အခန်း (၁၂၈)

ကဗျာတို

အခန်း (၁၂၈) ကဗျာတို

ရန်ကျောက်ကဲသာမက စစ်ခုန်ချင်းနှင့် ဟိုရှန်းတို့၏ တိုက်ပွဲကို ကြည့်နေကြသော ကျောက်မင်နှင့် ကျင်းယွင်ကျီတို့သည်ပင် ဖန်းယွင်ရှန်းပြောသည့် ကဗျာတိုလေးအကြောင်းကို နားစွင့်နေမိကြသည်။

ဖန်းယွင်ရှန်းက…

“အရင်ဆုံး ရှင့်ကို သတိပေးချင်တာက… အဲဒီကဗျာက ကြားရတာ နားဝင်ဆိုးတယ်ဆိုတာပဲ”

သူမစကားကြောင့် ရန်ကျောက်ကဲ ၊ ကျောက်မင်နှင့် ကျင်းယွင်ကျီတို့ ပြုံးလိုက်ကြသည်။

ထိပ်သီးသိုင်းဂိုဏ်းကြီး (၆)ဂိုဏ်းက စွမ်းအားမြင့်မားလွန်းသည့်အတွက် ဤကမ္ဘာကို ကြီးမှူးအုပ်စိုးကြပြီး သူတို့၏ ပြင်းထန်သည့် သြဇာအာဏာကို ကြီးမားသည့်တောင်မြင့်ကြီးများပမာ တင်စားကြသည်။

ကောင်းသည့်အရာတစ်ခုခု ရရှိခဲ့လျှင်လည်း အဆိုပါထိပ်သီးသိုင်းဂိုဏ်းကြီး (၆)ခုကပင် အရင်ဆုံး ခွဲဝေယူကြသည်မှာ အသေအချာပင်။ ထိုအကြောင်းကို အခြားသူများက နည်းနည်းပါးပါး ညည်းညူပြောဆိုကြသည်မှလွဲပြီး အားလုံးက ပုံမှန်ပဲ ဖြစ်သည်။

ဖန်းယွင်ရှန်းက ကွေ့ပတ်မနေတော့ဘဲ ကဗျာတိုလေးကို ရွတ်ဆိုပြလိုက်သည်။

“ပရိယာယ်များတဲ့ ဝါဒတောင် ၊ ကြမ်းတမ်းတဲ့ နေသူတော်စင်ဂိုဏ်း ၊ မြန်မြန်ဘဝပြောင်းပေးတတ်တဲ့ ကောင်းကင်မိုးကြိုးခန်းမ ၊ အနံ့ဆိုးပြီးမာကျောတဲ့ အဆုံးမဲ့တောင်တန်း ၊ ပိုးသားပမာ လှိုင်းနက်ဂေဟာ ၊ အဆိပ်ပြင်းတဲ့ ကျောက်စိမ်းပင်လယ်မြို့တော်”

ထိုကဗျာရွတ်သံကိုကြားတော့ ရန်ကျောက်ကဲတို့ (၃)ယောက်၏မျက်နှာအမူအရာများထူးဆန်းသွားကြပြီး ဆက်တိုက်ပင် နှာခေါင်းရှုံ့လိုက်ကြသည်။

ထို့နောက် ကျောက်မင်က ပြုံးလိုက်ရင်း…

“ကျန်တာတွေအသာထား ဒီကဗျာထဲက နှိုင်းယှဉ်ချက်တွေက နည်းနည်းတော့ တိကျပါတယ်”

ကျင်းယွင်ကျီကတော့ မနေနိုင်ဘဲ ရယ်မောလိုက်သည်။

ထိပ်သီးသိုင်းဂိုဏ်းကြီး (၆)ဂိုဏ်းတွင် ဝါဒတောင်က စာပေကျမ်းဂန်အနှံ့စပ်ဆုံးဖြစ်ပြီး များပြားလှစွာသော သိုင်းပညာမျိုးစုံကို ပိုင်ဆိုင်ထားသည်။ ထိုသိုင်းပညာများက မှန်ကန်ပြီး တစ်စုတစ်စည်းတည်း ရှိနေသည်။ ထို့ကြောင့် ဝါဒတောင်၏ သိုင်းပညာကို ရင်ဆိုင်ရန်မှာ အလွန်ခက်ခဲသည်။

ရန်သူနှင့်ရင်ဆိုင်ရသည့်အခါ ဝါဒတောင်မှ သိုင်းကျင့်ကြံသူများက သူတို့၏ တိုက်ခိုက်မှုပုံစံကို အမြဲတမ်း ပြောင်းလဲတိုက်ခိုက်လေ့ ရှိကြသည်။

“ဝါဒတောင်ကို ရင်ဆိုင်ဖို့က လွယ်မလိုလိုနဲ့ ခက်တယ်”

ဟူသောဆိုရိုးစကားပင် ရှိသည်။

ဝါဒ‌တောင်မှ သိုင်းသမားများသည် သိုင်းပညာရပ်များကို ကျယ်ကျယ်ပြန့်ပြန့်နှင့် လေးနက်စွာ လေ့ကျင့်ထားကြလေရာ ရန်သူကို တန်ပြန်တိုက်ခိုက်ရာတွင် အမှန်တကယ်ပင် ပုံစံမျိုးစုံ ပြောင်းလဲနိုင်စွမ်း ရှိကြသည်။

ထို့ကြောင့် အခြားသူများ၏ မျက်လုံးထဲတွင် ဝါဒ‌တောင်မှ သိုင်းကျင့်ကြံသူများနှင့် သူတို့၏ သိုင်းပညာများက ပရိယာယ်များပြီး လှည့်စားခြင်းများဖြင့် ပြည့်နက်နေသည်ဟု ဆိုကြသည်။ သူတို့က ရန်သူ၏ အားနည်းချက်ကို အထူးတလည် ရှာဖွေတိုက်ခိုက်နိုင်စွမ်း ရှိကြသဖြင့် အားကြီးသူက အားနည်းသူကို အနိုင်ကျင့်သည့်အလား ခံစားကြရသည်။

ယခုတော့ ရန်သူကို ရင်ဆိုင်ရာတွင် ရန်ကျောက်ကဲရော စစ်ခုန်ချင်းပါ ထိပ်တိုက်ရင်ဆိုင်သည့် ရှားပါးနည်းလမ်းကို အသုံးပြုခဲ့ကြသည်။

နေသူတော်စင်ဂိုဏ်း၏ သိုင်းပညာကတော့ စိတ်အာရုံစူးစိုက်မှုအားကောင်းပြီး အရှိန်အဟုန်မြင့်မားသည်။ ကြမ်းတမ်းပြီး အထိန်းအချုပ်ကင်းမဲ့ကာ သာမန်ယုတ္တိဗေဒအတိုင်းမလိုက်သည့်အတွက် အခြားသူများနေဖြင့် ခန့်မှန်းရခက်ခဲသည်။

နေသူ‌တော်စင်ဂိုဏ်း၏ သိုင်းပညာက ထိပ်သီးသိုင်းဂိုဏ်းကြီးတစ်ခု၏ သိုင်းပညာဖြစ်သည့်တိုင် ရိုင်းစိုင်းကြမ်းတမ်းလွန်းပြီး ဉာဏ်အလင်းမပွင့်နိုင်သည့်လမ်းကြောင်းတစ်ခု ဖြစ်သည်ဟု အချို့သူများက နောက်ကွယ်တွင် ဝေဖန်ကြသည်။

ကောင်းကင်မိုးကြိုးခန်းမ၏ တိုက်ခိုက်မှုများကတော့ ပြင်းထန်ပြီး နေသူတော်စင်ဂိုဏ်းထက်ပင် ပိုမိုလျှင်မြန်ပြီး လွှမ်းမိုးနိုင်စွမ်း ရှိသည်။ လျှပ်စီးမိုးကြိုးများအလား လောကကို တုန်လှုပ်စေသည်။ ထိပ်သီးသိုင်းဂိုဏ်းကြီး (၆)ခုတွင် ကောင်းကင်မိုးကြိုးခန်းမ၏ သိုင်းပညာက လျှင်မြန်မှုကို အများဆုံး အာရုံစိုက်သည့် သိုင်းပညာ ဖြစ်၏။

ထို့ပြင် ကောင်းကင်မိုးကြိုးခန်းမ၏ သိုင်းပညာက နေသူတော်စင်ဂိုဏ်းထက် အစွန်းရောက်သည့် လမ်းကြောင်းတစ်ခု ဖြစ်သည်။

နေသူတော်စင်ဂိုဏ်းက လွှမ်းမိုးနိုင်စွမ်း မြင့်မားပြီး ခံစစ်ထက် တိုက်စစ်ကို အလွန်အမင်း ဦးစားပေးသည်ဆိုပါက ကောင်းကင်မိုးကြိုးခန်းမကတော့ ခံစစ်ကို လုံးဝအသုံးမပြုဘဲ တိုက်စစ်သာရှိသည်ဟု ဆိုနိုင်သည်။

“အနံ့ဆိုးပြီးမာကျောတဲ့ အဆုံးမဲ့တောင်တန်း” ဆိုသည်မှာ အိမ်သာတွင်းရှိ ကျောက်တုံးများပမာ နံစော်ပြီး မာကျောသည်ဟု အဆုံးမဲ့တောင်တန်းမှ သိုင်းသမားများကို လှောင်ပြောင်ထားခြင်းဖြစ်သည်။ ထို့ပြင် သူတို့၏ လေးလံထိုင်းမှိုင်းဟန်ရှိသော သိုင်းပညာကိုလည်း ဖော်ကျူးလိုခြင်း ဖြစ်၏။ အခြားသောထိပ်သီးသိုင်းဂိုဏ်းများမှ သိုင်းပညာကဲ့သို့ သူတို့၏ သိုင်းပညာက ပြောင်းလွယ်ပြင်လွယ် မရှိပေ။

ထိပ်သီးသိုင်းဂိုဏ်းကြီး (၆)ခုတွင် အဆုံးမဲ့တောင်တန်း၏ ထိုးစစ်ဆင်မှုက ကြမ်းတမ်းပြီး ထိပ်တိုက်ရင်ဆိုင်ရာတွင် ကျွမ်းကျင်သည်ဟု သတ်မှတ်ထားကြသော်လည်း လျှင်မြန်မှုအပိုင်းတွင်တော့ အတော်လေး အားနည်းသည်။

“ပိုးသားပမာ လှိုင်းနက်ဂေဟာ” ဆိုသည်မှာ လှိုင်းနက်ဂေဟာ၏ သိုင်းပညာပုံစံကို ရည်ညွှန်းသည်။ သူတို့၏ သိုင်းပညာက ကြမ်းတမ်းမာကျောမှုကို ပျော့ပျောင်းမှုဖြင့် တန်ပြန်တိုက်ခိုက်ရာတွင် ကျွမ်းကျင်သည်။

လှိုင်းနက်ဂေဟာ၏ စွမ်းအားကိုစွမ်းအားဖြင့် ချေဖျက်ခြင်းနည်းလမ်းကို လက်ရှိအစွန်းရောက်ရှစ်ပါးကမ္ဘာတွင် ထိပ်တန်းသိုင်းပညာတစ်ရပ်အဖြစ် လက်ခံထားကြသည်။

လှိုင်းနက်ဂေဟာ၏ ခံစစ်တိုက်ခိုက်မှုက အဆုံးမဲ့တောင်တန်းနှင့် မျဉ်းပြိုင်ပမာ ဘေးချင်းယှဉ်နေသည်။ တစ်ခုက ပျော့ပျောင်းပြီး တစ်ခုက မာကျောလေရာ ဤကမ္ဘာတွင် မဆုံးနိုင်သည့် မျဉ်းပြိုင်များအဖြစ် သတ်မှတ်နိုင်၏။

နောက်ဆုံးဖြစ်သော “အဆိပ်ပြင်းတဲ့ ကျောက်စိမ်းပင်လယ်မြို့တော်” ဆိုသည်ကတော့ ကျောက်စိမ်းပင်လယ်မြို့တော်၏ သိုင်းပညာကို ရည်ညွှန်းခြင်း ဖြစ်သည်။ လျှို့ဝှက်ပြီး မသိမြင်နိုင်သော စွမ်းအားများကို ကျွမ်းကျင်စွာ အသုံးပြုတတ်ပြီး မျက်နှာပြင်ထက်တွင် ပင်လယ်ရေပမာ တည်ငြိမ်နေသည့်တိုင် ပင်လယ်အောက်တွင်တော့ မမြင်ရသော လှိုင်းလေဒီရေများဖြင့် ဂယက်ထလျှက် ရှိသည်။ ရန်သူပင် မသိလိုက်ခင် သဏ္ဌန်မဲ့စွာဖြင့် နာကျင်စေမည် ဖြစ်သည်။

ကျောက်စိမ်းပင်လယ်မြို့တော်၏ သဏ္ဌန်မဲ့ဓားဝိညာဉ်သည် လူတစ်ယောက်၏ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်သွားသည်နှင့် တစ်ကိုယ်လုံးပျံ့နှံ့သွားပြီး အရိုးများထဲအထိ ဝင်ရောက်ကာ ချေဖျက်ရန် မဖြစ်နိုင်တော့ပေ။ ထို့ကြောင့် ကျေက်စိမ်ပင်လယ်မြို့တော်ကို “အဆိပ်ပြင်းသည်” ဆိုသောဂုဏ်ပုဒ် အပ်နှင်းထားခြင်း ဖြစ်၏။

ကျောက်မင်က ရယ်မောလိုက်ရင်း…

“ကျောက်စိမ်းပင်လယ်သဏ္ဌန်မဲ့ဓားသိုင်းကတော့ ငါတို့ဂိုဏ်းအပါအဝင် ထိပ်သီးသိုင်းဂိုဏ်းကြီး (၅)ဂိုဏ်းလုံးက ခါးခါးသီးသီး မုန်းတီးကြတာပဲ မဟုတ်လား”

ရန်ကျောက်ကဲက ဟန်လုန်အာ၏လက်ကို ဆုပ်ကိုင်ထားရင်းမှ ပြုံးလိုက်ရင်း…

“ထိပ်သီးသိုင်းဂိုဏ်း (၆)ဂိုဏ်းလုံးမှာ ခါးခါးသီးသီး မုန်းစရာမကောင်းတဲ့ ထိပ်တန်းသိုင်းပညာဆိုတာ ရှိလို့လား”

ဖန်းယွင်ရှန်းက ခေါင်းညိတ်လိုက်ရင်း…

“အမှန်ပဲ…”

ရန်ကျောက်ကဲက ကျင်းယွင်ကျီကို တစ်ချက်လှမ်းကြည့်လိုက်သည်။ ထို့နောက် ဟန်လုန်အာကို ဖန်းယွင်ရှန်းလက်ထဲ ထည့်ပေးလိုက်ပြီး တိတ်တဆိတ် သက်ပြင်းချလိုက်သည်။

ဟန်လုန်အာတို့မိသားစုကို ကျင်းယွင်ကျီက ကူညီခဲ့သည့်အတွက် သွေးနီသက်တံ့ဂိုဏ်း၏ အပင်ပန်းခံစိုက်ပျိုးခဲ့ရသည့် ဝိညာဉ်ဆေးပင်စိုက်ခင်းများဖျက်စီးခံလိုက်ရပြီး သူတို့၏ ဂိုဏ်းသားများဖြစ်သော စိုက်ခင်းအလုပ်သမားများလည်း သေဆုံးခဲ့ရသည်။

သူမက ကျိုးကြောင်းဆီလျော်သူတစ်ယောက်ဖြစ်သော်လည်း ကလေးငယ်ကိုစောင့်ရှောက်ပေးရန် သူမကို အကူအညီတောင်းခြင်းက အနည်းငယ် မစာနာရာရောက်သည်ဟု ခံစားရသည်။

ဖန်းယွင်ရှန်းက ရန်ကျောက်ကဲ၏လုပ်ရပ်ကို အနည်းငယ်စူးစမ်းလိုက်ပြီး မည်သည့်မေးခွန်းမှမမေးဘဲ ဟန်လုန်အာ၏လက်ကိုကိုင်လိုက်ကာ အားလုံးကို ပြုံးပြလိုက်သည်။

ဟန်လုန်အာလေးကတော့ သူမိဘများ၏ အလောင်းကိုကြည့်နေပြီး မျက်လုံးများက မှေးမှိန်လျှက် ရှိသည်။

“ဖေဖေနဲ့ မေမေက ဘာလို့ ထမလာသေးတာလဲ”

ဖန်းယွင်ရှန်းက စိတ်ထဲမှ သက်ပြင်းတစ်ချက်ချလိုက်ရင်း ကလေးငယ်ကို နူးညံ့ညင်သာစွာ ကြည့်လိုက်သည်။

တစ်ဖက်တွင်တော့ စစ်ခုန်ချင်းနှင့် ဟိုရှန်းတို့၏ တိုက်ပွဲက တဖြည်းဖြည်း အဖြေထွက်လာပြီ ဖြစ်၏။

စစ်ခုန်ချင်းက ဝါဒတောင်၏ အစွန်းရောက်ရှစ်ပါးသိုင်းပညာရပ်မှ မိုးမြေဓားသိုင်းကို အသုံးပြုကာ ဟိုရှန်းကို ထိပ်တိုက်ရင်ဆိုင်တိုက်ခိုက်နေပြီး အသာစီးရယူထားသည်။

မိုးမြေဓားသိုင်းသည် ခံစစ်ရောတိုက်စစ်ပါ အသုံးပြုနိုင်သည့် ဓားသိုင်းတစ်ခု ဖြစ်သည်။ ရိုးရှင်းသလိုနှင့် ရှုတ်ထွေးပြီး မိုးကောင်းကင်အောက် အရာအားလုံးကို လွှမ်းခြုံထားနိုင်စွမ်း ရှိသည်။ ၎င်းဓားတာအိုတွင် ဝါဒတောင်၏ အောင်မြင်မှုများစွာ ပါဝင်သည့်အတွက် အလွန်ရှုတ်ထွေးနက်နဲသည့် ဓားသိုင်းတစ်ခုလည်း ဖြစ်သည်။

ခုနစ်စဉ်ကြယ်ဓားသိုင်းက အလွန်ရှုတ်ထွေးဟန်ရှိသော်လည်း တကယ်တမ်းတွင် ရိုးရှင်းပြီး မိုးမြေဓားသိုင်းကတော့ ရိုးရှင်းဟန်ဖြင့် အလွန်တရာရှုတ်ထွေးသည့် လှည့်ကွက်များ ပါဝင်သည်။

မိုးမြေဓားသိုင်းကို ထုတ်ဖော်အသုံးပြုလိုက်သည်နှင့် စစ်ခုန်ချင်းဘက်မှ အားသာချက်များ မြင့်တက်လာသည်။ သူမက နှင်းဘောလုံးတစ်လုံး လိမ့်ဆင်းလာသည့်အလား အရှိန်အဟုန်က အဆက်မပြတ် မြင့်တက်လာပြီး ဟိုရှန်းမှာ အနိုင်ရရန် အခွင့်အရေး လုံးဝ ရှာမတွေ့တော့ပေ။

ကျောက်မင်က သူ့နံဘေးမှ ရန်ကျောက်ကဲကို လှည့်ကြည့်လိုက်သည်။

ထိုသို့ ထိပ်တိုက်တွေ့ဆုံတိုက်ခိုက်ရာတွင် ရန်ကျောက်ကဲ၏ နည်းလမ်းက တိုက်ပွဲကို အရှိန်အဟုန်ဖြင့် အဆုံးသတ်စေပြီး လျှပ်စီးကြောင်းပမာ တစ်ခဏအတွင်း အောင်မြင်မှုကို ရရှိစေသည်။

စစ်ခုန်ချင်းကတော့ ရန်ကျောက်ကဲထက်ပင် ပိုပြီး တိုက်ရိုက်ကျသည်။ သူမက ထိုက်စန်းတောင်ပမာ တုန်လှုပ်ဖွယ်ရာ စွမ်းအားများကို ထုတ်လွှတ်နေခြင်း မရှိသော်လည်း သူမကိုယ်တိုင်က ထိုက်စန်းတောင်ပမာ တည်ငြိမ်နေသည်။

ထိုမိန်းကလေးငယ်သည် ပြိုင်ဘက်နှင့် ရင်ဆိုင်ရာတွင် ရန်ကျောက်ကဲထက်ပင် ပိုမိုတည်ငြိမ်ပြီး သူမလက်ဖြင့် အားသာချက်ကို အခိုင်အမာဆုပ်ကိုင်ထားသည်။

ဟိုရှန်းက ယခုအချိန်ထိ တောင့်ခံထားသော်လည်း မည်သည့်နည်းနှင့်မှ အနိုင်မရနိုင်တော့ဘဲ ရှုံးနိမ့်သွားသည်မှာ ထင်ရှားနေသည်။

စစ်ခုန်ချင်း၏ တိုက်ခိုက်မှုကိုကြည့်ရင်း ရန်ကျောက်ကဲ၏စိတ်ထဲတွင် သူမ၏ အမှန်တကယ် ကန့်သတ်ချက်ကို ပိုင်းခြားသိရှိရန် အောက်ခြေမရှိသော ခံစားချက်ကို ပေးစွမ်းသည်။

“ဂိုဏ်းတူညီမလေး’စစ်ခုန်’က တည်ငြိမ်မှုကို အခြေခံပြီး တိုက်ပွဲဝင်နေတဲ့ပုံပဲ ၊ သူ့ရဲ့ စိတ်ဓာတ်က ဓားသွားလိုပဲ ရှေ့ကို အဆက်မပြတ် တွန်းပို့နေတယ် ၊ လုံးဝ အပျက်သဘောဆောင်တဲ့ အရိပ်အယောင်တွေ မတွေ့ရဘူး”

တွေးပြီးသည်နှင့် ရန်ကျောက်ကဲက ပြုံးလိုက်ပြီး အခြားတစ်နေရာသို့ လှမ်းကြည့်လိုက်သည်။

ထိုနေရာတွင် နောက်ထပ်ရောက်လာသည့် အဆုံးမဲ့တောင်တန်းမှ တပည့်အုပ်စုတစ်စုကို တွေ့ရ၏။

ထိုတပည့်များထဲမှတစ်ယောက်က ရန်ကျောက်ကဲဘေးနားတွင် မတ်တတ်ရပ်နေသည့် ကျောက်မင်နှင့် အတော်လေး ရုပ်ချင်းဆင်သည်။

အခြားသူမဟုတ်ပေ။ အရှေ့ထန်စစ်ပွဲအပြီးတွင် လုံးဝ ပျောက်ကွယ်သွားခဲ့သည့် ကျောက်ဟိုပင် ဖြစ်တော့၏။

ရန်ကျောက်ကဲက ကျောက်ဟိုကို တစ်ချက်အကဲခတ်လိုက်ပြီး စိတ်ထဲမှ ချီးကျူးစကားဆိုလိုက်သည်။

“အား… တိကျတဲ့အသက်ရှူသံ မရှိဘူး ၊ ချီစွမ်းအားစီးကြောင်းတွေက ခန္ဓာကိုယ်အပြင်ဘက်ကို စီးထွက်နေတယ် ၊ သွေးကြောဆုံချက်တွေ ပွင့်သွားပြီဆိုတဲ့ အဓိပ္ပါယ်ပဲ ၊ ချီစွမ်းအားတွေက အလိုအလျောက် စီးဆင်းနေတဲ့အဆင့်ကို ရောက်နေပြီ”

“အင်း… သူတောင် သိုင်းပညာရှင်အဆင့် ရောက်လာပြီပဲ ၊ အတွင်းပိုင်းကြယ်တာရာချီ ကနဦးအဆင့်ကို ရောက်နေပြီ ၊ အခု သွေးကြောဆုံချက်တွေအားလုံး ပွင့်နေပြီဆိုတော့ မကြာခင် အတွင်းပိုင်းကြယ်တာရာချီ အလယ်ဆင့်ကို ရောက်တော့မယ် ၊ ဒါ တော်တော်မြန်တဲ့အရှိန်ပဲ”

သို့သော် ရန်ကျောက်ကဲက များစွာ အံ့သြခြင်း မဖြစ်မိပေ။

လွန်ခဲ့သည့်နှစ်ဝက်ခန့်က ကျောက်ဟိုသည် ခန္ဓာကိုယ်သန့်စင်ခြင်းအဆင့် အဆင့် (၈)ဖြစ်သော ချီလည်ပတ်ခြင်း အလယ်ဆင့်တွင်သာ ရှိသေးသည်။ ယခုတော့  ခန္ဓာကိုယ်သန့်စင်ခြင်းအဆင့် အဆင့် (၉)ဖြစ်သော ချီလည်ပတ်ခြင်း ‌နှောင်းပိုင်းအဆင့်နှင့် ခန္ဓာကိုယ်သန့်စင်ခြင်းအဆင့် နောက်ဆုံးအဆင့်ဖြစ်သော အနုစိတ်အဆင့်တို့ကို ဖြတ်ကျော်ကာ သိုင်းပညာရှင်အဆင့်သို့ ရောက်လာခဲ့သည်။

အချိန်တိုအတွင်း အဆင့် (၃)ဆင့် ခုန်တက်သွားခြင်းက လောကတစ်ခုလုံးကို တုန်လှုပ်သွားစေသည့် လျှင်မြန်မှုမျိုး ဖြစ်သည်။ သို့ပေသိ ရန်ကျောက်ကဲကတော့ ကျောက်ဟို၏ နောက်ခံဇာစ်မြစ်ကို သိရှိထားသူ ဖြစ်သည်။

ကျောက်ဟိုက ယခင်ဘဝအတွေ့အကြုံများဖြင့် ပြန်လည်မွေးဖွားလာသည့်အခါ အလွန်လျှင်မြန်သည့် အရှိန်အဟုန်ဖြင့် အဆင့်တက်နိုင်သည်မှာ ယုတ္တိကျပေသည်။

အမှန်တော့ အချိန်အတိုင်းအတာတစ်ခုအထိ နှေးကွေးစွာဖြင့် ကြိတ်လုပ်ရန် လိုအပ်သော်လည်း ကျောက်ဟိုကတော့ အချိန်ဖြုန်းချင်ဟန် မရှိပေ။

ထို့ပြင် ယခင်ဘဝ ဖြတ်သန်းခဲ့ဖူးသည့် အတွေ့အကြုံများကြောင့် ကျင့်ကြံခြင်းတစ်ဆို့မှုများ မကြုံတွေ့နိုင်ဘဲ မြေပြင်ထက် လမ်းလျှောက်ရသည့်အလား လွယ်ကူနေပေလိမ့်မည်။

သူ့ ပတ်ဝန်းကျင်မှလူများ အချိန်အတန်ကြာ ခွဲခြမ်းစိတ်ဖြာနေရသည့် ပြဿနာများသည် ကျောက်ဟိုအတွက်တော့ ဘာမှ မဟုတ်ပေ။

ပြန်လည်ဝင်စားလာခြင်း ဖြစ်သောကြောင့် သူ့ခန္ဓာကိုယ်၏ အခြေအနေမှန်ကို ဆုပ်ကိုင်ထားနိုင်သရွေ့ အသိပညာနှင့် အတွေ့အကြုံများကတော့ အတားအဆီးမရှိ မြင့်တက်နေမည် ဖြစ်သည်။

ထို့ကြောင့် ကျောက်ဟိုတစ်ယောက် လူသားမဆန်စွာ လျှင်မြန်လှသည့် အရှိန်အဟုန်ဖြင့် ခန္ဓာကိုယ်သန့်စင်ခြင်းအဆင့်မှ သိုင်းပညာရှင်အဆင့်သို့ ရောက်လာခြင်းကို ရန်ကျောက်ကဲက အံ့သြခြင်း မဖြစ်ခဲ့ပေ။ ထိုသို့ဖြစ်လာမည်ကို သူက ခန့်မှန်းထားပြီးသား ဖြစ်သည်။

ယခင်က ကျောက်ဟို အရှေ့ထန်မှ ထွက်ခွာသွားပြီး အဆုံးမဲ့တောင်တန်းမှ လူများနှင့် လိုက်ပါသွားကတည်းက သူ့အကြောင်းများကို ရန်ကျောက်ကဲ သတိပြုခဲ့မိသည်။

သို့သော် ကျောက်ဟို တိမ်လွှာတောင်တွင် ပေါ်လာလိမ့်မည်ဟု သူ ထင်မထားခဲ့ပေ။

“သူက ဘာကိစ္စ ဒီကိုရောက်နေရတာလဲ”

ရန်ကျောက်ကဲ တွေးလိုက်သည်။

သူက မျက်မှောင်ကြုတ်လိုက်ရင်း…

“သူလည်း ဘီလူးဝိညာဉ်သံလိုက်သတ္တုသွေးကြောအတွက် ရောက်နေတာလား…”


Comment

Leave a Reply

Options

not work with dark mode
Reset