မိန်းကလေးက သူ့ထံလာနေသည့်လူငယ်ကို အရေးမစိုက်။ သူ့ကိုကျော်၍ အဘိုးအိုကိုစိုက်ကြည့်ကာ မကျေမနပ်လေသံဖြင့်
“ခုနက ရှင်ကျွန်မကို သတ်ဖို့ကြံခဲ့တယ်။ ရှင့်မှာလည်း ရှင့်အကြောင်းပြချက်ရှိနိုင်ပေမယ့် ရှင်မှားတယ်လို့ပဲ ကျွန်မတွေးတယ်”
လူငယ်က သူနှင့် ငါးမီတာအကွာတွင်ရပ်ကာ စိတ်အားထက်သန်သည့်အမူအရာဖြင့်
“ကျုပ်နာမည် ကောင်းကျန်းပါ၊၊ စွေ့နိုင်ငံတော် ယီယန်ကောင်တီကပါ။ အဘိုးဝူကမင်းကို အပြစ်လုပ်ခဲ့မိတဲ့အတွက် သူ့ကိုယ်စား ကျုပ်တောင်းပန်ပါတယ်။ လျော်ကြေးလည်း ပေးချင်ပါတယ်”
အဘိုးအိုမှာ လူငယ်နောက်တွင်ရပ်လျက် စိတ်ခံစားချက်များ ရှုပ်ထွေးနေသည်။ လူငယ်သည် ကိုယ့်ကိုယ်ကိုယ် အမှန်အတိုင်း မိတ်ဆက်နေသည်။ အပြည့်အဝမိတ်ဆက်သည်တော့မဟုတ်။ စွေ့နိုင်ငံ တည်ရှိခဲ့သည့် နှစ်ထောင့်နှစ်ရာအတွင်း ကောင်းမျိုးနွယ်သည်သာ အုပ်ချုပ်သူ တော်ဝင်မိသားစုဖြစ်သည်။ ယီယန်ကောင်တီသည် စွေ့နိုင်ငံ အင်ပါယာ၏ နန်းစိုက်ရာနေရာဖြစ်သည်။
မိန်းကလေးက လူငယ်ကမ်းလှမ်းချက်ကို အရေးမစိုက်။ လက်မှပတ်တီးကို တင်းအောင်ပြန်စည်းလျက် အဘိုးအိုကို ပြောသည်။
“ရှင့်လိုတော်ဝင်အဆင့် သိုင်းသမားတစ်ယောက်ကို အပြင်ကမ္ဘာမှာဆိုရင်တော့ ကျွန်မနိုင်မှာမဟုတ်ဘူး။ ဒါပေမယ့် ဒီမြို့ထဲမှာတော့ ကျွန်မရဲဓားပျံကိုခေါ်ပြီး ရှင်ကိုနိုင်အောင်တိုက်နိုင်တယ်”
အဘိုးအိုက အေးစက်စက်မျက်နှာဖြင့်
“ခုနက လုပ်ကြံသူက အဆင့်နိမ့်တာအိုဆရာတစ်ယောက်ပါ။ မင်းဓားပျံကိုလာတာကိုသာ ကြိုသိခဲ့မယ်ဆိုရင် သူတောင် သေကွင်းသေကွက်မထိအောင် ကာကွယ်နိုင်တယ်။ မင်းဘာမှတတ်နိုင်မှာမဟုတ်ပါဘူး။ သူ့ကို မင်းဓားပျံ ဆယ်ကြိမ်လောက်ထိလည်း မသေနိုင်ဘူး။ ငါက သူ့ထက် အဆင့်နှစ်ဆင့်မြင့်တယ်။ တော်ဝင်အဆင့်ဆိုတာ မင်းလိုလူအတွက် လက်လှမ်းမမီပါဘူး။ ငါ့ကိုနိုင်တယ်လို့ မင်းဘယ်လိုများပြောထွက်တာလဲ”
မိန်းကလေး မျက်မှောင်တစ်ချက်ကြုံ့လိုက်သည်။ ဓားမောက်လက်ကိုင်ရိုးပေါ် နောက်ထပ်လက်တင်လိုက်သည်။
“လူတွေနဲ့ငြင်းခုန်ရတာလောက် ကျွန်မမုန်းတာမရှိဘူး။ ရှင်ကျွန်မပြောတာမယုံရင် တိုက်ခိုက်ကြည့်လို့ရပါတယ်”
အဘိုးအို ထိုသို့ခြိမ်းခြောက်မခံခဲ့ရသည်မှာ အတော်ကြာပြီဖြစ်သည်။ သူဒေါသထွက်လာသည်။ ဤနုံချာသည့် မြို့စုတ်ကလေးတွင်သာ ပိတ်မိနေခြင်းမဟုတ်လျှင် ထိုမိန်းကလေး စွမ်းရည်မည်မျှရှိသည်ဖြစ်စေ သူနှင့်အဆင့်ခြင်း ကွာလွန်းနေသည်သာဖြစ်သည်။ ထိုမိန်းကလေးလို လူဆယ်ယောက်ကိုပင် သူအလွယ်တကူ သတ်ပစ်နိုင်သည်။
ထို့အပြင် သူ့တာဝန်မှာ စွေနိုင်ငံတစ်ခုလုံး၏ ဂုဏ်သရေနှင့်မျှော်လင့်ချက်ဖြစ်သည့် မင်းသားလေးကိုကာကွယ်ဖို့ဖြစ်သည်။ မင်းသားလေးသာ ပါမလာလျှင် ဤမြို့၏ထိန်းချုပ်မှုကို ဆန့်ကျင်မိ၍ ဒါဏ်ရာအပြင်းအထန်ရမည်ဆိုလျှင်ပင် ထိုမိန်းကလေးကို သင်ခန်းစာပေးလိုက်မည်သာဖြစ်သည်။ ထိုမိန်းကလေးသည် ကျားကိုလာစိန်ခေါ်သည့် နွားသူငယ်နှင့်တူနေသည်။ သို့သော် ကျားက နွားသူငယ်ကို ချမ်းသာပေးမည်ဟု မဆိုနိုင်ပေ။
“မင်းဒီကိစ္စကို မကျေနပ်နိုင်ဘူးဆိုရင် ဒီပစ္စည်းကို နစ်နာကြေးအနေနဲ့ ကျုပ်ပေးပါ့မယ်”
ကောင်းကျန်းက အမြန်ဝင်ပြော၍ အခြေအနေကို ထိန်းလိုက်သည်။ သူ့ခါးမှအဝတ်အိတ်ကိုဖွင့်၍ ကျောက်စိမ်းပြားကိုထုတ်ကာ မိန်းကလေးကို လှမ်းပေးသည်။
“ဒါကို တောင်းပန်တဲ့အနေနဲ့ ပေးချင်ပါတယ်။ ဒီတံဆိပ်အတွက် တောင်းဆိုချင်တာက ဒီကိစ္စကို ကျေအေးပေးဖို့ပါပဲ။ အဘိုးဝူ မှားခဲ့မှန်း ကျုပ်သိပါတယ်။ ဒါပေမယ့် သူက ကျုပ်အပေါ်သစ္စာစောင့်သိလို့ ဖြစ်သွားရတာပါ။ ခင်ဗျားကို ပုဂ္ဂိုလ်ရေးမုန်းတီးမှုမျိုး မရှိပါဘူး”
ထိုမြင်ကွင်းကိုကြည့်၍ အဘိုးအို ထိတ်လန့်သွားသည်။ ချက်ချင်းပင် ဒူးတစ်ဘက်ထောက်၍
“ပြန်စဉ်းစားပါဦး အရှင်မင်းသာ။ ကျုပ်က ဘာမှအသုံးမကျတဲ့ အစေခံတစ်ယောက်ပါ။ ဒါပေမယ့် ဒီတံဆိပ်ဟာ အဖိုးဖြတ်မရတဲ့ ရတနာပါ။ ဒီရတနာမျိုးဟာ ကျုပ်တို့နိုင်ငံရဲ့ ကံကြမ္မာကို ပြောင်းလဲပစ်နိုင်စွမ်းရှိပါတယ်။ ဒီတံဆိပ်ကို ကျုပ်အတွက်ကြောင့် လွှဲပြောင်းပေးလိုက်မယ်ဆိုရင် ကျုပ်ကိုယ်ကျုပ်ပဲ သတ်သေလိုက်ပါမယ် အရှင်မင်းသား”
ကောင်းကျန်းမျက်နှာ အနည်းငယ်တွန်သွားသည်။
မိန်းကလေးက စိတ်မရှည်ဖြစ်လာဟန်ဖြင့် နှာခေါင်းတစ်ချက်ရှုံ့လျက်
“တကယ့်အရူးနှစ်ယောက်ပါလား။ ဒီတံဆိပ်က ရှင်တို့အတွက် အဖိုးတန်ရတနာဖြစ်လည်း ကျွန်မအတွက် ဘာမှအသုံးမကျဘူး။ ရှင်တို့ပဲ သိမ်းထားလိုက်ပါ။ ဖြောင့်မတ်တဲ့လူဆိုတာ သူများပစ္စည်းကို အတင်းအကြပ် မယူတတ်ဘူး”
ထိုသို့ပြောပြီးနောက် သူလှည့်ထွက်သွားလေသည်။
ကောင်းကျန်း စိတ်သက်သာရာရသွားသည်။ အဘိုးအိုဘက်သို့ လှည့်ကြည့်လျက်
“ထပါ အဘိုးဝူ။ ကိုယ့်ကိုယ်ကို အဲလောက်နှိမ့်ချမနေပါနဲ့။ စွေ့နိုင်ငံရဲ့ ခေါင်းဆောင်ကုန်းကုန်းဆယ့်နှစ်ယောက်ဟာ အင်ပါယာမင်းမြတ်တွေကိုပဲ ဒူးထောက်ကြရတာ။ ခြောက်နိုင်ငံ နန်းတော်စိစစ်ရေးအဖွဲ့ ဒါမှမဟုတ် ဘာသာရေးဝန်ကြီးဌာနက လူတွေသာ ဒါကိုမြင်သွားရှင် ပြဿနာတက်သွားမယ်။ ခင်ဗျားရောကျုပ်ရော ဒုက္ခရောက်လိမ့်မယ်။ ဘိုးဘေးတွေရဲ့ကောင်းချီးကြောင့် ဒီမြို့ကနေ ကျုပ်လိုချင်တာရပြီးပြီ။ မလိုလားတဲ့ပြဿနာတွေမကြုံရအောင် ဒီမြို့ကနေ မြန်မြန်ထွက်ကြစို့။
“ပြီးတော့ အပြင်မှာစောင့်နေတဲ့ ကျုပ်တို့လူတွေကိုတွေ့ရင် ကျုပ်တို့နှုတ်ဖွာလို့မဖြစ်ဘူး။ လီအင်ပါယာရဲ့ အဓိကခြောက်နိုင်ငံထဲမှာ ယွမ်မျိုးနွယ်နဲ့ချောင်မျိုးနွယ်ဟာ အချင်းချင်းရန်စောင်နေကြတယ်။ ဒါပေမယ့် ကံဆိုးတာက အဲဒီနှစ်နိုင်ငံလုံး ကျုပ်တို့စွေ့နိုင်ငံရဲ့ ရန်သူတွေဖြစ်နေတာပဲ။ ဒီမှာ တစ်ခုခုဖြစ်သွားရင် တိုက်ပွဲဖြစ်တဲ့အခါ ခင်ဗျားရဲ့စွမ်းဆောင်ရည် ကောင်းနိုင်မှာမဟုတ်ဘူး။ အဲလိုဆိုရင် ကျုပ်လည်း စွေ့နိုင်ငံကို ချောချောမောမောပြန်ဖို့ ခက်သွားလိမ့်မယ်”
အဘိုးအို ခေါင်းငြိမ့်၍ ဖြည်းညှင်းစွာထရပ်သည်။
“ကျုပ်သိပါပြီ မင်းသား”
ထိုအချိန်တွင် မိန်းကလေးမှာ မီတာနှစ်ဆယ်အကွာသို့ ရောက်နေပြီဖြစသည်။
ရုတ်တရက် လေတစ်ချက် ဝှီးခနဲတိုက်ခတ်သွားသည်ကို ကောင်းကျန်း ခံစားလိုက်ရသည်။ သူ့ဆံပင်နှင့် ဝတ်ရုံတို့ ဖျတ်ခနဲခတ်သွားကြသည်။
အဘိုးအိုက မိန်းကလေးကို အလွတ်ပေးရန် လုံးဝစိတ်ကူးမရှိသောကြောင့်ဖြစ်သည်။ မိန်းကလေးဆီ နောက်မှပြေးလိုက်သွားသည်။ ပထမခြေသုံးလှမ်းကို မြေပေါ်တွင့် ဆောင့်နင်း၍ အားယူသည်။ မြေပြင်ထု ဆယ်ပေအနက်အထိပင် တဒုန်းဒုန်းတုန်ခါသွားသည်။ လေးလှမ်းမြောက်တွင် လေထဲသို့ ခုန်တက်သွားပြီး မိန်းကလေး၏ ကျောပြင်ဆီ လက်သီးတစ်ချက် ထိုးသွင်းလိုက်လေသည်။
မိန်းကလေးက ဘယ်ခြေကိုထောက်၍ ခန္ဓာကိုယ်တစ်ပတ်လှည့်လိုက်သည်။ တစ်ချိန်တည်းမှာပင် ဓားကို ညာလက်ဖြင့်ဆွဲထုတ်လိုက်သည်။ နေတစ်စင်း အလင်းဖြာသကဲ့သို့ လမ်းတစ်ခုလုံး ဖြူဖွေးသည့်ဓားရောင်တစ်ခု လွှမ်းခြုံသွားသည်။
အဘိုးအိုက မြေဆွဲအားအရှိန်ကို အပြည့်အဝသုံးကာ လက်သီးကို ဓားမောက်ချွန်ထိပ်ဖျားဆီသို့ စိုက်ထိုးချလိုက်သည်။ သို့သော် သူ့လက်ခုံတွင် အလင်းအက်ကြောင်းတစ်ချက်ပေါ်လာသည်။ မြေပေါသို့ကျလာပြီးနောက် ဆက်၍ပြေးဝင်သွားသည်။ မိန်းကလေးမှာ နောက်ဆုတ်သွားရသည်။ အဘိုးအိုက လက်ဝါးကိုတည်ငြိမ်စွာ ဆန့်ထုတ်လိုက်သည်။ နှေးကွေးသည်ဟု ထင်ရသည်။ သို့သော် ထိုခဏမှာပင် သူ့လက်ဝါးက မိန်းကလေး၏နဖူးဆီ လျှပ်စီးပမာ ပြေးဝင်သွားလေသည်။
မိန်းကလေး၏ခေါင်းကို ရိုက်ခွဲရန် အားအပြည့်ထုတ်တော့မည့်ဆဲဆဲတွင် အဘိုးအိုက ဘေးသို့ ရုတ်တရက် ခုန်ရှောင်လိုက်သည်။ နောက်ဘက်မှ လာနေသည့်အန္တရာယ်အငွေ့အသက်ကို ခံစားမိသောကြောင့်ဖြစ်သည်။ ဓားသံတစ်ချက်မြည်သွားပြီး သူ့အသားထဲသို့ စိုက်ဝင်လာသည်။ သူငုံ့ကြည့်လိုက်သည်။ ဓားဦးချွန်က ညာဘက်ရင်အုံမှ ဖောက်ထွက်လာသည်ကို တွေ့လိုက်ရလေသည်။ မိန်းကလေး၏ ဓားရှည်က ပိုင်ရှင်ကို ကယ်တင်ရန် ရောက်လာခြင်းပင်ဖြစ်သည်။
သို့သော် အဘိုးအို မျက်နှာမပျက်။ ဓားဦးချွန်ကို လက်နှစ်ချောင်းဖြင့် နောက်ပြန်တွန်းထုတ်ပစ်လိုက်သည်။ ဓားပျံက သူ့ရင်ဘတ်ထဲမှ ထွက်သွားသည်။
ဓားပျံအနှောင့်အယှက်ကြောင့် မိန်းကလေး၏ဦးခေါင်းကို ရိုက်မချနိုင်ခဲ့။ မိန်းကလေးက နောက်ပြန်ခုန်ထွက်သွားပြီး ရသည့်အချိန်ကိုလက်လွတ်မခံဘဲ ကျားသစ်တစ်ကောင်ကဲ့သို့ လျှင်မြန်စွာ ထွက်ပြေးပျောက်ကွယ်သွားလေသည်။
ကောင်းကျန်း အကြီးအကျယ် စိတ်တိုသွားသည်။ လက်သီးနှစ်ဘက်ကို ကျစ်ကျစ်ပါအောင်ဆုပ်လျက် ဒေါသတကြီးလှမ်းအော်လိုက်သည်။
“တော်ဝင်မြင်းတံဆိပ်ရှင် ကုန်းကုန်းဝူယွဲ့၊ ခင်ဗျားဘာလို့ ကျုပ်ဆန္ဒကိုဆန့်ကျင်ပြီး စိတ်ထင်ရာလုပ်နေတာလဲ။ ဒီမြို့ထဲမှာ ကိုယ့်ကိုယ်ကို ပြိုင်ဘက်ကင်းလို့ထင်နေတာလား။ ကျုပ်တို့က အမှားလုပ်မိတဲ့လူတွေပါ။ ဒါတောင်သူက ကျုပ်တို့ကို အကြပ်မကိုင်ဘဲ ကျေအေးပေးခဲ့တယ်။ ခင်ဗျားဘာလို့ ကျေးဇူးမသိတဲ့ အောက်တန်းစားအလုပ်မျိုး လုပ်တာလဲ။ တကယ် ရွံစရာကောင်းတဲ့လုပ်ရပ်ပဲ”
အဘိုးအိုဝူယွဲ့က ထွက်ပြေးသွားသည့် မိန်းကလေးထံမှ အကြည့်ကိုလွှဲဖယ်၍ မတ်မတ်ပြန်ရပ်ကာ ကောင်းကျန်းဆီသို့ လျှောက်လာသည်။ သူ့ခြေလှမ်းများက လွှမ်းမိုးမှုအပြည့်ပါသည်။ ကောင်းကျန်းကို နင်းခြေတော့မည့်အသွင်မျိုးပင် ရှိနေသည်။
သူ့အမူအရာကြောင့် ကောင်းကျန်းပို၍ ဒေါသထွက်သွားသည်။ ကိုယ့်အစေခံက ကိုယ့်ကိုပြန်စော်ကားသလို ခံစားနေရသည်။ မီးဝင်းဝင်းတောက်နေသည့်မျက်လုံးဖြင့် အော်ဟစ်လိုက်သည်။
“ဝူယွဲ့၊ ခင်ဗျားဟာ သေသင့်တဲ့အပြစ်ကို ကျူးလွန်လိုက်တာပဲ”
ဝူရွဲ့က အရေးမစိုက်ဟန်ဖြင့် ပြန်ပြောလိုက်သည်။
“အရှင်မင်းသား၊ ကျုပ်ရဲ့အပြစ်သေသင့်တယ်ဆိုရင် မင်းကြီးကိုယ်တိုင် ဆုံးဖြတ်ပါလိမ့်မယ်။ ကျုပ်မျက်လုံးထဲမှာ မင်းသားရဲ့လုံခြုံရေးကပဲ အရေးအကြီးဆုံးပါ။ မင်းသားကိုကာကွယ်ဖို့ဆိုတာ ကျုပ်ရဲ့တစ်ခုတည်းသောတာဝန်ပါပဲ။ ဒီမိန်းကလေးဟာ မင်းသားအသက်အန္တရာယ်အတွက် ခြိမ်းခြောက်မှုတစ်ခုလို့ ကျုပ်ယူဆတယ်။ ဒီတော့ မင်းသား အန္တရာယ်ကင်းဖို့အတွက် သူ့ကိုကျုပ်အလွတ်ပေးလို့မရပါဘူး။ သူသေမှ ကျုပ်စိတ်အေးနိုင်မှာပါ။ ကျုပ်တာဝန်ကျေပွန်တယ်လို့ ခံစားနိုင်မှာပါ”
ကောင်းကျန်း၏ ဒေါသမျက်လုံးများကိုကြည့်၍ သူသက်ပြင်းချလိုက်သည်။
“ကျုပ်ဟာ နန်းမြို့တော်မှာ တာဝန်ထမ်းဆောင်လာတာ နှစ်ခြောက်ဆယ်ကျော်ပါပြီ။ ယုတ်မာတဲ့ အစီအစဉ်တွေ လုပ်ကြံမှုတွ အများကြီးကြုံခဲ့ပြီးပါပြီ။ ရားထူးဂုဏ်အာဏာနဲ့ အဖိုးတန်ရင်းမြစ်အတွက် လူတွေဟာ မလုပ်ရဲတာမရှိဘူး။ လူသားဆန်းမှုဆိုတာကို ကျုပ်အယုံအကြည်မရှိတော့ပါဘူး။ တော်ဝင်မိသားစုဝင်တွေကို ကာကွယ်ရင်း လုပ်ကြံမှုပေါင်း သုံးဆယ်ထက်မနည်း ကျုပ်ဖြေရှင်းခဲ့ဖူးပါတယ်။
“မင်းသား၊ ဒီလုပ်ကြံသူတွေဟာ မင်းသားထင်တာထက်အများကြီးပိုပြီး ကောက်ကျစ်လှည့်စားတတ်ကြပါတယ်။ သူတို့ဆန္ဒပြည့်ဝဖို့ အသက်ကိုတောင် စတေးရဲကြတဲ့လူတွေရှိတယ်။ သူတို့ ဘယ်အတိုင်းအတာထိ လုပ်ရဲသလဲဆိုတာ ခန့်မှန်းဖို့တောင်မဖြစ်နိုင်ပါဘူး။ ခုနကလုပ်ကြံတဲ့လူနဲ့ မိန်းကလေးကိုပဲ ဥပမာကြည့်–“
ကောင်းကျန်းက ဝူယွဲ့မျက်နှာကို လက်ညှိုးငေါက်ငေါက်ထိုး၍ အေးစက်တင်းမာသည့် လေသံဖြင့်
“ခင်ဗျားပါးစပ်ပိတ်ထားစမ်း၊ သင်းကွပ်ခံထားရတဲ့ အဘိုးကြီး။ ကျုပ် အဓိပ္ပါယ်မရှိတဲ့ ဆင်ခြေဆင်လက်တွေ ထပ်မကြားချင်ဘူး။ ကျုပ်သိတာက ခင်ဗျားကျုပ်ကိုဆန့်ကျင်တယ်ဆိုတာပဲ။ ဒီမိန်းကလေးကို မဟာမိတ်ဖွဲ့ချင်တဲ့ ကျုပ်အစီအစဉ်တွေ ပျက်စီးသွားပြီ။ သူ့စွမ်းရည် ထူးခြားတယ်ဆိုတာ ရူးနေတဲ့လူတောင်သိတယ်။
“သူ့ဟာ တောင်ပေါ်က အတော်ဆုံးဆိုတဲ့ ပါရမီရှင်တွေနဲ့တောင် ယှဉ်လို့ရတယ်။ တကယ့်ရတနာပဲ။ သူ့လို စွမ်းအားရှင်မျိုးဟာ ကျုပ်တို့စွေ့နိုင်ငံမှာမပြောနဲ့၊ အရှေ့ပိုင်းရတနာနယ်မြေတစ်ခုလုံးမှာတောင် ရှာတွေ့ဖို့မလွယ်ဘူး။ သူ့ကိုကျုပ် ဆယ်နှစ်လောက်၊ အလွန်ဆုံး နှစ်နှစ်ဆယ်လောက် လေ့ကျင့်ပေးလိုက်ရင် ကျုပ်လက်အောက်က ထိပ်တန်းလုပ်ကြံရေးသမား ဖြစ်လာမှာပဲ။
“သူသာ ကျုပ်အနားမှာရှိရင် ဘယ်သူမှကျုပ်ကို ဆန့်ကျင်ရဲမှာမဟုတ်ဘူး။ ကြယ်တာရာနတ်ဘုရားတွေ အဆင့်မြင့် တာအိုသိုင်းဆရာကြီးတွေတောင် ယှဉ်နိုင်မှာမဟုတ်ဘူး။ ကျုပ်ဆိုတဲ့ ကောင်းကျန်းဟာ စွေ့နိုင်ငံထီးနန်းကို အမွေဆက်ခံမယ့်လူပါ။ ခင်ဗျားကတော့ ကျုပ်သေတဲ့အထိ ကျုပ်ကိုအလုပ်အကြွေးပြုရမယ့် သင်းကွပ်ခံ အဘိုးကြီးတစ်ယောက်ဆိုတာ မမေ့ပါနဲ့”
သို့သော် ကြမ်းတမ်းသည့် ထိုစကားများကို ဝူယွဲ့က ဒေါသထွက်ဟန်မတူ။ သူ့မျက်လုံးတွင် ကျေနပ်သည့်အရိပ်များပင် ဖြစ်ပေါ်လာသေးသည်။ စိတ်ထဲရှိသမျှကို အကုန်ပြောပြီးနောက် ကောင်းကျန်း မောဟိုက်နေသည်။
ဝူယွဲ့က ပြုံးလျက်
“အရှင်မင်းသား၊ မင်းသား မကြုံဖူးသေးလို့ လူတွေဘယ်လောက် ယုတ်မာရက်စက်သလဲဆိုတာ မသိသေးဘူး။ ဒါပေမယ့် မင်းသားဟာ အရှင်မင်းကြီးရဲ့ကိုယ်ပွားပါ။ ဒီနှစ်တွေအတွင်း မင်းသားတိုးတက်လာတာကို မြင်ရတဲ့အတွက် ကျုပ်ပိုပြီးတောင် ဂုဏ်ယူမိပါတယ်”
လမ်းပေါ်မှ ပတ်ဝန်းကျင်လေထု ကမောက်ကမအခြေအနေသို့ရောက်နေသည်။
ကောင်းကျန်း စိတ်တည်ငြိမ်လားပြီးနောက် သူပြောသည့်စကားများ လွန်သွားပြီဖြစ်ကြောင်း နားလည်လိုက်သည်။ သူသည် နန်းမွေခံအဖြစ် တရားဝင်ရွေးချယ်ထားခံရသူမဟုတ်သေး။ သို့သော် တော်ဝင်မြင်းတံဆိပ်တော်ရ စွေ့နန်းတော်စောင့်ရှောက်သူသုံးယောက်မှ တစ်ယောက်ဖြစ်သည့် ကုန်းကုန်းဝူစွေ့ကို မလေးမစားပြောခဲ့မိသည်။ ထို့အပြင် ဝူယွဲ့မှာ ကောင်းကျန်းမိဘများဖြစ်သည့် စွေနိုင်ငံတော် ဘုရင်မင်းမြတ်နှင့် မိဘုရားတို့ အလွန်ယုံကြည်ရသည့် အမှုထမ်းတစ်ယောက်ဖြစ်သည်။
ထိုသို့တွေးမိပြီးနောက် ကောင်းကျန်း နောင်တရလာသည်။ သူတစ်ခုခုပြန်ပြောရန် ဟန်ပြင်လိုက်စဉ် ဝူယွဲ့က တစ်ချက်ပြုံးလျက်
“မင်းသား ဘာပြောမယ်ဆိုတာ ကျုပ်သိပါတယ်။ ကျုပ်တစ်ခုပြောမယ်။ ကိုယ့်အစေခံကို မတောင်းပန်ပါနဲ့။ တောင်းပန်စရာမလိုပါဘူး။ ဒါဟာ မင်းသားရဲ့အဆင့်အတန်းနဲ့ မသင့်တော်ဘူး။ အစေခံဆိုတာကလည်း မင်းသားရဲ့ တောင်းပန်မှုကို ခံယူနိုင်မှာမဟုတ်ဘူး။ မင်းသားအပြစ်ရှိတယ်လို့ ခံစားရရင်တောင် စိတ်ထဲမှာပဲ သိမ်းထားပါ။ နိုင်ငံအုပ်ချုပ်တဲ့လူတွေဆိုတာ လူတွေအတွက် နဂါးလိုပါပဲ။ သူတို့ပြောသမျှနှုတ်ထွက်စကားဟာ ဥပဒေပဲ။ ဒါကြောင့် တန်ဖိုးရှိတဲ့စကားတွေကို အစေခံတွေကိုတောင်းပန်ရင်း အလဟဿအဖြစ်မခံပါနဲ့”
“ကျုပ်လက်ရှိအဆင့်အတန်းအရ ဒီလိုပြောဖို့ စောလွန်းပါသေးတယ် အဘိုးဝူ”
ကောင်းကျန်းက ပြောလိုက်သည်။
ထိုစဉ် ရုတ်တရက် ဝူယွဲ့၏ခန္ဓာကိုယ်တစ်ခုလုံး တောင့်တင်းသွားသည်။ အဆင့်မြင့်စွမ်းအားရှင်တစ်ယောက် အနီးအနားတွင် ရှိနေသည်ကို အာရုံခံစားမိလိုက်ခြင်းဖြစ်သည်။ကုကျန်းကို သူ့နောက်သို့ အမြန်ဆွဲဖယ်လျက် လုပ်ကြံသူ၏ အလောင်းဆီသို့ ကြည့်လိုက်သည်။
အရပ်မြင့်မြင့် တည်ကြည်ခန့်ငြားသည့် သက်လတ်ပိုင်းစာပေသမားတစ်ယောက် လမ်းထောင့်တစ်နေရာမှ ရုတ်တရက်ပေါ်လာပြီး ဖြေးညှင်းစွာလျှောက်လာနေသည်။ လုပ်ကြံသူအလောင်းဘေးတွင် ဆောင့်ကြောင့်ထိုင်လျက် အလောင်းမျက်နှာမှ မျက်နှာဖုံးကို ဆွဲချွတ်လိုက်သည်. နှာခေါင်းနှင့်မျက်ခုံးများ မရှိသည့် ထူးဆန်းသည့် မျက်နှာတစ်ခု ပေါ်လာသည်။ စာလုံးတစ်ချို့ ပါးပြင်ပေါ်တွင် မှင်ကြောင်ထိုးထားသည်။
ထိုလူသည် တစ်ချိန်က အကျဉ်းသားဖြစ်ခဲ့ဖူးသည်မှာ သေချာသည်။
စာပေသမားက ငြိမ်၍ကြည့်နေသည်။ သူကြိုတင်ခန့်မှန်းမိပြီးဖြစ်ဟန်တူသည်။ ဤကိစ္စသည် ကွန်ဖြူးရှပ်ကျောင်းမှ မြစ်ဖျားခံလာပုံရသည်။
ဝူယွဲ့နောက်တွင် ရှိနေသည့် ကောင်းကျန်း၏မျက်လုံးတွင် လေးစားရိပ်များပေါ်လာသည်။ ရှေ့သို့တိုးလာကာ လက်နှစ်ဘက်ဆုပ်အရိုအသေပြုလျက် လေးလေးစားစားလေသံဖြင့်
“တောင်ကမ်းပါးကျောင်းတော်က ဆရာချီလားခင်ဗျာ”
စာပေပညာရှင်က မတပ်ထရပ်လျက် ကောင်းကျန်းကို လှည့်ကြည့်၍
“အဲဒီပစ္စည်းကို တရားဝင် တောင်းဆိုထားလို့သာမဟုတ်ရင် မင်းတို့နှစ်ယောက် ဒီနေရာကနေ လွယ်လွယ်ထွက်ရမယ် မထင်နဲ့”
သူတော်စင်လေးပါး ချမှတ်ခဲ့သည့် မူလစည်းမျဉ်းအရ ဤမြို့ထဲတွင် တိုက်ခိုက်မှုဖြစ်ပွားသူများသည် အပြစ်ပေးခံရမည်ဖြစ်သည်။ ပြစ်ဒါဏ်က သိပ်မပြင်းထန်သော်လည်း သက်သာလှသည်တော့မဟုတ်။ အပြင်လူတစ်ယောက်က မြို့ခံသေမျိုးတစ်ယောက်ကိုသတ်လျှင် ချွင်းချက်မရှိ နှင်ထုတ်ခံရမည်။ သို့သော် အပြင်လူချင်း တိုက်ခိုက်ကြလျှင် တစ်ချို့သောချွင်းချက်များရှိသည်။ မြို့ထဲသို့ဝင်လာသည့် ကောင်းကျန်းတို့လို အဖွဲ့သုံးခုတွင် အစေခံများပါလာသည်။ ထိုသို့အစေခံခေါ်လာခြင်းမှာ စည်းမျဉ်းချိုးဖောက်မိမည့် အခြေအနေမျိုး ကြုံလာနိုင်သောကြောင့်ဖြစ်သည်။
စည်းမျည်းဖေါက်ဖျက်မိလျှင် သူတို့အစေခံများကို ဓားစာခံအဖြစ်သုံးကာ အပြစ်ခံစားခိုင်း၍ရသည်။ ဤမြို့ထဲသို့ လူတစ်ယောက်ဝင်ခွင့်ရရန်အတွက် စွေနိုင်ငံဘုရင်၏ နန်းတော်ဘဏ္ဍာတိုက် တစ်ဝက်ခန့် သုံးစွဲခဲ့ရသည်။ အရင်းအနှီးမနည်းလှပေ။ မြို့ထဲသို့ရောက်ပြီးနောက် အပြင်အဖွဲ့အစည်းများအချင်းချင်း တိုက်ခိုက်မှုဖြစ်ပွားနိုင်ချေရှိသဖြင့် ကောင်းကျန်းဘေးတွင် ဝူယွဲ့ကို ထည့်လိုက်ကြခြင်းဖြစ်သည်။
အရှင်းဆုံးပြောရလျှင် အာမခံကြေးသဘောမျိုးဖြစ်သည်။
သို့သော် ထိုအာမခံကြေးအတွက်လည်း ရွှေငွေအပုံလိုက်ပေးရသည်သာ ဖြစ်သည်။ မြို့ခံများမှာ သူတို့မြို့သို့ အပြင်လူများ ခြေချခွင့်ရရန် မည်မျှရင်းနှီးထားရကြောင်း မသိနိုင်ကြပေ။
စာပေပညာရှင်က ကျောင်းကျန်းကို သိပ်ကြည်ပုံမရ။ သို့သော် ကောင်းကျန်းက တည်ငြိမ်သည့်အမူအရာဖြင့် လေးလေးစားစားပြောသည်။
“ဆရာချီ၊ တကယ်လို့ ခင်ဗျားအချိန်ရမယ်ဆိုရင် ကျုပ်တို့စွေ့နိုင်ငံကျောင်းတော်ကို လာရောက်သင်ကြားပေးနိုင်မလားဗျာ။ နန်းဆရာရာထူးက ခင်ဗျားအတွက် အမြဲတမ်း တံခါးဖွင့်ကြိုဆိုနေပါတယ်။ ခင်ဗျားသာ ဒီရာထူးကိုလက်ခံမယ်ဆိုရင် ကျုပ်တို့နိုင်ငံအတွက် ဂုဏ်ယူစရာပါပဲ”
ဝူယွဲ့ ခဏချီတုံချတုံဖြစ်နေသည်။ သို့သော် ဘာမှမပြောတော့။ ကောင်းကျန်းသာ ထိုပညာရှင်ကို နန်းဆရာရာထူးဖြင့် စည်းရုံးနိုင်လျှင် ဘုရင်မင်းမြတ်လည်း ဝမ်းသာမည်သာဖြစ်သည်။
သို့သော် ဆရာချီက ပြုံးရုံသာပြုံးနေသည်။ ဘာမှ ပြန်မပြောပေ။
ခုနကမိန်းကလေးအပေါ် ကြမ်းတမ်းရက်စက်စွာ ဆက်ဆံခဲ့သ်ေလည်း ဆရာချီရှေ့တွင် ဝူယွဲ့၏အပြုအမူက ထိုသို့မဟုတ်။ လက်နှစ်ဘက်ဆုပ်ကာ အရိုအသေပေးသည်။
“ခင်ဗျားနယ်မြေမှာ အနှောက်အယှက်ဖြစ်စေခဲ့တဲ့အတွက် ကျုပ်တို့ကိုခွင့်လွှတ်ပေးပါ ဆရာချီ။ ကျုပ်သခင်အပေါ် ထားတဲ့သစ္စာနဲ့ လိုအပ်ချက်ကြောင့် ကျုပ်လုပ်ခဲ့မိတာပါ။ ဆရာ့ကို စော်ကလားလိုစိတ်မျိုး မရှိပါဘူးဗျာ”
“ထားလိုက်တော့”
ချီကျင်ချွမ်းက လက်တစ်ဘက်ဝှေ့ယမ်းပြလိုက်သည်။
ကောင်းကျန်းနှင့်ဝူယွဲ့တို့ အသာထွက်လာခဲ့ကြရသည်။ မိန်းကလေးထွက်ပြေးသွားသည့် လမ်းကြောင်းအတိုင်း ထွက်လာမိကြသည်။
“သူသေနိုင်လောက်သလား”
ကောင်းကျန်းက အသံတိုးတိုးဖြင့်မေးလိုက်သည်။
ဝူယွဲ့က ခေါင်းကိုခါယမ်းလျက်
“သိပ်ကြာကြာ ခံမှာမဟုတ်ဘူး။ ဟိုဓားပျံကြောင့်သာ သူအချိန်ဆွဲထားလို့ရတာပါ”
ကောင်းကျန်း ခဏတွေဝေနေပြီးနောက် စိတ်ဝင်စားလာဟန်ဖြင့်
“အဘိုးဝူ၊ သူဓားပျံကို အလွယ်တကူ မထိန်းချုပ်နိုင်ဘူးဆိုတာ ဘယ်လိုလုပ်သတိထားမိတာလဲ”
“သူက တမင်ဟန်လုပ်ပြီး ကျုပ်ကိုခြိမ်းခြောက်နေတာ အစောကြီးကတည်းက ရိပ်မိပါတယ်”
ဝူယွဲ့က ပြန်ပြောလိုက်သည်။
ကောင်းကျန်း အံ့အားသင့်သွားသည်။
ဝူယွဲ့က ကောင်းကျန်းကိုခေါ်ကာ လမ်းကြားမှ ထွက်လိုက်သည်။ ထို့နောက်
“ကျုပ်မေးစရာရှိပါတယ် မင်းသား။ ဒီလောကမှာရှိတဲ့ တန်ဖိုးအကြီးဆုံး အကောင်းဆုံးအရာတွေကို မင်းသားမြင်ဖူးပြီးတာတောင် ဒီမြို့က ဘာမှမဟုတ်တဲ့ ကြွေထည်ပစ္စည်းတွေကို စိတ်ဝင်စားနေသေးတာလား”
ကောင်းကျန်းက ခါးချိတ်ထားသည့်အိတ်ကို တစ်ချက်ပုတ်၍ ပြုံးလိုက်သည်။
“ဘယ်စိတ်ဝင်စားပါ့မလဲ။ ဒီကျောက်စိမ်းတံဆိပ်လို ပစ္စည်းမျိုးလောက်ပဲ စိတ်ဝင်စားတာပါ”
ဝူယွဲ့ခေါင်းငြိမ့်လိုက်သည်။
“ဟုတ်ပါတယ်လေ။ ဟိုမိန်းမဟာ ဓားပျံကို သုံးနေတဲ့အချိန်မှာ အတော်တည်ငြိမ်တယ်။ သာမန်လုပ်နေကျအလုပ်မျိုးကို လုပ်နေတဲ့အတိုင်းပဲ။ ဒါပေမယ့် ကျုပ်ရဲ့ကျင့်ကြံမှုစွမ်းအားကို ရိပ်မိပြီးတော့ တိုက်ခိုက်ဖို့ ချက်ချင်းစိန်ခေါ်တယ်။ သူ့အဆင့်ကို ကျုပ်သတိထားမိသွားမှာ စိုးရိမ်တယ်။ ဒါကြောင့် တမင်တကာ ဟန်အပြည့်နဲ့ ခြိမ်းခြောက်စိန်ခေါ်တာပဲ။
“အခြေအနရှုပ်ထွေးသွားအောင် ကြိုးစားတဲ့သဘောမျိုးပါပဲ။ ကျုပ်သူ့ကို အပြတ်ရှင်းမှာစိုးရိမ်လို့ အဲလိုဟန်ဆောင်တာ။ နောက်တော့ သူဟန်ဆောင်တာကို ကျုပ်ရိပ်မိသွားတယ်။ သူထင်သလို မဖြစ်တော့ဘူး။ ဒါပေမယ့် ပြောရရင် သူ့လောက်အသက်အရွယ်နဲ့ ဒီလောက်ရဲရင့်ပါးနပ်နေတာဟာ တကယ်ချီးကျူးစရာကောင်းတယ်။
“သူ့ကိုသာ ဂရုမစိုက်ဘဲ ထားလိုက်မယ်ဆိုရင် နောင်တစ်ချိန်မှာ မင်းသားအတွက် အတော်ကြီးမားတဲ့ အန္တရာယ်ဖြစ်လာနိုင်တယ်လေ။ ဒါကြောင့်လည်း ကျုပ်သူ့ကို သတ်ဖို့ဆုံးဖြတ်လိုက်တာ။ သူ့အရွယ်လူတစ်ယောက် စိတ်လိုက်မာန်ပါသဘောနဲ့ အကျိုးဆက်ကို မစဉ်းစားဘဲ တိုက်ခိုက်တာမျိုးဆိုရင်တော့ ကျုပ်အံ့ဩမိမှာမဟုတ်ပါဘူး။ ဒါပေမယ့် အခုဟာက သာမန်မဟုတ်ဘူး။ ကျုပ်ကိုမနိုင်မှန်းသိတာတောင် တည်တည်ငြိမ်ငြိမ် ခေါင်းအေးအေးနဲ့ တွက်ချက်နိုင်တယ်။ လုပ်ကြံသူကို အေးအေးဆေးဆေး အနိုင်ယူပြပြီး ကျုပ်စိတ်ကိုလှည့်စားဖို့ကြံတယ်။
“ဒါမျိုးဟာ အတွေ့အကြုံကနေသာ ရလာနိုင်တဲ့အရည်အချင်းမျိုးပါ။ သူ့စွမ်းရည်နဲ့ ဘာမှမဆိုင်ဘူး။ စွမ်းအားကျင့်ကြံသူဖြစ်ဖြစ် သိုင်းပညာရှင်ဖြစ်ဖြစ် အဲလိုအရည်အချင်းတွေ ချို့ယွင်းလို့ ငယ်ငယ်ရွယ်ရွယ်နဲ့ သေသွားတဲ့ပါရမီရှင်တွေ အများကြီးပါပဲ။ အဲဒါတွေက သင်ပေးလို့မရဘူး”
“ဘာပဲပြောပြော ကိစ္စက ဒီလိုဖြစ်သွားရတာ စိတ်မကောင်းစရာပဲ”
“အရှင်မင်းသား၊ အမြင့်ကိုတက်တဲ့လမ်းမှာ လူတိုင်းအတွက်သာ စိတ်သောကရောက်နေမယ်ဆိုရင် မင်းသားအနေနဲ့ တောင်ထိပ်ကိုရောက်တဲ့အခါ အတော်အလုပ်များတဲ့လူတစ်ယောက် ဖြစ်တော့မှာပဲ”
ဝူယွဲ့က တမင်စနောက်လိုက်သည်။
“ကျုပ်တော့ အဲလိုမထင်မိပါဘူး”
ကောင်းကျန်းက ပြုံး၍ ဖြေလိုက်သည်။
ထိုနောက် ရုတ်တရက် ဝူယွဲ့မျက်နှာတွင် လေးနက်သည့်အရိပ်များပေါ်လာသည်။’
“ကျုပ် အာရုံမှားတာလားတော့မသိဘူး။ ဒါပေမယ့် ခုနကဆရာချီမှာ ခန့်မှန်းမရနိုင်တဲ့စွမ်းအားမျိုးရှိတာကို ခံစားမိပေမယ့် သူတစ်ခုခု မူမမှန်သလိုပဲ”
ကောင်းကျန်းက အရေးမစိုက်ဟန်ဖြင့် ပုခုံးတွန့်ပြလိုက်သည်။
“ဘာပဲဖြစ်ဖြစ် ဒီကျောက်စိမ်းတံဆိပ်ကိုရရင် ဒီခရီးဟာ တကယ့်အောင်မြင်မှုကြီးပဲလို့ ထင်ထားခဲ့တာ။ အခုတော့ ဒီတံဆိပ်က ကျုပ်တို့ရထားတဲ့ ဟိုရတနာနဲ့ယှဉ်ရင် လုံးဝကိုစုတ်ချာတာပဲ။ အခု ကျုပ်တို့မူလရည်မှန်းထားတာထက်တောင် ပိုရခဲ့ပြီဆိုတော့ ကျေနပ်သင့်ပါပြီ။ အခု အဲဒီ့ငါးကြင်းအကြောင်းကိုပြောမှပဲ ဟိုကောင်လေးအကြောင်းကို တွေးမိလာတယ်”
“ကျေးဇူးဆပ်တဲ့အနေနဲ့ သူ့ကိုဆုလာဘ်တစ်ခုခု ထပ်ပေးဖို့တွေးနေတာလား အရှင်မင်းသား”
ဝူယွဲ့က ပြုံး၍မေးလိုက်သ်ည။
ကောင်းကျန်းက ခေါင်းကိုခါယမ်းလျက်
“ဘယ်ဟုတ်မလဲ။ သူကိုကြေးပြားထုပ်ပေးလိုမိတာကို နှမျောမိလို့ပါ”
ဝူယွဲ့ တဟားဟားအော်ရယ်လိုက်လေသည်။
နောင်တစ်ချိန်တွင် စွေ့နိုင်ငံ၌ အလွန်နှမျောတွန့်တိုတတ်သည့် ဘုရင်တစ်ပါး ပေါ်ထွက်လာဦးမည့်ဟန်ရှိသည်။
————–
မြို့ထဲတွင် မြောက်မှတောင်သို့ သွယ်တန်းနေသည့် လမ်းသွယ်တစ်ခုမှာ အေးချမ်းတိတ်ဆိတ်နေသည်။ လှည်းဘီးလိမ့်သံတစ်ခုသာ ကြားနေရသည်။
ထိုလှည်းကို ကြာပွင့်ခေါင်းဆောင်းနှင့် တာအိုဘုန်းကြီးငယ်တစ်ပါးက တွန်းလာခြင်းဖြစ်သည်။ သူ့ဗေဒင်ဟောစင်ကို စောစောပင် သိမ်းလာခဲ့သည်။ လမ်းတစ်လျှောက်တွင် ဘာအနှောက်အယှက်မှမတွေ့ဘဲ တတ်နိုင်သမျှ အိမ်သို့ မြန်မြန်ရောက်ချင်နေသည်။
ထိုစဉ် ရုတ်တရက် သွယ်လျသည့်အနက်ရောင်သဏ္ဌာန်တစ်ခု တစ်ခြားလမ်းကြားတစ်ခုမှ ထွက်ပေါ်လာသည်။ နံရံစည်းရိုးကို မှီ၍ ဖြေးဖြေးချင်းရွေ့လာနေသည်။ လက်တစ်ဘက်က မျက်နှာကာဦးထုပ်အောက်သို့လျှို၍ ပါးစပ်ကို အုပ်ထားသည်။ နောက်လက်တစ်ဘက်က တာအိုဘုန်းကြီးကို လက်ညှိုးထိုးနေသည်။
တာအိုဘုန်းကြီး ချက်ချင်းခေါင်းငုံ့ပစ်လိုက်သည်။ သူ့ကိုယ်သူ ခပ်တိုးတိုးရေရွတ်နေသည်။
“မမြင်ပါစေနဲ့၊ သူငါ့ကို မမြင်ပါစေနဲ့။ ဗုဒ္ဓနဲ့ ဗောဓိသတ္တတို့ ကျုပ်ကို ကူညီကြပါ”
သူသည် တာအိုလမ်းစဉ်မှ ဘုန်းကြီးတစ်ပါးသာဖြစ်သည်။ သို့သော်ယခု တာအိုသုံးပါးကိုဆန့်ကျင်၍ ဗုဒ္ဓကိုယ်တော်များကို သွားဆုတောင်းနေသည်။
ဗုဒ္ဓနှင့် ဗောဓိသတ္တတို့ကလည်း သူတို့ကျင့်စဉ်လမ်းကိုမလိုက်သည့် ထိုတာအိုဘုန်းကြီးအား ဂရုစိုက်ကြဟန်မရှိ။ မျက်နှာဖုံးဦးထုပ်ဆောင်းထားသည့် မိန်းကလေးက နောက်ဆုံးလက်ကျန်အားကို စုစည်း၍ တာအိုဘုန်းကြီးထံ ဒယိမ်းဒယိုင်လျှောက်လာပြီး မြေပေါ်သို့လဲကျသွားသည်။ သို့သော် သူ့လက်နှစ်ဘက်ကို တာအိုဘုန်းကြီး၏ ခြေထောက်အား တင်းကြပ်စွာ ဆွဲဖက်ထားလေသည်။
တာအိုဘုန်းကြီး စိတ်ပျက်သွားဟန်ဖြင့် လက်နှစ်ချောင်းကို ခေါင်းပေါ်သို့ အုပ်လိုက်သည်။ ထို့နောက် ကောင်းကင်ဘုံကို မေးခွန်းထုတ်နေဟန်ဖြင့်
“ဘာလို့ ဒီလိုအရှုပ်ထုပ်ကို ကျုပ်ဆီပို့ကြရတာလဲဗျာ။ ကျုပ်ဘာအမှားတွေများ လုပ်ခဲ့မိလို့လဲ။ ဒီနှစ်တွေအတွင်း နေရာစုံကိုသွားခဲ့တယ်။ ခရီးကြမ်းတွေ ဖြတ်ခဲ့တယ်။ လမ်းပေါ်မှာ လျှောက်သွားရင်း ခွေးတွေဝိုင်းကိုက်တာ ခံခဲ့ရတယ်။ ကျုပ်အလုပ်ပဲ ကျုပ်လုပ်နေတာပါ။ ကျုပ်ဘဝဟာ အခုတောင်အတော်ခက်ခဲနေပါပြီ။ သောက်သုံးမကျတဲ့ စွေ့နိုင်ငံ ကောင်းမျိုးနွယ်နဲ့ ခွေးအိုကြီးကုန်းကုန်း။ ဒီလောက်ဝန်ထုပ်ဝန်ပိုးကြီးကို သယ်နိုင်လောက်အောင် ကျုပ်အားမကောင်းဘူးဗျ”
တာအိုဘုန်းကြီး အတော်စိတ်ပျက်အားငယ်နေလေသည်။ ငိုတော့မလို မျက်နှာမျိုးဖြစ်နေသည်။ တုန်ရင်နေသည့်လေသံဖြင့်
“ကျုပ်ကို ကရုဏာထားပြီး ချမ်းသာပေးပါ မိန်းမချောလေးရယ်။ ကျုပ်ရဲ့ဖုန်းရွှေပညာနဲ့ ခင်ဗျားအတွက် သင်္ချိုင်းမြေနေရာကောင်းကောင်း ရှာပေးပါ့မယ်။ အဲလိုဆိုရင် မင်းရဲ့မျိုးဆက်တွေဟာ — အဲ နေပါဦး၊ မင်းက အပျိုစင်ဘဝပဲ ရှိသေးတာ။ ဒါဆိုရင်..”
သို့သော် သူကံမကောင်းပါ။ မိန်းကလေးမှာ လုံးဝသတိလစ်သွားပြီဖြစ်သည်။ သူ့စကားများကို မကြားနိုင်တော့။
တာအိုဘုန်းကြီး ဘေးဘီကို မျက်လုံးဝေ့၍ လူသူရှိမရှိ ကြည့်လိုက်သည်။ ထို့နောက် ဆောင့်ကြောင့်ထိုင်ချကာ သူ့ခြေထောက်ကိုဆွဲထားသည့် မိန်းကလေး၏လက်ချောင်းများကို အတင်းပြန်ဖြုတ်သည်။
ထိုစဉ် ရုတ်တရက် ဓားပျံတစ်စင်းက သူ့ထံသို့ တန်းတန်းမတ်မတ်ပျံသန်းလာသည်။ သူ့နဖူးနှင့် သုံးလက်မခန့် အကွာတွင် ရပ်တန့်သွားသည်။
တာအိုဘုန်းကြီး မိန်းကလေး၏လက်ချောင်းများကို လွှတ်ပေးလိုက်ရသည်။ ထို့နောက် မေတ္တာတရား အပြည့်ရှိနေဟန် တည်ကြည်သည့်မျက်နှာဖြင့် ပြောလိုက်သည်။
“ငါ့လို မြင့်မြတ်ပြီး မေတ္တာထားတဲ့လူမျိုးက ဒီလိုမိန်းမချောလေး အကူအညီလိုနေတဲ့အချိန်မျိုးမှာ ဘယ်လိုလုပ် မျက်နှာလွှဲခဲပစ်လုပ်ပါ့မလဲ”
ထိုသို့ပြောပြီးနောက် သူတင်ပျဉ်ခွေထိုင်လိုက်သည်။ သူ့မျက်နှာတွင် အခက်တွေ့နေသည့် အမူအရာများပေါ်လာသည်။
“ဒါပေမယ့် ခက်တာက ငါသူ့ကို ဘယ်ခေါ်သွားရမှာလဲ”
ဓားပျံက နောက်ထပ် တစ်လက်မခန့် ဆက်တိုးလာသည်။ နဖူးနှင့် နှစ်လက်မသာကွာတော့သည်။
တာအိုဘုန်းကြီးက စိတ်ရှည်ရှည်ဖြင့် ရှင်းပြလိုက်သည်။
“မင်းသခင်ကို ကယ်ဖို့ ငါအကူအညီလိုတယ်။ ကန္တာရာသစ်ပင်ဆီကိုသွားပြီး သစ်ရွက်တစ်ရွက်လောက် ယူလာခဲ့ပါ။ ဒါမှ သူ့အတွက် အကူအညီရှာတွေ့တဲ့အထိ အသက်ရှင်အောင် ငါထိန်းထားနိုင်မှာ။ မင်းသခင်က တစ်ခြားလူတွေနဲ့ တူတာမဟုတ်ဘူး။ သူ့ကိုကုသတဲ့အခါ နောင်တစ်ချိန် သူကျင့်ကြံမှုဆက်လုပ်နိုင်အောင်ပါ အတော်ဂရုစိုက်ပြီး ကုပေးရမှာ။ ဘယ်ဝဋ်ကြွေးကြောင့်များ ငါဒီလိုဇာတ်ရှုပ်မျိုးထဲ ရောက်နေရပါလိမ့်ကွာ”
ဓားပျံထိပ်ဖျားက အနည်းငယ်တုန်ရင်နေသည်။ မည်သို့ဆက်လုပ်ရမည်ကို ဝေခွဲမရဖြစ်နေဟန်တူသည်။
“မြန်မြန်လုပ်ကွ။ မင်းမြန်မြန် ပြန်လာမှ မင်းသခင်ကို ငါမြန်မြန်ကုပေးလို့ရမှာ။ မင်းအချိန်ဆွဲနေရင် အားလုံးပျက်စီးသွာလိမ့်မယ်”
တာအိုဘုန်းကြီးက ခတ်ဆတ်ဆတ်ပြောလိုက်သည်။
ဓားပျံ ချက်ချင်းပျောက်ကွယ်သွားသည်။ တာအိုဘုန်းကြီးသာ ဒေါသတကြီး တစ်ကိုယ်တည်း ရေရွတ်ရင်း ကျန်ရစ်ခဲ့သည်။
“နှစ်ကိုယ်တူ အပြန်အလှန် ခံစားချက်တွေနဲ့ ရင်းနီးမှုတစ်ခု ဖြစ်လာရမှာ။ ဒါပေမယ့် ဟိုခွေးသူတောင်းစား ချီကျင်ချွမ်းက ဖြစ်လာမယ့်အကျိုးဆက်ကို ဘာမှမစဉ်းစားပဲ စုံတွဲတွေကို သူ့စိတ်ကြိုက်လှည့်တွဲပေးနေတာပဲ”
တာအိုဘုန်းကြီးက လက်ဝါးတစ်ဘက်ပေါ် ပါးတင်၍ နောက်တစ်ဘက်မှ လက်ချောင်းများကိုချိုးကာ မိန်းကလေး၏ ကံကြမ္မာကို တွက်ချက်နေသည်။
“မင်းလည်းအသက်ရှင်ဟောင် ဟိုလူကိုလည်း စောစောမသေအောင် မင်းကိုငါ ဘယ်ပို့ပေးရင်ကောင်းမလဲ။ လုမျိုးနွယ်တော့ မဖြစ်လောက်ဘူး။ ကျောက်မျိုးနွယ်လည်း အဆင်မပြေဘူး။ ဆုန်မျိုးနွယ်ဆိုရင်–“
တာအိုဘုန်းကြီး သူ့ဘာသာတွေးတောရေရွတ်နေချိန်တွင် ကံကြမ္မာလမ်းရှိ ဆုန်အိမ်တော် တံခါးများပေါ်တွင်ကပ်ထားသည့် အိမ်စောင့်နတ်ရုပ်များ ချက်ချင်း အရောင်မှိန်ကျသွားလေသည်။ ထို့နောက် မီးခိုးလုံးများ လေထဲသို့ မြင့်တက်လာသည်။
အိမ်တော်ထဲတွင် ခြေဗလာနှင့်အဘိုးအိုတစ်ယောက် သူ့အခန်းတံခါးကို တွန်းဖွင့်လိုက်ပြီးနောက် ခြံထဲသို့အမြန်ထွက်လာကာ ဒေါသတကြီးအော်ဟစ်လိုက်သည်။
“ဘယ်ခွေးသူတောင်းစားက ဆုန်မျိုးနွယ်ပျက်စီးအောင် ကြံနေတာလဲကွ။ အခုချက်ချင်းထွက်လာပြီး ငါနဲ့တိုက်ခိုက်စမ်းပါ”
တာအိုဘုန်းကြီးက လည်ချောင်းတစ်ချက်ရှင်းလျက် တစ်ယောက်တည်း ဆက်ပြောနေသည်။
“ကံကြမ္မာလမ်းက လျိုမျိုးနွယ်ဆိုရင်တော့ ဒီမုန်တိုင်းဒါဏ်ကို ခံနိုင်ရည်ရှိလောက်တယ်။ သူတို့ဆီသွားတာ သင့်တော်မယ်ထင်တယ်”
ထိုစဉ် လျိုအိမ်တော်မှ နှစ်တစ်ထောင်ကျော်ကြာအောင် တည်ရှိခဲ့သည် မိသားစုဆိုင်းဘုတ်ပြားမှာ ချက်ချင်း အက်ကြောင်းများထင်လာလေသည်။
အဖွားအိုတစ်ယောက်က သူ၏နဂါးခေါင်းတောင်ဝှေးကို မြေပေါ်သို့ ပြင်းထန်စွာဆောင့်ချလျက် ကျယ်လောင်စွာအော်ဟစ်စိန်းခေါ်လိုက်သည်။
“ဘယ်သူလဲဟေ့၊ သတ္တိရှိရင် ထွက်လာခဲ့စမ်းပါ”
တာအိုဘုန်းကြီးက ဘာမှမဖြစ်သကဲ့သို့ ဟန်ဆောင်၍ ဆက်ပြောသည်။
“မက်မွန်ရွက်လမ်းက ဝေ့မျိုးနွယ်ဆီသွားရင်ရော ဘယ်လိုနေမလဲ။ ဝေ့မျိုးနွယ်ဟာ ကောင်းမှုကုသိုလ်တွေ အများကြီးလုပ်ကြတယ်။ သူတို့ဟာ အားကိုးလို့ရမယ့် လူကောင်းတွေဖြစ်မှာပါ”
ထိုခဏမှာပင် အဘိုးအိုတစ်ယောက်၏ ဒေါသတကြီးအော်ဟစ်သံက လျှို့ဝှက်အသံလှိုင်းမှတစ်ဆင့် ကိုယ်ပိုင်ကျောင်းဆီသို့ လွင့်ပျံလာလေသည်။
“ချီကျင်ချွမ်း၊ မင်း ဒီလိုပဲရပ်ကြည့်နေတော့မှာလားကွ။ မင်းသူ့ကို ဘာမှမလုပ်နိုင်ဘူးလား။ ဒါမှမဟုတ် ဝင်ပါဖို့ ကြောက်နေတာလား။ ကြောက်နေရင်လည်း မြန်မြန်ထွက်သွားတော့။ ရွယ်ချုန်းက မင်းနေရာကို အစားဝင်ပြီး ဉာဏ်များတဲ့ ဟိုခွေးသူတောင်းစားကို ဆုံးမလိမ့်မယ်။ နေဦး၊ ငါသဘောပေါက်လာပြီ။ မင်းက အဲဒီသူတောင်းစားကို အသုံးချပြီး ငါတို့နောက်ကျောကို ဓားနဲ့ထိုးချင်နေတာမဟုတ်လား”
ခုံးတံတားတောင်ဘက် ချောင်းကမ်းပါးပေါ်တွင် လူတစ်ယောက်ရှိနေသည်။ လူလေးငါးယောက်နှင့်အတူ ရေတွင်းတူးနေခြင်းဖြစ်သည်။ ထိုစဉ် ရုတ်တရက် သူထရပ်လျက် တောင်ဘက်ဆီသို့လှည့်ကြည့်လိုက်သည်။ သူ့နှုတ်ခမ်းများ အနည်းငယ်လှုပ်နေသည်။
မိုးခြုန်းသံနှင့်တူသည့် စကားသံတစ်ခု ကံကြမ္မာလမ်းနှင့် မက်မွန်ရွက်လမ်း အထက်ကောင်းကင်မှ ရုတ်တရက် ဟိန်းထွက်လာသည်။
“တော်ကြစမ်း၊ မင်းတို့ ဆရာချီကို မလေးမစားမပြောနဲ့။ ချွန်ဖန်းလ မရောက်ခင်ထိ မြို့ထဲကကိစ္စတွေကို ငါဝင်မပါဘူးကွ”
ထိုစကားသံပေါ်လာပြီးနောက် အားလုံးချက်ချင်းအသံတိတ်သွားကြသည်။
ထိုဖြစ်ရပ်အားလုံး၏တရားခံ တာအိုဘုန်းကြီးမှာ သတိလစ်နေသည့် မိန်းကလေး၏လက်ကို ကိုင်ထားသည်။ နောက်လက်တစ်ဘက်တွင် ဓားပျံယူလာပေးသည့် ကန္တာရသစ်ရွက်တစ်ရွက် ရှိနေသည်။ ထို့နောက် သစ်ရွက်ကို မိန်းကလေး၏ ဒါဏ်ရာဗရပွဖြင့် သွေးအလူးလူးဖြစ်နေသည့် လက်ဝါးပေါ်သို့ ထည့်ပေးလိုက်သည်။
သစ်ရွက်က လက်ဝါးပေါ်မှ ဒါဏ်ရာများနှင့် ထိုလိုက်ချိန်တွင် ဒါဏ်ရာများမှာ နေရောင်ထိသည့် နှင်းများကဲ့သို့ ချက်ချင်း အရည်ပျော်ပျောက်ကွယ်သွားလေသည်။
တာအိုဘုန်းကြီး အံ့အားသင့်သွားဟန်ဖြင့် ရေရွတ်လိုက်သည်။
“ဒီနေရာက စွမ်းအားကို လက်တွေ့မြင်ရတိုင်း ငါတကယ်–“
သူ့ခံစားချက်ကို ဖေါ်ပြရန် စကားလုံးတစ်ခု ရှာနေခြင်းဖြစ်သည်။ သို့သော် အပြည့်အဝဖေါ်ပြနိုင်သည့် စကားလုံးမျိုး သူစဉ်းစားမရပေ။
နောက်ဆုံးတွင် အားနည်းချိနဲ့သည့်အသွင်ပေါက်နေသည့် မိန်းကလေးကို ငုံ့ကြည့်လိုက်သည်။ ထိုမိန်းကလေးနှင့်ပတ်သက်၍ မည်သို့စီစဉ်ရမည်ကို သူတွေးမရသေးပေ။
“ကြည့်ရတာတော့ မင်းကံကြမ္မာပေါ်မှာ အားလုံးမူတည်တော့မယ့်ပုံပဲ။ လူချမ်းသာမျိုးနွယ်တွေက လက်မခံကြတော့လည်း လူဆင်းရဲအိမ်တွေကိုပဲ ရှာရတော့မှာပေါ့”
“ဒီမြို့ရဲ့ အိမ်ထောင်စု ၆၀၀ လောက်ဟာ မျိုးရိုစဉ်ဆက် ဒီလျို့ဝှက်မြေရဲ့ ကိုယ်ရောင်စွမ်းအင်ကို ရထားကြတယ်။ ကံကောင်းတဲ့လူချမ်းသာကိုရှာဖို့ဆိုတာ မခက်ဘူး။ ဒါပေမယ့် လူဆင်းရဲတစ်ယောက်ကို ရှာဖို့ဆိုတာ နတ်ပြည်တက်ရတာထက်တောင် ပိုခက်သေးတယ်။ ငါ့ကို ရွှေနန်းတော်ကိုပို့ပြီး အရာရှိတွေမရှာခိုင်းဘဲ သူတောင်းစားကို ရှာခိုင်းနေတာနဲ့ အတူတူပဲ။ တကယ်ကို မျှော်လင့်ချက်မရှိတဲ့ တာဝန်မျိုးပါလား”
ထိုစဉ် ရုတ်တရက် သူ့စိတ်ထဲတွင် ဖြစ်နိုင်ခြေရှိသည့် လူတစ်ယောက်ကို စဉ်းစားမိသွားသည်။ သို့သော် သူပျော်ရွှင်လာခြင်းမရှိ။ ပို၍ပင် စိတ်ပျက်သွားမိသည်။ ကံဆိုးနေသည့် လူ့ငမွဲတစ်ယောက်ကို ဒုက္ခထပ်ပေးသင့်မပေးသင့် မျက်လုံးကိုမှိတ်၍ သူတွေးတောနေသည်။
အတော်ကြာပြီးနောက် သူ့မျက်လုံးများ ပြန်ပွင့်လာသည်။ သက်ပြင်းတစ်ချက်ချလျက်
“ဘာပဲဖြစ်ဖြစ် မင်းရွေးချယ်မှုအပေါ် မူတည်မှာပဲလေ။ ဒီဝန်ထုပ်ဝန်ပိုးကို မင်းမဖြစ်မနေ လက်ခံရမယ်လို့တော့ အတင်းမတိုက်တွန်းပါဘူး။ မင်းလက်မခံရင်လည်း ငါ့ဘာသာပဲ ဒုက္ခခံရတော့မှာပေါ့။
ထိုနောက် ဗုဒ္ဓကိုယ်တော်တစ်ပါးကဲ့သို့ လက်အုပ်ချီ၍ သူဆုတောင်းလိုက်သည်။
“တန်ခိုးရှင်ဗုဒ္ဓနဲ့ မေတ္တာတော်အရှင်ဗောဓိသတ္တတို့၊ ဒီအခက်အခဲကနေလွတ်မြောက်အောင် ကျုပ်ကိုကူညီပေးပါ”
သိပ်မကြာမီတွင် တာအိုဘုန်းကြီးသည် သူ့တွန်းလှည်းကိုတွန်း၍ ကြွေပန်းအိုးလမ်းထဲသို့ ရောက်လာလေသည်။ ထို့နောက် အိမ်တစ်လုံးရှေ့တွင်ရပ်လျက် ခြံဝင်းတံခါးကို လှုပ်ခါလိုက်သည်။
“ချန်ပင်အန်းရှိလား”
တွန်းလှည်းထောင့်တစ်နေရာမှ အဖြူရောင်ဓားအိမ်ထဲတွင် ဓားရှည်တစ်လက်ရှိနေသည်။ ဓားပျံသည် စိတ်မကြည်လင်ဟန်ဖြင့် ဓားအိမ်ထဲတွင် ငြိမ်သက်စွာ လဲလျောင်းနေသည်။ သူ့သခင်မအား ထိုမျှစုတ်ချာသည့် နေရာကို ခေါ်လာသဖြင့် တာအိုဘုန်းကြီးငယ်ကို မကျေမနပ်ဖြစ်နေဟန်ရှိသည်။
Good
Good
အပိုင်း၁၃ရောက်နေပြီ လခွမ်းတွေဖြစ်နေတာလားကွာ