ကျောက်တုံး လှေကားထစ် ရှည်ကြီးပေါ်တွင် ပြင်းထန်သော ရေစီးမှု ပြီးဆုံး သွားပြီးနောက်တွင် လှေကားထစ် ပေါ်၌ ပုံရိပ် ၁၀ ခုသာ ကျန်ရှိခဲ့သည်။ ကျန်နေခဲ့သူများက အထွတ်အထိပ် အဆင့် ပါရမီရှင်များသာ ဖြစ်သည်။ သူတို့၏ ခိုင်မာသော အခြေခံ အုတ်မြစ်များက သူတို့ကို နောက်ဆုံးအချိန်ထိ တောင့်ခံစေနိုင်ခဲ့သည်။
ငါးခုမြောက် ကျောက်တုံး စင်မြင့်ပေါ်၌ ကျူးယွင်နှင့် လုလျိုက ငါးခုမြောက် စင်မြင့်၏ ကောင်းချီးအတွက် ယှဉ်ပြိုင်ရန် ထိုစဉ်မြင့်ပေါ်သို့ တက်ရောက်ခဲ့သော အချိန်တွင် အခြားသူများက သူတို့၏ သန်မာမှုများ အားလုံးကိုသုံးကာ ရှေ့သို့ ဆက်လက် သွားနေကြသည်။
သို့သော်လည်း လူတိုင်းက ထိုအထွတ်အထိပ် အဆင့် ပါရမီရှင်များက စတင်၍ မောပန်းလာပြီး သူတို့၏ ခြေလှမ်းများမှာ လေးကန်စွာဖြင့် ဖြည်းဖြည်းချင်း လှမ်းနေကြသည်ကို တွေ့လိုက်ကြရသည်။
“အဲဒါကို ကြည့်ရတာ၊ တစ်ယောက်ယောက်က နောက်စင်မြင့် တစ်ခုပေါ်မှာ ကျန်ခဲ့ဦးမယ် ထင်တယ်”
သူတော်စင် အကြွင်းအကျန်ဒေသ အပြင်ဘက်တွင်
“တုံးရွမ်တိုက်ကြီးက ကြွက်ဝန်းဖြူလေးတွေက ငါတို့ ကန်မင်တိုက်ကြီးရဲ့ ကောင်းချီးတွေကို ခိုးယူဖို့ ငါတို့တိုက်ကြီးထဲကို ဝင်ရောက်လာခဲ့တယ် ဘယ်လောက်တောင် မုန်းစရာ ကောင်းလိုက်လဲ”
သူတို့က ကောင်းကင်ထက်ရှိ တမန်တော် ခြောက်ယောက်ကို လှမ်းကြည့် လိုက်သည်။ သို့သော်လည်း သူတို့ ခြောက်ယောက်လုံးက မည်သည့် စကားမှ မဆိုကြပေ။ ထိုစဉ် သူတို့အားလုံးမှာ အကူအညီမဲ့စွာ ခံစားလိုက်ရပြီး သူတို့အနေဖြင့် ယဲ့မင်တို့ အုပ်စု သူတော်စင် နယ်မြေမှ ထွက်လာချိန်၌ ဆဲရေးရုံမှလွဲ၍ အပြစ်မပေး နိုင်ကြောင်း သိလိုက် ကြပေသည်။
“သည်တုံးရွမ်တိုက်ကြီးက လူတွေက လုံလောက်အောင် ဉာဏ်ကောင်းတယ် နောက်ပိုင်း ကျောက်တုံး စင်မြင့်တွေဆီမှာ တစ်ယောက်ချင်းစီ ခွဲပြီးနေခဲ့ရင် သူတို့ အချင်းချင်း တိုက်ခိုက်ရဖို့မှ ကာကွယ်နိုင်တယ် ဆိုတာကို သိတာပဲ” ဉာဏ်ကောင်းသော လူအချို့က လက်ရှိ အခြေအနေကို နားလည်ပေသည်။
“သည်လိုသာ ဖြစ်ခဲ့ရင် ကောင်းချီးအတွက် တိုက်ပွဲတွေက ကန်မင်တိုက်ကြီးနဲ့ တုံးရွမ်တိုက်ကြီးတို့ရဲ့ အားပြိုင်မှု ဖြစ်လာပြီ”
ကန်ယွမ် ကုန်မြေကြီးမှာ ရှိသော တိုက်ကြီးများထဲမှာ ကန်မင် တိုက်ကြီးနဲ့ တုံးရွမ်တိုက်ကြီးတို့လည်း ပါဝင်တယ်။ သည်တုံးရွမ်တိုက်ကြီးက ပါရမီရှင်တွေက ကန်မင်တိုက်ကြီးကို ရောက်ရှိလာပြီး ကန်မင်တိုက်ကြီးတွင် ရှိနေသည့် ကောင်းချီးပေးမှုတွေ ခိုးယူရန် ရောက်လာခဲ့ကြသည်။
အားလုံး၏ မျက်နှာအမူအရာမှာ မကောင်းကြပေ။ အရာအားလုံး ပြီးနောက် မည်သူမှ တခြားတိုက်ကြီးမှ လူတွေနှင့် ဆုံတွေချိန်တွင် အသုံးမဝင်ခဲ့ပေ။
“ငါတို့ရဲ့ ကျန်ရှိနေသေးတဲ့ အထွတ်အထိပ် အဆင့် ပါရမီရှင်တွေက တုံးရွမ်တိုက်ကြီးက ပါရမီရှင်တွေကို တားဆီးပြီးတော့ ငါတို့ရဲ့ ကန်မင်ကုန်းမြေရဲ့ ကောင်းချီးပေးမှုတွေကို လုံခြုံစေဖို့ မျှော်လင့်တယ်”
***
လူအားလုံး၏ အာရုံစိုက်နေတဲ့ အကြည့်တွေ အောက်မှာ ခြောက်ခုမြောက် စင်မြင့် ပေါ်ပေါက်လာခဲ့သည်။
ယဲ့မင်၏ အကြည့်များမှာ ကျဉ်းမြောင်းသွားပြီး သူ၏ အရှေ့တွင် ရှိနေသော စင်မြင့်ကို ကြည့်လိုက်သည်။ ခဏမျှ တိတ်ဆိတ် ပြီးနောက် သူက ကျန်ရှိ နေသေးသည့် တုံးရွမ်တိုက်ကြီးမှ အဖွဲ့အဝင်များကို လက်ဟန် ပြလိုက်သည်။
ယဲ့မင် အပါအဝင် ကန်မင်တိုက်ကြီးမှ သူတော်စင် လေးယောက် ကျန်ရှိ နေသေးပေသည်။
သူတို့အားလုံးက ယဲ့မင်၏ လက်ဖြင့် အချက်ပြသည်ကို မြင်ရသောအခါ သူ၏ ဆိုလိုချက်ကို နားလည် သွားသည်။
သူ့အနေဖြင့် သူတို့အားလုံး ကျောက်တုံး စင်မြင့်တစ်ခုစီတွင် ရှိပြီး ကောင်းချီးများကို ရယူနိုင်စေရန် အလိုရှိပေသည်။
ကျန်းချွမ်းလို့ခေါ်တဲ့ လူငယ်လေးက မြေပြင်သို့ တံတွေး တစ်ချက် ထွေးလိုက်ပြီး ခဏအကြာတွင် သူ၏ ခြေထောက်ကို မြေပြင်ပေါ်သို့ ပေါက်ချလိုက်သည်နှင့် အပြာရောင် မူလချီများက သူ၏ ခြေဖဝါးအောက်တွင် ရေကဲ့သို့ စီးဆင်းသွားကာ သူအား အရှေ့သို့ ရောက်ရှိစေပြီး ခြောက်ခုမြောက် စင်မြင့်ပေါ်သို့ ပို့ဆောင်ပေးသည်။
သူ့အနေဖြင့် အထက်သို့ ဆက်လက် တက်ရန် အစီအစဉ်ရှိပုံ မရဘဲ ခြောက်ခုမြောက် ကျောက်တုံးစင်မြင့်မှ ကောင်းချီးကိုသာယူရန် ရွေးချယ် လိုက်ပုံရသည်။ ဇူယွမ်တို့ လူစုက သည်အရာကို မြင်လိုက်ရသည်။ ခဏအကြာတွင် ဝူဟောင်တို့ လူစုနှင့် အကြည့်ချင်း ဖလှယ် လိုက်ကြသည်။
“ငါ့ကို ခြောက်ခုမြောက် စင်မြင့်ပေါ် တက်ဖို့ ခွင့်ပြုပေးပါ”
တစ္ဆေတစ်ကောင်ကဲ့သို့ အသံနက်ကြီး ထွက်ပေါ်လာပြီး ပြောလိုက်သူမှာ ကျိန်းရွီး ဖြစ်သည်။
တခြားလူတွေက ခေတ္တမျှ တိတ်ဆိတ်သွားပြီး နောက် သူတို့က ခေါင်းညိတ် လိုက်ကြသည်။
“မင်းနဲ့ ကျန်ခဲ့တဲ့လူစုက ကြိုးစားပြီး ကောင်းချီးတွေကို တုံးရွမ်တိုက်ကြီးက လူတွေ ယူဆောင်သွားခြင်းမှ ကာကွယ် နိုင်လိမ့်မယ်လို့ ငါမျှော်လင့်တယ်။ မဟုတ်ရင် ငါတို့ ကန်မင်တိုက်ကြီးက လူငယ်မျိုးဆက်က အမှိုက်တွေလို့ သူများ ရယ်မောတာ ခံရလိမ့်မယ်” သူက ဇူယွမ်တို့ကို ကြည့်ပြီး ပြောလိုက်သည်။
ပြီးနောက်မှာတော့ ကျိန်းရွီးက မြေပြင်ကို ဆောင့်နင်းကာ သူ၏ ပုံရိပ်က မြေပြင်မှ မြောက်တက် သွားပြီး ခြောက်ခုမြောက် ကျောက်တုံး စင်မြင့်ပေါ်တွင် သွားရပ်သည်။
“သူရဲဘောကြောင်တဲ့ ကြွက်ကလေး။ အရင်က ငါတစ်ယောက်တည်းကို မင်း သတ္တိရှိရှိနဲ့ ရင်မဆိုင်ခဲ့ဘူး။ အခုမင်းကို ဘယ်သူ လာကူမလဲ” ကျိန်းရွီးက အေးစက်စက် အကြည့်ဖြင့် ကျန်းချွမ်းကို စိုက်ကြည့်ပြီး သူ၏ မျက်လုံးတွင် အကြင်နာမဲ့မှုများ ပေါ်လွင်နေသည်။ သူတို့နှစ်ယောက် ယခင် တိုက်ခိုက်ချိန်တုန်းက ကျန်းချွမ်း၏ အဖွဲ့သားများက ပုန်းအောင်းကာ ကြည့်ရှုနေခဲ့သည်။ ရလဒ်အနေဖြင့် ကျိန်းရွီးမှာ သူ၏ စွမ်းအားများကို အပြည့်အ၀ အသုံးမျချနိုင်ပဲ ကျန်းချွမ်း၏ အနိုင်ယူမှုကို ခံလိုက်ရသည်။ ကျိန်းရွီးအနေဖြင့် ထိုကိစ္စကို ပြန်လည်ရယူရန် စောင့်နေသည်မှာ ကြာမြင့်လှပေပြီ။
***
ခြောက်ခုမြောက် စင်မြင့် ထွက်ပေါ်လာပြီး မကြာမီမှာပဲ ခုနစ်ခုမြောက် စင်မြင့်လည်း ပေါ်လာခဲ့သည်။
ထိုအချိန်မှာ ကျိူးချူးချင်ယုက စတင်ပြီး လှုပ်ရှား လိုက်သည်။ အစိမ်းရောင် အလင်းတန်းနှင့် အတူ သူမက စင်မြင့်ပေါ်သို့ ရောက်ရှိသွားပြီး ကျန်ရှိနေသေးသည် တုံးရွမ်တိုက်ကြီးမှ ပါရမီရှင် သုံးယောက်အား ကြည့်လိုက်သည်။
“သည်နေရာမှာ ရှိတဲ့ ကောင်းချီးအတွက် ယှဉ်ပြိုင်ဖို့ ဘယ်သူ စိတ်ဝင်စားလဲ”
ယဲ့မင်၏ အမူအရာမှာ ပြောင်းလဲ သွားခြင်း မရှိဘဲ သူ့ရှေ့မှာ ရှိနေသော သတ္တု ခန္ဓာကိုယ်နှင့် လူငယ် တစ်ယောက်ကို ကြည့်လိုက်သည်။ ထိုလူငယ်၏ ခန္ဓာကိုယ်မှာ သတ္တုဖြင့် သွန်းလောင်း ထားဟန်ရပြီး လူသား တစ်ယောက်နှင့် မတူသော အရှိန်အဝါကို ပေးစွမ်းသည်။
“ချင်းထုံး မင်း တက်သွားလိုက်”
သတ္တု ခန္ဓာကိုယ်နှင့် လူငယ်က ခေါင်းညိတ် ပြလိုက်သည်။ သူ၏ ခြေထောက်ကို မြေပြင်ပေါ်သို့ ဆောင့်နင်းလိုက်ပြီး သူ၏ ခန္ဓာကိုယ်က လေထဲသို့ ပျံတက် သွားသည်။ သူက ခုနစ်ခုမြောက် စင်မြင့်ပေါ်သို့ တက်သွားပြီး ကျိုးချူးချင်ယုအား ကြည့်ကာ ရိုင်းစိုင်းသော အပြုံး တစ်ခု ပြုံးလိုက်ပြီး
“ဘယ်လောက်တောင် ညှို့ငင်နိုင်တဲ့ အလှလဲ။ ငါနှစ်တွေ အများကြီး မိန်းကလေးတွေကို သေလောက်တဲ့ အထိ အရုပ် တစ်ခုလိုမျိုး ကစားခဲ့တယ်။ မင်းလည်း အဲဒီလိုမျိုး ဖြစ်မှာပဲ”
ကျိုးချူးချင်ယု၏ မျက်လုံးထဲတွင် ရွံရှာမှုများ ဖြတ်သန်းသွားလည်း သူမ၏ ချိုသာသော မျက်နှာပေါ်သို့ အပြုံးတစ်ခု ပေါ်လာပြီး
“နင် ဒီတစ်ယောက်တော့ ကြိုးစားနိုင်မှာ မဟုတ်ဘူး။ နင်က ပုံစံမကျတဲ့ နွားထီးကြီးလေ”
***
လှိုင်းလုံးကြီးများက ဆက်လက်ပြီး ကျဆင်းနေဆဲ ဖြစ်သည်။
ဖြစ်နေကြသည်။
“ဘယ်သူက ရှစ်ခုမြောက် စင်မြင့်ပေါ် ဝင်ရောက်မလဲ ဆိုတာ ငါတကယ် သိချင်မိတယ်”
“ငါကတော့ ဇူယွမ်လို့ ထင်တယ်။ သူ ဒီအချိန်အထိ ကျန်ရှိနေတာကိုက စဉ်းစားမရအောင် ဖြစ်နေပြီ အခု သူ့ရဲ့ အကန့်အသတ်ကို ရောက်နေလောက်ပြီ ဟုတ်တယ်မလား”
“သူတစ်ယောက်ပဲ အထွတ်အထိပ် ပါရမီရှင်တွေထဲက တစ်ယောက် မဟုတ်တာလေ။ ဝူဟောင်၊ လီချွမ်ကျွမ်းနှင့် ယဲ့မင် … တို့အားလုံးကတော့ ဇူယွမ်ထက် ပိုပြီး ကြာအောင် ကျန်နေခဲ့သင့်တယ်”
“……”
မရေတွက်နိုင်သော ငြင်းခုံသံတွေ ထွက်ပေါ် လာခဲ့သည်။ သူတော်စင် အကြွင်းအကျန် ဒေသ အပြင်ဘက် ကောင်းကင် အမြင့်ပေါ်တွင် မူဝူကျိက မျက်မှောင်ကြုတ်လျက် ဇူယွမ်၏ သေးငယ်သော ပုံရိပ်လေးကို ဆက်လက် ကြည့်ရှုနေသည်။ သူ၏ မူလချီအလွှာမှာ ကျန်နေခဲ့သော လူခြောက်ယောက် ထဲတွင် အားအနည်းဆုံး ဖြစ်သည်။
“သူတို့အားလုံးနဲ့ ယှဉ်လိုက်လျှင် ဇူယွမ်က သိပ်ပြီး အခွင့်မသာဖူးပဲ” မူဝူကျိက နှလုံးသားထဲမှ သက်ပြင်း ချလိုက်သည်။ အစိမ်းရောင် ရေလှိုင်းစစ်ဆေးမှုက သူတို့ရဲ့ မူလချီပမာဏနှင့် ချီပြန်လည် စုဆောင်းနိုင်နှုန်းကို စစ်ဆေးခြင်းမှန်း သူကောင်းစွာ သိပေသည်။
ကောင်းကင်တံခါး အဆင့်သာ ရှိသေးသော ဇူယွမ်အတွက် အသေအချာကို အခွင့်မသာသည့် အခြေအနေ ဖြစ်သည်။
“အဲဒီစင်မြင့်ကို ရောက်ဖို့ သူ့အတွက် မလွယ်ကူလောက်ဘူး” မူဝူကျိအနေဖြင့် ဇူယွမ်ကို အပြစ်မတင်သင့်မှန်း သိသည်။ သို့သော်လည်း ဒီအဆင့်တွင် ဇူယွမ် ဆက်လက် သွားပါက မကြာမီပင် ရှုံးနိမ့်ပေလိမ့်မည်။
ထိုကိစ္စက မူဝူကျိကို အလွန် စိတ်ထိခိုက်စေသည်။
***
ဇူယွမ်အနေဖြင့် ပြင်ဘက် ကမ္ဘာတွင် ဆွေးနွေး နေသည်များကို သတိမမှုမိပေမဲ့ သူ၏ မျက်မှောက်ကာလ အခြေအနေကို နားလည် ပေသည်။ သူ၏ ပတ်လည်တွင် ရှိသော မူလချီများမှာ တဖြည်းဖြည်း အားနည်း၍ လာနေသည်။ တကယ်တော့ သူ၏ မူလချီ သုံးစွဲမှုနှုန်းက အမှန်ပင် များပြားလှပေသည်။
အမှန်တကယ်ပင် နဂါး အသက်ရှူခြင်း ကျင့်စဉ်က ကုန်ဆုံးသွားသော မူလ ချီစွမ်းအားများကို ပြန်လည် ဖြည့်တင်း မပေးနိုင်ပေ။
သို့သော်လည်း ဇူယွမ်၏ မျက်လုံးထဲတွင် စိတ်ဓာတ် ကြံ့ခိုင်မှုများဖြင့် ပြည့်နေပြီး သူ၏ကိုယ်တွင်း အင်္ဂါများ အတွင်းမှ သွေးကြောမျှင်များကို အာရုံစိုက်နေသည်။ သူ၏ မျက်လုံးထဲ၌ အစိမ်းရောင် လှိုင်းလုံးများကိုသာ ကြည့်နေသည်။
သူ သည်နေရာသို့ ရောက်ရှိ လာခဲ့မှတော့ လွယ်လွယ်ကူကူ အရှုံးမပေးလိုပေ။
ဟိန်းသံတစ်ခုက သူ၏ နှလုံးသားထဲမှ ပဲ့တင်ရိုက် ထွက်ပေါ်လာသည်။ ထိုအခိုက်တွင် ကမ္ဘာလောကကြီးက တိတ်ဆိတ်သွားပြီး သူ့အသက်ရှူ လိုက်တိုင်းမှာ သူ၏ ခေါင်းထဲတွင် ထိုပဲ့တင်သံသာ ထွက်ပေါ်နေသည်…။
စက္ကန့်အချို့ ကြာမြင့်ပြီး နောက်တွင် သူ၏ အသက်ရှူနှုန်းမှာ ပိုမို ကြာရှည် လာခဲ့သည်။
သူ့ကိုယ်တိုင်ပင် မသိလိုက်ချိန်တွင် သူ၏ အသက်ရှူသံတွင် နဂါးဟိန်းသံများ ရောစွက် ပါဝင် လာခဲ့သည်။
မူလချီ စွမ်းအားများက ဇူယွမ်၏ နံဘေးတွင် စုဝေးခဲ့ပြီး အသက်ရှူလိုက်တိုင်း သူ၏ နှာခေါင်းဆီသို့ ဦးတည်ကာ အဖြူရောင် အငွေ့များ အဖြစ် ပြောင်းလဲသွားပြီး သူ၏ နှာခေါင်းဝဆီသို့ တိုးဝင်သွားသည်။
“ဒါက ဘာလဲ”
ဇူယွမ်က နောက်ဆုံးတွင် သတိထားမိ သွားပြီး သူ၏ နှလုံးသားမှာ တုန်လှုပ် သွားသည်။
နောက်ဆုံးတွင် သူက နဂါး အသက်ရှူခြင်း နည်းလမ်းကို အသုံးပြုပြီး ပတ်ဝန်းကျင်ရှိ မူလချီများကို သူအသက် ရှူသွင်းလိုက်တိုင်း စုပ်ယူနိုင်သည်ကို သတိထားမိ သွားသည်။ ဇူယွမ်က တုန်လှုပ်စွာဖြင့် ရေရွတ် လိုက်သည်။
“ငါ့ရဲ့ နဂါး အသက်ရှူခြင်း ကျင့်စဉ်ကို ကျွမ်းကျင်မှုက … တိုးတက် လာတဲ့ပုံပဲ”
ထိုအရာမှာ နဂါး အသက်ရှူခြင်း နည်းလမ်း၏ စတင်ခြင်း ဖြစ်သော်လည်း ဇူယွမ်၏ လိုအပ်နေသော မူလ ချီပမာဏကို ဖြည့်စွမ်း ပေးနိုင်ပေသည်။ နဂါး အသက်ရှူခြင်းသာ မြင့်မားသော အဆင့်တစ်ခုသို့ ရောက်သွားလျှင် အသက်တစ်ခါ ရှူလိုက်တိုင်းတွင် မူလချီများကို အားစိုက်ထုတ်စရာ မလိုဘဲ စုပ်ယူနိုင်မည် ဖြစ်သည်။
အစောပိုင်းတွင် ဇူယွမ်အနေဖြင့် သည်ထူးခြားသော အခြေအနေသို့ ရောက်အောင် မစွမ်းဆောင် နိုင်ခဲ့ပေ။ သိုသော်လည်း ယခုအခါ အစိမ်းရောင် လှိုင်းလုံးများ၏ ဖိအားများ အောက်တွင် ထိုအခြေအနေနှင့် ချိတ်ဆက်မိ သွားပေပြီ။
သူ့အနေဖြင့် ပြီးပြည့်စုံသော အခြေအနေသို့ ရောက်ရှိခြင်း မရှိသေး သော်လည်းပဲ အသက်ရှူခြင်း နည်းလမ်း၏ အကျိုး သက်ရောက်မှုက ပြီးခဲ့သော အချိန်များထက် အကျိုးများနေပြီ ဖြစ်သည်။
အသက်ရှူသံ….
ဇူယွမ်က ဆက်လက် အသက်ရှူနေခဲ့ပြီး သူ၏ နံဘေးတွင်ရှိသော လှိုင်းသဖွယ် မူလချီများက အဆုံးတွင် အဖြူရောင် အခိုးငွေ့များ အဖြစ် ပြောင်းလဲသွားခဲ့ပြီး သူ၏ စုပ်ယူခြင်းကို ခံလိုက်ရသည်။ ထိုဖြစ်စဉ်က ဆက်လက် ဖြစ်ပေါ်နေပြီး သူ၏ မူလ ချီစွမ်းအားများမှာ တဖြည်းဖြည်း တိုးလာခဲ့ပြီး စတင်ပြီး ပြန်လည် တောက်ပ လာခဲ့သည်။
“ဝှစ်”
သူ၏ အမြန်နှုန်းမှာ မျှော်လင့် မထားနိုင်လောက် အောက်ပင် တိုးလာခဲ့ပြီး တစ်လှမ်းပြီး တစ်လှမ်း ကျော်ဖြတ် လာခဲ့သည်။ တစ်ချက် ခုန်လိုက်သည်နှင့် သူ့အနေအထားက မြင့်တက်သွားပြီး ဝူဟောင် ယဲ့မင် လီချွန်ကျွမ်တို့ လူစုနှင့် ပခုံးချင်းယှဉ်ကာ လမ်းလျှောက်နိုင်ပြီ ဖြစ်သည်။
ထိုသို့ ပြောင်းလဲမှုက အထွတ်အထိပ် ပါရမီ လူစုကို ရုတ်တရက် ထိတ်လန့် စေသည်။ သူတို့အနေဖြင့် နောက်တစ်ဆင့်တွင် ဇူယွမ်လက်လျှော့ သွားလိမ့်မည်ဟု သာမန်အားဖြင့် တွေးထင် ထားခဲ့သည်။
မည်သူမှ ရုတ်တရက် အခြေအနေ ပြောင်းသွား လိမ့်မည်ဟု မတွေးထင်မိပေ။
ဝူဟောင်၏ မျက်နှာက တဖြည်းဖြည်း နက်မှောင်လာပြီး သူ၏ မျက်လုံးထဲတွင် သတ်ဖြတ် လိုစိတ်များက တဖြည်းဖြည်း တောက်ပလာသည်။ ဇူယွမ်အနေဖြင့် တဖြည်းဖြည်း ဘေးအန္တရာယ် တစ်ခု ဖြစ်လာတော့မည်ကို သူ့အနေဖြင့် ခံစားမိပေသည်။