Switch Mode

အပိုင်း (၄၂၂)

နဂါးမြက်ကို လုယက်ကြခြင်း

ရီဖူရှင်း၏ မျက်လုံးများက နောက်ထပ် တောင်ကုန်း တစ်ခုထံကို ရောက်သွားသည်။ ထိုနေရာမှ ရေခဲတမျှ အေးစက်သော ဒေါသ အခိုးအငွေ့ပါသော အကြည့်ကို သူခံစားရသည်။ သူကား ယွန်ယွဲ့ကုန်သည် အုပ်စုမှ ရှမ်းဟိုင်ဖြစ်သည်။

ရှမ်းဟိုင်က သူ၏လက်ကို တင်းကျပ်စွာ ဆုပ်ကိုင်သည်။ သူ၏မျက်လုံးများက အလွန်အမင်း အေးစက်နေကာ လူသတ်လိုသော အငွေ့အသက်များ ဖုံးလွှမ်းနေ၏။ ကလန်လေးခု ပြိုင်ပွဲပြီးနောက်တွင် သူ့အား သူ့မိသားစုမှ ဖယ်ကျဉ်ခဲ့ကြသည်။ သူ၏အဆင့်ကလည်း အဆုံးစွန်အထိ နိမ့်ကျခဲ့သည်။ သို့သော် ရုတ်တရက် ရှမ်းယွန်ဖန်း ပြန်လာခဲ့သည်။ သူက သူ၏ဦးလေးအား တောင်းပန်ကာ ရှမ်းယွန်ဖန်း နောက်ကို လိုက်ပါလာခဲ့သည်။ သူတို့က ငယ်ရွယ်စဉ် ကတည်းက အတူတူ ကြီးပြင်းလာခဲ့ကြရာ ရင်းနှီး ချစ်ခင်ကြသည်။ ထို့ကြောင့် ရှမ်းယွန်ဖန်းက သူ့အား ခေါ်ဆောင်လာခဲ့သည်။ ရှမ်းဟိုင်က သူ၏မိသားစုမှ ထာဝရ ထွက်ခွာသွားကာ ဘယ်တော့မှ ပြန်မလာရန် ဆုံးဖြတ်ထားသည်။ သူက ရှမ်းယွန်ဖန်းနှင့်အတူ မိုးမြေ ကောင်းကင်မြို့ကို လိုက်ပါသွားမည် ဖြစ်သည်။ သူက ထိပ်သီးကျောင်း သုံးကျောင်းကို ဝင်ရောက်ခွင့် မရလျှင်ပင် သူက မိုးမြေကောင်းကင် မြို့တွင် ဆက်နေမည်။ သူ၏အဘိုးက သူ့အား အရေးမပေးတော့သည်ကို သူသိသည်။

“မင်း ဘယ်ကို ကြည့်နေတာလဲ…” သူ့ထက် အနည်းငယ် ကြီးဟန်ရသော လူငယ်တစ်ယောက်က သူ့ဘေးကို ရောက်လာကာ မေးသည်။ ရှမ်းဟိုင် ကြည့်နေရာဘက်ကို ကြည့်သည်… “သူတို့က ကြယ်မင်းကျောင်းကပဲ… ဝမ်ယွီချန်းက ဝမ်မိသားစုက လာတာ… မင်းတို့က အရင်က တွေ့ဖူးတယ်မလား…”

“ဝမ်ယွီချန်းဘေးက လူတွေက ရီဖူရှင်းတို့ အုပ်စုပဲ…” ရှမ်းဟိုင်က အေးစက်စွာ ပြောသည်။

ရှမ်းယွန်ဖန်း၏ မျက်လုံးများက လင်းလက်သွားကာ သူက ရီဖူရှင်းတို့ အုပ်စုကို အကဲခတ်သည်။ သူပြန်လာပြီး နောက်တွင် သူ၏မိသားစုက ကလန်လေးခု ပြိုင်ပွဲတွင် ဆိုးရွားစွာ ရှုံးနိမ့်ခဲ့သည်ကို ကြားခဲ့သည်။ သူ စိတ်ဝင်စားသွားသည်။ ကြည့်ရသည်မှာ ယွန်ယွဲ့မြို့တွင် ပါရမီပါသော လူအနည်းငယ် ရှိသေးဟန်ရသည်။

“သူက ဝမ်ယွီချန်းနောက်ကို လိုက်နေတယ်… ကြည့်ရတာ သူက ဝမ်ယွီချန်းကို အားကိုးပြီး ကြယ်မင်းကျောင်းကို ဝင်ချင်တယ် ထင်တယ်… ဒါပေမဲ့ ထိပ်သီးကျောင်း သုံးကျောင်းက ဝင်ဖို့ ဒီလောက် မလွယ်ဘူး… ဝမ်ယွီချန်း သာမန်တပည့် တစ်ယောက်ပဲ… သူမက ဒီလောက် အဆင့်မရှိဘူး…” ရှမ်းယွန်ဖန်းက ပြောသည်… “သူက ဒီကို လာတယ်ဆိုမှတော့ အခွင့်အရေး ရလာရင် သူ့ကို သတ်ပေးလို့ရတယ်… ငါမင်းအတွက် လက်စားချေပေးမယ်…”

“သူက ကြယ်မင်းကျောင်းက လူတွေနဲ့လာတာ ဆိုတော့ ဒါက ပြဿနာ တက်နိုင်တယ် ထင်တယ်…” ရှမ်းဟိုင်က ပြောသည်။

“သူက ကြယ်မင်းကျောင်းက တပည့်မဟုတ်ဘူး… ဒါက ပြဿနာ မရှိဘူး…” ရှမ်းယွန်ဖန်းက တည်ငြိမ်စွာ ပြောသည်။ ထိပ်သီးကျောင်း သုံးကျောင်းက မြေရိုင်းဒေသ အရှေ့ဘက်နယ်တွင် ထူးခြားသော ဂုဏ်ထူးဝိသေသ ရှိသည်။ သာမန်လူ တစ်ယောက်ကို သတ်ခြင်းက ပြဿနာ မရှိပေ။

ဝမ်ယွီချန်းနှင့် ရီဖူရှင်းတို့ အုပ်စုကလည်း ရှမ်းယွန်ဖန်းနှင့် ရှမ်းဟိုင်တို့ကို သတိထားမိကြသည်။ ဝမ်ယွီချန်းက ပြောသည်… “သူက ယွန်ယွဲ့ကုန်သည် အုပ်စုက ရှမ်းယွန်ဖန်းပဲ… သူက သူရိယနေမင်း ကျောင်းကပဲ…”

“အင်း…” ရီဖူရှင်းက ခေါင်းညိတ်ကာ တစ်ဖက်ကို လှည့်သွားသည်။ သူက ရှမ်းယွန်ဖန်းကို ဂရုမစိုက်ပေ။ ရှမ်းဟိုင်မူကား လွန်စွာ ထက်ရှသော မျက်လုံးများဖြင့် သူ့ကို ကြည့်နေသည်။ သူ၏ မျက်လုံးများမှ လူသတ်လိုသော အငွေ့အသက်များ ပြင်းထန်စွာ ထွက်ပေါ် လာနေသည်။

ရီဖူရှင်းက သားရဲတောင်ကုန်းအား ကြည့်ကာ မေးသည်…. “ထိပ်သီးကျောင်း သုံးကျောင်းကတောင် စိတ်ဝင်စားရအောင် အဲဒါ ဘယ်လို ဆေးပင်မျိုးလဲ…”

“နဂါးမြက်ဆိုတာ နဂါးတစ်ကောင်နဲ့အတူ မွေးဖွားလာပြီးတော့ နဂါးသွေးနဲ့ ပျိုးထောင်မှ ရတာ…” ဝမ်ယွီချန်းက ပြောသည်… “သဘာဝရဲ့ အဆီအနှစ်နဲ့ ပြည့်နှက်နေပြီး မြက်ပင်က အရမ်း နူးညံ့တယ်… နဂါးတစ်ကောင်ကပဲ သူ့ကို ပျိုးထောင်နိုင်တယ်… ဒါကြောင့် ထိပ်သီးကျောင်း သုံးကျောင်းက နဂါးကို လုံးဝ မထိခဲ့ကြဘူး… သူတို့က တခြားလူတွေ မယူနိုင်အောင် အဝေးကပဲ စောင့်ကြပ်ခဲ့ကြတယ်…”

“အဲဒါ ဘာအတွက် သုံးတာလဲ…” ရီဖူရှင်းက မေးသည်။ သူ၏အစ်ကိုသုံးက အလိုရှိသည် ဆိုမှတော့ ထိုအရာက တန်ခိုးကျင့်ခြင်းတွင် အသုံးဝင်ပုံရသည်။

“နဂါးမြက်က နဂါးတစ်ကောင်ရဲ့ အသိဉာဏ်ကို မြင့်မားစေတယ်… တန်ခိုးရှင်တွေ အတွက်ဆို နဂါးမြက်က စိတ်ဝိညာဉ် စွမ်းအားကိုသာ မြင့်တက်စေရုံ မကဘူး… အဲဒါက သဘာဝ စွမ်းအားကို ခံစားသက်ဝင်မှုကိုလည်း ပိုပြီး အားကောင်းစေတယ်…”

“ပိုပြီး တိတိကျကျ ပြောရရင် အဆင့်နိမ့် တန်ခိုးရှင်တွေက နဂါးမြက်ကို အသုံးပြုရင် နောက်တစ်ဆင့်ကို တက်ရောက် သွားနိုင်ပြီး အဆင့်မြင့် တန်ခိုးရှင်တွေ အတွက်ဆိုလည်း သူတို့က နောက်တစ်ဆင့်တက်ဖို့ သူတို့ရဲ့ ဆင်ခြင်နိုင်တဲ့ စွမ်းရည်ကို မြင့်တက်စေတယ်… ပြီးတော့ နဂါးမြက်သာ အရွယ်ရောက်လာခဲ့ရင် သူ့ကို စောင့်ကြပ်နေတဲ့ သားရဲတွေကိုလည်း အကျိုးရှိစေတယ်…”

ရီဖူရှင်းက သူ့ရှေ့မှ တောင်ပေါ်တွင် ရှိသော မရေမတွက်နိုင်သော သားရဲများကို မြင်ရသည်။ သားရဲများ အဆင့်မြင့်လာလေလေ သူတို့၏ ဉာဏ်ရည်များလည်း ပိုမိုထက်မြက်လေလေ ဖြစ်သည်။ နိုဘယ်သားရဲများ ဆိုပါက လူသားတို့၏ စကားကိုပင် ပြောနိုင်ပေသည်။

နဂါးမြက်က သူတို့၏အသိဉာဏ်အား မြင့်မားစေနိုင်သည်။ သည်မျှ လှုပ်ခတ်မှုမျိုး ဖြစ်စေနိုင်သည်မှာ မထူးဆန်းတော့ပေ။

“ဒါဆို ကျုပ်တို့ အခု ဘာလုပ်ကြမလဲ…” ရီဖူရှင်းက မေးသည်။

“စောင့်ဦး… သတ်မှတ်ရက်က မနက်ဖြန်ပဲ… ထိပ်သီးကျောင်းက စွမ်းအားမြင့် တန်ခိုးရှင်တွေက မကြာခင် ရောက်လာကြလိမ့်မယ်…” ဝမ်ယွီချန်းက ပြောသည်။ ရီဖူရှင်းက ခေါင်းညိတ်ကာ ထပ်မမေးတော့ပေ။ သူက တိတ်ဆိတ်စွာ စောင့်နေသည်။

ထိပ်သီးကျောင်း သုံးကျောင်းမှ မဟုတ်သော တန်ခိုးရှင်များကလည်း စောင့်နေကြသည်။ သူတို့က ပုံမှန်အားဖြင့် ပွဲကြည့်ရန် လာကြခြင်းသာ ဖြစ်ကာ သည်အရေးကိစ္စတွင် ပါဝင်ကြမည့်ဟန် မရှိပေ။ သို့သော တချို့သော လူများအတွက်မူ သားရဲ အသေကောင်များပင် တန်ဖိုးကြီးမားကာ တချို့ကလည်း သူတို့စီးနင်းရန် သားရဲများအား ဖမ်းဆီးလိုကြသည်။

လေးနာရီခန့် ကြာသောအခါ စွမ်းအားမြင့် တန်ခိုးရှင် အများအပြား လေထဲမှ ဆင်းသက် လာကြသည်။ သူတို့၏ ကိုယ်ရောင်ကိုယ်ဝါများက ကြောက်မက်ဖွယ် ကောင်းလွန်းလှသည်။ သူတို့က ပတ်ဝန်းကျင်ကို တစ်ချက်ကြည့်ကာ တစ်နေရာတွင် ဆင်းသက် လိုက်ကြသည်။ သူရိယနေမင်း ကျောင်းမှ စွမ်းအားမြင့် တန်ခိုးရှင်များလည်း ရောက်ရှိ လာကြသည်။

ထို့နောက်တွင် တခြားကျောင်းများမှ စွမ်းအားမြင့် တန်ခိုးရှင်များကလည်း သူတို့၏ စတည်းချရာ နေရာ အသီးသီးသို့ ဆင်းသက်ကြသည်။

“မူရှီနဲ့ စီနီယာအစ်ကိုတို့လည်း လာကြတယ်…”

ကြယ်မင်းကျောင်းမှ လူများက အံ့အားသင့်ကြသည်။ ရောက်ရှိလာသော အုပ်စုထဲမှ ခေါင်းဆောင် နှစ်ယောက်ထဲတွင် တစ်ယောက်က အသက်ကြီးပြီး နောက်တစ်ယောက်က အသက်ငယ်သည်။ အသက်ကြီးသောလူက ဆရာမူဖြစ်ပြီး ကြယ်မင်းကျောင်းမှ နာမည်ကျော် အကြီးအကဲ တစ်ယောက်ဖြစ်သည်။

အသက်ငယ်သော တစ်ယောက်က ခေါင်းပတ်တစ်ခုကို ဝတ်ဆင်ထားသည်။ သူကား ကျောင်း၏ နာမည်ကျော် ပါရမီရှင်တစ်ယောက် ဖြစ်သူ ထန်ကျုံးဖြစ်သည်။ ယနေ့ သူက ဆရာမူနှင့်အတူ မိစ္ဆာနဂါးနယ်မြေကို ရောက်လာသည်။ ကြည့်ရသည်မှာ ကြယ်မင်းကျောင်းက နဂါးမြက်အား အရယူမည့်သဘော ရှိနေသည်။

မှန်သည်… သူရိယနေမင်းကျောင်းနှင့် စန္ဒာငွေလမင်း ကျောင်းကလည်း အားကောင်းသည်သာ…။ တိုက်ပွဲက ပြင်းထန်မည့်သဘော ရှိသည်။

“သူလား…” ထန်ကျုံးက ထီးထီးတည်း ရှိနေသော တောင်ထိပ်ပေါ်မှ ဂူတုံးလျိုအား ကြည့်ကာ မေးသည်။

“ဟုတ်တယ်…” ဆရာယွန်က ခေါင်းညိတ်သည်။

ထန်ကျုံးက အပေါ်ကို မော့ကြည့်ကာ ကျယ်လောင်စွာ အော်ဟစ်လိုက်သည်… “နဂါးမြက်က အရင်ကတည်းက ထိပ်သီးကျောင်း သုံးကျောင်းက ရှာဖွေတွေ့ထားတာ ဖြစ်ပြီး အခုထိ ကာကွယ်လာခဲ့တာ… မင်းက ဘယ်သူပဲဖြစ်ဖြစ် အခုထွက်သွားပါ… ဒါဆို အားလုံး အဆင်ပြေ သွားလိမ့်မယ်…”

မြေရိုင်းဒေသ အရှေ့ဘက်နယ်တွင် ထိပ်သီးကျောင်း သုံးကျောင်းအား ရန်စရဲသည့်လူ သိပ်မရှိပေ။

တောင်ပေါ်တွင် ဂူတုံးလျိုက သူ၏ နက်ရှိုင်း နက်မှောင်သော မျက်လုံးများကို ဖွင့်လိုက်သည်။ သူက ကြယ်မင်းကျောင်းကို ကြည့်ကာ မေးသည်… “ထိပ်သီးကျောင်း သုံးကျောင်းက နဂါးမြက်ကို စိုက်ပျိုးခဲ့တာလား…”

ထန်ကျုံး၏ မျက်တောင်များ ကွေးညွတ်သွားသည်။ သူရိယနေမင်းကျောင်းမှ တစ်ယောက်က ပြောသည်… “ကျုပ်တို့က အရင်ကတည်းက ကာကွယ်ခဲ့တာ… ပုံမှန်ဆို အဲဒါက ကျုပ်တို့ ပိုင်တယ်…”

“ဒါက သဘာဝအတိုင်း ကြီးပြင်းလာတာ ဖြစ်ပြီးတော့ မင်းတို့က မယူသွားရသေးဘူး… ဘာလို့ မင်းတို့ ပိုင်ရမှာလဲ… မင်းတို့ ပြောတဲ့အတိုင်းဆို တကယ်လို့ ကျုပ်က ထိပ်သီးကျောင်း သုံးကျောင်း အပြင်ဘက်မှာ ကာကွယ်ပေးရင် မင်းတို့ ကျောင်းသုံးကျောင်းက ကျုပ်အပိုင် ဖြစ်လာရမှာပေါ့…” ဂူတုံးလျိုက သူရိယနေမင်းကျောင်းမှ လူများကို မေးသည်။ သူ၏အသံက ခံစားချက် ကင်းမဲ့သည်။ သူက အမှန်တရားကို ပြောနေခြင်းသာ ဖြစ်သည်။

ထိပ်သီးကျောင်း သုံးကျောင်းမှ လူများက မျက်မှောင်ကြုတ် သွားကြကာ သူတို့၏ အမူအရာများကလည်း အေးစက် သွားကြသည်။ ကြည့်ရသည်မှာ သည်လူက သူတို့၏ဆေးပင်ကို လုယူမည့်ဟန် ရှိနေသည်။

“ဒါက မင်းနဲ့ မဆိုင်ဘူး…” ထန်ကျုံးက အေးစက်စွာ ပြောသည်… “မင်း မသွားရင် အကျိုးဆက်ကို ပြင်ဆင်ထား…”

ဂူတုံးလျိုက ထိပ်သီးကျောင်း သုံးကျောင်းထံမှ အကြည့်ကို လွှဲလိုက်သည်။

ထိုစဉ်မှာပင် တောင်ထိပ်ပေါ်မှ ရုတ်တရက် နဂါးဟိန်းသံတစ်ချက် ထွက်လာသည်။ ထိုအသံက ကောင်းကင်ကို တုန်ခါသွားစေသည်။ အလွန် အားကောင်းသော သားရဲ ကိုယ်ရောင်ကိုယ်ဝါ ကလည်း ထွက်ပေါ်လာသည်။ ကောင်းကင်ပေါ်မှ ဧရာမနဂါးကြီးအား လူတိုင်းက မြင်ကြသည်။ သူ၏အေးစက်သော မျက်လုံးများက သူတို့အား ကြည့်နေသည်။

နဂါးကြီးကား အနက်ရောင်ဖြစ်ပြီး သူ့ထံမှ ရွှေအိုရောင် အလင်းများ တောက်ပနေသည်။ ထိုပုံစံက သူ့အား ပို၍​ ထိတ်လန့်ဖွယ် သွင်ပြင် ဖြစ်နေစေသည်။ သူ၏ မျက်လုံးများက ဒေါသအဟုန်များ တောက်လောင်နေသည်။ နဂါးမြက်ကား အရွယ်ရောက်တော့မည် ဖြစ်ကာ ထိုလူသားများက လုယူလိုနေကြသည်။ သူ မည်သို့ ဒေါသမထွက်ဘဲ​ နေမည်နည်း။

“တောင်ပေါ်မှာ လိုဏ်ဂူတစ်ခု ရှိပုံရတယ်…” ရီဖူရှင်းက နဂါးကြီးကို ကြည့်ကာ ပြောသည်။ သူက တောင်ထိပ်၏ အတွင်းတစ်နေရာမှ ထွက်လာခြင်း ဖြစ်သည်။

“တစ်ယောက်ယောက်က ကျုပ်ရဲ့ နဂါးမြက်ကို ယူရင် ကျုပ်က နဂါးမြက်ကို ဖျက်ဆီးပစ်မယ်…” နဂါးက လူသားတို့၏ စကားဖြင့် ပြောသည်။ သူက ဒေါသတကြီး လေသံဖြင့် ပြောသည်။ လူသားတို့က ဘာလိုချင်သည်ကို သူက သိရာ သူက ထိုအရာဖြင့် ခြိမ်းခြောက်၏။

“မင်းက နဂါးမြက်ကို ဖျက်ဆီးရင်တောင်မှ ကျုပ်တို့က မင်းရဲ့ အလောင်းကို ယူသွားမှာ… ကျုပ်တို့ ဘယ်ဟာကို ရွေးရမလဲ…” စွမ်းအားမြင့် တန်ခိုးရှင် တစ်ယောက်က နဂါးကြီးကို အေးစက်စွာ ကြည့်ကာ ပြောသည်… “မင်းက မကောင်းမှုတွေ ကျူးလွန်ခဲ့တယ်… အခု မင်းက ကိုယ့်ဘာသာ ထွက်သွားရင်သွား… မဟုတ်ရင် ကျုပ်တို့က မင်းကို ချမ်းသာပေးမှာ မဟုတ်ဘူး…”

ထို့နောက် စွမ်းအားမြင့် တန်ခိုးရှင်များက လေထဲပျံတက်ကာ တောင်ထိပ်ပေါ်သို့ တက်သွားကြသည်။ တစ်ယောက်က ဂူတုံးလျိုအား ကြည့်ကာ ပြောသည်… “မင်း မသွားဘူးဆိုတာ သေချာလား…”

ဂူတုံးလျိုက မျက်လုံးကို ဖွင့်ကာ တစ်ဖက်လူကို အေးစက်စွာ ကြည့်သည်။ သူက ထိုနေရာတွင်ပင် လှုပ်ရှားခြင်း မရှိဘဲ ထိုင်နေသည်။

“သူ့ကို အရင် ရှင်းပစ်ရမယ်…” တစ်ယောက်က ပြောသည်။

ထို့နောက် လေထဲတွင် နေတစ်စင်း ပေါ်လာသည်။ သူရိယနေမင်းကျောင်းမှ အကြီးအကဲ တစ်ယောက်က သူ၏နေမင်းဓားအား ဝှေ့ယမ်းလိုက်ခြင်း ဖြစ်သည်။ နေအလင်းက ဆင်းသက်လာကာ ဂူတုံးလျိုအား လာရောက် ပိုင်းဖြတ်သည်။

ထိုတိုက်ခိုက်မှုက အလွန်အမင်း မြန်ဆန်သည်။ ဂူတုံးလျိုက ထရပ်ကာ ရှေ့ကို လှမ်းလိုက်သည်။ သူ၏ခြေထောက်က လင်းလက်လာကာ လျှပ်စီးများ တဖျတ်ဖျတ် လက်သွားပြီး ချက်ချင်း သူ၏တည်နေရာ ပြောင်းလဲ သွားသည်။

ဓားအလင်းက ကျဆင်းလာကာ တောင်အား ပိုင်းဖြတ်သွားသည်။ တောင်ထိပ် တစ်ခုလုံး လောင်ကျွမ်း သွားသော်လည်း ဂူတုံးလျိုကား ဘေးဘက်နားတွင် တိတ်ဆိတ်စွာ ရပ်နေဆဲဖြစ်သည်။

နေမင်းဓားဖြင့် စွမ်းအားမြင့် တန်ခိုးရှင်က ဆက်တိုက် ခုတ်နေသည်။ သည်တစ်ကြိမ်ကား နေအလင်းများက ကောင်းကင်တစ်ခွင် ဖြန့်ကြက်သွားကာ ထိုလေဟာနယ်အား ပိတ်ဆို့လိုက်သည်။

ဂူတုံးလျို၏ ခန္ဓာကိုယ်က ပုံရိပ်ယောင်အဖြစ် ပြောင်းလဲသွားသည်။ သူ၏ခြေထောက်က တောက်ပ လင်းလက်သွားကာ ခြေလှမ်းများက လျှပ်စီးများ ဖြစ်ပေါ်နေသည်။ သူက နေအလင်းများကို ရှောင်ဖယ်သွားကာ သူ၏နည်းစနစ်များက အလွန် ထူးခြားလှသည်။

“ဒီလိုတိကျတဲ့ခြေလှမ်း…” တစ်ယောက်က ချီးကျူးလိုက်သည်။ ထိုနည်းစနစ်က သူတို့ဆရာ၏ နည်းလမ်းဖြစ်သော လျှပ်စီး အရိပ်ခြေလှမ်း ဖြစ်ကြောင်း ရီဖူရှင်း သိသည်။ သူကလည်း ထိုနည်းစနစ်ကို လေ့ကျင့်သည်။

သူရိယနေမင်းကျောင်းမှ တန်ခိုးရှင်က ဆက်လက် တိုက်ခိုက်သော်လည်း ဂူတုံးလျိုက ပြန်လည် တိုက်ခိုက်ခြင်းမရှိဘဲ ရှောင်ဖယ်နေသည်။ ဤသည်ကို မြင်လျှင် စွမ်းအားမြင့် တန်ခိုးရှင် တစ်ယောက်က မျက်မှောင်ကြုတ် လိုက်သည်… “သူက တော်တော်မြန်တယ်… သူက ရှောင်နေသမျှတော့ သူ့ကို သတ်ဖို့ ခက်လိမ့်မယ်… ငါတို့ အချိန်ဖြုန်းနေလို့ မရဘူး… ကျောင်းတစ်ကျောင်းစီက လူတစ်ယောက်စီ လွှတ်ပြီး သူ့ကို သတ်ကြမယ်…”

ထိပ်သီးကျောင်း သုံးကျောင်းက မငြင်းဆန်ကြပေ။ ကျောင်းတစ်ကျောင်းစီမှ စွမ်းအားမြင့် တန်ခိုးရှင် တစ်ယောက်စီ ထွက်လာကြကာ ဂူတုံးလျိုအား ရင်ဆိုင်ကြသည်။ တခြားလူများက တောင်ပေါ်သို့ ဆက်တက်ကြသည်။

“ကျုပ်တို့က အလယ်ဗဟိုက ထိုးဖောက်ကြမယ်…” ကြယ်မင်းကျောင်းမှ နိုဘယ် တစ်ယောက်က ပြောသည်။

စွမ်းအားမြင့် တန်ခိုးရှင်များက နဂါးကြီးအား ဒေါသမထွက်စေဘဲ ရင်ဆိုင်ကြရမည် ဖြစ်သည်။ မဟုတ်လျှင် သူက နဂါးမြက်အား ဖျက်ဆီး လိုက်နိုင်သည်။

“နောက်က လိုက်ခဲ့ကြ…” ကျင့်နန်က ပြောသည်။ ဝမ်ယွီချန်းနှင့် ရီဖူရှင်းတို့ အုပ်စုက တောင်ပေါ်မှ သားရဲအုပ်များ ရှိရာသို့ ပြေးသွားကြသည်။ တခြားကျောင်းမှ​ တပည့်များကလည်း တောင်အလယ်ဗဟိုမှ တက်ရန် ပြင်ကြသည်။ နဂါးမြက်ကား တောင်ထိပ် အလယ်ဗဟိုတွင် ရှိပေသည်။

***

Comment

Leave a Reply

Options

not work with dark mode
Reset