စာစဥ် (၁၄) အပိုင်း (၁၉၃)

သူတော်စင်စာလုံး၏ စွမ်းအား

ဘန်း …

လိပ်ခွံဒိုင်း အကာအကွယ်က အမိုးခုံး ပုံသဏ္ဌာန်ဖြင့် ထွက်ပေါ်လာကာ ထိုအရာပေါ်တွင် လျှို့ဝှက်ဆန်းကြယ်သော မှော်စာလုံးများက တောက်ပစွာ ထွက်ပေါ်လာပြီး ဖျက်ဆီး၍ မရနိုင်သော အကာအကွယ် ဟူသည့် ခံစားချက်ကို ပေးစွမ်းသည်။

ဇူယွမ်က ဒိုင်းကာ အတွင်းတွင် ရပ်နေပြီး ကောင်းကင်ပေါ်မှ ကျဆင်းလာသော ကြက်သွေးနီရောင် ကျောက်ခဲများကို ကြည့်နေသည်။

ဟူး … လား …လား …

စိတ်လှုပ်ရှားစွာ စောင့်ကြည့်နေသော အကြည့်များ အောက်တွင် ကြက်သွေးနီရောင် ကျောက်ခဲများက လိပ်ခွံပုံစံ အကာအကွယ်၏ မူလ မှော်စာလုံးများ ပေါ်သို့ ရက်စက်စွာ ကျဆင်းလာသည်။

ဘန်း … ဘန်း …

အဆက်မပြတ်သော ပေါက်ကွဲမှုများက အဆက်မပြတ် ဖြစ်ပေါ်နေသည်။

ကြက်သွေးရောင် ကျောက်ခဲတိုင်း၌ ရုန့်ရင်းကြမ်းတမ်းသော ပေါက်ကွဲမှု စွမ်းအားများ ပါဝင်နေပြီး တဖြည်းဖြည်း တိုးပွားလာသော စွမ်းအားများက အလွန်အမင်းကို ကြမ်းတမ်းလွန်းပေသည်။ သူတို့ထံတွင် ပါဝင်လာသော အားများက တောင်တစ်လုံး ကိုပင် ဖျက်ဆီးနိုင်စွမ်း ရှိပေသည်။

အနီရောင် အားလှိုင်းများက မူလ မှော်စာလုံး အစီအရင်များ ပေါ်တွင် ရုန့်ရင်းစွာ ပေါက်ကွဲနေသည်မှာ သာမန် မျက်စိနှင့်ပင် မြင်တွေ့နိုင်ပေသည်။

သူတော်စင် အကြွင်းအကျန် ဒေသ အတွင်းအပြင်မှ အကြည့်များက ကြေးမုံပြင်ပေါ်ရှိ မြင်ကွင်းအား မခွာနိုင် လောက်အောင်ပင် ကြည့်နေကြသည်။ ဇူယွမ်၏ မူလမှော် စာလုံး အစီအရင်သည် တိုက်ခိုက်မှုများ အပေါ် မည်မျှ ခံနိုင်ရည် ရှိမည်ကို လူတိုင်း သိရှိလို နေကြသည်။

ထိုဒိုင်းကာသာ ကျရှုံးခဲ့လျှင် … တိုက်ပွဲ၏ အဆုံးသတ်ကို ရောက်ရှိလာပေမည်။

လူတိုင်းသည် သူတို့၏ မျက်တောင်များပင် မခတ်ရဲတော့ပါ။

ဘန်း … ဘန်း …

မှော်စာလုံး အစီအရင် အတွင်း၌ ဇူယွမ်က မူလမှော်လုံး အစီအရင် ပေါ်တွင် အရူးအမူး ဖြစ်ပေါ်နေသည့် လှိုင်းများကို စိုက်ကြည့်နေသည်။ သူအနေဖြင့်လည်း တဝုန်းဝုန်း ပေါက်ကွဲမှုများမှ ထွက်ပေါ်လာသော အားလှိုင်းများကို ခံစားမိပေသည်။ သူ့အနေဖြင့် အထဲမှာ နေထိုင်ရင်းမှ အလွန်ပင် ခက်ခဲလာသည်။

“ကောင်းကင်ဘုံ ကျင့်စဉ်က တကယ်ကို ကြောက်ဖို့ ကောင်းတာပဲ”

ဇူယွမ် ရေရွတ်လိုက်သည်။ အဆင့်နိမ့် ကောင်းကင်ဘုံ ကျင့်စဉ်က ပတ်ဝန်းကျင်ရှိ မူလချီများကို နိုးထစေပြီး အားပြင်းတဲ့ တိုက်ခိုက်မှု တွေကို ဖော်ထုတ်နိုင်တာပဲ။ အနက်ရောင် အဆင့်ကျင့်စဉ်မှ ထွက်ပေါ်လာတဲ့ မည်သည့် စွမ်းအားမျိုးမဆို အခု ထွက်ပေါ်နေသော စွမ်းအားများကို ယှဉ်နိုင်မည် မဟုတ်ပေ။

ဇူယွမ်က အဝေး တစ်နေရာရှိ ကြက်သွေးရောင် မူလချီများပေါ်တွင် ရပ်နေသော ဝူဟောင်ကို လှမ်းကြည့်လိုက်သည်။ အန္တရာယ် ပေးတော့မည့် လက္ခဏာနှင့် မည်းမှောင်နေသော မျက်နှာ တစ်ခုက ဇူယွမ်ကို စိုက်ကြည့်နေသည်။

“ဇူယွမ် မင်းရဲ့ အသက် ရှင်သန်နေမှုက တကယ်ကို စိတ်အနှောင့်အယှက် ဖြစ်စရာပဲ မင်းကြာကြာ အသက်ရှင် နေထိုင်ရတော့မှာ မဟုတ်ပါဘူး …” ဝူဟောင်၏ အေးစက်စက် အသံထွက်ပေါ် လာခဲ့သည်။

သူ၏ လက်ဟန်ကို ပြောင်းလဲလိုက်သည်နှင့် ကောင်းကင်ရှိ ကြက်သွေးနီရောင် တိမ်တိုက်များက ပြင်းထန်စွာ တုန်ခါလာပြီး ကြက်သွေးရောင် ကျောက်ခဲမိုးများက ပို၍ပို၍ ကျဆင်းလာကာ ကောင်းကင်ကိုပင် ဖုံးအုပ်သွားပြီး မူလမှော် စာလုံး အစီအရင် ပေါ်သို့ ရုန့်ရင်းကြမ်းတမ်းစွာ ကျဆင်းသည်။

တိုးလာသော တိုက်ခိုက်ချက် များက လိပ်ခုံး အကာအကွယ် အတွင်းသို့ ဝင်ရောက်လာပြီး မူလမှော် စာလုံးများပင် စတင်ပြီး တုန်ခါလာသည်။

“မူလမှော် စာလုံးက သူ့ရဲ့ ကန့်သတ်ချက်ကို ရောက်ပြီထင်တယ်”

ထိုမြင်ကွင်းကို မြင်လိုက်ရသော အချိန်တွင် သနားနေသည့် မှတ်ချက်များ ထွက်ပေါ်လာသည်။ “ဘယ်လောက်တောင် သနားဖို့ ကောင်းလိုက်လဲ၊ ဇူယွမ်က တကယ်ကို အံ့သြဖို့ ကောင်းတယ်”

“ဟုတ်တယ်။ သူ့ရဲ့ ကျင့်ကြံမှုက ကောင်းကင်တံခါး အဆင့်ပဲ ရှိသေးပေမဲ့ သူ့ရဲ့ အင်အားက ကောင်းကင်ဘုံ ကျင့်စဉ်ကို အသုံးပြုထားတဲ့ ဝူဟောင်နဲ့ ယှဉ်နိုင်ခဲ့သည်။ သူရှုံးခဲ့ပေမဲ့ သူ့ရဲ့ အမည်နာမက ကန်ရွမ်တိုက်ကြီး တစ်ခုလုံးကိုတောင် တုန်လှုပ်စေလိမ့်မယ်”

“ဒါကို ငါလည်း သဘောတူတယ်။ သူသာ မူလစဦး အဆင့်ကျင့်ကြံသူ တစ်ဦးသာ ဖြစ်ခဲ့မယ် ဆိုရင်ကွာ ဒီတိုက်ပွဲမှာ ဘယ်သူနိုင်မလဲ ပြောရခက်သွားပြီ”

ဝရုန်း …

များစွာသော စကားသံများ ထွက်ပေါ်နေစဉ် အတွင်း မူလမှော် စာလုံး အစီအရင်မှာ ပြင်းထန်စွာ တုန်ခါနေပြီး လိပ်ခုံးသဏ္ဌာန် ဒိုင်းကာ၏ အကာအကွယ် အလွှာမှာလည်း ကြက်သွေးရောင် ကျောက်ခဲများ၏ ပေါက်ကွဲမှု အောက်တွင် တဖြည်းဖြည်း အားနည်းလာသည်။

“ဇူယွမ် မင်းဒီနေ့ သေရမယ်”

အားနည်းလာသည့် မူလမှော် စာလုံး အစီအရင်ကို ကြည့်လိုက်ပြီးနောက် ဝူဟောင်၏ မျက်လုံးထဲတွင် သတ်ဖြတ်လိုစိတ်များ ပိုမိုဖုံးလွှမ်း လာခဲ့သည်။ ခဏအကြာတွင် သူ၏ လက်အား ရုတ်တရက် မြှောက်လိုက်ပြီး ဟစ်ကြွေးလိုက်သည်။

“ကြက်သွေးနီရောင် ကျောက်ခဲထိုးချက်”

ဘန်း … ဘန်း …

လေထဲရှိ ကြက်သွေးရောင် ကျောက်ခဲများက စတင်ပြီး စုစည်းလာကာ ပေပေါင်း ဒါဇင်ချီ ကြီးမားသည့် ကြက်သွေးနီရောင် လက်သီးကြီးအသွင် ဖြစ်ပေါ်လာသည်။ ကြီးမားလှသည့် လက်သီးကြီးသည် ကြက်သွေးနီရောင် ကျောက်ခဲများ ပေါင်းစပ်ထားသည့် နေလုံးကြီး အသွင်ဖြစ်ပြီး ရုန့်ရင်းသော မူလချီ လှိုင်းလုံးများက တအိအိ လှိုင်းထနေသည်။

“သေစမ်း”

ဝူဟောင်၏ ရက်စက်သော ရယ်မောသံကြီး ထွက်ပေါ်လာပြီးနောက် သူ၏ လက်ဖဝါးကို အောက်ဘက်သို့ မှောက်ချလိုက်သည်။

ဝှစ် …

ကြီးမားလှသည့် ကြက်သွေးနီရောင် လက်သီးကြီးသည် မယုံကြည်နိုင်ဖွယ် အမြန်နှုန်ူးဖြင့် ဆင်းသက်လာခဲ့သည်။

ဇူယွမ်ပင် ကောင်းကင်မှ ထွက်ပေါ်လာသော ပေါက်ကွဲသံနှင့် အတူ ကောင်းကင်ကြီးအား တစ်စွန်းတစပင် မြင်နိုင်တော့သည်။

ဖန်း …

ထိုအခိုက်တွင် ကောင်းကင်မှ သွေးနီရောင် လက်သီးက မှော်စာလုံး အစီအရင် ပေါ်သို့ ပြင်းထန်စွာ ရိုက်ခတ်ပြီးနောက် ပြင်းထန်သည့် ရိုက်ခတ်သံကြီး ထွက်ပေါ်လာခဲ့သည်။

ထိုရိုက်ခတ်မှုကြောင့် မူလမှော် စာလုံး အစီအရင်မှာ ရပ်တန့်သွားဟန် ရသည်။

ခလပ် …

မြေပြင်ပေါ်ရှိ မူလမှော် စာလုံးထံမှ အက်ကွဲသံ သဲ့သဲ့လေး ကြားလိုက်ရပြီး အက်ကြောင်းများ ပေါ်လာပြီ ဖြစ်သည်။

မူလ မှော်စာလုံး အစီအရင် ပေါ်တွင် အက်ကြောင်းများ ပေါ်လာခဲ့ပြီ ဖြစ်သည်။

ထိုအရာရာက အစိတ်စိတ် အမြွှာမြွှာ ကွဲကြေ ကျခါနီးပင် ဖြစ်နေသည်။

မရေမတွက် နိုင်သော ကြည့်ရှုနေသူ တို့၏ ခေါင်းအတွင်းမှာ ရှော့ရသွားကြသည်။ မျှော်လင့်ချက် မဲ့သွားသလိုပင် ဇူယွင်၏ မူလမှော် စာလုံး အစီအရင်က ဆက်လက် တည်တံ့နိုင်စွမ်း မရှိတော့ပေ။

“ကြည့်ရတာ ဒါက လုံလောက်မှု မရှိတဲ့ ပုံပဲ”

ဇူယွမ်ချက်ချင်းပင် မျက်မှောင်ကြုတ် သွားသည်။ သူမူလ မှော်စာလုံး အစီအရင်၏ အလယ်ဗဟိုချက် မဏ္ဍိုင်က အဆင့်သုံး မူလမှော် စာလုံးများ ဖြစ်သည်။ ထိုနေရာတွင် အဆင့်လေး မှော်စာလုံး များကိုသာ ဗဟိုချက် မဏ္ဍိုင် အဖြစ်ထားနိုင်မည် ဆိုပါက တိုက်ခိုက်မှုကို ကြံ့ကြံ့ခံနိုင်ရန် လုံလောက်ပြီ ဖြစ်သည်။

ဘုန်း …

ကြီးမားလှသော ကြက်သွေးနီရောင် လက်သီးကြီး၏ အောက်တွင် မူလ မှော်စာလုံး အစီအရင်မှာ သူ၏ ခံနိုင်စွမ်း အကန့်အသတ်ကို ရောက်သွားဟန်ဖြင့် ဘုန်းခနဲ အသံနှင့်အတူ ပေါက်ကွဲထွက်သွားသည်။

မူလ မှော်စာလုံး အစီအရင်များ ပေါက်ကွဲ ထွက်သွားသည်နှင့် ကြက်သွေးနီရောင် လက်သီးကြီးက ဆက်လက် ကျဆင်းလာပြီး ဇူယွမ်ဆီသို့ ဦးတည်၍ တိုးဝင်လာသည်။

ဇူယွမ်၏ ခြေထောက်များက ကွေးညွတ်သွားပြီး နဂါးခြေလှမ်းကို အသုံးပြုကာ ရှောင်တိမ်းရန် ပြင်လိုက်သည်။ တိုက်ခိုက်မှုက လွန်စွာ စွမ်းအား ပြည့်ဝသည့်အတွက် သူ့အနေဖြင့် ထိပ်တိုက်ရင်ဆိုင်ဖို့ မဖြစ်နိုင်ပေ။

သို့သော်လည်း ဇူယွမ်နဂါး ခြေလှမ်း အသုံးပြု၍ ရှောင်နေစဉ် အတွင်း သူ၏ မျက်ခုံးနှစ်ခုကြားရှိ ရှေးဟောင်း စာလုံး တစ်ခုက မှိန်ဖျော့စွာ ထွက်ပေါ်လာသည်ကို ခံစားမိလိုက်သည်။

“ရွှေရေကန်က ရလာတဲ့ သူတော်စင် စာလုံးလား …”

ဇူယွမ်၏ နှလုံးသား တုန်ခါသွားသည်။ ယခင်က သူ့အနေဖြင့် သူတော်စင် မှော်စာလုံးအကြောင်း လေ့လာဖို့ ကြိုးစားစဉ်က မည်သည့် တုံ့ပြန်ချက်မျှ မရှိခဲ့ပေ။

မူလမှော် စာလုံးမှ လိုင်းတန်းများ တိုးထွက်လာပြီး နောက်ဆုံးတွင် ဇူယွမ်၏ မျက်စိသူငယ် အတွင်းသို့ တိုးဝင်လာသည်။

သူ၏ မျက်လုံးအတွင်းမှ စူးကနဲ နာကျင်မှု တစ်ခုကို ရုတ်တရက် ခံစားမိလိုက်သည်။

ဘာမှ မသိလိုက်သော အချိန် အတောအတွင်း မှာပဲ ရှေးဟောင်း မှော်စာလုံး အစီအရင်များက သူ၏ သူငယ်အိမ် အတွင်း၌ စတင်ပြည့်နှက် လာသည်။

သူ အထိတ်တလန့် ဖြစ်သွားပြီးနောက် သူ၏ အမြင်စွမ်းအားများ ရုတ်တရက် တိုးတက်လာသည်ကို သိလိုက်သည်။ မိုးကြိုး အလင်းနှုန်းဖြင့် လျင်မြန်စွာ ကျဆင်းလာသည့် ကြက်သွေးနီရောင် လက်သီးကြီးက သူ၏ အမြင်အာရုံတွင် လွန်စွာ နှေးကွေးသွားပေသည်။

ထိုစဉ်တွင် ကြီးမားသော လက်သီးကြီးပေါ်တွင် အစက်အပြောက်များ ဖြစ်ပေါ်နေသည်ကို တွေ့လိုက်ရသည်။

သည်အလင်းစက် များက နေရာ အနှံ့အပြားတွင် ရှိကာ ထိုအစက်များကို ကြည့်ရသည်မှာ ထူးခြားဟန် မရှိသော်လည်း ဇူယွမ်အနေဖြင့် ထို အလင်းစက်များ ရှိသော နေရာတွင် မူလချီ အားလှိုင်းများ မငြိမ်မသက် ဖြစ်နေမှုကို ခံစားမိပေသည်။

“အဲတာတွေက …”

ဇူယွမ်၏ သူငယ်အိမ်များက ပိုမို စူးစိုက် ကြည့်လိုက်သည်။ “အားနည်းတဲ့ နေရာတွေလား”

သည်အလင်းစက်များက ကြီးမားသော ကြက်သွေးနီရောင် လက်သီးကြီး၏ ကွဲပြားခြားနားသော ပျော့ကွက်များကို ပြသပေးနေသည်။ တခြားစကားလုံးဖြင့် အားနည်းသည့် အမှတ်အသား များပင် ဖြစ်သည်။

“ဒါက သူတော်စင် စာလုံးရဲ့ စွမ်းရည်လား” ဇူယွမ်က ထိုးထွင်းသိမြင်ကာ နားလည်သွားသည်။

သူတော်စင် စာလုံးက မူလကျင့်စဉ် များ၏ အားနည်းချက် ပျော့ကွက်များကို တွေ့မြင် စေနိုင်သည်လား။

ဇူယွမ်၏ နှလုံးသားမှာ ပင်လယ်‌ကြီး တစ်ခုအလား မာန်ဟုန် ပြင်းလာသည်။ အဘယ်ကြောင့် ဆိုသော် သူ့အနေဖြင့် မည်သို့ တိုက်ခိုက်ရမည်ကို သိရှိသွားရပြီ ဖြစ်သည်။ မည်သည့် မူလကျင့်စဉ် မဆို အားနည်းချက် များကို သိရှိနိုင်မည် ဆိုပါက သူ့အနေဖြင့် ထိုအားနည်းချက် များကို ရှာဖွေပြီး တိုက်ခိုက်လျှင် ကြီးမားသော အကျိုး သက်ရောက်မှုကို ဖြစ်စေပြီး သေးငယ်သော ဖြစ်နိုင်ချေလေး ကပင် ပြိုင်ဘက်၏ မူလချီများကို ဖျက်ဆီးပစ်နိုင်သည်။

သူ၏ပုံရိပ်က ရှောင်တိမ်းဖို့ ကြိုးစားနေရာမှ ရပ်တန့်လိုက်သည်။

“ဒါဆို ငါရှောင်တိမ်းဖို့ မလိုတော့ဘူးပဲ …”

သူ၏ ဦးခေါင်းကို မော့လျက် သူ့မျက်လုံးများက ကျဉ်းမြောင်းသွားပြီး ကောင်းကင်မှ ကျဆင်းလာသော ကြက်သွေးနီရောင် လက်သီးကြီးအား ကြည့်လိုက်သည်။

သူ၏ ခြေထောက်များကို ကွေးညွတ်ကာ အားယူလိုက်ပြီး ခဏအကြာတွင် အရှေ့သို့ ထိုးတက်သွားသည်။ သူ၏ လက်ငါးချောင်းအား တင်းကျပ်စွာ ဆုပ်လိုက်ပြီး ရွှေရောင် အံ့ဖွယ် ကြေးခွံများက သူ၏ လက်သီးတွင် ဖုံးအုပ်လာသည်။ နက်ရွှေရောင် မူလချီများ ကလည်း ပတ်ဝန်းကျင် လေထုထဲသို့ ပျံ့နှံ့လာသည်။

“သူ … မရှောင်တိမ်းဘူးလား”

လူတိုင်းက ရုတ်တရက် ဇူယွမ်၏ ရူးသွပ်သော အပြုအမူကြောင့် တုန်လှုပ်သွားသည်။

မူဝူကျိ၏ အမူအရာက ရုတ်တရက် ပြောင်းလဲသွားသည်။

ထိုစဉ်တွင် ကျိုးဖန်၏ မျက်နှာပေါ်၌ ကောက်ကျစ်သော အပြုံးတစ်ခု ဖြစ်ပေါ်နေသည်။

ဝူဟောင်က အထက်မှနေ၍ မြေပြင်သို့ ကြည့်ရင်း သူ၏ နှုတ်ခမ်းထောင့်စွန်းတွင် သရော်လှောင်ပြောင်ခြင်း အထင်သေးခြင်း စသည့် အဓိပ္ပာယ်များ ပါဝင်သည့် အပြုံးတစ်ခု ဖြစ်ပေါ်နေသည်။

“ဇူယွမ် မင်းကတော့ ဆိုးဆိုးဝါးဝါး သေဆုံးချင်တာပဲ။ မင်းက အောက်တန်းကျတဲ့ စကားလုံးတွေကိုပဲ ပြောဆိုတတ်ရုံ ကလွဲပြီး ဘာမှမတတ်ပါဘူး”

မရေမတွက် နိုင်သော အကြည့်များ အောက်တွင် ဇူယွမ်က အေးစက်သော အကြည့် အေးစက်သော မျက်နှာဖြင့် အထက်သို့ ဆက်တက်သည်။ သူ၏ အံ့ဖွယ် စပါးအုံး ကြေးခွံနှင့် ကြီးမားသော ကြက်သွေးနီရောင် လက်သီးတို့က လထဲတွင် သွားရောက်တွေ့ဆုံသည်။

ဒေါင်…

အဖြူရောင် ကျောက်စိမ်းကွင်းပြင်က ကြမ်းတမ်းစွာ တုန်ခါသွားသည်။


Comment

Leave a Reply

Options

not work with dark mode
Reset