စာစဉ် (၁၄) အပိုင်း (၁၉၂)

ကောင်းကင်ဘုံ လိပ်ခွံအကာအကွယ်

ဒေါင် …

အဖြူရောင် ကျောက်စိမ်းကွင်းပြင် ပေါ်တွင် ဇူယွမ်နှင့် ဝူဟောင်တို့၏ လက်သီးနှစ်လုံး တွေ့ဆုံမိကြပြီး ရုန့်ရင်းသော မူလချီများ ထွက်ပေါ်လာခဲ့သည်။ သူတို့ ပတ်ဝန်းကျင်မှ မြေပြင်ပင် မွစာကြဲသွားပြီး ဝူဟောင်နှင့် ဇူယွမ်တို့ နှစ်ယောက်လုံး အနောက်သို့ လွင့်စဉ်သွားသည်။

ဇူယွမ်က လေးလံစွာ နင်းလိုက်ရင်း သူ၏ ခန္ဓာကိုယ်ကို ပြန်ထိန်းမတ် လိုက်ရသည်။ သူက မျက်မှောင်ကြုတ်လျက် ခေါင်းငုံ့ကြည့်လိုက်လျှင် သူ၏ ရွှေရောင် ကြေးခွံချပ်ဝတ်မှာ ကွဲကြေနေပြီး သွေးများပင် စိမ့်ထွက်နေသည်။

ထိုအရာက ဝူဟောင်နှင့် သူ၏ တိုက်ပွဲအတွင်း ကွာဟချက်ကို ထိန်းပေးသည်။

“ဒီအံ့ဖွယ် စပါးအုံး ကြေးခွံအတွက် ဘုရားကို ကျေးဇူးတင်ရမယ် မဟုတ်ရင် ငါသူနဲ့ ရင်ဆိုင်နိုင်မှာ မဟုတ်ဘူး” ဇူယွမ်က စိတ်ထဲမှ မှတ်ချက်ချလိုက်သည်။ ဝူဟောင်၏ သန်မာမှုမှာ မူလစဦး အဆင့်သို့ ရောက်ရှိပြီးနောက် သူ၏ ရုပ်ပိုင်းဆိုင်ရာ စွမ်းရည်မှာ ဇူယွမ်ထက်သာ လွန်ပေသည်။ အံ့ဖွယ်စပါးအုံး ကြေးခွံသာ မရှိဘူးဆိုလျှင် ဇူယွမ်အနေဖြင့် အနီးကပ် တိုက်ခိုက်နိုင်လိမ့်မည် မဟုတ်ပေ။

“အမ်”

ရုတ်တရက် ဇူယွမ်က ဝူဟောင်၏ အထက်တွင် စုစည်း ဖြစ်ပေါ်နေသည့် ကြက်သွေးနီရောင် တိမ်တိုက်များကို သတိပြု မိသွားသည်။ ကြက်သွေးနီရောင် တိမ်တိုက်များက လေထဲတွင် ဖြစ်ပေါ်နေပြီး ထိုမှ ထွက်ပေါ်နေသည့် မူလချီများက ကွင်းပြင်၏ အပူချိန်ကို တိုးမြင့်စေသည်။

“ဘယ်လောက် အံ့အားသင့်ဖွယ် ကောင်းတဲ့ မူလချီ လှိုင်းတွေလဲ”

ဇူယွမ်၏ အမူအရာမှာ ပြောင်းလဲသွားပြီး သူ၏ မျက်လုံးများက တင်းမာလာသည်။

ဝူဟောင်က သူတို့ တိုက်ခိုက်နေသော အချိန်များတွင် သည် မူလချီများကို လျှို့ဝှက်စွာ စုဆောင်းနေဟန် ရပြီး သည်အလွန်အမင်း စွမ်းအားပြည့်ဝသည့် မူလချီ ကျင့်စဉ်အား အသက်သွင်းဖို့ ကြိုးစားနေဟန် ရသည်။

ဝူဟောင်က သူ၏ မူလချီများ အထက် လေထဲတွင် မတ်တတ်ရပ်နေပြီး ဇူယွမ်အား အေးစက်စက်ကြည့်ကာ မထူးခြားသည့် အသံဖြင့် ပြောသည်။ “အဆင့်နိမ့် ကောင်းကင်ဘုံ အဆင့် ကျင့်စဉ်ကို ယဲ့မင်နဲ့ လီချွန်ကျွမ် တို့ကို ရင်ဆိုင်ဖို့ ထားထားတာ … မမျှော်လင့်ပဲ မင်းနဲ့ ရင်ဆိုင်ရတဲ့ အချိန်မှာ အသုံးပြု ရတော့မယ်”

“အဆင့်နိမ့် ကောင်းကင်ဘုံ အဆင့် ကျင့်စဉ်လား”

ဇူယွမ်၏ မျက်ဝန်းအိမ်မှာ ကျဉ်းမြောင်းသွားသည်။ ဝူဟောင်က ကောင်းကင်ဘုံ အဆင့် ကျင့်စဉ်ကို တတ်မြောက်နေပြီလား။

ဇူယွမ် အနေဖြင့် ထိုအရာကို တစ်ခါမျှ မမြင်ဖူး သေးသော်လည်းပဲ သူက အခြေအနေကို ရှင်းလင်းစွာ နားလည်ပေသည်။ လူတစ်ယောက်၏ ကျင့်ကြံခြင်းအဆင့် မြင့်မားလေ မူလကျင့်စဉ်၏ သတ်ဖြတ်နိုင်စွမ်း မြင့်မားလေဖြစ်သည်။

“ဘယ်လို သောက်ပြဿနာလဲ” ဇူယွမ်က တိုးတိတ်စွာ မှတ်ချက်ပြုသည်။ ဝူဟောင်က ရန်သူများ အားလုံးထဲမှ ရင်ဆိုင်ရ အခက်ခဲဆုံးသော ရန်သူတစ်ယောက် ဖြစ်သည်။

သူတော်စင် အကြွင်းအကျန် ဒေသ အတွင်းနှင့် အပြင် နှစ်ခုလုံးတွင် မရေမတွက် နိုင်သော သူများမှာ အံ့အားသင့်လျက် ရှိပြီး ကောင်းကင်အထက်ရှိ ကြက်သွေးနီရောင် တိမ်တိုက်ကြီးကို စိုက်ကြည့်နေကြသည်။

“ဝူဟောင်က တကယ်ကို ခန့်မှန်း၍ မရနိုင်အောင်ပဲ၊ သူက ကောင်းကင်အဆင့် ကျင့်စဉ်ကိုပါ တတ်မြောက်နေတယ်”

“ပိုပြီး အရေးကြီးတာက သူက မူလစဦး အဆင့် ကျင့်ကြံသူ ဖြစ်နေတဲ့ အတွက်ကြောင့် ဒီကျင့်စဉ်ရဲ့ စွမ်းအားတွေကို ပိုပြီး အသုံးချ နိုင်လိမ့်မယ်”

“ကြည့်ရတာ တိုက်ပွဲက မကြာမီ အဆုံးသတ်ပြီပဲ ဇူယွမ် အနေနဲ့ အသက်ရှင်ဖို့ မဖြစ်နိုင်တော့ဘူး”

စိတ်မကောင်းစွာ မှတ်ချက်ချသံများ ထွက်ပေါ်လာခဲ့သည်။ မြင်းနက်တစ်ကောင် အဖြစ် ဇူယွမ်က သူတို့ကို အံ့အားသင့် စေခဲ့ပြီး သည်အခြေအနေ ထိရောက်အောင် စွမ်းဆောင် ပြခဲ့ပေမဲ့ သည်အချိန်တွင် သူ၏ ရင်ဆိုင်ရမည့် ရန်သူက အလွန် ခွန်အားကြီးပေသည်။

“ဇူယွမ် မင်းအခုချိန်မှာ နောင်တရမယ်ဆို မင်းရဲ့ ချီသိုလှောင်ခန်းကို ဖျက်ဆီးလိုက် ငါမင်းကို အသက်ရှင်ခွင့် ပေးမယ်” ဝူဟောင်က ဇူယွမ်အား မောက်မာ ဝင့်ကြွားစွာ စိုက်ကြည့်လိုက်ပြီး အရာအားလုံး သူ၏ လက်တွင်းတွင် ရှိနေဟန်ဖြင့် ပြောလိုက်သည်။

ဇူယွမ်က ပြုံးလျက်ပဲ ပြန်ပြောခဲ့သည်။ “အသုံးမဝင်တဲ့ အမှိုက် မင်းက နှစ်ပေါင်းများစွာ ဦးဆောင်ခဲ့ပြီး ငါ့ထက် သာလွန် ခဲ့တာတောင်မှ ငါမင်းကို မျက်လုံးထဲ မထည့်ခဲ့ဘူး မင်းကို ငါကြောက်လာဖို့ မျှော်လင့် မနေနဲ့”

ဝူဟောင်၏ အကြည့်က ချောက်ချားဖွယ် အေးစက်သွားပြီး အေးစက်စွာ ပြောလိုက်သည်။ “ဒါဆို မင်းက သေချင်တယ်ပေါ့ ငါမင်းရဲ့ ဆန္ဒကို ဖြည့်ဆည်း ပေးပါမယ်။ ပြီးတော့ စိတ်မပူနဲ့ ငါကြီးမြတ်သော ဇူအင်ပါယာကို သွားရောက် ဖျက်ဆီးတဲ့ အချိန်ရောက်ရင် မင်းရဲ့ အလောင်းကို အောင်လံအဖြစ် လွှင့်ထူ ထားပေးမယ်”

သူ၏မျက်နှာမှာ ရက်စက် တော့မည်ဟန်ဖြင့် မဲ့သွားပြီး သူ၏ လက်နှစ်ဖက်ကို ပူးကပ်ကာ မူလချီများကို ထုတ်ဖော်လိုက်သည်။

“ကောင်းကင်ဘုံ အဆင့်ကျင့်စဉ် ကြက်သွေးနီရောင် ကောင်းကင်မှ ကျောက်ခဲမိုး ရွာသွန်းခြင်း”

ဘုန်း …

ဝူဟောင်၏ အပေါ်ရှိ ကြက်သွေးနီရောင် တိမ်တိုက်မှာ ရုတ်တရက် တုန်ခါသွားသည်။ ဗြုန်းခနဲပင် မရေမတွက် နိုင်သော ကြက်သွေးနီရောင် ကျောက်ခဲမိုးက ကောင်းကင်ထက်မှ ကျဆင်းလာခဲ့ပြီး အပိုင်းအစ တိုင်းတွင် ကြီးမားသော ပေါက်ကွဲနိုင်သည့် စွမ်းအားများ ပါဝင်နေသည်။

ပေတစ်ထောင်ခန့်ရှိ ဧရိယာ တစ်ခွင်လုံးသည် ကျဆင်းလာသော ကျောက်ခဲ အရိပ်များဖြင့် ဖုံးလွှမ်း သွားခဲ့သည်။

“ကြက်သွေးနီရောင် ကောင်းကင်မှ ကျောက်ခဲများ ပေါက်ကွဲခြင်း” မူဝူကျိ၏ အမူအရာမှာ ပြောင်းလဲသွားသည်။ သူက ကျိုးဖန်ကို အေးစက်စက် ကြည့်ပြီး မေးလိုက်သည်။ “ငါ့ရဲ့ မှတ်ဉာဏ်ထဲမှာ ဒီကောင်းကင်ဘုံ နည်းစနစ်က မြင့်မြတ်သော နန်းတော်ကပိုင်တဲ့ အရာလားလို့”

ကျိုးဖန်က ပြုံးလျက် ပြန်ဖြေခဲ့သည်။ “မင်းရဲ့ မှတ်ဉာဏ်တွေ ချို့ယွင်းနေပြီပဲ မြင့်မြတ်သော နန်းတော်မှာ မူလကျင့်စဉ်တွေ မရေမတွက် နိုင်အောင်ရှိတယ်။ တစ်စုံတစ်ခုနဲ့ တူနေတာ ဖြစ်မှာပေါ့”

မူဝူကျိမှာ ဒေါသထွက်သွားသည်။ ကျိုးဖန်မှာ အမှန်ပင် အရှက်မဲ့ လှပေသည်။ တမန်တော် တစ်ယောက် အနေဖြင့်တောင် သူက ဝူဟောင်အား ကောင်းကင်ဘုံ ကျင့်စဉ်တစ်ခုကို လျှို့ဝှက်စွာ ပေးအပ်ခဲ့သည်။

မရေမတွက် နိုင်သော ကြက်သွေးနီရောင် ကျောက်တုံးများ၏ ကျဆင်းမှု အောက်တွင် ထိုဧရိယာ တစ်လျှောက်လုံးမှာ သေခြင်း နယ်နိမိတ် အဖြစ် ပြောင်းလဲလာသည်။ မည်သူမဆို ခြေတစ်လှမ်းမျှ တိုးဝင်လိုက်သည်နှင့် သေဆုံးရမည်မှာ သိသာပေသည်။

လူတိုင်းက သူတို့၏ စိတ်အတွင်းမှ ခေါင်းယမ်း နေကြသည်။ ဇူယွမ်က သည်အချိန်တွင် အန္တရာယ် ကျရောက်နေပြီ ဖြစ်သည်။

မရေမတွက် နိုင်သော သနားနေသည့် အကြည့်တို့၏ အောက်တွင် ဇူယွမ်၏ အမူအရာမှာ အလွန်အမင်း တင်းမာလာသော်လည်း ထိတ်လန့်ဟန် မပြပေ။ သူက အသက်ရှူ သွင်းလိုက်ပြီး ပြောလိုက်သည်။ “ဝူဟောင် တကယ်ပဲ မင်းတစ်ယောက်တည်း ကြိုတင် ပြင်ဆင်မှုတွေ လုပ်လာတယ်လို့ မင်းထင်နေတာလား”

ဝူဟောင်၏ မျက်လုံးများမှာ ကျဉ်းမြောင်းသွားသည်။

ဇူယွမ်က အေးစက်စက် နှာခေါင်းရှုံ့လိုက်ပြီး သူ၏ လက်မောင်းအိုးကို ဝှေ့ယမ်း လိုက်သည်နှင့် အားလှိုင်းတစ်ခု ထွက်ပေါ်လာပြီး မြေပြင်ပေါ်ရှိ ကျောက်တုံးများကို အဝေးသို့ လွင့်စဉ်စေသည်။ ဇူယွမ်၏ ဘေးပတ်ပတ်လည် တွင်လည်း မှော်စာလိပ် အချို့ ထိုးစိုက်နေသည်ကို လူတိုင်း ရုတ်တရက် မြင်လိုက်ကြသည်။

ဖြန့်ခင်းထားသည့် မှော်စာလုံးတိုင်းတွင် အားလှိုင်းများက ရုန်းကြွနေသည်။

ထိုစာလိပ်များကို မြင်ချိန်တွင် လူအုပ်ကြီးက အော်ဟစ်လိုက်သည်။ “ဒါတွေက … မူလ မှော်စာလိပ် တွေလား”

“ဇူယွမ် ဘာလုပ်ဖို့ ကြိုးစား နေတာလဲ”

“ငါမြင်ရတာတော့ ဒီမှော်စာလိပ်တွေ အားလုံးက အများအားဖြင့် အဆင့်သုံး မူလမှော် စာလိပ်တွေပဲ အဲအရာတွေနဲ့ ကြက်သွေးနီရောင် ကောင်းကင်မှ ကျောက်ခဲများ ပေါက်ကွဲခြင်းကို တားနိုင်မှာ မဟုတ်ဘူး”

ဝူဟောင်က အေးစက်စက် ရယ်မောလိုက်ပြီး “ငါ့ကို ကြောက်လန့်ပြီး ဘာလုပ်ဖို့ ကြိုးစားနေတာလဲ။ ဒီအရာတွေက မင်းကို ကယ်နိုင်မှာလား”

သူ့ အနေဖြင့်လည်း ထို မူလမှော် စာလိပ်များက အဆင့် သုံးသာ ရှိသေးကြောင်း သိပေသည်။ သည်အဆင့် စာလိပ်များနှင့် ဆို မည်သည်မှ တတ်နိုင်လိမ့်မည် မဟုတ်ပေ။

ဇူယွမ်က ဝူဟောင်အား လျစ်လျူရှုလျက် မျက်မှောင် ကြုတ်ကာ လက်ဟန်တစ်ခု ပြုလုပ်လိုက်သည်နှင့် ကွင်းပြင်တွင် စိုက်ဝင်နေသည့် ကောင်းကင်ဘုံ ယွမ်စုတ်တံမှာ သူ၏ လက်အတွင်းသို့ ပြန်လည် ရောက်ရှိလာခဲ့သည်။

စုတ်တံ လက်ထဲသို့ ရောက်ရှိချိန်တွင် ဇူယွမ်က လေထဲတွင် စုတ်ချက်များ တစ်ခုပြီး တစ်ခု ရေးဆွဲလိုက်သည်။ အဆုံးတွင်တော့ စုတ်ချက်များ တစ်ခုနှင့် တစ်ခု စုဝေးသွားပြီး မူလမှော် စာလုံးတစ်ခု ဖြစ်ပေါ်လာသည်။

“ကွဲထွက်စမ်း …”

ဖနောင့်တစ်ချက် ပေါက်လိုက်သည်နှင့် သူ့ပတ်ပတ်လည်မှ မူလမှော် စာလုံးများမှာ ပေါက်ကွဲထွက်သွားပြီး အလင်းတန်းများက လှိုင်းအသွင် ဖြစ်ပေါ်ကာ မရေမတွက် နိုင်သော လိပ်ခွံဒိုင်းကာများ ပေါ်လာသည်။

အလင်းတန်းများက တစ်ခုနှင့်တစ်ခုထပ်သွားပြီး အားလုံး၏ အမြင်အာရုံကို အလွန်အမင်းအံ့အားသင့်စေသည်။

ထိုအခိုက်တွင် ဇူယွမ်ရှေ့တွင်ရှိသော မူလချီများမှာ အလင်းကြိုးများသဖွယ်ဖြစ်သွားပြီး လိပ်ခွံအကာအကွယ်ဒိုင်းများကို တစ်ခုနှင့် တစ်ခု ဆက်သွယ်ပေးလိုက်သည်။

အသက်ရှိုက်စာ အနည်းငယ်အကြာတွင် လိပ်ခွံအမိုးခုံးအလင်းများထွက်ပေါ်လာပြီး ဇူယွမ်ကို ဗဟိုပြု၍ ဒါဇင်ပေအချင်းရှိ အကာအကွယ် အလွှာ တစ်ု ဖြစ်ပါ်လာသည်။

သူတို့အားလုံး သာမန်အားဖြင့် အဆင့် သုံးမူလမှော်စာလုံးများဖြစ်သော်လည်း သူတို့ အချင်းချင်းဆက်နွယ်သွားချိန်တွင် ရှေးဟောင်း လိပ်ခွံအကာ အကွယ်တစ်ခု ဖြစ်ပေါ်လာပေသည်။

“ဒါက …”

အလွန်အမင်း အံ့အားသင့်ကြီးကြောင့် ပင့်သက်ရှိုက်သံ များက သူတော်စင် အကြွင်းအကျန် ဒေသ၏ အတွင်းနှင့် အပြင်တွင် ထွက်ပေါ်လာခဲ့သည်။

မူဝူကျိလည်း အလားတူစွာပင် ကြည့်ရှုနေပြီး တမန်တော်တွေ အတွင်းမှ မူလ မှော်စာလုံး ပညာရှင် တစ်ယောက်က အော်ဟစ်လိုက်သည်။ “သူက မူလ မှော်စာလုံး အစီအရင် တွေကို ဆက်လိုက်နိုင်တာပဲ ဘယ်လောက်တောင် အံ့အားသင့်ဖို့ ကောင်းတဲ့ မူလ မှော်စာလုံး အရည်အချင်းလဲ”

“ဒါဆို ဒါက မူလမှော်စာလုံး အနားသတ်ခြင်း …” ထူးဆန်းသော အလင်းတန်းများက မူဝူကျိ၏ မျက်လုံးတွင် တောက်ပလာခဲ့သည်။  လူတိုင်းက ထိုမူလ မှော်စာလုံး အနားသတ်ခြင်း အကြောင်းသိ ကြပေသည်။ မူလ မှော်စာလုံး အနားသတ်ခြင်း ဆိုသည်မှာ မရေမတွက် နိုင်သည့် မူလ မှော်စာလုံး များကို အသုံးပြုပြီး မူလ မှော်စာလုံးကြီး တည်ဆောက်ခြင်းပင် ဖြစ်သည်။ ထိုသို့ ပေါင်းစပ်ခြင်းတွင် သူတို့ အားလုံးကို ပြည့်စုံစွာ ဆက်သွယ် ပေးနိုင်ရန် လိုပြီး သေးငယ်သော အမှားအယွင်းလေးပင် ဖြစ်ပေါ်စေ၍ မရပေ။ လူတစ်ယောက်က သူ့ စိတ်ဝိညာဉ်ကို ကောင်းစွာ ထိန်းချုပ်နိုင်ရန် လိုအပ်ပေသည်။

အဆင့်လေး မူလစာလုံး ဆရာတစ်ယောက် ပင်လျှင် မူလ မှော်စာလုံး အနားသတ်ခြင်းကို ဆောင်ရွက်ရန် မလွယ်ကူပေ။

သိုသော် ဇူယွမ်က ပြည့်စုံစွာ လုပ်ဆောင်နိုင်ခဲ့သည်။

“ငါဒီကလေးကို နားမလည်နိုင်တော့ဘူး”

အံအားသင့်စွာ ကြည့်နေသည့် အကြည့်များ အောက်တွင် ဇူယွမ်က မူလမှော်စာလုံး အကာအကွယ် အတွင်းရှိနေပြီး သူ၏ ခေါင်းကို မော့က သူ့လက်ထဲရှိကောင်းကင်ဘုံစုတ်တံကို လေထဲသို့ ထိုးလိုက်ပြီး

“ဝူဟောင် ငါ့ရဲ့ ကောင်းကင်ဘုံ လိပ်ခွံ အကာအကွယ်က ဘယ်လောက် စွမ်းအားပြည့်ဝလဲ ဆိုတာကို မင်းရဲ့ ကောင်းကင်ဘုံ ကျင့်စဉ်နဲ့ စမ်းသပ်ပေးစမ်းပါ”


Comment

Leave a Reply

Options

not work with dark mode
Reset