Switch Mode

အခန်း (၁၂၉)

အသုံးမဝင်တော့

အခန်း (၁၂၉) အသုံးမဝင်တော့

‌ကျောက်ဟိုနှင့် အခြားသူများ ရောက်ရှိလာြခင်းက စစ်ခုန်ချင်းနှင့် ဟိုရှန်း၏ တိုက်ပွဲရလဒ်အပေါ် သက်ရောက်မှု မရှိပေ။

တိုက်ပွဲတွင် စစ်ခုန်ချင်းဘက်မှ အသာစီးရနေပြီဖြစ်ပြီး ဟိုရှန်းအနေဖြင့် တိုက်ပွဲရလဒ်ကို ပြောင်းပြန်လှန်ပစ်ရန် ခက်ခဲနေပြီ ဖြစ်သည်။ စစ်ခုန်ချင်းသာ ရူးရူးမိုက်မိုက် အမှားတစ်ခုကို မပြုလုပ်သရွေ့ သူမ သေချာပေါက် အနိုင်ရပေလိမ့်မည်။

ဤ အေးစက်စက် မိန်းကလေး၏ သိုင်းတာအိုအပေါ်ထားရှိသည့် စိတ်အားထက်သန်မှုသည် အခြားသူများထက်သာလွန်သည်။ လက်ရှိတွင် သူမက တိုက်ပွဲကိုသာ အာရုံစိုက်နေပြီး ရန်သူကို လျှော့မတွက်ခဲ့ပေ။

ဟိုရှန်းကတော့ ရှုံးနိမ့်ရန် ဦးတည်နေပြီ ဖြစ်သည်။

စစ်ခုန်ချင်းလက်ထဲမှဓားက ဟိုရှန်း၏ မှော်ဝင်လက်နက်ဖြစ်သော ပုဆိန်တိုကို ရိုက်ချလိုက်ချိန်တွင် သူက နေရာတွင်ပင် မတ်တတ်ရပ်ရင်း မျက်နှာတစ်ခုလုံး နီရဲလျှက် ရှိသည်။

အဆုံးမဲ့တောင်တန်းမှ အခြားတပည့်များကတော့ ခေါင်းမဖော်နိုင်ဖြစ်ကုန်ကြသည်။ ကျိဟန်ရူနှင့် ဟိုရှန်းတို့သည် သူတို့ဂိုဏ်း၏ လူငယ်မျိုးဆက် ကျင့်ကြံသူများဖြစ်ကြပြီး နှစ်ယောက်လုံးက ဝါဒတောင်မှ တပည့်များကို ရှုံးနိမ့်ခဲ့ကြသည်။

အသက်အရွယ်အရဆိုလျှင် ဟိုရှန်းက စစ်ခုန်ချင်းထက်အသက်ကြီးသလို ကျိဟန်ရူသည်လည်း ရန်ကျောက်ကဲထက် အသက်ကြီးသည်။

ရှက်စရာကောင်းသည့်အချက်မှာ ကျိဟန်ရူက ရန်ကျောက်ကဲထက် တစ်နှစ် နှစ်နှစ်မျှသာ အသက်ကြီးခြင်းမဟုတ်ပေ။ တိတိကျကျ ဆိုရသော် သူတို့က သက်တူရွယ်တူလည်းမဟုတ်သလို ကျင့်ကြံခြင်းအဆင့်လည်း မတူညီကြလေရာ ကျိဟန်ရူအနေဖြင့် သေချာပေါက် အနိုင်ရသင့်သည့်ကိစ္စ ဖြစ်သည်။

ကျောက်ဟိုက အဆုံးမဲ့‌တောင်တန်း၏ တပည့်များဝတ်ဆင်လေ့ရှိသည့် အနက်ရောင်ဝတ်စုံကို ဝတ်ဆင်ထားသည်။

သို့သော် သူက ဂိုဏ်းတူညီအစ်ကိုဖြစ်သော ဟိုရှန်းကို တစ်ချက်ပင် မကြည့်ဘဲ သူ့အကြည့်က စစ်ခုန်ချင်းထံသို့ ကျရောက်သွားသည်။

သို့သော် တစ်ခဏအတွင်းမှာပင် သူ့အကြည့်က ရန်ကျောက်ကဲအပေါ်သို့ ရွေ့လျားသွားသည်။

ရန်ကျောက်ကဲက ကျောက်ဟိုကို တစ်ချက်လှမ်းကြည့်လိုက်သည်။ သူ့မျက်လုံးများတွင် ယခင်ကကဲ့သို့ မာန်မာနနှင့် အထင်အမြင်သေးခြင်းများကို မတွေ့ရတော့ပေ။ သို့သော် သူ့အကြည့်က ငြိမ်းချမ်းသည့် အကြည့်တစ်ခုတော့ မဟုတ်ဘဲ ဓားတစ်လက်အလား ထက်မြက်လျှက်ရှိသည်။

“ဟက်.. အခုတော့ ဦးရီးတော်’ကျောက်’ကို မျက်နှာထောက်စရာမလိုတော့ဘူး”

ရန်‌ကျောက်ကဲ နှုတ်ခမ်းထောင့်စွန်းများ အနည်းငယ်တွန့်ကွေးသွားပြီး သူ့အကြည့်များက ရုတ်တရက် အေးစက်သွားကာ ကျောက်ဟိုရှိရာသို့ ထိုးဖောက်ဝင်ရောက်သွားသည်။

သူ၏မျက်လုံးများက လျှပ်စီးလက်သည့်အလား တောက်ပနေပြီး လေထုတစ်ခုလုံး လှုပ်ခတ်သွားသလို ခံစားရကာ ကျောက်ဟို၏မျက်လုံးများ စူးရှနာကျင်မှုကို ခံစားလိုက်ရသည်။

အကြီးအကဲ’ကျော်’က နှာခေါင်းတစ်ချက်ရှုံ့လိုက်ရင်း…

“အပြင်ပိုင်းကြယ်တာရာချီ နှောင်းပိုင်းအဆင့် သိုင်းပညာရှင်က အတွင်းပိုင်း ကြယ်တာရာချီ ကနဦးအဆင့် ကျင့်ကြံသူတစ်ယောက်ကို အနိုင်ကျင့်နေပါလား”

သူ့အသံက အေးစက်ပြီး အမှန်တကယ်တည်ရှိနေသည့် ထုထည်တစ်ခုအလား ခိုင်မာလာကာ တောင်ထိပ်တစ်ခုကဲ့သို့ ရန်ကျောက်ကဲကို ဖိနှိပ်ထားလိုက်သည်။

သူ့ဘေးနားတွင်ရှိနေသည့် ဖူအန်းစုက အေးစက်စွာဖြင့် နှာတစ်ချက်မှုတ်လိုက်ပြီး…

“ရှင်တို့တပည့်ရဲ့ အကြည့်တွေကို အရင်ထိန်းစမ်းပါ ၊ ဒီလို တင်းမာမှုမျိုးနဲ့ အတားအဆီးမရှိတဲ့ ‌ဒေါသထွက်နေပုံမျိုးက ဘယ်သူမှ သူ့ကို အနိုင်မယူနိုင်ဘူးလို့ ထင်နေသလား မသိဘူး”

သူမ၏ စကားသံ ပဲ့တင်ထပ်ထွက်ပေါ်လာသည်နှင့် ရန်ကျောက်ကဲအပေါ် ကျရောက်လာသည့် အကြီးအကဲ’ကျော်’၏ ဖိအားများက သဲလွန်စမကျန် အက်ကွဲ ပျောက်ကွယ်သွားသည်။

ဖူအန်းစုက အကြီးအကဲ’ကျော်’ကို စူးစိုက်ကြည့်လိုက်ရင်း…

“အနိုင်ကျင့်တာကို ပြောရကြေးဆိုရင်တော့ ရှင်တို့ဂိုဏ်းက ရှန်ထျန်း ကနဦးအဆင့် တပည့်က အပြင်ပိုင်းကြယ်တာရာချီ နှောင်းပိုင်းအဆင့်ရှိတဲ့ ကျောက်ကဲကို အခုပဲ တိုက်ခိုက်ခဲ့တာ မဟုတ်ဘူးလား”

ပုံမှန်ဆိုလျှင် လေပြင်းတိုက်ခတ်ပြီး မိုးအဆက်မပြတ်ရွာသွန်းသည့်အလား ခပ်မြန်မြန် စကားပြောလေ့ရှိသည့် ဖူအန်းစုက ယခုတော့ ဖြေးညင်းသိမ်မွေ့စွာပြောဆိုနေလေသည်။ သို့သော် ထိုသို့ပြောဆိုနေခြင်းက ပို၍ ဆိုးရွားလှသည်။

ကျောက်မင်ကတော့ ကျောက်ဟိုကိုကြည့်ကာ သက်ပြင်းချလိုက်ရင်း…

“ညီ (၁၆) ၊ မင်း ထီးနန်းအမွေကို မရရင်တောင်မှ မင်းအရည်အချင်းနဲ့ဆိုရင် ငါတို့ ဝါဒတောင်မှာ ပညာသင်ခွင့် ရမှာပါကွာ ၊ ဝါဒတောင်မှာသာဆိုရင် မင်းကို အားလုံးက အရေးပါတဲ့သူတစ်ယောက်လို ဆက်ဆံကြမှာ ၊ ဘာလို့ ဒီကိုရောက်နေရတာလဲ”

ကျောက်ဟိုက မျက်လုံးတစ်ချက်‌ထောင့်ကပ်ကာ ကျောက်မင်ကိုကြည့်လိုက်ပြီး လုံးဝ အရေးမစိုက်တော့ပေ။

ကျောက်ယွမ်နှင့်‌ ကျောက်ရှန်းတို့ထက်ဆာလျှင် ကျောက်မင်က ရိုးသားပြီး ညီအစ်ကိုဆက်ဆံရေးကို ဂရုစိုက်သူ ဖြစ်သည်။ သို့သော် သူက ဒေါသကြီးသူဖြစ်လေရာ ကျောက်ဟို၏ မာနကြီးပြီး မထီမဲ့မြင် အမူအရာကို တွေ့လိုက်ရသည်နှင့် စကားမပြောနိုင်လောက်အောင် ဒေါသချောင်းချောင်းထွက်သွားတော့၏။

ကျောက်မင်၏စကားကိုကြားနှင့် ဖူအန်းစုက…

“ဒါဆို ဒီကောင်က ကျောက်ရှီချန်းကို ကျေးဇူးကန်းသွားတဲ့အကောင်ပေါ့”

ဖူအန်းစု၏ဘဝတွင် သူမ အလေးစားဆုံးပုဂ္ဂိုလ်မှ သူမ၏ဆရာ ယွမ်ကျန်းဖုန်း ဖြစ်ပြီး သားအဖအရင်းကဲ့သို့ သံယောဇဉ်ကြီးကာ ရင်းနှီးသူများ ဖြစ်ကြသည်။ ထို့ကြောင့် သမူက သစ္စာမဲ့ပြီး သားသမီးတ္တရား မကျေပွန်သူများကို အထူးမုန်းတီးလေသည်။

ဖူအန်းစုက ကျိုးကြောင်းဆီလျော်သည်လား မစဉ်းစားဘဲ သူမစိတ်ထဲရှိသည့်အတိုင်း ပြုမူတတ်သူ ဖြစ်သည်။ ယခု ကျောက်ဟို မည်သူဖြစ်ကြောင်း သိရှိသွားသည့်အခါ သူမမျက်ဝန်းထဲတွင် ချက်ချင်းပင် ဒေါသရိပ်များ လွှမ်းခြုံလာသည်။

ကျောက်ဟိုကိုကြည့်နေသည့် သူမ၏အကြည့်များက လင်းလက်တောက်ပလာပြီး လေထုထဲတွင် အလင်းတန်းများ ထွက်ပေါ်လာကာ လျှပ်စီးကြောင်းများအဖြစ် ပြောင်းလဲသွားသည်။

အကြီးအကဲ’ကျော်’က ကျယ်လောင်သည့်အသံဖြစ် အော်ဟစ်လိုက်သည်။

“ဖူအန်းစု… လွန်ပြီနော်”

သူက ချက်ချင်းပင် ဖူအန်းစု၏ တိုက်ခိုက်မှုကို ပိတ်ဆို့ထားလိုက်သည်။

ဖူအန်းစုက မျက်ခုံးတစ်ချက် ပင့်လိုက်ရင်း…

“ဘာလဲ…”

ရှန်းရှီဝမ်က လက်တစ်ဖက်ကို မြှောက်လိုက်ပြီး နှစ်ယောက်လုံးကို တားဆီးလိုက်သည်။

သူက ဖူအန်းစုကို ကြည့်ရင်း…

“အဲဒီတုန်းက ငါတို့ဂိုဏ်းနှစ်ခု သဘောတူညီမှု ယူခဲ့တယ်လေ ၊ အရှေ့ထန်မှာ ဖြစ်ခဲ့တဲ့ကိစ္စက အတိတ်က ကိစ္စပဲ ၊ သူ့ နောက်ခံက ဘယ်လိုပဲရှိပါစေ အခု ငါတို့ အဆုံးမဲ့တောင်တန်းက တပည့်ဖြစ်နေပြီ”

ဖူအန်းစုက မည်သည့်စကားမှ မဆိုဘဲ ရန်ကျောက်ကဲ ၊ ဖန်းယွင်ရှန်း ၊ စစ်ခုန်ချင်းနှင့် အခြားတပည့်များကို တစ်ချက်လှမ်းကြည့်လိုက်သည်။

သူမစိတ်ဖြင့်ဆိုလျှင် ဘာကိုမှ အရေးမစိုက်ဘဲ ကျောက်ဟိုဆိုသည့်ကောင်ကို ချက်ချင်းသတ်ဖြတ်ပစ်မည် ဖြစ်သည်။ ပြီးမှ အဆုံးမဲ့တောင်တန်းမှ အကြီးအကဲ (၃)ယောက်နှင့် ရင်ဆိုင်ရလျှင်လည်း ပြဿနာမရှိပေ။

သို့သော် ယခုတော့ ဤနေရာတွင် သူမတို့ဂိုဏ်းမှ တပည့်ငယ်များလည်း ရှိနေလေသည်။ သူမသာ စိတ်လိုက်မာန်ပါလုပ်မိသည့်အတွက် တစ်ခုခုဖြစ်ခဲ့ပါက နောက်ထပ်ဖြစ်ပေါ်လာမည့် အကျိုးဆက်က အလွန်ဆိုးရွားသွားမည် ဖြစ်သည်။

အကြီးအကဲ’ကျော်’က…

“ဖူအန်းစု… မင်းတို့ ဝါဒတောင်ကလူတွေ မရှိရင် ငါတို့ အဆုံးမဲ့တောင်တန်းက ဘီလူးဝိညာဉ်သံလိုက်သတ္တုသွေးကြောနဲ့ပတ်သက်တဲ့ ပြဿနာကို ငါတိုကိုယ်တိုင် မဖြေရှင်းနိုင်ဘူးလို့ မင်းက ထင်နေတာလား”

“ဟမ်…”

ဖူအန်းစုက အံ့အားသင့်စွာဖြင့် ကျောက်ဟိုကိ လှမ်းကြည့်လိုက်သည်။

“… ရှင်တို့ ဒီကောင်လေးကို ပြောနေတာတော့ မဟုတ်ပါဘူးနော်”

ရှန်းရှီဝမ်က ခဏမျှ ငြိမ်သက်နေပြီးမှ ခေါင်းညိတ်လိုက်သည်။

“အမှန်အတိုင်းပြောရရင် ငါတို့ဂိုဏ်းရဲ့ တပည့်အသစ်ကျောက်ဟိုက ဘီလူးဝိညာဉ်သံလိုက်သတ္တုသွေးကြော ပြန်ကောင်းလာအောင် ပြုပြင်နိုင်တဲ့ နည်းလမ်းတစ်ခုကို တင်ပြလာတယ် ၊ အရင်က ဒီကိစ္စကို ငါတို့က ရည်ရွယ်ချက်ရှိရှိ ဖုံးကွယ်ထားခဲ့တာ မဟုတ်ဘူး ၊ ဒီနယ်မြေဧရိယာကို ကွင်းဆင်းလေ့လာပြီး ပြင်ဆင်မှုတွေ လုပ်နေတုန်းမို့လို့ မပြောဘဲထားတာပါ”

ထိုအချိန် ရှန်းရှီဝမ်၏ မျက်နှာက ပြောင်းလဲခြင်းမရှိသော်လည်း အကြီးအကဲ’ကျော်’နှင့် သံလိုက်အကြီးအကဲတို့က ခပ်စိမ်းစိမ်းအကြည့်များဖြင့်  ကျောက်ဟိုကို စူးစိုက်ကြည့်လိုက်ကြသည်။

ဤကောင်လေးက အရာအားလုံးကို သိမ်းဆည်းထားပြီး လျှို့ဝှက်နည်းပညာ၏ အဓိကအစိတ်အပိုင်းကို တစ်လျှောက်လုံး ဖုံးကွယ်ထားကာ ကန့်သတ်ထားသည့် အချက်အလက်အချို့ကိုသာ ထုတ်ဖော်ပြသခဲ့သည်။

သို့သော် ဤကိစ္စက အဆုံးမဲ့တောင်တန်းတစ်ခုလုံး၏ အသက်သွေးကြောနှင့်ပတ်သက်နေသည့် ကိစ္စဖြစ်သည့်အတွက် အလွန်အရေးပါလေရာ အကြီးအကဲ’ကျော်’က ထိုအကြောင်းကို အထက်သို့ သတင်းမပို့ဝံ့ခဲ့ပေ။

ထို့ကြောင့် သူက ကြီးမားသည့်လုပ်ငန်းများကို မလုပ်ဆောင်နိုင်ဘဲ ကျောက်ဟိုထံမှ အကြံပြုချက်အချို့ကိုသာ နားထောင်ခဲ့ရသည်။

တိမ်လွှာတောင်ကို စောင့်ကြပ်နေသည့် သံလိုက်အကြီးအကဲမှာလည်း ထို့အတူပင် ဖြစ်သည်။

ဝါဒတောင်နှင့် ရင်ဆိုင်ရသည့်အတွက်သာ အကြီးအကဲ (၂)ယောက်က ကျောက်ဟိုဘက်မှ ရပ်တည်ပေးနေသော်လည်း တကယ်တမ်းတွင် သူတို့ (၂)ယောက်လုံးက တတ်သိလိမ္မာမှုမရှိသော လူငယ်မျိုးဆက်တပည့် ကျောက်ဟိုအပေါ်တွင် အတော်လေး မကျေနပ်ကြပေ။

တစ်ချိန်တည်းမှာပင် ကျောက်ဟို၏ နည်းလမ်းက အမှန်တကယ် အလုပ်ဖြစ် မဖြစ်ကိုလည်း စိတ်ထဲမှ သံသယဝင်နေခဲ့ကြသည်။

လွန်ခဲ့သည့်ရက်များက ကျောက်ဟိုက တိမ်လွှာတောင်ရှိ ကျောက်ကျင်းတွင် စစ်တမ်းတစ်ခု ကောက်ယူခဲ့သည်။

ထိုအလုပ်က ပြီးပြတ်ခြင်း မရှိသေးသည့်အတွက် ရန်‌ကျောက်ကဲတို့အုပ်စု ရောက်လာသည့်အခါ အဆုံးမဲ့တောင်တန်းက ငြင်းဆန်းခြင်းမပြုဘဲ မယုတ်မလွန် စကားဆိုထားခဲ့သည်။

ထို့ကြောင့် အစောပိုင်းကပင် ရန်ကျောက်ကဲက အဆုံးမဲ့တောင်တန်း၏ မရေမရာဖြစ်နေသည့် သဘောထားကို ခံစားခဲ့ရခြင်း ဖြစ်၏။

ကျောက်ဟိုက ရန်ကျောက်ကဲနှင့် ဖူအန်းစုတို့ကို အေးစက်စွာ ကြည့်လိုက်ရင်း…

“အခု ငါ့အစီအစဉ်က ပြီးပြည့်စုံသွားပြီ ၊ ငါတို့ဂိုဏ်းကမဟုတ်တဲ့ ပြင်ပကလူတွေကို မလိုအပ်တော့ဘူး”

ဤစကားလုံးများ၏ အဓိပ္ပါယ်က ရန်ကျောက်ကဲနှင့် အခြားသူများအနေဖြင့် ဤနေရာတွင် ရှိနေသည်မှာ အသုံးမဝင်တော့ဟု ဆိုလိုသည်။

“ဟားဟား…”

ဖူအင်ရှူက ဒေါသတကြီး ရယ်မောလိုက်သည်။

ကျောက်ဟိုကိုကြည့်နေသည့် ရန်ကျောက်ကဲ၏ မျက်နှာကတော့ အတွေးများစွာဖြင့် ပြည့်နက်နေ၏။

အစောပိုင်းတွင် ဟိုရှန်းက စကားကြီးစကားကျယ်များ ပြောနေသည့်အခါ ရန်ကျောက်ကဲက ထိုစကားများကို အရေးစိုက်ရန် အလွန်ပျင်းရိခဲ့သည်။

ပထမအကြိမ် ထူးကဲယင်ပြိုင်ပွဲအပြီးတွင် ထူးကဲယင်သရဖူကို နေသူတော်စင်ဂိုဏ်းက ရရှိသွားသည်။ ထိုစဉ်က ဝါဒတောင်နှင့် အဆုံးမဲ့တောင်တန်းကြား ပူးပေါင်းဆောင်ရွက်မှုများ တိုးတက်လာပြီး သူတို့ကြားမှ ဆက်ဆံရေးကလည်း နွေးထွေးလာသည်။

သို့သော် ဒုတိယအကြိမ် ထူးကဲယင်ပြိုင်ပွဲအပြီးတွင် ကျောက်စိမ်းပင်လယ်မြို့တော်က ထူးကဲယင်သရဖူကို ရရှိခဲ့သည့်အခါ ဝါဒတောင်နှင့် အဆုံးမဲ့တောင်တန်း၏ ဆက်ဆံရေးက တဖြည်းဖြည်း ပြန်လည်ဝေးကွာသွားခဲ့ပြန်သည်။

ထူးကဲယင်သရဖူက နေသူတော်စင်ဂိုဏ်း၏လက်ထဲသို့ ပြန်လည်ရောက်ရှိသွားသည့်အခါ အဆုံးမဲ့တောင်တန်းက နေသူတော်စင်ဂိုဏ်းနှင့် ပူးပေါင်းမည်လား။

တတိယအကြိမ် ထူးကဲယင်ပြိုင်ပွဲတွင် ထူးကဲယင်သရဖူက မန်ဝမ်လက်ထဲသို့ ရောက်ရှိသွားခဲ့သည်။ ထိုအခါ ဝါဒတောင်နှင့် အဆုံးမဲ့တောင်တန်းကြားမှ တင်းမာမှုများ ပြန်လည်ပြေလျော့သွားခဲ့ပြန်သည်။

သို့သော် ပူးပေါင်းဆောင်ရွက်ခြင်းဆိုသည်က ချစ်ကြည်ရင်းနှီးသည်နှင့် မတူညီပေ။

ပူးပေါင်းဆောင်ရွက်ခြင်းဆိုသည်မှာ တစ်ဖက်နှင့်တစ်ဖက် အကျိုးအမြတ် ရရှိမှုကို အဆက်မပြတ် ချိန်ဆနေရသည့် အရာဖြစ်သည်။

ဥပမာဆိုရသော်…

နေသူတော်စင်ဂိုဏ်းနှင့် ဝါဒတောင်ဂိုဏ်း တိုက်ပွဲဖြစ်ပွားသည့်အခါ အဆုံးမဲ့တောင်တန်းက မည်သည့်ဘက်ကမှ ကူညီမပေးဘဲ ရိုးရှင်းစွာကြားနေရပ်တည်မည်လား ၊ ဝါဒတောင်ဘက်မှ ကူညီတိုက်ခိုက်ပေးမည်လားဆိုသည်မှာ မတူညီသည့် ကိစ္စ (၂)ခု ဖြစ်သည်။

သို့သော် ဝါဒတေင်က အဆုံးမဲ့တောင်တန်း၏ ဘီလူးဝိညာဉ်သံလိုက်သတ္တုသွေးကြော တိမ်ကောမည့်ပြဿနာကို ဖြေရှင်းနိုင်ရန် ကူညီပေးမည်ဆိုပါက အဆုံးမဲ့တောင်တန်းအနေဖြင့် ဝါဒတောင်အပေါ် နှိုင်းယှဉ်မရအောင် ကြီးမားသည့် အကြွေးတစ်ခု တင်ရှိသွားမည် ဖြစ်သည်။

ထိုအခါ နောက်ပိုင်းကိစ္စများတွင် ၎င်းတို့ ပူးပေါင်းဆောင်ရွက်သည့်အခါ ဝါဒတောင်အနေဖြင့် အကျိုးအမြတ် များစွာ ရရှိမည် ဖြစ်သည်။

အဆုံးမဲ့တောင်တန်းကို ကူညီသည်ဆိုရာတွင် ဝါဒတောင်ဘက်က မည်သည့်အရာမှ ပံ့ပိုးပေးရန် မလိုအပ်ပေ။ အကြောင်းမှာ ဘီလူးဝိညာဉ်သံလိုက်သတ္တုသွေးကြေသည် အစကတည်က အဆုံးမဲ့တောင်တန်း ပိုင်ဆိုင်သည့်အရာ ဖြစ်နေသောကြောင့်ပင်။

သို့ပေသိ အဆုံးမဲ့‌တောင်တန်းက ဤပြဿနာကို ကိုယ်တိုင်ကိုင်တွင်ဖြေရှင်းနိုင်မည်ဆိုပါက ရလဒ်သည်လည်း လုံးဝ ကွဲပြားသွားမည် ဖြစ်သည်။


Comment

Leave a Reply

Options

not work with dark mode
Reset