အစိမ်းရောင် လှိုင်းများကြောင့် ပါရမီရှင် အရေအတွက် တော်တော် များများက သူတော်စင် မျှော်စင်မှ ထွက်ခွာသွားရပြီ ဖြစ်သည်။ ထိုအရာက လူတိုင်း၏ နှလုံးသားကို တုန်ယင်စေပြီး မည်သူမှ ကြာရှည်စွာ အနားမယူရဲပေ။ ကျောက်တုံး လှေကား တစ်ဆင့်ကို တက်သွားတိုင်း အခက်ခဲများက သူတို့ တွေးထင် ထားသည်ထက် ပိုပေသည်။
ထို့ကြောင့် နောက်ပိုင်း လှေကားထစ်ပေါ်သို့ တက်တိုင်း မရေမတွက် နိုင်သော ပါရမီရှင်များ အတွက် ကြီးမားသော အခက်အခဲကို ဖြစ်ပေါ်စေသည်။ လှိုင်းလုံးတစ်ခု ဆုံးသွားတိုင်း ကြီးမားသော အားလှိုင်းများက တစ်ချိန်ပြီး တစ်ချိန် ဆက်တိုက် ဖြစ်ပေါ်လာသည်။ ထိုစွမ်းအားများက တောင်ထိပ်ဆီမှ ထွက်ပေါ်လာခြင်း ဖြစ်ပြီး ဇူယွမ်တို့ လူစုက အချိန်တိုင်းမှာပင် မူလချီများအား မိမိကိုယ်ကို ကာကွယ်ရန် အတွက် အသုံးပြု နေရပေသည်။ ထို့ကြောင့် သူတို့၏ မူလချီသုံးစွဲမှုနှုန်းမှာလည်း တဖြည်းဖြည်း တိုးလာခဲ့သည်။
တစ်ချိန်တည်းမှာပဲ အထွတ်အထိပ် အဆင့် ပါရမီရှင်များ၏ အမူအရာများမှာ ဆိုးရွားလာသည်။ သူတို့အနေဖြင့် သူတို့က မူလချီများကို တိုးမြှင့် အသုံးပြုနေရပြီး ထိုသို့ ဆက်လက်၍ ထိုသို့ အသုံးပြုနေရမည် ဆိုပါက သူတို့၏ မူလချီများမှာ ကုန်ဆုံးတော့မည် ဖြစ်သည်။
သူတို့၏ ခေါင်းများကိုမော့ကာ ကျောက်တုံး လှေကားထစ်များ၏ အပေါ်သို့ စိုက်ကြည့်လိုက်လျှင် သူတို့၏ နှလုံးသားများက ပြင်းထန်စွာ ဟစ်ကြွေးလိုက်သည်။ “ဘယ်အချိန်မှ ဒီလှေကားထစ်တွေက အဆုံးသတ်မှာလဲ”
***
သူတော်စင် အကြွင်းအကျန် ဒေသ၏ အပြင်ဘက်တွင် တမန်တော် ခြောက်ယောက်က ကြေးမုံပြင်မှ ပုံရိပ်များကို ကြည့်ရှုနေသည်။
“ဒီနှုန်းအတိုင်း ဆိုလျှင် အမွှေးတိုင် သုံးတိုင် ကုန်ဆုံးချိန်လောက်မှာ သူတို့ရဲ့ အကန့်အသတ်ကို ရောက်ရှိ သွားတော့မယ်” တမန်တော် ခြောက်ယောက်လုံးမှာ နတ်ဘုံ ခန်းမ အဆင့်တွင် ရှိနေကြပြီး သူတို့၏ အကြည့် တစ်ချက်က လူတိုင်း၏ ကန့်သတ်ချက်ကို သုံးသပ်နိုင်ပေသည်။
“ဒီလှေကားထစ်တွေပေါ် တက်တာ အလွန် ခက်ခဲတာပဲ” အစိမ်းရောင် လှိုင်းလုံးများအား သေချာ လေ့လာရင်း သူတို့၏ ခေါင်းများကို ဖြည်းညင်းစွာ ခါယမ်းလိုက်ကြသည်။ သူတို ဝူဟောင်တို့ လူစုနှင့် အဆင့်တူစဉ် အခါက ဆိုပါက သူတို့အနေဖြင့် အချိန်ကြာမြင့်စွာ မကျန်ရှိနိုင်သည်ကို သူတို့သိသည်။
သည်အတွက်ကြောင့် သည်ကိစ္စ တစ်ခုတည်းနှင့်ပင် ကြီးမြတ်သော ကောင်းချီးကို ရရှိရန် မည်မျှ ခက်ခဲကြောင်း တွေနိုင်သည်။
“ပြီးရင်တော့၊ အဆုံးမှာ ဘယ်သူ ကြံ့ကြံ့ခံနိုင်မလဲ ငါတို့ မြင်ရလိမ့်မယ်”
***
အချိန်တွေက ဆက်လက် စီးဆင်းသွားပြီး အမွှေးတိုင်နှစ်တိုင် ကုန်စာ အချိန်လောက်ကို လျင်မြန်စွာ ကုန်ဆုံးသွားသည်။ တစ်ချိန်တည်းမှာပင် မူလက ရှိခဲ့သည့် သုံးဒါဇင်ခန့် လူအုပ်မှာ ထုတ်ဖယ်ခြင်း ခံလိုက်ရပြီး လက်တစ်ဆုပ်စာ လူပမာဏသာ ကျန်ရှိခဲ့တော့သည်။
တစ်ဖက်မှာလည်း ပထမအုပ်စုမှ အထွတ်အထိပ် ပါရမီရှင်များမှာ ဆက်လက်ပြီး တည်ငြိမ်နိုင်စွမ်း မရှိတော့ပေ။
အား…….
သနားဖွယ် အော်သံကြီးက ရုတ်တရက် အနောက် တစ်နေရာမှ ထွက်ပေါ် လာခဲ့သည်။ ရှောင်ထျန်းရွမ်နှင့် ဂူလင်းတို့ နှစ်ဦးလုံး ဆက်လက် ရပ်တည်ဖြင်းငှာ မစွမ်းနိုင်တော့ပဲ အစိမ်းရောင် လှိုင်းများက သူတို့ ခြေထောက်များကို တိုက်ခတ်ပြီး သူတို့ကို လွင့်ထွက် သွားစေတော့သည်။
သူတို့၏ အော်သံများ ကြားတွင် သူတို့နှစ်ယောက်က မျှော်စင် အပြင်ဘက်သို့ လွင့်စဉ် သွားတော့သည်။
ထိုအချိန်မှာ ပထမဆုံးသော အဖွဲ့တွင် ရှိနေသည့် အထွတ်အထိပ် အဆင့် ပါရမီရှင်များမှလွဲ၍ ကျန်သော သူများအားလုံက သူတော်စင် မျှော်စင်အတွင်းမှ ဖယ်ရှားခံလိုက်ရပြီ ဖြစ်သည်။
ထိုမြင်ကွင်းက သူတော်စင် မျှော်စင် အတွင်းရှိ မရေမတွက် နိုင်သော ပါရမီရှင်များ၏ နှလုံးသားများမှာ တုန်ယင်သွားပြီး သူတို့အားလုံး သူတော်စင် မျှော်စင်ထဲ ဝင်ရန် အရည်အချင်း မပြည့်မီဟူသော ခံစားချက်ကို ခံစားလိုက် ရသည်။ သူတို့သာ ဝင်ရောက်ခဲ့ပါက သူတို့၏ အဆုံးသတ်မှာလည်း ထိုကဲ့သို့ လှပမည် မဟုတ်ပေ။
ကျောက်တုံး လှေကားထစ်ပေါ်တွင် … ကျန်ရစ်ခဲ့သော အထွတ်အထိပ် ပါရမီရှင်များမှာလည်း အံကြိတ်လျက် တက်လှမ်း နေကြသည်။ သို့သော်လည်း သူတို့ အားလုံးမှာလည်း အခြေအနေကောင်းပုံ မပေါ်ပေ။ သူတို့ ထုတ်လွှတ်နေသော မူလချီများမှာ ဆက်လက် တောက်ပနိုင်စွမ်း မရှိတော့သည့် အလား တဖြည်းဖြည်း မှိန်ဖျော့လာသည်။
လုလျိုသည် အကူအညီမဲ့နေပြီး သူ၏ မျက်နှာမှာလည်း ဖြူဖျော့နေသည်။
“ဒီသောက်ကျိုးနည်း ကျိန်စာသင့်နေသည့် လှေကားထစ်တွေက ဘယ်အချိန်မှာ အဆုံးသတ်မှာလဲ”
သူမ၏ ပခုံးပေါ်၌ ရေခဲလုံးလေးက ပင်ပန်း နွမ်းနယ်ပုံရက သူသည်လည်း အပြင်းအထန် ကြိုးစားခဲ့ရ ဟန်တူသည်။
အခြား ကျန်ရှိနေသူများမှာ တိတ်ဆိတ်နေပြီး စိတ်အတွင်းမှသာ ကျိန်ဆဲနေဟန် ရကာ ကိုးရိုးကားရား နိုင်သော ခြေလှမ်းများဖြင့် အထက်သို့ ဆက်တက် နေကြသည်။
“အမ်…”
လူတိုင်းက သူတို့၏ စိတ်အတွင်း၌ ကျိန်ဆဲနေကြရင်းမှ သူတို့၏ ခေါင်းများက ရုတ်တရက် မော့လာပြီး အပေါ်သို့ ကြည့်လိုက်သည်။ သူတို့ရှေ့ အကွာအဝေး တစ်ခု၌ ကြီးမား ကျယ်ပြန့်သော ကျောက်တုံးစင်မြင့် ကြီးတစ်ခုက နောက်လှေကား တစ်ထစ်တွင် ပေါ်လာခဲ့သည်။
“အဲဒါက ဘာကြီးလဲ။ ငါတို့ လှေကားအဆုံးကို ရောက်ပြီလား” လူတိုင်းက မသေချာမရေရာ ဖြစ်နေကြသည်။
သူတို့က အော်ဟစ်လိုက်ပြီး နောက်တစ်ဆင့်တွင် ရှိနေသည့် ကျောက်တုံး စင်မြင့်ကို ကြည့်လိုက်ကြသည်။ သူတို့၏ အကြည့်များက စင်မြင့်၏ အလယ်တွင် ရှိနေသည့် ရှေးဟောင်း မှော်စာလုံးများ ရေးထိုးထားသော ကျောက်တုံးပြား တစ်ခုပေါ်သို့ ရောက်ရှိသွားသည်။
“ကြည့်ရတာ မူလကျင့်စဉ်လားပဲ”
သူတို့က ဝိုးတဝါး မြင်ရသည့် အရာကို ကြည့်ရှုနေကြသည်။
“ကျောက်ပြားရဲ့ ထိပ်မှာ စာလုံးတွေ ရှိနေတယ်”
ဇူယွမ်တို့ လူစုလည်း ကျောက်ပြား၏ ထိပ်ဆုံးသို့ လှမ်းကြည့် လိုက်သည်။ အမှန်ပင် သူတို့က ရှေးဟောင်းစာလုံးများ ရေးထားသော စာတန်းများကို တွေ့လိုက်ရသည်။
“သူတော်စင် လှေကားထစ်မှာ စင်မြင့်ကိုးခု ရှိတယ်။ ထိုစင်မြင့်ထဲ ဝင်နိုင်ရင် ရတနာများကို လက်ခံရရှိမယ်။ ဒါပေမဲ့ သူတို့က ထွက်ခွာခွင့် ပြုလိမ့်မည်မဟုတ်”
လူတိုင်းက ထိုစာလုံးများကို ဖတ်ပြီးနောက် သူတို့၏ မျက်လုံးများတွင် အတွေးများနှင့် ပြည့်နှက် သွားသည်။
“ပြောချင်တာက စုစုပေါင်း စင်မြင့်ကိုးခု ရှိတယ်လို့ ပြောချင်တာလား။ ပထမတစ်ခုက မင်းရတနာ တစ်ခုရရှိဖို့ အတွက် ဝင်ရောက်နိုင်တဲ့ အဓိပ္ပာယ် ဒါပေမဲ့ ထွက်ခွာခွင့် မပြုဆိုတာက ငါတို့ကို သူတော်စင် လှေကားထစ်ပေါ်သို့ ဝင်ရောက်ခွင့် မပြုဘူးလို့ ပြောချင်တာလား”
ဇူယွမ်၏ အကြည့်များက တောက်ပနေသည်။ သူ့အနေဖြင့် ထိုစာလုံးများ၏ အဓိပ္ပာယ်ကို အနည်းငယ် သဘောပေါက် နားလည်ပေသည်။ သည်စာလုံးများမှာ ယခုသည် နေရာအထိ ကြံကြံ့ခိုင်စွာ ရှိနေဆဲဖြစ်သည့် လုများအား ဆုလာဘ်များ ချီးမြှင့်ခြင်း ဖြစ်သည်။ သို့သော်လည်း ကျောက်တုံး စင်မြင့်နောက်ပိုင်းသို့ ရောက်လေ ရမည့် ဆုလာဘ်က ကောင်းမွန်လေ ဖြစ်ပေလိမ့်မည်။
အားလုံးသော အထွတ်အထိပ် ပါရမီရှင်များမှာ ထိုနေရာသို့ ရောက်သည်နှင့် သက်သောင့် သက်သာ ဖြစ်သွားကြသည်။ ထို့နောက် သူတို့က အံကြိတ်လိုက်ပြီး သူတို့ ရွေးချယ်ထားသော စင်မြင့်များပေါ်သို့ မလှမ်းချင်လှမ်းချင်နှင့် တက်သွားကြသည်။
သူတို့ အားလုံးက ဂုဏ်ယူရသော သူများ ဖြစ်သည့် အတွက်ကြောင့် သူတို့ကိုယ်တိုင် သည်နေရာတွင် မရပ်တန့်လိုကြပေ။
ထို့ကြောင့် အထွတ်အထိပ်များသာ ဆက်လက်၍ တက်သွားကြသည်။
ဝရုန်း….
အထွတ်အထိပ် ပါရမီရှင်များ၏ မဆုတ်မနစ်သော ဇွဲလုံ့လ အောက်တွင် အမွှေးတိုင် တစ်ဝက်လောင်ကျွမ်းရန် ကြာမြင့်ပြီးနောက် သူတို့က နောက်ထပ် စင်မြင့်သုံးခု ပေါ်လာသည်ကို မြင်လိုက်ရသည်။
သူတို့က တစ်ချက်မျှသာ ကြည့်ပြီး တစ်ယောက်မှ ဝင်ရောက်ခြင်း မပြုကြပေ။
သူတို့အနေဖြင့် ပိုပြီးအမြင့်တက်လျှင် ရရျှိမည့် အရာက ပိုမိုကောင်းမွန်သောကြောင့် သူတို့အားလုံးက သွားနိုင်သလောက် အနည်းငယ်ပိုပြီး သွားချင်ကြပေသည်။
အချိန်တချို့ ဖြတ်သန်းပြီးနောက် သူတို့၏ ခြေလှမ်းမျာက စတင်ပြီး လေးလံလာသည်။ သူတို့ အားလုံး၏ ကျောပေါ်တွင် တောင်ကြီးတစ်လုံး ထမ်းထားရသလို ခံစားချက်ကြောင့် သူတို့က တဖြည်းဖြည်း နှေးကွေးလာသည်။
ငါးခုမြောက် စင်မြင့်ကလည်း နောက်ဆုံးတွင် ပေါ်လာခဲ့သည်။ တုံးရွမ်တိုက်ကြီးမှ ကျူးယင်၏ မျက်နှာမှာ အတော်ပင် ဖြူရော်နေသည်။ သူမ၏ တစ်ကိုယ်လုံးတွင် ချွေးများဖြင့် ရွှဲနစ်နေပြီး သူ၏ ခြေထောက်များမှာ ပြိုလဲလုနီးနီး ဖြစ်နေသည်။ သူမ၏ မျက်လုံးများမှာ မရေရာစွာဖြင့် ငါးခုမြောက် စင်မြင့်ကို လှမ်းကြည့်လိုက်သည်။
အဆုံးမှာပဲ သူမက အကူအညီမဲ့စွာ ဆုံးဖြတ်ချက် ချလိုက်သည်။ သူမ၏ ကန့်သက်ချက်အား ရောက်ရှိနေသည်ကို သူမကောင်းစွာ သိပေသည်။ ဆက်လက် တက်သွားပါက နောက်ဆုံးရလဒ်မှာ ဖယ်ရှားခံရမည် ဖြစ်သည်။ ထိုအခါတွင် သူမက လက်ဗလာနှင့် တွန်းထုတ်ခြင်း ခံရပေလိမ့်မယ်။
ထို့ကြောင့် သူမက လက်လျှော့လိုက်ပြီး အင့်ခနဲညည်းသံနှင့် အတူ ကျောက်တုံး စင်မြင့်ပေါ်သို့ တက်လိုက်သည်။
သူမက သိသာစွာပင် မဆုတ်မနစ် ကြိုးစားလိုစိတ် မရှိတော့ပဲ သည်စင်မြင့်ပေါ်မှာ ရရှိမည့် ကောင်းချီးကိုသာ အာရုံစိုက်တော့သည်။
“ဟမ့် ငါသည် အချိန်ကို စောင့်နေတာ ကြာပြီ။ အရင်အချိန်က ငါရမယ့် အကြွေးကို ပြန်ယူဖို့ အချိန်ကောင်းပဲ” ကျူးယင်က ငါးခုမြောက် စင်မြင့်ပေါ်သို့ တက်လိုက်ချိန်မှာတော့ လုလျိုက အေးစက်စက် နှာခေါင်းရှုံ့လိုက်ပြီး ကျောက်တုံး လှေကားပေါ်သို့ ဆက်လက် မတက်တော့ပဲ ကျူးယင်ရပ်နေသည့် စင်မြင့်ပေါ်သို့ ခုန်တက် လိုက်သည်။
သူမသည် ဒေါသကြောင့် မည်သည့်အရာမျှ ဆက်လက်ပြီး မစဉ်းစားတော့ချေ။ သူမ အခြေအနေဖြင့် ဆက်လက် ပြီးသွားနိုင်သေးသည်ကို သူမ သိပေသည်။ သူမသာ ဆက်လက် သွားခဲ့လျှင် တောင့်ခံပြီး ခြောက်ခုမြောက် စင်မြင့်ပေါ်သို့ အရောက်သွား နိုင်ပေလိမ့်မည်။ ကျူးယင်ကြောင့် သူမက ငါးခုမြောက် စင်မြင့်တွင်ပဲ ယှဉ်ပြိုင်လိုက်သည်။
“နင်….”
ကျူးယင်၏ အကြည့်တွေ စင်တစ်ဖက်တွင် သရော်ပြုံးပြုံးလျက် ရှိသော လုလျိုကို တွေ့လိုက်ရသော အချိန်၌ တင်းမာသွားပြီး “နင်က သေချင်နေတယ် ဆိုမှတော့လည်း ငါက နင့်ဆန္ဒကို ဖြည့်ပေးရတာပေါ့”
သူတို့၏ အမူအရာများက သူတော်စင် အကြွင်းအကျန် နယ်မြေကို ရုတ်တရက် ပွက်လောရိုက် စေခဲ့ကာ များစွာသော အကြည့်များက စိတ်လှုပ်ရှားမှုကြောင့် တောက်ပလျက် ရှိသည်။
“သူတို့ တိုက်ခိုက်ကြတော့မယ်”
“လုပ်လိုက်တော့ သခင်မလေး အဲဒီမိန်းမကို ရိုက်နှက်ပစ်။ သူတော်စင် အကြွင်းအကျန် နယ်မြေရဲ့ ကောင်းချီးက ငါတို့ ကန်မင်တိုက်ကြီး အတွက်ပဲ။ တုံးရွမ်တိုက်ကြီးက လူတွေ ဒီမှာ တစ်ယောက်မှ ရှိနေခွင့် မပြုနဲ့”
သူတော်စင် အကြွင်းအကျန် ဒေသတွင် အော်သံများ ကျယ်လောင်စွာ ပြည့်နှက် သွားသည်။ တစ်ယောက်ချင်းစီတိုင်းက အပြင်ဘက်မှနေ၍ လုလျိုကို အားပေးနေကြသည်။ ကျောက်တုံး လှေကားထစ် ပေါ်တွင် ဇူယွမ်တို့ အုပ်စုက ခေတ္တမျှ ရပ်တန့် သွားသော်လည်း ခဏအကြာတွင် သူတို့က အထက်သို့ ဆက်တက်သွားသည်။
“ဂရုစိုက်ဦးနော် လုလျို”
ဇူယွမ်က သတိပေးလိုက်သည်။
လုလျိုက သူမ၏ လက်သေးသေးလေး များကို ဝှေ့ယမ်းလိုက်ပြီး “စိတ်ချ၊ ငါ အရင်တုန်းကလို တူညီတဲ့ အခွင့်အရေးမျိုး သူမကို ပေးမှာ မဟုတ်ဘူး”
ဇူယွမ်က ဘာမှ ထပ်မပြောတော့ပေ။ သူက ငါးခုမြောက် စင်မြင့်ကို အနောက်တွင် ချန်ထားလိုက်ပြီး အထက်သို့ ဆက်တက် သွားလိုက်သည်။ သူ၏ မျက်လုံးများက တဖြည်းဖြည်း ထက်ရှသွားသည်။ မကြာမီပင် အလွန်ကြီးမားသော ပြောင်းလဲမှုကြီး ဖြစ်တော့မည်ဟု စတင် ခံစားလိုက်ရသည်။