စာစဉ် (၁၄) အပိုင်း (၁၉၆)

ပထမဆုံး

ကြက်သွေးနီရောင် နဂါးကြီး၏ အသက်ရှူသံမှာ အဖြူရောင် ကျောက်စိမ်းကွင်းပြင် တစ်လျှောက် ပျံ့နှံ့သွားပြီး သူဖြတ်သန်းသွားသော နေရာများတွင် မည်းနက်ပြီး အရည်ပျော်ကျခဲ့သည်။

နဂါး အသက်ရှူခြင်း တိုက်ခိုက်မှုမှာ ဇူယွမ်ကို လုံး၀ ဖုံးလွှမ်း သွားခဲ့သည်။
သူတော်စင် အကြွင်းအကျန် ဒေသ အတွင်းနှင့် အပြင် နှစ်ခုလုံးပင် တိတ်ဆိတ်သွားပြီးနောက် သက်ပြင်းချသံများ တီးတိုး ထွက်ပေါ်လာသည်။ ဇူယွမ်က အမှန်ပင် ရူးသွပ်လှသည်။ သူက မယုံကြည်စရာ ကောင်းလောက်အောင်ပင် တိုက်ခိုက်မှုအား ထိတ်တိုက် ရင်ဆိုင်သည်။

“လူငယ်တွေက အမြဲတမ်း ရူးသွပ်ကြတယ်။ သူ့အနာဂတ်မှာ အခွင့်အရေး အချို့ ရှိနေသေးရင်တောင် မစောင့်နိုင်ကြဘူး”

“မင်းရဲ့ အသက်သာ ဆုံးသွားရင် နောက်ထပ် ဘာမျှော်လင့်ချက်မှ ရှိလာမှာ မဟုတ်ဘူး”

လူတိုင်းက ခေါင်းယမ်း လိုက်ကြသည်။ မူဝူကျိက သူ၏ ဆေးတံကို တင်းကျပ်စွာ ဆုပ်ကိုင်ထားရင်း ဇူယွမ် ဒီထက်ပိုပြီး အဆင့်မြင့် လာစေရန် ဆန္ဒရှိနေသည်။ သူက အံကို ကြိတ်ရင်း “ရူးသွပ်တဲ့ ကလေး မင်းမလို့ သောက်ကျိုးနည်းတွေ တွေးနေတာလဲ”

ဇူယွမ်ဘာကြောင့် သူ့ရဲ့ သေဆုံးဖို့ လောနေသလဲ ဆိုတာကို သူတကယ် နားမလည်နိုင်ပေ။ ဘာကြောင့် ဒီလို ရူးသွပ်တဲ့ အပြုအမူကို လုပ်ဆောင်ရလဲ မသိပေ။ အခုတော့ အရာအားလုံး ပြီးဆုံးသွားပေပြီ။ အခြားတစ်ဖက်မှာ ကျိုးဖန်က သက်ပြင်း ချလိုက်ပြီး သူ၏ ပခုံးများကို ဖြေလျော့ကာ မူဝူကျိဘက်သို့ လှည့်လိုက်ပြီး မထိတထိ ရှုတ်ချလိုက်သည်။

“ဘယ်လောက် သနားစရာ ကောင်းလိုက်လဲ မင်းရဲ့ ကန်ယွင် ကလန်ကို ဝင်ရောက်မယ့် ခွေးတစ်ကောင် သေဆုံးသွားပြီ”

မူဝူကျိ၏ နှုတ်ခမ်းများ လှုပ်ရွသွားပြီး ကျိုးဖန်ကို စိမ်းဝါးစွာ ကြည့်လိုက်သည်။
ကျိုးဖန်မှာ ကြောက်ရွံ့ပုံ မရပဲ ပြုံးလျက် ဆက်ပြောသည်။ “မကြေကွဲ နေပါနဲ့ နောင်တော် မူဝူကျိရာ သည်ကောင်လေး ကန်ယွင် ကလန်ထဲဝင်ရင် အစ်ကိုပဲ အရှက်ရမှာ ဒီမှာ သေသွားတော့ ရှင်းသွားတာပေါ့”

“မင်း …”

မူဝူကျိ၏ မျက်လုံးများမှာ ဒေါသကြောင့် ဆူဝေလာပြီး သူ၏ ခန္ဓာကိုယ်မှ မူလချီများက ကောင်းကင်ဆီသို့ ထိုးတက်သွားပြီး တိမ်များပင် ကျော်လွင်သွားသည်။
ကျိုးဖန်က ညစ်ကျယ်ကျယ် ပြုံးလိုက်ပြီး “နောင်တော် ဝူကျိ ကျွန်တော်ကို မဲတော့ရော ဘာပြောင်းလဲသွားမှာ မဟုတ်ဘူးနော်”

ထိုအခိုက်မှာ သူ၏ အသံမှာ ထက်ရှနေပြီး ပဟေဠိဆန်စွာ ပြုံးလိုက်ပြီး မူလချီများကို ထုတ်လွှတ်လိုက်သည်။

သူတို့ နှစ်ယောက်လုံး တစ်ယောက်နှင့်တစ်ယောက် တိုက်ခိုက်ဖို့ အဆင်သင့် ဖြစ်နေကြပြီး အဆုံးမှာ တစ်ယောက်နှင့် တစ်ယောက် အေးစက်စက် ကြည့်ကာပင် သူတို့၏ မူလချီများကို ပြန်လည် ရုပ်သိမ်းလိုက်သည်။ နှစ်ယောက်လုံးသည် ပင်လျှင် သည်နေရာက တိုက်ခိုက်၍ ကောင်းသော နေရာမဟုတ်မှန်း ရှင်းလင်းစွာ နားလည်ပေသည်။

“အမ် …”

ရုတ်တရက် တမန်တော်တစ်ယောက်က တစ်စုံတစ်ခုကို ခံစားမိဟန်ဖြင့် ပြောသည်။

“အထဲမှာ အားကောင်းတဲ့ တစ်စုံတစ်ရာကို ငါခံစားမိတယ်”

မူဝူကျိ ကျိုးဖန်တို့ လူစုများက အဖြူရောင် ကျောက်စိမ်းစင်မြင့် ပေါ်သို့ စိုက်ကြည့်ပြီး ခနအကြာတွင် သူတို့၏ မျက်ဝန်းအိမ်များက ကျဉ်းမြောင်းသွားကြသည်။ ငွေရောင် အလင်းတန်း တစ်ခုက ကြက်သွေးနီရောင် နဂါးကြီး၏ အသက်ရှူမှု အောက်တွင် အလင်းတစ်ခုလို တောက်ပလာသည်။

အဖြူရောင် ကျောက်စိမ်း ကွင်းပြင်ပေါ်တွင် … ဝူဟောင်၏ ရယ်သံက ပဲ့တင်ထပ်နေပြီး သူ၏ မျက်လုံးများက ကြက်သွေးနီရောင် လွှမ်းနေကာ နဂါးအသက်ရှူခြင်း တိုက်ခိုက်မှု၏ ဒေါသတကြီး ဖျက်ဆီးနေမှုများကို စိုက်ကြည့်လိုက်ပြီး အေးစက်စက် ပြုံးလိုက်သည်။

“ဇူယွမ် မင်းရှုံးပြီ”

“အလွန်ကို သနားစရာ ကောင်းတဲ့ တီကောင်လေးပဲ မင်းက တကယ်ကို မွေးဖွားလာစဉ် ကတည်းက ကျရှုံးခဲ့တာ အခုလည်း မင်းကျရှုံးပြန်ပြီ”

“ဘယ်သူကသာ နဂါး အစစ်အမှန်လဲ ဆိုတာ မင်းသိသင့်တယ်။ မှန်တယ်မလား”

“ဟဟ မစိုးရိမ်ပါနဲ့ ငါမင်းရဲ့ ကြီးမြတ်သော ဇူအင်ပါယာကို ငါကိုယ်တိုင် ဖျက်ဆီးပေးပါမယ်။ ပြီးတော့ သူတို့ ခေါ်တဲ့ မြင့်မြတ်တဲ့ နဂါးက ဘယ်လောက် အသုံးမကျကြောင်း သိစေမယ်”

ဝူဟောင်က သူ၏ ခေါင်းကို အထက်သို့ မော့ကြည့်လိုက်ပြီး သူ၏ စိတ်ထဲဝယ် လှပသော ပုံရိပ်တစ်ခု ပေါ်လာခဲ့သည်။ ဂုဏ်ဝံ့ပြီး တော်ဝင်သော ပုံရိပ်လေးက သူ၏ နှလုံးသားထဲတွင် စွဲထင်နေပြီး မည်သို့သော အခါ၌ပင် ပျောက်ကွယ် သွားလိမ့်မည် မဟုတ်ပေ။

“မင်းသိနိုင်လား ဝူယို။ ငါမင်းကို ငါသာလျှင် စစ်မှန်တဲ့ နဂါးလို့ ပြောခဲ့တာကို ငါသက်သေ ပြခဲ့ပြီ”

“မင်းရဲ့ ကောင်းချီးက ဘယ်လောက် ကြီးမြတ်လဲ ဆိုတာ အရေးမပါဘူး မင်းကိုသာ ငါရရှိမယ် ဆိုလျှင် ဒီကမ္ဘာ တစ်ခုလုံးမှာ ငါ့လောက် ပြည့်စုံတဲ့ လူရှိမှာ မဟုတ်တော့ဘူး”
ဝူဟောင်၏ မျက်လုံးတွင် ရူးသွပ်မှုများဖြင့် ပြည့်နှက်နေပြီး သူ၏ မျက်လုံးကို ဖြည်းညင်းစွာ ပိတ်လျက် သက်ပြင်းချလိုက်သည်။

“ဒီလို ဆိုရင်ကော”

ထိုအခိုက်တွင် တိုးညင်းသော အသံလေး တစ်ခုက ထွက်ပေါ်လာခဲ့သည်။
ဝူဟောင်က မျက်လုံးပြူးသွားပြီး သူ့နဂါး အသက်ရှူခြင်း တိုက်မှုဖြင့် တိုက်ခိုက်ထားသည့် အဖြူရောင် ကျောက်စိမ်းကွင်းပြင် တစ်လျှောက်ကို ကြည့်လိုက်သည်။ ထို့နောက် သူ၏ နဂါးအသက်ရှူခြင်း တိုက်ခိုက်မှု ထဲမှ ထွက်ပေါ်လာသော ငွေရောင် အလင်းတန်းကို တွေ့လိုက်ချိန်တွင် သူ၏ မျက်ဝန်း အိမ်များမှာ ကျဉ်းမြောင်းသွားသည်။ ထိုအရာက သူ၏ နဂါး အသက်ရှူခြင်း တိုက်ခိုက်မှုအား စွမ်းအားအပြည့်ဖြင့် ဖြိုခွဲပြီး ထွက်လာသည်။

ရူးသွပ်သော အပြုံးတစ်ခုက ဝူဟောင်၏ မျက်နှာပေါ်တွင် ဖြစ်ပေါ်လာပြီး အသက်နက်ကြီးဖြင့် အော်ဟစ်လိုက်သည်။

“ဘယ်လိုအရာလဲ …”

“မဟုတ်ဘူး … လုံးဝ မဖြစ်နိုင်ဘူး မင်းဘယ်လို အသက်ရှင် နိုင်သေးတာလဲ”

သူ၏ နှလုံးသားမှာ ကြောက်လန့်ခြင်း အံ့အားသင့်ခြင်း တို့ဖြင့် တုန်လှုပ်နေသည်။ ဇူယွမ်အနေဖြင့် သူ၏ နဂါးအသက်ရှူခြင်း တိုက်ခိုက်မှုမှ အသက်ရှင် ကျန်ရစ်လိမ့်မည်ဟု အိပ်မက်ပင် မမက်ဖူးချေ။ သူတော်စင် အကြွင်းအကျန် ဒေသအတွင်းနှင့် အပြင်မှ လူအားလုံးသည် ငွေရောင် အလင်းတန်းကို မျက်တောင်ပင် မခတ်တိုင်း စိုက်ကြည့်ရင်း တံတွေးများပင် မျိုချနေရသည်။

မူဝူကျိပင်လျှင် မှင်တက်နေပြီး ခနအကြာမှ သူ့မျက်နှာကို သူ ဆွဲဆိတ်ကြည့်လိုက်ပြီး

“ဘာကြောင့်မလို့ လူငယ်မျိုးဆက် တွေက အကျိုးအကြောင်းထက် ကျော်လွန်ပြီး ရက်စက်ကြမ်းကြုတ် နေကြတာလဲ …”

“တကယ့်ကို ကပ်ဘေးပဲ သူတို့ နှစ်ယောက်လုံးက တစ်ယောက်က ကောင်းကင်တံခါး အဆင့်ဖြစ်ပြီး နောက်တစ်ယောက်က မူလစဦး အဆင့် ဖြစ်တာတောင်မှ သူတို့ရဲ့ တိုက်ပွဲတွေက နန်ဘုံခန်းမ အဆင့် ကျင့်ကြံသူတွေရဲ့ တိုက်ပွဲထက်ကို အတော်လေး ကြမ်းတမ်း နေရတာလဲ၊ ငါ့နှလုံးသားက ဒီထက်ပိုပြီး အံ့သြမှုကို မခံနိုင်လောက်ဘူး …”

မရေမတွက် နိုင်သော အကြည့်များ အောက်တွင် ငွေရောင် ပုံရိပ်က နဂါးအသက်ရှူခြင်း တိုက်ခိုက်မှုအား တွန်းလှန်လိုက်သည်။ မျက်တောင်တစ်ခတ် အတွင်း ထိုအရာက ဖောက်ထွက် နိုင်လိုက်သည်။

ထို့နောက် လူတိုင်း၏ မြင်ကွင်းမှာ ရှင်းလင်းသွားချိန်တွင် … ငွေရောင်ပုံရိပ်မှာ လူတစ်ဦးက ထို ငွေရောင်ချပ်ဝတ်အား ဝတ်ဆင်ထားခြင်း ဖြစ်သည်။ လင်းလက်ပြီး ရှေးဆန်သည့် အစီအရင်များက ထိုချပ်ဝတ်ကို တန်ဆာဆင်ထားပြီး လျှို့ဝှက်ဆန်းကြယ်သော အရှိန်အဝါကို ပေးစွမ်းကာ အလွန်အမင်း စွမ်းအား ပြည့်ဝသည့် မူလချီ စွမ်းအားများက ထိုချပ်ဝတ်မှ ရုန့်ရင်းစွာ ထွက်ပေါ်လျက်ရှိသည်။

ငွေရောင်ချပ်ဝတ်က မျက်နှာ တစ်ခုလုံးကိုပင် အပြည့်အ၀ ဖုံးအုပ် ထားသော်လည်း လူတိုင်းက ထိုပုံရိပ်မှာ ဇူယွမ်မှန်း သိပေသည်။ ထို ငွေရောင်ချပ်ဝတ်မှ အေးစက်စက် အကြည့်များက ဝူဟောင်၏ အေးခဲနေသည့် မျက်နှာပေါ်သို့ သွားရောက်သည်။ ငွေရောင်အလင်းများက ချပ်ဝတ်တစ်လျှောက် စီးဆင်းနေပြီး နဂါးအသက်ရှူခြင်း တိုက်ခိုက်မှုအား ပယ်ဖျက်သည်။

ဝှစ် …

ရပ်တန့်ခြင်း မရှိပဲ ငွေရောင်ချပ်ဝတ် စစ်သည်သည် ငွေရောင်အလင်းတန်း အဖြစ်သို့ ပြောင်းလဲကာ ဝူဟောင်အား ဦးတည်သည်။

“ဇူယွမ် … မင်းက ဦးနှောက်မရှိပဲ စိတ်အား ထက်သန်နေတာပဲ … သေလိုက်တော့ …”

ဝူဟောင်က နောက်ဆုံးမှာ မျက်မှောက် အခြေအနေသို့ ပြန်ရောက်လာပြီး ဒေါသတကြီး အော်ဟစ်လိုက်သည်။ သူ၏ လက်နှစ်ဖက်ကို စုလိုက်သည်နှင့် ကြက်သွေးနီရောင် မူလချီများက ပေတစ်ရာ အထူရှိသည့် နံရံကြီး တစ်ခုအသွင် ဖြစ်ပေါ်သွားပြီး ဇူယွမ်အား ဟန့်တားသည်။
သို့သော်လည်း ဇူယွမ်၏ ပုံရိပ်က ရပ်တန့်ခြင်း မရှိပဲ အရှေ့သို ဆူးချွန် တစ်ခုလိုမျိုး တိုးဝင်ကာ လက်ငါးချောင်းကို ဆုပ်လိုက်ပြီး နောက်တွင် မီးလျှံ နံရံကြီးအား ပြေးထိုးသည်။

ဘန်း

ဖျက်ဆီးခြင်း လှိုင်းများက မီးတောက်နံရံ အနှံ့သို့ ပျံ့နှံ့သွားသည်။ ငွေအရိပ်အား အသက်ဝင် စေပြီးနေက်တွင် ဇူယွမ်၏ သန်မာမှုက အလွန်အမင်း မြင့်တက်ခဲ့ပြီး ဝူဟောင်မှာ ဆက်လက်ပြီး မကြမ်းတမ်း နိုင်တော့ပေ။ သူတော်စင် စာလုံး၏ အားနည်းချက် ပျော့ကွက်များ မြင်နိုင်စွမ်းပါ ထပ်ပေါင်း ထည့်လိုက်သည့် အချိန်တွင် ဝူဟောင်၏ အကာအကွယ်များပင် ဇူယွမ်၏ ရှေ့တွင် မတည်မြဲ နိုင်တော့ပေ။

“မဖြစ်နိုင်ဘူး … လုံး၀ မဖြစ်နိုင်ဘူး …”

ဝူဟောင်၏ အသံနက်ကြီး ထွက်ပေါ်လာပြီး ကမန်းကတန်း နောက်သို့ ဆုတ်လိုက်ပြီး ဇူယွမ်ဆီသို့ မူလချီများ ပစ်လွှတ်လိုက်သည်။

ဘန်း … ဘန်း …

သို့သော်လည်း ငွေရောင်ပုံရိပ်က အရှိန်ဖြင့် ပြေးလာပြီး မူလချီများကို ပူနေသော ဓားတစ်လက်ဖြင့် ထောပတ်များကို လှီးလိုက်သည့် အလား ပယ်ဖျက်လိုက်သည်။
တိုတောင်းသော အသက်ရှူချိန် အတွင်းမှာ ဝူဟောင်၏ တိုက်ခိုက်မှုများ အားလုံး ပယ်ဖျက် ခံလိုက်ရသည်။

ငွေရောင် အလင်းတန်းက ဝူဟောင်၏ ရှေ့တွင် ကျော်လာခဲ့ပြီး ပုံရိပ်နှစ်ခုက တစ်ခုနှင့် တစ်ခု ပေအနည်းသာ ကွာဝေးတော့သည်။ သူတို့နှစ်ယောက်၏ အကြည့်များ လေထဲတွင် ဆုံမိချိန်တွင် နှစ်ယောက်လုံး၏ အကြည့်မှာ ရက်စက်မှုများဖြင့် ပြည့်နေပြီး သွေးပင်လယ်ပင် လွမ်းသွားတော့ မလို ဖြစ်နေသည်။

ဝူဟောင်က ဟစ်ကြွေးလိုက်သည်။

“သေလိုက်တော့ ဇူယွမ်”

နောက်ထပ် မူလချီများက သူ၏ ခန္ဓာကိုယ်မှ ပေါက်ကွဲ ထွက်လာပြန်သည်။ ထိုအချိန်မှာပဲ ဇူယွမ်ကလည်း ဝူဟောင်အား တိုက်ခိုက်ခွင့် မပေးတော့ပေ။ ခြေတစ်လှမ်းတည်းဖြင့် ဝူဟောင်၏ နံဘေးသို့ ရောက်ရှိလာခဲ့သည်။

“ဝူဟောင် ငါ့ဆီကနေ ဝူကလန် ခိုးယူသွားတဲ့ အရာအားလုံးကို ငါပြန်ယူမယ် …”

“အခုတော့ မင်းက ပထမဆုံးပဲ” မည်သည့် ခံစားချက်မှ မပါဝင်သည့် အေးစက်စက် အသံတစ်ခုက ဝူဟောင်၏ နားစည်အတွင်းသို့ ရိုက်ခတ်သွားသည်။

ဝူဟောင်၏ မျက်ဝန်း အိမ်များပင် ကျဉ်းမြောင်းသွားသည်။ မရေမတွက် နိုင်သော အကြည့်တွေ အောက်မှာပဲ ဇူယွမ်နှင့် ဝူဟောင်တို့၏ ပုံရိပ်များက တစ်ခုနှင့် တစ်ခု ဖြတ်သန်း သွားကြသည်။ ထိုအခိုက်တွင် ကမ္ဘာလောကကြီးရှိ အရာအားလုံးမှာ နှေးကွေး သွားသယောင်ပင်။


Comment

Leave a Reply

Options

not work with dark mode
Reset