အခန်း (၆၁) အခုမှအခွင့်အရေးပေးရမတဲ့လား
မည်သည့်အရာနှင့်မှ နှိုင်းယှဉ်မရသည့် ကြီးမားပြင်းထန်လွန်းသော စွမ်းအားကြီးတစ်ခုက အဘိုးကြီး၏ခန္ဓာကိုယ်ထက် ကျရောက်လာသည်။
ထိုစွမ်းအားက အစစ်အမှန်စွမ်းအားကြီးတစ်ခု ဖြစ်သည်။
ထိုစွမ်းအားက သူ့ကို တားဆီးသည့်အရာမှန်သမျှကို တစ်စစီချေမွဖျက်စီးပစ်ပေလိမ့်မည်။
အကြီးအကဲအဘိုးကြီး၏ တန်ခိုးစွမ်းအားများ ချက်ချင်းပင် လျော့နည်းပျောက်ကွယ်သွားပြီး သူ၏ ယုံကြည်ချက်များလည်း ပျောက်ဆုံးသွားသည်။
တစ်ဖက်လူက သူမျှော်လင့်ထားသည်ထက် ပိုမို စွမ်းအားမြင့်မားနေသည် မဟုတ်ပါလား။
ဤသည်က မည်သည့်နည်းနှင့်မှ မဖြစ်နိုင်သည့် ကိစ္စပင်…။
ခွန်လွန်တောင်မှ နောက်ပိုင်းမျိုးဆက်တပည့်တစ်ယောက်က ဤမျှ စွမ်းအားမြင့်မားနေသည်မှာ အဘယ်မှာ ဖြစ်နိုင်ပါမည်နည်း။
“မဟုတ်ဘူး… ငါ ဒီနေရာမှာ ကျဆုံးသွားလို့ မဖြစ်ဘူး…”
အဘိုးကြီး မကျေမနပ် ဖြစ်နေမိသည်။
ကျန်းလန်ကို သတ်ပစ်နိုင်မည်ဆိုပါက သူ့ဘဝတစ်ခုလုံး လောင်ကျွမ်းပစ်လိုက်ချင်သည်။ သူ့တွင် ရှိသမျှအရာအားလုံးကို ပေးဆပ်ပြီး ကျန်းလန်ကို ပြန်လည် တိုက်ခိုက်လိုက်ချင်သည်။
ထိုအချိန်…
သူ၏ နားထဲတွင် ကျန်းလန်၏ အေးစက်သည့်အသံက မြည်ဟည်းလာသည်။
“မင်း တစ်ကိုယ်လုံး ပေါက်ကွဲထွက်သွားတာ လိုချင်သလား…”
“ဟွန်း… မင်းက ကျုပ်ဆီက ခွင့်ပြုချက်တောင်းနေသေးတာလား…”
ထို့နောက်…
ကျန်းလန်၏ စွမ်းအားများက အဘိုးကြီး၏ တန်ခိုးစွမ်းအားများကို လျှပ်တပြက်အတွင်း ဖျက်စီးပစ်လိုက်သည်။
ကျန်းလန်၏ နွားရိုင်းခုနစ်ကောင်စွမ်းအားကို မည်သည့်အရာကမှ မရပ်တန့်နိုင်ခဲ့ပေ။
လက်သီးချက်က အဘိုးကြီး၏ လက်ဖဝါးကို ဖောက်ထွက်သွားပြီး ခန္ဓာကိုယ်ရှိရာသို့ ဝင်ရောက်သွားသည်။
ဝှစ်ခနဲ လေတိုးသံနှင့်အတူ အဘိုးကြီး၏ခန္ဓာကိုယ် အစိတ်စိတ်အမွှာမွှာ ကွဲကြေသွားသည်။
လေထဲတွင် သွေးစများ ဖြာခနဲ လွင့်စင်ထွက်သွား၏။
“ဝုန်း…”
ပြင်းထန်သည့် စွမ်းအားပေါက်ကွဲသံကြီး ကျယ်လောင်စွာ ထွက်ပေါ်လာသည်။
ထို့နောက်…
ကျန်းလန် နေရာတွင်ပင် ရပ်နေဆဲ ဖြစ်သည်။
အဘိုးကြီး၏ ခန္ဓာကိုယ်ကတော့ အစိတ်စိတ်အမွှာမွှာ ကွဲကြေသွားသည်။
ကျန်းလန်က အဘိုးကြီး၏ ခန္ဓာကိုယ် ကွဲကြေသွားသည်ကိုကြည့်ရင်း မျက်မှောင်တစ်ချက်ကြုတ်လိုက်သည်။
သူ အံ့သြသွားခြင်းမရှိပေ။
သို့သော်… သူ၏ လက်သီးချက်ထိမိသည့်တိုင် အဘိုးကြီးက အဘယ့်ကြောင့် သွေးမှုံများအဖြစ် ပြောင်းလဲမသွားဘဲ အစိတ်စိတ်အမွှာမွှာသာ ကွဲကြေသွားရပါသနည်း။
အဘိုးကြီးက ကျန်းလန်၏ လက်သီးချက်ကို ခံနိုင်ရည် ရှိနေခြင်းများလား…။
“တစ်ခုခုတော့ မှားနေသလိုပဲ…”
ထို့နောက်… တစ်စုံတစ်ခုကို စဉ်းစားလိုက်မိသောကြောင့် ကျန်းလန် အလျှင်အမြန် လှုပ်ရှားလိုက်သည်။
သို့သော်… သူ နောက်ကျသွားခဲ့ပြီ ဖြစ်သည်။
ကျန်းလန်၏ ပတ်ပတ်လည်တွင် အစီအရင်တစ်ခု စတင်ဖြစ်ပေါ်လာပြီး ထောင်ချောက်တစ်ခုအလား ကျန်းလန်ကို ဖမ်းဆီးချုပ်နှောင်ထားလိုက်သည်။
“ကျုပ်သေရင်တောင် မင်းကို ကျုပ်နဲ့အတူ ခေါ်သွားမယ်ကွ…”
အစိတ်စိတ်အမွှာမွှာဖြစ်နေသည့် အဘိုးကြီး၏ ခန္ဓာကိုယ်ဆီမှ တိုးလျသည့် စကားသံတစ်သံ ထွက်ပေါ်လာသည်။
ထို့နောက် အဘိုးကြီး အသက်ပျောက်သွားလေတော့သည်။
ကျန်းလန် အဘိုးကြီးကို အရေးမစိုက်တော့ပေ။
သူ့ကို တင်းကျပ်စွာချုပ်နှောင်ထားသည့် ထောင်ချောက်ကို ထိုးဖောက်ထွက်ရန် စွမ်းအားများကို အပြည့်အ၀ အသုံးပြုလိုက်သည်။
သို့သော်… ဤအစီအရင်ထောင်ချောက်က အဘိုးကြီးမသေခင် ကျန်ရှိနေသည့် အသက်ဓာတ်စွမ်းအားများအားလုံးကို အသုံးပြုပြီး စီရင်သွားသည့် အစီအရင် ဖြစ်သည်။
ဤအစီအရင်ကို ပြုလုပ်ရန် အသက်ဓာတ်စွမ်းအားများ စုစည်းထားသည့်အတွက် အဘိုးကြီး၏ ခန္ဓာကိုယ်က သွေးမှုံများအဖြစ် ပြောင်းလဲသွားခြင်းမရှိဘဲ အစိတ်စိတ်အမွှာမွှာ ကွဲကြေသွားရခြင်းဖြစ်သည်။
ထို့ကြောင့်… ဤအစီအရင်ထောင်ချောက်ကို ကျန်းလန် လက်သီးတစ်ချက်တည်းဖြင့် ထိုးဖောက်ထွက်နိုင်စွမ်း မရှိခဲ့ပေ။
“လက်သီးချက် (၃) ချက် … ၊ ဟုတ်တယ်… ဒီထောင်ချောက်ကို ဖောက်ထွက်ဖို့ဆိုရင် လက်သီး(၃)ချက် အများဆုံးပဲ… ”
ကျန်းလန် ရေရွတ်လိုက်သည်။
သို့သော်… ပတ်ဝန်းကျင်ကို ကြည့်လိုက်သည့်အခါ ကျန်လူ (၅)ယောက်က ဂါထာမန္တန်များကို ရွတ်ဖတ်ပြီး တစ်စုံတစ်ရာကို ဆင့်ခေါ်နေကြောင်း ကျန်းလန် တွေ့လိုက်ရသည်။
မကြာမီ… တောအုပ်တစ်ခုလုံး၏ ကောင်းကင်ထက်တွင် ရေကဲ့သို့ ကြည်လင်သည့် အလွှာပါးတစ်ခု ဖြစ်တည်လာသည်။
ထိုအလွှာပါးအတွင်းမှ အလွန်တရာကြီးမားသည့် ဝံပုလွေဦးခေါင်းကြီးတစ်ခု ထွက်ပေါ်လာ၏။
ကောင်းကင်အလွှာပါးအတွင်းမှ ထွက်ပေါ်လာသည့် ကြီးမားသည့် ဝံပုလွေဦးခေါင်းကြီးက အစီအရင်ထောင်ချောက်ထဲတွင် ပိတ်မိနေသည့် ကျန်းလန်ကို ချက်ချင်း သတိပြုမိသွားသည်။
ဝံပုလွေကြီး၏ ကြီးမားသည့် မျက်လုံးကြီးများက ကျန်းလန်ကို ကြည့်လိုက်၏။
သနားစရာ အားနည်းသည့် သိုးငယ်လေးတစ်ကောင်ကို ကြည့်နေသည့်အလား ဝံပုလွေကြီးက ကျန်းလန်ကို ကြည့်နေခြင်း ဖြစ်သည်။ ကျန်းလန်က မကြာခင် သူ့ပါးစပ်ထဲရောက်လာတော့မည့် အစာဖြစ်၏။
ဝံပုလွေကြီး၏ တိုက်ခိုက်မှုကို ခံရတော့မည်ဖြစ်ကြောင်း ကျန်းလန် သိရှိလိုက်သည်။
ကြီးမားသည့် အန္တရယ်အငွေ့အသက်များကိုလည်း ခံစားလိုက်ရသည်။
ကျန်းလန် ကြောက်ရွံ့တုန်လှုပ်ခြင်း မဖြစ်မိသောလေည်း မျက်မှောင်တစ်ချက် ကြုတ်လိုက်မိ၏။
ထို့နောက်… ချက်ချင်းပင် သူ့ကို ထိန်းချုပ်ထားသည့် အစီအရင်ထောင်ချောက်ကို ဖောက်ထွက်လိုက်သည်။
“ဘုန်း…”
“ဘုန်း…”
“ဘန်း… ဘန်း…”
လက်သီးချက် (၃)ချက်ဖြင့် သူ့ကိုထိန်းချုပ်ထားသည့် အစီအရင်ကို ကျန်းလန် ဖျက်စီးပစ်လိုက်သည်။
ထို့နောက်… ကြည်လင်သည့် ကောင်းကင်အလွှာထဲမှ တိုးထွက်လာသည့် ဧရာမဝံပုလွေကြီးကို တိုက်ခိုက်ရန် အသင့်ပြင်လိုက်၏။
ဤဝံပုလွေကြီးက သေဆုံးသွားသည့် အဘိုးကြီးထက် အဆပေါင်းများစွာ ပိုမိုစွမ်းအားကြီးမားသည်။
ကျန်ရှိနေသည့် ရန်သူ (၅)ယောက်က ဤဝံပုလွေကြီးကို ဆင့်ခေါ်ထားခြင်း ဖြစ်၏။
သို့သော်… ရန်သူ (၅)ယောက်ကို သတ်ဖြတ်လိုက်ရုံဖြင့် ဤဝံပုလွေကြီး ပျောက်ကွယ်သွားမည် မဟုတ်ပေ။
ထို့ကြောင့်… ဧရာမဝံပုလွေကြီးကို အရင်ဆုံး ရှင်းပစ်ပြီးမှ ကျန်လူများကို ဆက်ပြီး သုတ်သင်ပစ်ရန် ကျန်းလန် ဆုံးဖြတ်လိုက်သည်။
ကျန်းလန် “ရွှေခန္ဓာဆေးလုံး” ကို ထုတ်ယူလိုက်ပြီး တစ်ချက်တည်း မြိုချလိုက်သည်။
ရွှေခန္ဓာဆေးလုံးက တတိယတောင်ထွတ်ရှိ မှော်ရုံနယ်မြေထဲတွင် မှတ်ပုံတင်စဉ်က ရရှိခဲ့သည့် ဆေးလုံးဖြစ်ပြီး ကျန်းလန်၏ စွမ်းအားများကို ယာယီအားဖြင့် နှစ်ဆမြင့်တက်လာအောင် ကူညီပေးနိုင်သည်။
ဆေးလုံးကို သောက်ပြီးသည်နှင့် ကျန်းလန်က ပိုမိုစိတ်ချရစေရန်အတွက် ဝိညာဉ်ဖိနှိပ်စွမ်းအားကို နွားရိုင်းကိုးကောင်စွမ်းအားဖြင့် ပေါင်းစပ်လိုက်သည်။
ခဏချင်းပင်… ကျန်းလန်၏ ခန္ဓာကိုယ်တစ်ခုလုံးမှ စွမ်းအားများ အဆမတန် မြင့်တက်လာသည်။
နွားရိုင်းကိုးကောင်စွမ်းအားက ကျန်းလန်၏ ခန္ဓာကိုယ်ထဲတွင် အရှိန်အဟုန်ပြင်းစွာ လှည့်ပတ်နေသည်။
ချက်ချင်းပင်… ကျန်းလန်က ဧရာမဝံပုလွေကြီးရှိရာသို့ ခုန်ဝင်လိုက်ပြီး လက်သီးဖြင့် ထိုးချလိုက်သည်။
“ဂါး… ဂရား…”
ကျန်းလန် သူ့ရှေ့သို့ ရောက်လာသည်နှင့် ဝံပုလွေကြီးက အန္တရယ်အငွေ့အသက်ကို ခံစားမိသည့်အလား ကြုံးဝါးအော်ဟစ်လိုက်သည်။
ထို့နောက် မိုးကောင်းကင်အကြည်လွှာထဲမှ ရုန်းထွက်ပြီး ကျန်းလန်ကို တိုက်ခိုက်ရန် အပြင်းအထန် ကြိုးစားနေ၏။
သို့သော်… ကျန်းလန်က ထိုသတ္တဝါကြီးကို လှုပ်ရှားခွင့်မပေးတော့ပေ။
“ဘုန်း…”
စွမ်းအားပြင်းထန်လှသည့် လက်သီးချက်က ဧရာမဝံပုလွေကြီး၏ ဦးခေါင်းကို ထိမှန်သွားသည်။
ချက်ချင်းပင်… ပတ်ဝန်းကျင်တစ်ခုလုံးတွင် စွမ်းအားမုန်တိုင်းများ တိုက်ခတ်သွားသည့်အလား ဖိအားများ မြင့်တက်လာသည်။
ဝံပုလွေကြီးက သူ့ကို ပြန်လည်တိုက်ခိုက်ရန် စွမ်းအားများ စုစည်းနေခြင်းဖြစ်ကြောင်း ကျန်းလန် ရိပ်မိလိုက်သည်။
သို့သော်… ထိုသတ္တဝါကြီးက စွမ်းအားများကို အချိန်တိုအတွင်း စုစည်းနိုင်ဟန် မရှိပေ။
မိုးကောင်းကင်အလွှာပါးအတွင်းမှ ခန္ဓာကိုယ်တစ်ခုလုံး ထွက်မလာနိုင်သေးသောကြောင့် သူ၏ စွမ်းအားများကို အပြည့်အ၀ အသုံးပြုနိုင်ခြင်း မရှိပေ။
“ဒီကောင်ကြီး အားနည်းနေတုန်းမှာ သတ်ပစ်ရမယ်…”
ကျန်းလန် တွေးလိုက်သည်။
ထို့နောက် နွားရိုင်းကိုးကောင်တန်ခိုးစွမ်းအားကို ထပ်မံ ထုတ်ဖော်လိုက်သည်။
ကျန်းလန်၏ ခန္ဓာကိုယ်ထဲမှ စွမ်းအားလှည့်ပတ်သံများ ဆူညံစွာ ထွက်ပေါ်လာသည်။ စွမ်းအားများ တဖြည်းဖြည်းမြင့်တက်လာပြီး စွမ်းအားများက ကျန်းလန်၏ လက်တွင် လာရောက်စုစည်းလေ၏။
“ဘုန်း…”
“ဝေါင်း…”
ဝံပုလွေဟိန်းသံကြီးက တောအုပ်တစ်ခုလုံး ပဲ့တင်ထပ်သွားသည်။
တောအုပ်ထဲမှ သစ်ပင်များစွာ ကျိုးပဲ့ကုန်ပြီး မြေပြင်တစ်ခုလုံး တုန်လှုပ်သွားသည်။
“ဘန်း… ဘန်း…”
ကျန်းလန်၏ လက်သီးချက်များက ဝံပုလွေကြီး၏ ဦးခေါင်းကို ထုချေပစ်လိုက်သည်။
“ဝူး…”
“ဂါး…”
ဝံပုလွေကြီး၏ ဦးခေါင်းထက်မှ သွေးများ စီးကျလာပြီး သတ္တဝါကြီးက နာကျင်စွာဖြင့် အော်ဟစ်လိုက်သည်။
ထို့နောက် မိုးကောင်းကင်အလွှာပါးအတွင်းမှ အပြင်သို့ ထွက်လာရန် မကြိုးစားတော့ဘဲ အထဲသို့ ပြန်ဝင်သွားရန် ရုန်းကန်နေလေသည်။
သို့သော်… နောက်ကျသွားခဲ့ပြီ ဖြစ်သည်။
ကျန်းလန်၏ လက်သီးချက်က သတ္တဝါကြီး၏ ခံနိုင်ရည်စွမ်းထက် မြင့်မားနေခဲ့သည်။
တောင်များကိုပြိုကျစေနိုင်ပြီး ကမ္ဘာမြေကြီးကိုပင် နှစ်ခြမ်းကွဲအက်စေလောက်အောင် ပြင်းထန်သည့် လက်သီးချက်ကို ဝံပုလွေကြီး ခံနိုင်ရည် မရှိခဲ့ပေ။
“ဘုန်း…”
ဝံပုလွေကြီး၏ ဦးခေါင်းမှ သွေးစများဖြာထွက်လာပြီး ခန္ဓာကိုယ်တစ်ဝက်မှာ ကြေမွသွားသည်။
ခဏမျှ အကြောဆွဲနေပြီးနောက် ဧရာမဝံပုလွေကြီး အသက်ပျောက်သွားလေတော့၏။
ကျန်းလန်က ထိုသတ္တဝါကြီးကို အရေးလုပ်မနေတော့ပေ။
သူက ချက်ချင်းပင် ကောင်းကင်ဘုံခြေလှမ်းကိုးလှမ်းတန်ခိုးစွမ်းအားကို ထုတ်ဖော်လိုက်သည်။
အဘယ်ကြောင့်ဆိုသော်… သူ့ကို တိုက်ခိုက်ခဲ့ကြသည့် ရန်သူ (၅)ယောက် ထွက်ပြေးလွတ်မြောက်သွားသောကြောင့် ဖြစ်သည်။
သူ့တွင် စွမ်းအားများ ကျန်ရှိနေသေးစဉ် ထိုသူများနောက်သို့ အမီလိုက်ပြီး အားလုံးကို သုတ်သင်ပစ်ရမည် ဖြစ်သည်။
မကြာမီ… မူလဝိညာဉ်အဆင့် ၊ ကနဦးအဆင့် ကျင့်ကြံသူရှေ့သို့ ကျန်းလန် ရောက်ရှိလာသည်။
ကျန်းလန်ကိုတွေ့လိုက်သည်နှင့် ထိုသူ၏မျက်လုံးများ ဝိုင်းစက်ပြူးကျယ်သွားပြီး ချက်ချင်းပင် တောင်းပန်စကားဆိုလိုက်သည်။
“တာအိုရောင်းရင်း… ကျုပ်ရှင်းပြတာ နားထောင်ပါဦး… ၊ ကျုပ်က ဟိုလူတွေဖိအားပေးတာကို ခံခဲ့ရတာပါ… ၊ ကျုပ် မလုပ်ချင်…”
“ဖောင်း…”
စကားမဆုံးမီမှာပင် ကျန်းလန်၏ လက်သီးချက်က ထိုသူရှိရာသို့ ဝင်ရောက်သွားသည်။
ထိုသူ၏ ခန္ဓာကိုယ်တစ်ခုလုံးသွေးမှုံများအဖြစ် ပြောင်းလဲသွားသည်။
“ရှင်းပြတာကို နားထောင်ရမယ်…တဲ့… ဟက်… ကျန်းလန်ကို အခုမှ လာရှင်းပြနေလို့ အပိုပဲ…”
ထို့နောက် ချက်ချင်းပင် ရွှေပြဒါးအမြုတေအဆင့် အောင်မြင်ထားသည့် ကျင့်ကြံသူရှိရာသို့ ကျန်းလန် ရောက်ရှိသွားသည်။
မိုးကောင်းကင်ဝံပုလွေကြီးနှင့် မူလဝိညာဉ်အဆင့် ကျင့်ကြံသူပင်လျှင် ကျန်းလန်၏ လက်သီးချက်ကို ခံနိုင်ရည်မရှိခဲ့ကြပေ။
ထို့ကြောင့် သူ့အနေဖြင့် မည်သည့်နည်းနှင့်မျှ လွတ်လမ်းမရှိတော့ကြောင်း ထိုကျင့်ကြံသူ နားလည်လိုက်သည်။
“ဆရာကြီး… ကျုပ်ကို အခွင့်အရေးတစ်ခါလောက်ပေးပါဗျာ…”
“အခွင့်အရေး… ဟုတ်လား…”
“ဖောင်း…”
ကျန်းလန် ထိုသူရှိရာသို့ လက်သီးချက် ပစ်သွင်းလိုက်သည်။
လက်သီးချက် ထိမှန်လိုက်သည်နှင့် ထိုသူ၏ခန္ဓာကိုယ် ပေါက်ကွဲထွက်သွားသည်။
“မင်းတို့ကျ ကျုပ်ကို ဘာအခွင့်အရေးမှ မပေးခဲ့ဘဲနဲ့… အခုမှ ချီးကို အခွင့်အရေးလုပ်နေလိုက်…”
ကျန်လူ (၃)ယောက်က လူစုခွဲပြီး ထွက်ပြေးသွားကြလေသည်။
သူတို့အတော်လေး ထိတ်လန့်တုန်လှုပ်နေကြဟန် ရှိသည်။
ခွန်လွန်တောင်မှ တပည့်တစ်ယောက်က ဤမျှ စွမ်းအားမြင့်မားလိမ့်မည်ဟု သူတို့ ထင်မထားခဲ့မိကြပေ။
အပြင်ပန်းကြည့်လျှင် ရွှေပြဒါးအမြုတေအဆင့် ကျင့်ကြံသူဟု ထင်ရသော်လည်း တကယ်တမ်းတွင် ထိုသူက မူလဝိညာဉ်အဆင့် ၊ အလယ်ဆင့် ကျင့်ကြံသူဖြစ်ပြီး စွမ်းအားလည်း မြင့်မားလွန်းလှသည်။
အစကတည်းက ကြိုသိခဲ့မည်ဆိုလျှင် သူတို့ ထိုသူကို တိုက်ခိုက်ခဲ့ကြမည် မဟုတ်ပေ။ ယခုတော့… သူတို့က ထိုသူကို သွားရောက်ရန်စသလို ဖြစ်သွားခဲ့သည်။
ယခုတော့… မူလဝိညာဉ်အဆင့် ၊ အလယ်ဆင့် ကျင့်ကြံသူတစ်ယောက်ဖြစ်သော ထိုသူကို သူတို့အနေဖြင့် မည်သည့်နည်းနှင့်မှ အနိုင်ယူနိုင်တော့မည် မဟုတ်ပေ။
ရွှေပြဒါးအမြုတေအဆင့် အောင်မြင်ထားသည့် နောက်ထပ်ကျင့်ကြံသူတစ်ယောက်က…
“ငါတို့သာ သူ့ကို ရန်သွားမစမိရင် ခုလိုအဖြစ်မျိုးနဲ့ ကြုံရမှာ မဟုတ်ဘူး…”
ဟု ပြေးရင်းလွှားရင်း နောင်တကြီးစွာဖြင့် တွေးလိုက်သည်။
ထိုစဉ်မှာပင်…
သူ့ဘေးနားမှ အေးစက်သည့်အသံတစ်သံထွက်ပေါ်လာသည်ကို ကြားလိုက်ရသည်။
“အခု… မင်းအလှည့်ပဲ…”
ထိုအသံသည်ကား ကျန်းလန်၏ အသံပင် ဖြစ်ပေတော့၏။