Switch Mode

အခန်း (၁၄)

ငါးလပိုင်း ငါးရက်

“ဘယ်သူလဲ”
ချန်ပင်အန်း ပြန်မေးသံ ထွက်ပေါ်လာသည်။
တော်ရုံနှင့် တံခါးဖွင့်ပေးမည်မဟုတ်ဟု တာအိုဘုန်းကြီး ထင်ထားခဲ့သည်။ သို့သော် သူမည်သူမည်ဝါမှန်း မပြောရသေးမီပင် တံခါးပွင့်လာသည်။
တစ်မြို့လုံးတွင် အကျဉ်းဆုံးလမ်းလေး ဖြစ်နေသည့်အတွက် တာအိုဘုန်းကြီး၏ တွန်းလှည်းကို လမ်းပေါ်တွင် ချန်ထားခဲ့၍မဖြစ်။ လမ်းသွားလမ်းလာများ အခက်တွေ့ပေလိမ့်မည်။ တော်ပေသေးသည်။ ချန်ပင်အန်းသည် ပိန်ပိန်ပါးပါးသာဖြစ်သော်လည်း အားသန်သည်။ တာအိုဘုန်းကြီးနှင့်အတူ တွန်းလှည်းကို ခြံထဲသို့ရောက်အောင် ကူတွန်းပေးနိုင်သည်။
ခြံတံခါးကို ပြန်ပိတ်ပြီးချိန်ထိ ချန်ပင်အန်း ဘာမှမပြောသေးသဖြင့် တာအိုဘုန်းကြီး‌ နေမထိထိုင်မသာဖြစ်လာသည်။ ငွေရှင်ထံ ငွေလာချေးသည့်လူတစ်ယောက်လို ခံစားနေရသည်။ ဝမ်းပန်းတသာကြိုဆိုသော်လည်း အကူအညီမရဘဲ အရှက်တကွဲပြန်သွားရမည်ကို စိုးရိမ်နေလေသည်။
မည်သည့်စကားပြောသည်ဖြစ်စေ ကြောင်တက်တက်သာ ဖြစ်နေမည်ကိုသိသဖြင့် တာအိုဘုန်းကြီးက လိုရင်းကို တည့်တည့်ပင် ပြောရန် ဆုံးဖြတ်လိုက်သည်။ ထို့ကြောင့် တွန်းလှည်းပေါ်တွင် လွှမ်းတင်ထားသည့်စောင်ကို လှပ်ပြလိုက်သည်။ သေခါနီးပုံပေါက်နေသည့် မိန်းကလေး၏အသွင် ပေါ်လာသည်။ ဆောင်းထားသည့် မျက်နှာကာဦးထုပ်က ရွဲ့စောင်းနေသည်။ သို့သော် သူ့မျက်နှာကို မမြင်ရသေးပေ။
ခြုံစောင်ကိုဖယ်လိုက်သည်နှင့် သွေးစိမ်းနံ့က ချက်ချင်းလွင့်ပျံလာသည်။ အနက်ရောင်ဝတ်ရုံမှ သွေးများစိမ့်ထွက်နေသည်ကို ချန်ပင်အန်း သတိထားမိသွားသည်။ သေးငယ်သည့်စောင်လေးက သွေးနံ့မထွက်စေရန် အဘယ်ကြောင့် ဖုံးအုပ်ထားနိုင်သည် သူမစဉ်းစားမိပေ။ နောက်သို့ ခြေတစ်လှမ်းအမြန်ဆုတ်၍ မေးလိုက်သည်။
“ဒါက ဘာလဲ”
တာအိုဘုန်းကြီးက
“သူ့ကိုကယ်မှဖြစ်မယ်။ ဒါဏ်ရာတွေက အတော်ပြင်းတယ်။ မြို့ထဲကလူတွေက ဘယ်သူမှ သူ့ကိုမကူညီချင်ကြဘူး။ ငါအတော်စဉ်းစားပြီးမှ မင်းကူညီလောက်တယ်လို့တွေးပြီး လာခဲ့တာ”
“ဒီဒါဏ်ရာတွေ သူဘယ်လိုရတာလဲ”
ချန်ပင်အန်း မေးလိုက်သည်။
တာအိုဘုန်းကြီးက ထိုအမေးအတွက် ကြိုတင်ပြင်ဆင်ထားပြီးဖြစ်၍ ချက်ချင်းပြန်ဖြေလိုက်သည်။
“ခုနက ကျောက်ဥမင်နားမှာ ငါဖြတ်သွားတုန်း ဒီမိန်းကလေး မြို့ထဲကထွက်လာတာ တွေ့ခဲ့တယ်။ ‘အတုမဲ့ကိုယ်ရောင်စွမ်းအင်’ ဆိုတဲ့ ပေါင်းမိုးပြားပေါ်က စာတန်းကို ပုံတူကူးချင်တယ်လို့ သူပြောတယ်။ အဲဒါကြောင့် စုတ်တံတွေ ‌ပုံတူကူးတဲ့ ပစ္စည်းတွေယူပြီး ဥမင်ပေါင်းမိုးပြားပေါ် တွယ်တက်သွားတယ်။
ပုံတူကူးတယ်ဆိုတာကကွာ … ဘယ်လိုပြောရမလဲ။ စာပန်းချီတစ်ခုခုကို ကိုယ်ပွားသဘော ဖန်တီးတာမျိုးပေါ့။ ပညာရှင်တွေ လုပ်ကြတဲ့အရာမျိုးပါပဲ။ ဒီအကြောင်းကို မင်းကိုအသေးစိတ်ရှင်းပြနေရင် အချိန်ကြာသွားလိမ့်မယ်။ အဲလိုနဲ့ကွာ သူက ဥမင်ပေါ်ကို တက်သွားပြီး ပေါင်းမိုးပြာတပ်ထားတဲ့ ထုပ်တန်းပေါ်မှာ ထိုင်တယ်။ ငါက သူပြုတ်ကျမှာစိုးရိမ်လို့ ဂရုစိုက်ဖို့ သတိပေးတယ်။ ဒါပေမယ့် ငါပြောတာကို သူကဂရုမစိုက်ဘူး။ သူ့အလုပ်မှာပဲ အာရုံနှစ်ထားတာ။ နောက်ဆုံးတော့ ဥမင်ပေါ်ကနေ မြေပေါ်ပြုတ်ကျသွားပါလေရောကွာ။
မင်းလည်း သိမှာပါ။ ဥမင်လမ်းအောက်က မြေပြင်က ကြွေပန်းအိုးလမ်းက မြေပြင်နဲ့ မတူဘူးလေ။ ပိုမာတယ်။ ကံကြမ္မာလမ်းက ကျောက်ခင်းလမ်းတွေလို ဖြစ်နေတာ။ သူပြုတ်ကျတော့ အတွင်းကလီစာတွေ ထိသွားပုံရတယ်။ ငါ့လို မေတ္တာစေတနာ ကြီးမားတဲ့လူက သူ့ကို ဘယ်ပစ်ထားခဲ့နိုင်မလဲ၊ မဟုတ်ဘူးလားကွာ။ ဒီကိုလာတဲ့လမ်းမှာ သူ့ကိုကူညီဖို့ လူအတော်များများကို တောင်းဆိုခဲ့တယ်။ ဒါပေမယ့် သူသွေးသံရဲရဲဖြစ်နေတာကိုမြင်ပြီး အားလုံး ငြင်းပယ်ကြတယ်။ သူ့လိုလူမျိုးကို အိမ်ထဲခေါ်သွင်းရင် မိသားစုအတွက် လာဘ်ပိတ်တယ်တဲ့။
“သူတို့ဘက်ကိုလည်း နားလည်ပေမယ့် ဒီမိန်းကလေးအခြေအနေက အတော်အရေးကြီးနေပြီ။ အချိန်ဆွဲလို့မဖြစ်ဘူး။ တစ်ခြားရွေးချယ်စရာသာရှိရင် ငါမင်းဆီကို မလာပါဘူး။ မင်းသူ့ကို လက်မခံရင် ငါလည်းသူ့ကို ကယ်ဖို့ မတတ်နိုင်တော့ဘူး။ ငါက လူသားပါကွာ နတ်ဘုရားမဟုတ်ဘူး။ သေလူကို ပြန်ရှင်အောင် မလုပ်နိုင်ဘူး။ သေခါနီးအချိန်မှာ သူ့ကိုအဖေါ်ပြုပေးရုံပဲပေါ့။ ပြီးရင် သူ့အတွက် နေရာကောင်းတစ်ခုရွေးပြီး အုတ်ဂူဆောက်ပေးရုံလောက်ပဲ တတ်နိုင်တော့မှာ”
တာအိုဘုန်းကြီးက တမင်တကာ စကားကို မြန်မြန်ဆက်တိုက်ပြောသည်။ တစ်ချို့စကားလုံးများကို ဝိုးတိုးဝါးတား ပြောသည်။ ချန်ပင်အန်းကို နားရှုပ်အောင်လုပ်ပြီး လက်ခံလာစေရန် ကြိုးစားနေခြင်းဖြစ်သည်။
မည်သည့်အရာမဆို အစပိုင်းသာအခက်ဆုံးဖြစ်သည်။ ထိုအဆင့်ကျော်သွားသည်နှင့် အားလုံးပြေလည်သွားသည်။
ချန်ပင်အန်းမျက်နှာတွင် ဝေခွဲမရဟန်များ ပေါ်နေသည်။ မျှော်လင့်တကြီးကြည့်နေသည့် တာအိုဘုန်းကြီးကိုတစ်လှည့် သွေးသံရဲရဲသတိမေ့နေသည့် မိန်းကလေးကိုတစ်လှည့်ကြည့်၍ သူဆုံးဖြတ်ချက်ချလိုက်သည်။
“သူ့ကို ဘယ်လိုကယ်ကြမလဲ”
တာအိုဘုန်းကြီး အူမြူးသွားသည်။
“မင်းကူညီမယ်ဆိုတာနဲ့တင် အလုပ်တစ်ဝက်ပြိးသွားပါပြီကွာ။ သူ့ဒါဏ်ရာတွေက အတော်ပြင်းထန်တာ မှန်ပါတယ်။ ဒါပေမယ့် မင်းကြည့်လေ။ သူ သေခါနီးပုံမျိုး ပေါက်နေပေမယ့် အခြေအနေက ထင်သလောက် မဆိုးလှသေးပါဘူး။
သူ့ကို ဒီလောက်ထိ အသက်ရှင်နိုင်အောင် ထိန်းထားပေးတဲ့ အရာတစ်ချို့တော့ရှိတာပေါ့။ ဥပမာ အသက်ရှင်ဖို့ ထက်သန်နေတဲ့ သူ့စိတ်ဓာတ်ပေါ့။၊ နောက်ပြီး ဒီလောက်ခံနိုင်ရှိအောင် လေ့ကျင့်မှုတစ်မျိုးမျိုး လုပ်ထားတာမျိုးပေ့ါ။ ဒါကြောင့်လည်း အဓိကကျတဲ့ ကိုယ်အစိတ်အပိုင်းတွေမပျက်စီးအောင် ထိန်းထားနိုင်တာ။ ပြီးတော့ ငါတို့မြို့ကလည်း ဒါဏ်ရာကုသဖို့ လိမ်းလို့စားလို့ရတဲ့ ထူးဆန်းပြီး စိတ်ဝင်စားစရာကောင်းတဲ့ရာတွေ အများကြီးရှိတဲ့ နေရာပဲလေ”
ထိုစဉ် ရုတ်တရက် တာအိုဘုန်းကြီး သူ့ကိုယ်သူ သတိထားမိသွားသည်။ လျှို့ဝှက်ချက်များစွာကို သူထုတ်ပြောလိုက်မိပြီဖြစ်သည်။ သူ့မျက်နှာတွင် မအီမသာအပြုံးတစ်ခု ပေါ်လာသည်။
“ငါလျှောက်ပြောနေမိတာ စိတ်ထဲမထားပါနဲ့ကွာ။ မင်း ခုနကငါပြောတာတွေကိုလည်း နားမလည်လောက်ပါဘူး”
“နားမလည်ပါဘူး။ ဒါပေမယ့် ခင်ဗျားပြောတဲ့စကားအားလုံးနီးပါးကို ကျုပ်မှတ်မိပါတယ်”
ချန်ပင်အန်းက အလေးအနက်ပုံစံဖြင့် ပြန်ဖြေလိုက်သည်။
“ဒါနဲ့ ခုနက တံခါးခေါက်တော့ ငါဆိုတာ မင်းဘယ်လိုလုပ်သိတာလဲ။ ငါ့အသံကို မှတ်မိနေလို့လား”
တာအိုဘုန်းကြီးက မေးလိုက်သည်။
“ဟုတ်ပါတယ်”
ချန်ပင်အန်း ပြန်ဖြေလိုက်သည်။
တာအိုဘုန်းကြီးမျက်နှာတွင် စိတ်ဝင်စားသည့်အမူအရာများ ပေါ်လာသည်။
“မင်းက တကယ် မှတ်ဉာဏ်ကောင်းတဲ့လူပဲ။ မင်းဘယ်လောက် အတိုင်းအတာအထိ မှတ်မိနိုင်စွမ်းရှိသလဲ”
ချန်ပင်အန်းက မိန်းကလေးကို တစ်ချက်ကြည့်လိုက်သည်။
တာအိုဘုန်းကြီးက ပြုံးပြလျက်
“အခု သူက သတိလစ်နေတုန်းပဲလေ။ အခုလိုအချိန်မှာ သူ့ခန္ဓာကိုယ်ကို ရွှေ့ပြောင်းဖို့ မသင့်တော်ဘူး။ နည်းနည်းထပ်‌စောင့်ဦးမှဖြစ်မယ်”
သူ့စကားကို ချန်ပင်အန်း သိပ်နားမလည်ပေ။ သို့‌သော် သူ့အမေးကို ပြန်ဖြေသည်။
“အကြားအာရုံထက် အမြင်အာရုံကို ပိုမှတ်မိပါတယ်”
“ဥပမာတစ်ခုလောက် ပြောပြပါလား”
တာအိုဘုန်းကြီး မေးလိုက်သည်။
ချန်ပင်အန်း ခဏစဉ်းစားပြီးနောက်
“ဆရာယော်ရဲ့ ကြွေအိုးပုံသွန်းပညာလိုမျိုးပေါ့။ ဆရာယော်က ကျွန်တော်တို့မြို့က ကြွေထည်ရုံအားလုံးက အတော်ဆုံးကြွေထည်ပညာရှင်ပဲ။ ကြွေထည်ပုံသွန်းတဲ့အချိန်မှာ သူ့လှုပ်ရှားမှုတွေအားလုံးကို တစ်ခါကြည့်ရုံနဲ့ ကျွန်တော်မှတ်မိတယ်။ ဒါပေမယ့်–”
“ဒါပေမယ့် သူ့လို လက်တွေ့တော့ လိုက်မလုပ်နိုင်ဘူးဆိုပါတော့”
တာအိုဘုန်းကြီး ကြားဖြတ်မေးလိုက်သည်။
ချန်ပင်အန်းမျက်လုံးများ အရောင်လက်လာပြီး ခေါင်းငြိမ့်ပြသည်။
တာအိုဘုန်းကြီး၏မျက်နှာတွင် အဓိပ္ပါပါသည့်အပြုံးတစ်ခုပေါ်လာသည်။
“သူကြွေထည်ပုံသွန်းတာ ဘာလို့ အဲလောက်တော်နေသလဲဆိုတာ မင်းစဉ်းစားဖူးလား”
ချန်ပင်အန်းမျက်လုံးတွင် အနည်းငယ် စိတ်ဓာတ်ကျသည့်အမူအရာ ပေါ်လာသည်။
“အရင်ကတော့ ကျွန်တော်ဘယ်လောက်တွေးတွေး စဉ်းစားလို့မရဘူး။ နောက်တော့ လျိုချင်ယန်က အဘိုးယော်ပြောတာကို ပြန်ပြောပြတယ်။ ကြွေးအိုးပုံသွန်းတဲ့အခါ လက်လည်းငြိမ်ရမယ် စိတ်လည်းငြိမ်ရမယ်တဲ့။ အဲဒီ့အချိန်ကျမှ ကျွန်တော်ဘာမှားနေမှန်း သတိထားမိလာတာ”
“အရင်က ကျွန်တော် အရမ်းစိတ်လောခဲ့တယ်။ စိတ်လောလေ လက်တုန်လာလေ၊ အမှားလုပ်မိလေ ဖြစ်ခဲ့တယ်။ အမှားတွေလုပ်မိတော့ ကျွန်တော်လုပ်တာ အဘိုးယော်ပုံစံနဲ့မတူဘူးဆိုပြီး စိတ်ဓာတ်ကျခဲ့တယ်။ အဲလိုနဲ့ပဲ စိတ်ကျသံသရာ လည်နေခဲ့တာပါ။ ဒါကြောင့်လည်း ကြွေအိုးပုံသွန်းတဲ့နေရာမှာ ကျွန်တော်က အမြဲတမ်း အညံ့ဆုံးဖြစ်ခဲ့တာ”
“ရှေးစကားပုံ တစ်ခုရှိတယ်ကွ။ ဆရာဆိုတာ အခြေခံပဲ သင်ပေးရတယ်။ တပည့်ရဲ့ ပါရီမီနဲ့ ကြိုးစားမှုကသာ ဘယ်လောက်တတ်တယ်ဆိုတာ ဆုံးဖြတ်ပေးတာတဲ့။ ဒါပေမယ့် ယော်အဘိုးအိုက မင်းကို အဲလိုအခြေခံတောင် သင်မပေးခဲ့ဘူးလေ။ ဒီတော့ မင်းဘာသာမင်း ဘယ်လိုလုပ် ကြိုးစားလို့ရနိုင်မှာလဲ”
ချန်ပင်အန်း ခေါင်းခါသည်။
“ကျွန်‌တော်က လက်မှုပညာမှာ ပါရမီနည်းလွန်းပါတယ်။ သာမန်အလုပ်သင်တပည့်တွေနဲ့တောင် ယှဉ်လို့မရဘူး။ လျိုရှန်ယန်နဲ့ဆို ပိုဆိုးတာပေါ့။ အဘိုးယော် ကျွန်တော်ကို သင်မပေးချင်တာလည်း မဆန်းပါဘူး”
တာအိုဘုန်းကြီး ပြုံးလိုက်သည်။
“ချန်ပင်အန်း၊ မင်းလို စိတ်ဓာတ်ခိုင်ခံ့တဲ့လူမျိုးဖြစ်ဖို့ ဘယ်လောက်ခက်ခဲသလဲဆိုတာသိလား။ မင်းကိုယ်မင်း အဲလောက်အထင်မသေးပါနဲ့ကွာ”
သို့သော် ချန်ပင်အန်း နားမဝင်ပေ။ ခေါင်းကိုခါလျက်
“ဒါဆိုရင် ကျွန်တော်ပြောမယ်။ ကျွန်တော်က ဒူးဆစ်လောက်ရှိတဲ့ ရေထဲမှာရပ်ပြီး ငါးဖမ်းတယ်။ ရေကူးတတ်တဲ့ နောက်တစ်ယောက်က ရေနက်ပိုင်းနေရာမှာ ငုပ်လျှိုးပြီး ငါးဖမ်းတယ်။ ဒါဆို အနေအထားက အတော်ကွာခြားမယ်မဟုတ်လား”
တာအိုဘုန်းကြီး တဟားဟား ရယ်မောလိုက်သည်။ ဘာမှ ပြန်မဖြေပေ။ ရုတ်တရက် စကားလမ်းကြောင်းပြောင်းလျက်
“ကဲ သူ့ကိုကယ်ဖို့ လုပ်ကြရအောင်”
ရုတ်တရက် စကားအပြောင်းအလဲကြောင့် ချန်ပင်အန်း မှင်သက်မိသွားရသည်။ သူ့အမူအရာကြောင့် တာအိုဘုန်းကြီး နည်းနည်းတုံ့ဆိုင်းဆိုင်း ဖြစ်သွားသည်။
“ဘာတွေရပ်ကြည့်နေတာလဲ။ သူ့ကို အခန်းထဲက မင်းကုတင်ဆီ သယ်သွားတော့လေ”
“ပြီးရင် ဘာလုပ်ရမှာလဲ”
ချန်ပင်အန်းက ပြန်မေးသည်။
“အင်း၊ ဟုတ်ပြီ။ မင်းသူ့ကို အဝတ်သစ်လဲပေးလိုက်။ ပြီးရင် သူ့အတွက် ဆေးဆိုင်ကိုသွားပြီး ဆေးနည်းနည်းဝယ်လိုက်။ အဲဒါပြီးရင်တော့ ကျန်တာအားလုံး ငါ့တာဝန်ထားလိုက်ပါ”
တာအိုဘုန်းကြီးက ပြောလိုက်သည်။
“တကယ်လို့ သူသတိရလာပြီးရင် ကျုပ်ကိုတော့မရိုက်လောက်ပါဘူးနော်”
ချန်ပင်အန်းက သင်္ကာမကင်း အမူအရာဖြင့် ပြန်မေးသည်။
“အလိုဖြစ်စရာအကြောင်း မရှိပါဘူးကွာ။ မင်းက သူ့အသက်ကို ကယ်ခဲ့တာပဲ။ ကိုယ့်ကျေးဇူးရှင်ကို ရိုက်မယ့်လူမျိုး လောကမှာ ဘယ်လိုရှိနိုင်ပါ့မလဲ”
တာအိုဘုန်းကြီးက အတည်အတံ့လေသံဖြင့် ပြောသည်။
ချန်ပင်အန်း ဘာမှပြန်မပြော။
တာအိုဘုန်းကြီး လည်ချောင်းတစ်ချက် ရှင်းလိုက်သည်။ သိပ်မသေချာဟန်ဖြင် နောက်ထပ် ခပ်တိုးတိုး ပြောလိုက်သည်။
“သူအဲလို မလုပ်လောက်ဘူးထင်တာပါပဲ”
ချန်ပင်အန်း သက်ပြင်းတစ်ချက်ချ၍ အကြံပေးပြန်သည်။
“ဘေးအိမ်မှာ ကျီကွေ့ဆိုတဲ့ ကောင်မလေးတစ်ယောက်ရှိတယ်။ သူ့ကို လာကူညီခိုင်းလိုက်ရမလား”
“မဖြစ်ဘူး။ အဲလိုဆို ပြဿနာတက်လိမ့်မယ်”
တာအိုဘုန်းကြီးက မချိပြုံးပြုံး၍ ပြောလိုက်သည်။
ချန်ပင်အန်း ဆက်မပြောတော့။ ဆောင့်ကြောင့်ထိုင်လျက် မျက်မှောင်ကျုံ့ကာ ခေါင်းကိုကုတ်နေသည်။
တာအိုဘုန်းကြီးက ချက်ချင်း မေးလိုက်သည်။
“မင်းငါ့ကို မေးချင်တာရှိသေးလို့လား။ မင်းမေးတာတွေအားလုံးတော့ ငါဖြေနိုင်မှာမဟုတ်ဘူး။ ဒါပေမယ့် ငါဖြေနိုင်တဲ့ မေးခွန်းမျိုးဆိုရင်တော့ ဖြေပေးပါ့မယ်”
“သူ့ကိုအရင်ကယ်ကြတာပေါ့”
ချန်ပင်အန်း သက်ပြင်းချလျက် ထရပ်လာသည်။
“အဲဒါ အကောင်းဆုံးပါပဲကွာ”
တာအိုဘုန်းကြီး ပြုံး၍ပြောလိုက်သည်။
တစ်ချိန်တည်းမှာပင် အင်္ကျီလက်ကို မသိမသာ ဝှေ့ယမ်းလိုက်သည်။ မိန်းကလေး၏ဓားပျံကို ဓားအိမ်ထဲသို့ အတွင်းသွင်းလိုက်ခြင်းဖြစ်သည်။
ချန်ပင်အန်းက မိန်းကလေးကို ကျောပိုး၍ အိမ်ထဲသို့ဝင်သွားသည်။ စောင်ပါးလေးတစ်ထည်သာရှိသည့် ကုတင်ပေါ်တွင် ညင်သာစွာချလိုက်သည်။ ကုတင်မှာ လျိုရှန်ယန်ကြောင့် အက်ကွဲပြီးနောက် ပြန်ပြင်ထားပြီးကာစဖြစ်သည်။ ကတင်အောက်တွင် ခုံရှည်တစ်ခုကို ထိုးခံထားသည်။
တာအိုဘုန်းကြီးလည်း ချန်ပင်အန်းနောက်မှ အခန်းထဲသို့ ဝင်လာသည်။ ပတ်ဝန်းကျင်ကို လှည့်ကြည့်သည်။ နံရံလေးဘက်လုံးတွင် ဘာမှမရှိသလောက်ပင် ရှင်းလင်းသည်။
ရုတ်တရက် တစ်ခုမေ့လာမှန်း သူနားလည်လိုက်သည်။ သူ့နဖူးသူရိုက်လျက် အပြင်သို့ပြန်ထွက်သွားပြီး စာရွက်နှင့် စုတ်တံ သွားယူသည်။ ထို့နောက် ဝယ်ရမည့် ဆေးပစ္စည်းများစာရင်းကို ချရေးလိုက်သည်။
အခန်းထဲသို့ ပြန်ရောက်လာပြီးနောက် ခေါင်းတစ်ချက်ခါယမ်းလျက် ကုတင်ဆီသို့ မကြည့်မိအောင် ထိန်းထားလိုက်သည်။ ထိုမိန်းကလေးပြန်သက်သာလာလျှင် ချန်ပင်အန်းသက်သာမည်မဟုတ်ဟု သူတွေးမိနေသည်။
ထိုစဉ် ချန်ပင်အန်းက ကုတင်အစွန်းတွင် ဝင်ထိုင်၍ မိန်းကလေး၏ ဦးထုပ်ကို ချွတ်လိုက်သည်။ သွေးများပေကျံနေသည့် ဖြူဖျော့ဖျော့မျက်နှာတစ်ခု ပေါ်လာသည်။
နှာခေါင်းနှင့် ပါးစပ်များမှ သွေးများထွက်နေသည်။ ချန်ပင်အန်း အမြန်ထရပ်လျက် ခွေးခြေတစ်ခုကို ကုတင်နားသို့ ဆွဲယူလာသည်။
ထို့နောက် အခန်းထောင့်တစ်နေရာသို့ အမြန်လျှောက်သွားသည်။ ထိုနေရာတွင် အိုးခွက်များတင်ထားသည့် သစ်သားစင်တစ်ခုရှိသည်။ စင်ဘေးတွင် ရေအိုတစ်လုံးရှိသည်။ ခြင်ယင်များ မခိုအောင်းနိုင်စေရန် အဖုံးအုပ်ထားသည်။
သံသော့အိမ်ရေတွင်းမှ သယ်လာသည့်ရေများ အိုးထဲတွင် အပြည့်ရှိနေသည်။ ချန်ပင်အန်း သစ်သားခွက်တစ်ခုနှင့် ဘူးသီးခြောက်ရေမှုတ်ကို ကောက်ယူကာ ရေအိုးဘေးတွင် ထိုင်လိုက်သည်။ အိုးထဲမှရေကို ခပ်လျက် ခွက်ထဲသို့ထည့်သည်။ ထို့နောက် အဝတ်စသန့်သန့်တစ်ခုကို ရေခွက်ထဲသို့နှစ်၍ ကုတင်ဘေးခွေးခြေဆီသို့ ယူလာပြီး မိန်းကလေးမျက်နှာမှ သွေးများကို သုတ်ပေးလိုက်သည်။
တာအိုဘုန်းကြီးက ချန်ပင်အန်းဘက်သို့လှည့်လာ၍ စာရွက်တစ်ရွက် လှမ်းပေးလိုက်သည်။
“ကံကြမ္မာလမ်းမှာ ဆေးဆိုင်လေးတစ်ခုရှိတယ်။ ဒီစာရင်းထဲကဆေးတွေ သွားဝယ်လာခဲ့ပါ”
“ကျန်တာတွေ ခင်ဗျားတာဝန်ထားလို့ ပြောခဲ့တာမဟုတ်လား”
ချန်ပင်အန်းက နားမလည်ဟန်ဖြင့် မေးလိုက်သည်။
တာအိုဘုန်းကြီး ပြန်ပြောသည်။
“ဟုတ်ပါတယ်။ ဒါပေမယ့် မင်းဆေးဝယ်ပေးပြီးမှလို့ ပြောခဲ့တာလေ။ ဆေးဆိုင်သွားတဲ့လမ်းမှာ သတိထားပါ။ မင်းဘာလုပ်နေတယ်ဆိုတာ ဘယ်သူ့ကိုမှ မပြောနဲ့။ မဟုတ်ရင် မင်းနဲ့ မိန်းကလေးတစ်ယောက် အခန်းထဲမှာ အတူရှိနေတာကို လူတွေသိသွားပြီး မင်းရော မိန်းကလေးရော နာမည်ပျက်လိမ့်မယ်”
ချန်ပင်အန်း ခေါင်းငြိမ့်သည်။ ထို့နောက် အဝတ်စကို ရေဆေးနေရင်းမှ
“ဆေးဝယ်ဖို့ငွေ ရှိတယ်မဟုတ်လား”
“မင်းမှာ ငွေမရှိဘူးပေါ့”
တာအိုဘုန်းကြီး စိုးရိမ်တကြီးမျက်နှာဖြင့် ပြန်မေးလိုက်သည်။
ချန်ပင်အန်း ရေခွက်ကို စားပွဲပေါ်ချ၍ မည်သည့်နေရာမှ ထုတ်ယူလိုက်မှန်းမသိသော ရွှေရောင်ကြေးပြားတစ်ပြားကို စားပွဲပေါ်တင်လိုက်သ်ည။
“ဒါကို ခင်ဗျားဆီက သာမန်ကြေးပြားတွေနဲ့ လဲချင်တယ်။ ဘယ်လောက်ပေးမယ်ဆိုတာတော့ ခင်ဗျားပဲ ဆုံးဖြတ်ပါ”
တာအိုဘုန်းကြီး ခဏစဉ်းစားနေပြီးနောက်
“ဒီကြေးပြားတစ်ပြားတည်းနဲ့တင် ဆေးတွေအားလုံးဝယ်ဖို့ လုံလောက်ပါတယ်။ မင်းကို အခုပဲ ကြေးပြားလဲပေးမယ်”
သိပ်မကြာမီ တာအိုဘုန်းကြီးက သာမန်ကြေးပြားထုပ်တစ်ခုကိုင်၍ ပြန်ရောက်လာသည်။ ငွေရောင်ကြေးပြားများလည်း ပါလာသည်။ အားလုံး ချန်ပင်အန်းကို ပေးလိုက်သည်။
အပြင်မထွက်မီတွင် ချန်ပင်အန်းက
“ဒီရေခွက်ကို အပြင်ထွက်ပြီး မသွန်နဲ့။ ကျွန်တော်ပြန်ရောက်လာမှ လုပ်လိုက်မယ်။ ဟိုဘက်အိမ်က ဆုန်ကျိရှင်းက အသစ်အဆန်းဆို အလွန်စပ်စုတတ်တာ။ ခင်ဗျားကျွန်တော့်အိမ်ထဲက ထွက်လာတာမြင်ရင် ဒီမှာ ဘာတွေဖြစ်နေလဲဆိုတာ သူစပ်စုလာလိမ့်မယ်”
“ချန်ပင်အန်း၊ မင်းငါ့ကို မေးချင်တဲ့ မေးခွန်းတွေ ရှိသေးလား”
တာအိုဘုန်းကြီးက အလေးအနက်မျက်နှာဖြင့် မေးလိုက်သည်။
ချန်ပင်အန်း နေရာတင်ရပ်၍ ကြေးပြားနှင့်ငွေပြားများကို ခပ်သွက်သွက်ရေတွက်နေပြီး အိတ်ထဲသို့ ထည့်လိုက်သည်။ ထို့နောက် တာအိုဘုန်းကြီးကို သူနှင့်အတူ အပြင်သို့လိုက်ခဲ့ရန် လက်ဟန်ပြလိုက်သည်။ အခန်းပြင်သို့ရောက်ပြီးနောက် ချန်ပင်အန်းက
“ခင်ဗျားတို့အားလုံးဟာ သာမန်လူတွေမဟုတ်မှန်း ကျုပ်သိတယ်။ ဟိုအရင်တစ်နှစ် အဘိုးယော်မူးနေတုန်းက ကျုပ်ကို ပြောဖူးတယ်။ ကျုပ်တို့မြို့ဟာ သာမန်မြို့မဟုတ်ဘူးတဲ့။ ထူးဆန်းတဲ့အရာတွေ လူတွေ ပြည့်နေတယ်တဲ့။ ဒီမြို့နဲ့ပတ်သက်လို့ ဘာကထူးဆန်းနေတာလဲဆိုတာတော့ သူအတိအကျမပြောဘူး။ ဒီတော့ ကျွန်တော်လည်း ဘာမှမသိဘူး။
“ဒီနေ့အစောပိုင်းတုန်းက ပုံပြောဆရာဟာ သူရေခွက်ဖြူထဲကနေ ရေတွေ ကန်တစ်ကန်စာလောက် လောင်းချနေတာမြင်တယ်လို့ ကုစန်းကပြောခဲ့တာ။ ကုစန်းဟာ တစ်ခါတစ်လေ အတော်စိတ်ညစ်စရာကောင်းပေမယ့် ဒီတစ်ခါတော့ သူလိမ်နေတာမဟုတ်ဘူးဆိုတာ ကျုပ်သိတယ်။ အရပ်မြင့်မြင့်မိန်းမတစ်ယောက်လည်း ဒီနေ့ ကျုပ်တို့လမ်းထဲကို ရောက်လာတယ်။ ကျုပ်နဖူးကို လက်ညှိုးနဲ့ထောက်တယ်။ ကျုပ်ဗိုက်ကို လက်ဝါးနဲ့ဖိတယ်။ ပြီးတော့ ကျုပ်မကြာခင်သေတော့မယ်လို့ ပြောတယ်။ စနောက်နေတာပါလို့ ပြောပေမယ့် သူအမှန်အတိုင်းပြောနေမှန်း ကျုပ်သိတယ်”
တာအိုဘုန်းကြီး မျက်နှာပျက်သွားသည်။
ချန်ပင်အန်း ဆက်ပြောသည်။
“ခင်ဗျားပေးတဲ့ မှော်အဆောင်စက္ကူတွေကို မီးရှို့ရင် တမလွန်က ကျုပ်မိဘတွေအတွက် ကံကောင်းစေနိုင်တယ်လို့ ခင်ဗျားပြောခဲ့တယ်။ ရှင်းရှင်းပြောရရင် ကျုပ်ခင်ဗျားကို ယုံတယ်။ ဒါကြောင့်လည်း ကျုပ်အိမ်ကိုလာပြီး ဒီမိန်းကလေးကို ကယ်ဖို့ပြောတဲ့အချိန်မှာ ကျုပ်ဘာမှမမေးခဲ့တာပါ။ ဒါပေမယ့် ခင်ဗျားကျုပ်ကို တစ်ခုတော့ ကတိပေးစေချင်တယ်။
အဲဒီ့ကတိကိုပေးရင် ခင်ဗျားဖြစ်စေချင်တာမှန်သမျှ ကျုပ်အကုန်လုပ်ပေးမယ်။ ဒါပေမယ့် ကတိမပေးနိုင်ဘူးဆိုရင်တော့ ဒီဆေးတွေဝယ်လာပြီး မိန်းကလေးကို ဆေးကုပေးပြီးတာနဲ့ ခင်ဗျားတို့နှစ်ယောက်လုံး ထွက်သွားဖို့ ပြောရလိမ့်မယ်”
“မင်းက ဘာကိုကတိပေးစေချင်တာလဲ”
တာအိုဘုန်းကြီးက မေးလိုက်သည်။
ချန်ပင်အန်းမှာ အရွယ်နှင့်မမှအောင် တည်ငြိမ်ရင့်ကျက်သည့်ဟန်မျိုးရှိသည်။ သို့သော် ယခု သူ့ပုံစံက အတော်ညှိုးကျနေသည်။
“ကျုပ်မိဘတွေက ကျုပ်ငယ်ငယ်ကတည်းက ကွယ်လွန်သွားတာ။ ဘာကြောင့်မှန်းတောမသိဘူး။ ကျုပ်ငယ်ငယ်တုန်းက အဖြစ်တွေ အတော်များများကို မှတ်မိတယ်။ ဒါပေမယ့် ကျုပ်မိဘတွေရဲ့မျက်နှာကို သေချာမမှတ်မိတော့ဘူး။
ကျုပ်မိဘတွေ ကွယ်လွန်ပြီးချိန်မှာ အိမ်နီးချင်းတွေကြောင့် ကျုပ်အသက်ရှင်ခဲ့တာ။တစ်အိမ်ပြီးတစ်အိမ်သွားပြီး သူတို့ပေးတာစားတယ်။ တစ်နေ့တော့ လူတစ်ယောက်ပြောတာ ကျုပ်ကြားမိတယ်။ ကျုပ်ဟာ ငါးလပိုင်းငါးရက်နေ့မှာမွေးတဲ့ကလေးတဲ့။ သူတို့ပြောတဲ့ လေသံအရ အဲဒီ့နေ့ဟာ ကံကောင်းတဲ့နေ့မျိုး မဟုတ်လောက်ဘူး။ တစ်ခြားအိမ်နီးချင်းတစ်ယောက်ဆို အဲဒီအကြောင်းကို ခပ်ကြမ်းကြမ်းတောင် ပြောတာ…”
ချန်ပင်အန်း သူပြောလိုသည်များကို အဆက်မပြတ်ပြာနေသည်။ သို့သော် ခဏစကားရိပ်သွားပြီးနောက် ဆက်မပြောတော့။ စိတ်ပျက်အားငယ်ဟန်ဖြင့် ခေါင်းမော့လာသည်။
“ကျုပ်ခင်ဗျားကိုကူညီပြီး ဒီမိန်းကလေးကို ကယ်ပေးတယ်။ တကယ်လို့များ… ‘တကယ်လို့’ လို့ ပြောတာပါ။ တကယ်လို့ ကျွန်တော် တစ်နေ့နေ့မှာ သေသွားခဲ့ရင် နောက်ဘဝမှာ ကျုပ်မိဘတွေရဲ့ သားသမီးအဖြစ် ပြန်မွေးဖွားအောင် ခင်ဗျားကူညီပေးနိင်မလား”
တာအိုဘုန်းကြီး ဘာမှမပြော။

ချန်ပင်အန်း ခေါင်းတစ်ချက်ကုတ်လျက် ပြုံးလိုက်သည်။
“မဖြစ်နိုင်ဘူးဆိုလည်း ထားလိုက်ပါတော့။ တမလွန်မှာဖြစ်မယ့်ကိစ္စ စီစဉ်ပေးနိုင်ဖို့ဆိုတာ ဖြစ်နိုင်စရာမရှိပါဘူး။ ခင်ဗျားကို ကျုပ်တောင်းဆိုတာ များသွားပြီထင်တယ်”
“ဒါဆိုအခု သူ့ကိုငါတို့ ဘယ်လိုလုပ်ကြမလဲ”
တာအိုဘုန်းကြီးက ပြုံးစေ့စေ့ဖြင့် မေးလိုက်သည်။
ချန်ပင်အန်း လှည့်ထွက်သွားသည်။ နောက်ပြန်လှည့်မကြည့်ပဲ လက်သီးဆုပ်ကို ဝှေ့ယမ်းပြလျက် စနောက်လိုက်သည်။
“သူ့လောက်လှတဲ့လူကို မကယ်ရင် ကျုပ်အရူးဖြစ်သွားမှာပေါ့”
တာအိုဘုန်းကြီး ချန်ပင်အန်း ထွက်သွားသည်ကို ကြည့်နေသည်။
ကြွေပန်းအိုးလမ်းပေါ် တက်လိုက်သည်နှင့် ချန်ပင်အန်း လူတစ်ယောက်အကြောင်း တွေးမိသွားသည်။ ပျော်ရွှင်နေဟန်ရှိသည့် သူ့မျက်နှာ ချက်ချင်းမှိန်ကျသွားသည်။ သူ့မျက်လုံးမှ မျက်ရည်များ စီးကျလာလေသည်။

Comment

Leave a Reply

Options

not work with dark mode
Reset