ဝေါင်း
ထိုအခိုက်တွင် ဝူဟောင်၏ ခန္ဓာကိုယ်မှ နဂါးဟိန်းသံက ပဲ့တင်ထပ်စွာ ထွက်ပေါ်လာခဲ့ပြီး နဂါးတစ်ကောင်၏ ပုံရိပ်က ဝူဟောင်၏ အရေပြားပေါ်တွင် မှိန်ဖျော့စွာ ပေါ်ပေါက်လာခဲ့ကာ သူ၏ အသွေးအသား များက ပြောင်းလဲ လာခဲ့ပြီး ဝူဟောင်၏ ခန္ဓာကိုယ်မှာ ရုတ်တရက် ဖောင်းကားလာခဲ့သည်။
နဂါးကြေးခွံများ ကလည်း သူ၏ ခန္ဓာကိုယ်ပေါ်တွင် ဖြစ်ပေါ်လာခဲ့ပြီး သူ၏ လက်မှ လက်သည်းများက နဂါးတစ်ကောင်၏ လက်သည်းများ သဖွယ် ထက်ရှသွားပြီး အေးစက်စက် အလင်းများ တောက်ပနေကာ အသည်းမာသူများ ကိုပင် ကြောက်ရွံ့ စေနိုင်လောက်သည်။
ပတ်ဝန်းကျင်ရှိ ကြမ်းပြင်မှာလည်း စွမ်းအားပြည့်ဝသော မူလချီ၏ ဖိအားကြောင့် တဖြည်းဖြည်း အက်ကွဲလာခဲ့သည်။
သူတော်စင် ဒေသ၏ အတွင်းအပြင် နှစ်ခုလုံးရှိ လူတိုင်းသည် အာစေးမိနေသည့် အလား မည့်သည့်စကားမျှ မဆိုနိုင်ပဲ ဝူဟောင် ကြောက်မက်ဖွယ်ပုံ သဏ္ဌာန်ပြောင်းလဲ သွားသည်ကို ကြည့်နေကြသည်။
ဝူဟောင်၏ ယခုကဲ့သို့ မူမမှန်သည့် အခြေအနေကို မည်သူမှ မမျှော်လင့် ထားကြပေ။ သူတို့ တွေးထင်ထား ကြသည်မှာ ဝူဟောင်တွင် ဝှက်ဖဲများ ထပ်ရှိနေပြီး တိုက်ပွဲတွင် ထုတ်သုံးမည် ဟုသာ တွေးထားကြသည်။
“သူက တကယ်ကို အံ့အားသင့်ဖွယ်ပဲ”
‘ဝူဟောင်က ကန်မင်တိုက်ကြီးက လူငယ်မျိုးစက် ပါရမီရှင်တွေရဲ့ ကြားထဲမှာ နံပါတ်တစ်ပဲ”
လူအုပ်ကြီးမှာ ထိုစကားများကို ခေါင်းညိတ် လက်ခံရုံသာ တတ်နိုင်ကြသည်။
မူဝူကျိ အနေဖြင့် ထိုမြင်ကွင်းကို မြင်သောအခါ ခါးသက်စွာ ရယ်မောလိုက်သည်။ လူငယ်မျိုးဆက် နှစ်ယောက်၏ တိုက်ပွဲမှာ အတော်ပင် ကြီးမားလိမ့်မည်ဟု မည်သူ ကြိုသိနိုင် ပါမည်နည်း။
သည်အခြေအနေမှာ ဝူဟောင်အနေဖြင့် အကူအညီမဲ့စွာ နောက်ဆုံးဝှက်ဖဲကို အသုံးပြုလိုက်ပုံ ရသော်လည်း သူအား ရင်သပ် ရှုမောဖွယ်ကောင်းသူ လေးစားထိုက်သူဟု မှတ်ချက်ပြု ရပေလိမ့်မည်။ သည်ကောင်လေးက အမှန်တကယ်ကို ကောင်းကင်မှ ကောင်းချီးပေးသည့် ပါရမီရှင် ဖြစ်သည်။
“ဇူယွမ်က အမှန်တကယ်ကို ထူးချွန် ပြောင်မြောက်သော်လည်းပဲ သူတို့နှစ်ယောက်ကြားမှာ အလွန်ပင် ကွာဝေးခဲ့လေပြီပဲ” မူဝူကျိက သူနှလုံးသားထဲမှ တိုးတိတ်စွာ မှတ်ချက်ချသည်။
ကျိးဖန်က သူ၏ပခုံးပေါ်မှ လေးလံလှသည့် တာဝန်ကြီးတစ်ခု လျော့ပါးသွားသည့် အလား သက်ပြင်းချလိုက်သည်။ သူ၏ မျက်လုံးများမှာ ဝူဟောင်ကို ကြည့်ရင်း တောက်ပလာပြီး သူ့ကိုသူ ရေရွတ်လိုက်သည်။
“ဝူဟောင်က တကယ်ကိုပဲ ကောင်းတဲ့ အလားအလာ ရှိတယ်။ နန်းတော်က ဆရာသခင်က ဝူဟောင်က ကောင်းကင်သို့ တက်နိုင်တဲ့ ပုံရိပ်ရှိတယ် ဆိုပြီး ငါတို့ရဲ့ မြင့်မြတ်သော နန်းတော်ကို ခေါ်ဆောင်ဖို့ စေခိုင်းခဲ့တာ အံ့သြစရာ မရှိဘူးပဲ”
“ ဒါက အဆုံးသတ်ချိန်ပဲ ဟုတ်တယ်မလား”
ဇူယွမ်က မျက်မှောင်ကြုတ်လျက် နဂါးကြေးခွံများ ဖုံးအုပ်က ကြီးမားလာသည့် ဝူဟောင်ကို စိုက်ကြည့်နေသည်။ သူ၏ ခန္ဓာကိုယ်မှလည်း အလွန်အမင်း တိုက်ခိုက်လိုစိတ်များ ထွက်ပေါ်နေသည်။
ဝူဟောင်က ဇူယွမ်ဘက်သို့ လှည့်လာပြီး ရက်စက်သော အပြုံးတစ်ခု ပြုံးပြလိုက်သည်။
သူက မြေပေါ်သို့ ခြေတစ်ချက် ဆောင့်နင်းလိုက်ပြီး သူ့ရဲ့ ပုံရိပ်က အမြောက်ဆံ တစ်ခုကဲ့သို့ အရှေ့သို့ ထိုးတက်သွားသည်။
“ဘယ်လောက်မြ န်လိုက်လဲ …”
ဇူယွမ်၏ သူငယ်အိမ်မှာ ကျင်းမြောင်းသွားသည်။ ရှေးဟောင်းမှော် အစီအရင်က သူ၏ မျက်လုံးအိမ်ထဲ၌ ပေါ်လာခဲ့ပြီး သူ့အနေဖြင့် ဝူဟောင်၏ ခန္ဓာကိုယ်ကို ရှင်းလင်းစွာ မြင်လိုက်ရသည်။ သို့သော်လည်း ထိုအချိန်တွင် သူ၏ ခန္ဓာကိုယ်မှာ တုံ့ပြန်နိုင်စွမ်း မရှိတော့ပေ။
“လိပ်ခွံ အကာအကွယ်”
ဇူယွမ်၏ အော်သံနှင့်အတူ လိပ်ခွံသဏ္ဌာန် မှော်စာလုံး ဒိုင်းတစ်ခု သူ၏ ရှေ့တွင် ဖြစ်ပေါ်သည်။
ခလမ်း …
သို့သော်လည်း ရိုက်ချက်တစ်ချက်နှင့် အတူ အကာအကွယ်မှာ ကွဲကြေသွားပြီး ရိုက်ချက်က လေကို ခွင်း၍ ဇူယွမ်၏ လက်မောင်းရှိ အံ့ဖွယ် စပါးအုံး ကြေးခွံ အကာအကွယ်အား ဆက်လက် ရိုက်ခတ်သည်။
ထန် …
ဇူယွမ်၏ ခန္ဓာကိုယ်မှာ ကွင်းပြင် အနောက်ဘက်အထိ လွင့်စဉ်သွားသည်။ ကြေးခွံ တော်တော်များများပင် ကြေမွ ကွဲကြေနေပြီး သွေးများ ပေကျံနေသည်။
ဝူဟောင်က ဇူယွမ်အား အသက်ရှူဖို့ အခွင့်အရေး တစ်ခုပင်မပေးပဲ မုန်တိုင်းတိုက်သလို တိုက်ခိုက်မှုများက အနောက်မှ ဆက်၍ လိုက်ပါလာသည်။
ဇူယွမ်၏ မျက်စိသူငယ်အိမ် အတွင်းမှ ရှေးဟောင်းမှော် စာလုံးများက လှည့်ပတ်လျက် ရှိသည်။ သူ့အနေဖြင့် ဝူဟောင်၏ တိုက်ခိုက်မှုမှ အားနည်းချက်များ ပျော့ကွက်များကို မြင်နိုင်စွမ်း ရှိသော်လည်း သူ၏ တိုက်ခိုက်မှုများက ထိုအားနည်းချက်များ ပေါ်သို့ ရောက်ရှိသွားချိန်တွင် မည်သို့မှ ချိုးဖောက်နိုင်စွမ်း မရှိပဲ ဖြစ်နေသည်။
“ချီးပဲ သူ့ရဲ့ မူလချီက သောက်ရမ်းကို သန်မာနေလို့ ငါ့ရဲ့ ဘယ်တိုက်ခိုက်မှုမှ သူ့အပေါ် မသက်ရောက် နိုင်တော့ဘူး။ သူ့ရဲ့ အားနည်းချက် တွေကို တိုက်ခိုက်လည်း အပိုပဲ ဖြစ်နေပြီ” ဇူယွမ်၏ အမူအရာမှာ လွန်စွာ ပျက်ယွင်းနေပြီဖြစ်သည်။
သူ့အနေဖြင့် အားနည်းချက်များ ပျော့ကွက်များကို မြင်နိုင်သော်လည်း ထိုအရာများကို အသုံးမချနိုင် ဖြစ်နေသည်။
ထန် … ထန် …
ပုံရိပ်နှစ်ခုက ဆက်လိုက်ပြီး အဖြူရောင် ကျောက်စိမ်းကွင်းပြင်တွင် တွေ့ဆုံမြဲ ဖြစ်သည်။ သို့သော်လည်း သည်အချိန်တွင် တစ်ဖက်ကသာ အမြဲနောက်ဆုတ် ပေးနေရသည်။
ဝူဟောင်က ရူးသွပ်စွာ ရယ်မောလိုက်ပြီး သူ၏ တိုက်ခိုက်မှုများက ရေစီးကြောင်း ကဲ့သို့ အဆက်မပြတ် ကျဆင်းနေပြီး ဇူယွမ် အနေဖြင့် နောက်သို့ အဆက်မပြတ် ဆုတ်ခွာ ပေးနေရသည်။
ဝူဟောင်၏ တိုက်ခိုက်မှုများက သူ၏ အကာအကွယ်ကို အမြဲကျော်ဖြတ်ပြီး သူ၏ ခန္ဓာကိုယ်ပေါ်သို့ အဆက်မပြတ် ကျဆင်းနေရင်း ဝူဟောင်၏ နှုတ်ခမ်း ထောင့်စွန်းတွင်ပင် သွေးများ ယိုစီးနေပြီ ဖြစ်သည်။
“ဟဟ ဇူယွမ် မင်းရဲ့ အခြေအနေက အစောပိုင်းကနဲ့ မတူတော့ပါလား”
“မင်းက ငါ့ရဲ့ နောက်ဆုံးဝှက်ဖဲ ကိုတောင် ထုတ်သုံးစေတဲ့ တော်တော်လေး ရှိန်လောက်တဲ့ ရန်သူတစ်ယောက်ပါ”
“သို့သော်လည်း အဲအတွက် မင်းဒီအချိန်မှာ ပေးဆပ်ရလိမ့်မယ်”
“ပြီးတော့ အဲတန်ဖိုးက မင်းရဲ့ ဘဝပဲ”
ဝူဟောင်၏ မျက်လုံးများမှာ ကြက်သွေးနီရောင် ဖြစ်နေပြီး သူမျက်နှာမှာလည်း သူ၏ တိုက်ခတ်မှုများ ကဲ့သို့ ရုန့်ရင်းကြမ်းတမ်း နေသည်။ မူလချီများ ရုန့်ရင်းစွာ ပါဝင်နေသည့် လက်သီးတစ်လုံးက ဇူယွမ်ထံသို့ အမြောက်ဆံ တစ်ခုကဲ့သို့ ပစ်ဝင်သည်။
ဘုန်း …
မူလချီများ ပေါက်ကွဲမှုနှင့် အတူ ဇူယွမ်၏ ခြေထောက်များက မြေပြင်မှ မြှောက်သွားပြီး သူ၏ ခန္ဓာကိုယ်က အနောက်သို့ ပေတစ်ရာ အကွာအထိ လွင့်စဉ်သွားသည်။ သူ၏ နှုတ်ခမ်းထောင့်တွင်လည်း သွေးများပိုမို၍ စီးကျလာသည်။ သူ့ခန္ဓာကိုယ် အနှံ့ တစ်လက်မမှ မကျန် အလွန်အမင်း နာကျင်နေဟန် ရသည်။
“ဘယ်လောက် ခေါင်းမာလိုက်လဲ” ဝူဟောင်က အပေါ်စီးမှ အောက်သို့ ငုံ့ကြည့်လိုက်သည်။ သူ၏ နှုတ်ခမ်းထောင့်စွန်းမှ တွန့်ကွေးလျက် ချောက်ချားဖွယ် အပြုံးတစ်ခု ဖြစ်ပေါ်လာကာ ပြောလိုက်သည်။ “ငါမင်းရဲ့ အရိုးတွေ အကုန်လုံးကို ချိုးလိုက်ရင် မင်းဆက်ပြီး မတ်တတ်ရပ် နိုင်ဦးမလားဆိုတာ ငါတကယ် သိချင်မိတယ်”
သူ၏ လက်များက ဖြည်းညင်းစွာ စုစည်းသွားပြီး နက်နက်ရှိုင်းရှိုင်း အသက်ရှူ သွင်းလိုက်သည်။ ရုန့်ရင်းသော မူလချီများက သူ၏နှာခေါင်းမှ ဖြတ်စီးသွားပြီး သူ၏ မူလချီများမှာ အချက်ပေးသံ ကြားသည့်အလား ကသုတ်ကရိုက် စုဝေးလာပြီး သူ၏ ရင်အုပ်မှာ တဖြည်းဖြည်း ဖောင်းကားလာခဲ့သည်။
ဝူဟောင်၏ ခြေထောက်အောက်မှ မြေပြင်မှာ ထိုတိုးပွားလာသည့် စွမ်းအားကို ခံနိုင်ရည် မရှိသည့်အလား အက်ကွဲသွားသည်။
ဝူဟောင်က ဇူယွမ်ကို ထူးမခြားနားစွာ ကြည့်လိုက်သည်။ စက္ကန့် အချို့အကြာမှာ သူက မျက်မှောင်ကြုတ်ကာ သူ့ပါးစပ်အား ဟကာ ဟိန်းလိုက်သည်။ “မြင့်မြတ်သော နဂါး အသက်ရှူခြင်း”
ဝရုန်း …
ကြက်သွေးနီရောင် ချီများက နဂါးတစ်ကောင် အသက်ရှူ ထုတ်လိုက်သကဲ့သို့ ပန်းထွက်လာခဲ့သည်။ အလွန်ကို လောင်မြိုက်နေဟန် အပူများက မြေပြင်ကို စတင်ပြီး အရေပျော်စေသည်။
ထိုအရာက အဆင့်(၃) အောက်ရှိ မူလစဦး အဆင့် ကျင့်ကြံသူ တစ်ဦးအား သေဆုံး စေပေလိမ့်မည်။
ဇူယွမ်၏ အမူအရာမှာ အလိုလိုပင် ပျက်ယွင်းလာသည်။ သူ၏ မျက်လုံးအတွင်းမှ သူတော်စင် စာလုံးက အလွန်အမင်းကို တောက်ပလာပြီး ကြက်သွေးနီရောင် နဂါးအသက်ရှူခြင်း တိုက်ခိုက်မှုထဲမှာ အလင်းစက်များ ပေါ်လာသည်ကို မြင်လိုက်ရသည်။
သည်အရာတွေက အားနည်းချက် ပျော့ကွက်များပင် ဖြစ်သည်။
သို့သော်လည်း
သူ့အနေဖြင့် သည်အရာတွေကို မြင်နေရသော်လည်း တိုက်ခိုက်မှုများ ပျက်ပြယ်သွားနိုင်မည့် စွမ်းအား သူ့တွင် မရှိတော့ပေ။
“ငါ့ရဲ့ စွမ်းအားက မလုံလောက်ခဲ့ဘူး …” ဇူယွမ်၏ နှုတ်ခမ်းများက တင်းတင်းစေ့ ထားသည်။ သူ၏ မျက်လုံးများက နက်နက်နဲနဲ စဉ်းစားနေဟန် ရသည်။
“ဇူယွမ်တော့ သေပြီ” သူတော်စင် အကြွင်းအကျန် ဒေသ အတွင်းနှင့် အပြင်ရှိလူများက ထိုမြင်ကွင်းကို မြင်သောအခါ သနားဟန်ဖြင့် မှတ်ချက်ချသည်။ အုတ်အော်သောင်းနင်း ဖြစ်စေခဲ့သည့် တိုက်ပွဲက နောက်ဆုံးတွင် အဆုံးသတ် ပေတော့မည်။
မူဝူကျိ၏ အမူအရာမှာ ပျက်ယွင်းလာသည်။ “အရှုံးပေးလိုက် အရူးလေးရေ ဒီအချိန်မှာ အရေးကြီးဆုံးက မင်းဘဝကို မင်း အသက်ရှင် နေဖို့လိုတယ်”
သိုသော်လည်း ဇူယွမ်အနေဖြင့် ထိုစကားလုံးများကို မကြားနိုင်ပေ။ သူကြားနိုင်ခဲ့လျှင်ပင် ထိုသို့ ဆုံးဖြတ်ချက်ကို ချလိမ့်မည် မဟုတ်ပေ။
ဇူယွမ်က အောက်သို့ ငုံ့ကြည့်နေဆဲ ဖြစ်သည်။ နောက်ထပ် သူ၏ ခြေထောက်များပင် အရှေ့သို့ လှမ်းတက်လာပြီး နဂါး အသက်ရှူခြင်း တိုက်ခိုက်မှုဆီသို့ ဦးတည်လိုက်သည်။
ယား …
ဇူယွမ်၏ လုပ်ဆောင်မှုကြောင့် မရေမတွက် နိုင်သော လူများသည် ပင့်သက်ရှိုက်လိုက်ပြီး သူတို့ဘာသာ တီးတိုး ရွတ်ဆိုလိုက်သည်။ “ဇူယွမ် … တကယ်ကို ရူးသွပ်သွားပြီ …”
မူဝူကျိက အကူညီမဲ့စွာ ရေရွတ်လိုက်သည်။ “အရူး”
ဝူဟောင်၏ စွမ်းအားတစ်ခုမှ ဇူယွမ်အား ရှုံးနိမ့်စေရန် မတတ်နိုင်ခဲ့ပေ။
ယခုတော့ နဂါးအသက်ရှူခြင်းက အစောပိုင်း ရင်ဆိုင်ခဲ့ရသော ကောင်းကင်ဘုံအဆင့် ကျင့်စဉ်ထက်ပိုပြီး ပြဿနာ ကြီးပေသည်။
အေးခဲပြီး ရက်စက်သည့် အပြုံးက ဝူဟောင်၏ နှုတ်ခမ်းထောင့်စွန်းတွင် ပေါ်လာခဲ့ပြီး ဟစ်ကြွေးလိုက်သည်။
“လာစမ်းပါ။ သေအံ့ဆဲဆဲ မင်းအတွက် နဂါးကောင်းချီးက မင်းရဲ့ ဆန္ဒနဲ့ အညီမင်းကို အဆုံးသတ် ပေးမှာပေါ့”
အားလုံးရဲ့ အာရုံစိုက်နေသည့် အကြည့်များ အောက်တွင် ဇူယွမ်က အသက်ရှိုက်စာ အနည်းငယ် အတွင်း နဂါး အသက်ရှူခြင်း တိုက်ခိုက်မှု အရှေ့သို့ ရောက်ရှိလာခဲ့သည်။ အလွန်ပူပြင်းသော လှိုင်းလုံးကြီးက သူ့ထံသို့ လာရောက် ဟပ်ပြီး အရေပြား များတွင် စူးရှစွာ နာကျင်စေသည်။
ဇူယွမ်က သူ၏ ခေါင်းကို မော့လိုက်ပြီး ကြက်သွေးနီရောင် မူလချီများကို ဖြတ်ကျော်၍ အေးစက်စက် မျက်နှာနှင့် ဝူဟောင်အား ကြည့်ကာ …
“ဝူဟောင် …”
သူ၏ လက်က ရွှေ့လျားသွားပြီး ငွေရောင်အလုံး တစ်ခုက ရုတ်တရက် ပေါ်လာခဲ့သည်။ ထိုသို့ ပေါ်လာသည်နှင့် သတ္တုကဲ့သို့ အရည်များက ဇူယွမ်၏ လက်မောင်းမှ တစ်ဆင့် စီးဝင်လာသည်။
ငွေရောင် အလင်းတန်းများ ထွက်ပေါ်လာသည်နှင့် အတူ ဇူယွမ်၏ ပုံရိပ်က နဂါးတိုက်ခိုက်မှု အတွင်းသို့ ပြေးဝင်သွားသည်။
“တိုက်ပွဲကို အဆုံးသတ်ဖို့ အချိန်ရောက်ပြီ”
ထိုအခိုက်တွင်ပင် ဇူယွမ်၏ အသံသဲ့သဲ့လေး ထွက်ပေါ်လာခဲ့သည်။