Switch Mode

စာစဉ် (၁၄) အပိုင်း (၁၉၄)

နဂါးအဖြစ်ပြောင်းလဲခြင်း

ဇူယွမ်၏ ရွှေရောင်ကြေးခွံများ ဖုံးအုပ်နေသော လက်သီးနှင့် ကြက်သွေးနီရောင် ကြီးမားလှသော လက်သီးတို့ လေထုထဲတွင် တွေ့ဆုံသွားသော အချိန်၌ ကမ္ဘာတစ်ခုလုံးပင် တိတ်ဆိတ်သွားသည်ဟု ထင်မှတ် ရပေသည်။ နောက်ထပ် အားလုံးက ရုန့်ရင်းသော မူလချီများ ပျံ့နှံ့လာသည်ကို မြင်လိုက်ရသည်။

ကြီးမားသော မြေကွက်လပ်ကြီးမှာ ဖုန်တသောသော ထသွားပေသည်။

အားလုံး၏ မျက်လုံးများသည် ကော်နှင့် ကပ်ထားသည့်အလား အားလှိုင်းများ ထွက်ပေါ်ရာ နေရာကို ကြည့်နေကြသည်။

“ဇူယွမ် သေချာပေါက်ကို သေဆုံးလိမ့်မယ်” လူအုပ်ကြီးက ထို့သို့ တွေးတော နေကြသည်။ ဇူယွမ်၏ ရူးသွပ်သည့် လှုပ်ရှားမှုက လူအားလုံးကို သူ့အား သေလူအဖြစ် ရှုမြင်စေသည်။ မည်သို့ပင် ဆိုစေကာမှု ဝူဟောင် အသုံးပြုလိုက်သည့် တိုက်ကွက်မှာ ကောင်းကင်ဘုံ အဆင့် ကျင့်စဉ် ဖြစ်သည်။

ဇူယွမ်၏ မူလ မှော်စာလုံး အစီအရင် ပင်လျှင် ထိုလက်သီးအား မတားဆီး နိုင်ခဲ့ပါ။ ယခုတော့ ထိုလက်သီးကို သူ၏ ခန္ဓာကိုယ်နှင့် တိုက်ရိုက် ခံယူနေသည်။

ဝူဟောင်က သူ၏ မူလချီ ပေါ်တွင် ရပ်နေရင်းမှ သူ၏ မျက်လုံးများက အေးစက်နေပြီး သူ၏ နှုတ်ခမ်းထောင့်စွန်းမှာ ကွေးညွတ်တတ်သွားပြီး အပြုံးတစ်ခု ဖြစ်ပေါ်နေသည်။ ဇူယွမ် နောက်ဆုံးတော့ ရှုံးနိမ့်ပေပြီ။

ခရက် …

ထိုအခိုက်တွင် အလွန်အမင်း တိုးရှသော အသံတစ်ခု ထွက်ပေါ်လာသည်။

၀ူဟောင်က အောက်သို့ အာရုံစိုက်ပြီး ကြည့်လိုက်သည်။ ကြည့်ပြီးသည့် နောက်တွင်တော့ မယုံကြည်နိုင်မှု များက သူ၏ မျက်နှာထက်တွင် ပေါ်လာခဲ့သည်။ သူက သူ၏ ကြက်သွေးနီရောင် လက်သီးကြီးပေါ်၌ သေးငယ်သော အက်ကြောင်းများကို တွေ့လိုက်ရသည်။

ထိုအချိန်တွင် သူ၏စိတ်အား ထိန်းချုပ်နိုင်စွမ်း မရှိတော့ပဲ ဝူဟောင်က အော်ဟစ်လိုက်မိသည်။

“ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ”

“မဖြစ်နိုင်ဘူး ဆိုတာ ဘာမှ မရှိတော့ဘူး” ကြီးမားသော ကြက်သွေးနီရောင် လက်သီးအောက်ခြေမှ အသံတစ်ခုလည်း ထွက်ပေါ်လာခဲ့သည်။

ဘုန်း …

အံ့အားသင့်ဖွယ် စွမ်းအားများ ပါဝင်နေသည့် အလင်းတန်းများက ကြီးမားသော ကြက်သွေးနီရောင် လက်သီးပေါ်ရှိ အက်ရာများမှ ပေါ်ထွက်လာပြီး အဆုံးမှာတော့ ကျယ်လောင်သော ပေါက်ကွဲသံကြီး ဖြစ်ပေါ်လာသည်။

ကြီမားသော လက်သီးကြီးသည် မရေတွက် နိုင်သော အပိုင်းများ အဖြစ် ကွဲထွက်သွားပြီး ကြက်သွေးနီရောင် အလင်းများက လေထဲတွင် ကခုန်လျက် ရှိသည်။

လူတိုင်းက အံ့သြလွန်း၍ အသံပင် မထွက်နိုင်တော့ပေ။

ကျိုးဖန်၏ ပါးစပ်က ကျယ်လောင်စွာ ပွင့်နေပြီး သူ၏ မျက်နှာတွင် ထိတ်လန့်မှုများဖြင့် ပြည့်နှက်နေသည်။

မူဝူကျိပင် မျက်လုံး အတွင်းမှာပင် မယုံကြည် နိုင်ဟန်ဖြင့် ရေရွတ်လိုက်သည်။ “ဒီကလေး ဘယ်လိုလုပ်လိုက်တာလဲ”

ဝူဟောင်၏ ထိုးလိုက်သော လက်သီးက အားအပြည့် မပါလာနိုင်စရာ မရှိပေ။ မူဝူကျိမှာ တွေးတောလျက် ရှိပြီး အဆင့်သုံး ရှိသည့် မူလစဦး အဆင့်ကျင့်ကြံသူ တစ်ဦးပင်လျှင် ထိုတိုက်ခိုက်မှုနှင့် ရင်ဆိုင်ရပါက ရွေးချယ်စရာ မရှိပဲ ရှောင်တိမ်းရပေမည်။

အခုတော့ ကောင်းကင်ဘုံ တံခါးအဆင့်သာ ရှိသေးသည့် ဇူယွမ်က ရိုးရှင်းသော လက်သီးချက် တစ်ခုဖြင့် အရိုင်းသပ်သပ် ဖြိုခွဲလိုက်လေသည်။

ဇူယွမ်၏ ပုံရိပ်က ကောင်းကင်တွင် ပြည့်နှက်နေသည့် အလင်းများကြားမှ ထွက်ပေါ်လာခဲ့သည်။ သူ၏လက်မောင်းတွင် ရွှေရောင်ကြေးခွံက သူ၏ လက်မောင်းတွင် တောက်ပနေသည်။

တစ်စုံတစ်ယောက်သာ အနီးကပ် ကြည့်ရှုမည် ဆိုပါက ရွှေရောင် ကြေးခွံပေါ်တွင် တည်ရှိနေသည့် ခရမ်းရွှေရောင် လဲ့လဲ့လေးများ ကိုပင် မြင်ရမည်ဖြစ်သည်။

“ဒါက အံ့ဖွယ် စပါးအုံး ကြေးခွံရဲ့ တတိယမြောက် အဆင့် သန့်စင်သော ရွှေရောင်ကြေးခွံလား” ဇူယွမ်ရဲ့ အကြည့်က သူ့လက်ပေါ်ရှိ ခရမ်းရွှေရောင် လဲ့လဲ့ တောက်ပနေသည် ကြေးခွံများကို ငုံ့ကြည့်လိုက်သည်။

“ဒါပေမဲ့ သန့်စင်မှုက နည်းသေးတယ်။ ကြည့်ရတာ အစစ်အမှန် သန့်စင်သော ရွှေရောင်ကြေးခွံ အဆင့်ကို မရောက်သေးဘူး ထင်တယ်”

ဇူယွမ်က ခေါင်းခါယမ်းလိုက်သည်။ သူ့အနေဖြင့် အံ့ဖွယ် စပါးအုံး ကြေးခွံမှ တိုးတက်လာသော အားများကို ခံစားမိပေသည်။ ထိုကြောင့် သူအနေဖြင့် ကြီးမားသည့် ကြက်သွေးနီရောင် လက်သီးကြီးကို တစ်ချက်တည်းဖြင့် ဖျက်ဆီးပစ်နိုင်ခြင်း ဖြစ်သည်။ ထိုအောင်မြင်မှုတွင် သူတော်စင် စာလုံးသည် အဓိက အခန်းမှ ပါဝင်သော်လည်း အံ့ဖွယ် စပါးအုံး ကြေးခွံ၏ အရေးပါမှု ကိုလည်း လျစ်လျူရှု၍ မရပေ။

ဇူယွမ်က သူ၏ ခေါင်းကိုမော့လိုက်ပြီး ထိတ်လန့်နေသော ဝူဟောင်ကို အေးစက်စွာ ကြည့်လိုက်သည်။ တုံ့ဆိုင်းခြင်း မရှိပဲ သူ၏ ခြေထောက်ကို မြေပြင်ပေါ်သို့ အားယူဟန်ဖြင့် စောင့်နင်းချလိုက်သည်။

ဒုန်း …

မြေပြင် အက်ကွဲသွားသည်။

ဇူယွမ်က ရယ်မောလျက် အရှေ့သို့ ထိုးတက်သွားပြီး ဝူဟောင်၏ နောက်တွင် အလင်းတန်းတစ်ခု အဖြစ် ပြန်ပေါ်လာသည်။

လေထဲတွင်ပင် သူ၏ လက်ငါးချောင်းကို လက်သီးအဖြစ်သို့ ဆုပ်လိုက်သည်။

ဇူယွမ်၏ သူငယ်အိမ် အတွင်းမှ ရှေးဟောင်း အစီအရင်က တောက်ပလာခဲ့ပြီး ရုတ်တရက် ၀ူဟောင်၏ မူလချီ အကာအကွယ် အလွှာပေါ်မှ အလင်းစက်လေး များကို ရှာတွေ့ခဲ့သည်။ သူ၏ လက်သီးအား အကာအကွယ် အလွှာပေါ်သို့ ထိုးချလိုက်လျှင် ဝူဟောင်၏ အကာအကွယ်မှာ ကျိုးပျက်ရသည်။

ဝူဟောင်၏ အမူအရာမှာ ပြောင်းလဲသွားသည်။ သူ့အနေဖြင့် ဇူယွမ်က ရှိန်လောက်သော စွမ်းအားကို ထုတ်သုံးနိုင်သလဲ ဆိုတာကို နားမလည်နိုင်ပေ။ သည့်အပြင် ဇူယွမ်၏ ခွန်အားက တိုးတက်လာပြီး ဝူဟောင်ကိုပင် လွှမ်းမိုးနေပြီ ဖြစ်သည်။

ဒါပေမဲ့ ဘာကြောင့် ဇူယွမ်က ရှင်းလင်း လွယ်ကူစွာ သူ၏ မူလချီ အကာအကွယ်အား ဖျက်ဆီး နိုင်ခဲ့သနည်း။

ဝူဟောင်က လျင်မြန်စွာ အနောက်သို့ ဆုတ်ပေးလိုက်ရပြီး သူ၏ ပုံသဏ္ဌာန်က သနားဖွယ် ကောင်းနေပေပြီ။

ဇူယွမ်က အရိပ်ပမာ အနောက်မှ ကပ်လိုက်ကာ ဝူဟောင်၏ ခန္ဓာကိုယ်ပေါ်သို့ ရူးသွပ်သော တိုက်ခိုက်မှုများ ကျဆင်းသည်။ ဝူဟောင်အနေဖြင့် မည်သည့် ကာကွယ်မှုကို မဆို ပြုလုပ်ပါစေ အရာအားလုံးက ကျိုးပျက် ရမြဲသည်သာလျှင် ဖြစ်သည်။

“ကပ်ဘေးပဲ။ ဘာလို့ ဒီလို ဖြစ်သွားတာလဲ။ ငါ့ရဲ့ အကာကွယ်တွေ အားလုံး ကြေမွသွားအောင် ဘယ်လို လုပ်လိုက်တာလဲ” ဝူဟောင်၏ မျက်လုံးများသည် နားမလည်မှု ဒေါသထွက်မှု များကြောင့် ရဲရဲနီနေသည်။

ဝှစ် …

ဇူယွမ်က ဝူဟောင်ကို အာရုံစိုက်ချိန်ပင် မပေးပဲ သူ၏ နောက်တွင် နောက်တစ်ကြိမ် ပေါ်လာခဲ့ပြီး ရုန့်ရင်း ကြမ်းတမ်းသော မူလချီများ ပါဝင်သည့် လက်သီးတစ်လုံးက အလင်းအလျင်ဖြင့် ကြမ်းတမ်းစွာ တိုက်ခိုက်ပြန်သည်။

သည်အချိန် မှာတော့ ဝူဟောင် အနေဖြင့် ရှောင်တိမ်းဖို့ပင် အချိန် မရှိတော့ပဲ မူလချီများကို ထုတ်ဖော်လိုက်ပြီး သူ၏ ခန္ဓာကိုယ်ပေါ်တွင် တိုက်ပွဲဝင် ချပ်ဝတ်တစ်ခု ထပ်ဖန်တီးလိုက်သည်။

သို့သော်လည်း ဇူယွမ်က အကာအကွယ်ကို မျက်စိထဲ မထားသည့် အလားပင် အလင်းကဲ့သို့ လျင်မြန်သော လက်သီးက တစ်ချိန်တည်းမှာပင် အကာအကွယ် ပေါ်ရှိ အမှတ်များ အပေါ်ကို ထိုးချလိုက်သည်။

ထိုးချက်တိုင်းသည် မူလချီများဖြင့် ဖွဲ့စည်းထားသည့် တိုက်ပွဲဝင် ချပ်ဝတ်၏ အားအနည်းဆုံး နေရာများကို သွားရောက် ရိုက်ခတ်သည်။

ဒုန်း …

ဝူဟောင်က ပါးစပ်အပြည့်ဖြင့် သွေးများပင် အန်ထုတ် လိုက်ရပြီး သူကိုယ်တိုင်လည်း မြင်ပြင်ပေါ်သို့ ပြုတ်ကျ သွားခဲ့ရကာ အဖြူရောင် ကျောက်စိမ်း ကွင်းပြင်ပေါ်၌ တွင်းချိုင့်ကြီး တစ်ခု ဖြစ်ပေါ်သွားသည်။

ဇူယွမ်၏ မျက်လုံးမှာ အေးစက်နေပြီး အကြည့်မှာ ဓားတစ်စင်းကဲ့သို့ ထက်ရှနေသည်။ သူသည် တုံ့ဆိုင်းခြင်း မရှိပဲ အောက်သို့ ထိုးဆင်းသည်။ သူ၏ ဒူးခေါင်းနှင့် ဝူဟောင် ခန္ဓာကိုယ်ပေါ်သို့ ဆောင့်နင်းပြီး မိုးစက်အလား လက်သီးထိုးချက် များက စူးစူးဝါးဝါး အော်သံများနှင့် အတူ ဝူဟောင်၏ ခန္ဓာကိုယ်ပေါ်သို့ ကျဆင်းသည်။

ခွပ် ခွပ် …

သူတော်စင် အကြွင်းအကျန် ဒေသ အတွင်းနှင့် အပြင်ဘက် နှစ်ခုလုံးတွင် လူတိုင်းက တိတ်ဆိတ်လျက် ဇူယွမ်က ဝူဟောင်ကို ထပ်ခါထပ်ခါ ထိုးနေသည့် မြင်ကွင်းအား ကြည့်နေကြသည်။

ဇူယွမ်အနေဖြင့် တိုက်ပွဲတွင် အရူးအမူး ဖြစ်သွားပြီး ဝူဟောင်အား အပေါ်စီးမှ နေ၍ အဘယ်ကြောင့် ဖိနှိမ့်နိုင်စွမ်း ရှိသွားသလဲ ဆိုသည်ကို မည်သူမှ နားလည်ခြင်း မရှိကြပေ။ ကြည့်ရတာ ဝူဟောင်၏ မည့်သည့် တိုက်ခိုက်မှုမဆို ဇူယွမ်၏ မျက်လုံးထဲ မရှိပုံပဲ …

ကျိုးဖန်၏ မျက်နှာသည်လည်း ပြိုတော့မည့် မိုးအလား မည်းမှောင်နေလေသည်။

မူဝူကျိမှာ အကူအညီမဲ့စွာ ကိုးရိုးကားရား အမူအရာဖြင့် ခေါင်းကုတ်လိုက်သည်။ သူအနေဖြင့် ဇူယွမ်က အခြား လူတစ်ယောက်လို ပြောင်းလဲ သွားသလို ခံစားမိ နေရပြီး မည်သည့် အကြောင်းပြချက်ကြောင့် အလွန်အမင်း ရက်စက် ကြမ်းကြုတ်သွားမှန်း မသိပေ။

ဘုန်း …

အဖြူရောင် ကျောက်စိမ်းကွင်းပြင် ပေါ်တွင် ဇူယွမ်၏ လက်သီးချက် များသည် ရုတ်တရက် ရပ်တန့်သွားပြီး ဝူဟောင်၏ ခန္ဓာကိုယ်မှ ကြမ်းတမ်းသော မူလချီများ ပေါက်ကွဲထွက်လာပြီး သူ့အား အနောက်သို့ပင် လွင့်စဉ်သည်။

ဇူယွမ်၏ ခြေထောက်များသည် မြေပြင်ပေါ်သို့ လျှောကနဲ ပါသွားပြီးမှ သူ့ကိုသူ ထိန်းကာ မတ်တတ်ရပ် နိုင်လိုက်သည်။ ထိုနောက်သူ၏ မျက်ဝန်းများမှာ ကျဉ်းမြောင်းသွားပြီး သူ့ရှေ့ရှိ မြင်ကွင်းအား ကြည့်လိုက်သည်။

ကြီးမားသောတွင်းနက်ကြီး တစ်ခုဖြစ်နေပြီး ထိုအထဲတွင် ဝူဟောင်၏ သွေးများ ရွှဲနစ်နေသည့် ခန္ဓာကိုယ်က လဲလျောင်းနေပြီး ထိုမြင်ကွင်းက လွန်စွာပင် သနားစဖွယ် ဖြစ်နေသည်။

ဇူယွမ်မှာ မောဟိုက်စွာ ရှိနေပြီး သူ၏ လက်သီးကို တင်းကျပ်စွာ ဆုပ်ထားသည်။ ခရမ်းနှင့် ရွှေရောင်လဲ့လဲ့ ကြေးခွံများ ပင်လျှင် နေရာအနှံ့ ကျိုးပဲ့နေကြပြီး သွေးများပင် စီးကျနေကာ သေချာကြည့်မည် ဆိုပါက အချို့နေရာ များတွင် အရိုးပင် ပေါ်နေပြီ ဖြစ်သည်။

သည်ပဟေဠိ ဆန်သော အခြေအနေတွင် ဇူယွမ်၏ အနေအထားမှာ တော်တော်ကို ဆိုးဝါးနေပြီး နာကျင်နေဟန် ရသည်။ သူက မျက်မှောင်ကြုတ်လျက် ရှိနေသည်။ အဘယ်ကြောင့်ဆိုသော် သူ့အနေဖြင့် သေစေနိုင်သော ထိုးနှက်ချက် များဖြင့် ထိုးနှက် ခဲ့သော်လည်း ဝူဟောင်အား သေဆုံးစေရန် မလုံလောက် သေးဖူးဟု ခံစားမိ နေသောကြောင့် ဖြစ်သည်။

“ဒီကောင် …”

ဇူယွမ်၏ အကြည့်အောက် မှာပင် ဝူဟောင်၏ သွေးများ ရွှဲနစ်နေသည့် ခန္ဓာကိုယ်ကြီးက လှုပ်ရှားလာပြီး တွင်းထဲမှ မတ်တတ် ထရပ်လာသည်။

ဝူဟောင်၏ မျက်လုံးများက သွေးနီရောင် ပင်လယ်ကြီး တစ်ခုလို ဖြစ်နေပြီး အလွန်အမင်း သတ်ဖြတ်လိုစိတ် များဖြင့် ပြည့်နှက်နေသည်။ သူ့အနေဖြင့် သည်လို မသန်စွမ်း ဖြစ်နေသည့် နဂါးတစ်ကောင်က သူ့အား သည်အခြေအနေ အထိရောက်အောင် လုပ်နိုင်လိမ့်မည်ဟု အိပ်မက်ပင် မမက်ဖူးချေ။

ဂုဏ်မောက်သော ဝင့်ကြွားသော မာနကြီးသော ဝူဟောင်အတွက် သည်အခြေအနေက သေအံ့ဆဲဆဲ အခြေအနေထက် လက်ခံရန် ခက်ခဲပေသည်။

“ဟား … ဟား … ဟား …”

ဝူဟောင်က ဇူယွမ်အား စိုက်ကြည့်လိုက်သည်။ အဆုံးမှာတော့ သူ၏ ခေါင်းက ကောင်းကင်ဘက်သို့ လှည့်သွားပြီး ကျယ်လောင်စွာ ရယ်မောလိုက်သည်။ ထိုရယ်သံထဲတွင် သတ်ဖြတ်လိုစိတ် အပြည့် ပါဝင်နေသည်။

“ဇူယွမ် … ဇူယွမ်။ ဒီလိုနေ့မျိုး ရောက်လာမယ်လို့ ငါလုံးဝ မတွေးထင်မိဘူး ငါဝူဟောင်က မင်းကြောင့်ဒီလို သနားစရာ စိတ်ပျက်စရာ အခြေအနေမျိုး ရောက်ရှိလိမ့်မယ်လို့”

“သို့သော်လည်း …”

“သော်ငြားလည်း မင်းငါ့ကို သတ်နိုင်မှာ မဟုတ်ဘူး”

သူ၏ နှုတ်ခမ်းထောင့်စွန်းက သရော်ဟန်ဖြင့် မြင့်တက်သွားပြီး ဇူယွမ်ကို စိုက်ကြည့်ကာ မေးလိုက်သည်။ “ဘာကြောင့်လဲ ဆိုတာကို မင်းသိလား”

သတ်ဖြတ်လိုစိတ် များက ပိုပြီး ပိုပြီး ရုန့်ရင်းစွာ သူ၏ မျက်လုံးထဲမှ ထွက်ပေါ်လာသည်။ သူက သူ၏ အဝတ်အစားများကို အပေါ်ပိုင်း ဗလာကျင်းသည် အထိ ချွတ်ချလိုက်သည်။ အသေအချာ ကြည့်မည် ဆိုပါက သူ၏ အရေပြားပေါ်တွင် နဂါးတစ်ကောင်၏ ပုံရိပ် ရစ်ခွေနေသည်ကို မြင်ရပေလိမ့်မည်။

ဇူယွမ်၏ မျက်ဝန်းအိမ်များက ကျဉ်းမြောင်းသွားပြီး ဝူဟောင်၏ ကိုယ်ပေါ်ရှိ မြင်ရန် ခက်ခဲသည့် ရစ်ခွေနေသည့် နဂါးပုံရိပ်အား စူးစိုက်ကြည့်လိုက်သည်။ ထိုအရာကို မြင်လိုက်ရချိန်တွင် သူ၏ နှလုံးသားက ရုတ်တရက် နာကျင်လာခဲ့သည်။

နာကျင်မှုတွေက တဖြည်းဖြည်းတိုးလာခဲ့ပြီး သူ၏ မှတ်ဉာဏ် အနက်ရှိုင်းဆုံး နေရာရှိ အကြောင်းအရာ များက ထွက်ပေါ်လာခဲ့သည်။

အတိတ်မှတ်ဉာဏ် အတွင်းတွင် သူက အေးစက်စက် ယဇ်ပလ္လင် တစ်ခုထက်ဝယ် လဲလျောင်းနေခဲ့ပြီး ဝူဘုရင်က သူ၏ မြင့်မြတ်သော နဂါးကောင်းချီးကို ထုတ်ယူပြီး စပါးအုံးနှင့် စာကလေးငှက် ထံသို့ ရောက်ရှိစေခဲ့သည်။ သူ၏ နာကျင်မှုက လွန်ခဲ့သော နှစ်များစွာက အတိုင်း ယခုပင် နာကျင်နေရသည်။

သွေးမျက်ရည်များက ဇူယွမ်၏ မျက်လုံးမှ တဖြည်းဖြည်း စီးကျလာခဲ့သည်။

“မင်းဒါကို ခံစားမိလား” ဝူဟောင်က ထိုမြင်ကွင်းကို ကြည့်ပြီး ရယ်မောလိုက်သည်။

သူ၏ မျက်ခုံးနှစ်ခု ကြားတွင် အနီရောင် အစက်လေးက တဖြည်းဖြည်း ကြီးမားလာခိုက်တွင် နဂါးဟိန်းသံ သဲ့သဲ့လေးက သူ၏ ခန္ဓာကိုယ်မှ ထွက်ပေါ်လာခဲ့သည်။

“ဟား … ဟား … ဟား …”

“ဟုတ်တယ်။ ဒါက မင်းရဲ့ ခန္ဓာကိုယ်ကနေ ထွက်ခွာသွားတဲ့ မြင့်မြတ်သော နဂါးရဲ့ ကောင်းချီးပဲ”

“အဲအရာက ငါ့ကို ကာကွယ်ထားတယ် မင်းက ဘယ်လိုလုပ် ငါ့ကို သတ်ဖို့ ဖြစ်နိုင်မှာလဲ”

ဇူယွမ်၏ လက်သီးဆုပ်မှ အရိုးကျိုးသံများ ထွက်ပေါ်လာကာ သူ၏ လက်သည်းများပင် သူ၏ လက်ဖဝါး အတွင်းသို့ စိုက်ဝင်နေသည်။ သူ၏ အမူအရာ မှာလည်း တဆတ်ဆတ် တုန်ယင်နေပြီး သူ၏ မျက်လုံးထဲတွင် ရုန့်ရင်းသော သတ်ဖြတ်လိုစိတ်များ စီးဆင်းနေသည်။

“ဒါကြောင့် မင်း စိတ်တိုနေပြီလား”

ဝူဟောင်က အေးစက်စက် ရယ်မောလိုက်ပြီး ဇူယွမ်ကို သရော် တော်တော်ဟန်ဖြင့် လှမ်းကြည့်နေလိုက်သည်။

“ကြည့်ရတာ မင်းအနေနဲ့ မြင့်မြတ်သော နဂါးကောင်းချီးကို တစ်ခါမှ မကြုံတွေ့ဖူးပုံပဲ မှန်တယ်မလား။ ဒါကြောင့်မလို့ မင်းဒီနေ့ ကောင်းကောင်း ခံစားရမှာပါ”

“ဇူယွမ် မင်းက ဒီမြင့်မြတ်သော နဂါး ကောင်းချီးပေးခြင်းရဲ့ မူလပိုင်ရှင် ဆိုတော့ ဒီကောင်းချီးကြောင့် မင်းသေတော့မယ့် အချိန်မှာ ဘယ်လို ခံစားရလဲ”

“ဟဟ မင်းက သနားဖွယ် ကောင်းတဲ့ တီကောင်လေးပဲ မင်းက ဒီနေ့အခြေအနေ ထိရောက်အောင် အမြုပ် ထွက်မတတ် ကြိုးစားခဲ့ပေမယ့်လဲ …”

ဝူဟောင်က ရူးရူးမူးမူး ရယ်မောလိုက်သည်။ ထိုနောက် သတ်ဖြတ်လိုစိတ် အပြည့် ပါဝင်သော အေးစက်စက် အသံဖြင့် အော်ဟစ်လိုက်သည်။

“နဂါး ကောင်းချီးပေးမှု နဂါးအဖြစ်သို့ ပြောင်းလဲခြင်း”


Comment

Leave a Reply

Options

not work with dark mode
Reset