အခန်း (၆၅) တစ်ယောက်အားဖြင့်မရလေသော်
ပန်းခင်းလမ်းထက် ခြေချမိသည်နှင့် ကျန်းလန် ပတ်ဝန်းကျင်ကို တစ်ချက် အကဲခတ်လိုက်သည်။
ပတ်ဝန်းကျင်တစ်ခုလုံး မြူခိုးများဖုံးလွှမ်းနေသော်လည်း သူလျှောက်မည့် ပန်းခင်းလမ်းတွင် မြူခိုးများကင်းစင်လျှက် ရှိသည်။
သို့သော်… လမ်း၏ အစွန်းတစ်ဖက်တွင်တော့မြူခိုးများ ဖုံးလွှမ်းနေလေရာ လမ်းအဆုံးကို တွေ့မြင်ရခြင်း မရှိပေ။
ထို့ပြင်… ပန်းခင်းလမ်းဘေးတစ်ဖက်တစ်ချက်တွင်လည်း မြူခိုးများ အုံ့ဆိုင်းနေလေရာ အခြားသူများ၏ အခြေအနေ မည်သို့ ရှိသည်ကိုလည်း ကျန်းလန် တွေ့မြင်နိုင်ခြင်း မရှိပေ။
ကျန်းလန်က စိတ်စွမ်းအားဖြင့် မြူခိုးများကို ထွင်းဖောက်ကြည့်ရှုရန် ကြိုးစားလိုက်သည်။
သို့သော်… အလုပ်မဖြစ်ပေ။ သူ၏ စိတ်စွမ်းအားက မြူခိုးများကို ထိုးဖောက်နိုင်စွမ်း မရှိပေ။
“ဒါက ကျောက်စိမ်းဝိညာဉ်ရေကန်ရဲ့ တန်ခိုးစွမ်းအားများလား…”
ကျန်းလန် သိချင်စိတ်ဖြင့် တွေးလိုက်သည်။
ထို့နောက်… ကျန်းလန် ရှေ့ဆက်လျှောက်လာခဲ့သည်။
ကျန်းလန် ပန်းခင်းလမ်းထက် ခြေလှမ်းလိုက်သည်နှင့် သူ့ခြေထောက်အောက်မှ ကျောက်တုံးက မည်သည့်နေရာသို့ ရောက်သွားမှန်းမသိတော့ပေ။
ကျန်းလန် ရှေ့သို့ ခြေတစ်လှမ်းပြီးတစ်လှမ်း လျှောက်သွားလိုက်သည်။
ပတ်ဝန်းကျင်တစ်ခုလုံးမှ မြူခိုးများက အတားအဆီးတစ်ခု မဟုတ်ကြောင်း ကျန်းလန် သိရှိလိုက်သည်။
ဘေးဘက်မှ မြူခိုးများကို ဖြတ်သန်းသွားလျှင် အခြားသူတစ်ယောက် လျှောက်လှမ်းနေသည့် လမ်းပေါ်သို့ ရောက်ရှိသွားနိုင်ကြောင်း ကျန်းလန် ရိပ်မိလိုက်သည်။
သို့သော်… သူကတော့ အခြားသူတစ်ယောက်၏ လမ်းကို ဖြတ်ကျော်သွားရန် တစ်ချက်ပင် စိတ်မကူးပေ။ ကျန်းလန်က အခြားသူများနှင့် ပတ်သက်ဆက်နွယ်ရသည်ကို သဘောကျသူ မဟုတ်ပေ။
ကျန်းလန် ရှေ့ဆက်လျှောက်နေစဉ်မှာပင် ရုတ်တရက် သူ့ခြေထောက်အောက်တွင် ထိန်းချုပ်မှုတစ်ခု ဖြစ်ပေါ်သွားသည်ကို ခံစားလိုက်ရသည်။
ကျန်းလန် ခြေထောက်များ ရှေ့ဆက်နိုင်ခြင်း မရှိတော့ပေ။
ဤသည်က အစီအရင်အရံအတားတစ်ခု ဖြစ်လေ၏။
အစီအရင်ကို ဖယ်ရှားပစ်ရန် မခက်လှပေ။ မခက်သည့်အပြင် လွယ်ပင် လွယ်လွန်းနေသေးသည်။
သို့သော်… ကျန်းလန်က ခြေထောက်ကို ထိန်းချုပ်ထားသည့် အစီအရင်ကို ဖယ်ရှားရန် ဟန်ပြင်လိုက်စဉ်မှာပင် ပန်းခင်းလမ်းအစွန်းတစ်ဖက်ရှိ မြူခိုးများဆီမှ တိုက်ခိုက်မှုတစ်ခု ရုတ်တရက် ထွက်ပေါ်လာသည်။
ထိုတိုက်ခိုက်မှုက ကျန်းလန်ထံသို့ တည့်တည့်မတ်မတ် ဝင်ရောက်လာခြင်း ဖြစ်၏။
ကျန်းလန် အနည်းငယ် ထိတ်လန့်သွားပြီး ချက်ချင်းပင် လက်သီးချက်တစ်ချက် ထုတ်ဖော်ကာ တိုက်ခိုက်မှုကို ရင်ဆိုင်လိုက်သည်။
သို့သော်… ထိုတိုက်ခိုက်မှုက လူတစ်ယောက်က သူ့ကို တိုက်ခိုက်လိုက်ခြင်း မဟုတ်ပေ။ မြူခိုးများက တိုက်ခိုက်လိုက်ခြင်းဖြစ်ကြောင်း ကျန်းလန် သိလိုက်ရသည်။
“ဘုန်း…”
ကျန်းလန်၏ လက်သီးချက်ထိမှန်သွားသည်နှင့် မြူခိုးများ၏ တိုကိုက်မှုက အစိတ်စိတ်အမွှာမွှာ ပြိုကွဲသွားသည်။
ကျန်းလန်က မြူခိုးများ၏ တိုက်ခိုက်မှုကို ခုခံရန်အတွက် ရွှေပြဒါးအမြုတေအဆင့် စွမ်းအားကိုသာ အသုံးပြုခဲ့ခြင်း ဖြစ်သည်။
မြူခိုးများထဲမှ တိုက်ခိုက်မှုကို ရင်ဆိုင်ပြီးသည်နှင့် ကျန်းလန်က သူ၏ ဝိညာဉ်ဓားကို ထုတ်ယူလိုက်သည်။
ဆက်ခံသူတပည့်တစ်ယောက် ကိုင်ဆောင်သည့် ဝိညာဉ်ဓားက သာမန်တပည့်များကိုင်ဆောင်သည့် ဓားများထက် အဆပေါင်းများစွာ သာလွန်လေသည်။
သို့သော်… သူ့တွင် ယခုထက် ပိုမိုကောင်းမွန်သည့် နတ်ဓားများ ၊ ဝိညာဉ်ဓားများ များစွာ ရှိလေသည်။ မည်မျှများပြားကြောင်း ကျန်းလန်ပင် ရေတွက်မကြည့်နိုင်တော့ပေ။
အားလုံးက စနစ်တွင်မှတ်ပုံတင်ခြင်းဖြင့် ရရှိထားသည့် ဓားများဖြစ်လေရာ သူ ပေါ်ပေါ်ထင်ထင် ထုတ်ဖော်အသုံးပြုရဲခြင်း မရှိပေ။
ဓားသိုင်းအသုံးပြုတိုက်ခိုက်ရခြင်းက နွားရိုင်းကိုးကောင်စွမ်းအားလောက် ပြင်းထန်ခြင်း မရှိပေ။
သို့သော်… အစစအရာရာ သတိထားရမည်ဖြစ်သောကြောင့် နွားရိုင်းကိုးကောင်စွမ်းအားကို ထုတ်ဖော်မပြသရဲဘဲ ဓားသိုင်းကိုသာအသုံးပြုရန် ကျန်းလန် ရွေးခြယ်လိုက်ရခြင်း ဖြစ်သည်။
မြူခိုးများ၏ တိုက်ခိုက်မှုကို ခုခံကာကွယ်ပြီးနောက် ကျန်းလန်က ခြေထောက်များကို ချုပ်နှောင်ထားသည့် အစီအရင်ကို ဖျက်စီးပစ်လိုက်သည်။
ခဏအတွင်းမှာပင်… သူလျှောက်လှမ်းနေသည့် ပန်းခင်းလမ်းအကြောင်း အကြမ်းဖျင်း နားလည်သွားသည်။
ဤလမ်းက လျှောက်လှမ်းသူ၏ ခြေထောက်များကို ချုပ်နှောင်သည့် အစီအရင်တစ်ခုနှင့် မြူခိုးများထဲမှ တိုက်ခိုက်မှုပေါင်းစပ်ထားခြင်း ဖြစ်သည်။
ပိုပြီးဝေးဝေးလျှောက်မိလာလေလေ ခြေထောက်ကို ချုပ်နှောင်သည့် အစီအရင်နှင့် မြူခိုးများထဲမှ တိုက်ခိုက်မှုက ပိုမိုပြင်းထန်လာလေဖြစ်သည်။
ကျန်းလန်မှာ တိုက်ခိုက်မှုကို ခုခံကာကွယ်လိုက် ခြေထောက်မှ အစီအရင်ကို ဖျက်ဆီးလိုက်နှင့် တစ်ယောက်တည်း သံသရာလည်လျှက် ရှိလေတော့သည်။
ခရီးလည်းမတွင်တော့ပေ။
“ဒီအတိုင်းသာဆို ငါတော့ ကျောက်စိမ်းရေကန်ကို ဝင်ခွင့်ရတော့မှာ မဟုတ်ဘူး…”
ကျန်းလန် တွေးလိုက်မိသည်။
သူက ခြေထောက်ကို ချုပ်နှောင်သည့် အစီအရင်ပညာကိုနားလည်သော်လည်း မြူခိုးများထဲမှ တိုက်ခိုက်မှုကို ကာကွယ်ရန်မှာတော့ စွမ်းအားနည်းပါးလျှက် ရှိသည်။
အကြောင်းမှာ… မူလဝိညာဉ်အဆင့် တန်ခိုးစွမ်းအားကိုလည်း ထုတ်ဖော်အသုံးပြုနိုင်ခြင်း မရှိသလို နွားရိုင်းကိုးကောင်စွမ်းအားကိုလည်း အသုံးပြုနိုင်ခြင်းမရှိဘဲ လျှို့ဝှက်ထားရသည် မဟုတ်ပါလား။
အခြားသူများ သူ့အကြောင်း ရိပ်မိသွားမည်ကို ကြောက်ရွံ့သောကြောင့် ထိုသို့ လျှို့ဝှက်ထားရခြင်း ဖြစ်သည်။ သူ့အနေဖြင့် အခြားသူများ သူ့အကြောင်း ရိပ်မိသည်အထိ ဤခရီးတွင် မစွန့်စားလိုပပေ။
“ဒီလိုကျတော့လည်း ငါက အစီအရင်ပညာမှာရော ကျင့်ကြံခြင်းမှာပါ အသုံးမကျတော့ဘူးပဲ…”
“ဟင်း…”
ကျန်းလန် သက်ပြင်းတစ်ချက်ချလိုက်ပြီး ရှေ့ဆက်လျှောက်လာခဲ့သည်။
သူသာ ယခုတစ်ကြိမ် ကျောက်စိမ်းရေကန်သို့ ဝင်ရောက်နိုင်ခြင်းမရှိလျှင် နောက်တစ်ကြိမ် ကျောက်စိမ်းရေကန် ဖွင့်လှစ်သည်အထိ စောင့်ဆိုင်းရပေလိမ့်မည်။
သို့သော်… ယခုတစ်ကြိမ် ကျောက်စိမ်းရေကန်သို့ မဝင်ရောက်နိုင်ပါက သူ့အတွက် အခွင့်အရေးတစ်ခု လက်လွှတ်ဆုံးရှုံးရမည် ဖြစ်သည်။
မည်သို့ပင်ဖြစ်စေ… ကျောက်စိမ်းရေကန်သို့ ဝင်ရောက်ရန် အကောင်းဆုံးကြိုးစားရမည် ဖြစ်သည်။
သို့သော်… မဝင်ရောက်နိုင်ခဲ့ပါကလည်း ကံတရားဟုသာ ပြောရပေတော့မည်။
သိပ်အများကြီး မစဉ်းစားတော့ဘဲ ကျန်းလန် ရှေ့ဆက်လျှောက်လာခဲ့သည်။
အစီအရင်ကိုလည်း ဖျက်စီးရင်း မြူခိုးများ၏ တိုက်ခိုက်မှုကိုလည်း ခုခံရင်း သတိဝီရိယာအပြည့်ဖြင့် ကျန်းလန် ရှေ့ဆက်လာခဲ့သည်။
အချိန်ကြာလာသည်နှင့်အမျှ မြူခိုးများ၏ တိုက်ခိုက်မှုကို ဒီအတိုင်း ဓားတစ်လက်ဖြင့် ခုခံနေခြင်းက အသုံးမဝင်တော့ကြောင်း ကျန်းလန် သဘောပေါက်လာသည်။
မြူခိုးများ၏တိုက်ခိုက်မှုက အဆက်မပြတ်ဖြစ်ပေါ်နေလေရာ ကျန်းလန်မှာ ရှေ့မဆက်နိုင်တော့ပေ။
တိုက်ခိုက်မှုတစ်ခုတည်းသာဆိုလျှင် တိုက်ခိုက်ရင်း ရှေ့ဆက်သွားနိုင်လေသည်။
သို့သော်… ခြေထောက်ကို ချုပ်နှောင်ထားသည့် အစီအရင်ကလည်း ဖယ်ရှားရဦးမည်ဖြစ်လေရာ တိုက်ခိုက်ရင်း ရှေ့ဆက်သွားရန်မှာ မည်သို့မှ မဖြစ်နိုင်ပေ။
ဤခရီးက တစ်ယောက်တည်း ဖြတ်ကျော်ရန် ခက်ခဲလွန်းလှသည်။
ထိုသို့ဖြင့်… နေဝင်ချိန်ရောက်ရှိပြီး ကောင်းကင်ကြီး မှောင်မိုက်လာသည်ကို ကျန်းလန် ခံစားလိုက်မိလေသည်။
ဤနှုန်းအတိုင်းသာဆိုလျှင်… နောက်တစ်နေ့နံနက်တိုင်အောင် သူ ခရီးတွင်မည် မဟုတ်ပေ။
ပန်းခင်းလမ်းကို ကျော်ဖြတ်ရန် အချိန်မည်မျှကန့်သတ်ထားသည်ကိုလည်း သူတို့ကို ပြောပြထားခြင်း မရှိပေ။
ကြည့်ရသည်မှာ အချိန်ပြည့်သည်နှင့် သူလည်း ရောက်သည့်နေရာတွင်ပင် ရပ်တန့်ရမည့်ဟန် ဖြစ်သည်။ ထိုသို့ဆိုလျှင် ကျောက်စိမ်းရေကန်သို့ ဝင်ရောက်နိုင်ပါမည်လား မသေချာလှပေ။
“ငါ တစ်ယောက်ယောက်နဲ့ လက်တွဲအလုပ်လုပ်ဖို့ လိုနေတာလား…”
သို့သော်… သူက အများအမြင်တွင် ကျင့်ကြံခြင်းအဆင့် နိမ့်ပါးသူ ဖြစ်သည်။
နဝမတောင်ထွတ်မှ တပည့်ဆိုသည်နှင့် အစကတည်းက အထင်သေးပြီးသာ ဖြစ်နေလေရာ မည်သူမှ လက်တွဲလိုကြမည်မဟုတ်ပေ။
ကျန်းလန်လည်း မည်သို့မှ မတတ်နိုင်ပေ။
နဝမတောင်ထွတ်မှ တပည့်ဖြစ်ရခြင်းက အလိုလိုနေရင်း ဝေဖန်ခံနေရသည့် အခြေအနေပင် မဟုတ်ပါလား။
အမှန်တော့… နဝမတောင်ထွတ်မှ တပည့်တိုင်းက အရည်အချင်းရှိကြသူများ မဟုတ်ပေ။
သူတစ်ယောက်သာလျှင် နဝမတောင်ထွတ်တွင် ကြာရှည်နေနိုင်စွမ်း ရှိနေသောကြောင့် နဝမတောင်ထွတ်မှ တစ်ဦးတည်းသောတပည့် ဖြစ်နေခြင်း ဖြစ်၏။
သို့တိုင်အောင်… သူသည်လည်း လူအထင်ကြီးစရာ ပါရမီရှင်တစ်ယောက် မဟုတ်ခဲ့ပေ။
“ကျောက်စိမ်းရေကန်ကိုဝင်ဖို့ အခွင့်အရေးကတစ်ခါပဲရမှာ… ၊ ကြိုးစားကြည့်တာပေါ့…”
တွေးရင်းဖြင့် ကျန်းလန်က အမှတ်မထင် သူ၏ လက်ကို ပန်းခင်းလမ်းဘေးတစ်နေရာရှိ မြူခိုးများထက်သို့ တင်လိုက်မိလေသည်။
ထိုစဉ်မှာပင်… သူ၏ လမ်းကြောင်းတစ်ချက်လှုပ်ရှားသွားပြီး သူ့ထံသို့ တစ်စုံတစ်ယောက် လမ်းလျှောက်လာနေကြောင်း ကျန်းလန် အာရုံခံမိလိုက်သည်။
မကြာမီ…
ပန်းခင်းလမ်းဘေးတစ်နေရာမှ မြူခိုးများကို ဖြတ်သန်းပြီး မိန်းမပျိုတစ်ယောက် ထွက်ပေါ်လာလေသည်။
သူမက ရှည်လျားသည့် ဆံနွယ်များကို ပိုင်ဆိုင်ပြီး အဖြူရောင်နှင့်အပြာရောင်ပေါင်းစပ်ထားသည့် ဝတ်စုံကို ဝတ်ဆင်ထားလေသည်။
သူမ၏ အလှတရားကတော့ လောကတစ်ခွင်တွင် ရှာမှရှားသည့် အလှတရားမျိုး ဖြစ်လေ၏။
သူမက ကျန်းလန် လျှောက်လှမ်းနေသည့် ပန်းခင်းလမ်းထက်သို့ ရောက်ရှိလာလေသည်။
ထိုမိန်းမပျိုကိုတွေ့လိုက်ရသည့်အခါ ကျန်းလန် များစွာ အံ့အားသင့်သွားသည်။
“လုန်ယွိ…”
လုန်ယွိရောက်လာလိမ့်မည်ဟု ကျန်းလန် အိပ်မက်ပင် မက်မထားမိပေ။
လုန်ယွိကိုကြည့်ရသည်မှာလည်း အနည်းငယ် အံ့အားသင့်သွားဟန် ရှိသည်။
အမှန်တော့ လုန်ယွိသည်လည်း အခြားသူများနှင့် အတူပူးပေါင်းလုပ်ဆောင်ရမည်ကို သဘောကျသူ မဟုတ်ပေ။ ထို့ကြောင့် သူမ၏ လမ်းကြောင်းအတိုင်း တစ်ယောက်တည်း လျှောက်လှမ်းလာခဲ့လေသည်။
သို့သော်… ကျောက်စိမ်းရေကန်သို့ ဝင်ရောက်သည့် ပန်းခင်းလမ်းကို လျှောက်လှမ်းရာတွင် တစ်ယောက်တည်း လျှောက်လှမ်းရန် မဖြစ်နိုင်ပါက အဖော်တစ်ယောက်ဖြင့် အတူတကွ လက်တွဲလျှောက်လှမ်းနိုင်လေသည်။
လက်တွဲလျှောက်လှမ်းရမည့် အဖော်ကတော့ ကိုယ်တိုင် ရွေးခြယ်ခွင့်မရှိဘဲ ကျဘမ်းသတ်မှတ်ပေးလေ့ ရှိသည်။
လုန်ယွိအတွက် သူမနှင့်အတူ လက်တွဲလျှောက်လှမ်းရမည့်သူက ဂိုဏ်းတူညီမ လင်စီးယာဆိုလျှင် ပြဿနာမရှိပေ။
သို့သော်… ကျဘမ်းရွေးခြယ်ပေးမည်ဆိုလျှင် သူမနှင့်လင်စီးယာ အတူတူ လျှောက်လှမ်းရန် မည်သည့်နည်းနှင့်မှ မဖြစ်နိုင်ပေ။
ထို့ကြောင့်… သူမက တစ်ယောက်တည်း ရှေ့ဆက်ရန် ရွေးခြယ်ခဲ့သည်။
သို့သော်… အချိန်ကြာလာသည်နှင့်အမျှ ဤလမ်းခရီးက တစ်ယောက်တည်းလျှောက်လျှင် ခရီးမတွင်ဘဲ အလွန်ခက်ခဲသည်ကို နားလည်လာသည်။
ထို့ကြောင့်… ကျောက်စိမ်းရေကန်သို့ ဝင်ရောက်ရန်အတွက် သူမနှင့် လက်တွဲလုပ်ဆောင်နိုင်မည့် တစ်စုံတစ်ယောက်ကို ရှာဖွေရန် ဆုံးဖြတ်လိုက်သည်။
သို့သော်… ကျဘမ်းရွေးခြယ်ခြင်းက သူမနှင့်အတူ လျှောက်လှမ်းရန်အတွက် နဝမတောင်ထွတ်မှ ဂိုဏ်းတူမောင်လေးကို ရွေးခြယ်ပေးလိမ့်မည်ဟု ထင်မထားခဲ့မိပေ။
အခြေအနေများကို နားမလည်ဘဲ စိတ်ရှုတ်ထွေးနေဟန်ရှိသည့် ကျန်းလန်ကိုကြည့်ပြီး လုန်ယွိက စည်းကမ်းများကို ရှင်းပြလိုက်သည်။
လုန်ယွိက…
“ကျောက်စိမ်းရေကန်ဝင်ဖို့ စမ်းသပ်ခံလမ်းမှာ အဲဒီလို စည်းကမ်းတွေရှိတယ်… ၊ ကျဘမ်းရွေးခြယ်ပေးတဲ့ အဖော်ဆိုရင်လည်း စွမ်းအားကြီးသူတွေကို စွမ်းအားနည်းသူတွေနဲ့ အမြဲတမ်း တွဲဖက်ပေးလေ့ ရှိတယ်…”
ဤသည်က စည်းကမ်းပင် ဖြစ်၏။
ထို့ပြင်… အတူတူလျှောက်လှမ်းရန်အတွက် အဖော်ကိုရှာဖွေရန်မှာလည်း အခွင့်အရေး တစ်ကြိမ်သာ ရရှိသည်။
မိမိနှင့်လက်တွဲလုပ်ဆောင်ရမည့် အဖော်ကို တွေ့ရှိရသည့်တိုင် တစ်ဖက်လူမှ ငြင်းပယ်ခွင့်ရှိသည်။
သို့သော်… ထိုသို့ ငြင်းပယ်ပြီးသည်နှင့် နောက်ထပ် အဖော်တစ်ယောက် ထပ်မံရှာဖွေနိုင်မည် မဟုတ်တော့ပေ။ တစ်ယောက်တည်းသာ ရှေ့ဆက်ရတော့မည် ဖြစ်သည်။
ကျန်းလန်က ထိုစည်းကမ်းများကို သိရှိခြင်း မရှိပေ။ ယခု လုန်ယွိပြောပြမှသာ သိရှိခြင်း ဖြစ်သည်။
ထို့ပြင်… ဤသို့သောအခွင့်အရေးက ရတောင့်ရခဲအခွင့်အရေးဖြစ်ကြောင်း ကျန်းလန် သိရှိလိုက်သည်။
သို့သော်… သူက လုန်ယွိနှင့် ရင်းနှီးသူတစ်ယောက် မဟုတ်သောကြောင့် လမ်းခရီးအတူတူ သွားရမည်ကို အနည်းငယ် တွန့်ဆုတ်နေမိသည်။
ကျန်းလန် စကားမပြောနိုင်ခင်မှာပင် လုန်ယွိ၏ တည်ငြိမ်ပြီး ခံစားချက်ကင်းမဲ့သည့်အသံက ထပ်မံထွက်ပေါ်လာသည်။
“ဂိုဏ်းတူမောင်လေးလည်း ကျောက်စိမ်းရေကန်ကို ဝင်ခွင့်ရချင်တယ် မဟုတ်လား…”
ကျန်းလန်က…
“ကျွန်တော် ကြိုးစားကြည့်ချင်ပါတယ်…”
လုန်ယွိက အေးဆေးသည့်လေသံဖြင့်…
“ငါက နဂါးမျိုးနွယ်တစ်ယောက်ဖြစ်လို့ အတော်လေး စွမ်းအားမြင့်မားပါတယ်… ၊ မြူခိုးတွေရဲ့ တိုက်ခိုက်မှုတွေကို ခုခံပိတ်ဆို့ပေးနိုင်တယ်… ၊ ဂိုဏ်းတူမောင်လေးကတော့ အစီအရင်တွေနဲ့ ပတ်သက်လို့ ကျွမ်းကျင်တယ်မဟုတ်လား…”
ထိုအချက်ဖြင့်ပင် သူမ ကျန်းလန်နှင့် အမှန်တကယ် အလုပ်တွဲလုပ်နိုင်ပေသည်။
အနည်းဆုံးတော့ ကျန်းလန်က အစီအရင်ပညာတွင် သူမထက် သာလွန်သည် မဟုတ်ပါလား။
ကျန်းလန်က တစ်ခဏမျှ စဉ်းစားနေမိသည်။
လုန်ယွိ၏ စွမ်းအားဖြင့် ပူးပေါင်းလိုက်မည်ဆိုလျှင် လမ်းခရီးတွင် ယခင်ကထက်ပိုပြီး ခရီးတွင်မည် ဖြစ်သည်။
သို့သော်… သူက အစီအရင်ပညာကို ထိုမျှလောက် ကျွမ်းကျင်သူမဟုတ်ပေ။ သူ့အကြောင်းသူ အသိဆုံးဖြစ်သည်။
ကျန်းလန်က…
“ကျွန်တော်က အစီအရင်ပညာကို နည်းနည်းပါးပါးပဲ သိတာပါ…”
လုန်ယွိ ခဏမျှ တိတ်ဆိတ်နေ၏။
သူမက အရှုံးအမြတ်ကိုတွက်ချက်နေသည့်အလား မြေပြင်ကို ငုံ့ကြည့်ရင်း အလေးအနက် စဉ်းစားနေသည်။
အတန်ကြာမှ လုန်ယွိက ကျန်းလန်ကို မော့ကြည့်လိုက်ပြီး…
“ဂိုဏ်းတူမောင်လေး… မင်း ငါနဲ့လက်တွဲပြီး အလုပ် လုပ်ချင်သလား…မလုပ်ချင်ဘူးလား…”