အခန်း (၁၃၀) ခေါင်းမော့ရင်ကော့နိုင်ပြီ
ကျောက်ဟိုကို ကြည့်ရင်း ရန်ကျောက်ကဲ တွေးလိုက်သည်။
“မင်းက အဂ္ဂိရတ်ပညာနဲ့ ဆေးပညာမှာလည်း ကျွမ်းကျင်တယ် ၊ အခုလည်း သတ္တုကျောက်တွင်းကိစ္စကို သုတေသနပြုထားပြန်ပြီလား”
ရှန်းရှီဝမ်ကလည်း ကျောက်ဟိုကို လှမ်းကြည့်လိုက်ပြီး…
“မင်းရဲ့အစီအစဉ်ရော ပြီးပြည့်စုံပြီလား”
ကျောက်ဟိုက…
“အနည်းဆုံးတော့ ဘီလူးဝိညာဉ်သံလိုက်သတ္တုသွေးကြောကို ထိပ်ဆုံးအဆင့် (၇၀)ရာနှုန်းအထိ ပြန်ကောင်းလာစေနိုင်မှာပါ”
ထိုစကားများကိုကြားသည်နှင့် အဆုံးမဲ့တောင်တန်းမှ သိုင်းသမားများ အလွန်တရာ စိတ်ဓာတ်တက်ကြွလာကြသည်။
ဘီလူးဝိညာဉ်သံလိုက်သတ္တုသွေးကြောမှ ထုတ်လုပ်မှုစွမ်းရည်မှာ အများဆုံး (၄၀)ရာနှုန်းသာ ထွက်ရှိတော့သည်။
ထို့ကြောင့် အခြေအနေများကို ထိန်းထားနိုင်ရန် အဆုံးမဲ့တောင်တန်းက သတ္တုတူးဖော်မှုကို ကန့်သတ်ထားလေရာ (၂၀)ရာနှုန်းမှ (၃၀)ရာနှုန်းအထိ ထွက်နှုန်းကျဆင်းသွားသည်။
ထိုသို့ ဘီလူးဝိညာဉ်သံလိုက်သတ္တု ထွက်ရှိမှုနှုန်းကျဆင်းသွားခြင်းက အဆုံးမဲ့တောင်တန်း၏ တိုးတက်မှုများကို နှေးကွေးသွားစေသည်။
ယခု ကျောက်ဟိုက ဘီလူးဝိညာဉ်သံလိုက်သတ္တုသွေးကြောကို ထိပ်ဆုံးအဆင့် (၇၀)ရာနှုန်းအထိ ပြန်လည်ထိန်းသိမ်းနိုင်မည်ဟု ဆိုသည်။ ရာနှုန်းပြည့် မဟုတ်သည့်တိုင် လက်ရှိအနေအထားထက် နှစ်ဆနီးပါး သတ္တုထွက်နှုန်းမြင့်မားလာမည်ဖြစ်လေရာ ရှန်းရှီဝမ်နှင့် အခြားအကြီးအကဲများ စိတ်မလှုပ်ရှားဘဲ မနေနိုင်ကြပေ။
ကျောက်ဟို စကားကိုကြားတော့ ရန်ကျောက်ကဲက အနည်းငယ် ပြုံးလိုက်ရင်း…
“ငါ့မှာ နည်းလမ်း (၂)ခု ရှိတယ် ၊ တစ်ခုက (၇၀)ရာနှုန်းပြန်ကောင်းလာနိုင်တယ် ၊ နောက်တစ်ခုကတော့ (၉၀)ရာနှုန်းအထိ ရနိုင်တယ်”
ရန်ကျောက်ကဲစကားကိုကြားတော့ ကျောက်ဟိုက မျက်ခုံးများကိုတွန့်ချိုးရင်း သူရှိရာသို့ လှမ်းကြည့်သည်။
ရှန်းရှီဝမ် ၊ အကြီးအကဲ’ကျော်’နှင့် သံလိုက်အကြီးအကဲတို့ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်လိုက်ကြစဉ် လူအုပ်ကြီးထံမှ ဆူညံသံများသည်လည်း ချက်ချင်း တိတ်ဆိတ်သွားသည်။
အဆုံးမဲ့တောင်တန်းက နှစ်ပေါင်းများစွာ မဖြေရှင်းနိုင်ဖြစ်နေသည့် ပြဿနာအတွက် ရန်ကျောက်ကဲက ဖြေရှင်းချက်တစ်ခုတည်း ယူဆောင်လာခြင်း မဟုတ်ပေ။
သတ္တုသွေးကြော (၇၀)ရာနှုန်း ပြန်လည်ကောင်းမွန်လာမည့် နည်းလမ်းကိုအသာထား ၊ အထွတ်ထိပ်အခြေအနေနှင့် အနီးစပ်ဆုံး (၉၀)ရာနှုန်းအထိ ပြန်လည်ကောင်းမွန်လာအောင် ပြုလုပ်နိုင်မည်ဆိုပါက အဆုံးမဲ့တောင်တန်းက ကြိုတင်ခန့်မှန်းထားသည်များကို ကျော်လွန်သွားသည်အထိ ကြောက်မက်ဖွယ်ရာ ကောင်းလှပေသည်။
ကျောက်ဟိုထက် (၂၀)ရာနှုန်း အားသာချက် ရှိနေခြင်းက အဆုံးမဲ့တောင်တန်း၏ အဓိကလိုအပ်ချက်ကို ကောင်းစွာရရှိသွားစေသည်။
ရန်ကျောက်ကဲ၏ နည်းလမ်းက (၈၀)ရာနှုန်းဝန်းကျင်သာ ရှိခဲ့ပါက အဆုံးမဲ့တောင်တန်းသည် ကျောက်ဟို၏ နည်းလမ်းကိုပင် ရွေးချယ်နိုင်မည် ဖြစ်သည်။ အနည်းဆုံးတော့ ကျောက်ဟိုက အဆုံးမဲ့တောင်တန်းမှတပည့်တစ်ယောက်ဖြစ်သည် မဟုတ်လား။
ရန်ကျောက်ကဲ၏နည်းလမ်းကို ရွေးချယ်မည်ဆိုလျှင် ဝါဒတောင်ကို အကြွေးတင်သွားမည် ဖြစ်၏။
သို့သော်…
(၉၀)ရာနှုန်းနှင့် (၇၀)ရာနှုန်း။
ဤသည်က အဆုံးမဲ့တောင်တန်းကို အနည်းငယ် တုံ့ဆိုင်းသွားစေသည်။
အထူးသဖြင့် စောစောက မီးအကြီးအကျယ်လောင်ခဲ့စဉ် ရန်ကျောက်ကဲက သံလိုက်သတ္တုသွေးကြော ထိခိုက်မည့်အကြောင်းရင်းကို တိကျစွာ ကောက်ချက်ချနိုင်ခဲ့သည်။ ဤသည်က ကျောက်ဟို မလုပ်နိုင်သည့် ကိစ္စမျိုးဖြစ်သည်။
အဆုံးမဲ့တောင်တန်းက ကျောက်ဟို၏နည်းလမ်းကို အစကတည်းက သံသယဝင်နေခဲ့သည်။ အဘယ်ကြောင့်ဆိုသော် နည်းလမ်းကို အဆိုပြသူမှာ တပည့်ငယ်တစ်ယောက် ဖြစ်နေသောကြောင့်ပင်။ ထိုတပည့်ငယ်သည် သူ အဆိုပြုသည့်နည်းလမ်းကို သူကိုယ်တိုင် နားလည်ပါရဲ့လားဟု တွေးတောခဲ့ကြသည်။
တိမ်လွှာတောင်သို့ ထွက်ခွာမလာခင်ကတည်းက ရှန်းရှီဝမ်သည် ဂိုဏ်း၏ ထိပ်တန်းအကြီးအကဲများနှင့် ဖြစ်နိုင်ခြေအမျိုးမျိုးကို ဆွေးနွေးခဲ့ပြီး ဖြစ်သည်။ ထို့ပြင် ဂိုဏ်းချုပ်ကိုယ်တိုင်ကလည်း ဖြေရှင်းရန် နည်းလမ်းများစွာကို အကြံပြု ပြောကြားခဲ့၏။
“စာရွက်ပေါ်မှာရေးထားတဲ့အစီအစဉ်ကတော့ ဘာမှသက်သေ ပြနိုင်မှာမဟုတ်ဘူး ၊ တိကျသေချာတဲ့ ရလဒ်တွေကို မျက်မြင် တွေ့မြင်ရဖို့ လိုအပ်တယ်”
ရှန်းရှီဝမ်က လေးလေးနက်နက် လေသံဖြင့် ပြောသည်။
“ဆိုတော့… မင်းတို့ (၂)ယောက် တိကျတဲ့အချက်အလက်တွေကို ထုတ်ဖော်ပြသဖို့ အဆင်ပြေသလား”
ရန်ကျောက်ကဲက ပေါ့ပေါ့ပါးပါး ပြုံးလိုက်ရင်း…
“လက်တွေ့လုပ်တာက စကားနဲ့ပြောနေတာထက် ပိုကောင်းပါတယ် ၊ ကျွန်တော့်ဘက်ကတော့ သဘောတူပါတယ်”
သူက ဆက်ပြောသည်။
“ကျွန်တော့်ရဲ့ နည်းလမ်းက အကျိုးသက်ရောက်မှုကိုလည်း ချက်ချင်း တွေ့မြင်ရမှာ ဖြစ်ပါတယ် ၊ အသုံးချလိုက်တာနဲ့ ရလဒ်ကို တွေ့ရှိရမှာပါ ၊ ခန့်မှန်းထားတဲ့အတိုင်းတော့ ချက်ချင်းဖြစ်လာမှာ မဟုတ်ပေမယ့် သတ္တုသွေးကြော ပြန်ကောင်းလာဖို့ လုပ်ငန်းစဉ်ကို ကြည့်လိုက်တာနဲ့ ယေဘူယျ ခန့်မှန်းချက်တစ်ခု ကောက်ချက်ချနိုင်မှာ ဖြစ်ပါတယ်”
“တဖြည်းဖြည်း တိကျတဲ့ရလဒ်တွေ ရရှိလာဖို့အတွက် အချိန်နဲ့အမျှ သက်သေပြနိုင်ပါတယ် ၊ ဒီကာလအတွင်းမှာ ကျွန်တော်လည်း တိမ်လွှာတောင်မှာနေပြီး အကျိုးသက်ရောက်မှုတွေကို ကိုယ်တိုင် ကြည့်ရှုနေမှာပါ”
ကျောက်ဟိုက အေးစက်သည့်လေသံဖြင့်…
“ငါ့နည်းလမ်းကလည်း လျှင်လျှင်မြန်မြန်နဲ့ ထိရောက်တဲ့ နည်းလမ်းတစ်ခုပါပဲ”
ထိုစကားကြောင့် ရှန်းရှီဝမ်နှင့် အခြားအကြီးအကဲများ မှင်တက်သွားကြသည်။
ရန်ကျောက်ကဲကို ကြည့်လိုက်တော့ သူ့မျက်ဝန်းများတွင် သံသယများရှိနေကြောင်း အထင်အရှားတွေ့ရသည်။
ဘီလူးဝိညာဉ်သံလိုက်သတ္တုသွေးကြော ပြန်လည်ထူထောင်ရေးနည်းလမ်းများက မဟာကပ်ဘေးမတိုင်ခင်က တည်ရှိခဲ့သော ဘီလူးဝိညာဉ်မျိုးနွယ်များ၏ အကြွင်းအကျန် သဲလွန်စများမှတစ်ဆင့် တိုက်ဆိုင်စွာ သိရှိလာခြင်း ဖြစ်သည်။
အရင်ကတော့ ရန်ကျောက်ကဲက ထိုကိစ္စကို ဘာမှမဟုတ်သလို သဘောထားခဲ့သည်။ အဆုံးမဲ့တောင်တန်း၏ ရှင်သန်မှုက သူနှင့်ဆိုင်သည့်ကိစ္စမှ မဟုတ်ပေပဲ။
ယခုတော့ အဆုံးမဲ့တောင်တန်းကို လိုအပ်သည့်အကူအညီပေးပြီး ပြန်လည်အသုံးချရန်အတွက် ပြီးပြည့်စုံသည့် နည်းလမ်းတစ်ခု ဖြစ်လာခဲ့သည်။
သို့သော် ဘီလူးဝိညာဉ်သံလိုက်သတ္တုသွေးကြောကို (၉၀)ရာနှုန်း ပြန်လည်ကောင်းမွန်လာစေမည့်နည်းလမ်းကတော့ ယုံကြည်စရာမရှိသော နည်းလမ်းတစ်ခု ဖြစ်သည်။
ရန်ကျောက်ကဲက ဆေးလုံးလွတ်မြောက်စေသောရွှေအပ်နည်းစနစ်အပြင် နဂါးချုပ်လှောင်ချောက်နက်တွင် ကောင်းကင်ဖျက်စီးခြင်းအလင်္ကာကို အသုံးပြုခဲ့လေရာ ကျောက်ဟိုအနေဖြင့် သူ့အစွမ်းကို လျှော့မတွက်ဝံ့ပေ။
ထို့ကြောင့် ရန်ကျောက်ကဲက သတ္တုသွေးကြောကို (၉၀)ရာနှုန်းအထိ ပြန်ကောင်းအောင် စွမ်းဆောင်နိုင်သည်ဟု အခိုင်အမာဆိုသည့်အခါ ကျောက်ဟိုမှာ ရန်ကျောက်ကဲကို အဆက်မပြတ် ရှုံးနိမ့်ခဲ့ရသူပီပီ အနည်းငယ်တော့ ယုံကြည်သွားမိသည်။
သို့သော် ဤကိစ္စကြောင့် ရန်ကျောက်ကဲအပေါ် သူ၏ မုန်းတီးစိတ်များ ပိုမိုကြီးထွားလာခဲ့သည်။
“အရှေ့ထန်မှာတုန်းကလည်း မင်းက ငါ့ရဲ့ အကြံအစည်တွေကို တောက်လျှောက်ဖျက်စီးပစ်ခဲ့တယ် ၊ အခုလည်း အဆုံးမဲ့တောင်တန်းအထိလိုက်လာပြီး ငါ့ရဲ့အခွင့်အာဏာကို ဟန့်တားနေပြန်ပြီ”
“ရန်ကျောက်ကဲ… ဝါဒတောင်… မင်းတို့အားလုံးကို ဖျက်စီးပစ်တာ အကောင်းဆုံးပဲ”
ကျောက်ဟိုက တစ်ချိန်လုံးမာနကြီးပြီး မည်သူ့ကိုမှ မျက်စိထဲမထားဘဲ မောက်မာသူတစ်ဘောက် ဖြစ်သည်။ သို့သော် ရန်ကျောက်ကဲကြောင့် အဆင်မပြေမှုများကို အကြိမ်ကြိမ်ကြုံတွေ့ခဲ့ရသည်။
အစပိုင်းတွင် ရန်ကျောက်ကဲက ဝါဒတောင်မှတပည့်ဖြစ်သောကြောင့် သဘောမကျခဲ့ခြင်း ဖြစ်သည်။ ယခုတော့ ရန်ကျောက်ကဲအပေါ် ပုဂ္ဂိုလ်ရေးမုန်းတီးမှုက ဝါဒတောင်တစ်ခုလုံးကို မုန်းတီးခြင်းထက်ပင် ကျော်လွန်သွားခဲ့သည်။
ရှန်းရှီဝမ်နှင့် အကြီးအကဲ’ကျော်’ တို့က သံလိုက်အကြီးအကဲကို ကြည့်လိုက်ကြသည်။
သံလိုက်အကြီးအကဲက ခဏမျှ စဉ်းစားပြီးနောက် ခေါင်းညိတ်လိုက်ရင်း…
“ဒီအဘိုးကြီး ရှိနေတယ်ဆိုတော့ သူတို့တွေ စမ်းသပ်ကြည့်လို့ရပါတယ် ၊ သတ္တုသွေးကြောတစ်ခုလုံးကို ထိခိုက်နိုင်မှာ မဟုတ်ပါဘူး”
ရှန်းရှီဝမ်က…
“ဒါဖြင့် မင်းတို့ (၂)ယောက်ရဲ့ နည်းလမ်းတွေကို ကြည့်ကြရအောင်”
ထို့နောက် သူက ရန်ကျောက်ကဲနှင့် ကျောက်ဟိုကို တစ်ချက်ဝေ့ကြည့်လိုက်ရင်း…
“ဘယ်သူအရင် သွားမှာလဲ”
ကျောက်ဟိုက ရန်ကျောက်ကဲကို အရင်ကထက်ပိုပြီး သတိထားနေသည့်တိုင် မာနကတော့ တစ်ပြားသားမှ မလျှော့ပေ။
“အဝေးကလာတဲ့ဧည့်သည်တွေကို ဦးစားပေးပါတယ် ၊ သူ အရင်သွားလို့ရတယ်”
ကျောက်ဟိုကိုကြည့်ရင်း ရန်ကျောက်ကဲတွေးလိုက်သည်။
“အဲဒါကြောင့် ငါပြောတာပေါ့ ၊ ကိုယ်ရည်ကိုယ်သွေးက ကံတရားကို ဆုံးဖြတ်ပေးတယ်ဆိုတာ”
ထို့နောက် ရယ်မောရင်း ခေါင်းညိတ်လိုက်ပြီး…
“ငါက ဘာမဆို အဆင်ပြေပါတယ် ၊ မင်း ဒီလိုပြောမှတော့ ငါ အရင်သွားလိုက်တော့မယ်နော်”
ထို့နောက် တိုက်ပွဲဖြစ်သည့်နေရာကို သန့်ရှင်းရေးလုပ်ရန် တပည့်အချို့ ကျန်ရစ်ခဲ့ကြပြီး ရန်ကျောက်ကဲနှင့် အခြားသူများကတော့ ဘီလူးဝိညာဉ်သံလိုက်သတ္တုရှိရာ ကျောက်ကျင်းဆီသို့ ပြန်လာခဲ့ကြ၏။
တပည့်အများစုက ကျောက်ကျင်းအပြင်ဘက်တွင် ကျန်ရစ်ခဲ့ကြပြီး အကြီးအကဲများနှင့် တပည့်အနည်းငယ်သာ အတွင်းသို့ ဝင်ရောက်ခွင့်ရသည်။
သံလိုက်အကြီးအကဲနှင့်တူ ရန်ကျောက်ကဲတို့အုပ်စု ကျောက်ကျင်းရှိရာသို့ ရောက်လာသည်။
သံလိုက်အကြီးအကဲ၏ လက်သီးသိုင်းဝိညာဉ်က နေရာတိုင်းတွင်ပျံ့နှံ့နေပြီး သဏ္ဌန်မရှိသော ချီစွမ်းအားစီးကြောင်းတစ်ခုအဖြစ် ကျောက်ကျင်းကို ဖုံးအုပ်ကာကွယ်ပေးထားသည်။ သို့သော် ရန်ကျောက်ကဲ၏ လှုပ်ရှားမှုများကိုတော့ လွှမ်းမိုးထားခြင်း မရှိပေ။
ရန်ကျောက်ကဲက ကျောက်ကျင်းပတ်ဝန်းကျင် မြေကြောတစ်လျှောက် ဝိညာဉ်စွမ်းအားပြောင်းလဲမှုများကို နောက်တစ်ကြိမ် သေသေချာချာ စစ်ဆေးကြည့်လိုက်သည်။ သူ့စိတ်ထဲ ပိုပြီးသေချာလာသလို ခံစားလိုက်ရသည်။
“ကျောက်ဟိုရဲ့နည်းလမ်းက သတ္တုသွေးကြောကို (၇၀)ရာနှုန်းအထိ ပြန်ကောင်းလာနိုင်တယ်လို့ ပြောတယ် ၊ အခုချိန်ထိ တိတိကျကျ မသိရသေးပေမယ့် သူ့နည်းလမ်းက ‘ကျိုးပျက်သတ္တုကြောပြန်လည်စီးဆင်း’ နည်းပညာ ဖြစ်ရမယ်”
ခဏမျှ စဉ်းစားပြီးနောက် ရန်ကျောက်ကဲက သူ့နည်းလမ်းကို ချက်ချင်းပင် စတင်စမ်းသပ်လိုက်သည်။
ကျောက်ကျင်းတည်ရှိရာ အတွင်းပိုင်းတွင် မည်သည့်အရာများ ဖြစ်ပျက်နေသည်ကို မသိကြသဖြင့် အပြင်ဘက်တွင်စောင့်နေသူများမှာ စိုးရိမ်ပူပန်လျှက် ရှိကြ၏။
အချိန် မည်မျှကြာသွားသည်မသိ ၊ လူတိုင်း၏ ခြေထောက်အောက်ရှိ မြေပြင်က အနည်းငယ် တုန်ခါသွားသည်။
ကောင်းကင်ထက် မော့ကြည့်သည့်အခါ လေတိုက်နှုန်းက ပိုမိုမြန်ဆန်လာပြီး တောင်ထိပ်တွင် တိမ်ဖြူများ မျောလွင့်နေသည်ကို တွေ့မြင်ကြရ၏။
ကျောက်ကျင်းအတွင်းပိုင်းမှ ထူထဲလေးလံသည် ဝိညာဉ်စွမ်းအားများထွက်ပေါ်လာကာ အလင်းတန်းများ လင်းလက်တောက်ပလာသည်။
အဆုံးမဲ့တောင်တန်းမှ တပည့်များအားလုံး၏ မျက်နှာများတွင် ဝမ်းသာရွှင်လန်းသည့်အမူအရာများ ထွက်ပေါ်လာသည်။ ဘီလူးဝိညာဉ်သံလိုက်သတ္တုထဲတွင်ပါဝင်သော အဆိုပါ ဝိညာဉ်စွမ်းအားကို သူတို့ထက်ပိုပြီး ရင်းနှီးနိုင်သူ မရှိပေ။
ကျောက်ကျင်းမှ ဝိညာဉ်စွမ်းအားအပြောင်းအလဲများကို ဂရုတစိုက် အာရုံခံရင်း ကျောက်ဟို၏ မျက်နှာက တဖြည်းဖြည်း ပြုံးလာသည်။
ရှန်းရှီဝမ် ၊ သံလိုက်အကြီးအကဲနှင့် အကြီးအကဲ’ကျော်’ တို့ တစ်ယောက်မျက်နှာတစ်ယောက် ကြည့်လိုက်ကြသည်။
အကြီးအကဲ’ကျော်’ က…
“မင်း ထိန်းထားသေးတာလား”
ရန်ကျောက်ကဲက ခပ်သဲ့သဲ့ပြုံးလိုက်ရင်း…
“ဒီနည်းလမ်းအတိုင်း မဟုတ်ဘူးဆိုရင်တောင် ကျွန်တော်တို့ တောက်လျှောက်ဆက်လုပ်သွားဖို့လိုတယ်ဗျ”
အကြီးအကဲ’ကျော်’ က…
“ဒါပေမဲ့ တောက်လျှောက်ဆက်လုပ်သွားမယ်ဆိုရင်တောင် သတ္တုသွေးကြောက (၇၀)ရာနှုန်းပဲ ပြန်ကောင်းလာနိုင်တယ်”
ဖူအန်းစုက အေးအေးဆေးဆေး ပြုံးနေသည့် ရန်ကျောက်ကဲကို လှမ်းကြည့်လိုက်သည်။
ရန်ကျောက်ကဲက…
“(၉၀)ရာနှုန်း ပြန်ကောင်းလာနိုင်မယ့်နည်းလမ်းက အကြီးအကဲတို့ဂိုဏ်းကလူတွေ လက်ခံနိုင်ဖို့ နည်းနည်းခက်လိမ့်မယ် ၊ ဒါကြောင့် ကျွန်တော်က (၇၀)ရာနှုန်းပြန်ကောင်းလာနိုင်မယ့် နည်းပညာကို အရင်ဆုံး စမ်းသပ်ပြတာပါ ၊ ဒီနည်းပညာကို ‘ထိုးဖောက်ရှာဖွေ’ နည်းပညာလို့ ခေါ်ပါတယ်”
ရန်ကျောက်ကဲက ကျောက်ဟိုကို တစ်ချက်လှမ်းကြည့်လိုက်ရင်း…
“အကြီးအကဲတို့ ဂိုဏ်းကတပည့်ရဲ့ နည်းလမ်းက အလုပ်မဖြစ်ရင် ကျွန်တော်တို့ ဒီနည်းလမ်းကို အသုံးပြုနိုင်ပါတယ်”
ထိုအချိန် ကျောက်ဟိုက သူ့အရှေ့မှ ကျောက်ကျင်းကို ငုံ့ကြည့်နေ၏။ ထိုမြင်ကွင်းကိုတွေ့တာ့ ရှန်းရှီဝမ်နှင့်အခြားသူများ မျက်မှောင်ကြုတ်သွားကြသည်။
သူတို့ အနည်းငယ် စိတ်မရှည်ဖြစ်လာစဉ်မှာပင် ကျောက်ဟိုက ရုတ်တရက် ပြုံးလိုက်သည်။
“ကျွန်တော့်အလှည့်ပဲ…”
ပြောပြီးသည်နှင့် ကျောက်ဟိုက သူ၏နည်းလမ်းကို စမ်းသပ်ထုတ်ဖော်လိုက်သည်။
သူက ကျင့်ကြံခြင်းအဆင့် နိမ့်ပါးနေသေးသောကြောင့် သံလိုက်အကြီးအကဲ၏ အကူအညီဖြင့် ညှိနှိုင်းဆောင်ရွက်ရသည်။
မကြာမီ သတ္တုသွေးကြော ဖျတ်ကနဲ တုန်ခါသွားပြီး သံလိုက်အကြီးအကဲ၏ မျက်နှာထက်တွင် ရွှင်လန်းသည့်အမူအရာတစ်ခု တဖြည်းဖြည်းထွက်ပေါ်လာသည်။
“ဒီလမ်းကြောင်း… ဒီလမ်းကြောင်းပဲ…”
ထိုစကားကိုကြားတော့ ရှန်းရှီဝမ် ၊ အကြီးအကဲ’ကျော်’ နှင့် အခြားသူများက သေသေချာချာ စစ်ဆေးကြည့်လိုက်ပြီး သူတို့၏မျက်နှာအမူအရာများ ပြောင်းလဲသွားသည်။
ကျောက်ဟို၏ နည်းလမ်းက အဆုံးမသတ်သေးသော်လည်း သူတို့အားလုံး၏မျက်နှာအမူအရာများက ရွှင်လန်းသွားကြသည်။
“ပိုပြီးတိုးလာတယ် ၊ (၇၀)ရာနှုန်း မကတော့ဘူး”
“ဒီနည်းလမ်းရဲ့ ထိရောက်မှုက စောစောက ‘ထိုးဖောက်ရှာဖွေ’ နည်းပညာထက် ပိုသာသွားပြီ ၊ (၈၀)ရာနှုန်းကျော် (၉၀)ရာနှုန်းနီးပါးပဲ”
ထိုစကားများကိုကြားတော့ ရန်ကျောက်ကဲ မျက်ခုံးတစ်ချက်ပင့်လိုက်သည်။
ဖူအန်းစုကတော့ မျက်မှောင်ကြုတ်လျှက် ရှိသည်။
အဆုံးမဲ့တောင်တန်းမှ အခြားသောတပည့်များကတော့ ဝမ်းသာအားရ ဖြစ်နေကြသည်။
ကျောက်ဟိုက ရန်ကျောက်ကဲကို လှည့်ကြည့်ရင်း…
“မင်းရဲ့ (၉၀)ရာနှုန်း ပြန်ကောင်းနိုင်မယ့် နည်းလမ်းကိုတောင် ထုတ်ပြနေစရာ မလိုတော့ဘူး”
ဟု တိုးတိတ်သည့်လေသံဖြင့် ဆိုလိုက်သည်။
ကျောက်ဟို၏နည်းလမ်းနှင် ရန်ကျောက်ကဲ၏နည်းလမ်းက သက်ရောက်မှု တူညီနေလျှင် အဆုံးမဲ့တောင်တန်းအနေဖြင့် ပြဿနာကို သူတို့ကိုယ်တိုင်ပင် ဖြေရှင်းမည် ဖြစ်သည်။ ဝါဒတောင်မှ အကူအညီကို ယူစရာမလိုတော့ပေ။
ထို့ပြင် ရန်ကျောက်ကဲပြောသည့် (၉၀)ရာနှုန်း ပြန်ကောင်းလာနိုင်သော နည်းလမ်းမှာလည်း မသိမြင်နိုင်သော အန္တရယ်အချို့ ရှိနေနိုင်သည်။
အဆုံးမဲ့တောင်တန်းမှ တပည့်များအားလုံးမှာ ယခုမှ သက်ပြင်းရှည်များ ချလိုက်နိုင်ကြသည်။
သူတို့အားလုံး ရန်ကျောက်ကဲကို လှမ်းကြည့်လိုက်ကြပြီး ယခုမှ ခေါင်းမော့ရင်ကော့နိုင်တော့သည်ဟု ခံစားလိုက်ကြရလေ၏။