အခန်း (၆၃)

ကျောက်စိမ်းရေကန်ဖွင့်ပြီ

အခန်း (၆၃) ကျောက်စိမ်းရေကန်ဖွင့်ပြီ

ကျန်းလန်က သားရဲဥလေးကိုကြည့်လိုက်ပြီး နောက်ထပ် (၂)ရက်ခန့် စောင့်ကြည့်ရန် ဆုံးဖြတ်လိုက်သည်။

မရဏအငွေ့အသက်များ များပြားလွန်းသည့်အတွက် သားရဲဥလေးတွင် ကိုယ်တွင်းမိစ္ဆာများ ဝင်ရောက်နေပြီလားဟု ကျန်းလန် စိတ်ပူသွားမိသည်။

နောက်မှ စစ်ဆေးကြည့်ရန် ဆုံးဖြတ်လိုက်ပြီး ကျန်းလန် စတင်ကျင့်ကြံလိုက်သည်။

ယခုအချိန်က ကျန်းလန်အတွက် ကျင့်ကြံရန် အချိန်ကောင်း ဖြစ်၏။

မရဏအငွေ့အသက်များ ပြင်းထန်များပြားနေလေ သူ၏ကျင့်ကြံခြင်းက ပိုမိုလျှင်မြန်လွယ်ကူလေ ဖြစ်သည်။

အဘယ်ကြောင့်ဆိုသော်… ခွန်လွန်စိတ်ကျမ်းက မရဏအငွေ့အသက်များနှင့် ယှဉ်တွဲကျင့်ကြံရန် သင့်တော်သည့် ကျင့်စဉ်တစ်ခု ဖြစ်နေသောကြောင့်ပင်…။

တတိယမြောက်နေ့တွင်တော့ ကျန်းလန် သားရဲဥလေးကို မရဏဂူအပြင်ဘက်သို့ ထုတ်ယူလာခဲ့သည်။

စစ်ဆေးကြည့်လိုက်သည့်အခါ အသက်ဓာတ်စွမ်းအားများ အတော်လေး အားနည်းနေကြောင်း တွေ့လိုက်ရသည်။

သားရဲဥလေးကို မရဏဂူထဲတွင် ဆက်လက်ထားရှိမည်ဆိုပါက သေဆုံးသွားနိုင်လေသည်။

ထို့ကြောင့်… ကျန်းလန်က သားရဲဥလေးကို သူ ယခင်နေထိုင်သည့် အဆောက်အဦသို့ နေရာပြောင်းရွှေ့ပေးလိုက်သည်။

သူကတော့ မရဏဂူထဲတွင်ပင် ဆက်လက်ကျင့်ကြံရမည် ဖြစ်သည်။

ရေခဲပုဇဉ်းရင်ကွဲတောအုပ်ထဲသို့ သွားရောက်ခဲ့သည့်ခရီးစဉ်နှင့်ပတ်သက်ပြီး ဆရာဖြစ်သူက မည်သည့်မှတ်ချက်မှ မပေးခဲ့ပေ။

ခရီးစဉ်အောင်မြင်သည်ဟု သတ်မှတ်ခံရဟန် ရှိသည်။

ယခုရက်ပိုင်းအတွင်းတွင်တော့… ဆရာဖြစ်သူက သူ့ကို သတိလှမ်းပေးသည်။

မရဏဂူထဲတွင် မရဏအငွေ့အသက်များ အလွန်ပြင်းထန်လာသည့်အတွက် အခြေအနေကြည့်ပြီး နေထိုင်ရန် လှမ်းသတိပေးခြင်း ဖြစ်၏။

……………

ထိုသို့ဖြင့်… နောက်ထပ်အချိန် (၃)နှစ် ထပ်မံ ကုန်ဆုံးသွားခဲ့လေသည်။

ကျန်းလန် နဝမတောင်ထွတ်သို့ ရောက်ရှိသည်မှာ နှစ်ပေါင်း (၅၀) ပြည့်ပြီ ဖြစ်၏။

ကျန်းလန် မရဏဂူထဲတွင် အေးအေးဆေးဆေးပင် ကျင့်ကြံလျှက် ရှိလေသည်။

ထိုစဉ်… သူ့ထံသို့ စာတစ်စောင်ရောက်ရှိလာသည်။

ခါတိုင်းကဲ့သို့ ဆရာဖြစ်သူထံမှ လှမ်းခေါ်သည့် စာမဟုတ်ပေ။ ခွန်လွန်တောင်မှ သူ့ထံသို့ တိုက်ရိုက်ပို့လိုက်သည့် စာတစ်စောင်ဖြစ်သည်။

ကျန်းလန်က သူ့ရှေ့တွင်ပေါ်လာသည့် ရွှေရောင်စာလွှာကို ဂရုတစိုက် ဖတ်ရှုလိုက်သည်။

ကျောက်စိမ်းရေကန်ဖွင့်လှစ်သည့်ပွဲသို့ လာရောက်ရန် ဖိတ်ကြားသည့် ဖိတ်စာဖြစ်၏။

ထိုဖိတ်စာကို ခွန်လွန်တောင် အဓိကတောင်ထွတ်ကြီး (၉)ခုမှ ဆက်ခံသူတပည့်တိုင်း ရရှိကြမည် ဖြစ်သည်။

“ကျောက်စိမ်းရေကန် ဖွင့်လှစ်တော့မှာပဲ…”

ကျန်းလန် ရေရွတ်လိုက်သည်။

ကျောက်စိမ်းရေကန်ဖွင့်လှစ်မည့်ကိစ္စကို လွန်ခဲ့သည့် (၃)နှစ်ကတည်းက ကျန်းလန် သိရှိထားလေသည်။

ဆရာဖြစ်သူက “မကြာခင် ကျောက်စိမ်းရေကန် ဖွင့်လှစ်တော့မည်” ဟု သူ့ကို ပြောပြခဲ့သည်။

ဆရာပြောသည့် “မကြာခင်” ဆိုသည့်စကားက အချိန် (၃)နှစ်ကြာသွားလိမ့်မည်ဟု ကျန်းလန် ထင်မထားခဲ့ပေ။

ဆရာဖြစ်သူ၏ အချိန်ကာလအပေါ်ထားရှိသည့်အယူအဆက ကျန်းလန်နှင့် အနည်းငယ် ကွဲပြားသည်။

(၃)နှစ်အတွင်း… မရဏဂူထဲမှ မရဏအငွေ့အသက်များကလည်း တစ်နေ့တခြား ပိုမိုများပြားလာသည်။ သို့သော်… အမြင့်ဆုံးအဆင့် ပေါက်ကွဲထွက်သည့် အခြေအနေသို့ မရောက်ရှိသေးပေ။

အမြင့်ဆုံးအဆင့်ပေါက်ကွဲထွက်ရန်မှာ နောက်ထပ် နှစ်အနည်းငယ် ကြာပေဦးမည်။

သို့သော်… ကျန်းလန်က ထိုအချိန်ကို မျှော်လင့်နေသူ ဖြစ်သည်။

မရဏအငွေ့အသက်များ အားကောင်းပြင်းထန်လာလေ သူ၏ ကျင့်ကြံခြင်းက လျှင်မြန်လာလေ ဖြစ်နေသည် မဟုတ်ပါလား။

လွန်ခဲ့သည့် နှစ်အနည်းငယ်အတွင်း သူ၏ ကျင့်ကြံခြင်းအဆင့်က ပိုမိုမြင့်မားလာခဲ့သည်။

မူလဝိညာဉ်အဆင့် ၊ နောက်ဆုံးအဆင့်သို့ မရောက်ရှိသေးသည့်တိုင် အတော်လေး နီးစပ်နေပြီ ဖြစ်သည်။

များပြားလှသည့် မရဏအငွေ့အသက်များထဲတွင် ကျင့်ကြံရခြင်းက သူ၏ ကျင့်ကြံခြင်းကို ယခင်ကထက် နှစ်ဆ ပိုမိုလျှင်မြန်လာစေခဲ့သည်။

သူသာ အပြင်းအထန် ဆက်လက်ကျင့်ကြံမည်ဆိုလျှင် မကြာမီ မရှိမှုအာကာသအဆင့်သို့ တက်ရောက်နိုင်တော့မည် ဖြစ်သည်။

လွန်ခဲ့သည့် နှစ်အနည်းငယ်အတွင်း သူကျင့်ကြံရမည့် ကျင့်စဉ်အားလုံး ကျင့်ကြံအောင်မြင်ခဲ့ပြီး ဖြစ်သည်။

ကောင်းကင်ဘုံခြေလှမ်းကိုးလှမ်းတန်ခိုးစွမ်းအားက ခြေလှမ်းရှစ်လှမ်းအထိ အဆင့်မြင့်တက်လာခဲ့ပြီး သူ၏ မူလဝိညာဉ်သည်လည်း အထွတ်ထိပ်အဆင့် ဖြစ်တည်လာခဲ့သည်။

သူ အင်မော်တယ်ဖြစ်သည့်အချိန်တွင် ကောင်းကင်ဘုံခြေလှမ်းကိုးလမ်း ကျင့်စဉ်တစ်ခုလုံး အောင်မြင်သွားမည်ဟု ခံစားလိုက်ရသည်။

နွားရိုင်းကိုးကောင်တန်ခိုးစွမ်းအားမှာလည်း နွားရိုင်းရှစ်ကောင်စွမ်းအား အဆင့်တက်ရန် နီးကပ်လာသော်လည်း မူလဝိညာဉ်အဆင့် မအောင်မြင်မချင်း အဆင့်တက်ရန်မှာ မဖြစ်နိုင်သေးပေ။

ထို့ပြင်… ကောင်းကင်ကိုးထပ်မီးတောက် ၊ ကောင်းကင်မိုးကြိုးလျှပ်စီးကျင့်စဉ် ၊ ခုနစ်စဉ်ကြယ်ဓားသိုင်း ၊ ယင်နှင့်ယန် ဓားသိုင်းနှင့် မျောက်ဝံဝိညာဉ်မန္တန်တို့မှာလည်း ပိုမိုအစွမ်းထက်လာကြသည်။

သူက မူလဝိညာဉ်အဆင့်ကျင့်ကြံသူဖြစ်လေရာ ထိုတန်ခိုးစွမ်းအားများနှင့် ဂါထာမန္တန်များကလည်း သူ၏ ကျင့်ကြံခြင်းအဆင့်နှင့်အညီ တန်ခိုးစွမ်းအားများ မြင့်တက်လာကြသည်။

သူက သားရဲဥလေးအပေါ်သို့ သက်တံ့တိမ်တိုက်တန်ခိုးစွမ်းအား ထပ်မံအသုံးပြုခဲ့သော်လည်း သားရဲဥလေးက ထိုတန်ခိုးစွမ်းအားကို များစွာ စုပ်ယူနိုင်ခြင်း မရှိပေ။

ကျင့်ကြံခြင်းအဆင့် မြင့်တက်လာသည်နှင့်အမျှ သက်တံ့တိမ်တိုက်တန်ခိုးစွမ်းအားကလည်း ပိုမို အစွမ်းထက်လာသည်။

သို့သော်… ကျန်းလန်က အခြားသူများအပေါ်တွင် ဤတန်ခိုးစွမ်းအားကို လွယ်လွယ်နှင့်အသုံးမပြုရန် ဆုံးဖြတ်ထားသည်။

သက်တံ့တိမ်တိုက်တန်ခိုးစွမ်းအား၏ သက်ရောက်မှုက အလွန်ကြီးမားသည် မဟုတ်ပါလား။

ထို့ပြင်… ဝိညာဉ်စကားမန္တန်ကိုလည်း ကျန်းလန် ထပ်မံလေ့လာခဲ့သေးသည်။

နဂါးဘာသာစကားနှင့် တွဲဖက်အသုံးပြုသည့်အခါ ဝိညာဉ်စကားမန္တန်က အတော်လေး အစွမ်းထက်လေ၏။

ရန်သူများနှင့် တိုက်ခိုက်ရာတွင် သိပ်ပြီး အသုံးမဝင်လှသော်လည်း နဝမတောင်ထွတ် ခန်းမဆောင်သို့ သွားသည့်လမ်းမှ မြက်ပင် ၊ ပေါင်းပင်များကို ရှင်းလင်းရာတွင် အသုံးဝင်လှသည်။

ပါးစပ်က စေခိုင်းလိုက်ရုံဖြင့် ဓားက အလိုလို မြက်ပင်ပေါင်းပင်များကို ခုတ်ထွင်ရှင်းလင်းပြီးသား ဖြစ်သွားသည် မဟုတ်ပါလား။

ထို့ပြင်… ကျန်းလန်က နဂါးဘာသာစကားကိုလည်း အတော်လေး တတ်မြောက်နေပြီ ဖြစ်သည်။

မူလဝိညာဉ်အဆင့်သို့ ရောက်ရှိပြီးနောက်ပိုင်း ကျန်းလန်၏ ကျင့်ကြံခြင်းက အလွန်လျှင်မြန်လာသည်။ ထို့ကြောင့်… အခြားကျင့်စဉ်များနှင့် ဂါထာမန္တန်များကို ကျင့်ကြံရန် အချိန်ပိုလေးများ ထွက်လာခဲ့သည်။

ထို့ပြင်… စနစ်တွင် မှတ်ပုံတင်ခြင်းကလည်း အဖိုးတန်ပစ္စည်းအချို့ ရရှိခဲ့သေးသည်။

အင်မော်တယ်နှောင်ကြိုး နောက်တစ်ချောင်းကို ထပ်မံရရှိခဲ့ပြီး ဝိညာဉ်ဖျက်ကြာပွတ်တစ်ချောင်းလည်း ရရှိခဲ့သည်။

ထိုမှော်ဝင်ပစ္စည်းများက တကယ့်ရတနာပစ္စည်းအစစ်အမှန်များမဟုတ်ဘဲ မူကွဲများ ဖြစ်ကြသော်လည်း အလွန်အသုံးဝင်သည့် ပစ္စည်းများ ဖြစ်၏။

ထိုပစ္စည်းများကို အသုံးပြုနိုင်ရန်လည်း ကျန်းလန် လေ့ကျင့်ပြီးပြီ ဖြစ်သည်။

ယနေ့တော့… နဝမတောင်ထွတ်မှ ဆက်ခံသူတပည့်အနေဖြင့် ကျောက်စိမ်းရေကန်ဖွင့်ပွဲသို့ တက်ရောက်ရန် ဖိတ်စာရေက်ရှိလာခဲ့လေပြီ…။

ဆရာဖြစ်သူနှင့်အတူ ကျောက်စိမ်းရေကန်ဖွင့်ပွဲသို့ သွားရောက်ရမည် မဟုတ်ပေ။

အင်မော်တယ်ဖြစ်သည့်ဆရာက သူ့အစီအစဉ်နှင့်သူ ပွဲတက်မည်ဖြစ်ပြီး ကျန်းလန်ကလည်း ကိုယ့်အစီအစဉ်နှင့်ကိုယ် သွားရမည် ဖြစ်သည်။

ကျန်းလန် မရဏဂူထဲမှ ထွက်လာခဲ့သည်။

မရဏဂူအပြင်ရောက်သည်နှင့် ကျန်းလန် ဂူအဝင်ဝကို တစ်ချက်လှမ်းကြည့်လိုက်သည်။

“မရဏအငွေ့အသက်တွေက အရမ်းအားကောင်းလာတာပဲ… ၊ အဲဒီအခိုးအငွေ့တွေထဲက မရဏသားရဲတွေ ထွက်လာမှာတောင် စိုးရိမ်ရတယ်…”

ကျန်းလန် တွေးလိုက်၏။

ထို့နောက်… သူ အရင်က နေထိုင်ခဲ့သည့် အဆောက်အဦရှိရာသို့ ကျန်းလန် ရောက်လာခဲ့သည်။ ထိုနေရာတွင် ဝိညာဉ်သားရဲဥလေးကို သူ ရွှေ့ပြောင်းထားခဲ့သည် မဟုတ်ပါလား။

ကျန်းလန် သားရဲဥလေးကို စစ်ဆေးကြည့်လိုက်သည်။

မရဏဂူထဲမှာကဲ့သို့ မရဏအငွေ့အသက်များ ပြင်းပြင်းထန်ထန် မခံစားရတော့သောကြောင့် သားရဲဥလေး ပြန်လည်နေကောင်းကျန်းမာလာပြီ ဖြစ်သည်။

နှစ်ပေါင်း (၅၀) ကြာမြင့်ခဲ့သည့်တိုင် သားရဲဥလေးမှ မည်သည့်သားရဲမှ အကောင်ပေါက် မလာခဲ့ပေ။

ပန်းအိုးထဲထည့်ပြီး မြေဆွေးအုံထားရသည့် သစ်ဥလေးပမာသာ ဖြစ်နေခဲ့သည်။

သားရဲဥလေးထက်သို့ ဝိညာဉ်ဆေးရည်အချို့ လောင်းချပေးပြီးနောက် ကျန်းလန် ကောင်းကင်ထက်မော့ကြည့်လိုက်သည်။

ကျောက်စိမ်းရေကန်သို့ သွားရောက်ရန် အတော်လေး အချိန်စောနေသေးကြောင်း သိရှိလိုက်သည်။

“အချိန်က စောနေသေးတယ်… ၊ ကျောက်စိမ်းရေကန်ကိုမသွားခင် ခန်းမဆောင် သန့်ရှင်းရေး လုပ်လိုက်ဦးမှပဲ…”

ခန်းမဆောင် သန့်ရှင်းရေးလုပ်ပြီးလျှင်တော့ အချိန်အတော်လောက် ဖြစ်သွားပေမည်။

ခန်းမဆောင် သန့်ရှင်းရေး လုပ်ပြီးသည်နှင့် ကျန်းလန်က သက်တံ့တိမ်တိုက်တန်ခိုးစွမ်းအားကို သူ၏ ခန္ဓာကိုယ်ထက်တွင် အသုံးပြုကြည့်လိုက်သည်။

ကျောက်စိမ်းရေကန်သို့ သွားရမည်ဖြစ်သောကြောင့် သူ ကံကောင်းခြင်းများ ရယူချင်မိသည်။

သက်တံ့တိမ်တိုက်တန်ခိုးစွမ်းအားက ကျန်းလန်အပေါ် သက်ရောက်သွားပြီး တန်ခိုးစွမ်းအားက အချိန်အတော်ကြာအောင် ထွက်ပေါ်နေလေသည်။

ဤတန်ခိုးစွမ်းအားကို အချိန်ကြာမြင့်စွာ အသုံးပြုမိပါက တန်ခိုးစွမ်းအား ပျက်စီးသွားနိုင်သည်ဟု ကျန်းလန် ခံစားလိုက်မိသည်။

သက်တံ့တိမ်တိုက်တန်ခိုးစွမ်းအားက ထူးခြားသည့် နတ်တန်ခိုးစွမ်းအားတစ်ခု ဖြစ်သည်။

အကန့်အသတ်များကလည်း များပြားလေရာ တစ်ခါတစ်ရံမှသာ အသုံးပြုသင့်လေသည်။

ထို့နောက်… ကျန်းလန် နဝမတောင်ထွတ်မှ ထွက်ခွာလာခဲ့သည်။

ကျောက်စိမ်းရေကန်က ခွန်လွန်တောင် နဝမတောင်ထွတ်၏ အနောက်ဘက်ပိုင်းတွင် တည်ရှိသည်။

ကျောက်စိမ်းရေကန်တည်ရှိရာနေရာက ခွန်လွန်တောင်၏ အဓိကရင်းမြစ်ဟု သတ်မှတ်နိုင်သည့် နေရာတစ်ခု ဖြစ်သည်။

ထိုနေရာသို့ လမ်းလျှောက်သွားရန်မှာ မဖြစ်နိုင်ပေ။ ထို့ကြောင့်… ကျန်းလန် ဓားကိုစီးနှင်ကာ ထွက်ခွာလာခဲ့သည်။

ခွန်လွန်တောင်က မိုင်ထောင်ပေါင်းများစွာ မြင့်မားလေသည်။

နံနက်ခင်းနေရောင်ခြည်က လင်းလက်တောက်ပနေပြီး ကောင်းကင်ကြီးက ပြာလွင်တောက်ပလျှက် ရှိသည်။

ကျန်းလန်က တိမ်တိုက်များအကြားတွင် ဓားကိုစီးနှင်ကာ ပျံသန်းလာလေသည်။

မကြာမီ… တောက်ပသည့် နေရောင်အောက်တွင် လင်းလက်သည့်ဓားရောင်များစွာ ထွက်ပေါ်လာသည်ကို တွေ့လိုက်ရသည်။

ကျောက်စိမ်းရေကန်ဖွင့်ပွဲသို့ ဓားများစီးနှင်ကာ ပျံသန်းထွက်ခွာလာကြသည့် အခြားတောင်ထွတ်မှ တပည့်များကြောင့် ဓားရောင်များ လင်းလက်နေခြင်း ဖြစ်၏။

ကျန်းလန်လည်း သူတို့ကြားတွင် ရောနှောပျံသန်းလျှက် ရှိလေသည်။

အခြားတောင်ထွတ်မှ တပည့်များကတော့ (၃)ယောက်တစ်ဖွဲ့ ၊ (၅)ယောက်တစ်ဖွဲ့ လာရောက်ကြခြင်း ဖြစ်သည်။

သို့သော်… ကျန်းလန်မှာတော့ တစ်ယောက်တည်း ဖြစ်၏။

သူက နဝမတောင်ထွတ်မှ တစ်ဦးတည်းသောတပည့် ဖြစ်လေသည်။ ထို့ကြောင့်… သူတစ်ယောက်တည်း ကျောက်စိမ်းရေကန်သို့ လာရောက်ခြင်းက နဝမတောင်ထွတ်မှ တပည့်အကုန်လုံး လာရောက်သည်ဟုပင် ပြောနိုင်သည်။

သူ၏ ကျင့်ကြံခြင်းအဆင့်က ရွှေပြဒါးအမြုတေအဆင့် ၊ အလယ်ဆင့် ဖြစ်နေသောကြောင့် ကျန်းလန် ကြိတ်ပြီး ဝမ်းသာနေမိသည်။

လွန်ခဲ့သည့် နှစ်များကသာ ကျောက်စိမ်းရေကန်ဖွင့်လှစ်မည်ဆိုလျှင် သူက အခြေခံတည်ဆောက်ခြင်းအဆင့်မျှသာ  ဖြစ်ပေလိမ့်မည်။

ထိုသို့ဆိုလျှင်… ရွှေပြဒါးအမြုတေအဆင့် ကျင့်ကြံသူများနှင့် မူလဝိညာဉ်အဆင့် ကျင့်ကြံသူများကြားတွင် သူအတော်လေး မျက်နှာငယ်ရပေမည်။

သို့သော်… သူ့အတွေးမှားယွင်းသွားကြောင်း ကျန်းလန် သိလိုက်ရသည်။

အဘယ်ကြောင့်ဆိုသော်… အခြားတောင်ထွတ်မှ တပည့်များထဲတွင် မူလဝိညာဉ်အဆင့်ကျင့်ကြံသူများ ၊ ရွှေပြဒါးအမြုတေအဆင့် ကျင့်ကြံသူများသာမက အင်မော်တယ်များပင်ပါဝင်နေသောကြောင့် ဖြစ်လေ၏။

ထိုတပည့်၏ ခန္ဓာကိုယ်မှ အင်မော်တယ်စွမ်းအားများ ထွက်ပေါ်နေသည်ကို ကျန်းလန် ခံစားလိုက်ရသည် မဟုတ်ပါလား။


Comment

Leave a Reply

Options

not work with dark mode
Reset