အခန်း (၁၂၆) အရိုက်ခံရသည့်တိုင်ကျေးဇူးတင်နေရ
“တောင်ပေါ်လာတဲ့လမ်းမှာ အကြီးအကဲတို့ရဲ့ တပည့်တစ်ယောက်က ကျွန်တော်တို့ကို တားဆီးတယ် ၊ မြန်မြန်မီးမငြိမ်းနိုင်ရင် မင်းတို့ဂိုဏ်းရဲ့ ဘီလူးဝိညာဉ်သံလိုက်သွေးကြော အန္တရယ်ရှိနိုင်တယ်လို့ ကျွန်တော် ပြောခဲ့တယ်”
ရန်ကျောက်ကဲ၏ မျက်နှာထက်တွင် ယုံကြည်မှုအပြည့်ရှိနေပြီး တုန်လှုပ်ခြင်း အလျဉ်းမရှိပေ။
လူငယ်တစ်ယောက်က သူ့ကိုယ်သူ အမှန်တကယ် ယုံကြည်မှုရှိသည်လား ၊ အချိုးမကျသည့် စကားများဖြင့် ကြီးကြီးကျယ်ကျယ် လျှောက်ပြောနေခြင်းလားဆိုသည်ကို အဆုံးမဲ့တောင်တန်းမှ သိုင်းဆရာသခင်များအားလုံး အလွယ်တကူ ခွဲခြားနိုင်ကြသည်ပင်။
အကြီးအကဲ’ကျော်’က မည်သည့်စကားမှ မဆိုသော်လည်း သံလိုက်ကြီးအကဲကတော့ မျက်မှောင်ကြုတ်ထား၏။
သိုင်းဆရာသခင် (၃)ယောက်တွင် ကျင့်ကြံခြင်းအဆင့် အမြင့်မားဆုံးဖြစ်ပြီး ဝါရင့်အကြီးအကဲတစ်ယောက်လည်းဖြစ် ၊ ရန်ကျောက်ကဲတို့ အုပ်စုကို အဆုံးမဲ့တောင်တန်းမှ တိမ်လွှာတောင်သို့ လိုက်ပို့သူလည်းဖြစ်သော အကြီးအကဲ’ရှန်းရှီဝမ်’ တစ်ယောက်သာလျှင် မျက်နှာအမူအရာက အနည်းငယ် နွေးထွေးသွားသည်။
ရှန်းရှီဝမ်က ရန်ကျောက်ကဲကို ကြည့်လိုက်ရင်း…
“မင်း ဘာပြောလိုက်တာလဲ”
ရန်ကျောက်ကဲက ရှန်းရှီဝမ်ကို လက်နှစ်ဖက်ဆုပ် အရိုအသေပေးလိုက်ရင်း…
“ဒီနေရာက ယင်ယန်တိမ်တိုက်စမ်းချောင်းနဲ့ နီးတယ်လေ ၊ ဒီနေရာမှာ မီးအကြီးအကျယ်လောင်မယ်ဆိုရင် မီးချီစွမ်းအားက ယင်ယန်မျှခြေကို ထိခိုက်သွားလိမ့်မယ်”
“ယင်ယန်တိမ်တိုက်စမ်းချောင်းက ရေစီးကြောင်းက တိမ်လွှာတောင်အောက်ခြေကို တိုက်ရိုက်စီးဆင်းသွားပြီး မြေကြောနဲ့ ချိတ်ဆက်ထားတယ် ၊ ဒါကြောင့် ယင်ယန်မျှခြေ ပြောင်းလဲသွားပြီး ချီစွမ်းအားခုန်နှုန်း ပြောင်းလဲသွားရင် တိမ်လွှာတောင်တန်း မြေကြောတစ်ခုလုံးရဲ့ ဝိညာဉ်စွမ်းအားကို ထိခိုက်စေလိမ့်မယ်”
“ကျွန်တော်တို့မျိုးဆက် သိုင်းကျင့်ကြံသူတွေအတွက် ဒီသက်ရောက်မှုက ထင်ရှားမှာ မဟုတ်ပေမယ့် အစကတည်းက ပျက်စီးနေတဲ့ ဘီလူးဝိညာဉ်သံလိုက်သတ္တုသွေးကြောကတော့ ပတ်ဝန်းကျင်မှာ နည်းနည်းလေး အပြောင်းအလဲဖြစ်တာနဲ့ ပျက်စီးသွားနိုင်တယ်”
ရန်ကျောက်ကဲက ခဏနားပြီးမှ ဆက်ပြောသည်။
“မီးချီစွမ်းအား မြေကြီးထဲဝင်သွားတာနဲ့ မြေကြောရဲ့ ဝိညာဉ်စွမ်းအားတွေက သူအလိုလို သဘာဝအတိုင်း ထိန်းညှိသွားလိမ့်မယ် ၊ အဲဒီမှာ မီးချီစွမ်းအားနဲ့ မျှခြေဖြစ်အောင် ယင်စွမ်းအားက အေးစိမ့်ယင်စွမ်းအားအဖြစ် ပြောင်းလဲသွားလိမ့်မယ် ၊ မြေကြောထဲက ယင်စွမ်းအားတွေ ပိုမိုအေးစိမ့်လာပြီး အေးစိမ့်ယင်စွမ်းအားအဖြစ် ပြောင်းလဲသွားတဲ့အခါ ဘီလူးဝိညာဉ်သံလိုက်သတ္တုသွေးကြော ပျက်စီးဖို့ ပိုပြီးနီးစပ်လာမယ်”
အဆုံးမဲ့တောင်တန်းမှ တပည့်များကတော့ ထိုစကားများကို နားမလည်ကြသလို ရန်ကျောက်ကဲကို မကျေနပ်သောကြောင့် ဆုံးမချင်နေကြသည်။ သို့သော် သူတို့ဂိုဏ်းမှ အကြီးအကဲများ အနှောက်အယှက်ဖြစ်မည်စိုးသောကြောင့် တစ်ချက်ပင် မလှုပ်ရှားဝံ့ကြပေ။
ကျိဟန်ရူကတော့ မျက်ခုံးများကို တွန့်ချိုးရင်း ရန်ကျောက်ကဲကို စိုက်ကြည့်နေသည်။
ရှန်းရှီဝမ်နှင့် အကြီးအကဲ’ကျော်’တို့ စကားမပြောတော့သည့်အခါ သံလိုက်အကြီးအကဲက လေးနက်သည့်လေသံဖြင့် မေးခွန်းထုတ်သည်။
“မြေကြောထဲမှာ အေးစိမ့်ယင်စွမ်းအားဖြစ်တည်လာတဲ့အခါ ဘီလူးဝိညာဉ်သံလိုက်သတ္တုကျောက်တွင်းကို ပျက်စီးစေလိမ့်မယ်… ဟုတ်လား”
ဘီလူးဝိညာဉ်သံလိုက်သတ္တုဆိုသည်က အဆုံးမဲ့တောင်တန်းအတွက် အရေးကြီးသည့် ရင်းမြစ်တစ်ခု ဖြစ်သည်။ အဆုံးမဲ့တောင်တန်း စတင်တည်ထောင်ချိန်မှ နောက်ပိုင်းဖွံ့ဖြိုးတိုးတက်လာသည့်အချိန်အထိ ဂိုဏ်း၏သြဇာအာဏာနှင့်အတူ တောက်လျှောက်လိုက်ပါလာခဲ့သည့် အရေးကြီးဆုံး ရင်းမြစ်တစ်ခု ဖြစ်သည်။
ထို့ကြောင့် အဆုံးမဲ့တောင်တန်းသည် ဘီလူးဝိညာဉ်သံလိုက်သတ္တုနှင့်ပတ်သက်ပြီး နက်နက်နဲနဲ စူးစမ်းလေ့လာထားသလို နားလည်သဘောပေါက်မှုကလည်း နက်ရှိုင်းသည်။
ထိပ်တန်းအကြီးအကဲများတွင် ပထမအဆင့်ဖြစ်သော သံလိုက်အကြီးအကဲသည် တိမ်လွှာတောင်ရှိ ဘီလူးဝိညာဉ်သံလိုက်သတ္တုကျောက်တွင်းကို ကြီးကြပ်ရန် အထူးတာဝန်ပေးအပ်ခံထားရသူဖြစ်သည်။ သူက အဆုံးမဲ့တောင်တန်းတစ်ခုလုံးတွင် ဘီလူးဝိညာဉ်သံလိုက်သတ္တုအကြောင်းကို အမြင့်ဆုံးအဆင့် နားလည်သူတစ်ယောက် ဖြစ်၏။
ရန်ကျောက်ကဲ၏ စကားများက သူသိရှိထားသည်များထက် သာလွန်နေသည်။ သို့သော် သူသိသမျှဖြင့် ပေါင်းစပ်စဉ်းစားကြည့်လိုက်သည့်အခါ ထိုစကားများက အဓိပ္ပါယ်ရှိသည်ဟု ယောင်ဝါးဝါး ခံစားမိသည်။
ဤကိစ္စ၏ အရေးပါမှုကို စဉ်းစားမိသည့်အခါ သံလိုက်အကြီးအကဲသည် ရန်ကျောက်ကဲကို ပြစ်တင်ပြောဆိုခြင်းမပြုသလို ပြင်းပြင်းထန်ထန် ဝေဖန်ပြောဆိုခြင်းလည်း မပြုတော့ပေ။ သို့ပေသိ သူ့လေသံကတော့ သံသယများဖြင့် ပြည့်နေဆဲပင်။
ရန်ကျောက်ကဲက…
“ဘီလူးဝိညာဉ်သံလိုက်သတ္တုက ဒြပ်စင်တွေကို အတူတကွခိုင်မြဲအောင် စုစည်းထားတဲ့ သတ္တုတစ်ခုပဲ ၊ သူ့ရဲ့ဝိညာဉ်စွမ်းအားက ခန္ဓာကိုယ်တစ်ခုလိုမျိုး သန်စွမ်းခိုင်မာပြီး ယင်နဲ့ယန် ကွဲပြားမှုကို အရေးမစိုက်ဘူးလို့ ထင်စရာရှိတယ် ၊ ဒါပေမဲ့ ဘီလူးဝိညာဉ်သံလိုက်သတ္တု ဖြစ်တည်လာရတဲ့အကြောင်းရင်းမှာ ယင်နဲ့ယန်ပေါင်းစပ်တဲ့ ဖြစ်စဉ်လည်း ပါဝင်နေပါတယ်”
“ဒီနေရာက အကြီးအကဲတို့ဂိုဏ်းရဲ့ ကျောက်ကျင်းတည်ရှိရာနေရာ ဖြစ်ပါတယ် ၊ ကျောက်ကျင်းက သံလိုက်သတ္တုသွေးကြောခမ်းခြောက်သွားရတဲ့အကြောင်းရင်းကတော့ ဘီလူးဝိညာဉ်သံလိုက်သတ္တုကို တူးဖော်တဲ့နေရာမှာ ယန်စွမ်းအားအသုံးပြုပြီး ကြမ်းတမ်းစွာ တူးဖော်ခဲ့လို့ ဖြစ်ပါတယ် ၊ ယန်စွမ်းအား မြေကြောထဲဝင်ရောက်တာကို ခံနိုင်ရည်ရှိဖို့အတွက် ကျောက်ကျင်းပတ်ဝန်းကျင်မြေကြောနေရာမှာ မျှခြေကိုထိန်းညှိနိုင်ဖို့ သဘာဝအတိုင်း အေးစိမ့်ယင်စွမ်းအားတွေ ထွက်ပေါ်လာပါတယ်”
“အချိန်တွေကြာလာတဲ့အခါမှာ အေးစိမ့်ယင်စွမ်းအားက ကျောက်ကျင်းရဲ့ ဖွဲ့စည်းပုံကို ထိခိုက်စေပြီး ကျောက်ကျင်းကထုတ်လုပ်တဲ့ ဘီလူးဝီညာဉ်သံလိက်သတ္တုပမာဏ တဖြည်းဖြည်း လျော့နည်းသွားခဲ့တယ်”
ရန်ကျောက်ကဲက ယုံကြည်မှုအပြည့် တည်ငြိမ်အေးဆေးစွာဖြင့် အစီအစဉ်တကျ ပြောဆိုနေခဲ့သည်။
“အကြီးအကဲတို့အနေနဲ့ ကျောက်ကျင်းပတ်ဝင်းကျင်မှာ ထွက်ပေါ်နေတဲ့ ဝိညာဉ်စွမ်းအားတွေမှာ အအေး အပူ ၊ ယင်ယန် ပြောင်းလဲမှုတွေကို တွေ့ရှိကောင်းတွေ့ရှိနိုင်ပေမယ့် ဒီအကြောင်းတွေကို ချိတ်ဆက်လို့ မရနိုင်တာ ဖြစ်ပါလိမ့်မယ် ၊ ဘာလို့လဲဆိုတော့ ဘီလူးဝိညာဉ်သံလိုက်သတ္တု ဖြစ်တည်လာပုံနောက်ကွယ်က နိယာမတရားကို နားမလည်နိုင်တာကြောင့်ပါဘဲ”
ထိုစကားများကို ကြားသည့်အခါ သံလိုက်အကြီးအကဲသာမက ရှန်းရှီဝမ်နှင့် အကြီးအကဲ’ကျော်’တို့သည်လည်း လေးလေးနက်နက် စဉ်းစားနေကြလေတော့သည်။
အချိန်အတန်ကြပြီးမှ အကြီးအကဲ’ကျော်’က…
“မင်းက ဒီအကြောင်းတွေကို ဘယ်လိုလုပ်သိတာလဲ”
ဟု မေးလိုက်၏။
ရန်ကျောက်ကဲက ပြုံးလိုက်ရင်း…
“အကြီးအကဲတွေကို ကျွန်တော့်ရဲ့ရယ်စရာကောင်းတဲ့စွမ်းရည်လေး နည်းနည်းပါးပါး ပြသလိုက်မိပါပြီ ၊ ကျွန်တော်က ငယ်ငယ်လေးကတည်းက ဒီလိုမျိုး ထွေရာလေးပါးအကြောင်းတွေ လျှောက်ပြီးလေ့လာရတာ ဝါသနာပါတယ် ၊ ရှေးဟောင်းကျမ်းစာတွေကို ရှာဖွေလေ့လာရတာကို သဘောကျတယ် ၊ အထူးသဖြင့် မဟာကပ်ဘေးမတိုင်ခင်က ကြွင်းကျန်ခဲ့တဲ့အရာတွေကိုပေါ့ ၊ အဲဒီအလုပ်တွေလုပ်နေလို့ ကျွန်တော့်ရဲ့ သိုင်းပညာကျင့်ကြံမှု နောက်ကျခဲ့တဲ့အတွက် ကျွန်တော့်ဂိုဏ်းက အကြီးအကဲတွေကတောင် ကျွန်တော့်ကို မကျေမနပ် ဖြစ်ခဲ့ကြပါသေးတယ်”
ရန်ကျောက်ကဲက ဆက်ပြောသည်။
“ဒီကိစ္စကိုပြောရတာ အကြီးအကဲတို့အတွက် နည်းနည်းတော့ အောင့်သက်သက်ဖြစ်စရာဆိုပေမယ့်… ဒီမှာရှိတဲ့ အကြီးအကဲတွေအားလုံးလည်း သိကြမှာပါ ၊ အဆုံးမဲ့တောင်တန်းရဲ့ တည်ထောင်သူဘိုးဘေးက ဘီလူးဝိညာဉ်ကျင့်စဉ်ကို အမှန်တကယ် တီထွင်ခဲ့တာ မဟုတ်ပါဘူး”
အဆုံးမဲ့တောင်တန်းကို တည်ထောင်ရာတွင် ဘီလူးဝိညာဉ်ကျင့်စဉ်ကို အဓိကအခြေခံအုတ်မြစ်အဖြစ် အသုံးပြုခဲ့သည်။ ဘီလူးဝိညာဉ်ကျင့်စဉ်မှာ မဟာကပ်ဘေးမတိုင်မီကပင် တည်ရှိခဲ့သည့် နက်နဲသိမ်မွေ့သော ကျင့်စဉ်တစ်ခု ဖြစ်သည်။
အဆုံးမဲ့တောင်တန်း၏ တည်ထောင်သူဘိုးဘေးသည် ပြီးပြည့်စုံခြင်းမရှိဘဲ ပျက်စီးနေသည့် ဘီလူးဝိညာဉ်ကျင့်စဉ်ကို ရရှိခဲ့သည်။ ထိုကျင့်စဉ်ကို သုတေသနပြုပြီးနောက် အသစ်တစ်ဖန် ပြန်လည်တီထွင်ခဲ့ပြီး လက်ရှိတွင် အဆုံးမဲ့တောင်တန်းမှတပည့်များ ကျင့်ကြံနေသည့် ဘီလူးဝိဉာဉ်ကျင့်စဉ်ကို မွေးဖွားပေးခဲ့သည်။
လက်ရှိအစွန်းရောက်ရှစ်ပါးကမ္ဘာတွင်ရှိသော သိုင်းကျမ်းအများစုသည် ဤနည်းဖြင့်ပင် ရရှိထားသည့် သိုင်းကျမ်းများ ဖြစ်ကြသည်။ သို့ပေသိ အဆုံးမဲ့တောင်တန်း၏ တည်ထောင်သူ ရရှိခဲ့သော ဘီလူးဝိညာဉ်ကျင့်စဉ်ကတော့ အခြားသိုင်းပညာများနှင့် နှိုင်းယှဉ်ပါက အတော်လေး ပြီးပြည့်စုံသည်ဟု ဆိုနိုင်သည်။
ထို့ကြောင့် လက်ရှိ ဘီလူးဝိညာဉ်ကျင့်စဉ်သည် မဟာကပ်ဘေးမတိုင်ခင်က ရှေးဟောင်းကျင့်စဉ်နှင့် ပို၍နီးစပ်သည်ဟု ဆိုနိုင်သည်။
အဆုံးမဲ့တောင်တန်းကလည်း ထိုအကြောင်းကို ဘယ်သောအခါမှ မငြင်းဆိုခဲ့ပေ။
ရှန်းရှီဝမ်က ခေါင်းညိတ်ရင်း…
“မှန်ပါတယ်”
သူက ရန်ကျောက်ကဲကို ကြည့်လိုက်ရင်း…
“မင်းရဲ့စကားကိုကြည့်ရတာ မဟာကပ်ဘေးမတိုင်ခင်က ဘီလူးဝိညာဉ်ကျင့်စဉ်အပြည့်အစုံ မင်းဆီမှာ ရှိနေလို့များလား”
ရန်ကျောက်ကဲက ခေါင်းခါယမ်းလိုက်ရင်း…
“မဟုတ်ပါဘူးဗျာ ၊ ကျွန်တော်ရထားတဲ့ ရှေးဟောင်းကျမ်းစာတွေကို အစီအစဉ်တကျ စီစဉ်ကြည့်လိုက်တဲ့အခါ ဘီလူးဝိညာဉ်မျိုးနွယ်တွေနဲ့ ဆက်စပ်တဲ့ အချက်အလက်တွေကို သိခဲ့ရတယ်”
မဟာကပ်ဘေးမတိုင်ခင်က ဘီလူးဝိညာဉ်မျိုးနွယ်ဟုခေါ်ဆိုသည့် တန်ခိုးစွမ်းအားမြင့်မားသော မျိုးနွယ်စုတစ်ခု ရှိခဲ့သည်။ ဘီလူးဝိညာဉ်ကျင့်စဉ်ကို ထိုမျိုးနွယ်စုဝင်များက ကျင့်ကြံခဲ့ကြသည်။
ရန်ကျောက်ကဲက ဆက်ပြော၏။
“မဟာကပ်ဘေးမတိုင်ခင်က ဘီလူးဝိညာဉ်မျိုးနွယ်တွေက ဘီလူးဝိညာဉ်ကျင်စဉ်ကို ကျင့်ကြံခဲ့ကြတယ် ၊ သူတို့က ဘီလူးဝိညာဉ်သတ္တုသံလိုက်ကိုလည်း သုတေသနပြုခဲ့ကြတယ် ၊ ကျွန်တော်လေ့လာခဲ့တဲ့အချက်အလက်တွေထဲမှာ ဘီလူးဝိညာဉ်သံလိုက်သတ္တုကျောက်ကျင်းတွေနဲ့ပတ်သက်တဲ့ သုတေသနအချို့ ပါရှိတာ တွေ့ရတယ်”
“ကျွန်တော်က ကျွမ်းကျင်သူတစ်ယောက် မဟုတ်ပေမယ့် အကြီးအကဲတို့ကို အကူအညီပေးဖို့ ကမ်းလှမ်းနိုင်ပါတယ် ၊ ဘာလို့လဲဆိုတော့ ကျွန်တော်က ပါးစပ်ထဲရှိတာတွေကို လျှောက်ပြောနေတာမဟုတ်သလို အပြောချည်းသက်သက်နဲ့ လမ်းဆုံးနေတာလည်း မဟုတ်ပါဘူး”
ပြောပြီးသည်နှင့် ရန်ကျောက်ကဲက ပြုံးလိုက်ရင်း…
“အချိန်ခဏလောက်နဲ့တော့ မြေကြောထဲက အေးစိမ့်ယင်စွမ်းအားက သိသာထင်ရှားမှာ မဟုတ်ပါဘူး ၊ ဒါပေမဲ့ ကျောက်ကျင်းပုံစံကို ပျက်စီးသွားစေပြီး ထင်ရှားတဲ့အပြောင်းအလဲတွေကို အမှန်တကယ်ခံစားရမှာ ဖြစ်ပါတယ်”
“အကြီးအကဲတို့ဂိုဏ်းက လူတွေက ဒီဒေသမှ ဒီလိုပြဿနာဖြစ်နေတာကို အရင်က သတိထားခဲ့မိပုံ မပေါ်ဘူး ၊ ဒါပေမဲ့ အခု ကျောက်ကျင်းကို သေသေချာချာ စစ်ဆေးကြည့်မယ်ဆိုရင် အခြေအေနေကို နက်နက်နဲနဲ သတိပြုမိကြမှာပါ ၊ ဒါဆိုရင် ကျွန်တော့်စကားတွေ မမှားဘူးဆိုတာ သိရှိနိုင်မယ်လို့ ယုံကြည်ပါတယ်”
ပြောပြီးသည်နှင့် ရန်ကျောက်ကဲက ပြုံးလိုက်ပြီး လက်နှစ်ဖက်ကိုနောက်သို့ပစ်ကာ မည်သည့်စကားမှ မဆိုတော့ပေ။
ခဏမျှ အလေးအနက်စဉ်းစားပြီးနောက် သံလိုက်အကြီးအကဲက…
“ငါ သွားကြည့်မယ်”
ဟု လေးနက်သည့်အသံဖြင့် ဆိုသည်။
ရှန်းရှီဝမ်က ညင်သာစွာ ခေါင်းညိတ်လိုက်သည်။
ကျိဟန်ရူနှင့် အဆုံးမဲ့တောင်တန်းမှ တပည့်များကတော့ အတော်လေး အဆင်မပြေ ဖြစ်နေရသည်။
ရန်ကျောက်ကဲ၏ စကားများက အဓိပ္ပါယ်မဲ့သော စကားများအဖြစ် သက်သေပြနိုင်ပါစေဟု သူတို့ မျှော်လင့်မိကြသည်။ မဟုတ်ပါက သူတို့အားလုံး ကိုယ့်ကိုယ်ကိုယ် အရူးလုပ်ခံရသူများပမာ ဖြစ်ကြရပေမည်။
မီးရှို့သည့်အလုပ်ကိုလုပ်သူမှာ သူတို့ဂိုဏ်းသားများပင်ဖြစ်ပြီး ထိုလုပ်ရပ်က သူတို့ဂိုဏ်းတန်ဖိုးထားရန် ဘီလူးဝိညာဉ်သံလိုက်သတ္တုသွေးကြောကို ပျက်စီးစေရန် ဦးတည်နေသည်။
ဝါဒတောင်မှလူများက မီးကိုကူညီငြိမ်းသတ်ပေးသူများဖြစ်လေရာ အပြစ်တင်မခံရသည့်အပြင် ကျေးဇူးရှင်များပင် ဖြစ်လာပေလိမ့်မည်။ စောစောက တိုက်ခိုက်ခြင်းအတွက် ဘာမှမဖြစ်ရုံသာမက သူတို့လုပ်ရပ်အတွက် ကျေးဇူးတင်ရမည့်သဘော ဖြစ်နေ၏။
ပါးရိုက်ခံလိုက်ရသည့်တိုင် ပြုံးပြုံးလေးဖြင့် ကျေးဇူးတင်နေရပြီး “အမျက်ဒေါသ”ကိုပင် ထုတ်ဖော်မပြနိုင်သည့် အခြေအနေမျိုး ဖြစ်သည်။
အကြီးအကဲ’ကျော်’ က ရန်ကျောက်ကဲကို စိုက်ကြည့်လိုက်ရင်း…
“မင်းပြောတဲ့စကားတွေသာ အမှန်ဆိုရင် ငါတို့ဂိုဏ်းက မင်းကို လက်နှစ်ဆုပ်ဂါရဝပြပြီး ကျေးဇူးတင်မှာဖြစ်တယ် ၊ ဒါပေမဲ့ မီးရှို့တဲ့သူကလည်း ဒီအခြေအနေတွေကို မသိလို့ မီးရှို့တယ်ဆိုတာ သိထားရမယ်”
သူက ဆက်ပြောသည်။
“စည်းကမ်းတွေကို ပေါ့ပေါ့တန်တန် ပစ်ပယ်လို့ မရဘူး ၊ ငါတို့ အဆုံးမဲ့တောင်တန်းနယ်မြေဲမှာ ဖြစ်ခဲ့သမျှကို ငါတို့ဂိုဏ်းရဲ့ ဥပဒေနဲ့ ကိုင်တွယ်ဖြေရှင်းမှာ ဖြစ်တယ် ၊ တခြားသူတွေက ငါတို့အတွက် ကြားဝင်ဆုံးဖြတ်ဖို့ ဘယ်တော့မှ မလိုအပ်ဘူး”
ရန်ကျောက်ကဲက အေးဆေးတည်ငြိမ်စွာဖြင့်…
“အချိန်ရှိမယ်ဆိုရင် ဒီကိစ္စနဲ့ပတ်သက်ပြီး အဆုံးမဲ့တောင်တန်းက ဘယ်လိုကိုင်တွယ်ဖြေရှင်းမလဲဆိုတာ စောင့်ကြည့်ချင်ပါတယ် ၊ အဲဒီအတွက် အချိန်မရှိဘူးဆိုရင်တော့ ကျွန်တော်တို့ ဘယ်သူ့ဆီကမှ ခွင့်ပြုချက် တောင်းနေမှာ မဟုတ်ပါဘူး”
အကြီးအကဲ’ကျော်’က မျက်လုံးများကို အသာကျဉ်းမြောင်းလိုက်သည်။
ဖူအန်းစုက သူ့ကို စိုက်ကြည့်လိုက်ရင်း…
“ကျော်ချန်… ရှင်က ပြဿနာရှာနေတာလား”
သူမက ဆက်ပြောသည်။
“ရှင်က ကျွန်မတို့နဲ့ ဆက်ဆံရေးကို ပြတ်ပြတ်သားသား ဖြစ်ချင်တယ်ဆိုရင် ဒီကိစ္စနဲ့ပတ်သက်ပြီး ခပ်ရှင်းရှင်းပြောရအောင် ၊ ကျွန်မတို့ ဒီကိုရောက်တာနဲ့ ပြဿနာက ချက်ချင်းတက်တယ် ၊ ဒါတွေက တိုက်ဆိုင်မှုတစ်ခုဆိုတာ သေချာရဲ့လား”
ဖူအန်းစုက သူမ၏ မိုးမခရွက်ပမာ မျက်ခုံးများကို တွန့်ချိုးလိုက်သည်။
“ငါတို့ ဝါဒတောင်က အနိုင်ကျင့်လို့ရတဲ့ဂိုဏ်းတစ်ခုလို့ ရှင် ထင်နေတာလား”
အကြီးအကဲ’ကျော်’က တည်ကြည်လေးနက်သည့် မျက်နှာထားဖြင့်…
“ဖူအန်းစု…”
သို့သော် သူ့စကားမဆုံးခင် ရှန်းရှီဝမ်က လက်တစ်ဖက်ကာပြလိုက်ရင်း…
“အားလုံးပဲ… သံလိုက်အကြီးအကဲ ပြန်လာတဲ့အထိ စောင့်ကြရအောင်”
ဟု ဖြည်းညင်းစွာ ဆိုလိုက်သည်။
အကြီးအကဲ’ကျော်’က ရှန်းရှီဝမ်ကို လှမ်းကြည့်လိုက်တော့ အေးဆေးတည်ငြိမ်သည့် အကြည်များနှင့် ရင်ဆိုင်လိုက်ရသည်။
ရှန်းရှီဝမ်က ယခု တိမ်လွှာတောင်သို့ ရောက်နေသည့် အကြီးအကဲ (၃)ယောက်တွင် ကျင့်ကြံခြင်းအဆ့် အမြင့်ဆုံးဖြစ်သလို ဝါရင့်ပုဂ္ဂိုတစ်ယောက်လည်း ဖြစ်သည်။ ထို့ပြင် သူ့ထင်မြင်ချက်ကို ထုတ်ဖော်ပြောဆိုသည်မှာလည်း ခပ်ရှားရှား ဖြစ်၏။
အကြီးအကဲ’ကျော်’က အကြည့်များကို ပြန်လည်ရုတ်သိမ်းလိုက်ပြီး တိတ်ဆိတ်ငြိမ်သက်သွားသည်။
ခဏအကြာတွင်တော့ သံလိုက်အကြီးအကဲ ပြန်ရောက်လာ၏။ သူ့မျက်နှာထက်တွင် လေးနက်သည့်အမူအရာဖြင့် ပြည့်နေပြီး ရှန်းရှီဝမ်နှင့် အကြီးအကဲ’ကျော်’တို့ကို ခေါင်းညိတ်ပြလိုက်သည်။
ပြောစရာစကားမရှိတော့ပေ။ သူ၏ မျက်နှာအမူအရာကိုကြည့်ရုံဖြင့် အဓိပ္ပါယ်ကို သိနိုင်ကြသည်။
အဆုံးမဲ့တောင်တန်းမှ တပည့်များအားလုံး မျက်နှာများ မဲမှောင်သွားကြသည်။
ကျိဟန်ရူက နာကျင်စွာဖြင့် မျက်လုံးများကို မှိတ်လိုက်ရင်း လက်သီးကို ကျစ်ကျစ်ပါအောင်ဆုပ်ကာ သွားဖုံးများ သွေးထွက်လုမတတ် အံကိုတင်းတင်းကြိတ်ထားလေတော့၏။