Switch Mode

အပိုင်း (၄၂၅)

ရှမ်းဟိုင်သေဆုံးခြင်း

တောင်ထိပ်ပေါ်တွင် မိစ္ဆာနဂါးကြီးကား သူ၏ခန္ဓာကိုယ်ကို သုံးကာ အဝင်ဝအား ပိတ်ဆို့ထားသည်။ နဂါးကြီး၏အနီးတွင် များစွာသော သားရဲဘုရင်များက ရပ်ကာ အေးစက်စွာ ကြည့်နေကြသည်။ ရုတ်တရက် တောင်တစ်ခုလုံး တုန်ယင်လာကာ အရာအားလုံး ပြိုလဲကျတော့မည့်အလား ထင်မှတ်ရသည်။ နဂါးကြီးက လူသားတို့နှင့် မယှဉ်နိုင်သည်ကို သိကာ တောင်အား ဖြိုလှဲ၍ လူသားတို့အား ခြိမ်းခြောက်ရန် ကြိုးစားနေခြင်း ဖြစ်သည်။

ဂူတုံးလျိုကား သိပ်မဝေးသော နေရာတွင် ရပ်နေကာ တန်ခိုးရှင် သုံးယောက်၏ ပိတ်ဆို့ခြင်းကို ခံထားရသည်။

“မင်းအခု ထွက်သွားရင် ငါတို့က မင်းကို ချမ်းသာပေးလို့ ရသေးတယ်… မင်းက ဘာလို့ ပြဿနာ ရှာချင်ရတာလဲ…” သူရိယနေမင်းကျောင်းမှ နိုဘယ်က နဂါးကြီးအား သတိပေးသည်။

နဂါးကြီးက တန်ခိုးရှင်များအား အေးစက်စွာ ကြည့်သည်။ သူကား သူ့တစ်ဘဝလုံးတွင် ဤနေရာတွင် နေထိုင်ခဲ့ကာ သားရဲ ဘုရင်များအား အုပ်ချုပ်သော ဘုရင်တစ်ပါးဖြစ်ပြီး တစ်ခါမှ ဤသို့ အရှက်ရမှုမျိုး မကြုံဖူးပေ။ သူကား မည်သို့ဆိုစေ မာနကြီးသော နဂါးတစ်ကောင် ဖြစ်ကာ သူ၏ အသွေးအသားများကို သုံးလျက် ဤမြက်အား နှစ်ပေါင်းများစွာ ပြုစုပျိုးထောင် လာခဲ့သည်။ သူ၏ရတနာများကို မည်သို့ ထိုလူသားများကို ပေးအပ်ရမည်နည်း…။ မာနကြီးသော နဂါးကြီးက သည်ကဲ့သို့ အရှက်ရမှုကို သည်းခံနိုင်မည် မဟုတ်ပေ။ ထို့အပြင် ထိုလူသား တန်ခိုးရှင်များ၏ အတွေးထဲတွင် လိုဏ်ဂူထဲမှ တပည့်များက နဂါးမြက်အား ရယူနိုင်လိမ့်မည်ဟု ထင်နေကြသည်။ ဘယ်လောက် ရယ်စရာ ကောင်းသနည်း…။

ထိပ်သီးကျောင်း သုံးကျောင်းမှ တန်ခိုးရှင်များက နဂါးကြီးကား အေးစက်စွာ ကြည့်သည်။ သူတို့က အလျင်မလိုကြပေ။ ထိပ်သီးကျောင်း သုံးကျောင်းမှ တန်ခိုးရှင်များက လိုဏ်ဂူထဲကို ဝင်ရောက်သွားကြပြီး ဖြစ်သည်။ သူတို့က နဂါးမြက်အား ရယူနိုင်သရွေ့ ကျန်လူများက နဂါးကြီးအား တိုက်ရိုက် သတ်ဖြတ်ကြမည် ဖြစ်သည်။ သည်နည်းဖြင့် နဂါးမြက်က ပျက်စီးသွားမည် မဟုတ်တော့ပေ။ ပြီးနောက်တွင် ထိပ်သီးကျောင်း သုံးကျောင်းက နဂါးမြက်အား ခွဲဝေကာ ယူကြမည်ဖြစ်သည်။

ထိုအခိုက်တွင် ပြင်းထန်သော တိုက်ပွဲတစ်ခု နဂါးလိုဏ်ဂူထဲတွင် ဖြစ်ပွားနေသည်။ လူတိုင်းက နဂါးမြက်အား ဦးဆုံး ရယူလိုနေကြသည်။ သားရဲဘုရင်တချို့ပင် လောဘဇော တက်လာကာ နဂါးမြက်အား ရယူလိုကြပြီး တိုက်ပွဲအား အလွန်အမင်း ပြင်းထန်စေသည်။ ထို့ကြောင့်ပင် မရေမတွက်နိုင်သော လူများက ဒဏ်ရာ အနည်းနှင့်အများ ရကြသည်။

တခြားတစ်ဖက်တွင် နဂါးမြက်ကား သဘာဝ စွမ်းအင်များကို လေပွေအလား ဖြစ်ပေါ်စေကာ ကြမ်းတမ်းစွာ စုပ်ယူနေဆဲဖြစ်သည်။ နဂါးပုံသဏ္ဌာန်မြက်ပင်က လေထဲတွင် ယိမ်းနွဲ့နေသည်။ နောက်ဆုံးတွင် တန်ခိုးရှင် တစ်ယောက်နှင့် သားရဲတစ်ကောင်က အတားအဆီးများအား ဖြတ်ကျော်ပြီး နဂါးမြက်အနီးကို ရောက်လာကြသည်။ ထိုလူက သူ၏လက်ကို ဆန့်တန်းကာ နဂါးမြက်အား လှမ်းဆုပ်ကိုင်သလို သားရဲကလည်း သူ၏လက်သည်းဖြင့် နဂါးမြက်ကို လှမ်းလိုက်သည်။ သို့သော်လည်း ရုတ်တရက် နဂါးမြက်က ရုန့်ရင်းစွာဖြင့် လှုပ်ယမ်းလာသည်။

ဟူး…

အနီရောင် အလင်းတစ်ခု နဂါးမြက်ထံတွင် ပေါက်ကွဲ ထွက်လာကာ ပုံရိပ်ယောင် နဂါးကြီး တစ်ကောင်က ရုတ်တရက် ပေါ်လာသည်။ နဂါးပုံရိပ်ကြီးက နိုဘယ်နှင့် သားရဲဘုရင်တို့၏ ဦးခေါင်းအား အရိပ်ပုံစံဖြင့် ထွင်းဖောက် သွားသည်။ ထို့နောက်တွင် သူတို့နှစ်ယောက်လုံးက နာကျင်စွာ အော်ဟစ်ကာ သူတို့၏လက်များဖြင့် ဦးခေါင်းကို ဆုပ်ကိုင်ပြီး နောက်ဆုတ် လိုက်ကြသည်။ မကြာမီ သူတို့က မြေပြင်ပေါ်သို့  ပြိုလဲကျသွားကာ သူတို့၏ စိတ်အသိများကလည်း ပြင်းစွာ ဒဏ်ရာရသွားကြ၏။

ပုံရိပ်ယောင်နဂါးက နဂါးမြက်အနီးကို ပြန်ရောက်လာကာ ပတ်ဝန်းကျင်အား အေးစက်စွာ ကြည့်သည်။

“နဂါးက သူ့ရဲ့ စိတ်အသိကို နဂါးမြက်မှာ တွယ်ကပ်ထားတယ်… ဒါကြောင့် သူက နဂါးမြက်ကို သုံးပြီး စိတ်ဝိညာဉ် တိုက်ခိုက်မှုကို လုပ်နိုင်တယ်…” လိုဏ်ဂူထဲမှ လူများအားလုံး ထိတ်လန့်နေကြသည်။ နဂါးကား အမှန်ပင် ဉာဏ်နီဉာဏ်နက်များပြီး ထိုသို့ နည်းလမ်းကို အသုံးပြုထားသည်။

ပုံရိပ်ယောင်နဂါးက လူအုပ်အား အေးစက်စွာ ကြည့်သည်။ ထို့နောက်တွင် နဂါးမြက်က ဆက်လက်၍ လှုပ်ယမ်းသည်။ များစွာသော ကြောက်မက်ဖွယ် ပုံရိပ်ယောင် နဂါးများက အမှန်ပင် နဂါးမြက်မှ ထွက်ပေါ်လာကြကာ နိုဘယ်များနှင့် လောဘဇောကပ်နေသော သားရဲဘုရင်များထံသို့ တိုးဝင်သွားကြသည်။ အမှန်ပင် ထိုသားရဲဘုရင်များက သူ၏အမိန့်ကို သွေဖည်ရဲကြသည်။ သူက နဂါးမြက်ကို နှစ်ပေါင်းများစွာ ပျိုးထောင် လာခဲ့သည်မှာ အလကားဟု ထင်နေကြသလော…။

တိုက်ပွဲဝင်နေကြဆဲ ဖြစ်သော နိုဘယ်များနှင့် သားရဲများက စိတ်ဝိညာဉ် တိုက်ခိုက်မှုများ သူတို့ထံသို့ တိုးဝင် လာနေသည်ကို မြင်လျှင် သူတို့၏ အမူအရာများ ပြောင်းလဲ သွားကြသည်။ သူတို့က ထွက်ပြေးရန် ကြိုးစားကြသော်လည်း ကြောက်မက်ဖွယ် စိတ်ဝိညာဉ် တိုက်ခိုက်မှုများက ရှောင်ဖယ်၍ မရပေ။ တိုက်ခိုက်မှုများက သူတို့၏စိတ်ထဲကို တိုက်ရိုက် ဝင်ရောက်လာကာ မြေပြင်ပေါ်သို့ တစ်ယောက်ပြီး တစ်ယောက် လဲကျသွားကြသည်။

“နဂါးမြက်ကို ယူဖို့ ကြိုးစားတဲ့လူ ဘယ်သူကိုမဆို ကျုပ်သတ်မယ်…” နဂါးပုံရိပ်က အေးစက်စွာ ပြောသော်လည်း သူ၏ပုံရိပ်က ဝေဝါးနေပြီ ဖြစ်သည်။ တန်ခိုးရှင်များနှင့် သားရဲများက နဂါးမြက်ဘေးမှ ပုံရိပ်ယောင်နဂါးကို ကြည့်ကြသည်။ မြေပြင်ပေါ်တွင် လဲလျောင်းနေသော နိုဘယ် တစ်ယောက်က ပြောသည်… “သူက မကြာခင် ပျောက်ကွယ် သွားတော့မယ်… မြက်ကို သွားယူ…”

ထိပ်သီးကျောင်း သုံးကျောင်းမှ တပည့်များက ရှေ့ကို တိုးဝင် သွားကြသည်။ နောက်ဆုံးတွင် ရဲရင့်သော တပည့်တစ်ယောက်က နဂါးမြက်ထံသို့ မှော်စွမ်းအင်တစ်ချက် ထုတ်လွှတ်လိုက်သည်။ လွန်စွာ လင်းလက် တောက်ပသော စွမ်းအင်တစ်ခုက နဂါးမြက်ထံမှ ထွက်ပေါ်လာကာ ထိုတပည့်၏ သစ်သားဓာတ် စွမ်းအင်ကို ပယ်ဖျက်သွားသည်။ သို့သော်လည်း နဂါးပုံရိပ်မူကား နောက်ထပ် မှော်စွမ်းအင်ကို ထုတ်လွှတ်ရန် လွန်စွာ အားနည်းနေဟန် ရသည်။

“သွားစို့…” အန္တရာယ် မရှိတော့သည်ကို မြင်လျှင် ထိပ်သီးကျောင်း သုံးကျောင်းမှ တပည့်များက နဂါးမြက်ထံသို့ ချဉ်းကပ် သွားကြသည်။ ချက်ချင်းပင် များစွာသော မှော်စွမ်းအင်များက နဂါးမြက်ထံသို့ အဆက်မပြတ် တိုးဝင်သွားကြသည်။ လေဓာတ်ကို သုံးလျက် တန်ခိုးရှင်တစ်ယောက်က နဂါးမြက်အနီးကို တိုးကပ်လာသည်။ သို့သော်လည်း သူက နဂါးမြက်အနီးကို ရောက်ရောက်ချင်းပင် နဂါးမြက်ထံမှ များစွာသော မှော်စွမ်းအင်များ ထွက်ပေါ်လာကာ သူ့အား အဝေးကို လွင့်စဉ်သွားကာ ဒဏ်ရာပြင်းထန်စွာ ရစေသည်။

ထို့နောက်တွင် နဂါးမြက်အနီးကို ကပ်ရန် ကြိုးစားသော တန်ခိုးရှင် အနည်းငယ်မှာလည်း တိုက်ခိုက်ခံရပြီး နောက်ကို လွင့်စဉ်သွားကြသည်။ မှော်စွမ်းအင်များအားလုံး ထုတ်လွှတ်ပြီးသောအခါ ထိပ်သီးကျောင်း သုံးကျောင်းမှ တပည့်များက နဂါးမြက်ကို လှည့်ပတ် ဝန်းရံထားကြသည်။

သူတို့က နဂါးမြက်အနီးကို ကပ်လာသူဟူသမျှကို တိုက်ခိုက်ကြမည် ဖြစ်သည်။

သူတို့အနီးတွင်ကား များစွာသော သားရဲများက လာရောက် တိုက်ခိုက်နေကြဆဲ ဖြစ်သည်။ တိုက်ပွဲကား မည်သည့်အခါကမှ မရပ်တန့်ခဲ့ပေ။

ရုတ်တရက် ကျယ်လောင်သော အသံများ ထွက်ပေါ်လာကာ များစွာသော သားရဲအုပ်က နဂါးမြက်ထံသို့ ပြေးဝင်လာကြသည်။ တစ်ချိန်တည်းမှာပင် လုံးဝ မည်းနက်နေသော မိစ္ဆာငှက်ကြီး တစ်ကောင် ပေါ်လာကာ သူ၏ နောက်ကျောတွင်လည်း ထူးဆန်းသော ငွေရောင်ဝတ်စုံဝတ် လူတစ်ယောက်ကို မြင်ကြရသည်။

ထိုအခိုက်တွင် လူထူးလူဆန်းက ငှက်နက်ကြီး၏ နောက်ကျောတွင် တင်ပလ္လင်ခွေကာ ထိုင်နေသည်။ သူ၏လက်ချောင်းများက ကု့ချင်းကြိုးကို ထိခတ်လျှင် အားကောင်းသော သံစဉ်အား ထုတ်လွှတ်သည်။

“ခင်ဗျား ဘယ်သူလဲ…” ထိပ်သီးကျောင်း သုံးကျောင်းမှ လူများအားလုံး မျက်မှောင်ကြုတ် သွားကြသည်။ ထိုလူက ထိပ်သီးကျောင်း သုံးကျောင်းမှ လူဟုတ်ဟန် မကျပေ။ သူတို့က ယခင်က သူ့အား မမြင်ဖူးသလို ယခုအချိန်တွင်မှ ရုတ်တရက် ပေါ်လာရာ သူက သည်အနားတွင် တစ်ချိန်လုံး ပုန်းအောင်းနေသည်ဟု အဓိပ္ပာယ်ရသည်။

သံစဉ်က ရုတ်တရက် လေထုကို ပျံ့နှံ့သွားကာ နားထောင်သူအား စိတ်အာရုံထွေပြား စေသည်။ သားရဲများက ထိုသံစဉ်အား နားထောင်ပြီးနောက် ရုန့်ရင်းကြမ်းတမ်းစွာ အော်ဟစ်ကာ ရူးသွပ်သွားဟန် ရသည်။ သားရဲအုပ်များက လူအုပ်ထံသို့ ရက်စက် ကြမ်းကြုတ်စွာ စတင် တိုက်ခိုက် ကြတော့သည်။

ဧရာမကြီးမားသော လူဝံကြီးတစ်ကောင်က ကြောက်မက်ဖွယ် ကိုယ်ရောင်ကိုယ်ဝါဖြင့် လူအုပ်ထံသို့ ဆင်းသက် လာကြသည်။ မှော်စွမ်းအင်တချို့က လူဝံကြီးထံသို့ တိုးဝင် သွားသော်လည်း သူတို့က လူဝံကြီအား ထိခိုက်အောင် မလုပ်နိုင်ပေ။ သူ၏ဧရာမ ခန္ဓာကိုယ်ကြီးက သူတို့ထံကို ဆက်လက် တိုးဝင်လာနေသည်။

တစ်ချိန်တည်းမှာပင် များစွာသော သားရဲများက မူလကတည်းက သဘောတူညီ ထားကြသည့် အတိုင်းပင် တန်ခိုးရှင်များအား အဆက်မပြတ် တိုက်ခိုက်ကြသည်။

“အတင့်ရဲတယ်… ”

လူတစ်ယောက်က လျှပ်စီးအလားပင် မြန်ဆန်စွာဖြင့် သားရဲများ အားလုံးကို ဖြတ်ကျော်သွားပြီး သူ၏ဓားဖြင့် ငွေရောင်ဝတ်လူအား လှမ်းခုတ်လိုက်သည်။

ငွေရောင်ဝတ်လူကား ရီဖူရှင်း ဖြစ်သည်။ သူဝတ်ဆင်ထားသော ဝတ်စုံကား လျိုဘုရင် လက်ဆောင်ပေးသော ဝတ်စုံဖြစ်သည်။ သို့သော်လည်း ရီဖူရှင်းက သူ့အား တိုက်ခိုက်သူကို သတိပင် ထားမိဟန် မရပေ။ သူ၏လက်ချောင်းက ကု့ချင်းအား တီးခတ်လိုက်သည်နှင့် တစ်ပြိုင်နက် လွန်စွာ တောက်ပသော ရွှေရောင် အလင်းများက ရုတ်တရက် ရီဖူရှင်းထံမှ ဖြာထွက်လာသည်။ သူ၏သံစဉ်က လာရောက် တိုက်ခိုက်သူ၏ စိတ်ထဲကို တိုက်ရိုက် ဝင်ရောက်သွားကာ တိုက်ခိုက်လျှင် ထိုလူ မြေပြင်ပေါ်သို့ ပြုတ်ကျသည်။

မိစ္ဆာငှက်က လျှပ်စီးအလား ပြောင်းလဲသွားသည်။ လာရောက် တိုက်ခိုက်သူက မော့ကြည့်လိုက်စဉ်မှာပင် လွန်စွာ ထက်ရှသော လက်သည်းက သူ၏ရင်ဘတ်ကို ထိမှန်ကာ အဝေးကို လွင့်စဉ်သွားသည်။

မိစ္ဆာငှက်ကလည်း သိမ်းငှက်နက် ဖြစ်သည်။ ထိုအခိုက်တွင် သူ၏မျက်လုံးက အနက်ရောင်ငွေ့ အသက်များဖြင့် ပြည့်နှက်နေသည်။ သူ၏ အကြည့်တစ်ချက်ကပင် ရှိသမျှသော လူတို့အား သူ၏မိစ္ဆာအသိအား ခံစားရစေသည်။

နတ်တို့၏ အရောင်အဝါအလား ရီဖူရှင်းအား ရွှေရောင်များ လွှမ်းခြုံထားသည်။ သူ၏သွင်ပြင် လက္ခဏာများက လွန်စွာ ထူးခြားသွား၏။ သို့သော်လည်း သူ၏သံစဉ်က လွန်စွာ နားမခံသာ ဖြစ်စေကာ လူတိုင်းကို စိတ်အာရုံထွေပြားက ရူးသွပ်စေသည်။ သူ၏အနီးမှ သားရဲများ အားလုံးလည်း ရူးသွပ်သွားကြသည်။

“သားရဲထိန်းချုပ်သူ…” လူတိုင်း၏ မျက်နှာက နက်မှောင်သွားသည်။ ထိုလူထူး လူဆန်းကား အမှန်ပင် သားရဲများကို ဂီတဖြင့် ထိန်းချုပ်နိုင်သည်။

“သူ့ကို တားစမ်း…” ဒဏ်ရာရ နိုဘယ်တစ်ယောက်က ပြောသည်။ လူတိုင်းက ရီဖူရှင်းနှင့် မိစ္ဆာငှက်တို့၏အန္တရာယ်ကို ခံစားမိကြသည်။

ထိပ်သီးကျောင်း သုံးကျောင်းမှ တပည့်များက ရီဖူရှင်းထံသို့ တစ်ယောက်ပြီး တစ်ယောက် ပြေးဝင်လာကြသည်။ သို့သော်လည်း ရီဖူရှင်းကို များစွာသော အဆင့်မြင့် အကာနာ သားရဲများဝန်းရံကာ လမ်းဖောက် ပေးနေကြသည်။ ထိုအခိုက်တွင် ရီဖူရှင်းကား သူ၏ဧကရာဇ်အသိကို တစ်ဝက်တစ်ပျက် အသက်သွင်းထားပြီး ဖြစ်ကာ သူ၏သွေးများက ဆူပွက်နေပြီ ဖြစ်သည်။ သည်အခွင့်အရေးကား အမှန်ပင် ရှားပါးသည်။ သူက ဆေးပင်အား ရခဲ့ပါက အရာအားလုံးက ထိုက်တန်ပေသည်။ သူမရခဲ့ပါကလည်း သူ၏အစ်ကိုသုံးက သူ့အား ဘေးကင်းစွာ ကယ်ထုတ် သွားနိုင်သည်ကို ရီဖူရှင်းက သိသည်။

သူတွေးထင် ထားသလိုပင် ဂူတုံးလျိုက လိုဏ်ဂူထဲမှ သံစဉ်ကို ကြားသည်နှင့် ရီဖူရှင်း ရောက်နေသည်ကို သိလိုက်သည်။ ဂူတုံးလျို၏ ခန္ဓာကိုယ်မှ လင်းလက် တောက်ပစွာဖြင့် သူ၏ သက်စောင့်ဝိညာဉ်နှင့် ဓမ္မထွက်ပေါ် လာသည်။ သူ၏ခန္ဓာကိုယ်တွင် လွန်စွာ ကြည့်ကောင်းသော ရှေးဟောင်းသင်္ကေတ ကိုးခုက လှည့်ပတ်နေကာ သူ့အား တားဆီးသူ သုံးယောက်ကို ပိုမို၍ ဖိအား ဖြစ်ပေါ်စေသည်။ နောက်ဆုံးတွင် သူက လှုပ်ရှားတော့မည်လော…။

သို့သော်လည်း ဂူတုံးလျိုက သူ၏စွမ်းရည်များကို ထုတ်ဖော်သော်လည်း သူက မတိုက်ခိုက်ပေ။ သူ၏ညီငယ်လေးက လိုဏ်ဂူထဲတွင် ရှိနေမှတော့ လိုဏ်ဂူထဲတွင် သူ အဆင်ပြေမည်ဟု ယုံသည်။ သူလုပ်ရမည်ကား လိုဏ်ဂူအပြင်မှ အခြေအနေများကို ထိန်းထားရန် ဖြစ်သည်။

ရီဖူရှင်းက မိစ္ဆာငှက်ကို စီးနင်းသလို များစွာသော သားရဲများကလည်း လူအုပ်ထံသို့ တိုးဝင် တိုက်ခိုက်ကြသည်။ မှော်စွမ်းအင်များစွာက ရီဖူရှင်းထံကို တိုးဝင် တိုက်ခိုက်ကြ သော်လည်း ရီဖူရှင်းက ကု့ချင်းကိုသာ တိတ်ဆိတ်စွာ တီးခတ်သည်။ သူ၏ ကိုယ်နေဟန်ထားက ထူးခြား ကောင်းမွန်လှသလို သူ၏သံစဉ်က ပြင်းထန်ကာ တစ်ခါတစ်ရံ ထက်ရှပြီး သူ့အား တိုက်ခိုက်သည့် တန်ခိုးရှင်များကို နာကျင်စေသည်။

ဘုန်း… ဘုန်း… ဘုန်း…

ပြင်းထန်သော လေထုပေါက်ကွဲသံများ အဆက်မပြတ် ကြားရသည်။ ကြယ်မင်းကျောင်းမှ တန်ခိုးရှင်အုပ်စု တစ်ခုက ရီဖူရှင်းထံ ပြေးဝင်လာကြကာ ထိုအထဲတွင် ဝမ်ယွီချန်းလည်း ပါဝင်ပေသည်။ သူမက လက်မြှောက်ကာ မှော်စွမ်းအင်တစ်ခုအား ထုတ်လွှတ်လိုက်သည်။ ချက်ချင်းပင် မီးလျှံများက ကောင်းကင်တွင် စတင် ကခုန်ကြသည်။ သို့သော်လည်း ငွေရောင်ဝတ်စုံနှင့်လူက သူမအား ခံစားချက်မဲ့စွာဖြင့် တစ်ချက်မျှသာ ကြည့်သည်။ ထို့နောက် သူက ကု့ချင်းကြိုးအား အေးဆေးစွာ တီးခတ်လိုက်သည်။ သူမ၏မှော်စွမ်းအင်က ချက်ချင်း ပျက်ပြယ်သွားသလို သူမ၏ခေါင်းထဲကိုလည်း လွန်စွာ စူးရှသော သံစဉ်တစ်ခု ဝင်ရောက်လာသည်။ သူမက တုန်ယင်သွားကာ ကောင်းကင်မှ ကူရဲမဲ့စွာ ကျဆင်းသွားသည်။ သူမက ခေါင်းမော့ကာ လေထဲမှ ငွေရောင်ဝတ်လူအား ကြည့်သည်။

ထိုနေရာတစ်ခုလုံးကား မမြင်ရသော သံစဉ်က ဖုံးလွှမ်းနေသည်။ ဒဏ်ရာပြင်းထန်စွာ ရထားသော နိုဘယ်များက ရီဖူရှင်းကို စိုက်ကြည့်ကြသည်။ သူကား လွန်စွာ ထူးခြား ထက်မြက်လှကာ သူ့တွင် အမျိုးအမည် မသိသော အလွန်ကြီးမြတ်ဟန်ရသော အလင်းများ တောက်ပနေသည်။ သူက ဘယ်သူလဲ…။

ရုတ်တရက် ရွှေရောင်အလင်း တစ်ချက်က ရီဖူရှင်းထံ ထွင်းဖောက် ဝင်လာသည်။ သူကား ရှမ်းယွန်ဖန်း ဖြစ်သည်။

ရီဖူရှင်းက သံစဉ်အား ပိုမိုမြန်ဆန်သောနှုန်းဖြင့် တီးခတ်သည်။ ဂီတသံစဉ်များက ရွှေရောင် အလင်းတန်းများအဖြစ် ပြောင်းလဲသွားကာ ရှမ်းယွန်ဖန်း၏ စိတ်ထဲကို ဝင်ရောက်သွားသည်။ ထိုအခိုက်တွင် ရှမ်းယွန်ဖန်းက လွန်စွာ ကြီးမြတ်သော အရှိန်အဝါကို ခံစားရကာ ပိုမိုအားကောင်းသော ဖျက်ဆီးအားတစ်ခုက သူ၏စိတ်စွမ်းအားကို လာရောက်ဖျက်ဆီးသည်။

သားရဲတစ်ကောင်က လေထဲကို ခုန်တက်ကာ ရှမ်းယွန်ဖန်း၏ ခြေထောက်တစ်ဖက်ကို ဆုပ်ကိုင်ကာ သူ့အား လှုပ်ရှားမရအောင် ဖြစ်သွားစေသည်။

ရှမ်းယွန်ဖန်း၏ အမူအရာက ဆက်တိုက် ပြောင်းလဲသွားသည်။ ထို့နောက် သူက လွန်စွာ ကြောက်မက်ဖွယ် ကောင်းသော မျက်လုံးအစုံကို မြင်ရသည်။ ထို့နောက်တွင် သူ၏ရှေ့၌ ဧရာမငှက်ကြီး တစ်ကောင်ပေါ်လာကာ သူ၏ထက်ရှသော လက်သည်းက သူ၏ရင်ဘတ်ကို ကျဆင်းလာပြီး အက်ကွဲသံတစ်ချက် ထွက်ပေါ်လာသည်။

မိစ္ဆာငှက်က ရှမ်းယွန်ဖန်းအား အေးစက်စွာ ကြည့်သည်။ ရှမ်းယွန်ဖန်း၏ မောက်မာမှုကို သူက မှတ်မိသေးသည်။

ဘန်း…

ထို့နောက် သူ၏ခြေထောက်အား ဆွဲကိုင်ထားသော သားရဲက သူ့အား လေထဲကို ဆွဲခေါ်သွားပြီး အောက်ကို ကျဆင်းလာကာ မြေပြင်ပေါ်တွင် ကိုင်ရိုက်လိုက်သည်။ ထို့နောက်တွင် ရှမ်းယွန်ဖန်းကား မြေပြင်ပေါ်တွင် မလှုပ်မယှက် လဲလျောင်း နေတော့သည်။

“မဟုတ်ဘူး… ” ရှမ်းဟိုင်၏ အမူအရာက ဆက်တိုက် ပြောင်းလဲသွားသည်။ ရီဖူရှင်းက သူ့အား အေးစက်စွာ ကြည့်သည်ကို မြင်ကာ ဂီသံစဉ်က သူ့ထံ ပျံ့လွင့်လာသည်။ များစွာသော သံစဉ်အားလှိုင်းများက ရှမ်းဟိုင်၏စိတ်ထဲကို တိုက်ရိုက် တိုးဝင်လာကြကာ သူ့အား တုန်ယင်စေသည်။ မိစ္ဆာငှက်က လေထုကို ခွင်းလျက် သူ့ထံပြေးဝင်လာကာ သူ၏ခေါင်းအား လက်သည်းဖြင့် လှမ်းကုတ်ခြစ်သည်လျှင် သွေးစိမ်းများ လေထဲ ပြန့်ကျဲသွားပြီး ရှမ်းဟိုင်လည်း အဝေးကို လွင့်စဉ်သွားသည်။

“မင်းအခု ပျော်ပြီလား…” ရှမ်းဟိုင်က သူ၏စိတ်ထဲကို ရင်းနှီးသော အသံတစ်ခုအား ကြားရသည်။ ထိုအခိုက်တွင် သူက အေးစက်မှုများက သူ၏ တစ်ကိုယ်လုံးအား စီးဆင်းသွားသလို ခံစားရသည်။ သူက မျက်လုံးပြူးကာ ငွေရောင်ဝတ်လူအား မယုံကြည်နိုင်စွာ ကြည့်သည်။ ထိုလူထူးလူဆန်းက သူနှင့် ရှမ်းယွန်ဖန်းကိုသာ သတ်သည်မှာ မထူးဆန်းတော့ပေ။ သို့သော်လည်း ထိုလူထူးလူဆန်းက ဘယ်လိုလုပ် သူ ဖြစ်နေရသနည်း…။

***

Comment

Leave a Reply

Options

not work with dark mode
Reset