Switch Mode

အခန်း (၁၁)

ဓားပျံသခင်မ

နားသယ်စပ်တွင် ဆံပင်များဖြူဖွေးနေသည့် ဆရာချီနှင့် ဝတ်ရုံစိမ်းလူငယ်တို့ ကိုယ်ပိုင်ကျောင်းမှ ထွက်လာပြီးနောက် ဥမင်လမ်းဆီ ရောက်လာကြသည်။ ဆရာချီက အနည်းငယ်နွမ်းလှနေသည့် မျက်နှာဖြင့် ခေါင်းပေါ်မှ ပေါင်းမိုးနံရံပြားကို လက်ညှိုးထိုးလျက်
“ကိုယ့်အလုပ်ကိုယ်လုပ်တယ်တဲ့။ အဲဒါ ဘာပြောချင်တာလဲ”
သူ့တပည့် လက်ထောက်စာချကျောင်းသားကျောက်ယော်က ပေါင်းမိုးပြားကိုကြည့်၍ ချက်ချင်းပြန်ဖြေသည်။
“ကွန်ဖြူးရှပ် အဆုံးအမအရ၊ ကျွန်တော်တို့လို ပညာရှင်တွေဟာ ဆရာသမားကို လေးစားရမယ်။ ပညာရှင်တွေရဲ့ ကျင့်ဝတ်သိက္ခာကို ထိန်းသိမ်းရမယ်။ ဒါပေမယ့် အမှန်တရားနဲ့ ဝတ္တရားကို ယှဉ်လာတဲ့အခါ ဆရာ့စကားကို ဆန့်ကျင်ရမယ်ဆိုရင်တောင် အမှန်တရားဘက်ကပဲ ရပ်တည်ရမယ်။ ဒါဟာ ပညာရှင်တွေရဲ့ လမ်းစဉ်ပဲ။ ဒီလမ်းစဉ်အတိုင်းလိုက်လုပ်မှသာ ကိုယ့်အလုပ်ကိုယ်လုပ်တယ်လို့ ခေါ်နိုင်တယ်”
“ဒါဆို ဝတ္တရားထက် အမှန်တရားကို ဆုပ်ကိုင်ထားမယ်ဆိုရင် ဘယ်လိုသက်ရောက်မှုမျိုး ရှိလာနိုင်သလဲ”
ဆုန်ကျိရှင်းသည် ထက်မြက်၍ အလျှော့မပေးတတ်သည့်စိတ်မျိုး ရှိသည်။ ကျောက်ယော်မှာမူ နူးညံ့၍ စည်းကမ်းလိုက်နာသူဖြစ်သည်။ ဖူးပွင့်စ ဒန်းပန်းလေးနှင့်တူသည်။ လန်းဆန်းတက်ကြွ၍ အသွင်တင့်တယ်သည်။ ဆရာချီ၏မေးခွန်းတွင် အတွင်းအဓိပ္ပါယ်တစ်ခုခု ရှိနေဟန်တူသည်။ ဆရာက တပည့်၏ အသိပညာကို စမ်းသပ်နေခြင်းဖြစ်၍ ကျောက်ယော် သတိထားရသည်။ လက်လွတ်စပယ် မဖြေရဲပေ။
ကျောက်ယော် အလေးအနက်တွေးတောနေပုံကိုကြည့်၍ ဆရာချီ ပြုံးလိုက်သည်။ ကျောက်ယော်ပုခုံးကို ပုတ်လျက်
“အဲလောက်လဲ စိတ်ပူမနေပါနဲ့။ ငါက စိတ်ကူးထဲပေါ်လာလို့ မေးလိုက်တဲ့သဘောပါ။ မင်းစိတ်ကူးစိတ်သန်းတွေကို ငါအတင်းထိန်းချုပ်ထားခဲ့မိတဲ့ပုံပဲ။ ဒါကြောင့် မင်းပုံစံဟာ ဝမ်ချွမ်နန်းဆောင်ထဲက အမှန်တရားကျောက်ထုတွေလို ဖြစ်နေတာ။ စည်းမျဉ်းစဉ်းကမ်းတွေကို အလွန်အကျွံ အလေးထားပြီး အားလုံးကို လိုတာထက်ပိုလို့ အာရုံစိုက်တဲ့ပုံမျိုး ဖြစ်နေတာလေ။ အဲလိုသာဆို ဘဝမှာ နေထိုင်ရတာ အတော်ငြီးငွေ့စရာ ကောင်းတယ်ကွ။ ဒါပေမယ့် လောလောဆယ်တော့ ဒီလိုနေတာပဲ ကောင်းမှာပါ”
ကျောက်ယောင် နည်းနည်း နားရှုပ်သွားသည်။ ထပ်မေးရန် ဟန်ပြင်လိုက်သည်။ ထိုစဉ် ဆရာချီက ဥမင်လမ်း၏ တစ်ခြားတစ်ဘက်ကို့ သူ့ကိုခေါ်သွားသည်။ ထိုနေရာအရောက်တွင် ပေါင်းမိုးပြားကို မော့ကြည့်လိုက်နေပြန်သည်။ ဆရာချီသည် ပုံမှန်အားဖြင့် မျက်နှာထားတင်းတင်းနှင့် စည်းကမ်းတကျပုံစံမျိုးဖြစ်သည်။ သို့သော် ယနေ့ ဘာကြောင့်မှန်းမသိ။ သူအသွင်က သက်တောင့်သက်သာပုံစံမျိုးဖြစ်နေသည်။ သူ့တပည့်ကို စိတ်ဝင်စားစရာဇာတ်လမ်းများစွာ ပြောပြနေသည်။
“တစ်ချိန်က ‘ကိုယ့်အလုပ် ကိုယ်လုပ်’ဆိုတဲ့ အယူအဆကို ဒီပေါင်းမိုးပြားပေါ်မှာ ရေထွင်းခဲ့တဲ့လူဟာ တစ်မိုးအောက်တစ်ယောက်ထွန်းတဲ့ နံပါတ်တစ် ပန်းချီဆရာပဲ။ သူ့ကြောင့် ငြင်းခုံဆွေးနွေးစရာ သဘောတရားတွေ အများကြီးပေါ်ထွက်ခဲ့တယ်။ အဓိပ္ပါယ်ကို ပုံဖေါ်တဲ့နေရာမှာ အဓိကပြဿနာဖြစ်တဲ့ **စည်းစနစ်နှင့် လွတ်လပ်ခွင့် ကြားထဲက ပြဿနာမျိုး၊ အတိတ်လက်ရေးပန်းချီလက်ရာနဲ့ အခုလက်ရှိ ပန်းချီလက်ရာတွေကြားက ကွဲပြားချက်မျိုးတွေပေါ့။ ဒီနေ့အထိ ဒီပြဿနာတွေကို မဖြေရှင်းနိုင်ကြသေးဘူး။ စိတ်ရယ်၊ ဖေါ်ပြပုံနည်းလမ်းရယ်၊ ဖေါ်ပြတဲ့ပုံသဏ္ဌာန်ရယ် အဓိပ္ပါယ်သက်ရောက်မှုရယ်။ ဒီလေးခုဟာ လက်ရေးပန်းချီရဲ့ အဓိကမဏ္ဍိုင်တွေပဲ။
“နှစ်အတော်ကြာအောင် ဒီလူဟာ လက်ရေးပန်းချီရဲ့ နယ်ပယ်အားလုံးမှာ ဘုရင်တစ်ဆူဖြစ်ခဲ့တယ်။ သူ့ခေတ်သူ့အခါက တစ်ခြားပန်းချီဆရာတွေအားလုံးကို အပြတ်အသတ် လွှမ်းမိုးထားနိုင်ခဲ့တယ်။
“သဘာဝစည်းမျည်းနှင့် ပေါင်းစပ်’ ဆိုတဲ့ စာလုံးမှာလည်း စိတ်ဝင်စားစရာ နောက်ခံဇာတ်လမ်းတစ်ခုရှိတယ်။ မင်းသေချာကြည့်ရင် တွေ့ပါလိမ့်မယ်။ စာတန်းလေးခုဟာ ရေးဆွဲတဲ့ဟန်၊ ရေးဆွဲတဲ့စနစ်နဲ့ စာလုံးပုံစံတွေ အားလုံးအတူတူပဲလို့ ထင်ရတယ်။ ဒါပေမယ့် တကယ်တော့ ဒီစာလေးခုကို ရေးထွင်းခဲ့တဲ့ တာအိုဆရာတွေဟာ တစ်ယောက်စီပဲကွ။
“အရင်က သူတို့ထဲက နှစ်ယောက်ဟာ အပြန်အလှန် စာအဆက်အသွယ် လုပ်ခဲ့ကြတယ်။ ဘယ်စာလုံးမျိုးကို သူတို့ရေးမလဲ ဆွေးနွေးငြင်းခုန်ခဲ့ကြတယ်။ နှစ်ယောက်လုံးကလည်း တစ်ယောက်ထက်တစ်ယောက် ပိုပြိးနက်နဲတဲ့စာမျိုးကို ရေးချင်ကြတယ်။ တစ်ယောက်နဲ့တစ်ယောက် အညံ့မခံချင်ကြဘူး”
ထိုသို့ပြောပြီးနောက် ဆရာချီက ကျောက်ယော်ကို ‘အပြင်သို့မြင်ခွင့်မရ’ ဟူသည့် စာတန်းရှိရာ ပေါင်းမိုးပြားဆီ ခေါ်သွားသည်။ တည်ငြိမ်လေးနက်သည့် မျက်နှာဖြင့် ဆရာချီ ဆက်ပြောသည်။
“မင်းစာလေ့လာနေတဲ့ ကျောင်းဟာ မကြာခင်မှာ ဆရာမရှိဘဲ ဖြစ်သွားလိမ့်မယ်။ ရန်ပုံငွေထောက်ပံ့တဲ့ လူချမ်းသာမိသားစုတွေက ပိတ်ချတာမျိုးလည်း ဖြစ်ရင်ဖြစ်မယ်။ ကျောင်းကို ဖြိုဖျက်ပြီးတော့ တာအိုဘုံကျောင်းလိုမျိုး ဒါမှမဟုတ် ဗုဒ္ဓရုပ်ထုလိုမျိုး တည်ဆောက်ချင် တည်ဆောက်လိမ့်မယ်။ ဒီမြို့ကိုလည်း တာအိုဘုန်းကြီး ဒါမှမဟုတ် ဗုဒ္ဓကိုယ်တော် တစ်ယောက်ယောက်က နှစ်ခြောက်ဆယ်လောက် အုပ်ချုပ်လိမ့်မယ်။
“အဲဒီ့အတောအတွင်း မြို့ခံတွေ သံသယကင်းအောင် အုပ်ချုပ်သူတွေလည်း နှစ်ယောက်သုံးယောက်လောက် ပြောင်းချင်ပြောင်းသွားလိမ့်မယ်။ ဒါပေမယ့် ဒါဟာ အပေါ်ယံလှည့်ကွက်ပါပဲ။ ဒီနေရာမှာ စွမ်းအင်လုံးဝထုတ်မသုံးနိုင်တဲ့ လူတွေဟာ အပြင်ကမ္ဘာရောက်ရင် မိုးကောင်းကင်ကင်ကို ကိုင်လှုပ်နိုင်စွမ်းရှိတဲ့ စွမ်းအားရှင်မျိုး ဖြစ်နေလိမ့်မယ်”
နောက်ဆုံးတွင် ဆရာချီ စကားသံက အတော်ပင် တိုးညှင်းသွားသည်။ ကျောက်ယော်သည် သူ့ဘေးတွင်ကပ်လျက် ရပ်နေသော်လည်း ကောင်းကောင်းမကြားရတော့။
ဆရာချီက သက်ပြင်းချလျက် စိတ်ပျက်နွမ်းလျသည့် လေသံဖြင့်
“အရင်တုန်းကတော့ လူတွေမသိနိုင်ခဲ့တဲ့ လျှို့ဝှက်ချက်တွေ အများကြီးရှိခဲ့တာပေါ့။ ဒါပေမယ့်အခု အဲဒါတွေက တဖြေးဖြေး ဘူးပေါ်သလိုပေါ်လာပြီ။ ဒါပေမယ့် ငါတို့လို ပညာရှင်တွေက ကတိစကားကို လွယ်လွယ်ရုတ်သိမ်းလို့မရဘူး။ ပြီးတော့ ချီကျင်ချွမ်းဆိုတဲ့ငါက ပထမဆုံးအနေနဲ့ ရှေးစည်းမျဉ်းတွေကို ချိုးဖေါက်လိုက်မယ်ဆိုရင်လည်း ငါထိန်းသိမ်းဖို့ ကြိုးစားနေတဲ့အရာကို ဖျက်ဆီးလိုက်သလို ဖြစ်သွားမယ်။ အတော်ရွံ့စရာကောင်းတဲ့ လုပ်ရပ်မျိုးဖြစ်သွားလိမ့်မယ်”
ကျောက်ယော်က ရုတ်တရက် အရဲစွန့်၍ မေးလိုကသည်။
“ဆရာ၊ ဆရာရော ဒီမြို့ရော သာမန်မဟုတ်မှန်း ကျွန်တော်သိပါတယ်”
“ဟုတ်လား၊ ဒါဆို မင်းဘာလို့ အဲလိုတွေးတာလဲဆိုတာ ပြောပြစမ်းပါဦး”
ဆရာချီက ပဠေဟိအပြုံးဖြင့် မေးလိုက်သည်။
ကျောက်ယော်က မြင့်မားသည့် ကျောက်သားဥမင်ကို လက်ညှိုးထိုးပြလျက်
“ဒီဥမင်လိုမျိုး ထူးဆန်းတာတွေ အများကြီးရှိနေတယ်။ ဆီးသီးပန်းလမ်းက သံသော့အိမ်ရေတွင်း၊ ခုံးတံတား၊ ကန္တာရသစ်ပင်၊ မက်မွန်ရွက်လမ်းမှာရှိတဲ့ မက်မွန်ပင်တွေပေါ်က သစ်ရွက်တွေ။ ပြီးတော့ ကံကြမ္မာလမ်းက နှစ်တိုင်း ချိတ်ဆွဲလေ့ရှိတဲ့ ကုယုအထိမ်းအမှတ် တံဆိပ်ပြားတွေနဲ့ ချုန်ယန်အထိမ်းအမှတ် တံဆိပ်ပြားတွေပေါ့”
“အဲဒါတွေက ဘယ်လိုထူးဆန်းတာလဲ။ မင်းတစ်သက်လုံး ဒီမြို့မှာပဲ နေလာတာ။ အပြင်ကို တစ်ခါမှ ထွက်ဖူးတာမဟုတ်ဘူး။ အပြင်ကမ္ဘာက ဘယ်လိုလဲဆိုတာမသိဘဲနဲ့ ဘာကိုနှိုင်းယှဉ်ပြီး ထူးဆန်းတယ်လို့ မင်းပြောနိုင်တာလဲ”
ကျောက်ယောက်က လေးနက်သည့်လေသံဖြင့်
“ဆရာပေးတဲ့ စာအုပ်တွေထဲက အကြောင်းအရာအားလုံး ကျွန်တော်အလွတ်ရနေပါပြီ။ စပြောရရင် မက်မွန်ရွက်လမ်းပေါ်က မက်မွန်ပန်းတွေဟာ စားအုပ်တွေထဲက ကဗျာမှာ ဖေါ်ပြထားတဲ့ မက်မွန်ပွင့်တွေနဲ့ လုံးဝမတူဘူး။ ပြီးတော့ ဆရာကလည်း ကျွန်တော်တို့ကို ကလေးများအတွက်နီတိ၊ အနုပညာနဲ့ဂီတ၊ စာပေပေါင်းချုပ် ဆိုတဲ့ အခြေခံစာအုပ်သုံးအုပ်ပဲ ဘာလို့သင်ရတာလဲ။
“ဒီစာအုပ်တွေရဲ့ အဓိကရည်ရွယ်ချက်က စာပေတတ်မြောက်ဖို့ဆိုပေမယ့် အဲဒီ့သုံးအုပ်ပြီးရင် ကျွန်တော်တို့ ဘယ်စာအုပ်ကို ဆက်ဖတ်ရမှာလဲ။ ဒီစာအုပ်တွေကို ဖတ်ရတဲ့ရည်ရွယ်ချက်က ဘာလဲ။ စာအုပ်ထဲမှာ ပြောထားတဲ့ ‘တော်ဝင်စာမေးပွဲ’ ဆိုတာကရော ဘာလဲ။ အဲဒီ့စာမေးပွဲကို ဖြေနိုင်တဲ့လူက သာမန်လယ်သမားဘဝကနေ အင်ပါယာနန်းတော်ကို ဘာလို့ချက်ချင်း ဝင်နိုင်ရတာလဲ။
“အင်ပါယာက သူရဲကောင်းစစ်သူကြီးတွေကို ချီးမြှောက်တယ်။ ဒါပေမယ့် စာပေပညာရှင်တွေကပဲ အင်ပါယာ စိတ်ကျေနပ်စေအောင် ဘာလို့လုပ်နိုင်တာလဲ။ ကြွေလုပ်ငန်းကြီးကြပ်တဲ့ အရာရှိနှစ်ယောက်ဟာ အင်ပါယာတရားရုံးအကြောင်း၊ နန်းမြို့တော်အကြောင်း အပြင်လောကအကြောင်း တစ်ခါမှ ပြောတာကို မကြားဖူးဘူး။ ဒါပေမယ်—“
“ရပါပြီကွာ၊ နောက်ထပ် ဥပမာတွေ ထပ်ပေးစရာမလိုတော့ပါဘူး”
ချီကျင်ချွမ်းက စိတ်ကျေနပ်ဟန်ဖြင့် ပြုံး၍ပြောလိုက်သည်။
ကျောက်ယော် အသံတိတ်သွားသည်။
ချီကျင်ချွမ်းက လေသံတိုးတိုးဖြင့် ဆက်ပြောသည်။
“ကျောက်ယော်၊ အခုချိန်ကျစလို့ မင်းအပြောအဆိုအပြုအမူ အားလုံးသတိထားပါ။ လျှာသရမ်းရင် ဒုက္ခရောက်တတ်တယ်ဆိုတာကို အမြဲတမ်းမှတ်ထားပါ။ ဒါကြောင့်လည်း ကွန်ဖြူးရှပ်ဝါဒီတွေအားလုံးဟာ စကားနည်းကြတာပဲ။ သူတို့ထက်မြင့်တဲ့ ပညာရှင်ကြီးတွေဆိုရင် ပြောတာဆိုတာ လုပ်တာကိုင်တာအားလုံးမှာ ချွင်းချက်မပါအောင် အတော့်ကို သတိထားကြတယ်”
“အဲဒီလူတွေထက် အဆင့်မြင့်တဲ့ ကျောင်းတော် ၇၂ ခုက တောင်တန်းသခင်လို သူတော်စင်တွေကတော့ တာအိုသူတော်စင်အဆင့် ဒါမှမဟုတ် ဗုဒ္ဓအရဟတ္တအဆင့်မျိုး ရှိကြတယ်။ သူတို့ပြောသမျှ စကားတွေဟာ အမှန်တရားပဲ၊ ဓမ္မပဲ။ အတွေးအခေါ်ကျောင်းတော်တစ်ရာက ထိပ်တန်းပညာရှင်တွေအပါအဝင် အဲဒီလိုသူတော်စင်တွေအားလုံးကို ကြယ်နတ်ဘုရားလို့ ခေါ်ကြတယ်။ သူတို့ဟာ နတ်ဘုရားအစစ်ဖြစ်ဖို့ ခြေတစ်လှမ်းပဲလိုတော့တဲ့ လူတွေပဲ။
“ဒါပေမယ့် သူတို့အားလုံးဟာ ကောင်းကင်နဂါးတွေလိုပဲ။ တစ်ချို့က ဘုံကျောင်း ဝတ်ပြုဆောင်တွေမှာ ရှိခိုးကန်တော့ခံရတဲ့ နတ်ရုပ်တွေလိုမျိုး။ တစ်ချို့ကလည်း လျှို့ဝှက်ဆန်းကျယ်ပြီး အလွန်အသိရခက်တဲ့ ပုဂ္ဂိုလ်ကြီးတွေပဲ။ မင်းတို့ငါတို့ လက်လှမ်းမမှီနိုင်တဲ့ လူမျိုးတွေပေါ့”
သူ့စကားများကြောင့် ကျောက်ယော် မှင်သက်မိနေသည်။
“ဆရာ၊ ဒီနေ့ ဒီအကြောင်းတွေကို ဘာလို့ ကျွန်တော့်ကို ပြောပြနေတာလဲ”
ချီကျင်ချွမ်းက ပြုံးလျက်
“မင်းလည်း ငါ့လို ဆရာမျိုးရှိသလို ငါလည်း ငါ့ဆရာရှိတာပေါ့။ ငါ့ဆရာက — ထားပါတော့လေ။ သူ့အကြောင်း အခုလောလောဆယ် မပြောတော့ဘူး။ တကယ်တော့ နောက်ထပ်ဆယ်စုနှစ် တစ်ခုစာလောက် ငါဆက်ကြိုးစားရင် အဲလိုအဆင့်မျိုး ရောက်လာမှာပဲလို့ တွေးနေခဲ့တာ။ ဒါပေမယ့် နောက်ကွယ်မှာရှိတဲ့ လူတစ်ချို့က အဲလောက်ကြာအောင် မစောင့်ချင်ကြတော့ဘူး။ ဒီတော့ ဒီမြို့ကနေ မင်းနဲ့အတူ ထွက်သွားနိုင်မှာ မဟုတ်တော့ဘူး။
“မင်းတစ်ယောက်တည်းပဲ အပြင်ကမ္ဘာကို သွားရတော့မယ်။ မင်းကို အမှန်တရားတစ်ချို့တော့ ငါပြောပြထားရမယ်လေ။ ဒါတွေကို ပုံပြင်လို ယုံတမ်းစကားလိုမျိုး မင်းသ‌ဘောထားလို့လည်း ရပါတယ်။ ဒါပေမယ့် တစ်ခုတော့ မြဲမြဲမှတ်ထားပါ။ မင်းဘယ်အဆင့်မျိုးပဲရောက်ရောက် မင်းထက်အဆင့်မြင့်တဲ့လူဆိုတာ အမြဲတမ်း ရှိနေမှာပဲ။ မင်းဘယ်လောက်ခရီးပေါက်ပေါက် ဘယ်တော့မှ ရေသာခိုပြီး ရောင့်ရဲတင်းတိမ်မနေနဲ့”
ချီကျင်ချွမ်း စကားပြောနေစဉ်ချိန်တွင် သံသော့အိမ် ရေတွင်းထဲမှရများ တဖြေးဖြေး လျော့ကျနေသည်။ ကန္တာရပင်မှ သစ်ရွက်များလည်း သစ်ကိုင်းမှခွာကာ တလိမ့်လိမ့် ကျဆင်းနေလေသည်။ အားလုံးက တစ်ခုခုဖြစ်လာတော့မည် နိမိတ်အသွင်ကို ဖေါ်ဆောင်နေကြသည်။
ချီကျင်ချွမ်း ဆက်ပြောသည်။
“မင်းကို သိမ်းခိုင်းထားတဲ့ ကန္တာရသစ်ရွက်ကို မှတ်မိသေးလား”
ကျောက်ယော် ခေါင်းငြိမ့်သည်။
“ဆရာပေးထားတဲ့ တံဆိပ်တုံးနဲ့အတူ လုံခြုံတဲ့နေရာမှာ သိမ်းထားပါတယ်”
“သစ်ပင်သစ်ကိုင်းက ကင်းကွာလာတဲ့ သစ်ရွက်ကြွေတွေဟာ ဘယ်လိုများ စိမ်းစိုနေနိုင်ဦးမှာလဲ။ ဒီမြို့မှာ လူထောင်ချီပြီးရှိတယ်။ ဒါပေမယ့် ကောင်းချီးရတဲ့လူကတော့ အနည်းအကျဉ်းပါပဲ။ အဲဒီ ကန္တာရသစ်ရွက်ကို မကြာခဏဖွင့်ပြီး လေ့လာကြည့်ပါ။ တစ်နေ့နေ့မှာ ကံအခွင့်အလမ်းတစ်ခု မင်းရကောင်းရပါလိမ့်မယ်။
“ပြီးတော့၊ ပြီးခဲ့တဲ့နှစ်ပိုင်းအတွင်း မင်းကိုငါ မြို့ထဲမှာ ကောင်းမှုကုသိုလ်တွေ လုပ်ခိုင်းခဲ့တယ်။ တွေ့သမျှလူတိုင်းကို လေး‌လေးစားစား ယဉ်ယဉ်ကျေးကျေး ဆက်ဆံခိုင်းခဲ့တယ်။ ဒီလိုလုပ်ခိုင်းရတဲ့ ရည်ရွယ်ချက်ကို တစ်နေ့ကျရင် မင်းနားလည်လာလိမ့်မယ်။ အသေးအဖွဲလို့ထင်ရတဲ့ ဒီအရာလေးတွေက အချိန်ကြာလာတာနဲ့အမျှ အများကြီး စုစည်းမိလာမယ်။ နောက်ဆုံးမှာ ဒါတွေကနေရလာတဲ့ အကျိုးကျေးဇူးကို ကြုံရတဲ့အချိန် မင်းအံ့ဩသွားလိမ့်မယ်”
ထိုစဉ် စာဝါငှက်တစ်ကောင် ကျောက်ဥမင်ပေါ်တွင် နားလာသည်ကို ကျောက်ယော်မြင်လိုက်ရသည်။ ထိုစာဝါငှက်သည် ခုန်ဆွခုန်ဆွ လုပ်နေရင်း အဆက်မပြတ် ကျီကျီကျာကျာ အော်မြည်နေလေသည်။
ချီကျင်ချွမ်းက လက်နှစ်ဘက်နောက်ပစ်လျက် စာဝါငှက်ကို စိုက်ကြည့်နေသည်။
သို့သော် ထိုငှက်တွင် မူမမှန်သည့်အရာမျိုးကို ကျောက်ယော်မတွေ့မိပေ။
ထိုစဉ် ရုတ်တရက် ချီကျင်ချွမ်းက ကြွေပန်းအိုးလမ်းဆီသို့ကြည့်၍ မျက်မှောင်ကျုံ့လိုက်သည်။ သက်ပြင်းတစ်ချက်ချလျက်
“ဧည့်သည်တစ်ယောက်က အိမ်ရှင်ရှေ့မှာ ခိုးကြောင်ခိုးဝှက် အလုပ်တွေ လုပ်နေတာပဲ။ ဒီလိုလုပ်ပြီး ထွက်ပြေးလို့ရမယ် ထင်နေပုံပဲ။ သူ့ရေခွက်လေးနဲ့ ဒီမြို့မှာ စိတ်ကြိုက်လုပ်လို့ရတယ် ထင်နေတာလား”
“ဆရာ”
ကျောက်ယော်က စိုးရိမ်နေသည့်မျက်နှာဖြင့် ခေါ်လိုက်သည်။
ချီကျင်ကျန်းက သူနှင့် ဘာမှမဆိုင်ကြောင်း ခေါင်းခါပြလိုက်သည်။ ထို့နောက် နောက်ဆုံး ပေါင်းမိုးပြားဆီသို့ ကျောက်ယော်ကို ခေါ်သွားသည်။
ကျောက်ယော် ရုတ်တရက် ခြေလှမ်းရပ်သွားသည်။ ရှေ့သို့ ငေးကြောင်၍ စိုက်ကြည့်နေလေသည်။
ခပ်လှမ်းလှမ်းတွင် အနက်ရောင်ဝတ်စုံနှင့် မိန်းကလေးတစ်ယောက်ရှိနေသည်။ မျက်နှာကို ဖုံးနေသည့် ဦးထုပ်တစ်ခု ‌ဆောင်းထားသည်။ ခန္ဓာကိုယ်မှာ ပိန်လွန်းခြင်း ဝလွန်းခြင်းမရှိ။ အဖြူရောင်ဓားအိမ်တွင် ထည့်ထားသည့် ဓားရှည်တစ်လက်၊ အစိမ်းရောင်ဓားအိမ်နှင့် ဓားမောက်တိုတစ်လက် ခါးချိတ်ထားသည်။ “အတုမဲ့ကိုယ်ရောင်စမ်းအင်’ ဟူသည် စာတန်းပါပေါင်းမိုးပြားရှေ့တွင် ရပ်နေသည်။ လက်နှစ်ဘက်ပိုက်လျက် ထိုစာတန်းကို ကြည့်နေလေသည်။
ငေးစိုက်ကြည့်နေသည့် ကျောက်ယော်ကို သတိပေးသည့်အနေဖြင့် ချီကျင်ချွမ်းက ချောင်းတစ်ချက် အသာဟန့်လိုက်သည်။ မိန်းကလေးတစ်ယောက်ကို ထိုသို့ကြည့်နေလျှင် ရိုင်းရာကျပေသည်။ ကျောက်ယော်မှာ သူ့ဆရာ ချောင်းဟန့်သည်ကို လုံးဝသတိမထားမိပေ။
ချီကျင်ချွမ်းမျက်နှာ ပြုံးစေ့စေ့ဖြစ်နေသည်။ ကျောက်ယော်ကို ဆူငေါက်ခြင်းမပြုပါ။ နောက်ထပ်လည်း ချောင်းဟန့်သံမပေးတော့။ ထိုအတိုင်းပင် ထားလိုက်သည်။
မိန်းကလေးက ကျောက်ယော်အကြည့်ကို သတိထားမိဟန်မရှိ။ စာတန်းကိုသာ စိုက်ကြည့်၍ တွေးတောနေပုံရသည်။ ပုံမှန်စည်းကမ်းတကျ ရေးထွင်းထားသည့် တစ်ခြားစာတန်းများနှင့်စာလျှင် ထိုစာတန်းမှာ လွတ်လတ်သည့် ရေးဟန်မျိုးရှိသည်။ စုတ်ချက်များက ပို၍လွတ်လပ်သည်။ ထို့ကြောင့်လည်း မိန်းကလေးက ထိုစာတန်းကို ပို၍စိတ်ဝင်စားနေခြင်းဖြစ်ပေလိမ့်မည်။
ရုတ်တရက် ကျောက်ယော်အသိပြန်ဝင်လာသည်။ ချီကျင်ချွမ်းက သူ့ပုခုံးကို ပုတ်လိုက်ခြင်းကြောင့်ဖြစ်သည်။ ပြုံးရွှင်မျက်နှာဖြင့်
“ကျောက်ယော်၊ ကျောင်းမှာရှိတဲ့ ငါတို့ပစ္စည်းတွေ သွားသိမ်းပြီး အိမ်ပြန်ကြရအောင်”
ကျောက်ယော်မျက်နှာ အနည်းငယ်နီရဲသွာသည်။ ခေါင်းကိုငုံ့လျက် ချီချင်ကျွမ်းနှင့်အတူ လှည့်ထွက်လာလေသည်။
ထိုအချိန်ကျမှ မိန်းကလေးကလည်း ဓားလက်ကိုင်ရိုးပေါ်တင်ထားသည့် သူ့လက်ကို ပြန်ရုတ်သိမ်းလိုက်သည်။
ခပ်လှမ်းလှမ်းသို့ ရောက်သည်နှင့် ချီကျင်ချွမ်းက သူ့တပည့်ကို စနောက်လိုက်သည်။
“ခုနက မင်းအသက်ကို ငါကယ်ခဲ့တာကွ”
“ဘာကိုလဲ ဆရာ”
ကျောက်ယော် နားမလည်ဟန်ဖြင့် ပြန်မေးလိုက်သည်။
ချီကျင်ချွမ်း ခဏစဉ်းစားနေပြီးနောက် လေးနက်သည့်လေသံဖြင့် ပြောသည်။
“ခုချိန်ကစလို့ သူ့ကိုမြင်ရင် ဝေးဝေးကရှောင်ပါ”
ကျောက်ယော် အံ့အားသင့်သွားသည်။ ထိုစကားကို သိပ်လက်ခံချင်ပုံမရ။
“ဘာလို့လဲ ဆရာ”
ချီကျင်ချွမ်း တွေးတွေးဆဆဟန်ဖြင့် ပြန်ဖြေသည်။
“သူက ဓားအိမ်မပါတဲ့ ဓားလိုမျိုး ထိရှနိုင်လို့ပေါ့ကွာ”
ကျောက်ယော် တစ်ခုခုပြန်ပြောရန်ပြင်သည်။ သို့သော် မပြောတော့ရန် ဆုံးဖြတ်လိုက်သည်။
ချီကျင်ချွမ်းက ပြုံး၍ ဆက်ပြောသည်။
“ဒါပေမယ့်လည်း လူတစ်ယောက်ကို ကျိတ်ပြီးသဘောကျနေတဲ့စိတ်ကို ဘယ်သူမှ မတားနိုင်ပါဘူး။ ဗုဒ္ဓတောင် မတားနိုင်ဘူး။ ဆရာသခင် သူတော်စင် ကွန်ဖြူးရှပ်နဲ့ သူ့လမ်းစဉ်လိုက်ပြီး ကိုယ်မှုနှုတ်မှု တင်းတင်းကြပ်ကြပ် စောင့်ထိန်းတဲ့ ငါတို့လိုလူတွေတောင် စိုက်ကြည့်တာ၊ ခိုးနားထောင်တာ၊ ခန္ဓာကိုယ်ကိုထိတာတွေကိုသာ စည်းကမ်းတင်းကြပ်ထားတာပါ။ စိတ်ထဲက တွေးတာကို ရိုင်းတယ်လို့ မသတ်မှတ်ပါဘူး”
ထိုခဏမှာပင် ကျောက်ယော်စိတ်တွင် ဖေါ်ပြ၍မရသည့် ခံစားချက်တစ်ခု ရုတ်ချည်းပေါ်လာဟန်ဖြင့် ကျယ်လောင်စွာ အော်ပြောလိုက်လေသည်။
“သူ့ကိုယ်နံ့က တကယ်မွှေးတာပဲ”
ထိုသို့ပြောပြီးသည်နှင့် သူ့တစ်ကိုယ်လုံး ချက်ချင်း ကျောက်ရုပ်လို ဖြစ်သွားလေသည်။
ချီကျင်ချွမ်း စိတ်ပျက်သွားသည်။ စိတ်ဆိုးခြင်းတော့မဟုတ်။ ပြဿနာဖြစ်လာတော့မည်ကို သိနေသောကြောင့်ဖြစ်သည်။ ခပ်တင်းတင်းလေသံဖြင့် ကျောက်ယော်ကို ပြောလိုက်သည်။
“နောက်လှည့်နေပါ ကျောက်ယော်”
ကျော်ယော် ချီကျင်ကျန်းကို ကျောပေး၍ နောက်လှည့်လိုက်သည်။
ဥမင်ထဲမှာ မိန်းကလေးက လူသတ်ရိပ်အပြည့်မျက်နှာဖြင့် လှည့်လာသည်။ လက်နှစ်ဘက်က ဓားရိုးနှစ်ခု‌ပေါ်သို့ ရောက်သွားသည်။ ထို့နောက် ခပ်မြန်မြန်ခြေလှမ်းစလှမ်းကာ အရှိန်ယူလိုက်သည်။
လေးငါးလှမ်း ရောက်ပြီးနောက် သူ့ခြေလက်များကိုအားထည့်လိုက်သည်။ ဓားရှည်နှင့် ဓားမောက်တို့ကို ဖျတ်ခနဲဆွဲထုတ်သည်။ တစ်ချိန်တည်းမှာပင် မြေပြင်ပေါ်မှ ခုန်ထွက်လာပြီး ဓားနှစ်လက်ဖြင့် ချက်ချင်းခုတ်ချလိုက်သည်။
သူ့လက်များသည့် ကြီးမားသန်မာခြင်းမရှိ။ သို့သော် ဓားနှစ်လက်ကို လွှဲခုတ်လိုက်ချိန်တွင် လခြမ်းကွေးသဏ္ဌာန် အလင်းတန်းနှစ်ခုက ဆရာတပည့်နှစ်ယောက်ထံ လွင့်ပျံသွားသည်။
ကျင့်ကြံမှုစွမ်းအင် မှော်စွမ်းအင်များ ထုတ်သုံးခြင်းမဟုတ်။ သူ့လှုပ်ရှားမှုက မြန်လွန်း၍ ထိုသို့ဖြစ်လာခြင်းဖြစ်သည်။
ချီချင်ချန်း မျက်နှာက ခပ်အေးအေးအသွင်မျိုးသာ ရှိနေသည်။ ပြေးဝင်တိုက်ခိုက်ခြင်းမျိုးမရှိ။ မြေပြင်ကို ဖိနောင့်တစ်ချက် ညင်သာစွာ ဆောင့်လိုက်သည်။ အားလှိုင်းတစ်ချို့ လေထဲတွင် ပြန့်ထွက်သွားသည်။
ဝတ်ရုံနက်မိန်းကလေး၏ခန္ဓာကိုယ် တောင့်တင်းသွားသည်။ သူ့ကိုယ်မှလူသတ်ရိပ်များ ပို၍ပြင်းထန်လာသည်။
သူ့တိုက်ခိုက်မှု မအောင်မြင်သည်သာမက သူ့ခန္ဓာကိုယ်သည်လည်း ဓားဆွဲထုတ်ခဲ့သည်နေရာသို့ ပြန်ရောက်သွားသည်။
ချီကျင်ချွမ်းက ပြုံးကြည့်လျက်
“မင်းရဲ့စွမ်းအားကို အပြည့်အဝ ထုတ်သုံးတာက လေးစားစရာပါပဲ။ စကားပုံတောင်ရှိတယ်လေ။ ခြင်္သေ့ဆိုတာ သမင်ကို ခုန်အုပ်ရင်တောင် အားအပြည့်သုံးရမယ်တဲ့။ ပြီးတော့ ငါ့တပည့်က မင်းကို စော်ကားခဲ့မိတာ မှန်ပါတယ်။ ဒါပေမယ့် သူ့အပြစ်က သေဖို့ထိတော့ မထိုက်တန်ပါဘူး”
မိန်းကလေးက ဓားရှည်ကို ဓားအိမ်ထဲသို့ ပြန်သွင်းလိုက်သည်။ ထို့နောက် ဓားမောက်ချွန်ကို ချီကျင်ချွမ်းထံ ချိန်ရွယ်လျက် တည်ငြိမ်သည့်လေသံဖြင့်
“ရှင်ဘယ်လိုတွေးသလဲဆိုတာ ကျွန်မအတွက် အရေးမကြီးဘူး။ ကျွန်မ ဘယ်လိုတွေးသလဲဆိုတာပဲ အရေးကြီးတယ်။ ကျွန်မစိတ်ထဲရှိတဲ့အတိုင်းပဲလုပ်မယ်။ ကျွန်မကို တားချင်တယ်ဆိုရင် ရှင်စမ်းကြည့်လို့ရပါတယ်”
စကားဆုံးသည်နှင့် နောက်တစ်ကြိမ်‌ ရှေ့သို့ပြေးဝင်လာသည်။ ပြင်းထန်သည့်အားအဟုန်ဖြင့် ပြေးထွက်ခြင်းဖြစ်၍ သူ့ခြေထောက်အောက်တွင် ချိုင့်ခွင့်နှစ်ခု ဖြစ်ကျန်ခဲ့သည်။
ချီကျင်ချွမ်းက လက်တစ်ဘက်နောက်ပစ်ထားည်။ တစ်ဘက်ကို ဝမ်းဗိုက်ရှေ့တွင် လျော့ရဲရဲ လက်သီးဆုပ်ထားသည်။ ပြုံးရွှင်သည့်မျက်နှာဖြင့်
“သိုင်းပညာအားလုံးမှာ ချို့ယွင်းချက်ကိုယ်စီရှိကြတယ်။ ဒါပေမယ့် လျင်မြန်မှုဆိုတာက အရေးအကြီးဆုံး အဆုံးအဖြတ်ပါပဲ။ ဒါပေမယ့် မင်းကံဆိုးတယ်ကွ။ ဒီကမ္ဘာက ပျက်စီးခါနီးဖြစ်ပေမယ့် မပျက်စီးသေးဘူးလေ။ ကြယ်တာရာနတ်ဘုရားဆယ်ယောက် ပေါင်းပြီးတိုက်ရင်တောင် ငါ့ကိုမနိုင်ပါဘူး။ တောင်ဖြိုချင်တဲ့ ပုရွက်ဆိတ်လိုပဲ ဖြစ်နေမှာပါ”
ထိုခဏမှာပင် မိန်းကလေးက ဆရာချီ၏ဘယ်ဘက် ဆယ်မီတာခန့်တွင် ရုတ်ချည်းပေါ်လာသည်။ ခဏတာ စဉ်းစားနေပြီးနောက် မျက်လုံးကိုမှိတ်၍ အာရုံစူးစိုက်ဟန်မျိုး ပြုလိုက်သည်။
ချီကျင်ချွမ်း ခေါင်းကိုယမ်းလျက် ပြုံးလိုက်သည်။
“မင်းကိုယ်မင်း အာရုံမှားစက်ကွင်းတစ်ခုခုအောက် ရောက်နေတယ်လို့ ထင်နေတာလား။ ဒီကမ္ဘာက ဗုဒ္ဓကမ္ဘာတွေရဲ့ အပုံတစ်ထောင်မှာတစ်ပုံလောက်ပဲရှိ — အိုး”
ရုတ်တရက် ချီကျင်ချွမ်းမျက်နှာတွင် အံ့ဩရိပ်ပေါ်လာသည်။ စကားသံ ရုတ်တရက်ရပ်ပြီး မိန်းကလေး၏ဘေးသို့ ဖျတ်ခနဲရောက်သွားသည်။ ထို့နောက် ဓားမောက်ထိပ်ဖျားကို လက်နှစ်ချောင်းဖြင့် ညင်သာစွာ ညှပ်ဖမ်းလိုက်သည်။
“မင်းကို ဓားရှည်နဲ့ဓားမောက်သိုင်းပညာ ဘယ်သူသင်ပေးတာလဲ”
မိန်းကလေးက တုံ့ဆိုင်းခြင်းမရှိ။ ဘယ်လက်ဖြင့် ဓားရှည်ကို လက်ကိုင်ရိုးမှ ဆွဲထုတ်ကာ ချီကျင်ချွမ်း၏ခါးကို ပိုင်းခုတ်လိုက်သည်။ လှုပ်ရှားမှုအားလုံးက တစ်ဆက်တည်းဖြစ်သွားသည်။
ချီကျင်ချွမ်းက ဓားမောက်ဖျားကို ညှပ်ထားရင်းမှ အော်ဟစ်လိုက်သည်။
“နောက်ဆုတ်စမ်း”
မြေပြင်မှ ဝုန်းခနဲအသံတစ်ခု ပေါ်လာသည်။ ဖုန်နှင့်ကျောက်ခဲစများ လွင့်ပျံသွားသည်။ ခဏကြာပြီးနောက် ဖုန်မှုန့်များ လွင့်ပျံသွားချိန်တွင် မိန်းကလေး၏အသွင်ပေါ်လာသည်။ ခြေထောက်များက ရှေ့နောက် အတန်းလိုက်ဖြစ်နေသည်။ သူနှင့် ချီကျင်ချွမ်းကြားမှ မြေပေါ်တွင် အလျားလိုက် မြေအက်ကြောင်းတစ်ခု ရှိနေလေသည်။ ထယ်ကြောင်းတစ်ခု ထိုးခွဲထားသကဲ့သို့ပင် ဖြစ်သည်။
မိန်းကလေး၏လက်နှစ်ဘက်လုံး သွေးများ စီးကျနေသည်။ ဓားနှစ်လက်လုံး လုယူခံလိုက်ရသဖြင့် လက်ဗလာဖြစ်နေသည်။ သူကောင်းကောင်း နားလည်သည်။ ချီကျင်ချွမ်းသည် ပတ်ဝင်းကျင်တစ်ခုလုံးကို ထိန်းချုပ်နိုင်စွမ်းရှိသည့်လူ ဖြစ်သော်လည်း သိုင်းစွမ်းအားအဆင့်ကို သူနှင့်တန်းတူဖြစ်အောင် တမင်နှိမ့်ထားမှန်း သိသည်။။ ယခု သူရှုံးနိမ့်သွားခြင်းမှာ စွမ်းအားအဆင့်ကွာခြား၍မဟုတ်။ ချီကျင်ချွမ်း၏သိုင်းကွက်က များစွာပို၍အစွမ်းထက်သောကြောင့်သာ ဖြစ်သည်။
သူ ဒေါသအကြီးအကျယ်ထွက်နေသည်။ သူ့ဘေးပတ်လည်မှ အလင်းရောင်များ မတည်မငြိမ်ဖြစ်နေသည်ကိုပင် သတိမထားမိတော့။
သို့သော် ချီကျင်ချွမ်းက ဆက်မတိုက်ပါ။ သမာသတ်မကျ၍ သည်းခံစိတ်ရှိသည့် လူတစ်ယောက်ဖြစ်သည်။
“မင်းကိုယ်မင်း ငါနဲ့ယှဉ်ပြီးတွေးမနေဖို့ ငါအကြံပေးချင်တယ်။ အဲလိုတွေးနေရင် မင်းရဲ့စိတ်တည်ငြိမ်မှု ထိခိုက်လာလိမ့်မယ်။ သိုင်းသမားဆိုတာ စိတ်ရှည်သည်းခံနိုင်ဖို့နဲ့ တည်ငြိမ်ဖို့ အရေးအကြီးဆုံးပဲ”
ချီကျင်ချွမ်းပုံစံက အတော်ထူးဆန်းနေသည်။ ဓားမောက်ကို လက်နှစ်ချောင်းဖြင့်ညှပ်၍ နောက်လက်တစ်ဘက်က ဓားရှည်ဓားသွားကို လက်ဝါးဖြင့် ဆုပ်ကိုင်ထားသည်။
သူ့မျက်နှာတွင် အပြုံးတစ်ခုပေါ်လာသည်။ မိန်းကလေး ပြောခဲ့သည့်စကားကို တုပ၍
“မင်းငါ့စကားကို နားထောင်မထောင်ဆိုတာ မင်းသဘောပဲ။ ပြောရမှာက ငါတာဝန်ပါပဲ”
မိန်းကလေး ခဏအသံတိတ်နေပြီးနောက် လေးနက်သည့်အသံဖြင့်
“ကျွန်မ ရှင်ရဲ့လမ်းညွှန်မှုကို ခံယူပါတယ်”
ချီကျင်ချွမ်း ပြုံး၍ခေါင်းငြိမ့်လိုက်သည်။ ထိုမိန်းကလေးသည် ဒေါသကြီးသော်လည်း တစ်ခြားလူများ အကြံပေးသည်ကို မာနနှိမ့်ချခံယူတတ်သည်မှာ ကောင်းမွန်သည့်လက္ခဏာမျိုးပင် ဖြစ်သည်။ ချီကျင်ချွမ်းက ဓားမောက်ကို သူ့ဆီ ပြန်ပစ်ပေးလိုက်သည်။
“ရော့၊ မင်းရဲ့ဓားမောက်။ ဓါးရှည်ကိုတော့ ငါခဏကိုင်ထားဦးမယ်”
လက်ထဲမှဓားရှည်ကို သူငုံ့ကြည့်လိုက်သည်။ ဓားရှည်မှာ အနည်းငယ်တုန်ခါ၍ အသံမြည်နေသည်။
ချီကျင်ချွမ်းမျက်နှာတွင် စိတ်မကောင်းသည့်အမူအရာ ပေါ်လာသည်။
“ဒီဓားဟာ ပစ္စည်းကောင်းတွေနဲ့ လုပ်ထားတာပဲ။ ဒါပေမယ့် ထိပ်တန်းဓားတစ်လက်တော့ မဟုတ်သေးဘူး။ အလွန်ဆုံး စာလုံးနှစ်ခုရဲ့စွမ်းအားကိုပဲ ခံနိုင်လောက်တယ်။ ဒါတောင် အတော်ကြိုးစားရမှာ။ မင်းရဲ့စွမ်းရည်ပေါင်းလိုက်မယ်ဆိုရင် စာလုံးလေးခုလုံး လက်မခံနိုင်လောက်ပေမယ့် သုံးခုတော့ သေချာပေါက် လက်ခံနိုင်မှာပါ”
ထိုသို့ပြောပြီးနောက် လက်တစ်ဘက်ကို ဆန့်ထုတ်လျက် အမိန့်ပေးလိုက်သည်။
“လာစမ်း”
“အတုမဲ့စွမ်းအင်’ ဟူသည် ပေါင်းမိုးပြားမှ တောက်ပသည့်အလင်းလုံးနှစ်ခု ရုတ်တရက် ပျံထွက်လာသည်။ သူ့အင်္ကျီလက်ကို နှစ်ကြိမ်ဆက်တိုက် ဝှေ့ယမ်းလိုက်သည်။ အလင်းလုံးနှစ်ခု ဓားရှည်ထဲသို့ ဝင်သွားသည်။
ပေါင်းမိုးပြားပေါ်မှ စာလေးလုံးအနက် နှစ်လုံးမှာ အသက်စွမ်းအားစုပ်ယူခံလိုက်ရသည့် သေခါနီးအဘိုးအိုများကဲ့သို့ အလင်းမှိန်သွားသည်။
ထို့နောက် သူ့လက်ကောက်ဝတ်ကို ဖျတ်ခနဲလှုပ်ရှားလိုက်သည်။ ဓားရှည်က မိန်းကလေး၏ဓားအိမ်ဖြူထဲသို့ ချက်ချင်းပြန်ဝင်သွားလေသည်။ ဓားအိမ်ထဲရောက်သွားသဖြင့် ထိုဓားသွားပေါ်မှ ထွက်ပေါ်လာသည့် စွမ်းအင်ရောင်နှစ်ခုကို မမြင်နိုင်တော့။
သို့သော် ထိုခဏမှာပင် ချီကျင်ချွန်း အံ့ဩသွားရသည်။
မိန်းကလေးက ထိုဓားအိမ်ဖြူကို ခါးမှဖြတ်၍ လွှင့်ပစ်လိုက်သည်။ ဓားရှည်ထည့်ထားသည့် ဓားအိမ်ဖြူမှာ မြေပေါ်တွင် ခပ်စောင်းစောင်းအနေအထားဖြင့် စိုက်ဝင်သွားသည်။ သူ့မျက်လုံးတွင် ပြတ်သားသည့် အရိပ်များ ထွက်ပေါ်နေသည်။
“ဒါက ကျွန်မကျင့်ကြံနေတဲ့ ဓားလမ်းစဉ်မျိုးမဟုတ်ဘူး”
ချီကျင်ချွမ်းက ဓားရှည်ကို တစ်ချက်စိုက်ကြည့်လိုက်သည်။ အတော်ကြာအောင် မခံစားခဲ့ရသည့် စိတ်လေးလံမှုမျိုး ခံစားလိုက်ရသည်။ သူ့အဆင့်အတန်းနှင့် နည်းနည်းမသင့်တော်သည့် မေးခွန်းမျိုး ပြန်မေးလိုက်သည်။
“ငါဘယ်သူလဲဆိုတာ မင်းသိလား”
မိန်းကလေးက ခေါင်းငြိမ့်သည်။ ထို့နောက် ခေါင်းခါသည်။
“နှစ်ခြောက်ဆယ်ကြာတိုင်း မှော်စက်ဝန်းကိုစောင့်ကြည့်ဖို့ တာအို၊ကွန်ဖြူးရှပ်၊ဗုဒ္ဓ ဆိုတဲ့ ဝါဒသုံးပါးကနေ သူတော်စင်တစ်ယောက် စေလွှတ်တယ်ဆိုတာ ကျွန်မကြားဖူးတယ်။ ဒီအစဉ်အလာဟာ နှစ်ထောင်ချီပြီး ကြာခဲ့ပြီ။
“ပြီးတော့ ဒီနေရာမှာ ပေါ်လာတဲ့လူတွေဟာ အစွမ်းထက်ရတနာတစ်ခုခုပိုင်ဆိုင်ကြတယ်။ ဒါမှမဟုတ် စွမ်းအင်ကျင့်ကြံမှုနှုန်း သူမတူအောင်မြန်ကြတယ်လို့ ကြားဖူးတယ်။ ဒါကြောင့်လည်း ကျွန်မ ဒီကိုလာပြီး အကဲခတ်ကြည့်တာ။ ရှင့်ကိုမြင်ကတည်းက ရှင်ဘယ်လိုလူလဲဆို ချက်ချင်းနားလည်တယ်။ အဲလိုမဟုတ်ရင် ရှင့်ကိုကျွန်မ ဒီလောက်ကြမ်းကြမ်းတမ်းတမ်း တိုက်ခိုက်မှာမဟုတ်ဘူး”
“ဒါဆို မင်းအခု စွန့်ပစ်လိုက်တာက ဘာလဲဆိုတာ သိလား”
ချီကျင်ချွမ်းက မေးလိုက်သည်။
သို့သော် မိန်းကလေးက ပြန်မဖြေ။
မြေတွင်စိုက်ဝင်နေသည့် ဓားအိမ်ထဲမှ ဓားရှည်မှာ ပြင်းထန်စွာ တုန်ခါနေသည်။ စွန့်ပစ်ခံရသည့် ချစ်သူတစ်ယောက် သူ့ကြင်ဖေါ်နှင့် ပြန်ပေါင်းစည်းနိုင်ရန် တောင်းပန်တိုးလျှိုးနေသကဲ့သို့ပင် ဖြစ်သည်။
ထိုအချိန်တွင် ကျောက်ယော်က နောက်သို့လှည့်လာပြီးဖြစ်သည်။ ခပ်လှမ်းလှမ်းမှ မိန်းကလေးကို သေချာအကဲခတ်နေသည်။
ချီကျင်ချွမ်းသည် အသိဉာဏ်နည်းပါးသူမဟုတ်ပါ။ သို့သော် မိန်းကလေး၏ဆုံးဖြတ်ချက်ကို လုံးဝနားမလည်နိုင်အောင် ဖြစ်နေရသည်။ ဓားရှည်ကို မိန်းကလေးထံ အတင်းအကြပ်ပြန်ပေး၍မရနိုင်ပေ။ ထို့ကြောင့် အကြံပေးရုံလောက်သာ တတ်နိုင်ပေသည်။
“ဒီဓားကို မင်းယူသွားသင့်တယ် မိန်းကလေး။ ဒီမြို့က မကြာခင်မှာ ရှုပ်ထွေးလာတော့မှာ။ မင်းကိုယ်မင်းကာကွယ်ဖို့ အပိုတစ်ခုခုရှိနေတာ ပိုကောင်းတာပေါ့”
မိန်းကလေး ဘာမှပြန်မပြောတော့။ လှည့်ထွက်သွားသည်။ ဓားကို ယူမသွားပေ။
ချီကျင်ချွမ်း လက်လျှော့၍ သက်ပြင်းချလိုက်သည်။ အင်္ကျီလက်ကို ဖျတ်ခနဲဝင့်လိုက်သည်။ ဓားရှည်မှာ လွင့်ပျံသွားပြီး ဥမင်တိုင်တစ်ခု၏ အမြင့်တစ်နေရာတွင် စိုက်ဝင်နေသည်။ ထိုဓားကို အတင်းဆွဲနှုတ်သူရှိလျှင် သူသိပေလိမ့်မည်။ ထိုနည်းတူပင် ပုံပြောအဘိုးအို လျှို့ဝှက်လုပ်ဆောင်နေသည့် ယုတ်မာမှုများကိုလည်း သူသိနေသည်။
ကျောက်ယော်ကို ကိုယ်ပိုင်ကျောင်းမှ ကံကြမ္မာလမ်းမှ နေအိမ်သို့ လိုက်လံပို့ဆောင်ပေးပြီးနောက် ချီကျင်ချွမ်း ကိုယ်ပိုင်ကျောင်းဆီ ဖြေးညှင်စွာ ပြန်လျှောက်လာခဲ့သည်။ သူခြေလှမ်းလှမ်းလိုက်တိုင်း အလင်းရောင်တန်းများ ဘေးတစ်ဘက်တစ်ချက်တွင် လှုပ်ရှားနေလေသည်။
သူ့ကိုယ်သူ ရေရွတ်လိုက်သည်။
“ထူးဆန်းတာပဲ။ ဒီမိန်းကလေး ဘယ်ကလာတာလဲ။ ဒီတိုက်နယ်အပြင်ဘက်က မသေမျိုးမိသားစုတစ်ခုခုကများလား”
ကျောင်းသို့ပြန်ရောက်ပြီးနောက် သူ့စားပွဲရှေ့တွင် ထိုင်လိုက်သည်။ စားပွဲပေါ်တွင် ကျောက်စိမ်းပြားတစ်ခု ရှိနေသည်။ တစ်ပေကျော်ရှည်သည်။ ထောင့်လေးထောင့်တွင် တောင်ပုံသဏ္ဌာန်တစ်ခုစီ ရေးထွင်းထားသည်။ စာလုံးများအားလုံးကို အနားသတ်ပေးထားခြင်းဖြစ်သည်။ ကျောက်စိမ်းပြားမျက်နှာပြင်ပေါ်တွင် သေးငယ်သည့်စာလုံးများဖြင့် ပြည့်နေသည့် စာတစ်စုရှိသည်။ အက္ခရာ ၁၀၀ ကျော်ရှိသည်။
ကွန်ဖြူးရှပ်ကျမ်းစာအရ နိုင်ငံအုပ်ချုပ်သူသာလျှင် တော်ဝင်ကျောက်စိမ်းပြားကို ကိုင်ဆောင်ခွင့်ရှိသည်။ ယခုရှိနေသည့် ဤကျောက်စိမ်းပြားသည် ဤမြို့လေးမည်မျှ ထူးခြားထင်ရှားကြောင်း သက်သေပင်ဖြစ်သည်။
ကျောက်စိမ်းပြား နောက်ကျောဘက်တွင် စာနှစ်လုံးသာရှိသည်။ ပုံစံကျ စာလုံးများဖြင့် ရေးထွင်းထားခြင်းသည်။ ကြွရွခံ့ညားနေသည်။
စားပွဲပေါ်တွင် မကြာသေးမီကမှ ရောက်လာသည့် လျှို့ဝှက်စာတစ်စောင်လည်းရှိနေသည်။
သူ့မျက်နှာတွင် မျက်ရည်များဝေ့လာသည်။
“ဆရာ၊ အသုံးမကျတဲ့ ဆရာ့တပည့်ကို ခွင့်လွှတ်ပေးပါ။ ဆရာ့ကို လူတွေလှောင်ရယ်နေကြတာ ကြာခဲ့ပြီ။ ဒါပေမယ့် ကျွန်တော် ဘာမှလုပ်နိုင်စွမ်း မရှိခဲ့ဘူး–“
ပြတင်းပေါက်အပြင်ဘက်သို့ သူငေးစိုက်ကြည့်နေသည်။ ဝမ်းနည်းဝမ်သာ ဖြစ်နေပုံရသည်။ အထီးကျန်မှုနှင့် အားငယ်မှုအရိပ်များလည်း အနည်းငယ်ပေါ်လွင်နေသည်။
“ဆရာ့အတွက် အောင်မြင်အောင် ကျွန်တော်မလုပ်ပေးနိုင်ခဲ့ဘူး။ ဒီဘဝကို ရာစုနှစ်တစ်ခုစာ ကျုပ်တွယ်ကပ်နေခဲ့ပြီးပါပြီ။ အခု ဆရာ့အပေါ် အကြွေးတင်နေတဲ့ ဒီအသက်ကို စွန့်လွှတ်ဖို့ အချိန်ကျလာပြီ”
—————–
အနီရောင်သေတ္တာထဲမှ ပစ္စည်းတစ်ခုကို ဆုန်ကျိရှင်း ဆွဲထုတ်၍ စားပွဲပေါ်တင်လိုက်သည်။ ဖူနန်ဟွား ကြိုးစားဟန်ဆောင်နေသော်လည်း သူ့မျက်နှာတွင် ဝမ်းသာပျော်ရွှင်သည့်အရိပ်များ ဖုံးမနိုင်ဖိမရ ပေါ်လွင်နေသည်။
ထိုပစ္စည်းမှာ ဘေးဘက်မျက်နှာပြင်တွင် “မျောက်” ဟူသည့်စကားလုံး ရေထွင်းထားသည့် လက်ဖက်ရည်အိုးငယ်လေးပင် ဖြစ်သည်။
ကြိုသိနေသည့်အပြုံးမျိုးဖြင့် ဆုန်ကျိရှင်းက လက်နှစ်ဘက်ကို စားပွဲပေါ်တင်၍ ခါးကိုအနည်းငယ်ကိုင်းလျက်
“ဒီလက်ဖက်ရည်အိုးဆို ဘယ်‌လောက်တန်သလဲ”
ဖူနန်ဟွား အတင်းကြိုးစားထိန်းချုပ်လျက် လက်ဖက်ရည်အိုးမှ မျက်လုံးခွာလိုက်သည်။ ဆုန်ကျိရှင်းကို မော့ကြည့်၍ ရိုးသားသည့်ဟန်ပန်ဖြင့်
“ဒါကို အပြင်စျေးမှာရောင်းရင်တော့ ငွေတုံးတစ်တုံတောင်း မရလောက်ဘူး။ ဒါပေမယ့် မင်းငါ့ကို ယုံကြည်မယ်ဆိုရင် ဒီအိုးကို မြို့တော်တစ်ခုနဲ့တောင် အလဲအလှယ်လုပ်ပေးနိုင်ပါတယ်”
“အဲဒီ့မြို့က လူဘယ်လောက်နေတဲ့ မြို့တော်မျိုးလဲ”
ဆုန်ကျိရှင်းက မေးသည်။
ဖူနန်ဟွား လက်သုံးချောင်း ထောင်ပြလိုက်သည်။
ဆုန်ကျိရှင်းက ခေါင်းတစ်ချက်ငြိမ့်၍ တွေးတွေးဆဆပုံစံဖြင့်
“လူသုံးသိန်းပေါ့။ ဪ သိပါပြီ”
သူ့အပြောကြောင့် ဖူနန်ဟွား အံ့ဩသွားရသည်။ ထို့နောက် တဟားဟား အော်ရယ်မိလေသည်။ ဆုန်ကျိရှင်းက လူသုံးသောင်းဟု ပြောမည်ထင်ခဲ့သောကြောင့်ပင် ဖြစ်သည်။
———
ဆီးပန်းသီးလမ်းတွင် ဉာဏ်ထက်မြက်ပုံရသည့် သက်လတ်ပိုင်းလူတစ်ယောက် သံသော့အိမ်ရေတွင်းဘေးတွင် ဆောင့်ကြောင့်ထိုင်ကာ ရေငင်ဒလက်တုံးမှ တွဲလောင်းကျနေသည့် သံကြိုးကို စိုက်ကြည့်နေသည်။ ထိုသံကြိုးအား မည်သို့ယူသွားရမည်ကို စဉ်းစားနေဟန်ရှိသည်။
———
မျက်နှာကာ ဦးထုပ်ဆောင်းထားသည့် အနက်ရောင်ဝတ်ရုံရှင်မိန်းကလေးသည် မြို့ထဲတွင် ခြေဦးတည့်ရာ လျှောက်သွားနေသည်။ ယခု သူ့ခါးတွင် ဓားမောက်တစ်ချောင်းသာ ချိတ်လျက်ရှိတော့သည်။ သူ့လက်နှစ်ဘက်ကို ဖြစ်သလို ပတ်တီးစည်းထားသည်။
အမည်မသိလမ်းကြားတစ်ခုသို့ ရောက်လာချိန်တွင် အရာဝတ္ထုတစ်ခု လေထဲမှ ရုတ်တရက်လွင့်ပျံလာပြိး သူ့နောက်တွင် ရပ်တန့်ကာ တဝီဝီ အသံမည်နေသည်။
သူ့မျက်ခုံးနှစ်ဘက် အနည်းငယ်ကျုံ့ဝင်သွားသည်။ နောက်သို့ လှည့်မကြည့်ဘဲ အံတစ်ချက်ကြိတ်လျက် အော်ဟစ်လိုက်သည်။
“ထွက်သွားစမ်း”
သူ့ဓားရှည်မှာ ဓားအိမ်ထဲမှထွက်ကာ သူ့နောက်သို့ ပျံသန်းလိုက်လာခဲ့ခြင်းဖြစ်သည်။ ယာခု ကြောက်လန့်တကြားဖြင့် ဓားအိမ်ရှိရာသို့ ပြန်လည်ထွက်ခွာသွားရလေသည်။
မာနရှင်မိန်းကလေးနှင့် သစ္စာရှိဓားပျံမှာ လက်တွဲမညီကြတော့။

Comment

Leave a Reply

Options

not work with dark mode
Reset