ရီဖူရှင်းက နဂါးမြက်အား လှမ်းအကဲခတ်ကာ လက်ရှိတွင် သူဝင်ပါ၍ ရသော အခြေအနေ မဟုတ်သည်ကို ရိပ်မိသည်။ ထိပ်သီးကျောင်း သုံးကျောင်းက တောင်ထိပ်တွင် တိုက်ခိုက်နေကြသည်။ အထဲကို ဝင်ရောက်သွားသော စွမ်းအားမြင့် တန်ခိုးရှင်များကလည်း ရတနာများနှင့် အလုပ်များ နေကြသည်။ ထို့အပြင် နဂါးမြက်အား စောင့်ကြပ် နေကြသော စွမ်းအားမြင့် သားရဲများလည်း ရှိကြသေးသည်။ ထိုအရာက လွန်စွာ တပ်မက်ဖွယ် ကောင်းသောလည်း ယခု ထိုနေရာသို့ ဝင်သွားခြင်းက မိမိကိုယ်ကို သတ်သေခြင်းနှင့် မခြားပေ။
သူက မြေပြင်ပေါ်မှ ရတနာများကို ကြည့်သည်။ သူ၏ မျက်လုံးက အရောက်လက် သွားသည်။ သူ၏ခန္ဓာကိုယ်က လျှပ်တစ်ပြက်ပင် ရတနာတချို့ထံသို့ ချဉ်းကပ်သွားသည်။ တခြားလူများမူကား မူလကတည်းက ရတနာများကို လိုက်လံရှာဖွေကာ ယူနေကြပြီ ဖြစ်သည်။
သူ၏ လွတ်လပ်ခြင်း ကျင့်စဉ်ကို အသက်သွင်းရင်းက ရီဖူရှင်း၏ မျက်လုံးက ပိုမို ထက်ရှသွားသည်။ သူ၏အာရုံခံစားမှုက ပိုမိုအားကောင်း သွားသည်။ သူ၏မျက်လုံးထဲကို ကွဲပြားခြားနားသော အရောင်အဝါများ ဝင်ရောက်လာသည်။ ရတနာများ အားလုံးက အားကောင်းသော သဘာဝစွမ်းအင်များ ကပ်ငြိနေသည်။
“အဲဒါ ဘာလဲ…” ရီဖူရှင်းက ထောင့်တစ်နေရာကို ကြည့်သည်။ ထိုနေရာတွင် လက်စွပ်တစ်ကွင်း ရှိသည်။ လက်စွပ်က ခရမ်းရောင်နှင့် ရွှေရောင်လင်းလက် တောက်ပနေသည်။ လက်စွပ်က လွန်စွာ လှပသော်လည်း အဝေးမှ ကြည့်လျှင် ကျောက်မြတ်ရတနာနှင့် တူကာ မည်သူကမှ သိပ်စိတ်မဝင်စားကြပေ။ အများစုက သိဒ္ဓိဝင်ပစ္စည်းများနှင့် တန်ဖိုးကြီး ရတနာများကိုသာ လိုက်လံ ရှာဖွေနေကြသည်။
သဘာဝ စွမ်းအင်များက လက်စွပ်ထံမှ စိမ့်ထွက်နေလျှင် လက်စွပ်က သာမန်လက်စွပ် မဟုတ်သည်ကို ရီဖူရှင်းက ရိပ်မိသည်။ သို့သော်လည်း သူ၏သဘာဝ စွမ်းအင်က လက်စွပ်ထဲကို စီးဆင်းသွားရာ သူက အရံအတားတစ်ခုကို ခံစားရသည်။ တစ်စုံတစ်ခုက သူ၏စိတ်အသိအား အထဲကို ဝင်ရောက်မရအောင် တားဆီးထားသည်။
ဧကရာဇ်စွမ်းအင် အနည်းငယ်က စီးဆင်းသွားကာ ထိုအရံအတားအား ပယ်ဖျက်သည်။ တစ်စုံတစ်ခု ပျက်ပြယ် သွားသည်ကို ခံစားရကာ ရီဖူရှင်း၏ စိတ်ဝိညာဉ် စွမ်းအင်က ထူးခြားသော နေရာတစ်ခုထံသို့ ဝင်ရောက် သွားသည်။
ရီဖူရှင်း၏ ခန္ဓာကိုယ်က လျှပ်တစ်ပြက် ထိုအနီးကို ရောက်ရှိသွားကာ လက်စွပ်ကို ကောက်ကိုင် လိုက်သည်။ လက်စွပ်၏တန်ဖိုးကို သူ ခန့်မှန်းမိသည်။
လက်စွပ်တွင် ကန့်သတ်နယ်စွမ်းအင် ရှိသည်။ သည်ကဲ့သို့သော အမျိုးအစားကား အလွန် ရှားပါးသည်။ ပုံမှန် အဂ္ဂိရတ်ဆရာများက သည်ကဲ့သို့သော လက်စွပ်ကို မဖန်တီးနိုင်ပေ။ သည်ကဲ့သို့သော လက်စွပ်ပြုလုပ်ရန် ထူးခြားသော ပစ္စည်းများကို အသုံးပြုရသည်။ သည်လက်စွပ်၏ ပိုင်ရှင်က အလွန် အဆင့်အတန်း မြင့်မားသော စွမ်းအားမြင့် တန်ခိုးရှင် ဖြစ်ရမည်။ မဟုတ်လျှင် သည်ကဲ့သို့သော လက်စွပ်ကို ပိုင်ဆိုင်မည် မဟုတ်ပေ။ သို့သော် လက်စွပ်က နဂါးလိုဏ်ဂူထဲတွင် ရှိနေသည်။ ဆိုလိုသည်က မိစ္ဆာနဂါးက လက်စွပ်ပိုင်ရှင်ကို သတ်ဖြတ်ပြီး သွားပြီဟု အဓိပ္ပာယ်ရသည်။
သိဒ္ဓိဝင် ပစ္စည်းများကိုမူကား ရီဖူရှင်းက သိပ်အရေးမစိုက်ပေ။ သူတို့တွင် များစွာသော သိဒ္ဓိဝင်ပစ္စည်းများ ရှိသည်။ သည်လက်စွပ်ဖြင့်ဆိုလျှင် သူတို့က သိမ်းငှက်နက်အား ဝန်ထုပ်ဝန်ပိုးဖြစ်စရာ မလိုတော့ပေ။ လေးလံသော ပစ္စည်းများနှင့် တန်ဖိုးကြီး ပစ္စည်းများ အားလုံးကို လက်စွပ်ထဲတွင် သိမ်းဆည်းထား၍ ရသည်။
သို့တိုင်အောင် များစွာသော သားရဲများက သူတို့ထံ ပြေးလာကာ တိုက်ခိုက်နေကြဆဲပင်။ နဂါးလိုဏ်ဂူ အပြင်ဘက်တွင်လည်း သားရဲများက အဆက်မပြတ် ပြေးလာနေကြသည်။ သူတို့၏ အရေအတွက်များ ပိုမိုများပြား လာသည်။
ထိပ်သီးကျောင်း သုံးကျောင်းမှ တပည့်များက သားရဲများကို ရင်ဆိုင်ရန် ပြေးသွားကြသော အချိန်တွင် ထုံးစံအတိုင်း ရီဖူရှင်းတို့က နောက်တွင် ကျန်နေရစ်သည်။ တခြားလူများ ရှိနေမှတော့ ပုံမှန်အားဖြင့် သူတို့က ဘာမှ လုပ်စရာ မလိုပေ။
နဂါးမြက်အနီးတွင်လည်း တိုက်ပွဲစတင် ဖြစ်ပေါ်သည်။ နိုဘယ်များက နဂါးမြက်အနီးမှ သားရဲများနှင့် ရင်ဆိုင် တိုက်ခိုက်ကြသည်။ တောင်ကုန်းက တုန်ခါနေကာ ထိုနေရာမှ လေထုက တဝုန်းဝုန်း ပေါက်ကွဲသည်။
“မင်းက ဘယ်လို ပုန်းရမယ်ဆိုတာ ကောင်းကောင်း သိတယ်… မင်းက နောက်မှာပဲ နေပြီးတော့ ရတနာတွေကို ရှာနေတယ် ဟုတ်လား…” ကြယ်မင်းကျောင်းမှ တစ်ယောက်က ရီဖူရှင်းအား ကြည့်သည်။
“သူတို့က တကယ်ပဲ ကြည့်ဖို့ လာကြတာ…” ကျင့်နန်က အေးစက်စွာ ပြောသည်။
“ကျုပ်တို့အဆင့်က အရမ်းနိမ့်တော့ သိပ်အကူအညီ မပေးနိုင်ဘူး…” ရီဖူရှင်းက ပြုံးလျက် ပြောသည်။
ဝမ်ယွီချန်းက ဘာမှ မပြောပေ။ ရီဖူရှင်းအား တစ်ခုခုလုပ်ရန် သူမက မမျှော်လင့်ထားပေ။ သူတို့အား အတွေ့အကြုံ ရစေရန်သာ ခေါ်လာခြင်း ဖြစ်သည်။
“မောင်လေး … မင်း မမနဲ့လိုက်ချင်လား…” လီမန်က ရီဖူရှင်းကို ပြုံးလျက် ပြောသည်။
“မလိုဘူး…” ရီဖူရှင်းက ခေါင်းယမ်းသည်။ လီမန်က ပြုံးကာ သားရဲတချို့နောက်ကို လိုက်ပါသွားသည်။
ထိုစဉ်မှာပင် လူအနည်းငယ် ရီဖူရှင်းတို့ အုပ်စုထံသို့ ပြေးလာနေကြသည်။ သူတို့ကား ရှမ်းယွန်ဖန်းနှင့် ရှမ်းဟိုင်တို့ ဖြစ်ကြသည်။ နဂါးလိုဏ်ဂူကား အခု လွန်စွာ ရုန့်ရင်းဆန်ခတ် ဖြစ်နေကာ သူတို့ ရောက်ရှိလာသည်ကို မည်သူမှ သတိမထားမိကြပေ။
“မင်းက ကလန်လေးခုပြိုင်ပွဲမှာ အရမ်း အားကောင်းတယ်လို့ ငါကြားတယ်…” ရှမ်းယွန်ဖန်းက သူတို့ကို ပြောသည်။
ရီဖူရှင်းက ရှမ်းဟိုင်အား ကြည့်သည်… “သခင်လေးရှမ်း… ကျောက်စိမ်းဖြူ မျှော်စင်မှာတုန်းက မာနက ဘယ်ကို ရောက်သွားတာလဲ… အခု ခင်ဗျားရဲ့ စီနီယာကိုတောင်မှ အသုံးပြုပြီး ကျုပ်ကို ရန်ရှာနေတယ်…”
ရှမ်းဟိုင်၏ အမူအရာက သိပ်မကောင်းတော့ပေ။ ဤသည်က သိပ်ဂုဏ်ယူစရာ မကောင်းသည်ကို သူသိသည်။ ရီဖူရှင်းက သူ့ထက် ငယ်ရွယ်ကာ တန်ခိုး အဆင့်နိမ့်သည်။ သူနှင့် ရှမ်းချိန်က ကျောက်စိမ်းဖြူ မျှော်စင်တုန်းက လွန်စွာ မောက်မာခဲ့ကြသည်။ ယခု သူ၏ ဝမ်းကွဲအစ်ကိုအား အသုံးပြု၍ ရီဖူရှင်းကို သတ်ရန် ကြိုးစားနေသည်။ ထိုအရာက အမှန်တကယ်ပင် အရှက်ရစရာ ကောင်းပေသည်။
မှန်သည်… ရှမ်းဟိုင်က ဝန်ခံမည် မဟုတ်ပေ။ သူက အေးစက်စွာ ပြောသည်… “မင်းက ဒီကို ဘာလို့ လာတာလဲ… အဲဒါက ကိုယ့်ကိုယ်ကိုယ် သတ်သေတာပဲ…”
ရီဖူရှင်းက ရှမ်းဟိုင်ကိုနှင့် ရှမ်းဖေးယွန်အား ပြုံးလျက်ကြည့်သည်။ ထို့နောက် သူ့လူများကို ပြောသည်… “နောက်ဆုတ်မယ်…”
သူက ထိုသို့ ပြောပြီးသည်နှင့် တောင်ကုန်းပေါ်မှ ဆုတ်ခွာရန် ကြိုးစားသည်။
“မင်း ထွက်ပြေးချင်တယ်ပေါ့…” ရှမ်းယွန်ဖန်းက ပြုံးသည်။ သူ၏ခန္ဓာကိုယ်က လျှပ်တစ်ပြက် အရိပ်တစ်ခုအဖြစ် ပြောင်းလဲ သွားသည်။
ဝှစ်…
ဓားအလင်းက ရှမ်းယွန်ဖန်းထံသို့ ကန့်လန့်ဖြတ်ကာ ဝင်လာကသည်။ သူ၏မျက်လုံးက ဝေဝါးမှုတစ်ခု ဖြစ်ပေါ်လာသည်။ ရှမ်းယွန်ဖန်းက နှာခေါင်းတစ်ချက် ရှုံ့လိုက်သည်။ သူက ဓားအလင်းထံသို့ သူ၏လက်ကို မြှောက်လိုက်သည်။ သို့သော် သူက အန္တရာယ်ကို ခံစားရသည်။ ဓားက သူထင်ထားသည်ထက် မြန်ဆန်ပြီး သူ၏လှုပ်ရှားမှုက ဓားအလင်းကို တားနိုင်လောက်အောင် လုံလောက်မှု မရှိပေ။ ရွှေရောင်အလင်းများ ရုတ်တရက် ထွက်ပေါ်လာပြီး သူ၏ခန္ဓာကိုယ် တစ်ခုလုံး ရွှေရောင် ချပ်ဝတ်တန်ဆာများ ဖုံးအုပ်သွားသည်။ ဓားအလင်းက ချပ်ဝတ်င်္ကျီကိုသာ ထိပြီး သူက ဒဏ်ရာ မရသော်လည်း သူ၏အမူအရာက မသက်မသာ ဖြစ်သွားသည်။
ဓားပညာကား အလွန် ထူးဆန်းသည်။ တန်ခိုးအဆင့်က သူ့ထက် များစွာ နိမ့်သော်လည်း သူက ဓားချက် ထိလုနီးပါးပင်။ မျက်လုံးက တန်ခိုးရှင်များ၏ အားအနည်းဆုံး နေရာဖြစ်သည်။ အဆင့်နိမ့် အကာနာထံမှ ဓားချက်က သူ၏မျက်လုံးအား ကန်းသွားစေနိုင်လောက် ပေသည်။
သည်လူများက ကလန်လေးခုပြိုင်ပွဲကို အဘယ်ကြောင့် အနိုင်ရသည်ကို သူ နားလည်လိုက်သည်။ ဓားချက် တစ်ချက်ကပင် အလွန် ထက်မြက်လွန်းလှသည်။
ဝုန်း…
ရှမ်းယွန်ဖန်းအား ရွှေရောင်အလင်းများ ဖုံးလွှမ်းနေသည်။ သူကား နတ်ဘုရားရုပ်တု တစ်ခုအလားပင်…။ သူက ရီဖူရှင်းထံသို့ ရွှေရောင် အလင်းတန်းအလား အလွန်အမင်း မြန်ဆန်စွာဖြင့် ပြေးဝင်လာသည်။
ယူချင်းက သူ၏မိစ္ဆာတိုင်အား ရှမ်းယွန်ဖန်းထံသို့ လှမ်းရိုက်လိုက်သည်။ အားအဟုန်ကား ထိတ်လန့်ဖွယ် ကောင်းလှသည်။ သို့သော် ရှမ်းယွန်ဖန်း၏ ရွှေရောင် ခန္ဓာကိုယ်က ရိုက်ချက်အား ခုခံသည်။ ပြင်းထန်စွာ ပေါက်ကွဲမှု တစ်ခုနှင့်အတူ ယူချင်းနှင့် မိစ္ဆာတိုင်တို့ အဝေးကို လွင့်စဉ်သွားသည်။
ရှမ်းယွန်ဖန်းက လေထုကို ဆုပ်ကိုင်လိုက်သည်။ ချက်ချင်းပင် ကြောက်မက်ဖွယ် ဖိအားက သူတို့ထံ ဆင်းသက်လာသည်။ ရွှေရောင်လေပွေက ခဏအတွင်းတွင် ရွှေရောင်တုတ်ရှည် တစ်ခုအဖြစ် ပြောင်းလဲသွားသည်။ ထိုအရာက ကြမ်းတမ်းစွာ လှည့်ပတ်ကာ အပေါ်မှ ဆင်းသက် လာသည်။
ယူချင်း၏ မိစ္ဆာတိုင်က ကြီးမားသွားပြီး သူက ရောက်လာသော ရွှေတုတ်တံအား ဆီးရိုက်သည်။ သူ၏ခန္ဓာကိုယ်က တုန်ခါသွားကာ နောက်ဆုတ် လိုက်ရပြန်သည်။ ရှမ်းယွန်ဖန်းကား ပိုမိုနီးကပ်လာသည်။
ရီဖူရှင်းက မှော်စာလိပ်တစ်ခုကို ပစ်ပေါက်လိုက်သည်။ ချက်ချင်းပင် ကြောက်မက်ဖွယ် ကောင်းသော လျှပ်စီးအလင်းတန်းများ ဖြစ်ပေါ်လာပြီး ရှမ်းယွန်ဖန်းအား တိုက်ရိုက် ထိမှန်ကာ သူ့အား ထုံကျင်စေသည်။ ရီဖူရှင်းတို့အုပ်စုက လိုဏ်ဂူထဲမှ ဆက်လက် ဆုတ်ခွာကြသည်။
“သွား…” ရီဖူရှင်းက ရှမ်းယွန်ဖန်းကို ကြည့်သည်။ သူတို့အုပ်စုက နောက်ဆုတ်သလို ရှမ်းယွန်ဖန်းကလည်း သူတို့နောက်ကို ဆက်မလိုက်ပေ။ သူက နဂါးမြက်အား လှမ်းကြည့်သည်။
နဂါးမြက်ကား လင်းလက် တောက်ပနေသည်။ ထိပ်သီးကျောင်း သုံးကျောင်းမှ စွမ်းအားမြင့် တန်ခိုးရှင်များက သားရဲများကို အနိုင်ယူနိုင်ခြင်း မရှိသေးဘဲ တိုက်ပွဲက ပြင်းထန်နေဆဲ ဖြစ်သည်။ တောင်ထိပ်တွင်မူကား သူတို့က နဂါးကြီးကို မြင်နေရသည်။ ထိပ်သီးကျောင်း သုံးကျောင်းက သိပ်အလျင်မလိုပေ။ သူတို့၏လူများက ထိုအနီးတွင် ရှိသေးသည်။ သူတို့က နဂါးကြီးအား တားဆီးနိုင်သရွေ့ သူတို့က နဂါးမြက်အား ရရှိမည် ဖြစ်သည်။
ရီဖူရှင်းတို့က လိုဏ်ဂူအပြင်ကို တစ်ဖန် ပြန်ရောက် လာကြသည်။ သားရဲများက လိုဏ်ဂူထဲကို အဆက်မပြတ် ပြေးဝင်နေကြသလို သူတို့ထံလည်း ရောက်လာနေသည်။ ရီဖူရှင်းက သားရဲများကို ဆက်လက်၍ ထိန်းချုပ်ရန် ကြိုးစားသည်။
“ငါတို့ အခု ဘာလုပ်ကြမလဲ…” ရီဝူချင်းက မေးသည်။
“စောင့်ကြမယ်… ငါတို့ အခွင့်အရေး မရရင်လည်း ရတယ်… အခွင့်အရေး ရလာရင် ငါက နဂါးမြက်ကို သွားခိုးမယ်… အခုတော့ သားရဲတွေကို များများ ထိန်းချုပ်နိုင်အောင် လုပ်ရမယ်…” ရီဖူရှင်းက ပြောသည်။ သူက ဆက်လက်၍ပင် သားရဲများကို ထိန်းချုပ်သည်။ သည်တစ်ခေါက်တွင်ကား အဆင့်မြင့် အကာနာသာမက အလယ်အလတ် အကာနာများကိုပါ ထိန်းချုပ်သည်။
သည်နေရာမှ စွမ်းအားမြင့် တန်ခိုးရှင်များကား လွန်စွာ စိတ်ရှည်ကြသည်။ ရီဖူရှင်းကလည်း စိတ်ရှည်ပေသည်။ သူက အပြင်ဘက်တွင် ဆက်နေကာ အခွင့်အရေးအား စောင့်စားနေသည်။
အထဲမှ တိုက်ပွဲကလည်း ဆက်လက် ဖြစ်ပွားနေသည်။ များစွာသော သားရဲများ သေဆုံးကြသလို စွမ်းအားမြင့် တန်ခိုးရှင်များလည်း ဒဏ်ရာရကြသည်။ သားရဲဘုရင်များနှင့် နိုဘယ်များ၏ တိုက်ပွဲက ပိုမို ပြင်းထန်ပေသည်။
အချိန် ကြာလာသည်နှင့်အမျှ ကျောက်စိမ်းတုံးကြီးပေါ်မှ နဂါးမြက်က ပိုမိုလင်းလက် တောက်ပလာသည်။ ကောင်းကင်မှ နေရောင်က နဂါးမြက်အား ကျဆင်းနေသည်။ သဘာဝ စွမ်းအင်များ ပြင်းထန်စွာ လှုပ်ခတ်သည်။ သဘာဝ စွမ်းအင်များက ဝါးမျိုခံနေရသလို နဂါးမြက်ထံသို့ အဆက်မပြတ် စီးဝင်နေကြသည်။ သက်တံရောင် အလင်းများက ကောင်းကင်သို့အထိ ထိုးတက်နေသည်။
“နဂါးမြက် အရွယ်ရောက်လာပြီ…” ထိပ်သီးကျောင်း သုံးကျောင်းမှ တန်ခိုးရှင်များ၏ မျက်လုံးများက အရောက်လက် သွားကြသည်။ ရေခဲစွမ်းအင်များ ဆင်းသက်လာကာ ထိုနေရာအား ပိတ်လှောင်ရန် ကြိုးစားကြသည်။ တောင်တစ်ခုလုံး မှော်စွမ်းအင်များ အောက်တွင် နစ်မြုပ်သွား၏။ ဧရာမနဂါးကြီးလည်း အေးခဲသွားသည်။ သူ၏လှုပ်ရှားမှုက နှေးကွေးသွား၏။
နဂါးကြီး၏အနီးတွင် နွယ်ပင်များစွာ ပေါ်လာကာ သူ့အား ရစ်ပတ်သွားသည်။ သို့သော် သူက အော်ဟစ်လိုက်သည်နှင့် အရာအားလုံးက အစိတ်စိတ်အမြွှာမြွှာ ဖြစ်သွားသည်။ တောင်တစ်ခုလုံး လှုပ်ယမ်းနေသည်။
သူက နောက်လှည့်ကာ လိုဏ်ဂူထဲကို ဝင်လာသည်။ သူ၏ဧရာမ မျက်လုံးများက နဂါးမြက်ကို ကြည့်သည်။ သူက ထိုအရာကို စားသောက်လိုသည်။
ရွှေရောင်ကြိုး တစ်ချောင်းက ချက်ချင်း သူ၏ဧရာမ ခန္ဓာကြီးအား ရစ်ပတ်သွားသည်။ ထို့နောက် ထိုအရာက လွန်စွာ ထက်ရှသော ဓားသွားကြိုးအဖြစ် ပြောင်းလဲသွားကာ သူ၏အသားထဲအထိ နစ်ဝင်သွားသည်။ နဂါးအကြေးခွံများ ကျိုးပျက်သွားကာ နဂါးကြီးထံမှ သွေးများ ထွက်လာသည်။
“ပြန်လာခဲ့…” ရေခဲတမျှ အေးစက်သော အသံကို ကြားရသည်။ နဂါးကြီးကား ကြမ်းတမ်းစွာပင် အပြင်ကို ဆွဲထုတ်ခြင်း ခံရသည်။ နဂါးကြီးက ဒေါသတကြီး အော်ဟစ်လျှင် တောင်ကြီးတစ်ခုလုံး သိမ့်သိမ့်တုန် သွားသည်။ လိုက်ဂူကြီးအပေါ်မှ ကျောက်တုံးကြီးများ အောက်ကို ပြုတ်ကျ လာနေကြသည်။
“မင်း တစ်ခုခု လုပ်ရဲရင် ငါက အကုန် ဖျက်ဆီးပြစ်မယ်…” နဂါးကြီးက လူသားတန်ခိုးရှင်များကို ဒေါသတကြီး ကြည့်သည်။ သူက စကားပြောလျှင် တောင်ကုန်းကြီးက တုန်ခါနေဆဲဖြစ်သည်။ တဝုန်းဝုန်း မြည်သံများ အဆက်မပြတ် ကြားနေရသည်။ ကြည့်ရသည်မှာ သူက တောင်တစ်ခုလုံးကို ဖြိုလှဲကာ နဂါးမြက်အား နှစ်မြှုပ်ပစ်လိုဟန် ရသည်။
“ခွေးကောင်…” ရွှေကြိုးက ဓားသွားထက်ပင် ထက်ရှသည်။ သို့သော် နဂါးကြီးက ရုန်းထွက်နိုင်ခဲ့သည်။ ကောင်းကင်ပေါ်မှ လူများက မလှုပ်ရှားရဲ ကြတော့ပေ။
လိုဏ်ဂူထဲတွင်ကား လူတိုင်းက နဂါးမြက်ကို ရယူရန် ကြိုးစားနေကြသည်။ ယခု နဂါးမြက်က ရင့်နေပြီဖြစ်ရာ သူတို့က ထိုအရာ ပျက်စီးသွားမည်ကို စိုးရိမ်နေစရာ မလိုတော့ပေ။
ရီဖူရှင်းက ထိုမြင်ကွင်းကို သူထိန်းချုပ်ထားသော သားရဲများ၏ မျက်လုံးများမှ တစ်ဆင့် မြင်ရသည်။ သို့သော် သူက အရမ်းကာရော မလှုပ်ရှားရဲသေးပေ။ သူက သားရဲများနှင့် ထိပ်သီးကျောင်း သုံးကျောင်းတို့ ပြင်းထန်စွာ တိုက်ခိုက်မည့်အချိန်ကို စောင့်စားနေသည်။
များစွာသော သားရဲများကလည်း ရီဖူရှင်းတို့ထံ ပျံသန်း လာနေကြသည်။
ရီဖူရှင်းက သူ၏အိတ်ထဲမှ ရတနာတစ်ခုကို ထုတ်ယူလိုက်သည်။ ထိုအရာကား ငွေရောင်ဝတ်ရုံတစ်ခု ဖြစ်သည်။ သူက ငွေရောင်ဝတ်ရုံအား ခြုံလိုက်လျှင် ထူးဆန်းသော စွမ်းအင်က သူ့အား စီးဆင်းသွားသည်။ သူ၏ကိုယ်ရောင်ကိုယ်ဝါနှင့် သူ၏ရုပ်ရည်များက ပြောင်းလဲသွား၏။
“မင်း ဟန်ရေးပြရမယ့် အချိန်ရောက်ပြီ… ” ရီဖူရှင်းက သိမ်းငှက်နက်၏ ခေါင်းအား ပုတ်ကာ ပြောသည်။
***