Switch Mode

အခန်း (၆၂)

ပိုပြီးစွမ်းအားကြီးမားလာအောင်ကျင့်ကြံရန်ဆုံးဖြတ်

အခန်း (၆၂) ပိုပြီးစွမ်းအားကြီးမားလာအောင်ကျင့်ကြံရန်ဆုံးဖြတ်

“ခွန်လွန်တောင်ကတပည့်က ဒီလောက် အကြင်နာတရားကင်းမဲ့လိမ့်မယ်လို့ ထင်မထားမိဘူး… ၊ ကျုပ်တို့ မင်းကို လျှော့တွက်မိသွားတယ် ၊ ဒါပေမဲ့… မင်းကိုယ်မင်း ပြိုင်ဘက်ကင်းတစ်ယောက်လို့ ထင်နေသလား… ၊  မင်းကို ကျုပ်နဲ့အတူ တစ်ခါတည်း သေလမ်းခေါ်သွားပစ်မယ်…”

ရွှေပြဒါးအမြုတေအဆင့် ကျင့်ကြံသူက ကျန်းလန်ကို တစ်စက်လေးပင် ကြောက်ရွံ့စိတ် မရှိတော့ပေ။

သူ့ရင်ထဲတွင် မခံချင်စိတ်များဖြင့် ပြည့်နက်နေသည်။

သူက မီးဝင်းဝင်းတောက်နေသည့် ဒေါသမျက်လုံးများဖြင့် ကျန်းလန်ကို ကြည့်လိုက်သည်။

ထို့နောက် ကျန်းလန်ကို တိုက်ခိုက်ရန်အတွက် ခန္ဓာကိုယ်တစ်ခုလုံးမှ စွမ်းအားများကို စုစည်းလိုက်သည်။

“ဘုန်း…”

သို့သော်… ကျန်းလန်၏ လက်သီးချက်က ထိုသူထက် အဆပေါင်းများစွာ ပိုမိုလျှင်မြန်သည်။

အဆပေါင်းတစ်ရာခန့်ပင် ပိုမိုလျှင်မြန်သည်ဟု ဆိုနိုင်ပေမည်။

“ဖောင်း…”

ရွှေပြဒါးအမြုတေအဆင့် အောင်မြင်ထားသည့် ကျင့်ကြံသူ၏ ခန္ဓာကိုုယ် တစ်စစီ ပေါက်ကွဲထွက်သွားသည်။

ကျန်းလန်ကို တိုက်ခိုက်ရန် စုစည်းထားသည့် စွမ်းအားများလည်း လုံးဝပျောက်ကွယ်သွားသည်။

ထိုသူက ကျန်းလန်ကို မယုံကြည်နိုင်သည့်မျက်ဝန်းများဖြင့် ကြည့်နေလေသည်။

“မင်းတို့ ကျုပ်ကို လျှော့တွက်မိတာကိုက မဟာအမှားပဲ…”

ကျန်းလန်ပြောလိုက်သည့်စကားကို နောက်ဆုံးကြားရပြီးနောက် ထိုသူ အသက်ပျောက်သွားလေတော့သည်။

ကျန်းလန်က ရပ်တန့်ခြင်း မရှိပေ။

သုတ်သင်ပစ်ရန် ရန်သူ (၂)ယောက် ကျန်ရှိနေသေးသည် မဟုတ်ပါလား။

“ဘုန်း…”

“ဘုန်း…”

ကျန်ရှိနေသည့် ရန်သူ (၂)ယောက်ကိုလည်း ကျန်းလန် လက်သီးစာ ကျွေးပစ်လိုက်သည်။

ယခုတော့… ရန်သူများအားလုံးကို သုတ်သင်ပစ်လိုက်နိုင်ပြီ ဖြစ်၏။

နေရာတွင်ပင် မတ်တတ်ရပ်ရင်း ကျန်းလန် ပင့်သက်တစ်ချက်ရှိုက်လိုက်သည်။

ကျန်းလန် ကောင်းကင်ထက် မော့ကြည့်လိုက်မိသည်။ ထိုအခါ… ကောင်းကင်ထက်မှ ရေကဲ့သို့ကြည်လင်သည့် အလွှာပါး ပျောက်ကွယ်သွားပြီဖြစ်ကြောင်း တွေ့လိုက်ရသည်။

အလွှာပါးကို ဖောက်ထွက်လာသည့် ဧရာမဝံပုလွေကြီး၏ ရုပ်အလောင်းကိုလည်း မတွေ့ရတော့ပေ။

နောက်ဆုံးထွက်သက်အချိန်တွင် သူ့နေရာသူ ပြန်ချင်သောကြောင့် ထိုဝံပုလွေကြီးက ကောင်းကင်အလွှာပါးကို ပြောင်းပြန်လှန်ပစ်လိုက်သည်လား မပြောတတ်ပေ။

ကျန်းလန် လျှောက်မတွေးတော့ဘဲ နေရာမှ လှည့်ထွက်လာခဲ့သည်။

တောအုပ်ထဲမှ ထွက်လာသည်နှင့် ကျန်းလန် သစ်ရွက်အမြင်တန်ခိုးစွမ်းအားကို ထုတ်ဖော်အသုံးပြုလိုက်သည်။  တစ်စုံတစ်ယောက် သူ့ကို တွေ့ရှိသွားမည်ကို ကာကွယ်ရန် ဖြစ်၏။

သစ်ရွက်အမြင်တန်ခိုးစွမ်းအားက သူတိုက်ခိုက်ခဲ့သည့် တိုက်ပွဲသဲလွန်စမှန်သမျှကို ဖျက်စီးပစ်နိုင်စွမ်းရှိသလို သူ့ကို ရှာဖွေလိုသူများကိုလည်း စိတ်ရှုတ်ထွေးသွားအောင် ပြုလုပ်နိုင်စွမ်း ရှိသည်။

တောအုပ်ထဲတွင် ဖြစ်ပျက်ခဲ့သည့် တိုက်ပွဲက သူနှင့်ပတ်သက်ကြောင်း မည်သူမှ ခန့်မှန်းနိုင်ကြတော့မည် မဟုတ်ပေ။

ရန်သူအုပ်စု၏ အကြီးအကဲအဘိုးကြီး သေဆုံးသွားပြီဖြစ်သောကြောင့် တောအုပ်ထဲတွင် မျက်စိလည်စေရန် စီရင်ထားသည့် ဝင်္ကပါအစီအရင်သည်လည်း ပျက်ပြယ်သွားပြီ ဖြစ်သည်။

ထို့ကြောင့်… ကျန်းလန် တောအုပ်ထဲမှ အခက်အခဲမရှိ ထွက်ခွာလာနိုင်ခဲ့သည်။

ပုဇဉ်းရင်ကွဲကောင်များကိုလည်း ဖမ်းဆီးရဦးမည်ဖြစ်သည်။ မြန်မြန်ဖမ်းပြီး မြန်မြန်ပြန်ရန် ကျန်းလန် ဆုံးဖြတ်လိုက်သည်။

သို့သော်… သူအတော်လေး ပင်ပန်းနွမ်းနယ်နေပြီ ဖြစ်သည်။

ရွှေခန္ဓာဆေးလုံးက သူ၏ စွမ်းအားများစွာကို ကုန်ခမ်းသွားစေလေရာ ကျန်းလန် အတော်လေး ပင်ပန်းနေခဲ့သည်။

ထို့ကြောင့်… ရေခဲပုဇဉ်းရင်ကွဲကောင်များမဖမ်းခင် ခဏမျှအနားယူရန် ဆုံးဖြတ်လိုက်သည်။

ကျန်းလန် တောစပ်တစ်နေရာတွင် ကျောက်ဂူတစ်ခုရှာဖွေပြီး အနားယူအိပ်စက်လိုက်၏။

အတန်ကြာအိပ်ပျော်သွားပြီးမှ… ကျန်းလန် အိပ်ယာမှ နိုးလာသည်။

ချက်ချင်းပင်… ပတ်ဝန်းကျင်တစ်ခုလုံးကို သတိအနေအထားဖြင့် အကဲခတ်လိုက်သည်။ တစ်စုံတစ်ခု မှားယွင်းနေခြင်းမရှိသည်ကို သိရှိလိုက်မှ စိတ်သက်သာရာရစွာဖြင့် သက်ပြင်းတစ်ချက်ချလိုက်သည်။

“ဒီလူတွေကတော့ တကယ်မလွယ်တဲ့လူတွေပဲ…”

ကျန်းလန် တွေးလိုက်သည်။

ကျောက်ဂူထဲတွင်ထိုင်ရင်း ကျန်းလန် မျက်မှောင်များ ကြုတ်ထားမိသည်။

ယခုတိုက်ပွဲတွင် သူသာ ခြေတစ်လှမ်းနောက်ကျသွားပါက သေချာပေါက် အသက်ပျောက်မည့်ကိန်းဖြစ်သည်။

“ဒီအဘိုးကြီးက ငါ ကျင့်ကြံခြင်းအဆင့် ဖုံးကွယ်ထားတာကို ရိပ်မိသွားတဲ့အပြင် ငါ့ကိုတောင် ထောင်ချောက်ဆင်ဖမ်းဆီးလိုက်သေးတယ်… ၊ ငါကတော့ အဲဒါတွေကို သတိတောင်မထားမိဘူး… ၊ ငါ တကယ်ပဲ တိုက်ပွဲအတွေ့အကြုံ နည်းသေးတာပဲ…”

နွားရိုင်းကိုးကောင်စွမ်းအားကိုသာ ပိုင်ဆိုင်ထားခြင်း မရှိလျှင် ကျန်းလန် သေချာပေါက် ရှုံးနိမ့်သွားနိုင်သည်။

နောက်တစ်ချက်မှာ… ခေါင်းဆောင်အဘိုးကြီး သေဆုံးသွားသည့်တိုင် ကျန်လူ (၅)ယောက်က ထိတ်လန့်တုန်လှုပ်မသွားကြပေ။

သူတို့က ချက်ချင်းပင် စွမ်းအားကြီးမားသည့် မိုးကောင်းကင်ဝံပုလွေကြီးကို ဆင့်ခေါ်ခဲ့သည်။

ဧရာမဝံပုလွေကြီးသာ ကောင်းကင်ထက်မှ အပြည့်အဝဆင်းသက်လာပါက ကျန်းလန် သေချာပေါက် ခွေးပြေးဝက်ပြေး ပြေးရပေလိမ့်မည်။

“ငါက တိုက်ပွဲအတွေ့အကြုံမရှိတာတော့ ဟုတ်ပါတယ်… ၊ ဒါပေမဲ့ ဒီလူတွေကို ငါ အနိုင်ယူလိုက်နိုင်တာပဲ ၊ အဓိကက ငါ့ဘက်က စွမ်းအားကြီးမားဖို့ပဲ… ၊ စွမ်းအားကြီးမားရင် ဘယ်သူ့ကိုမဆို အနိုင်ယူနိုင်မှာပဲ… ၊ ငါ့အနေနဲ့ အတွေ့အကြုံရှာဖို့ထက် စွမ်းအားကြီးမားအောင် ထပ်ပြီး ကျင့်ကြံဖို့ပဲလိုတယ်…”

ကျန်းလန် တွေးလိုက်သည်။

ထို့နောက်… ကျောက်ဂူထဲမှ ထွက်လာခဲ့သည်။

သူတောင်ပေါ်ပြန်ပြီး ကျင့်ကြံချင်နေပြီ ဖြစ်သည်။

သို့သော်… ဆရာဖြစ်သူစေခိုင်းလိုက်သည့်အတိုင်း ရေခဲပုဇဉ်းရင်ကွဲများ ဖမ်းဆီရပေဦးမည်။

ကျန်းလန် တောနက်ထဲသို့ မဝင်တော့ဘဲ တောစပ်တွင်သာ ရေခဲပုဇဉ်းရင်ကွဲကောင်များကို လိုက်လံရှာဖွေလိုက်သည်။

အချိန်အတန်ကြာမှ… ရေခဲပုဇဉ်းရင်ကွဲ (၂)ကောင် ဖမ်းမိသွားသည်။ ထို (၂)ကောင်ဖမ်းမိရန်ပင် ကျန်းလန် အတော်လေး ကြိုးစားလိုက်ရသည်။

“ကဲ… ရေခဲပုဇဉ်းရင်ကွဲ (၂)ကောင်တော့မိပြီ… ၊ ဆရာ့ဆီပြန်မှပဲ…”

ဖမ်းမိထားသည့် ရေခဲပုဇဉ်းရင်ကွဲကောင်များကိုကြည့်လိုက်ပြီး ကျန်းလန် စိတ်သက်သာရာရစွာဖြင့် သက်ပြင်းချလိုက်သည်။

ယခုတစ်ခေါက် တောင်အောက်ဆင်းပြီးသည့်နောက် နောက်ထပ်နှစ်အနည်းငယ်အတွင်း ဆရာဖြစ်သူက သူ့ကို ပြင်ပလောကသို့ စေလွှတ်တော့မည် မဟုတ်ပေ။

အပြန်လမ်းတွင်တော့ ကျန်းလန် အတော်လေး သတိထားပြီး ပြန်လာခဲ့သည်။

သူ့ကို စောင့်ကြည့်နေသူ မည်သူမှ မရှိကြောင်း သေချာတော့မှ အနည်းငယ် စိတ်သက်သာရာ ရသွား၏။

တောအုပ်ထဲတွင် သူ့ကို ရန်သူသဖွယ် ကြည့်နေခဲ့ကြသည့် မျက်လုံးများကိုလည်း ထပ်မံအာရုံခံမိခြင်း မရှိတော့ပေ။

တောနက်ထဲသို့ မဝင်ဘဲ တောစပ်တွင်ပင် ရှိနေခဲ့ခြင်းကြောင့်လည်း ဖြစ်နိုင်သည်။

အမှန်တော့… ရန်သူများ ပြုလုပ်ထားသည့် ဝင်္ကပါအစီအရင်သာမရှိလျှင် တောအုပ်တစ်ခုလုံးက ပုံမှန်ပင် ဖြစ်လေသည်။ အခြားပြဿနာများ မရှိပေ။

အခြားပြဿနာများရှိလျှင်လည်း သူ့ကို ရန်လာမစသရွေ့ ကျန်းလန်က ပါဝင်ပတ်သက်မည် မဟုတ်ပေ။

ကျန်းလန် တောအုပ်ဆီမှ လမ်းလျှောက်ပြန်လာခဲ့ရင်း သေရည်ဆိုင်ရှေ့ရောက်လာလေသည်။ ဆရာဖြစ်သူကို သေရည်တစ်အိုးဖြင့် ဂါရဝပြုရန် စဉ်းစားမိပြီး ကျန်းလန် သေရည်ဝင်ဝယ်လိုက်သည်။

ဝိညာဉ်ကျောက်တုံးများ အလုံအလောက် ပါမလာသဖြင့်အကောင်းစားသေရည် မဝယ်နိုင်တော့ဘဲ သာမန်သေရည်တစ်အိုးသာ ဝယ်ယူလိုက်သည်။

ကျန်းလန် သေရည်အိုးကို ယူလိုက်သည်နှင့် သေရည်ဆိုင်မှ ကလေးငယ်က မြေပဲတစ်ထုပ် လက်ဆောင်ပေးပြန်၏။

“အစ်ကိုကြီး… မြေပဲတွေ ယူသွားဦး…”

ကျန်းလန်က ကလေးငယ်ဆီမှ မြေပဲထုပ်ကို ယူလိုက်ပြီး…

“ကျေးဇူးတင်ပါတယ်ကွာ…”

ဟု ပြောလိုက်၏။

ကလေးငယ် အရင်ကနှင့်မတူတော့ဘဲ အနည်းငယ်ပြောင်းလဲသွားကြောင်း ကျန်းလန် ခံစားလိုက်မိသည်။ ကောင်လေးကိုကြည့်ရသည်မှာ အနည်းငယ် ပင်ပန်းနွမ်းနယ်နေဟန် ရှိသည်။

သို့သော်… ကျန်းလန် အခြားအတွေးများ မတွေးတော့ဘဲ ထွက်လာခဲ့သည်။

သေရည်ဆိုင်ပိုင်ရှင်အဘိုးကြီးနှင့် ကလေးငယ်က ကျန်းလန် ထွက်ခွာသွားသည်ကို ငေးမောကြည့်ရင်း ကျန်ရစ်ခဲ့ကြသည်။

အဘိုးကြီးက ကလေးငယ်ကို ငုံ့ကြည့်လိုက်ရင်း…

“အဘိုး မင်းကို အများကြီး မတောင်းဆိုပါဘူး… ၊ မင်း ရုပ်ခန္ဓာစွမ်းအားတွေ အများကြီးရအောင် ကျင့်ကြံစရာ မလိုဘူး… ၊ အဲဒီ လူငယ်လေးလောက် စိတ်စွမ်းကောင်းအောင် ကျင့်ကြံနိုင်ရင် အဘိုး ကျေနပ်ပါပြီ…”

ကလေးငယ်က…

“အဲဒီအစ်ကိုကြီးက ခွန်လွန်တောင်က ပါရမီရှင် မဟုတ်ဘူးလား…”

အဘိုးအိုက…

“သူက ပါရမီရှင် မဟုတ်ပါဘူး… ၊ သူ့အရည်အချင်းက သာမန်ပါပဲ…”

ကလေးငယ်က အဘိုးကြီးကို မယုံကြည်နိုင်စွာ ကြည့်လိုက်ရင်း…

“ဟုတ်လို့လား…”

ဟု မေးလိုက်၏။

အဘိုးအိုက…

“အဘိုးဆီမှာ လူတစ်ယောက်ရဲ့ ပါရမီနဲ့ အရည်အချင်းကို စမ်းသပ်နိုင်တဲ့ ဝိညာဉ်ကျောက်တုံးတွေ ရှိတယ်… ၊ နောက်တစ်ခါ အဲဒီလူငယ်လေးလာရင် မင်း စမ်းကြည့်လိုက်ပေါ့…”

အဘိုးအိုက အာမခံလိုက်သည့်အတွက် ကလေးငယ်လည်း ယုံကြည်သွားဟန် ရှိသည်။

တစ်ခဏမျှ တုံ့ဆိုင်းနေပြီးတော့မှ ကလေးငယ်က ခေါင်းညိတ်လိုက်ရင်း…

“ဒါဖြင့်လည်း ပြီးရော… ၊ ဒါပေမဲ့ သူက ပါရမီရှင်တစ်ယောက်ဖြစ်နေရင်တော့ သူ့လိုဖြစ်အောင် ကျင့်ကြံနိုင်ရမယ်လို့ သားကို မပြောနဲ့နော်…”

အဘိုးအိုက ပြုံးလိုက်ရင်း…

“အေးပါကွာ…”

……………

ကျန်းလန် နဝမတောင်ထွတ်သို့ ပြန်လည်ရောက်ရှိလာသည်။

သို့သော်… နဝမတောင်ထွတ်အစွန်းတွင် ဆရာဖြစ်သူကို မတွေ့ရှိရပေ။

ကျန်းလန်က ရေခဲပုဇဉ်းရင်ကွဲ ၊ သေရည်အိုးနှင့် မြေပဲထုပ်ကို ဆရာဖြစ်သူ နေထိုင်သည့်နေရာတွင် ချထားလိုက်သည်။

ဆရာဖြစ်သူက နဝမတောင်ထွတ်အစွန်းတွင် အမြဲတမ်းနေထိုင်လေ့ရှိပြီး ထွက်သွားသည်မှာ ခပ်ရှားရှားပင် ဖြစ်သည်။

အကြောင်းတစ်စုံတစ်ရာရှိသောကြောင့်သာ ထွက်ခွာသွားခြင်း ဖြစ်ဟန်တူသည်။ ဆရာဖြစ်သူ ထွက်ခွာသွားသည်မှာ ကျေက်စိမ်းရေကန် ဖွင့်လှစ်ခြင်းကိစ္စနှင့် ပတ်သက်နိုင်ပေ၏။

ကျန်းလန်က ဆရာဖြစ်သူ မရှိစဉ် နဝမတောင်ထွတ်အစွန်းကို သန့်ရှင်းရေးပြုလုပ်ပေးရန် စိတ်ကူးလိုက်သည်။

သူသေကိုယ်သေ တိုက်ပွဲ (၁)ခုနှင့် ရင်ဆိုင်ခဲ့ရသောကြောင့် ကျန်းလန် အနည်းငယ် စိတ်လှုပ်ရှားနေလေရာ အလုပ်အနည်းငယ်လုပ်လိုက်ခြင်းအားဖြင့် စိတ်လည်း တည်ငြိမ်သွားမည် ဖြစ်သည်။

မတုန်လှုပ်သောဉာဏ်ပညာဘုရင်မန္တန်က ကျန်းလန်၏စိတ်ကို တည်ငြိမ်ရင့်ကျက်စေသည်။

‘ခိုင်ကြည်သောပညာရှိ’ ဟု ခေါ်သည့် ပညာရှိကျမ်းစာကိုတော့ ကျန်းလန် ယခုထိ ဖွင့်ပင်မဖတ်ရသေးပေ။ သူ့အနေဖြင့် ထိုကျင့်စဉ်ကို ကျင့်ကြံရန် အချိန်မတန်သေးဟု ယူဆထားသည်။

ထို့ပြင် လုံလောက်သည့်စိတ်စွမ်းအားမရှိဘဲ သွားရောက်ကျင့်ကြံပါက သူ့အတွက် အကျိုးမရှိနိုင်ပေ။

ဆရာဖြစ်သူနေထိုင်သည့် နေရာတစ်ခုလုံး သန့်ရှင်းရေးလုပ်ပြီးနောက် နဝမတောင်ထွတ်တစ်ခုလုံး၏ လုံခြုံရေးကို ကျန်းလန် စစ်ဆေးလိုက်သည်။

ထို့နောက်… ကျင့်ကြံရန်အတွက် မရဏဂူသို့ ပြန်လာခဲ့တော့သည်။

မရဏဂူထဲတွင် မရဏအငွေ့အသက်များ သိသိသာသာ ထူထပ်နေသည်ကို ကျန်းလန် သတိပြုလိုက်မိသည်။

“သာမန်ဆိုရင်တော့ ကျင့်ကြံလို့မကောင်းတဲ့ အခြေအနေမျိုးကို ရောက်နေတာပဲ…”

ကျန်းလန်တွေးလိုက်မိသည်။

ထို့နောက် ဝိညာဉ်သားရဲဥလေးဆီသို့ အမြန်သွားပြီး အခြေအနေကို အကဲခတ်လိုက်သည်။

အနက်ရောင် မရဏအငွေ့အသက်များက သားရဲဥလေးကို ထူထပ်စွာ ဖုံးလွှမ်းလျှက် ရှိသည်။

မရဏအငွေ့အသက်များ ထူထပ်အားကောင်းလွန်းသောကြောင့် သားရဲဥလေးခံနိုင်ရည်စွမ်း မရှိတော့ကြောင်း ကျန်းလန် နားလည်လိုက်လေတော့၏။

Comment

Leave a Reply

Options

not work with dark mode
Reset