Switch Mode

အခန်း (၁၂)

လမ်းကြား

အနက်ရောင်ဝတ်မိန်းကလေး လမ်းကြားထဲသို့ဝင်လာသည်။ ပွဲတော်သုံးမီးပုံးနီများ ချိတ်ဆွဲထားသည့် အိမ်များကို ဖြတ်ကျော်လာခဲ့သည်။ သူသည် ဤမြို့သို့ရောက်လာသည့် တစ်ခြားသော အပြင်လူများနှင့်မတူ။ အင်အားကြီးမျိုးနွယ် သို့မဟုတ် ဂိုဏ်းတစ်ခုခု နောက်ခံမရှိ။ အဖေါ်မဟာမိတ်လည်း ပါမလာပေ။ တစ်ကိုယ်တော် ဝင်လာခြင်းဖြစ်သည်။
သိပ်မဝေးလှသည့် လမ်းတစ်နေရာတွင် ပိုးချည်ဝတ်လူငယ်တစ်ယောက်က အစိမ်းရောင်ကျောက်စိမ်းပြားတစ်ခုကို လက်နှစ်ဘက်ဖြင့် ကန့်လန့်ဖြတ်ကိုင်ထားသည်။ တံဆိပ်ပြားက ကလေးလက်ဝါးအရွယ်ရှိသည်။ ခွေနေသည့်နဂါး၊ ဝပ်နေသည့်ကျားပုံစံများ မျက်နှာပြင်ပေါ်တွင် ရေးထွင်းထားသည်။ နေရောင်အောက်တွင် တံဆိပ်ပြားမျာ အရောင်ဖြာထွက်နေသည်။ ကျောက်စိမ်းပြားထဲမှ အလင်းရောင်စများကိုပါ ခပ်မှိန်မှိန်မြင်နေရသည်။ သူ့လက်ထဲမှ တန်ဖိုးကြီးရတနာကို သေချာလေ့လာကြည့်နေသည်။ ညှို့ယူဖမ်းစားခံထားရသကဲ့သို့ သူ့မျက်လုံးများ မှေးစင်းနေသည်။
သူ့ဘေးတွင် အရပ်မြင့်မြင့် ထောင်ထောင်မောင်မောင်း အဘိုးအိုတစ်ယောက် ဒူးထောက်နေသည်။ အင်္ကျီလက်ဖြင့် သူ့ဖိနပ်ပေါ်မှရွှံ့များကို ဂရုတစိုက်သုတ်နေသည်။
ပိုးချည်ဝတ်လူငယ်က ထူးဆန်းသည့်မိန်းကလေးကို မျက်လုံးထောင့်မှ လှမ်းမြင်လိုက်ပြီးဖြစ်သည်။ ထူးဆန်းသည့် မျက်နှာကာခေါင်းဆောင်း၊ ခါးတွင်ချိတ်ထားသည့် ဓားမောက်၊ ခိုင်မာတည်ငြိမ်သည့် ခြေလှမ်းတို့ကို အကဲခတ်ခြင်းအားဖြင့် ဤမြို့ခံမဟုတ်ကြောင်း သိသာနေသည်။
သို့သော် လူငယ်က မိန်းကလေးကို အရေးမစိုက်။ လက်ထဲမှ ရှေးဟောင်းကျောက်စိမ်းတံဆိပ်ပြားကိုသာ သေချာအကဲခတ်နေသည်။ အမှန်တော့ ထိုမိန်းကလေးကို သူ့ရတနာအား လိုချင်မက်မောပြီး လာလုစေချင်နေသည်။ မဟုတ်လျှင် သူအလွန်ပျင်းရိငြီးငွေ့နေပေလိမ့်မည်။
တန်ဖိုးကြီးရတနာနှစ်ခုကိုရပြီးနောက် ဤခရီးသည် သူမျှော်လင့်ထားခဲ့သည်ထက်ပင် အကျိုးအမြတ်ရနေပြီဖြစ်သည်။ တစ်ခြားဘာမှလုပ်စရာမရှိသဖြင့် သူ၏အစေခံအဘိုးအိုနှင့်အတူ ထွက်လာရသည်။ ခရီးစဉ်ကို ထိုသို့အဆုံးသတ်ရမည်မှာ အလွန်ပျင်းစရာကောင်းသည်ဟု သူခံစားနေရသည်။
မြို့ကိုလာရန် ရွေးချယ်ခံခဲ့ရသူများတွင် ပိုးအိတ်သုံးခုဖြင့်ထည့်ထားသည့် ပစ္စည်းသုံးမျိုး ပါလာကြသည်။ ပထမအိတ်တစ်ခုကို မြို့ထဲသို့ဝင်ခွင့်ရရန်အတွက် ဂိတ်စောင့်အား ဝင်ကြေးအဖြစ်ပေးရသည်။ ဂိတ်ဆောင့်အဆင့်အတန်း မည်သို့ဖြစ်စေ၊ မြို့အဝင်ဂိတ် မည်သို့အခြေအနေရှိသည်ဖြစ်စေ၊ နိုင်ငံ အုပ်ချုပ်သူဖြစ်စေ၊ ဂိုဏ်းတည်ထောင်ထားသူပင်ဖြစ်စေ ဤမြို့သိုလာလျှင် ဤစည်းကမ်းကို လိုက်နာကြရသည်။ တစ်ခြားအိတ်နှစ်ခုမှာ ဤမြို့ထဲမှ ရတနာနှစ်ခုသာ အများဆုံးယူခွင့်ပြုသည်ဟူသည့် သဘောဖြစ်သည်။
ရတနာနှစ်ခုအပြင် နောက်ထပ်ရတနာမည်မျှ ရှာတွေ့သည်ဖြစ်စေ ပြန်ပေးရသည်။ ထိုအိတ်များထဲတွင် ကြေးပြားသုံးမျိုးပါသည်။ တစ်ခုမှာ သာမန်လူများ အိမ်သစ်တက်ပွဲအခမ်းအနားတွင် အသုံးပြုကြသည့် ကြေးပြားမျိုးဖြစ်သည်။ နောက်တစ်ခုမှာ နွေဦးရာသီကြိုဆိုရန် တော်ဝင်နန်းတော်တွင် နှစ်စဉ်ကျင်းပလေ့ရှိသည့် မက်မွန်သားအဆောင်နှင့်အတူ ချိတ်ဆွဲအသုံးပြုသည် ကြေးပြားဖြစ်သည်။ နောက်ဆုံးတစ်မျိုးမျာ မြို့တော် နတ်ရုပ်များများကို ပူဇော်သည့် ဒါနကြေးပြားမျိုးဖြစ်သည်။
ထိုကြေားပြားသုံးမျိုးကို ကြေးပြားဟုခေါ်သော်လည်း အမှန်တကယ်အားဖြင့် ရွှေအနှစ်ကိုသုံး၍ ပုံသွန်းထားခြင်းဖြစ်သည်။ အလွန်တန်ဖိုးကြီးသည့် ပစ္စည်းမျိုးဖြစ်သည်။ ဤမြို့ခံလူများအတွက်မူ ငွေကြေးပြားတစ်ပြားကိုပင် မြင်ရခဲလှသည်။ ရွေပြားထုတ်များကို မြင်နိုင်ခွင့်ပင်မရှိ။ ထို့ကြောင့်လည်း မိသားစုမျိုးနွယ်များက မျိုးရိုးစဉ်ဆက်ထိန်းသိမ်းလာသည့် အဖိုးတန်ရတနာများကို လိုလိုလားလား ထုတ်ရောင်းကြခြင်းဖြစ်သည်။
ထိုကြေးပြားသုံးမျိုးနှင့်ပတ်သက်၍ တရာဝင်သမိုင်းမှတ်တမ်းလုံးဝမရှိ။ ဤမြို့သို့ လာရာလမ်းတွင် ပိုးချည်ဝတ်ရုံဝတ်လူငယ်သည် ထိုကြေးပြားသုံးမျိုးလုံးကို လေ့လာခဲ့ပြီးဖြစ်သည်။ သို့သော် မည်သည့်ထူးခြားမှုကိုမှ ရှာမတွေ့ခဲ့။
မိန်းကလေးမှ ရှေ့သို့သာ ဆက်လျှောက်လာသည်။ လူငယ်နှင့်အဘိုးအိုကို လုံးဝမကြည့်။
ရုတ်တရက် ပိုးချည်ဝတ်လူငယ် ဆုံးဖြတ်ချက်ပြောင်းလိုက်သည်။ ကျောက်စိမ်းတံဆိပ်ကို ကြိုတင်ပြင်ဆင်ထားသည့် အဝတ်အိတ်တစ်ခုထဲသို့ ထည့်လိုက်သည်။ ထို့နောက် လမ်းအလယ်တည့်တည့်တွင် ငြိမ်၍ရပ်နေသည်။ လမ်းဖယ်ပေးရန် လုံးဝရည်ရွယ်ဟန်မရှိ။
အဘိုးအိုက ထရပ်လာသည်။ အသံကျယ်ကျယ်ဖြင့်
“အရှင်မင်းသား၊ ဒီကောင်မလေးဟာ အတော်ကျွမ်းကျင်တဲ့သိုင်းပညာရှင်ဖြစ်တယ်ဆိုတာ ကျုပ်အာရုံခံစားမိတယ်။ ပေါ့ဆလို့မဖြစ်ပါဘူး။ မြို့ပြင်မှာဆိုရင်‌တော့ ဘာမှကြောက်စရာမရှိပေမယ့် ကျုပ်လို သိုင်းကျင့်ကြံသူစစ်စစ်တောင် ဒီမြို့ရဲ့ စွမ်းအားထိန်းချုပ်ဖိနှိပ်တာကို ခံထားရပါတယ်။
“ကျုပ်ရဲ့ကိုယ်ရောင်စွမ်းအင်ကို အားကုန်လည်ပတ်ပြီး သွေးကြောတွေကို အဆုံးထိဖွင့်လိုက်မယ်ဆိုရင် ကျုပ်စွမ်းအင်သွေးကြောမတွေအားလုံး ကမောက်ကမဖြစ်ပြီး ဆိုးဝါးတဲ့အကျိုးဆက် ဖြစ်လာပါလိမ့်မယ်။ ကျုပ်သေတာက အရေးမကြီးပါဘူး။ ဒါပေမယ့် မင်းသားကို ကျုပ်မစောင့်ရှောက်နိုင်ခဲ့ရင်၊ မင်းသားရဲ့မဟာတာအိုလမ်းစဉ်မှာ အစွန်းအထင်းဖြစ်သွားခဲ့ရင် အရှင်မင်းကြီးနဲ့ မိဖုရားကြီးတို့ကို မျက်နှာချင်းဆိုင်ဝံ့တော့မှာမဟုတ်ပါဘူး”
ပိုးချည်ဝတ်လူငယ်မျက်နှာတွင် စိတ်ပျက်သည့်အမူအရာ ပေါ်လာသည်။
“ခင်ဗျားဟာ နန်းတော်ကထွက်လာကတည်းက စကားများတတ်လာတာပဲ အဘိုးဝူ။ နန်းတော်မှာတုန်းကလည်း ဒီစကားတွေပဲ ထပ်တလဲလဲ ပြောခဲ့တာပဲ။ ကျုပ်ညီမမွေးထားတဲ့ ကြက်တူရွေးတောင် ခင်ဗျားထက် ဝေါဟာရကြွယ်လိမ့်ဦးမယ်”
အဘိုးအိုက လူငယ်၏ခြေရင်းတွင် ဦးညွှတ်နေဆဲဖြစ်သည်။ ထိုသို့နှိမ့်ချတာဝန်ထမ်းရသည်ကိုပင် ဂုဏ်ယူကျေနပ်နေဟန်ရှိသည်။ သူသည် တော်ဝင်နန်းတော်မှ ကုန်းကုန်းတစ်ယောက်၊ တော်ဝင်နန်းတော်မှ ဆရာသခင်များကို သစ္စာရှိစွာ တာဝမ်ထမ်းသူတစ်ယောက်ဖြစ်ကြောင်း ထင်ရှားနေပေသည်။
သူရည်ညွှန်းသည့်အဓိပ္ပါယ်ကို လူငယ်က နားလည်ပုံမပေါ်သဖြင့် ရှင်းလင်းအောင် ထပ်ပြောလိုက်သည်။
“မင်းသား၊ ကျုပ်ပြောချင်တာက ဒီလိုပတ်ဝန်းကျင်မျိုးမှာ သူဟာမင်းသားကို ခြိမ်းခြောက်လာနိုင်ပါတယ်လို့ ပြောချင်တာပါ”
ပိုးချည်ဝတ်လူငယ်က အရေးမစိုက်ဟန်ဖြင့်ပြုံးလျက်
“ကျင့်စဉ်လမ်းမှာ ဂိုဏ်းခွဲတွေအများကြီးရှိတယ်လို့ ကျုပ်ကြားဖူးတယ်။ ထူးဆန်းတဲ့ ရက်စက်ယုတ်မာတဲ့ အဖွဲ့တွေလည်း ရှိမှာပဲ။ ဒါပေမယ့် သူနှင့်ကျုပ်က အမှတ်မထင်တွေ့ကြတဲ့လူတွေပါ။ ကျုပ်လက်ထဲကရတနာကို လိုချင်ရုံနဲ့တော့ သူကျုပ်ကို မသတ်လောက်ပါဘူး။ တောင်ပေါ်ကလူတိုင်းသာ ဒီလိုဖြစ်နေရင် တစ်ကမ္ဘာလုံး ပျက်စီးသွားပြီး ဖြစ်နေမှာပေါ့”
အဘိုးအို သက်ပြင်းတစ်ချက်ချလိုက်သည်။ တောင်ခြေမှအင်ပါယာနှင့် တောင်ပေါ်မှ မသေမျိုးမိသားစုများသည် အပေါ်ယံတွင် ရင်းနှီးခင်မင်သည့်ပုံမျိုး ရှိနေသည်။ သို့သော် နှစ်ဘက်လုံးက အတွင်းကျိတ်ကျိတ်၍ မုန်းတီးနေကြခြင်းဖြစ်သည်။
ပိုးချည်ဝတ်လူငယ်က နည်းနည်းစိတ်ပျက်သွားဟန်ဖြင့် သက်ပြင်းချလိုက်သည်။
“ကောင်းပါပြီ ကောင်းပါပြီ။ သူ့ကို သွားခွင့်ပေးလိုက်ပါမယ်။ ကျုပ်လိုလူက မိန်းကလေးတစ်ယောက်နဲ့တုပြိုင်ပြီး ရန်ဖြစ်နေရင်လည်း မသင့်တော်ပါဘူး”
သူ့ရှေ့သို့ရောက်လာချိန်တွင် မိန်းကလေးမှာ ဓားရိုးပေါ်လက်တင်ထားသည်။ လူငယ်ကပြုံးလျက် ဘေးသို့ လှည့်ထွက်သွားပြီး နေရာဖယ်ပေးသည်။
မိန်းကလေး နည်းနည်း ခြေလှမ်းနှေးသွားပြီး လှည့်ကြည့်လိုက်သည်။ မျက်နှာဖုံးဦးထုပ်အောက်မှ သူ့မျက်လုံးများက သတိအပြည့်ရှိနေသည်။
ပတ်တီးစီးထားသည့်လက်ကို ဓားရိုးပေါ်တင်ထားသည့် မိန်းကလေးကိုကြည့်၍ ကုန်းကုန်းအဘိုးအို မျက်မှောင်အနည်းငယ်ကျုံ့သွားသည်။
“ရိုင်းလိုက်တဲ့ကောင်”
အဘိုးအို ရုတ်တရက် အော်ဟစ်လိုက်သ်ည။ ဒေါသတကြီးအော်ဟစ်သံက မိုးကြိုးသံကဲ့သို့ ပေါက်ကွဲထွက်လာသည်။ သူ့ခြေထောက်များ မြေပေါ်တွင် လျှောတိုက်ထွက်သွားသည်။ ပိုးချည်ဝတ်လူငယ်ရှေ့သို့ ချက်ချင်းရောက်သွားပြီး လူငယ်ကို လမ်းဘေးအုတ်စည်းရိုးဘက်သို့ အမြန်ဆွဲကပ်လိုက်သည်။ တစ်ချိန်တည်းမှာပင် ဘယ်ဘက်လက်ဝါးကိုဖြန့်လိုက်သည်။
ဘုတ်ခနဲအသံတစ်ခု သူ့လက်ဝါးဆီမှ ပေါ်လာသည်။ ကျောက်တုံးတစ်တုံးကို လက်နက်ပုံးအဖြစ်အသုံးချကာ ပိုးချည်ဝတ်လူငယ်၏ ဦးခေါင်းဆီသို့ တစ်ယောက်ယောက်က ပစ်လွှတ်လိုက်ခြင်းဖြစ်သည်။
ကုန်းကုန်းအဘိုးအိုသာ ဆီးဖမ်းခြင်း မပြုခဲ့လျှင် ကျောက်တုံးအရှိန်က အားပြင်းလွန်းသည့် နံရံကိုပင် ပေါက်သွားစေနိုင်လောက်ပေသည်။
အဘိုးအိုက လက်သီးအရွယ်ကျောက်တုံးကို လက်ထဲတွင် ကျိတ်ချေပစ်လိုက်သည်။ သို့သော် လုပ်ကြံသူနောက်သို့မလိုက်ဘဲ မိန်းကလေးကို ညာလက်သီးဖြင့် ထိုးချလိုက်သည်။
မိန်းကလေး၏လက်က ဓားရိုးပေါ်တွင် ရှိနေဆဲဖြစ်သည်။ သို့သော် ဓားထုတ်ချင်စိတ်ကို ထိန်းချုပ်၍ ဘေးသို့ ခေါင်းငဲ့ကာ ရှောင်လိုက်သည်။ လက်သီးက သူ့ဘေးမှ ဝှီးခနဲဖြတ်သွားသည်။ သူ့ဦးထုပ်မှ မျက်နှာပေါ်သို့ ဖုံးကျနေသည့် ကြိုးမြိတ်များ လေအရှိန်ကြောင့် ပုံပျက်သွားသည်။
အဘိုးအိုက ဖြောင့်လက်သီးကို ဝိုက်လက်သီးအသွင် ချက်ချင်းပြောင်း၍ သူ့ခေါင်းဆီသို့ ထိုးလိုက်သည်။ လက်သီးကွက်ပြောင်းလဲပုံမှာ တစ်ဆက်တည်းဖြစ်သည်။ ကကွက်အပြောင်းအလဲကဲ့သို့ပင်ဖြစ်သည်။
မိန်းကလေးက လက်နှစ်ဘက်ကို နားရွက်ရှေ့တွင် ကန့်လန့်ဖြတ်ခံ၍ ကာကွယ်လိုက်သည်။ ထိုခဏမှာပင် သူ့တစ်ကိုယ်လုံး ဘေးဘက်သို့ ဆယ်မီတာခန့် ဒရွတ်တိုက် လျှောထွက်သွားသည်။ ထို့နောက် သက်ပြင်းကို ညင်သာစွာချလျက် စောင်းသွားသည့်ဦးထုတ်ကို အတည့်ပြင်လိုက်သည်။ ဖြစ်သလိုစည်းထားသည့် သူ့လက်မှပတ်တီးများတွင် သွေးရောင်များစိုလာသည်။
သူအတော် ဒေါသထွက်သွားသည်။ သတိအနေအထားဖြင့် ကြည့်နေသည့် အဘိုးအိုဘက်သို့လှည့်လျက်
“ကျွန်မကြောင့်သာ မဟုတ်ရင် အခုချိန်ဆို သူသေနေလောက်ပြီ”
အဘိုးအို သူ့စကားကို အရေးမစိုက်။ လုပ်ကြံသူများနှင့် ရင်ဆိုင်ရာတွင် အတွေ့အကြုံများခဲ့သူဖြစ်၍ လုပ်ကြံသူကိုသာမက ထိုမိန်းကလေးကိုပါ အန္တရာယ်တစ်ခုဟု သူမှတ်ယူထားပြီးဖြစ်သည်။ လုပ်ကြံသူမှာ လမ်းတစ်ဘက်ဆီမှ ကျောက်ခဲဖြင့် ပစ်လိုက်ခြင်းဖြစ်သည်။
ပိုးချည်ဝတ်လူငယ်၊ အဘိုးအိုနှင့် မိန်းကလေးတို့အပြင် လမ်းကျဉ်းလေးပေါ်၌ ပိန်ရှည်ရှည် မျက်နှာဖုံးတပ် လူတစ်ယောက်လည်း ရှိနေသည်။ ထိုလူ၏ လက်မောင်းများက သန်မာသည်။ သံမဏိလုံးကဲ့သို့ ကြွက်သားများ ဖုထစ်နေသည်။ သူ့ခါးတွင် ပိုးအိတ်နှစ်ခု ချိတ်ဆွဲထားသည်။ ထိုပိုးအိတ်ထဲတွင် အဝိုင်းသဏ္ဌာန်ပစ္စည်းများဖြင့် ပြည့်နေလေသည်။
သူယခုထိ နေရာတွင် ရပ်နေဆဲဖြစ်သည်။ ခုနက သူ့တိုက်ခိုက်မှုမှာ သတိပေးရုံတိုက်ခိုက်ခြင်း ဖြစ်ကောင်းဖြစ်မည်။ တင်းမာသည့်သူ့အကြည့်က မိန်းကလေး၏ခန္ဓာကိုယ်ပေါ်သို့သာ ရောက်နေသည်။ မျက်နှာတွင် လှောင်ပြုံးရိပ်တစ်ခုပေါ်လာသည်။ မျက်လုံးတွင် တဏှာခိုးအပြည့်ဖြင့် လျှာတစ်ချက်သပ်လိုက်သည်။
အေးစက်သည့်အပြုံးတစ်ခု မိန်းကလေးမျက်နှာတွင် ရုတ်တရက်ပေါ်လာသည်။
“ပြန်လာစမ်း”
သူ့စားသံဆုံးသည်နှင့် ဓားတစ်လက် သူ့ထံ ပျံဝဲရောက်ရှိလာသည်။ ထိုဓားပျံ လာရာလမ်းတွင် မျက်နှာဖုံးတပ် လုပ်ကြံသူကို ခေါင်းဖြတ်ပစ်ခဲ့သေးသည်။ ထို့နောက် မိခင်ဂရုစိုက်မှုကို လိုချင်သည့် ကလးငယ်ကဲ့သို့ လျှင်မြန်သည့်အရှိန်ဖြင့် သူ့ဘေးပတ်လည်တွင် လှည့်လည်ပျံသန်းနေလေသည်။
“ထွက်သွားစမ်း”
မိန်းကလေး အော်ငေါက်လိုက်သည်။ ဓားပျံက ချက်ချင်းအဝေးသို့ ပျောက်ကွယ်သွားသည်။ ပိုးချည်ဝတ်လူငယ်နှင့် အဘိုးအိုတို့ မှင်သက်မိနေကြသ်ည။
အဘိုးအိုမှာ ဓားပျံကို အံ့အားသင့်ခြင်းမဟုတ်။ မိန်းကလေးက ထိုဓားပျံအားထိန်းချုပ်နိုင်သည်ကို အံ့ဩခြင်းဖြစ်သည်။ အဘိုးအို၏စိတ်များ အတိတ်တစ်ချိန်ကို ပြန်ရောက်သွားသည်။ သူနန်းတော်သို့ ရောက်စ ငယ်ရွယ်စဉ်အချိန်က တစ်နေ့တွင် နန်းတော်နံရံအခြေလမ်းတစ်လျှောက် သွားနေသည့် အနီရောင်မြွေရေခွံအင်္ကျီနှင့် လူတစ်ယောက်ကို မြင်သဖြင့် ကြောက်ရွံ့ခဲ့ရသည်။ နာမည်ပင်မသိသည့် ထိုကုန်းကုန်းကို ကြောက်ရွံ့ခြင်းမဟုတ်။ အနီရောင်မြွေရေခွံအင်္ကျီကို ကြောက်ရွံ့ခြင်းဖြစ်သည်။
အသိပြန်ဝင်လာပြီးနောက် လူငယ်၏မျက်နှာတွင် မချိပြုံးတစ်ခု ပေါ်လာသည်။ အဘိုးအနားသို့လာ၍ စိုးရိမ်တကြီးလေသံဖြင့်
“အဆင်ပြေရဲ့လား အဘိုးဝူ”
အဘိုးအိုက မျက်နှာတင်းတင်းဖြင့်
“ကျုပ်အတွက်မစိုးရိမ်ပါနဲ့ အရှင့်သား။ ကျုပ်တို့ သတိထားမှဖြစ်မယ်။ အခြေအနေပိုဆိုးလာရင် သူ့ကိုကျုပ်ထိန်းထားပြီး မင်းသားက-“
လူငယ်က လက်ဝှေ့ယမ်းပြလိုက်သည်။
“ကျုပ်တို့ သူ့ကိုတောင်းပန်လိုက်တာ ကောင်းမယ်ထင်တယ်”
ထိုစကားကြောင့် အဘိုးအို အံ့၏သင့်သွားသည်။ ချက်ချင်းပင် နောင်တနှင့် ဝမ်းနည်းစိတ်များပေါ်လာသည်။ အစေခံတို့သည် သခင်ရှေ့တွင် အရှက်ကွဲမည့်အစား အသေသာခံကြသည်ဆိုသည့်စကားရှိသည်။ ထိုစကားသည် တော်ဝင်နန်းတော်ထဲတွင် ပို၍မှန်သည်။
သို့သ်ေ ပိုးချည်ဝတ်လူငယ်က ဂရုစိုက်ဟန်မရှိ။ ပြုံးရွှင်သည့်မျက်နှာဖြင့်
“ဘာမှမဖြစ်ပါဘူး အဘိုးဝူ။ ကျုပ်တို့အမှား လုပ်မိခဲ့တယ်လေ။ ဒီတော့ တောင်းပန်သင့်တာပေါ့။ ဒါဘာမှ ခက်ခဲ့တဲ့ကိစ္စမဟုတ်ပါဘူး။
အဘိုးအို ထိုစိတ်ကူးကိုလုံးဝ သဘောမကျပေ။ သို့သော် ပိုးချည်ဝတ်လူငယ်မှာ မိန်းကလေးဆီသို့ သွားနေပြီဖြစ်သည်။
ထိုခဏတွင် အဘိုးအိုရင်ထဲတွင် ခံစားချက်ပေါင်းထောင်ချီ၍ ထွက်ပေါ်လာလေသည်။

Comment

Leave a Reply

Options

not work with dark mode
Reset