အခန်း (၁၂၇) နောင်တရဖို့သာစောင့်နေကြပေတော့
တိုက်ပွဲဖြစ်ပွားရာနေရာရှိ ပတ်ဝန်းကျင်လေထုတစ်ခုလုံး အဆင်မပြေဖြစ်လာသည်။
ရန်ကျောက်ကဲက နေရာတွင်ပင် မတ်တတ်ရပ်နေရင်း အခြားတစ်ဖက်သို့ လှည့်ကြည့်လိုက်သည်။
ထိုနေရာတွင် စစ်ခုန်ချင်းနှင့် ဟိုရှန်းတို့ အပြင်းအထန်တိုက်ခိုက်နေကြဆဲ ဖြစ်သည်။
သူတို့ (၂)ယောက်လုံး တိုက်ပွဲထဲတွင် ပိတ်မိနေကြပြီး စိတ်အာရုံစူးစိုက်နစ်မျောနေကြကာ ပတ်ဝန်းကျင်တစ်ခုလုံးကို သတိမပြုမိကြပေ။
ဖူအန်းစု ၊ ရှန်းရှီဝန် ၊ အကြီးအကဲ’ကျော်’ ၊ သံလိုက်အကြီးအကဲနှင့် အခြားသူများရောက်လာကြသည်ကိုပင် သတိမထားမိကြဘဲ ဆက်လက်တိုက်ခိုက်နေကြသည်။
တိုက်ပွဲကလည်း အလွန်ပြင်းထန်လေရာ တစ်ယောက်ယောက်က အရင်ဆုံးနောက်ဆုတ်လိုက်သည်နှင့် ဒဏ်ရာရသွားနိုင်သည့် အခြေအနေတွင်ရှိသည်။
(၂)ယောက်လုံးက တိုက်ပွဲထဲတွင် အပြည့်အဝ စျာန်ဝင်စားနစ်မျောနေကြရာ သူတို့ကို ရပ်တန့်စေလိုလျှင် ကျင့်ကြံခြင်းအဆင့်မြင့်မားသည့် အကြီးအကဲတစ်ယောက်က ဝင်ရောက်တားဆီးမှသာ ဖြစ်နိုင်ပေမည်။
ဖူအန်းစုနှင့် အခြားသူများ ရောက်လာစဉ်က ရန်ကျောက်ကဲနှင့် ကျိဟန်ရူတို့၏တိုက်ပွဲကိုသာ အာရုံစိုက်မိကြသည်။ ထို့နောက် ရန်ကျောက်ကဲက မီးလောင်သည့်ကိစ္စနှင့် မြေကြော၏ဝိညာဉ်စွမ်းအားစီးဆင်းမှုအကြောင်း ပြောပြသည့်အခါ ဘီလူးဝိညာဉ်သံလိုက်သတ္တုသွေးကြောကို ပျက်စီးစေနိုင်သည့်အကြောင်းများကြောင့် ကြားရသူများအားလုံး အံ့သြထိတ်လန့်ကြရသည်။
ထို့ကြောင့် စစ်ခုန်ချင်းနှင့် ဟိုရှန်းတို့တိုက်ပွဲကို မည်သူမှ ဝင်ရောက်တားဆီးရန် အာရုံမရောက်ခဲ့ကြပေ။
ယခု ဖူအန်းစုက သူတို့ (၂)ယောက်၏တိုက်ပွဲကို လှမ်းကြည့်လိုက်ပြီး မျက်နှာထက်တွင် ဖုံမနိုင်ဖိမရ ဝမ်းမြောက်ဝမ်းသာဖြစ်ဟန် ထွက်ပေါ်လာသည်။
ငြိမ်သက်တိတ်ဆိတ်နေကြသည့် အကြီးအကဲ’ကျော်’နှင့် အဆုံးမဲ့တောင်တန်းမှ အခြားသောအကြီးအကဲများမှာလည်း ယခုမှ တိုက်ပွဲကို အာရုံစိုက်မိကြသည်။
တစ်နည်းဆိုရသော် သူတို့အနေဖြင့် ဤတိုက်ပွဲရလဒ်ကို အလွန်ပင် တန်ဖိုးထားကြသည်။
ဟိုရှန်းသည် မကြာခင်ကမှ ထင်ပေါ်ကျော်ကြားလာသည့် အဆုံးမဲ့တောင်တန်း၏ ပါရမီရှင် လူငယ်တစ်ယောက် ဖြစ်သည်။ သူ့အနေဖြင့် စစ်ခုန်ချင်းကဲ့သို့ သက်တူရွယ်တူ ပြိုင်ဘက်တစ်ယောက်နှင့် ရင်ဆိုင်ခွင့်ရသည်မှာ ရှားပါးအခွင့်အရေး ဖြစ်သည်။
စောစောက ဟိုရှန်းနှင့် တိုက်ခိုက်နေသည့် ကျင်းယွင်ကျီမှာ သူ့ထက်အသက်ကြီးသူ ဖြစ်သော်လည်း ကျင့်ကြံခြင်းအဆင့်တူညီသူ ဖြစ်သည်။ သို့သော် တကယ်တမ်း ယှဉ်ပြိုင်ကြသည့်အခါ ဟိုရှန်းက သူမကို ကြီးမားစွာ အခက်တွေ့စေခဲ့ပြီး အနိုင်ရခဲ့သည်။
ယခု စစ်ခုန်ချင်းက ဟိုရှန်းထက် အသက်ငယ်ရွယ်သူတစ်ယောက်ဖြစ်လေရာ အဆုံးမဲ့တောင်တန်းမှလူများအားလုံး တိုက်ပွဲရလဒ်ကို စိတ်ဝင်စားနေကြသည်။
သူမသည် ဝါဒတောင်ရှိ လူငယ်မျိုးဆက်များထဲမှ ထင်ရှားကျော်ကြားလာမည့် ထိပ်တန်းပါရမီရှင်တစ်ယောက် ဖြစ်မည်မှာ သံသယဖြစ်စရာ မလိုပေ။
စောစောက ကျိဟန်ရူနှင့် ရန်ကျောက်ကဲတို့ တိုက်ပွဲတွင် ရန်ကျောက်ကဲ၏ အံ့မခန်းသိုင်းစွမ်းကို အဆုံးမဲ့တောင်တန်းမှ လူများအားလုံး အာရုံစိုက်မိကြသည်။
အပြင်ပိုင်းကြယ်တာရာချီ နှောင်းပိုင်းအဆင့် သိုင်းပညာရှင်တစ်ယောက်က ရှန်ထျန်း ကနဦးအဆင့် သိုင်းပညာရှင်တစ်ယောက်ကို ရင်ဆိုင်တိုက်ခိုက်သည်မှာ အတော်လေးကို အလှမ်းကျယ်ပြီး စွမ်းအားရည်ကွာဟချက်ကလည်း ကြီးမားသည်။
ကျိဟန်ရူက ရန်ကျောက်ကဲကို အနည်းငယ်လျှော့တွက်ခဲ့သည့်အတွက် တိုက်ပွဲအစမှာတွင် ရန်ကျောက်ကဲက အသာစီးရခဲ့ပြီး အခွင့်အရေးကိုဆုပ်ကိုင်နိုင်ခဲ့သည်ဟု အားလုံးက ယူဆကြသည်။
တစ်စုံတစ်ခု မှားယွင်းသွားသည်နှင့် ကျိဟန်ရူ အသာစီးမရနိုင်တော့ဘဲ တိုက်ပွဲအခြေအနေကို ပြောင်းပြန်လှန်ရန် ခဲယဉ်းသွားခဲ့သည်။ အဆုံးသတ်တွင် ရန်ကျောက်ကဲက အရှိန်အဟုန်အပြည့်ဖြင့် ဖိနှိပ်ထားပြီး သည်းမခံနိုင်လောက်သည့် တိုက်ကွက်များဖြင့် အဆက်မပြတ် တိုက်ခိုက်ခဲ့သည်။
ကျိဟန်ရူ၏ နောက်ဆုံးခံစစ်ဖြစ်သော မဟာဒြပ်စင်လက်ဝါးသိုင်းကိုပင် ရန်ကျောက်ကဲက ဖြိုခွင်းခဲ့သည်။
ကျိဟန်ရူကိုယ်တိုင် အနည်းငယ် အသုံးမကျဖြစ်ခဲ့သည်ဟု ဆိုနိုင်သည့်တိုင် ရန်ကျောက်ကဲကလည်း ကံကောင်းပြီး အနိုင်ရခဲ့ခြင်း မဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော် တိုက်ပွဲအစမှအဆုံးတိုင် အခြေအနေတစ်ခုလုံးကို နှိုင်းယှဉ်ပြီး ပြေလည်အောင် ဖြေရှင်းနိုင်ခဲ့သည်ကို ကြည့်ခြင်းအားဖြင့် ရန်ကျောက်ကဲက အခြားသူများ မစွမ်းဆောင်နိုင်သည့်အလုပ်ကို လုပ်ပြခဲ့ခြင်း ဖြစ်သည်။ ဤသည်ကိုကြည့်ခြင်းအားဖြင့် သူ မည်မျှ စွမ်းအားမြင့်မားသည်ကို ခန့်မှန်းနိုင်သည်။
အဆုံးမဲ့တောင်တန်းမှ တပည့်များအနေဖြင့် ကျိဟန်ရူက သူ၏စွမ်းအားကို အပြည့်အဝ အသုံးမပြုကြောင်း စောဒကတက်နိုင်သော်လည်း ရန်ကျောက်ကဲက စွမ်းအာအပြည့်အသုံးပြုသည်ဟု မည်သူက သေသေချာချာ သိရှိနိုင်ပါမည်နည်း။
ဟုတ်ပေ၏။ ရန်ကျောက်ကဲ၏သိုင်းစွမ်းအားနှင့်ပတ်သက်ပြီး ဆက်လက်တွေးတောကြည့်မည်ဆိုလျှင် အလွန်ပင် ကြောက်မက်ဖွယ်ရာကောင်းသည်ဟု သူတို့အားလုံး ခံစားလိုက်ကြရသည်။
ဤသည်က ရှန်းရှီဝမ်နှင့် အခြားထိပ်တန်းအကြီးအကဲများအတွက်တော့ ကောင်းသည့်အချက် ဖြစ်သည်။ စစ်ခုန်ချင်းနှင့် ဟိုရှန်း၏ တိုက်ပွဲကို လေ့လာရင်း ဝါဒတောင်မှ လူငယ်မျိုးဆက်တပည့်များ၏ သိုင်းစွမ်းကို အကဲဖြတ်နိုင်ကာ အဆင်မပြေမှုများကို ရှောင်ရှားနိုင်မည် ဖြစ်သည်။
အဆုံးမဲ့တောင်တန်းမှ လူငယ်တပည့်များကတော့ တိုက်ပွဲကို အလေးအနက် အာရုံစိုက်လျှက်ရှိသည်။ ကိုယ်တိုင် တိုက်ပွဲဝင်နေသည့် ဟိုရှန်းထက်ပင် သူတို့က ပိုမိုစိတ်ပူပန်နေကြပြီး ဟိုရှန်းက စစ်ခုန်ချင်းကို အနိုင်ယူနိုင်မည်ုလည်း အပြင်းအထန် မျှော်လင့်ထားကြသည်။ ဟိုရှန်းအနိုင်ရမှသာလျှင် အဆုံးမဲ့တောင်တန်း မျက်နှာပြန်ရနိုင်မည် မဟုတ်ပါလား။
ရန်ကျောက်ကဲကတော့ တိုက်ပွဲကိုအာရုံစိုက်နေသည့်တိုင် သူ၏ အာရုံတစ်စိတ်တစ်ပိုင်းက စောစောက ကလေးငယ်ထံသို့ ရောက်ရှိနေသည်။
အစောပိုင်းတွင် ကျောက်မင်ငှားထားသည့် ကြေးစားပြောပြသည့် စကားထဲတွင် အိမ်တော်ပိုင်ရှင်၏ သားဖြစ်သူက သံမဏိယွမ်ဂိုဏ်းသားတစ်ယောက်ကို ဒဏ်ရာရစေခဲ့သည်ဆိုသည့်စကားကို ရန်ကျောက်ကဲ မမေ့ခဲ့ပေ။
သံမဏိယွမ်ဂိုဏ်းက အိမ်တော်ပိုင်ရှင်၏သားကို ပြဿနာလာရှန်ခြင်း ဖြစ်ပေသည်။
ပတ်ဝန်းကျင်တွင် ပျံ့ကျဲနေသည့် အလောင်းများကြားတွင် သွေးနီသက်တံ့ဂိုဏ်းဝတ်စုံဝတ်ဆင်ထားသူများက စိုက်ခင်းအလုပ်သမားများဖြစ်ကြပြီး ကျန်လူများက ထိုအိမ်တော်မှလူများ ဖြစ်ကြသည်။
သေဆုံးသွားကြပြီဖြစ်သော ကလေးငယ်၏ မိဘများက အဖိုးတန်အဝတ်အစားများကို ဝတ်ဆင်ထားကြပြီး အဖေဖြစ်သူ၏အလောင်းဘေးတွင် ပျက်စီးနေသည့် အဆင့်မြင့် ဝိညာဉ်တစ်ဝက်လက်နက်တစ်ခုကိုပင် တွေ့ရသည်။
သာမန်အိမ်တော်တစ်ခုတွင် အဆင့်မြင့် ဝိညာဉ်တစ်ဝက်လက်နက်တစ်ခု ရှိနေသည်မှာ ရှားပါြဖစ်ရပ်ပင် ဖြစ်၏။
ထိုကောင်လေးကို နောက်တစ်ကြိမ် ပြန်ကြည့်လိုက်တော့ တုံးတုံးအအ ပုံစံလေးဖြင့် ဖုံမှုန့်များနှင့်မြေကြီးများ ပေတလူးနေသည့်တိုင် သူ၏နောက်ခံဇာစ်မြစ်က မရိုးရှင်းကြောင်း လူတိုင်းသိနိုင်သည်။
ကလေးငယ်၏ မိဘများက အိမ်တော်ပိုင်ရှင်မိသားစုများဖြစ်ရန် (၉၀)ရာခိုင်နှုန်း သေချာသလောက် ရှိသည်။
ထိုအခါ ပြဿနာတစ်ခု ရှိလာသည်မှာ – အသက် (၁၀)နှစ်ခန့်သာ ရှိသေးသည့် ကလေးငယ်က သံမဏိယွမ်ဂိုဏ်းသားတစ်ယောက်ကို မည်သို့ ဒဏ်ရာရစေခဲ့ပါသနည်း။
သက်သေအထောက်အထား အပြည့်အစုံရှိလျှင်တောင်မှ မယုံနိုင်စရာကိစ္စတစ်ခုပါပေ။
သို့တည်းမဟုတ် ဒီကောင်လေးက သာမန်ထက် ထူးခြားနေခြင်းလေလား။
စကားတစ်ခွန်းမှ မဆိုဘဲ ရန်ကျောက်ကဲက ကလေးငယ်၏လက်ကို ဆုပ်ကိုင်လိုက်ပြီး သူ၏ခန္ဓာကိုယ်အခြေအနေကို ဂရုတစ်စိုက် စစ်ဆေးကာ သူ့သွေးခုန်နှုန်းကို စစ်ဆေးလိုက်သည်။
မိဘများကို ငုံ့ကြည့်နေသည့် ကလေးငယ်သည် အံ့အားသင့်စွာဖြင့် ရန်ကျောက်ကဲကို မော့ကြည့်လာသည်။
“ဒီကလေးက…”
ရန်ကျောက်ကဲ၏မျက်ဝန်းများ တောက်ပသွားပြီး နူးညံ့သည့်လေသံဖြင့်…
“ကလေး ၊ မင်းနာမည်ဘယ်လိုခေါ်လဲ”
ကောင်ငယ်လေးမှာ ခပ်တုံးတုံး ခပ်အအ ပုံစံလေးဖြစ်သော်လည်း မိဘများက ဂရုတစိုက်စောင့်ရှောက်ကာ ပညာသင်ကြားပေးထားဟန် ရှိသည်။
ကလေးငယ်က…
“ဟန်… လုန်… အာ…”
ဟု ပြန်ဖြေရင်း ရန်ကျောက်ကဲကို မော့ကြည့်နေသည်။
ရန်ကျောက်ကဲက သူ့မျ်လုံးများကို စူးစိုက်ကြည့်လိုက်ပြီး သူ့စိတ်ထဲသို့ ထိုးဖောက်ဝင်ရောက်ရန် ကြိုးစားလိုက်သည်။
ဟန်လုန်အာလေးက ချက်ချင်းပင် ခေါင်းခါယမ်းလိုက်ရင်း အောက်သို့ ခေါင်းပြန်ငုံ့သွားတော့သည်။
“လိမ္မာတဲ့ကောင်လေး… ၊ ငါထင်တာများ မှားနေသလားလို့ တွေးမိပေမယ့် ကြည့်ရတာ မမှားဘူးထင်တယ်”
ရန်ကျောက်ကဲ တွေးလိုက်သည်။
ထို့နောက် ကျိဟန်ရူတို့အုပ်စုကို သူ့မျက်ဝန်းထောင့်မှ အသာစောင်းကြည့်ရင်း ပင့်သက်တစ်ချက် ရှိုက်လိုက်သည်။
“မင်းတို့ကောင်တွေတော့ တောင်ကိုခေါင်းနဲ့တိုက်ခဲ့တာကို နောင်တရဖို့သာ စောင့်နေကြပေတော့ ၊ အဆုံးမဲ့တောင်တန်းရော တိမ်လွှာတောင်ရော ပြိုကျဖို့ ကြိုးစားနေကြတာပဲ”
ရန်ကျောက်ကဲဘေးနားတွင် ရပ်နေကြသည့် ဖန်းယွင်ရှန်း ၊ ကျောက်မင်နှင့် ကျင်းယွင်ကျီတို့ကတော့ ရန်ကျောက်ကဲစိတ်ထဲမှ ခံစားချက်များကို မရိပ်မိဘဲ စစ်ခုန်ချင်းနှင့် ဟိုရှန်း၏တိုက်ပွဲကိုသာ အာရုံစိုက်နေကြသည်။
ကျောက်မင်က…
“ဂိုဏ်းတူညီမလေး စစ်ခုန်ချင်းက မင်းအတိုင်းပဲ ကျောက်ကဲရေ… ၊ အဆုံးမဲ့တောင်တန်းကတပည့်ကို ထိပ်တိုက်ရင်ဆိုင်နေပြီဟ”
ထို့နောက် ကျောက်မင်က ရန်ကျောက်ကဲကို ကျေးဇူးတင်စကားဆိုလိုက်သည်။
ကျောက်မင်နံဘေးမှ ကျင်းယွင်ကျီကလည်း ရန်ကျောက်ကဲကို လေးစားမှုအပြည့်ဖြင့် ခေါင်းညိတ်ပြလိုက်သည်။
လက်ရှိ ထိပ်သီးသိုင်းဂိုဏ်းကြီး (၆)ဂိုဏ်းတွင် ကိုယ်ပိုင်သိုင်းပညာဖွဲ့စည်းပုံများ ရှိကြပြီး ထိုသိုင်းပညာများက အရာအားလုံးကို ခြုံငုံမိစေသည်။
ထိပ်သီးသိုင်းဂိုဏ်းကြီးများ၏ သိုင်းစွမ်းများကို နှိုင်းယှဉ်ကြည့်မည်ဆိုပါက ကမ္ဘာတစ်ဝှမ်းလုံးကိုအုပ်စိုးပြီး နယ်ပယ်အများစုတွင် ဘက်စုံအားသာချက် တစ်ခုစီရှိကြသည်။
သို့သော် အနည်းနှင့်အများ အားနည်းချက် အားသာချက်များ ရှိနေကြဆဲ ဖြစ်ပြီး ထိပ်သီးသိုင်းဂိုဏ်းတစ်ဂိုဏ်းစီတွင် သူတို့၏ ကိုယ်ပိုင်သိုင်းပညာပုံစံများကို ပိုင်ဆိုင်ထားသည်။
အဆုံးမဲ့တောင်တန်းက သူတို့၏ ပြင်းထန်သောစွမ်းအားနှင့် အရှိန်အဟုန်ကြောင့် ကျော်ကြားသည်။
သူတို့၏ ထိုးစစ်တိုက်ခိုက်မှုများက ထိုက်စန်းတောင်ကိုပင် ဖြိုခွဲနိုင်စွမ်းရှိပြီး တောင်ကိုဖြို ပင်လယ်ပြင်ကိုလှန်နိုင်စွမ်း ရှိကြသည်။ သူတို့နှင့် ထပ်တိုက်ရင်ဆိုင်ရသော မည်သည့်ရန်သူမဆို ဖိနှိပ်မှုကိုခံရပြီး စိတ်ပျက်အားလျော့သွားမည် ဖြစ်သည်။
သူတို့၏ ခံစစ်တိုက်ခိုက်မှုကို ကြည့်မည်ဆိုလျှင်လည်း ကျောက်ဆောင်တစ်ခုပမာ ခိုင်ခံ့ပြီး မထိုးဖောက်နိုင်သောကြောင့် ရန်သူများအနေဖြင့် ကျော်ဖြတ်မရနိုင်လောက်အောင် မြင့်မားသောတောင်မြင့်ကြီးတစ်လုံးနှင့် ရင်ဆိုင်ရသည့်အလား ခံစားရမည် ဖြစ်သည်။
အဆုံးမဲ့တောင်တန်းမှ သိုင်းကျင့်ကြံသူများသည် ထိပ်တိုက်ရင်ဆိုင်တိုက်ခိုက်ရာတွင် အကျွမ်းကျင်ဆုံး ဖြစ်၏။
ယေဘူယျဆိုရသော် ကျင့်ကြံခြင်းအဆင့် တူညီသည့်တိုင် အဆုံးမဲ့တောင်တန်းမှ သိုင်းသမားများနှင့် ထိပ်တိုက်ရင်ဆိုင်ရလျှင် အသာစီးရနိုင်သည် အလွန်နည်းပါးမည် ဖြစ်သည်။
ထို့ကြောင့် ရန်ကျောက်ကဲက ကျိဟန်ရူကို အနိုင်ယူလိုက်သည့်အခါ အဆုံးမဲ့တောင်တန်းမှ လူငယ်တပည့်များအားလုံးကို မျက်နှာပျက်စေခဲ့သည်။
တိုက်ဆိုင်မှုတစ်ခု ဖြစ်ကောင်းဖြစ်နိုင်သော်လည်း ယခု စစ်ခုန်ချင်းက ဟိုရှန်းကို တိုက်စစ်ကို တိုက်စစ်ဖြင့်ရင်ဆိုင်ပြီး ထိပ်တိုက်ရင်ဆိုင်နေသည်ကို တွေ့မြင်ရသည့်အခါ သူတို့အားလုံး မျက်နှာများ မည်းမှောင်လာကြရသည်။
ဖန်းယွင်ရှန်းက စစ်ခုန်ချင်းကို ကြည့်လိုက်ပြီးနောက် ရန်ကျောက်ကဲကို လှမ်းကြည့်လိုက်ပြီး သူမနှုတ်ခမ်းထောင့်တွင် အပြုံးရိပ်လေးတစ်ခု ထင်ဟပ်လာသည်။
ရန်ကျောက်ကဲက ခေါင်းကိုအသာစောင်းလိုက်ရင်း…
“မင်း ကောင်းတဲ့ကိစ္စတစ်ခုခုတော့ တွေးနေတာ မဟုတ်ဘူးမလား”
“ကျွန်မ အရင်တုန်းက ပြင်ပလောကမှာ လှည့်ပတ်သွားလာနေရင်း ထိပ်သီးသိုင်းဂိုဏ်းကြီး (၆)ဂိုဏ်းက သိုင်းပညာတွေနဲ့ပတ်သက်ပြီး ရေးစပ်ထားတဲ့ ကဗျာတိုလေးတစ်ပုဒ် ကြားခဲ့ဖူးတယ်”
ဖန်းယွင်ရှန်းက ရန်ကျောက်ကဲ၏ မေးခွန်းကို ရှောင်လွှဲရန် မကြိုးစားဘဲ ပျော်ပျော်ရွှင်ရွှင်ပင် ပြန်ဖြေသည်။
“အစကတော့ အဲဒီကဗျာက အဓိပ္ပါယ်ရှိတယ်လို့ ထင်ခဲ့ပေမယ့် အခု ရှင်နဲ့ ဂိုဏ်းတူအစ်မ’စစ်ခုန်’ကို ကြည့်ပြီး အတော်လေးကွာခြားနေတယ်လို့ ခံစားရတယ်”
ရန်ကျောက်ကဲ အနည်းငယ်စိတ်ဝင်စားသွားပြီး…
“ဟာ… သူတို့က ဘယ်လိုကဗျာမျိုး ရေးစပ်ထားလို့လဲ”
Yes