နောက်တစ်နေ့ နံနက်တွင် ဝမ်မိသားစု ခြံဝင်းရှေ့တွင် လူတစ်စုက ထွက်ခွာရန် အဆင်သင့် ပြင်နေသည်ကို တွေ့ရသည်။ ဝမ်မိသားစုဝင် များစွာက ဝမ်ယွီချန်းနှင့် ရီဖူရှင်းကို လာရောက်ကာ လိုက်ပါ ပို့ဆောင်ကြသည်။ ကလန်လေးခုပြိုင်ပွဲတွင် ရီဖူရှင်း၏အနိုင်ရမှုက ဝမ်မိသားစုအတွက် တကယ့်ကြီးကျယ်သော အောင်မြင်မှုဖြစ်သည်။ ရီဖူရှင်းက သူတို့ထံတွင် နောက်ထပ် ဆက်မနေမှတော့ သူတို့က ယန်ရီနှင့် ယန်ထန်းတို့ကိုသာ ကောင်းမွန်စွာ ဆက်ဆံပေးခြင်းဖြင့် ကျေးဇူးတင် နိုင်တော့သည်။
“အစ်ကိုကြီးရီက ပြန်မလာတော့ဘူး… ဟုတ်တယ်မလား…” ရီဖူရှင်းအား စိုက်ကြည့်နေသော ယန်ရီက နှုတ်ဆက်စကား ပြောရန် လိုလားပုံမရပေ။
“မင်းက ဘာလို့ ဒီလို တွေးရတာလဲ… မှတ်ထားနော်… ငါက မင်းရဲ့ လက်ထပ်ပွဲကို မြင်တွေ့ချင်သေးတယ်… ငါက အခွင့်အရေးရရင် ပြန်လာခဲ့မယ်… မင်းသာ ကောင်းကောင်း လေ့ကျင့်ပြီးနေ… ဟုတ်လား…” ရီဖူရှင်းက သူမကို ပြုံးလျက်ပြောသည်။ သို့သော် သူ့အတွက် ပြန်လာဖြစ်ရန် လွန်စွာ ခက်ခဲမည်ကို သူသိသည်။ ယွန်ယွဲ့မြို့ကား သူ့အတွက် ခရီးတစ်ထောက်နားရာ အရပ်တစ်ခုသာ ဖြစ်သည်။ သူ၏ ရည်ရွယ်ချက်ကား မြေရိုင်းဒေသ၏ အချက်အချာ အကျဆုံးနေရာ ဖြစ်သော ကျုံကျိုးမြို့ကို သွားရန် ဖြစ်သည်။
“ဒါက လိမ်တာ မဟုတ်ဘူးမလား…” ယန်ရီက သံသယ မျက်လုံးဖြင့် ကြည့်သည်။ သူမ၏ပုံစံက လွန်စွာ ချစ်စဖွယ် ကောင်းလှသည်။
“ငါက လိမ်တဲ့လူနဲ့ တူလို့လား…” ရီဖူရှင်းက သူမ၏ဆံပင်များအား အသာအယာကိုင်ကာ ရယ်မောသည်။
“ကတိ…” ယန်ရီက သူမ၏လက်သန်းလေးအား ဆန့်ထုတ်သည်။
“ကတိ…” ရီဖူရှင်းကလည်း သူ၏လက်သန်းကို ဆန့်ထုတ်ကာ သူမ၏လက်သန်းနှင့် ချိတ်လိုက်သည်။ ယန်ရီက နောက်ဆုံးတွင် လက်ခံလိုက်ဟန်ရသည်။ ယန်ထန်းက ထိုမြင်ကွင်းအား ကြည့်ကာ ပြုံးသည်။ ရီဖူရှင်းက ယန်ရီအား နှိမ်သိမ့်နေခြင်းသာ ဖြစ်ကြောင်း သူသိသည်။ သည်မြို့ကား ရီဖူရှင်းအတွက် သေးငယ်လွန်း၏။
“ဂရုစိုက်…” ယန်ထန်းကလည်း နှုတ်ဆက်သည်။ ရီဖူရှင်းက သူတို့မောင်နှမအတွက် များစွာ လုပ်ပေးခဲ့သည်။ သူက ထိုကျေးဇူးတရားအား ရင်ထဲတွင်သာ မှတ်ထားနိုင်သည်။ သူတို့က မတော်တဆ ဆုံတွေ့ခဲ့ကြကာ တစ်ယောက်ကို တစ်ယောက် ကူညီသည်ဟု ပြောကြသော်လည်း တကယ်တမ်းအားဖြင့် ရီဖူရှင်းကသာ သူတို့အား ကူညီခဲ့သူ ဖြစ်သည်။
“ဂရုစိုက်…” ရီဖူရှင်းကလည်း ယန်ထန်း၏ ပခုံးအား အသာအယာ ပုတ်လိုက်သည်။ သိမ်းငှက်နက်ပေါ်တွင် ရီဖူရှင်းက ဝမ်မိသားစုဘက်ကို လှည့်ကြည့်ပြီး လက်နှစ်ဖက်ကို ဆုပ်ကိုင်ကာ နှုတ်ဆက်သည်။
ဝမ်မိသားစု ခေါင်းဆောင်ကလည်း သူ၏လက်များကို ဆုပ်ကိုင်ကာ ပြောသည်… “တစ်နေ့ မင်းနာမည်ကို ကြားရဖို့ မျှော်လင့်တယ်…”
“နှုတ်ဆက်ပါတယ်… အဘိုး…” ဝမ်ယွီချန်းက ပြောသည်။ ထို့နောက် သူတို့အုပ်စုက ခရီးဆက်နှင်ကြသည်။
ကောင်းကင်တွင် ကြယ်မင်းကျောင်းမှ ကျင့်နန်က ရီဖူရှင်းကို မလှမ်းမကမ်းမှ လှမ်းကြည့်ကာ ဝမ်ယွီချန်းကို ပြုံးလျက်ပြောသည်… “မင်းရဲ့ အဘိုးက သူ့ကို အရမ်း မျှော်လင့်ထားပုံရတယ်…”
“ငါ့အဘိုးက ထိပ်သီးကျောင်း သုံးကျောင်းရဲ့အင်အားကို မသိလို့ပြောတာ ဖြစ်မယ်…” ဝမ်ယွီချန်းက ပြောသည်။
သူမ၏မိသားစု ခေါင်းဆောင်က ရီဖူရှင်း၏နာမည်ကို ယွန်ယွဲ့မြို့တွင် တစ်ဖန်ထပ်ကြားရန် မျှော်လင့်သည်ဟု ပြောခဲ့သည်။ အကယ်၍ ရီဖူရှင်း၏ နာမည်ကိုသာ တစ်နေ့ ထိုနေရာတွင် ထပ်ကြားရပါက ဆိုလိုသည်မှာ ရီဖူရှင်း၏နာမည်က အရှေ့ဘက်နယ် တစ်ခုလုံး ကျော်ကြားလိမ့်မည်ဟူ၍ ဖြစ်သည်။ ထိုစကားအား ပြောခြင်းက ဝမ်ယွီချန်း၏ အဘိုးက ရီဖူရှင်း၏ အနာဂတ်အား အလွန် မျှော်လင့် ထားသောကြောင့် ဖြစ်ရမည်။
“အင်း…” ကျင့်နင်က ပြုံးကာ အဝေးကို ကြည့်လိုက်သည်။
ရီဖူရှင်း၏ ဘေးနားတွင် ရပ်နေရင်းက ကြယ်မင်းကျောင်းမှ နောက်ထပ် တပည့် တစ်ယောက်က သိမ်းငှက်နက်ကို သတိထားမိကာ ပြောသည်… “ခင်ဗျားရဲ့ သိမ်းငှက်က တော်တော် မြန်တယ်… သူ့မှာ ထူးခြားတာ တစ်ခုခု ရှိလား…”
“ဘာမှ ထူးခြားတာ မရှိဘူး… သူ နှေးလာတဲ့ အချိန်တိုင်း ငါက သူ့ကို ကျာပွတ်နဲ့ရိုက်တယ်… ဒါကြောင့် သူက မြန်မြန်ပျံတာ…” ရီဖူရှင်းက အရွှန်းဖောက်သည်။ သိမ်းငှက်နက်က မျက်လုံးပြူး သွားကာ သူ၏ အတောင်ပံများ ကြမ်းတမ်းစွာ ခတ်သည်။ သူ၏အလျင်က ပိုမို မြန်ဆန်လာသည်။ ရီဖူရှင်းက သူ၏သိမ်းငှက်နက်အား အံ့အားသင့်စွာ ကြည့်သည်။ သူက စိတ်ဆိုးသွားသည်လား…။
ရီဖူရှင်း၏ဘေးမှ လူကလည်း အံ့အားသင့်ရသည်။ သူ၏သွင်ပြင် ပုံစံအရ နတ်ငှက်နှင့်တူဟန် ရနေသည်။ သို့သော် သူက လျင်မြန်စွာ ငြင်းပယ်လိုက်သည်။ သိမ်းငှက်နက်က သာမန် သိမ်းငှက် တစ်ကောင်သာ ဖြစ်ရမည်။ သိမ်းငှက်များက နတ်ငှက်တစ်ကောင် ဖြစ်လာသည်ဟူ၍ သူမကြားဖူးပေ။
***
မိစ္ဆာနဂါးနယ်မြေကား သားရဲပေါင်းများစွာ ကျက်စားကာ ကျယ်ပြန့်သော တောကြီး တစ်ခုလည်း ဖြစ်သည်။ များစွာသော တန်ခိုးရှင်များက ဤနေရာကို လာရောက်ကာ သူတို့၏ စီးတော်သတ္တဝါများ လာရောက် ဖမ်းဆီးလေ့ ရှိကြသည်။ ကျော်ကြားသော မိစ္ဆာနဂါး နယ်မြေကား သည်တောကြီး၏ အလယ်ဗဟိုတွင် တည်ရှိသည်။ ထိုနေရာတွင်ပင် မိစ္ဆာနဂါးကြီးလည်း နေထိုင်သည်။ သည်နေရာကို ရောက်လာသမျှသော တန်ခိုးရှင်များကို ထိုမိစ္ဆာနဂါးကြီးက သတ်ဖြတ်လေ့ရှိသည်။ ထို့ကြောင့် သည်နေရာအား လူအများက မိစ္ဆာနဂါးနယ်မြေဟု ခေါ်ဆိုခဲ့ကြသည်။
တောစပ်နားကို ရောက်လျှင် ကောင်းကင်မှ တစ်ဆင့် တောထဲသို့ သွားရောက် နေကြသော တန်ခိုးရှင်များစွာကို ရီဖူရှင်းတို့က မြင်ကြသည်။
“ငါတို့ ဒီမှာ နေလို့ အန္တရာယ် ရှိနိုင်မလား…” ကောင်းကင်မှ တစ်စုံတစ်ယောက်က စိုးရိမ်စွာ ပြောသည်။ သည်နေရာတွင် ပျံသန်းနေသော လူများက သားရဲများ၏ အစာများ ဖြစ်သွားမလား သူက စိုးရိမ်စိတ် ဖြစ်မိသည်။
“စိတ်မပူနဲ့… ထိပ်သီးကျောင်း သုံးကျောင်းက အန္တရာယ်တွေ အကုန်လုံးကို ဖယ်ရှားပြီးသွားပြီ… ဒီနေရာက အခု လေ့ကျင့်ရေးကွင်းလိုပဲ… မိစ္ဆာနဂါးနေရာက ဒီနေရာနှင့် ကန့်သတ်ထားတယ်… နောက်ဆို ဒီနေရာက ပိုပြီး ဘေးကင်း လာလိမ့်မယ်…” တစ်စုံတစ်ယောက်က သူ၏စိုးရိမ်မှုကို ဖယ်ရှားပေးသည်။
“ထိပ်သီးကျောင်း သုံးကျောင်းက ဒီနေရာကို ရောက်တာ အချိန် အများကြီး ကြာပြီ… အဲဒါ နဂါးမြက်က ရင့်လာပြီမို့လို့လား…”
“မရင့်သေးဘူး… ပြောကြတာကတော့ ခြေသလုံးအိမ်တိုင် တန်ခိုးရှင် တစ်ယောက်က ထိပ်သီးကျောင်း သုံးကျောင်း တားဆီး ထားတာကိုတောင်မှ သူက အတင်း ယူသွားချင်တယ် ကြားတယ်… ဒါကြောင့် ထိပ်သီးကျောင်း သုံးကျောင်းက စွမ်းအားမြင့်တန်ခိုးရှင်တွေကို ခေါ်ပြီး ဒီကို ရောက်လာတာ…”
“ဘယ်သူက ဒီလောက် ရဲတာလဲ…”
“ငါမသိဘူး… ငါတို့ အဲဒီကို ရောက်တဲ့အခါ ငါတို့ မြင်လိမ့်မယ်… ထိပ်သီးကျောင်း သုံးကျောင်းက အမြဲတမ်း အချင်းချင်း ယှဉ်ပြိုင်နေခဲ့ကြတယ်… အခု ခြေသလုံးအိမ်တိုင် တန်ခိုးရှင်နဲ့ မိစ္ဆာနဂါးလည်း ပါလာပြီ… ငါတို့ ပွဲကောင်းကောင်း ကြည့်ရတော့မယ်…”
ရီဖူရှင်းတို့အုပ်စုက ထိုစကားများကို ကြားကြသည်။ သူတို့က ရှေ့ကို ဆက်သွားကြ၏။ တန်ခိုးရှင်များ အဆက်မပြတ် ရောက်ရှိ လာနေကြ၏။ သူတို့က သားရဲ သတ္တဝါဆန်းများကို တောထဲတွင် မကြာမကြာ မြင်ကြရ၏။ တစ်ခါတစ်ရံ သူတို့က တိုက်ပွဲအချို့ကို မြင်ကြသည်။ သို့သော် သူတို့က မရပ်နားဘဲ သားရဲတော၏အလယ်သို့ ဦးတည်ကာ သွားကြသည်။
အချိန်များစွာ ကြာမြင့်ပြီးနောက် နောက်ဆုံးတွင် သူတို့က တောနက်ပိုင်းထဲကို ခြေချမိကြသည်။ တော၏ အလယ်တွင်ကား တောင်ကုန်း တောင်ထွတ်ကြီးများ ရှိပြီး လူအများက ထိုနေရာကို အဆက်မပြတ် ရောက်လာနေကြသည်။ ဝမ်ယွီချန်းက အရပ်မျက်နှာ တစ်ခုထံသို့ ကြည့်ကာ ပြောသည်… “သူတို့ အဲမှာ…”
သူတို့က ထိုအရပ်သို့ တိုက်ရိုက် သွားကြသည်။ တောင်ခြေ တစ်နေရာတွင် ကြယ်မင်းကျောင်းမှ လူငယ်များ အပါအဝင် လူအများအပြား စုရုံးနေကြသည်။
ထိပ်သီးကျောင်း သုံးကျောင်းတွင် တပည့်များစွာ ရှိသည်။ ဝမ်ယွီချန်းနှင့်အတူ ဝမ်မိသားစုကို သွားရောက် လည်ပတ်ကြသူများမှာ ဝမ်ယွီချန်းနှင့် ရင်းနှီးသူများ ဖြစ်ကြသည်။ သူမနှင့် မရင်းနှီးသူများက သည်နေရာသို့ တိုက်ရိုက် ရောက်လာကြသည်။
“ဆရာယွန်…” သူတို့က အဝေးတစ်နေရာမှ စီနီယာ တစ်ယောက်ကို ခေါ်ကြသည်။ သူက နောက်လှည့်ကာ ကြည့်ပြီး ခေါင်းညိတ်သည်။ သူက ထိုလူငယ်များကို သိပ်သိဟန် မရပေ။ သို့သော် ထိုလူငယ်များက ဆရာယွန်ဟု ခေါ်မှတော့ သူတို့က ကြယ်မင်းကျောင်းမှ တပည့်များ ဖြစ်ရမည်ဟု သူခန့်မှန်းမိသည်။
“ကျင့်နန်… နင်က ဝမ်မိသားစုကို သွားခဲ့တယ်မလား… ဘာလို့ လူသစ်တွေ ပါလာတာလဲ…” ထိုအချိန်တွင် အသက် နှစ်ဆယ့်ငါးနှစ်ခန့် ရှိပုံရသော ဆွဲဆောင်မှု ရှိသော မိန်းမတစ်ယောက်က ရီဖူရှင်းတို့ကို သတိထားမိသည်။
“ဝမ်မိသားစုက လူငယ်တွေက အတွေ့အကြုံ ရအောင်ဆိုပြီး လိုက်လာကြတာ…” ကျင့်နန်က ပြောသည်။
“ဒါဆို နင်က အခုကတည်းက သူမတို့ မိသားစုကို စပြီး ဂရုစိုက် ပေးနေပြီပေါ့…” ထိုမိန်းမက ဝမ်ယွီချန်းနှင့် ကျင့်နန်ကို အဓိပ္ပာယ်ပါစွာ ပြောသည်။
“လိမန်… ရှင်က အရမ်း စကားများတယ်…” ဝမ်ယွီချန်းက အေးစက်စွာ ပြန်ပြောသည်။
“မောင်လေး… မင်းက အသက်နှစ်ဆယ် ပြည့်ပြီလား… ဒီနေရာက အန္တရာယ်ရှိတယ်… ငါ မင်းကို ဂရုစိုက် ပေးရမလား…” လိမန်က ရီဖူရှင်းကို ကြည့်ကာ ညုတုတု ပြောသည်။ ထိုမိန်းမကား တခြားလူများနှင့် အနည်းငယ် ကွဲပြားခြားနားသည်။ သူမတွင် ပြည့်စုံသော ရုပ်ရည်သွင်ပြင် ရှိသည်။ ဝမ်ယွီချန်းလောက် မလှသော်လည်း သူမ၏ လှုပ်ရှားမှုတိုင်းက ဆွဲဆောင်မှု အပြည့်နှင့် ဖြစ်သည်။ သူမက ပို၍ပင် ဆွဲဆောင်မှု ကောင်းသည်။
“ကျုပ် ဒီလောက် မငယ်ဘူး…” ရီဖူရှင်းက အနည်းငယ် စိတ်ညစ်သွားသည်။ သူကား နောက်ပြောင်ခြင်း ခံနေရသည်။
“ချောလိုက်တဲ့ ကောင်လေး…” လိမန်က ပြုံးလျက် မှတ်ချက် ချသည်။ ရီဖူရှင်း ဆွံ့အသွားသည်။ သည်အရာက ရုပ်ချောသော ယောက်ျားများ၏ ဒုက္ခဖြစ်ပေမည်။
“လိမန် … မင်းက နည်းနည်း အလေးအနက်ထားလို့ မရဘူးလား…” သူမ၏ဘေးမှ လူငယ်တစ်ယောက်က အပြစ်တင်သည်။
“ဒါ နင်နဲ့ မဆိုင်ဘူး…” လိမန်က အေးစက်စွာ ပြန်ပြောသည်။
လူငယ်က ရီဖူရှင်းအား ဒေါသတကြီး ကြည့်ကာ ကြိမ်းမောင်းသည်… “ဒါက ကျုပ်တို့ စမ်းသပ်နယ်မြေပဲ… ဘာလို့ ပြင်ပကလူတွေ ရောက်လာတာလဲ… မင်းတို့ ကောင်းကောင်း သတိထား…”
“သူတို့က ငါနဲ့လိုက်လာတာ…” ဝမ်ယွီချန်းက အသာအယာ ပြောသည်။
ရီဖူရှင်း စိတ်ညစ်သွားသည်။ သူက ဓားစာခံ ဖြစ်နေလေပြီ။ လူအများ အကြားမှ ပတ်သက်မှုများက ရှုပ်ထွေးလွန်းလှသည်။
လိမန်ကား ဆွဲဆောင်မှုရှိသော မိန်းမတစ်ယောက် ဖြစ်သည်။ လိမန်က သူနှင့် စနောက်နေသည်ကို မြင်လျှင် လူငယ်က သူ့အား ချက်ချင်း ကြိမ်းမောင်းသည်။ သူက လိမန်အား တိတ်တခိုး သဘောကျနေဟန် ရသည်။ ဘယ်လောက် ရှက်စရာလဲ…။ သူက အလေးအနက် ပြောနေသော အချိန်တွင် သူမက နောက်ပြောင်နေသည်။ သူတို့က အတူတူ ရှိနိုင်ရန် ခက်ခဲပေမည်။
အဝေးကို ကြည့်လျှင် တခြား တောင်ကုန်းများတွင်လည်း လူအများအပြားကို ရီဖူရှင်းက မြင်သည်။ သူတို့ရှေ့တွင် အလွန်အမင်း မြင့်မားသော တောင်ထွတ်ကြီး တစ်လုံးရှိသည်။ များစွာသော သားရဲကြီးများက တောင်ထွတ်ပေါ်တွင် ပျံဝဲနေကြသည်။ ထိုအရာက လူသားနှင့် သားရဲတို့ ရင်ဆိုင်နေဟန်နှင့် အလားသဏ္ဌာန် ရသည်။
ကြောက်မက်ဖွယ် အားကောင်းသော သားရဲ ကိုယ်ရောင်ကိုယ်ဝါက ကြီးမားသော တောင်ကြီး တစ်ခုလုံးကို လွှမ်းခြုံထားသည်။ ရောက်လာသမျှသော လူများက ထိုမြင်ကွင်းကို ကြည့်ကာ ထိတ်လန့်ရသည်။ ထိပ်သီးကျောင်း သုံးကျောင်းကသာ သည်နယ်မြေကို ပိတ်ဆို့ ထားရဲသည်။
အကယ်၍ ထိပ်သီးကျောင်း သုံးကျောင်းသာ မရှိလျှင် သူတို့က သည်နေရာကို လာကြမည် မဟုတ်ပေ။ မိစ္ဆာနဂါးကား တောင်ပေါ်ရှိ လိုဏ်ဂူဥမင်ထဲတွင် ရှိသည်။ သူကလည်း ပတ်ဝန်းကျင်မှ အခြေအနေကို သိပုံရ၏။
ရီဖူရှင်းက ပတ်ဝန်းကျင်ကို လိုက်ကြည့်လျှင် အဝေးတွင် လွန်စွာ မြင့်မားသော တောင်ထွတ်တစ်ခု ရှိသည်ကို မြင်ရသည်။ ထိုတောင်က အနည်းငယ် အထီးကျန် ဆန်သည်။ တောင်ထိပ်ပေါ်တွင်ကား လူတစ်ယောက်က ထိုင်ကာ ကျင့်ကြံနေဟန် ရသည်။
အဖြူရောင်ဝတ်စုံဝတ် လူတစ်ယောက်က တောင်ထွတ်၏ အစိတ်အပိုင်းအလား ထိုနေရာတွင် တိတ်ဆိတ်စွာ ထိုင်နေသည်။
“နဂါးမြက်ပင်အတွက် ရောက်နေတာ သူလား…” ကျင့်နန်က တောင်ထိပ်ပေါ်သို့ လှမ်းကြည့်ကာ မေးသည်။
“ဟုတ်တယ်…” ဆရာယွန်က ခေါင်းညိတ်သည်။
“ဆရာယွန်ရဲ့ စွမ်းအားနဲ့တောင်မှ သူ့ကို မယှဉ်နိုင်ဘူးလား…” ကျင့်နန်က အံ့အားသင့်စွာ မေးသည်။
အဘိုးအိုက ခေါင်းယမ်းကာ ပြောသည်… “ဒီလူက တော်တော် ပါရမီမြင့်တယ်… သူ့ရဲ့ စွမ်းရည်က အများကြီး ပိုအားကောင်းတယ်… ထိပ်သီးကျောင်း သုံးကျောင်းက ဘယ်တာဝန်ခံကမှ သူ့ကို မယှဉ်နိုင်ဘူး… မဟုတ်ရင် ကျောင်းသုံးကျောင်းက လူတွေ အများကြီးက ဒီမှာ လာပြီး စုစည်းနေမှာ မဟုတ်ဘူး…”
ကျင့်နန်က အသာအယာ ခေါင်းညိတ်သည်။ ထိုလူအား ကြည့်ကာ ဝမ်ယွီချန်းက မှတ်ချက်ချသည်… “ဘယ်လောက်တောင် ထူးခြား ကောင်းမွန်တဲ့ သွင်ပြင် လက္ခဏာလဲ…”
“ဆရာယွန်… သူက ကျွန်မတို့ ကြယ်မင်းကျောင်းကို ဝင်ရောက်နိုင်မည့်ပုံစံ ရှိလား…” လိမန်က ထိုလူအား စိုက်ကြည့်ကာ ပြောသည်။ ဘယ်လောက် ချောမောတဲ့လူလဲ…။ တောင်ထိပ်ပေါ်တွင် တစ်ယောက်တည်း ထိုင်နေသော သူ့ပုံစံက လွန်စွာ ကြည့်ကောင်းလှသည်။ သူက သူတို့ ထိပ်သီးကျောင်း သုံးကျောင်းမှပင် ခိုးယူရဲသည်။
သူမ၏အနီးမှ လူများက မျက်လုံးပြူး သွားကြသည်။ သည်မိန်းမကား အမှန်ပင် ထိန်းသိမ်းကာ မနေတတ်ပေ။ သို့သော် ထိုအရာက လိမန်အတွက် ပုံမှန်သာ ဖြစ်သည်။
“ပုံမှန်ဆို သူ့လို တန်ခိုးရှင်က တခြားလူတွေနဲ့ မတူဘူး… သူ့မှာ ဒီလို အရည်အချင်း စွမ်းရည်တွေ ရှိတယ်… သူက တခြားအုပ်စုတွေကို ဝင်ရောက်ဖို့ မလိုအပ်ဘူး… ငါတို့မှာလည်း သူ့ကို သင်ပေးနိုင်စရာ ဘာမှ မရှိဘူး…” ဆရာယွန်က ရှင်းပြသည်။
“စိတ်မကောင်းစရာပဲ…” လိမန်က သုန်မှုန်စွာ မှတ်ချက်ချသည်။ သူမက ဘေးမှ လူများကို ကြည့်ကာ ပြောသည်… “နင်တို့မှာ သူ့လို သွင်ပြင် လက္ခဏာမျိုး ဘာလို့ မရှိရတာလဲ…”
ရီဖူရှင်းအား ကြည့်ကာ သူမ၏ မျက်လုံးများ လင်းလက် လာသည်… “မင်းက သူ့လိုပဲချောတယ်… ဒါပေမဲ့ ကိုယ်ရောင်ကိုယ်ဝါက နည်းနည်း အားနည်းတယ်… မင်းက အသက် ငယ်သေးတယ်… ငါမင်းကို လေ့ကျင့်ပေးလို့ ရတယ်…”
ရီဖူရှင်းက ဆွံ့အသွားသည်။
သူက ဒေါသမထွက်ပေ။ အကယ်၍ တခြားလူများဆိုပါက သူက ငြင်းဆန်မိမည် ဖြစ်သော်လည်း ယခု သူ၏အစ်ကိုသုံး ဖြစ်ပေသည်။ အစ်ကိုသုံးကား အမြဲတမ်း ထူးခြား ထက်မြက်ကာ ချောမောသော စာပေသမား ဖြစ်သည်။
သူ ထင်မှတ်ထားသလိုပင် တောင်ထိပ်ပေါ်မှ လူကား ကော့တေး၏ တတိယတပည့် ဂူတုံးလျို ဖြစ်သည်။ သူက မြေရိုင်းဒေသကို လေ့ကျင့်ရန် ရောက်လာကာ ယခု မိစ္ဆာနဂါးနယ်မြေတွင် ဖြစ်သည်။
ပုံမှန်အားဖြင့် လုယက်သူက သူ၏အစ်ကိုသုံး ဖြစ်သည်ဟု ပြောမည် မဟုတ်ပေ။ အစ်ကိုသုံးကား ထိပ်သီးကျောင်း သုံးကျောင်း စောင့်ကြပ်နေသော နဂါးမြက်ကို လုယူရန် ရောက်လာသည်။ ရီဖူရှင်းက သည်လောက် မတုံးပေ။
***