကြီးသည် ဆဲဆိုနေဆဲဖြစ်သည်။ အာဒိကပ္ပလောကတွင် ထင်ရှားသော ဆဲနည်းများသည် မကုန်မခမ်းနိုင်ပေ။

ဥပမာအနေဖြင့်ပြောရလျှင် ‘ ငါမင်းကို လူလွန်မသားအနေနဲ့ မသတ်မှတ်ဘူးကွ ’၊ ‘ မင်းက မိစ္ဆာဆိုတော့ရော ငါက အရေးစိုက်ရမှာလား ’ စသည်တို့ ဖြစ်သည်။ ထိုဆဲနည်းများသည် အနည်းငယ် ပျော့လေ၏။

ထို့ကြောင့် လီချန်ရှို့သည် စကားလုံးကြမ်းကြမ်းများ ထပ်ထည့်၍ ဆဲဆိုစေလိုက်သည်။ ထိုမိစ္ဆာများသည် ထိန်းချုပ်ခံနေရသူများဖြစ်သော်လည်း ‌ဒေါသထွက်လာကြလေသည်။

ဥပမာအားဖြင့် မိစ္ဆာများသည် အာဒိကပ္ပလောကတွင် လူသားများ သိပြီးဖြစ်သော အကြောင်းအရာများကို ကြားရသောအခါ ဒေါသများပေါက်ကွဲလာ၏။
“ မိစ္ဆာဧကရာဇ် နှစ်ယောက်ရှိပေမဲ့ မိစ္ဆာဧကရီကတစ်ယောက်တည်းဆိုတော့ မင်းတို့ဟာက ဝေစားမျှစားလားကွ… ”

“ မင်းတို့ရဲ့ ဘိုး‌ဘေးတွေကို စုန်းကဝေတွေက ခွေးရိုက်နွားရိုက် ရိုက်လိုက်လို့ မင်းတို့ မြေပေါ်မှာတောင် ခြေမချရဲတော့ဘူးမလား။ ဒါကိုတောင် မင်းတို့မိစ္ဆာတွေက စုန်းကဝေတွေနဲ့ တစ်မြေတည်း မနေချင်လို့ဆိုပြီး ဖင်ခေါင်းကျယ်နေသေးတယ်။ မင်းတို့ အရှက်မရှိဘူးလား…ဟင် ပြောစမ်းပါကွ… ”

အလင်းတန်းများ ထွက်ပေါ်လာ၏။ မိစ္ဆာများသည် တစ်ကောင်ပြီးတစ်ကောင် စတင်တိုက်ခိုက်လိုက်ကြသည်။ သူတို့သည် ထိုလူသန်ကြီးကို အစိတ်စိတ်အြမွှာြမွှာ လုပ်ပစ်ချင်နေကြ၏။

သို့သော် လူသန်ကြီး၏ ခန္ဓာကိုယ်မှ နတ်တန်ခိုးများထွက်ပေါ်လာပြီး အရှိန်မြှင့်လိုက်လေ၏။ ထိုလူသန်ကြီးသည် လေကိုယ်ယောင်ဖျောက်အတတ်ကို သုံးကာ မိစ္ဆာများ၏ တိုက်ခိုက်မှုကို ဘယ်ညာရှောင်တိမ်းနေလေသည်။ သူသည် ဆဲဆိုနေဆဲဖြစ်၏။

သူတို့သည် ထိုသို့ဖြင့် ချုံတောင်လေး၏ အပေါ်သို့ ရောက်လာကြ၏။ လူသန်ကြီး၏ အနောက်သို့ အလင်းတန်းများ လိုက်ပါလာကြသည်။

လီချန်ရှို့သည် ထိုစက္ကူကိုယ်ပွားကို ထိန်းချုပ်လိုက်၏။ လူသန်ကြီး၏ နောက်ကျောမှနေ၍ နတ်တန်ခိုးများထွက်ပေါ်လာပြီး ကာလိုက်သော်လည်း နောက်မှပါလာသော အလင်းတန်းများထဲမှ ပုလဲလုံးတစ်လုံးသည် သူ၏နောက်ကျောကို ပြင်းပြင်းထန်ထန် ထိမှန်သွားလေသည်။

လူသန်ကြီးသည် ချုံတောင်လေးပေါ်သို့ ပြုတ်ကျသွား၏။ သူသည် လေထဲတွင် ကိုယ်ဟန်ကိုပြန်ထိန်း၍ သူ့ဆီသို့ ပျံသန်းလာကြသော မိစ္ဆာအုပ်စုကို လှည့်ကြည့်လိုက်သည်။

သို့သော် ထိုအခိုက်တွင် မိစ္ဆာအုပ်ကြီးသည် အန္တရာယ်အရိပ်အယောင်ကို အာရုံခံမိလိုက်၏။ သူတို့၏ မျက်လုံးများတွင် တွန့်ဆုတ်နေသည့် အရိပ်အယောင်များ ပြည့်နှက်သွားလေသည်။

လီချန်ရှို့သည် အမှောင်ထဲတွင် အေးစက်စက် နှာခေါင်းရှုံ့လိုက်၏။

စက္ကူကိုယ်ပွား လူသန်ကြီးသည် နောက်လှည့်၍ ချုံတောင်လေးပေါ်ရှိ မန္တန်အစီအရင် အစွန်းတွင် ရပ်နေလိုက်သည်။ သူသည် မိစ္ဆာများကို လက်မထောင်ပြလိုက်ပြီး အထင်သေးစွာကြည့်၍ လက်မကို အောက်စိုက်လိုက်လေသည်။
“ ငါ ဒီလောက်အကြာကြီး မင်းတို့တိုက်တာကို ရှောင်ပြီးပြီ။ မင်းတို့လုပ်နိုင်တာ ဒါအကုန်ပဲလားကွ… ဒီပုလဲလုံးလေး တစ်လုံးလောက်နဲ့ကတော့ ဖြုတ်ကိုက်သလောက်တောင် မနာဘူး… ”

“ လာစမ်းပါကွ… ငါနဲ့ တစ်ယောက်ချင်းချမယ် ”
မိစ္ဆာများသည် ခေတ္တမျှကြောင်သွားသော်လည်း ချက်ချင်းပင် အောက်ရှိ ထိုလူသန်ကြီးဆီသို့ ဆင်းသွားကြလေသည်။

သွေးခြင်များသည် တစ်ယောက်ချင်းတိုက်မည်ဟု ထိုလူသန်ကြီး ထင်သွားအောင်လုပ်နေခြင်းပင်။ အမှန်တွင် သူ့ကို အကုန်ဝိုင်း၍ တိုက်ခိုက်မည်ဖြစ်သည်။

Comment

Leave a Reply

Options

not work with dark mode
Reset