Switch Mode

အခန်း (၁၅)

လက်အောက်ခံ

ချန်ပင်အန်း ကြွေပန်းအိုးလမ်းအတိုင်း လျှောက်လာစဉ် ကျီကွေ့နှင့် တိုက်တိုက်ဆိုင်ဆိုင် တွေ့သည်။
ချိုင်ကျင်ကျန်းကို ကုစန်းအိမ်သို့ လိုက်ပို့ပြီးနောက် ကျီကွေ့ အိမ်သို့ တန်းမပြန်သေး။ ဆီးသီးပန်းလမ်းထဲမှ စျေးဆိုင်တန်းတွင် လည်ပတ်နေသည်။ ဘာမှမဝယ်သော်လည်း စိတ်ပျော်နေသဖြင့် လမ်းတစ်လျှောက် ခုန်ပေါက်၍ လျှောက်လာနေသည်။
မဖွံ့ဖြိုးသည့် ဤမြို့ငယ်လေးတွင် မွေးဖွားလာခြင်းဖြစ်၍ ကျီကွေ့သည် ရိုးရှင်းသည်။ ဆင်းရဲနုံချာသည်။ လူချမ်းသာမိသားစုမှ မိန်းကလေးများနှင့် မတူပေ။
ချန်ပင်အန်းကို သူမြင်သည်။ မျက်လွှာချသွားခြင်းမရှိ။ သူ့ဘေးသို့ ခါတိုင်းကဲ့သို့ပင် မြန်မြန်လျှောက်လာသည်။ ထို့နောက် ခြေလှမ်းခဏရပ်၍ ချန်ပင်အန်းကို ငေးစိုက်ကြည့်နေသည်။ တစ်ခခုခုပြောလိုဟန်ရှိသည်။ သို့သော် ပြောသင့်မပြောသင့် ဒွိဟဖြစ်နေသည်။
ချန်ပင်အန်းက သူ့ကိုတစ်ချက်ပြုံးပြလျက် ခပ်သွက်သွက်လျှောက်သွားသည်။ သူ့ကိုလွန်သွားပြိးနောက် ‌ခြေလှမ်းကို အရှိန်မြှင့်လိုက်သည်။
ကြွေပန်းအိုးလမ်းထိပ်တွင် ကျီကွေ့ရပ်ကျန်နေခဲ့သည်။ ပြေးသွားသည့်ချန်ပင်အန်းကို လှည့်ကြည့်နေသည်။ ချန်ပင်အန်းသည် နေရာစုံသို့ ပြေးလွှားနေသည့် စိတ်ဓာတ်မာ၍ ဇွဲကောင်းသည့် လေလွင့်ကြောင်တစ်ကောင်နှင့်တူသည်။ ကံသိပ်မကောင်း။ သို့သော် အလျင်မီအောင် ဖြတ်သန်းနိုင်သည်။
ကျိကွေ့သည်လည်း ဤမြို့ထဲတွင် အပေါင်းအသင်းဆန့်သူမဟုတ်။ ထူးဆန်၍ အသိခက်သည့် ဆုန်ကျိရှင်း၏ အစေခံတစ်ယောက် ဖြစ်နေသောကြောင့်လည်း ဖြစ်သည်။ ရေတွင်းမှ ရေသွားသယ်သည်ဖြစ်စေ၊ စျေးဝယ်သည်ဖြစ်စေ၊ သူ့သခင်အတွက် ပစ္စည်းဝယ်သည်ဖြစ်စေ ဘေးလူများနှင့် လက်ပွန်းတတီးမရှိ။ သူနှင့်ရွယ်တူ အပေါင်းအသင်းမျိုးလည်းမရှိပေ။
အသိအကျွမ်းများနှင့် တွေ့လျှင်လည်း သူသိပ်စကားပြောချင်ပုံမပေါ်။ ဆက်ဆံရေးအလွန်ကောင်းသည့် မြို့ခံများပင် ပေါင်းသင်းရမလွယ်သည့် ကျီကွေ့နှင့် ရင်းနှီးနိုင်ရန် အတော်ခက်ခဲပေသည်။
ချန်ပင်အန်းသည်လည်း ကျီကွေ့လိုပင်ဖြစ်သည်။ ကွာခြားချက်မှာ သူသည် စကားသိပ်မပြောသော်လည်း လူအများနှင့် ဆက်ဆံတတ်သည်။ သူ့ပင်ကိုယ်သဘာဝသည် ခင်မင်တတ်သကဲ့သို့ ပေါင်းသင်းရလွယ်သည်။ တစ်ဘက်သားကို ထိခိုက်စေခြင်းမရှိ။ ကံမကောင်းသောကြောင့်သာ ငယ်ကတည်းက ကြွေထည်လုပ်သားဖြစ်ခဲ့ရသည်။ အိမ်နီးခြင်းများနှင့် ရင်းနှီးခွင့် နီးစပ်ခွင့် မရခဲ့ခြင်းဖြစ်သည်။
ထို့အပြင် ကြွေပန်းအိုးလမ်းမှ လူများမှာ နှုတ်မှထုတ်မပြောသော်လည်း သူ့မွေးနေ့နှင့်ပတ်သက်၍ နည်းနည်းစိုးရိမ်ကြသည်။ မြို့၏အယူစွဲအရ ငါးလပိုင်းငါးရက်နေ့ကို အဆိပ်ငါးမျိုးဖြစ်သည့် ကင်းခြေများ၊ မြွေ၊ ကင်းမြီးကောက်၊ တောက်တဲ့နှင့် ဖားပြုတ်တို့ ထွက်လာပြီး ရောဂါဘယနှင့် ကပ်ဆိုးများ ဖြန့်ဖြူးနေ့အဖြစ် သတ်မှတ်ထားကြသည်။
ထိုမျှသာမကသေး။ သူငယ်စဉ်အချိန်က သူ့မိဘများဆုံးပါးသွားရသည့်အဖြစ်သည်လည်း သူ့ကံဆိုးမှုကြောင့်ဟု ယူဆနေကြသည်။ အထူးသဖြင့် ကန္တာရပင်အောက်တွင် မကြာခဏစုရုံးတတ်ကြသည့် သက်ကြီးပိုင်းများက ချန်ပင်အန်းနှင့် ခပ်ဝေးဝေးရှောင်ကြသည်။ သူတို့သားသမီးများကိုလည်း ထိုသို့ရှောင်ရန် ပြောကြသည်။ သို့သော် ထိုသားသမီးများက အဘယ်ကြောင့်ဝေးဝေးနေခိုင်းရသည်ကို ပြန်မေးလျှင် သူတို့မဖြေတတ်ကြ။
ယခု အရပ်မြင့်မြင့်လူတစ်ယောက် လမ်းပေါ်တွင်ပေါ်လာပြီး ကျီကွေ့ဘေးသို့အရောက်တွင် ခြေလှမ်းရပ်သွားသည်။ ကျီကွေ့က ထိုလူကို အရေးမစိုက်ဘဲ တိတ်ဆိတ်စွာ ရှေ့ဆက်လျှောက်သွားသည်။ ရပ်လာသည့်လူမှာ ကျောင်းဆရာချီကျင်ချွမ်းဖြစ်သည်။ ဆရာချီက နောက်ပြန်လှည့်၍ ကျီကွေ့နှင့်အတူ ယှဉ်၍ လျှောက်နေသည်။
ကျီကွေ့မျက်နှာတွင် အေးစက်စက်အရိပ်တစ်ခုပေါ်လာသည်။ ပုံမှန်ခြေလှမ်းအတိုင်း လျှောက်နေရင်းမှ
“ကျွန်မတို့နှစ်ယောက် ကိုယ့်အလုပ်ကိုယ်လုပ်ပြီး အချင်းချင်းမပတ်သက်ကြတာ အကောင်းဆုံးမဟုတ်လား။ ရှင်က အရင်ကတည်းက အသာစီးရထားတဲ့လူပါ။ ဒီကမ္ဘာတစ်ခုလုံးကို ထိန်းချုပ်တဲ့လူလေ။ ကျွန်မက ဒီမှာလာနေတဲ့ အဆင့်နိမ့်အစေခံတစ်ယောက်ပါ။ လူမသိသူမသိ ဒုက္ခခံနေရတာပါ။ ဒါပေမယ့် အခုရက်ပိုင်း ရှင့်စိတ်တွေ မူမမှန် ဖြစ်ခဲ့တယ်မဟုတ်လား။ ဒါကြောင့်အခု ကျွန်မက အထက်ကိုရောက်နေပြီး ရှင်က အောက်ကိုကျသွားတာပဲ”
ချီကျင်ချွမ်းက ပြုံးလျက်
“ဝမ်ကျူး… အဲမေ့လို့။ မြို့ခံတွေခေါ်သလို ကျီကွေ့လို့ပဲ ခေါ်ပါ့မယ်။ ကျီကွေ့၊ မင်းဟာ မိုးမြေကောင်းချီးကိုခံပြီး လောကရဲ့ဆန္ဒနဲ့ မွေးလာတာပါ။ မင်းကို ငါမထိန်းချုပ်နိုင်ဘူးလို့ ထင်နေတာလား။ လွန်ခဲ့တဲ့ နှစ်ထောင်ချီက သူတော်စင်လေးယောက် ဒီနေရာကိုဆင်းလာပြီး ဒီနေ့အထိသက်ရောက်နေတဲ့ စည်းမျည်းတစ်ချို့ ထုတ်ခဲ့ကြတယ်။
ဒီစည်းမျဉ်းတွေကို အာဏာတည်တဲ့အောင် လုပ်နိုင်တဲ့နည်းလမ်းတွေ မချန်ခဲ့ဖူးလို့ ထင်နေတာလား။ ပြီးတော့ သူတို့က လူတွေဟာ သူတို့ချမှတ်တဲ့စည်းကမ်းကို စိတ်ထဲကလိုလိုလားလားနဲ့ လိုက်နာကြမှာပဲလို့ ယူဆခဲ့တယ် ထင်နေတာလား။ မင်းဟာ ရေတွင်းထဲမှာ ပိတ်မိနေတဲ့ ဖားလေးတစ်ကောင်ထက် မပိုပါဘူး။ ရေတွင်းအပြင်က လောကကြီး ဘယ်လောက်ကျယ်သလဲဆိုတာ မင်းမသိနိုင်ဘူး”
ကျီကွေ့က မျက်မှောင်အနည်းငယ်ကျုံ့၍ နှာခေါင်းရှုံ့လိုက်သည်။
“ကျွန်မကို စကားလုံးတွေနဲ့ လာမခြိမ်းခြောက်နဲ့ ဆရာချီ။ ကျွန်မက သခင်လေး ဆုန်ကျိရှင်းလိုမဟုတ်ဘူး။ အဓိပ္ပါယ်မရှိတဲ့ ရှင့်ရဲ့အပေါ်ယံစကားတွေကို ကျွန်မနားမထောင်ချင်ဘူး။ ပြီးတော့ ရှင်ဘာပြောပြော ကျွန်မမယုံဘူး။ ဝေ့လည်ကြောင်ပတ်လုပ်မနေပါနဲ့။ ရှင်ဘာလိုချင်တာလဲဆိုတာသာ ပြောပါ။ အသေအကြေတိုက်ချင်တာလား။ ဒါမှမဟုတ် အေးအေးဆေးဆေး ဖြေရှင်းချင်တာလား။ ဘာဖြစ်ဖြစ် ကျွန်မ လက်ခံတယ်နော်”
“မင်းဒီနေရာကထွက်သွားရင် လောဘဆန္ဒတွေကို လျှော့သင့်တယ်။ ခဏတာအကျိုးအမြတ်လောက်သာ ဂရုစိုက်ပြီး ရေရှည်အတွက် မစဉ်းစားရင် မင်းလုပ်ရပ်ကြောင့် အားလုံးဒုက္ခရောက်ကုန်ကြလိမ့်မယ်။ အထူးသဖြင့် မင်းနဲ့သူ ကျင့်စဉ်လမ်းကို အတူလျှောက်ကြရင် တာအိုလက်တွဲဖေါ် ဟုတ်ဟုတ်မဟုတ်ဟုတ် မင်းရဲ့မောက်မာတဲ့စိတ်ကို ထိန်းချုပ်သင့်တယ်။ ငါခြိမ်းခြောက်နေတာ မဟုတ်ပါဘူး။ ငါထွက်မသွားခင် စေတနာနဲ့ပေးတဲ့ အကြံစကားပါ”
ကျီကွေ့ပြောသလိုပင် ချီကျင်ချွမ်းသည် ဤဘုံကမ္ဘာ၏ သခင်ဖြစ်သည်။ ကျီကွေ့မှာ ထိုလောကတွင် နေထိုင်သည့် အစေခံတစ်ယောက်သာဖြစ်သည်။ သို့သော် သူသည် ချီကျင်ချွမ်းရှေ့တွင် ရိုသေနှိမ့်ချသည့်အသွင်မျိုးလုံးဝမရှိ။ ချီကျင်ချွမ်းထက် ကြီးမြင့်သည့်ဟန်မျိုးပင် ဖြစ်နေသည်။
ကျီကွေ့မျက်နှာတွင် လှောင်ပြုံးတစ်ခု ပေါ်လာသည်။ နှာခေါင်းတစ်ချက်ရှုံ့လျက်
“စေတနာနဲ့ပေးတဲ့ အကြံတဲ့လား။ နှစ်ထောင်ချီအတွင်းမှာ အဆင့်မြင့်စွမ်းအားရှိတဲ့ ရှင့်လိုကျင့်ကြံသူတွေ ဒီနေရာကို စိုက်ခင်းတစ်ခုလိုသဘောထားပြီး တန်ဖိုးရှိတာတွေအားလုံးကို တစ်နှစ်ပြီးတစ်နှစ် လောဘတကြီးနဲ့ ရယူခဲ့ကြတာပါ။ နောင်တရတာတို့ စိတ်မကောင်းဖြစ်တာတို့တောင် မရှိပါဘူး။
အခုမှဘာလို့ ရုတ်တရက်ကြီး ကျွန်မလို ရွံစရာသတ္တဝါကို စေတနာထားနေတာလဲ။ ကျွန်မသခင်လေးပြောနေကျ စကားရှိတယ်။ ရှင်တို့လိုလူအများစုက မျိုးနွယ်ကွဲတွေဟာ မယုံကြည်ရဘူးဆိုပြီး တရားဟောတတ်ကြတယ်တဲ့။ ကျွန်မ ဒီလိုတွေးလိုက်တော့လည်း ရှင့်ကို အပြစ်တင်လို့မရဘူးပဲ။ ဘာပဲပြောပြော..”
ချီကျင်ချွမ်းက ဆက်လျှောက်သည်။ ခြေတစ်လှမ်းတိုးသွားပြီးနောက် သူ့မျက်နှာတွင် အပြုံးရိပ်တစ်ချက် သန်းလာသည်။
“ဪ”
ကျီကွေ့ နောက်ထပ်ခြေတစ်လှမ်းတိုးလိုက်ပြီးနောက် မျက်နှာအနည်းငယ်ပျက်သွားသည်။
ရုတ်တရက် သူတို့နှစ်ယောက်လုံး အမှောင်ထုဖုံးနေသည့် နေရာတစ်ခုသို့ ရောက်သွားကြသည်။ အမှောင်ထုက သိပ်သည်းလွန်းသဖြင့် ကိုယ့်လက်ကိုယ်ပင် ပြန်မမြင်နိုင်ပေ။ သို့သော် များစွာသော စွမ်းအင်အလင်းတန်းများ အပေါ်မှ ထိုးကျနေသည်။
ရေတွင်းတစ်ခု၏ အောက်ခြေလို နေရာမျိုးကို ရောက်သွားကြသည်။ ‌ရွှေရောင်နေအလင်းများ ရေတွင်းဝမှ ထိုးကျနေသည်။
ကျီကွေ့မျက်နှာတွင် ရက်စက်သည့်အမူအရာများ ပေါ်လာသည်။ တင်းမာသည့်မျက်နှာဖြင့် အမြန်နောက်ဆုတ်သွားရင်း နှုတ်မှခပ်တိုးတိုးရေရွတ်လိုက်သည်။
“နှစ်‌ခြောက်ဆယ်လုံး ဗုဒ္ဓကျမ်းရွတ်သံတွေ ကျွန်မနားထဲမှာ မိုးကြိုးသံလို မြည်နေတယ်။ နှစ်ခြောက်ဆယ်လုံး မှော်အဆောင်တွေ ကျွန်မကိုယ်ပေါ်ကို အတင်းထိန်းချုပ်ပြီး အစွမ်းကုန်နှိပ်စက်နေတယ်။ နှစ်ခြောက်ဆယ်လုံး တာအိုအလင်းတန်းတွေ ကောင်းကင်တစ်ခုလုံး လွမ်းခြုံထားတယ်။ ကျွန်မပြေးပုန်းစရာ နေရာမရှိခဲ့ဘူး။ နှစ်ခြောက်ဆယ်လုံး ဓားရိပ်တွေ အဆက်မပြတ် အသံမြည်နေတယ်။ ဘယ်နေရာကိုသွားသွား ကျွန်မကို ထိုးခုတ်တယ်။
နှစ်ခြောက်ဆယ်ကြာတိုင်း သံသရာတစ်ပတ်ပြန်လည်တယ်။ နှစ်သုံးထောင်လုံး တစ်ရက်မှ မငြိမ်းချမ်းခဲ့ဘူး။ အနားမရခဲ့ဘူး။ ရှင်တို့မဟာတာအိုအခြေခံဆိုတာက ဘယ်နားမှာရှိနေသလဲ ကျွန်မသိချင်တယ်။ ရှင်ရေးခဲ့တာ အားလုံးမြင်တယ်။ ရှင်ဟောပြောတာ သင်ကြားတာ အားလုံးကြားတယ်။ ဒါပေမယ့် ကျွန်မလိုချင်တဲ့အဖြေကို ရှာမတွေ့သေးဘူး”
ချီကျင်ချွမ်းကို မျက်လုံးပေါက်ထွက်မတတ် သူစိုက်ကြည့်နေသည်။ ထိုလူသည် မဖွံ့ဖြိုးသည့် မြို့ငယ်လေး၏ မထင်မရှားဆရာတစ်ယောက် ဖြစ်သကဲ့သို့ တောင်ကမ်းပါးကွန်ဖြူးရှပ်ကျောင်းတော်မှ နာမည်ကျော် ချီကျင်ချွမ်းလည်း ဖြစ်သည်။ စွေ့နိုင်ငံ၏ မင်းသားကပင် လေးစားရသည့် ပညာရှင်ဖြစ်သည်။
ကျီကွေ့မျက်နှာတွင် အပြုံးတစ်ခု ရုတ်တရက်ပေါ်လာသည်။
“ရှင်ကျွန်မကို လမ်းမှန်ရောက်အောင် ဘယ်လိုသင်ပြလမ်းညွှန်မှာလဲ။ ကျွန်မမှတ်မိသလောက်တော့ ပညာသင်တဲ့အခါ လူတိုင်းကို တန်းတူသဘောထားရမယ်လို့ ကွန်ဖြူးရှပ်ကိုယ်တိုင် ပြောခဲ့တယ်ထင်တာပဲ”
ချီကျင်ချွမ်း ခေါင်းယမ်းလိုက်သည်။
“မင်းကို သူတောင်စင်အဆုံးအမတွေအားလုံး သင်ပြရင်လည်း ငါ့အားထုတ်မှုက အချည်းအနှီးပဲ ဖြစ်မှာပါ”
ကျီကွေ့သည် ချီကျင်ချွန်းနှင့် ခပ်အေးအေးအမူအရာနှင့် စကားပြောနေခြင်းဖြစ်သော်လည်း သူ့တစ်ကိုယ်လုံးမှ အကြောများ တင်းမာနေသည်။ ကြိုးအပြည့်ဆွဲထားသည့ လေးတစ်လက်နှင့်တူသည်။ ပတ်ဝန်းကျင်ကို မသိမသာလေ့လာလိုက်သည်။ ထွက်ပြေးစရာလမ်းစကို ရှာနေသည်။
ချီကျင်ချွန်းက သူ့ရည်ရွယ်ချက်ကို သိနေသည်။ သို့သော် အရေးမစိုက်ဘဲ မဲ့ပြုံးတစ်ချက်ပြုံးလျက်
“မင်းရဲ့စိတ်ဟာ အတော်မသတ်နိုင်တဲ့ ဒေါသတွေ၊ နာကျည်းမှုတွေ၊ လူသတ်ရိပ်တွေနဲ့ ပြည့်နေတယ်။ မျိုးကွဲဇာတ်ကွဲတွေကို ငါဘယ်တုန်းကမှ မုန်းတီးတာမျိုးမရှိခဲ့ဖူးဘူး။ ဒါပေမယ့် အလွန်အကျွံ တန်းတူထားတတ်လွန်းတဲ့ စေတနာမေတ္တာမျိုးဟာ တာအိုလမ်းစဉ်ရဲ့ ဓမ္မအစစ်မဟုတ်ဘူး”
ကျီကွေ့မျက်နှာတွင် လှောင်ပြုံးရိပ်များပေါ်လာသည်။ မျက်လုံးကို အနည်းငယ်မှေးစင်းလျက်
“ကျွန်မသခင်လေး ပြောလေ့ရှိတယ်။ ပညာရှင်တွေနဲ့ ကျိုးကြောင်းဆင်ခြင်မှုအကြောင်း ငြင်းခုန်ရတာ အပင်ပန်းဆုံးပဲတဲ့။ ရှင်ပြောတာ မှန်လောက်ပါတယ်။ ပြီးတော့ ရှင်ဟာ သေခါနီးမှာ နောက်ဆုံးမီးထတောက်တဲ့ အခြေအနေမျိုးမှာ ရောက်နေပုံပဲ။ အခု ရှင်ဟာ အရင်ကထက်တောင် ပိုကြောက်စရာကောင်းနေသေးတယ်”
ချီကျင်ချွမ်းက ပြုံးလျက်
“မင်းကို ငါဆုံးမလို့မရလည်း ကိစ္စမရှိပါဘူး။ ငါဒီကမ္ဘာမှာ ရှိနေသရွေ့ ဒီနေရာကိုအုပ်ချုပ်နေသရွေ့ မင်းလို ကျေးဇူးကန်းတဲ့ ယုတ်မာတဲ့သတ္တဝါမျိုးကို နေ့အလင်းရောင် ဘယ်တော့မှ မမြင်စေရဘူး”
“ကျွန်မကို ကျေးဇူးကန်းတဲ့လူယုတ်မာလို့ ခေါ်တယ်ပေါ့”
ကျီကွေ့က လသူ့ကိုယ်သူ လက်ညှိုးထိုးပြ၍ မခိုးမခန့် ပြုံးလိုက်သည်။
ချီကျင်ချွမ်းမျက်လုံးတွင် ဒေါသရိပ်များသန်းလာပြီး ချက်ချင်းအော်ငေါက်လိုက်သည်။
“အရင်က မင်းအားအနည်းဆုံးအချိန်ကြုံတော့ ခေါင်းငုံ့မာန်ချပြီး လူသားတစ်ယောက်နဲ့ စာချုပ်ချုပ်ခဲ့တယ်။ အဲဒီ့နှင်းကျနေတဲ့နေ့တုန်းက ကြွေပန်းအိုးလမ်းပေါ်ကနေ မင်းကိုကယ်ခဲ့တာဘယ်သူလဲ။ သူ့ကံကောင်းမှုလက်ကျန်တွေကို နှစ်တွေအကြာကြီး ဝါးမျိုခဲ့ရုံကလွဲလို့ မင်းသူ့အတွက် ဘာပြန်လုပ်ပေးခဲ့လို့လဲ”
ကျီကွေ့က တစ်ချက်ပြုံးလျက် မထူးဆန်းဟန်ဖြင့်
“ကျွန်မ ဆာလောင်နေတယ်လေ။ စားစရာရှာပြီး ဗိုက်ဖြည့်ရတာပေါ့။ ဒါက သဘာဝပဲမဟုတ်လား။ ပြီးတော့ သူက အစကတည်းက ဘာမှထူးခြားတာမှမဟုတ်တာ။ သူမြန်မြန်သေလေ စောစောပြန်မွေးဖွားခွင့်ရလေပဲ မဟုတ်လား။ နောင်ဘဝကျရင် သူ့အတွက် အောင်မြင်ကြီးပွားနိုင်ဖို့ မျှော်လင့်ချက်လေး ရှိသွားတာပေါ့။ ဘာမျှော်လင့်ချက် ဘာအနာဂါတ်မှမရှိပဲ လောကကြီးမှာ လေလွင့်နေရတဲ့ သူ့လို အခြေမဲ့အနေမဲ့ဘဝက သက်ဆိုးရှည်နေတဲ့သဘောပဲမဟုတ်လား”
ချီချင်ချွမ်း အင်္ကျီလက်ကို လေထဲတွင်ဝှေ့ယမ်းလျက် ဒေါသတကြီးအော်ဟစ်လိုက်သည်။
“တော်စမ်း၊ မဟာတာအိုက မခန့်မှန်းနိုင်လောက်အောင် နက်နဲတယ်။ မင်းစကားပြောခွင့်ရနေတာဟာ ကောင်းကင်ကြောင့်ပဲ။ အားလုံးမှာ ကိုယ်ပိုင်ကံကြမ္မာဆိုတာ ရှိတယ်။ သူတို့အသက်ကို ဆုံးဖြတ်ပိုင်ခွင့် မင်းကိုဘယ်သူကပေးထားလို့လဲ”
ကြီးမားသည့် ရွှေရောင်လက်တစ်ဘက် ကျီကွေ့ခေါင်းပေါ်တွင် ရုတ်တရက်ပေါ်လာပြီး ပြင်းထန်သည့်အားအရှိန်ဖြင့် ဖိချလိုက်လေသည်။ ထိုလက်ဝါးမှာ ဗုဒ္ဓလက်ဝါး သို့မဟုတ် အရှင်မြတ်သုံးပါး၏ စုပေါင်းလက်ဝါးနှင့် တူနေသည်။ ကျီကွေ့ ချက်ချင်းဒူးထောက်ကျသွားသည်။ သူ့နဖူးသည် မြေပြင်နှင့် ပြင်းထန်စွာ ဆောင့်မိသွားသည်။
အတင်းအကြပ် ဦးခိုက်ရှိခိုးခိုင်းသည့်သဘောမျိုးဖြစ်သည်။ နဖူးဆောင့်သည့်အရှိန်က ပြင်းထန်လွန်းသဖြင့် ပတ်ဝန်းကျင်တစ်ခုလုံး ပဲ့တင်ထပ်သွားလေသည်။
ကျီကွေ့လက်နှစ်ဘက်က မြေပြင်ကို တွန်းကန်နေသည်။ ဖိထားသည့် လက်ဝါးအားကို တွန်းလှန်ရန်ကြိုးစားနေသည်။
“ရှင်ကျွန်မကို ငေါင်းငုံ့ခိုင်းလို့တော့ရတယ်။ ဒါပေမယ့် အမှားလုပ်မိတယ်လို့တော့ ဘယ်တော့မှ ဝန်ခံမှာမဟုတ်ဘူး”
ရွှေရောင်လက်က သူ့ခေါင်းကို မြေပြင်မှဆွဲယူသည်။ ထို့နောက် နောက်တစ်ကြိမ် ဖိချပြန်သည်။ ဒုတိယတစ်ကြိမ် ဦးညွှတ်ခိုင်းခြင်းဖြစ်သည်။ ဘုန်းခနဲမြည်ဟိန်းသွားပြန်သည်။
“မင်းအခုအသက်ရှင်နေတာဟာ သူတော်စင်တွေ အသက်ရှင်ခွင့်ပေးခဲ့လို့ဆိုတာ မမေ့နဲ့။ ဒါဟာ ဆုလာဘ်ပဲ၊ အခွင့်အရေးမဟုတ်ဘူး။ မင်းကိုငါ ဒီနေရာမှာ နှစ်သုံးထောင်မပြောနဲ့၊ နှစ်သုံးသောင်းတောင် ထိန်းချုပ်ထားလို့ရတယ်ကွ”
ကျီကွေ့၏ ဦးခေါင်းမှာ မြေပေါ်သို့ ဖိထားခံရဆဲဖြစ်သည်။ ကြမ်းတမ်းအက်ကွဲသည့်အသံဖြင့် သူပြန်ပြောသည်။
“ရှင်လျှောက်စေချင်တဲ့လမ်းကို ကျွန်မဘယ်တော့မှမသွားဘူး”
“ရိုင်းစိုင်းတဲ့အတွက် အပြစ်ပေးခံရမယ်”
ချီကျင်ချွမ်းက လက်ဝါးကိုနောက်တစ်ကြိမ်မြှောက်က ပြင်းထန်စွာ ဖိချလိုက်ပြန်သ်ည။
ဆယ်ပေကျော် ကျယ်ပြန်သည့် အဖြူရောင်ကျောက်စိမ်းတံဆိပ်တစ်ခု အပေါ်မှထိုးကျနေသည့် ရွှေရောင်အလင်းတန်းအလယ်တွင် ရုတ်တရက် ပေါ်လာသည်။ ရှေးဟောင်းအက္ခရာရှစ်လုံး ရေးထွင်းထားသည့် လေးထောင့်တံဆိပ်ပြားတစ်ခုဖြစ်သည်။ မျက်နှာပြင်တွင် တောက်ပသည့် အနီရောင်အကွက်များ ရှိနေသည်။ ထို့အပြင် များစွာသော ခရမ်းရောင်လျှပ်စီးတန်းများ တံဆိပ်ဆီမှ ပေါ်ထွက်နေသည်။
ချီကျင်ချွမ်း အမိန့်ပေးလိုက်သည်နှင့် ထိုတံဆိပ်က ကောင်းကင်မှ ကျဆင်းလာသည်။ထို့နောက် မြေပေါ်တွင် ဒူးထောက်နေရသည့် ကျီကွေ့ကျောပြင်ပေါ်သို့ တည့်တည့်ကျသွားသည်။
ထိုတံဆိပ်တွင် ကောင်းကင်စွမ်းအားများ ပါဝင်သည်။ သို့သော် အရာဝတ္ထုပုံစံဖြင့် ဖြစ်တည်နေပုံမရ။ ကျီကွေ့ခန္ဓာကိုယ်ကို စိစိညက်ညက် ဖိချေသွားခြင်းမျိုးမဟုတ်ဘဲ ခန္ဓာကိုယ်ကိုဖြတ်ကာ မြေထဲသို့ဝင်ရောက်ပျောက်ကွယ်သွားသည်။ ကျီကွေ့အပေါ် သက်ရောက်မှုမရှိသည့်ပုံမျိုးသာဖြစ်သည်။
သို့သော် ထိုခဏမှာပင် ကျီကွေ့မှာ မြေပြင်ပေါ်သို့ ဖွဲအိတ်တစ်လုံးပမာ ပြိုလဲသွားလေသည်။ သူ့ကိုယ်မှအရိုးများ ကျိုးကြေသွားသည့် ပုံစံမျိုးဖြစ်သည်။ ကြည့်ရသည်မှာပင် သနားစရာကောင်းလှသည်။
သို့တိုင်အောင် စွမ်းအားရှိသမျှအားကုန်သုံး၍ မြေပြင်ကို သူကုတ်ခြစ်နေဆဲဖြစ်သည်။ မြေကြီးကို လက်ချောင်းများဖြင့် အပေါက်ဖေါက်ရန် ကြိုးစားနေသကဲ့သို့ပင် ဖြစ်သည်။
ချီကျင်ချွမ်းက သူ့ကို အရယ်အပြုံးမရှိသည့်မျက်နှာဖြင့် ငုံ့ကြည့်၍
“ကမ္ဘာလောက၊ သက်ရှိတွေနဲ့ မဟာတာအိုကို အရိုအသေပြုဖို့ မင်းကို သုံးခါဦးညွှတ်ခိုင်းတာ”
ကျီကွေ့မျက်လုံးများ ငေးကြောင့်နေသည်။ ဘာမှပြန်မဖြေပေ။
ကျီကွေ့ကိုယ်ပေါ် ဖိထားသည့် စွမ်းအားကို ချီကျင်ချွမ်းက လက်တစ်ဘက်ဝှေ့ယမ်းလျက် ပြန်ရုတ်သိမ်းလိုက်သည်။ ထို့နောက်
“ငါက သူတော်စင်လက်အောက်က သာမန်စာပေပညာရှင်ပါပဲ။ ဒါပေမယ့် ငါ့လိုလူတောင် မင်းကို သုံးကြိမ်ဦးညွှတ်အောင်လုပ်နိုင်တယ်။ မင်းဒီမြို့ကထွက်ပြီး စိတ်ထင်သလိုလုပ်နေရင် မင်းထက်ပိုကြမ်းတမ်းတဲ့လူမျိုး တွေ့လာမှာကို မင်းမကြောက်ဘူးလား။ သူတို့ကမင်းကို လက်တစ်ချောင်းတည်းနဲ့တောင် အမှုန်ချေပစ်လိမ့်မယ်။
“ဒီနေရာမှာ မင်းရဲ့လွတ်လပ်ခွင့်တွေ ဆုံးရှုံးတာ မှန်ပါတယ်။ ဒါပေမယ့် ခဏလောက် မင်းတွေးကြည့်စမ်းပါ။ ဒီလောကကြီးထဲက ဘယ်နေရာမှာ အလုံးစုံလွတ်လပ်ခွင့်ဆိုတာကို မင်းရှာတွေ့နိုင်မှာလဲ။ အရှင်ကွန်ဖြူးရှပ်ချမှတ်ထားခဲ့တဲ့ အစဉ်အလာတွေ ကျင့်ဝတ်တွေမှာ သက်ရှိအားလုံးအတွက် လွတ်လပ်မှုပုံစံတစ်မျိုးကို ပေးထားတယ်။ မင်းဒီစည်းမျဉ်းတွေကို လိုက်နာနေသမျှ ကျင့်ဝတ်တွေမချိုးဖေါက်သမျှ ဒီလောကကြီးထဲက ဘယ်နေရာမဆို မင်းသွားလို့ရတယ်။
ကျီကွေ့ကခေါင်းမော့၍ ချိကျင်ချွမ်းကို စိုက်ကြည့်နေသည်။ ချီကျင်ချွမ်း ရှေ့တစ်လှမ်းတိုးလာသည်။
ပတ်ဝန်းကျင်တစ်ခုလုံး ပုံမှန်အနေအထားသို့ ရုတ်တရက် ပြန်ရောက်သွားသည်။ သူတို့နှစ်ယောက်လုံး ကြွေပန်းအိုးလမ်းပေါ်တွင် ပြန်ရောက်နေသည်။ နွေဦးလေပြေနှင့် နေရောင်ခြည်အနွေးဓာတ်ကို ခံစားနေကြရသည်။
ကျီကွေ့ ဒယိမ်းဒယိုင်ဖြင့် ထရပ်လာသည်။ သူ့မျက်နှာတွင် မချိပြုံးတစ်ခု ပေါ်လာသည်။
“သင်ပြတာကို ကျွန်မသေချာမှတ်ထားပါ့မယ် ဆရာ”
ချီကျင်ချွမ်းက ဘာမှဆက်မပြောတော့ဘဲ လှည့်ထွက်သွားရန် ပြင်လိုက်သည်။
ကျီကွေ့က ရုတ်တရက်မေးလိုက်သည်။
“ကျွန်မက ချီပင်အန်းစေတနာကို ကျေးဇူးကန်းခဲ့တယ်ဆိုရင် သူတော်စင်တပည့်ဖြစ်တဲ့ ရှင်ကရော ဘာဖြစ်လို့ ဘာမှမလုပ်ဘဲ ဘေးထိုင်ကြည့်နေခဲ့တာလဲ။ ဘာလို့ ကျောက်ယော်နဲ့ သခင်လေးဆုန်ကျိရှင်းကိုပဲ ပျိုးထောင်ပေးပြီး ချန်ပင်အန်းကို ဂရုမစိုက်ခဲ့တာလဲ။
ရှင့်လုပ်ရပ်တွေက ကုန်သည်လိုပဲ။ ပစ္စည်းကောင်းကိုမှ အမြတ်တနိုးဆက်ဆံတာပါ။ ညံ့တဲ့ပစ္စည်းတွေကိုတော့ မျက်နှာလွှဲခဲပစ်ထားတာတာပါပဲ။ ရှင့်လုပ်ရပ်ကလည်း အဲဒီ့သဘောပဲမဟုတ်လား”
ချီကျင်ချွမ်းက ပြုံး၍ ပြန်ပြောသည်။
“ကိစ္စကြီးတွေလုပ်မယ့်လူဟာ သူ့ကိုယ်သူစောင့်ရှောက်နိုင်ဖို့ သင်ယူရမှာပဲ”
ကျီကွေ့ သူ့စကားကို နားမလည်နိုင်အောင် ဖြစ်သွားရသည်။
ချီကျင်ချွမ်းသည် လမ်းပေါ်မှထွက်ကာ မြင်ကွင်းမှပျောက်ကွယ်သွားသည်နျင့် ကျီကွေ့မျက်နှာတွင် လှောင်ပြုံးရိပ်များ ချက်ချင်းပေါ်လာပြီး မြေပြင်ပေါ်သို့ မထီတရီပုံစံဖြင့် တံတွေးထွေးလိုက်လေသည်။
ထို့နောက် အိမ်သို့ ထော့နဲ့နဲ့ဖြင့် ပြန်သွားသည်။ ချန်ပင်အန်းအိမ်ရှေ့မှ ဖြတ်သွားချိန်၍ သူမျက်မှောင်အနည်းငယ်ကျုံ့သွားသည်။ မည်သို့ဆက်လုပ်ရမည်ကို သူခဏစဉ်းစားနေသည်။ သို့သော် ချီကျင်ချွမ်း၏ တာအိုစွမ်းအားအခြေခံ ပျက်စီးမှုကြောင့် ဤမြို့သည်လည်း ပျက်စီးတော့မည် ဖြစ်သည်။ ရေမျက်နှာပြင်တွင် ကြိုးစားရုန်းကန်နေရသည့် ဝမ်းပေါက်လှေတစ်စီးနှင့်တူနေသည်။ ထို့ကြောင့် သူ့အနာဂါတ်အတွက် စဉ်းစားပြီး သေချာအစီအစဉ်ချရပေမည်။ ချန်ပင်အန်းနှင့် ဖြေရှင်းနေချိန်မရှိတော့။
ဆုန်ကျိရှင်း၏ ခြံဝင်းတံခါးကို တွန်းဖွင့်လိုက်သည်နှင့် အရောင်ခပ်မွဲမွဲ ခြေလေးချောင်းမြွေက ထောင့်တစ်နေရာမှ ပြေးထွက်လာပြီး သူ့ခြေထောက်ပေါ် တက်လာသည်။ ဒေါသထွက်ထွက်နှင့် သူကန်ထုတ်လိုက်သည်။
—————-
ချန်ပင်အန်း အိမ်ထဲတွင် တာအိုဘုန်းကြီးက စားပွဲဘေးတွင် ထိုင်လျက် ငြိမ်သက်စွာ တရားမှတ်နေသည်။
သေခါနီးဖြစ်နေခဲ့သည့် ကုတင်ပေါမှ မိန်းကလေးမှာ ယခု တင်ပျဉ်ခွေထိုင်နေနိုင်ပြီဖြစ်သည်။ မျက်နှာကာဦးထုပ် ဆောင်းမထားသဖြင့် ထူးခြားရုပ်သွင်က ပေါ်လွင်နေသည်။
နူးညံ့သည့်အလှမျိုးမဟုတ်။ နန်းဆန်သည့်အလှမျိုးမဟုတ်။ ထက်မြက်ရဲဝံ့သည် အသွင်မျိုးဖြစ်သည်။ ထို့ကြောင့် နန်းမဆန်သော်လည်း သူ့ရုပ်ရည်က ထူးခြားနေခြင်းဖြစ်သည်။
သူ့မျက်ခုံးများက ဓားနှစ်လက်နှင့်တူသည်။ တာအိုဘုန်းကြီးကို စိုက်ကြည့်နေသည်။ တာအိုဘုန်းကြီး အနေရခက်လာသည်။ သူဘာအမှားမှ လုပ်မထားပါ။ သို့သော် ထိုသို့စိုက်ကြည့်ခံနေရသဖြင့် စိတ်မလုံမလဲ ဖြစ်လာသည်။
တာအိုဘုန်းကြီး လည်ချောင်းတစ်ချက်ရှင်းလျက် အပြန်ရှင်းပြလိုက်သည်။
“ငါရှင်းအောင် ပြောမယ်။ မင်းကိုကယ်ခဲ့တာ ငါပဲ။ ဒါပေမယ့် ကျန်တာတွေအားလုံးကို ချန်ပင်အန်းလို့ခေါ်တဲ့ ကောင်လေးကပဲ အကုန်လုပ်ပေးခဲ့တာ။ မင်းကို ဒီအခန်းထဲသယ်လာတယ်။ မင်းဦးထုပ်ကိုချွတ်တယ်။ ပြီးတော့ မင်းမျက်နှာကို သန့်ရှင်းပေးတယ်။ သူက ဒီအိမ်ပိုင်ရှင်ပေါ့။ မိဘနှစ်ပါးမရှိတော့တဲ့ ဆင်းရဲသားကောင်လေးတစ်ယောက်ပါ။
သူအရင်က ကြွေထည်ရုံမှာ အလုပ်လုပ်တာ။ ငါ့ဆီမှာ မှော်အ‌ဆောင်စက္ကူ တစ်ခါလာဝယ်ဖူးတယ်။ ဒါပေမယ့် သူနဲ့ငါ အဲလောက်ပဲ ပတ်သက်ဖူးတာပါ။ မင်းမေးချင်တာတွေရှိရင် ငါအကောင်းဆုံး ကြိုးစားပြီးဖြေပေးပါ့မယ်”
တာအိုဘုန်းကြီးက ချန်ပင်အန်းကိ အကုန်လွှဲချလိုက်ခြင်းဖြစ်သည်။
မိန်းကလေးက ခေါင်းတစ်ချက်ငြိမ့်သည်။ ‌ဒေါသထွက်သည့်ဟန်မျိုး မရှိသည်။ ရိုးရိုးပွင့်လင်းသည့် လေသံဖြင့်
“ကျွန်မကို ကယ်ခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ်”
သူ့ကျေးဇူးစကားကြောင့် တာအိုဘုန်းကြီးမှာ ပို၍ပင် မလုံမလဲဖြစ်သွားပြီး ချက်ချင်းပြန်ပြောလိုက်သည်။
“ငါ့ကို ကျေးဇူးတင်ဖို့မလိုပါဘူး။ ငါလုပ်သင့်တာကို လုပ်ခဲ့တာပါ။ မင်းအခုလို ပြန်သက်သာလာတာကိုပဲ ငါဝမ်းသာနေပါပြီ”
မိန်းကလေးက မေးသည်။
“ရှင်က အရှေ့ပိုင်းရတနာနယ်မြေက မဟုတ်ဘူးမို့လား”
တာအိုဘုန်းကြီးက သူ့အမေးကို တိုက်ရိုက်မဖြေဘဲ တန်ပြန်မေးခွန်းထုတ်လိုက်သည်။
“မင်းလည်း မဟုတ်ဘူးမို့လား”
မိန်းကလေးက ခေါင်းငြိမ့်သည်။ တာအိုဘုန်းကြီးလည်း ခေါင်းငြိမ့်ပြသည်။
တာအိုဘုန်းကြီးမျက်နှာတွင် အပြုံးတစ်ခု ပေါ်လာသည်။
“ငါ့နာမည်က လုချန်းပါ။ တာအိုဘွဲ့နာမည်လို့တော သီးသန့်မရှိဘူး။ ငါ့ကို တာအိုဆရာလုလို့ ခေါ်လို့ရပါတယ်”
မိန်းကလေးက ခေါင်းငြိမ့်သည်။ ထို့နောက် တာအိုဘုန်းကြီးခေါင်းမှ ကြာပွင့်ဦးထုပ်ကို အကဲခတ်သည်။
ခဏတုံဆိုင်းဆိုင်းဖြစ်နေပြီးနောက် တာအိုဘုန်းကြီးက အရဲစွန့်၍ မေးလိုက်သည်။
“ချင်ပင်အန်းလုပ်ရပ်တွေဟာ နည်းနည်းမသင့်တော်ဘူးလို့တော့ ပြောလို့ရပါတယ်။ ဒါပေမယ့် အဲဒီတုန်းက အခြေအနေက သိပ်အရေးကြီးနေတယ်လေ။ မင်းဒါဏ်ရာတွေ ဒီလောက်မြန်မြန် ပြန်ကောင်းလာမယ်လို့လည်း ငါမထင်ခဲ့ဘူး။ ငါတို့မင်းကို အပြစ်လုပ်မိတာမျိုးရှိရင် ခွင့်လွှတ်ပေးမယ်လို့ မျှော်လင့်ပါတယ်”
“စိတ်ချပါ၊ တာအိုဆရာလု၊ ကျွန်မက ဆင်ခြင်ဉာဏ်နည်းတဲ့လူမဟုတ်ပါဘူး”
မိန်းကလေးက ပြုံး၍ ပြောလိုက်သည်။
“ကောင်းလိုက်တာ”
တာအိုဘုန်းကြီး စိတ်သက်သာရာရသွားသည်။
ထိုစဉ် ရုတ်တရက် မိန်းကလေးက မျက်ခုံးတစ်ဘက်မြှင့်လိုက်သည်။ တာအိုဘုန်းကြီး၏အပြုံးများ ချက်ချင်းတန့်သွားသည်။
မိန်းကလေးက ပတ်ဝန်းကျင်ကို အကဲခတ်လျက် တည်ကြည်သည့်မျကနှာဖြင့်
“ဒီတိုက်နယ်က နံပါတ်တစ်ပန်းပဲဆရာ ဆရာရွမ်ဟာ ဒီမြို့မှာ ဓားရုံတစ်ခုဖွင့်ဖို့ စီစဉ်ထားတယ်လို့ ကြားတယ်။ သူကျွန်မအတွက် ဓားတစ်လက်သွန်းလုပ်ပေးနိုင်မလားဆိုတဲ့ မျှော်လင့်ချက် ဒီကိုလာခဲ့တာပါ”
“သူသာ ဆရာရွမ်အစစ်ဆိုရင်တော့ မင်းအတွက် ဓားခတ်ခိုင်းဖို့ မလွယ်လောက်ဘူး”
တာအိုဘုန်းကြီး သက်ပြင်းချလိုက်သ်ည။
“ဟုတ်ပါတယ်”
မိန်းကလေးသည်လည်း နည်းနည်းအခက်တွေ့နေဟန်ရှိသည်။ သူ့မျှော်လင့်ချက်သည် အလှမ်းဝေးမှန်း သူသေချာသိနေပါသည်။
ထိုစဉ် ချန်ပင်အန်း အိမ်ပြန်ရောက်လာသည်။ ဘယ်လက်တွင် ဆေးမြစ်ထုပ်များဆွဲလာသည်။ ညာလက်တွင် အိတ်သေးတစ်လုံး ကိုင်လာသည်။ တံခါးကိုအလျင်စလိုခေါက်၍ ချက်ချင်းဝင်လာသည်။ ဆေးအိတ်များကို စားပွဲပေါ်ချသည်။
“မှာထားတဲ့ဆေးမြစ်တွေအတိုင်း ဟုတ်ရဲ့လားဆိုတာ စစ်ကြည့်လိုက်ပါဦး။ ဆေးမြစ်တစ်ခုခုမှားနေရင် ကျုပ်အခုချက်ချင်း ပြန်သွားပြီး လဲပေးမယ်”
ထိုသို့ပြောပြီးနောက် မိန်းကလေး၏အခြေအနေကို စူးစမ်းရန် နောက်လှည့်လိုက်သည်။ ကုတင်ပေါ်တွင် ထိုင်နေသည့် မိန်းကလေးကိုတွေ့လိုက်ရသည်။ မိန်းကလေးက သူ့ကိုပြန်ကြည့်နေသည်။
“ငါ့နာမည်က နိန်ယော်ပါ။ အဖေနဲ့အမေရဲ့ မျိုးရိုးနာမည်က နိန်နဲ့ယော်လေ”
မိန်းကလေးက ခပ်အေးအေး အမူအရာဖြင့် ပြောသည်။
ချန်ပင်အန်းကလည်း အမြန်ပြန်ပြောလိုက်သည်။
“ဟုတ်ကဲ့၊ ကျုပ်အဖေ မျိုးရိုးက ချန်ပါ။ ကျုပ်အမေမျိုးရိုးကလည်း ချန်ပါ။ ဒီတော့..”
ပြောနေရင်းမှ နည်းနည်းအခက်တွေ့နေသည့် အမူအရာမျိုး သူ့မျက်နှာတွင် ပေါ်လာသည်။ သို့သော် ချက်ချင်းပင် ခင်မင်ရင်းနှီးသည့် အပြုံးမျိုးဖြင့် သူ့စကားကို အဆုံးသတ်လိုက်သည်။
“ကျုပ်နာမည်က ချန်ပင်အန်းပါ”

Comment

Leave a Reply

Options

not work with dark mode
Reset