Switch Mode

အခန်း (၁၀)

အမဲလိုက်ဗီဇ

ဆိုခဲ့သလိုပင်။ ချိုင်ကျင်ကျန်းက ခြေလှမ်းနောက်ပြန်ဆုတ်၍ သွားနေခြင်းဖြစ်သည်။ ရုတ်တရက် ခွေးချေးပုံကို နင်းမိသည်။ ခြေထောက်အောက်မှ ထူးခြားသည့်အထိအတွေ့ကို သူခံစားလိုက်ရသည်။
ခွေးချေးပုံကို တက်နင်းမိသည်ထက် ပို၍ရှက်စရာကောင်းသည်မှာ ကိုယ်တက်နင်းမိသည့်အဖြစ်ကို တစ်ခြားလူက မြင်သွားခြင်းဖြစ်သည်။ ထိုထက်ပိုရှက်စရာကောင်းသည်မှာ ကိုယ်တက်နင်းမိသည်ကို တစ်ခြားလူက ထုတ်ပြောလိုက်ခြင်းပင် ဖြစ်ပေသည်။
ချိုင်ကျင်ကျန်းသည် အလွယ်တကူ ဒေါသထွက်တတ်သူမဟုတ်။ အခက်အခဲကို သီးမခံနိုင်သည့် နွဲ့နွဲ့နောင်းနောင်း မိန်းကလေးတစ်ယောက်မဟုတ်ပေ။ တိမ်အာရုဏ်‌တောင်တန်းသခင်၏ မျိုးဆက်ပေါင်းများစွာထဲတွင် ထူးခြားထင်ရှားလာခြင်းက သူ့စိတ်ဓာတ်မည်သို့ရှသည်ကို သက်သေခံနေပေသည်။ တိမ်အာရုဏ်တောင်တန်းသည် အရွယ်စုံတောင်ထိပ်ဆယ့်ရှစ်ခု ပါဝင်သည့် နယ်မြေတစ်ခုဖြစ်သည်။ တစ်နှစ်ပတ်လုံး တိမ်မြူဆိုင်းနေသည့် နေရာဖြစ်သည်။
သူတို့‌တောင်တန်းမှ ထုတ်လုပ်သည့် တိမ်မူလကျောက်တုံးသည် တာအိုလမ်းစဉ်၏ ပညာရပ်တစ်ခုဖြစ်သည့် အဂ္ဂရိတ်ပညာ လေ့လာလိုက်စားသူများအတွက် အရေးကြီးသည့် ပစ္စည်းဖြစ်သည်။ ထိုကျောက်တုံးမျိုးသည် စင်ကျယ်မှုပင်ကိုယ်သဘာဝကြောင့် နာမည်ကျော်ကြားသည်။ သန့်ရှင်းစင်ကြယ်မှုအရာတွင် ပြိုင်ဘက်ကင်းသည်။ ထို့ကြောင့် တိမ်အာရုဏ်တောင်တန်းမှ လူများအတွက် သန့်ရှင်းစင်ကြယ်မှုသည့် ပထမဦးစားပေးဖြစ်သည်။ ချိုင်ကျင်ကျန်းအပါအဝင် လူအများစုက အရွံအရှာကြီး၍ အသန့်ကြိုက်ကြသည်။ဤမြို့လေးသာ အရေးပါသည့်နေရာ မဟုတ်ခဲ့လျှင် ချိုင်ကျင်ကျန်း လာခဲ့မည်မဟုတ်။ တိရစ္ဆာန်အညစ်အကြေးနှင့် ရွံ့ဗွက်များ ပြန့်ကျဲနေသည့် ကြွေပန်းအိုးလမ်းကို ခြေချရန်ဆိုသည်မှာ ပြောနေစရာပင် မလိုတော့။
ချိုင်ကျင်ကျန်း ဒေါသအထွက်ရဆုံး ကိစ္စရှိသေးသည်။ သူတို့အားလုံးသည် အဆင့်မြင့်စွမ်းအားကြီးမသေမျိုးများ ဖြစ်သည်။ သို့သော် ဤမြို့သို့ ရောက်လာကတည်းက သောင်ပြင်လွှတ်ခံရသည့် ငါးများကဲ့သို့ ဖြစ်သွားကြသည်။ သူတို့ရရှိထားသည့် အရာအားလုံး သိမ်းယူခံလိုက်ရသည်။ အဆင့်မြင့်ဘုံတွင်နေကြသည့် သူ့တို့၏စွမ်းအားကြီး မျိုးနွယ်များ၊ တောင်နှင့်မြစ်များကို ရွှေ့ပစ်နိုင်သည့် သူတို့၏ လျှို့ဝှက်စွမ်းအားများ။ နတ်ဆိုးများကို မွေးမြူထိန်းချုပ်၍ နတ်ဘုရားများကို သတ်နိုင်သည့် သူတို့၏စွမ်းအားကြီးရတနာများ။ အားလုံးကို ဖယ်ရှားခံလိုက်ရသည်။
ထို့ပြင် ယခုသူ ခွေးချေးပုံပေါ် နင်းမိနေပြန်သည်။
ဖူနန်ဟွားမှာ ထိုအဖြစ်ကိုမြင်ပြီး ကျိတ်ပြုံးနေလေသည်။ တိမ်အာရုဏ်တောင်တန်းမှ စင်ကြယ်သန့်ရှင်းသည့် မိုးနတ်မယ်ချိုင်က စေးကပ်နံစော်သည့် ခွေးချေးပုံပေါ် တက်နင်းမိနေသည်မဟုတ်ပါလား။
သို့သော် ထိုခဏမှာပင် သူမျက်နှာမှ အပြုံးရိပ်များ ပျောက်ကွယ်သွားပြီး အလျင်အမြန် လှမ်းအော်လိုက်သည်။
“ရပ်လိုက်”
မြေစည်းရိုးပေါ်တွင် ရပ်နေသည့် ဆုန်ကျိရှင်းလည်း မျက်လုံးပြူးသွားသည်။ သူ့လက်ထဲမှ ကျောက်စိမ်းတံဆိပ်ပြားကို တင်းကြပ်စွာ ဆုပ်ထားလိုက်မိသည်။
အဘယ့်ကြောင့်ဆိုသော် ချိုင်ကျင်ကျန်းက ချန်ပင်အန်းဆီ ခုန်လွှားရောက်ရှိသွားသောကြောင့်ဖြစ်သည်။ ခြေတစ်လှမ်းတည်း လှမ်းခုန်လိုက်ကဲ့သို့ပင် ဖြစ်သည်။ ဖြူဖွေးသွယ်လျှသည့် သူ့လက်များက ချင်ပင်အန်းငယ်ထိပ်ဆီသို့ လျှင်မြန်စွာ ပျံဝဲသွားသည်။ ထိုအချိန်လေးတွင် ဖူနန်ဟွားက လှမ်းတားလိုက်ခြင်းဖြစ်သည်။ ချိုင်ကျင်ကျန်း၏လက် တုံ့ခနဲရပ်သွားပြီး အမြန်ရုတ်သည်။ ထို့နောက် လက်ကိုညင်သာစွာပြန်မြှောက်၍ ချစ်ခင်ရင်းနှီးသည့်အမူအရာမျိုးဖြင့် ချန်ပင်အန်းဦးခေါင်းကို အသာအယာပုတ်လိုက်သည်။
ချန်ပင်အန်းမျက်လုံးနှင့် တစ်တန်းတည်းဖြစ်သွားစေရန် ခါးနည်းနည်းကုန်း၍ စိုက်ကြည့်လိုက်သည်။။ ချန်ပင်အန်းမျက်လုံးများက ရေကဲ့သို့ကြည့်လင်နေသည်။ ချိုင်ကျင်းကျန်း သူ့အရိပ်သူပင် ပြန်မြင်ရမတတ်ဖြစ်နေသည်။ သို့သော် ထိုအသေးအဖွဲများကို သူစိတ်မဝင်စား။ သူ့မျက်နှာတွင် ဟန်ဆောင်ပြုံးတစ်ခု ပေါ်လာသည်။
“မင်းဘာလုပ်လိုက်တယ်ဆိုတာ ငါသိပါတယ်။ ငါ့ကို တမင်တကာ အချိန်လွန်မှ သတိပေးခဲ့တာမဟုတ်လား”
ဖူနန်ဟွား သက်ပြင်းကို ကျိတ်၍ချလိုက်သည်။ ချင်ကျင်ကျန်းသာ နေ့ခင်းကြောင်တောင် လူသတ်လိုက်လျှင် သူတို့နှစ်ယောက်လုံး ဤမြို့မှ နှင်ထုတ်ခံရမည်မှာ သေချာသလောက်ရှိနေသည်။ ထို့အပြင် တိမ်အာရုဏ်တောင်တန်းလည်း သူ့လုပ်ရပ်ကြောင့် လူအများလှောင်ရယ်စရာ ဖြစ်လာပေလိမ့်မည်။
ဖူနန်ဟွားမျက်နှာ တင်းမားလာသည်။ သူတို့လက်သုံးဘာသာစကားဖြင့် လှမ်းပြောလိုက်သည်။
“မလုပ်ခင် အရင်တွေးပါ ချိုင်ကျင်ကျန်း။ ဒီလို လက်လွတ်စပယ်လုပ်နေရင် ပူးပေါင်းထားတဲ့ကိစ္စကို ငါဖျက်သိမ်းမိလိမ့်မယ်။ မင်းလုပ်ရပ်ကြောင့်‌တော့ ငါ့အစီအစဉ်တွေ အပျက်စီးမခံနိုင်ဘူး”
ချိုင်ကျင်ကျန်းက ဖူနန်ဟွာကို ကျောပေးထားသည်။ ဒေါသများလျော့ပါးသွားစေရန် စိတ်ငြိမ်စေသည့် မန္တာန်တစ်ခုကို အမြန်ရွတ်ဆိုလိုက်သည်။
ထို့နောက် ချက်ချင်းနောက်လှည့်ကြည့်လျက် ဖူနန်ဟွားကို တောင်ပန်သည့်အပြုံးမျိုး ပြုံးပြလိုက်သည်။
“စိတ်လွတ်သွားမိတာ တောင်းပန်ပါတယ်။ ဒီမှာရှိနေတဲ့အချိန်အတွင်း ဒီလိုထပ်မဖြစ်စေရဘူးလို့ ကတိပေးပါတယ်”
“သေချာတယ်နော်”
ဖူနန်ဟွားက အေးစက်စက်ပြုံး၍ မေးလိုက်သည်။
ချိုင်ကျင်ကျန်း ပြုံးနေသည်။ ဘာမှပြန်မပြောတော့။ ထို့နောက် ချန်ပင်အန်းဘက်သို့ ပြန်လှည့်လိုက်သည်။ သူ့လက်သုံးဘာသာစကားဖြင့် သူ့ဘာသာခပ်တိုးတိုးရေရွတ်လိုက်သည်။
“ငါတို့ တိမ်အာရုဏ်တေင်တန်းဟာ ဗုဒ္ဓဝါဒဂိုဏ်းငါးခုထဲက တစ်ခုကနေ ဆင်းသက်လာတာ။ ငါတို့သင်ယူရတဲ့ အရေးအကြီးဆုံးအရာတစ်ခုက စိတ်ဆန္ဒတွေကို ထိန်းကျောင်းပြီး လောကီအာရုံတွေကို ရှောင်ကြဉ်နိုင်ဖို့ပဲ။
ဒီကိုမလာခင်က အဲဒါတွေ ဘာပြောမှန်းတောင်မသိခဲ့ဘူး။ စီနီယာတွေကလည်း ရှင်းရှင်းလင်းလင်း ပြောမထားဘူး။ ငါ့ဘာသာငါ အဖြေရှာဖို့ပဲ ပြောခဲ့တယ်။ မင်းတို့လမ်းထဲက ခွေးချေးပုံတက်နင်းမိပြီးမှ ဒီသဘောတရားတွေကို ငါနားလည်လာရမယ်လို့ ထင်မထားခဲ့ဘူး”
“ခင်ဗျားခြေထောက်မှာ ခွေးချေးတွေပေနေတုန်းပဲလေ။ ဘာလို့ သုတ်မပစ်သေးတာလဲ”
ချန်ပင်အန်းက နားမလည်ဟန်ဖြင့် မေးသည်။
စိတ်ငြိမ်မန္တာန်ရွတ်ထား၍ တည်ငြိမ်သည့် ချိုင်ကျင်ကျန်းမှာ ချန်ပင်အန်းစကားကြောင့် ခံစားချက်များ လှုပ်ရှားလာပြန်သည်။ သူ့မျက်နှာတွင် ဒေါသရိပ်များသန်းလာသည်။ သို့သော် ဖူနန်ဟွား၏ သတိပေးချက်ကို မှတ်မိနေဆဲဖြစ်၍ ချန်ပင်အန်းနဖူးကို လက်ချောင်းဖြင့် ခပ်ဆတ်ဆတ်ထောက်၍ ဒေါသဖြေလိုက်သည်။ အေးစက်တင်းမာသည့်မျက်နှာဖြင့်
“အရိုအသေမဲ့တဲ့လူဟာ စောစောသေရတတ်တယ်၊ ပါးစပ်ကြမ်းတဲ့လူဟာ ကံဆိုးတတ်တယ်ဆိုတဲ့စကား မင်းမကြားဖူးဘူးလား”
ချိုင်ကျင်ကျန်းက နဖူးကို လက်ညှိုးဖြင့် ဖိထောက်ထားသည်ကို ချင်ပင်အန်း သိပ်အရေးမစိုက်ပေ။ ဆုန်ကျိရှင်းဘက်သို့လှည့်၍ ငြိမ်သက်စွာ စိုက်ကြည့်နေလေသည်။
ထိုသို့ကြည့်လာသဖြင့် ဆုန်ကျိရှင်း ဒေါသပေါက်ကွဲသွားသည်။
“မင်းဘာကြည့်နေတာလဲ ချန်ပင်အန်း။ ဘာသဘောနဲ့ မင်းငါ့ကို ဒီလိုကြည့်နေတာလဲကွ””
ထိုအချိန်ကျမှ ဆုန်ကျိရှင်း၏အိမ်ထဲသို့ ဝင်သင့်ပြီဖြစ်ကြောင်း ဖူနန်ဟွား ကိုယ့်ကိုယ်ကိုယ် သတိထားမိလာသည်။ သူ့မျက်နှာတွင် အလိုမကျသည့်အရိပ်များ ပေါ်လွင်လာသည်။ ချိုင်ကျင်ကျန်းဘက်သို့ စိတ်ပျက်ဟန်ဖြင့် လှည့်ကြည့်၍
“မဟာတာအို ရှာနေတာကို ခွေးချေးပုံတက်နင်းမိလို့ဆိုပြီး အချိန်ဆွဲနေတဲ့လူမျိုးလည်း ရှိနေပါလား။ ဒီလောက် ရူးမိုက်တဲ့လူ ငါတစ်ခါမှမတွေ့ဖူးဘူးကွာ”
ဖူနန်ဟွား၏ တမင်ရွဲ့ပြောသည့်စကား ကြားရသော်လည်း ချိုင်ကျင်ကျန်းပုံစံက ထူးထူးခြားခြား တည်ငြိမ်နေသည်။ ချန်ပင်အန်းကို နောက်ဆုံးတစ်ကြိမ်ကြည့်၍ လှည့်ထွက်လိုက်သည်။။
ထိုစဉ် ချန်ပင်အန်းက ရုတ်တရက် လှမ်းပြောလိုက်ပြန်သည်။
“ခင်ဗျားမျက်တောင်တွေက အတော်ရှည်တာပဲနော် အမ”
‘အောက်တန်းစားကောင်ကများ ငါ့ကိုသူနဲ့တန်းတူလို စကားပြေားရဲတယ်ပေါ့”
ချိုင်ကျင်ကျန်း ဒေါသထွက်သွားသည်။ ချက်ချင်းနောက်ပြန်လှည့်၍ ပါးစပ်ဆိုးသည့်လူငယ်လေးကို သင်ခန်းစာပေးရန် ဆုံးဖြတ်လိုက်သည်။ ချန်ပင်အန်းသည် အပြင်ပန်းတွင် ရိုးသားဖြူစင်ဟန်ရှိသော်လည်း မြေခွေးကဲ့သို့ ကောက်ကျစ်ယုတ်မာသည့်လူဟု သူစိတ်ထဲတွင် ထင်နေလေသည်။
ဤမြို့သိုဝင်လာကတည်းက သူတို့အားလုံး ကန့်သတ်ခံထားရသည်။ ရတနာလက်နက်နှင့် ကျင့်ကြံမှုစွမ်းအားကို အသုံးပြုနိုင်စွမ်းမရှိ။ သို့သော် သူသည် ငယ်ကတည်းက ကျင့်ကြံခွင့်ရခဲ့သူဖြစ်သည်။ ကျင့်ကြံမှုကြောင့် ခန္ဓာကိုယ်တည်ဆောက်မှု ပုံမှန်တိုးတက်ခဲ့သည်။ တိုးတက်မှုက မသိသာလှ။ သိုင်းပညာအဓိကထား၍ လေ့ကျင့်သူတို့ကို မမီပေ။ သို့သော် မည်သို့ပင်ဆိုစေ ဤမြို့ငယ်လေးတွင် တစ်သက်လုံးနေထိုင် ကြီးပြင်းလာသည့် လူငယ်တစ်ယောက်ကိုတော့ အလွယ်တကူ အနိုင်ယူနိုင်စွမ်းရှိပေသည်။
ထိုလူငယ်ခန္ဓာကိုယ်မှ အဓိကသွေးကြောတစ်ချို့ကို ဦးတည်တိုက်ခိုက်လိုက်ရုံသာဖြစ်သည်။ ရောဂါပေါင်းစုံ ဝင်လာပြီး ‌စောစောစီစီး သေသွားပေလိမ့်မည်။ အလွန်တရာလွယ်ကူသည်။
သို့သော် အလင်းမှိန်နေသည့် လမ်းကြားကို သူလှမ်းကြည့်လိုက်ချိန်တွင် မည်းနက်သည့်မျက်နှာနှင့် တောက်ပသည့်မျက်လုံးတစ်စုံက စိုက်ကြည့်နေသည်ကို တွေ့လိုက်ရသည်။
ထိုအရာကိုမြင်သည်နှင့် ချိုင်ကျင်ကျန်းမျက်လုံးများ ချက်ချင်းအရောင်တစ်မျိုးပြောင်းလာသည်။ မိန်းမသားတို့၏ စာနာသနားသည့်စိတ်မျိုး သူ့ရင်ထဲတွင် ထူးဆန်းစွာ ဖြစ်ပေါ်လာသည်။ ထို့နောက်တွင် သူ့မျက်လုံးမှ သနားရိပ်များ ဖြေးဖြေးချင်း မှေးမှိန်သွားပြီးနောက် အပြုံးတစ်ခုပေါ်လာသည်။ သူ့ခေါင်းထဲသို့ ထူးဆန်းသည့်အတွေးတစ်ခုဝင်လာသည်။
အတွင်းနတ်ဆိုးကို အောင်နိုင်ရန် အခွင့်ကောင်းတစ်ခု ရှိနေပြီဟူသည့် အတွေးပင် ဖြစ်သည်။
တိမ်အာရုဏ်ခေါင်းဆောင်ကြီး တိမ်အာရုဏ်တောင်တန်းဂိုဏ်းကို စတည်ထောင်ကတည်းက အတုမဲ့အယူအဆတစ်ခု ရှိခဲ့သည်။ လောက၏ တွေ့ဆုံကြုံကွဲ အဖြစ်အားလုံးသည် စမ်းသပ်ချက်များသာ ဖြစ်သည်။ အထက်သို့ အဆင့်တက်လှမ်းရန် ဖြတ်ကျော်ရမည့် ကံကြမ္မာအခွင့်အလမ်းများဖြစ်သည်ဟူ၏။
ထိုစမ်းသပ်ချက်တို့ကို ဖြတ်ကျော်ရာတွင် ပုံသေသတ်မှတ်ချက်မရှိ။ အဆင့်တက်လှမ်းလိုသူက မိမိဘာသာ အဖြေထုတ်၍ စဉ်းစားရသည်။
ယခု ချိုင်ကျင်ကျန်းမှာ ထိုသို့အဖြေထုတ်နေရသည့် အခြေအနေမျိုးဖြစ်သည်။
အနိုင်ယူရမည်ဟူသည့် ထူးဆန်းသည့် လောကအာရုံကို သူတွေ့ပြီဟု ခံစားနေရသည်။ သူ့ရှေ့မှ လူငယ်ပင်ဖြစ်သည်။
ထို့ကြောင့် သူ့လက်ဝါးကို နောက်တစ်ကြိမ်မြှောက်၍ ချန်ပင်အန်းရင်ဘတ်ပေါ်တင်ကာ ညင်သာစွာ ဖိနှိပ်လိုက်သည်။ လှုပ်ရှားမှုက အလွန်တရာ သွက်လက်ညင်သာသည်။ ချန်ပင်အန်း နောက်သို့ ခြေလှမ်းတစ်ဝက်ခန့် ဆုတ်လိုက်သော်လည်း ချိုင်ကျင်ကျန်း၏ လက်ဝါးကို မရှောင်နိုင်ခဲ့ပေ။
ဖူနန်ဟွားက ချိုင်ကျင်ကျန်း၏ စွဲမက်ဖွယ်ကိုယ်လုံးကို စိုက်ကြည့်နေသည်။ သို့သော် တပ်မက်သည့် အာရုံမျိုး နည်းနည်းမှမရှိပေ။ သူ့စိတ်တွင် လူသတ်လိုသည့် ဒေါသများသာ ပြည့်နေသည်။ သတ်ဖြတ်ချင်စိတ်ကို အတင်းထိန်းချုပ်၍ သူတို့လက်သုံးဘာသာစကားဖြင့် ဒေါသတကြီး လှမ်းအော်လိုက်သည်။
“နဖူးကို ထောက်လိုက်တာနဲ့တင် သူ့တစ်သက်လုံး ရောဂါပေါင်းစုံ ခံစားပြီးနေသွားရတော့မှာပါ။ အဲလောက်အပြစ်ပေးရင် တော်လောက်ပြီပေါ့။ မင်းဘာလို့ တရားလွန်လုပ်ရတာလဲ။ မင်းရူးသွားပြီလား ချိုင်ကျင်ကျန်း။ အောက်တန်းစားငတုံးတစ်ကောင်ကို လက်စားချေဖို့ မင်းရဲ့မဟာတာအိုလမ်းစဉ်ကို လက်လွှတ်ခံတော့မှာလားကွ”
ချိုင်ကျင်ကျန်းက သူ့စကားများကို အရေးမစိုက်ပေ။ ဖူနန်ဟွားက သူ့စိတ်သူပြန်ထိန်း၍ အသံကိုနှိမ့်ကာ လှောင်သံပါပါဖြင့် ပြောလိုက်သည်။
“တိမ်အာရုဏ်တောင်တန်းရဲ့ နာမည်ကျော် ချိုင်ကျင်ကျန်းက အမြင်ကျဉ်းလွန်းလို့ ပညာမဲ့လူငယ်တစ်ယောက်နဲ့ တန်းတူအဆင့်ကို ရောက်သွားပြီပဲ။ မင်းကိုယ်မင်း မရှက်ဘူးလား”
ချိုင်ကျင်ကျန်းက သူ့ကို အပြုံးဖြင့် လှည့်ကြည့်သည်။
“ဒီလမ်းကြားဟာ ငါ့အတွက် တကယ့်ကို မင်္ဂလာရှိတဲ့နေရာပဲ။ ဒီလိုအခြေအနေမျိုးမှာ ကံကြမ္မာအခွင့်အလမ်းတစ်ခု ရလိမ့်မယ်လို့ ထင်မထားဘူး။ အရမ်းထူးခြားတာမျိုးမဟုတ်ပေမယ့် တကယ့်နိမိတ်ကောင်းတစ်ခုပဲ။ အခုငါ ဟိုကုစန်းဆိုတဲ့ကောင်လေးအပေါ် ပိုပြီးယုံကြည်မှုရှိလာပြီ”
သူ့စကားကြောင့် ဖူနန်ဟွား အံ့အားသင့်သွားသည်။
‘ခုနက သူတကယ် ဉာဏ်အလင်းတစ်ခုခု ရသွားတာလား’
ချိုင်ကျင်ကျန်း သူ့ခြေထောက်ကိုမ၍ ဖိနပ်တွင်ကပ်နေသည့် ရွံစရာအညစ်အကြေးများကို ကြည့်၍ တခစ်ခစ်ရယ်နေသည်။
“တကယ်တမ်းတွေးကြည့်တော့လည်း ငါ့ကို ကံအခွင့်အလမ်းပေးတာ ဒီခွေးချေးပါပဲလား”
ဆုန်ကျိရှင်းမျက်နှာတွင် သံသယရိပ်များပေါ်လာသည်။ ဘာကိုသံသယဖြစ်နေမှန်းလည်း သူ့ကိုယ်သူ မပြောတတ်ပေ။
ထိုအချိန်တွင် ငြိမ်ရပ်နေသည့် ကျီကွေ့၏မျက်လုံးသူငယ်အိမ်ထဲ၌ ရွှေရောင်အလင်းများ ရုတ်တရက်တောက်ပလာသည်။ သို့သော် ချက်ချင်းပင် ပြန်လည်ပျောက်ကွယ်သွားသည်။
ထိုစဉ် ဖူနန်ဟွားကလည်း ထူးဆန်းသည့် သိစိတ်စွမ်းအင်လှိုင်းတစ်ခုကို ဖျတ်ခနဲ အာရုံခံစားမိလိုက်ဟန်တူသည်။ ပတ်ဝန်းကျင်ကို ချက်ချင်းလှည့်ပတ်၍ စူးစမ်းလိုက်သည်။ သို့သော် ဘာမှ ထူးထူးခြားခြားမတွေ့။ နောက်ဆုံးတွင် ကျီကွေ့ကို တစ်ချက်အကဲခတ်သည်။ သို့သော် မူမမှန်သည့်လက္ခဏာမျိုး မရှိ။ ထို့ကြောင့် ခုနက သူ့စိတ်တွင်ဖြစ်ပေါ်လာသည့် သိစိတ်အာရုံလှိုင်း ရိုက်ခတ်မှုမှာ ချိုင်ကျင်ကျန်း၏ ရူးရူးမိုက်မိုက် လုပ်ရပ်များကြောင့် မြို့ကိုစောင့်ကြည့်နေသည့် သူတော်စင်က သတိထားမိသွားခြင်းဖြစ်လိမ့်မည်ဟုသာ သူကောက်ချက်ချလိုက်လေသည်။။
ချိုင်ကျင်ကျန်းစိတ်များ အစောပိုင်းကထက်ပို၍ ကြည်လင်လာသည်။ သူ့စိတ်တွင် ရှုပ်ထွေးနေခဲ့သည့် အတွေးစများကို ပြန်သုံးသပ်နိုင်လာသည်။
သူရလိုက်သည့်အခွင့်အလမ်းက သေးသေးမွှားမွှားတော့မဟုတ်ပေ။
ဤမြို့သို့လာရသည့် သူ့ရည်ရွယ်ချက် နှစ်ခုရှိသည်။ ပထမတစ်ခုမှာ တိမ်အာရုဏ်တောင်တန်း၏ ဂိုဏ်းအမွေအနှစ်များကို ထိန်းသိမ်းနိုင်သည့် အစွမ်းထက် မသေမျိုးရတနာတစ်ခု လိုအပ်နေ‌သောကြောင့်ဖြစ်သည်။ ထိုအမွေနှစ်များသည် ယခုနှစ်များအတွင်း တဖြေးဖြေးယိုစိမ့်လာသည်။ နောက်ရည်ရွယ်ချက်မှာ တောင်တန်းသခင်ရာထူးအမွေဆက်ခံနိုင်ရန် သူ့အဆင့်အတန်းကို ပို၍ခိုင်မာအောင် လုပ်လိုသောကြောင့် ဖြစ်သည်။
ချိုင်ကျင်ကျန်း ကျီကွေ့ဆီသို့ လျှောက်သွားရန် လှည့်လိုက်သည်။ ထိုစဉ် ချန်ပင်အန်းက ရုတ်တရက် မေးလိုက်သည်။
“ခင်ဗျားခုနက ကျုပ်ကို တစ်ခုခုလုပ်လိုက်တာလား”
“ကြောက်တတ်လိုက်တာ ကောင်းလေးရယ်”
ချိုင်ကျင်ကျန်းက လှည့်မကြည့်ပဲ ပြောလိုက်သည်။
ချန်ပင်အန်း အသံတိတ်သွားသည်။ ထိုစဉ် ချိုင်ကျင်ကျန်းက ရုတ်တရက် သူ့ကိုလှည့်ကြည့်၍ ပြုံးလိုက်သည်။
“မင်း နောက်ထပ် အလွန်လုံး နှစ်ဝက်လောက်ပဲ အသက်ရှင်နိုင်တော့မှာ”
ရုတ်တရက် ကြားလိုက်ရသည့်စကားကြောင့် ချန်ပင်အန်း မှင်သက်မိသွားသည်။ ချိုကျင်ကျန်းက သူ့ပုံစံကိုကြည့်၍ ပျော်နေသည်။
“ငါ နောက်နေတာပါ။ မင်း ငါပြောတဲ့စကားကို တကယ်ယုံမယ်လို့ ထင်မထားဘူး”
ချန်ပင်အန်း ပြုံးပြလိုက်သည်။
သူ့အပြုံးကြောင့် ဖူနန်ဟွားနှင့် ချိုင်ကျင်ကျန်းတို့ ရင်ထဲတွင် စိတ်ပျက်ရွံရှာသည့်ခံစားချက်များ ပေါ်လာသည်။ ချန်ပင်အန်းသည် တကယ်တုံးအ၍ ဘာမျှအသုံးမကျသည့် လူတစ်ယောက်ဟု သူတို့ထင်မိကြသည်။
ဆုန်ကျိရှင်းက စည်းရိုးနံရံပေါ်တွင်ထိုင်လျက် အဖြစ်အားလုံးကို စိုက်ကြည့်နေသည်။ နားထင်နှစ်ဘက်ကို လက်ဖြင့်နှိပ်လျက် အလေးအနက်တွေးနေဟန်ရှိသည်။ သူ့ထံတွင် ထိုအမူအရာမျိုး မြင်ရခဲလှသည်။
ချိုင်ကျင်ကျန်းက ကျီကွေ့နှင့်အတူ ကုစန်းကိုရှာရန် ထွက်သွားသည်။ ချန်ပင်အန်းလည်း သူ့အိမ်ခြံဝင်းဆီ လျှောက်သွားသည်။ သို့သော် ပွဲကြည့်ပရိတ်သတ်ဖြစ်သည့် ဆုန်ကျိရှင်းမှာ စည်းရိုးပေါ်တွင်ထိုင်လျက် ငေးငိုင်နေဆဲ ဖြစ်သည်။
ကြွေပန်းအိုးလမ်းပေါ်တွင် အတော်ကြာအောင်ရပ်လျက် ထွက်သွားသည့် ချိုင်ကျင်အန်းအား ငေးစိုက်ကြည့်နေသည့် ခပ်ပိန်ပိန်ကောင်လေးတစ်ယောက်ကို သူမြင်နေရသည်။ ထို့နောက် ထိုကောင်လေးက ချက်ချင်းအကြည့်လွှဲကာ သူ့ခြံဝင်းတံခါးဆီ လျှောက်သွားပြီး တံခါးကိုတွန်းဖွင့်သည့်။ တံခါးက တော်ရုံဖြင့်မပွင့်သဖြင့် အတင်းတွန်းဖွင့်နေသည်။
ယခုလိုခံစားနေရသည်ကို ဆုန်ကျိရှင်း မုန်းတီးသည်။ ချန်ပင်အန်းသည် ဘာမှထူးခြားသည်မဟုတ်။ သို့သော် တစ်ခါတစ်ရံ ထိုချန်ပင်အန်းသည် အိမ်သာခွက်ထဲတွင် ဆို့နေသည့် ကျောက်ခဲတစ်လုံးနှင့်တူသည်။ မဖယ်ရှားပဲထားလျှင် အနှောက်အယှက်ဖြစ်သည်။ ဖယ်ရှားမည်ဆိုလျှင်လည်း လက်များညစ်ပေသွားပေလိမ့်မည်။
ဆုန်ကျိရှင်း အတွေးထဲတွင် နစ်မျောနေသဖြင့် သူ့နောက်မှ ဖူနန်ဟွားပြောသည့်စကားကို မကြားလိုက်။ ထို့ကြောင့် ဖူနန်ဟွားကို ထပ်ပြောခိုင်းရသည်။
“ဆုန်ကျိရှင်း၊ မင်းနဲ့ အဲဒီ့ကောင်လေးလိုမဟုတ်တဲ့လူတွေ အပြင်ကမ္ဘာမှာရှိတယ်ဆိုတာ မင်းသိလား”
ဆုန်ကျိရှင်း အသိပြန်ဝင်လာသည်။ စည်းရိုးပေါ်တွင် ထိုင်နေရင်းမှ နောက်ပြန်လှည့်ကာ ဖူနန်ဟွားကို ငုံ့ကြည့်၍ မထူးဆန်းလေဟန်ဖြင့်
“သိပါတယ်”
မျှော်လင်မထားသည့် အဖြေကြောင့် ဖူနန်ဟွား အံ့အားသင့်သွား။ဆုန်ကျိရှင်း မသိလောက်ဟု ထင်ခဲ့သည်။ ရှင်းပြရန် တောင်းဆိုလိမ့်မည်ဟု ထင်ထားသည်။ ဆုန်ကျိရှင်းပုံစံမှာလည်း လိမ်ပြောနေဟန်မရှိ။ ထို့ကြောင့် ပြုံးရွှင်သည့်မျက်နှာဖြင့် ပြန်မေးလိုက်သည်။
“မင်းတကယ်သိတယ်ပေါ့”
ဆုန်ကျိရှင်းက မျက်နှာတင်းတင်းဖြင့် မဲ့ပြုံးပြုံးလျက်
“ခင်ဗျားပြောချင်တာက အပြင်ကမ္ဘာမှာ သေလူကိုပြန်ရှင်အောင် လုပ်နိုင်တဲ့လူတွေ၊ ထာဝရအသက်ရှင်နိုင်တဲ့လူတွေ၊ စွမ်းအားအရမ်းကြီးတဲ့လူတွေရှိတယ်လို့ ပြောချင်တာမဟုတ်လား”
ဖူနန်ဟွား သ‌ဘောကျသွားဟန်ဖြင့် ခေါင်းငြိမ့်လိုက်သ်ည။
“ကြည့်ရတာ မင်းနဲ့ငါဟာ တာအိုမိတ်ဆွေဖြစ်ဖို့ ကံပါလာတယ်ထင်တယ်”
ဆုန်ကျိရှင်း သူ့စကားကို သိပ်အာရုံမစိုက်။ ဘေးဘက်အိမ်ခြံဝင်းဆီသို့ မျက်လုံးထောင့်ကပ်၍ ကြည့်နေသည်။
ဖူနန်ဟွားက တည်ကြည်သည့်လေသံဖြင့်
“မင်းက ဒီလိုကိစ္စတွေကို သိနေပြီဆိုတော့ အချိန်ဖြုန်းမနေတော့ပါဘူး။ မင်းမှာ ပစ္စည်းတစ်ခုခု ရောင်းဖို့ဆန္ဒရှိဆိုရင် စျေးသတ်မှတ်လိုက်ပါ။ ငါပိုင်တာအားလုံးရောင်းရမယ်ဆိုရင်တောင် အဲဒီ့ပစ္စည်းကို ဝယ်ပါ့မယ်”
ဆုန်ကျိရှင်း အတော်အံ့ဩသွားသည်။
“ခင်ဗျားတို့မျိုးနွယ်မှာ ခင်ဗျားအဆင့်အတန်းက ဟိုမိန်းကလေးထက် ပိုမြင့်တဲ့ပုံပဲ။ ဒါကြောင့်လည်း သူက ဟိုကောင့်ကို မတူမတန်သလို ဆက်ဆံပေမယ့် ခင်ဗျားကတော့…”
“မင်းကို တန်းတူဆက်ဆံတယ်ပေါ့”
ဖူနန်ဟွားက စကားဖြည့်ပေးလိုက်သည်။
ဆုန်ကျိရှင်း ခေါင်းငြိမ့်၍ ချီးကျူးစကားဆိုလိုက်သည်။
“ခင်ဗျားက အတော်ဉာဏ်ကောင်းတဲ့လူပဲ။ ဉာဏ်ကောင်းတဲ့လူတွေနဲ့ စကားပြောရတာ ပိုကောင်းပါတယ်လေ”
ဆုန်ကျိရှင်းက အပေါ်မှငုံ့ကြည့်ကာ အထက်စီးလေသံဖြင့် ပြောနေသော်လည်း ဖုန်ကျိရှင်းက မည်သို့မျှ သဘောထားဟန်မရှိ။
ချိုင်ကျင်ကျန်းက ချန်ပင်အန်းကို နှိမ်ချဆက်ဆံသည်။ ဖူနန်ဟွားက ဆုန်ကျိရှင်းကို ရင်းရင်းနှီးနှီး ဆက်ဆံသည်။ ထို့အပြင် ဖူနန်ဟွားစိတ်တွင် ကြွေပန်းအိုးလမ်းကို အထင်ကြီးလေးစားလာမိသကဲ့သို့ အံ့ဩခြင်းလည်း ဖြစ်ရသည်။
ထိုကြောင့်လည်း ဆုန်ကျိရှင်းကို သူနှင့်တန်းတူ ဆက်ဆံနေခြင်းဖြစ်သည်။
မဟာတာအိုကို ကျင့်ကြံသည့်လမ်းတွင် အထက်သို့ရောက်လေ အဆင့်အတန်း၊ ကျားမ၊ အသက်အရွယ်နှင့် တစ်ခြားသောအရာများက အရေးပါမှုနည်းလာလေဖြစ်သည်။
ဆုန်ကျိရှင်း စည်းရိုးပေါ်မှ ခုန်ဆင်းလိုက်သည်။ ထို့နောက် လေသံတိုးတိုးဖြင့်
“အိမ်ထဲရောက်မှ ပြောကြတာပေါ့”
ဖူးနန်ဟွား ခေါင်းငြိမ့်လိုက်သည်။
“ရှေ့က ကြွပါ”
အိမ်လှေခါးသို့ ရောက်ချိန်တွင် ဆုန်ကျိရှင်းက ပုံမှန်လေသံဖြင့် မေးသည်။
“ဒါနဲ့ စကားမစပ်၊ ဟိုမိန်းကလေးနဲ့ခင်ဗျားက ဘယ်လိုပတ်သက်တာလဲ”
“ယာယီ လုပ်ဖေါ်ကိုင်ဖက်တွေပါ။ ငါတို့ လျှောက်တဲ့လမ်းချင်း မတူပါဘူး”
ဖူနန်ဟွား ချက်ချင်း ပြန်ဖြေလိုက်သည်။
ဆုန်ကျိရှင်း ခေါင်းငြိမ့်သည်။ ထို့နောက် ထူးဆန်းသည့်လေသံဖြင့်
“ဒါဆိုရင်လည်း စကားကို ဝေ့ဝိုက်ပြီး ပြောမနေပါနဲ့တော့။ အပြင်ကမ္ဘာမှာ နတ်ဆိုးတွေ၊ နတ်ဘုရားတွေ၊ မသေမျိုးတွေ၊ ထူးခြား ဆန်းပြားတဲ့ အရာတွေရှိတယ်ဆိုတာ ကျုပ်ကြားဖူးပါတယ်။ ဒါပေမယ့် ကျင့်စဉ်လမ်းကို လိုက်စားတဲ့လူတွေဟာ နောင်တစ်ချိန် အန္တရာယ်ဖြစ်လာနိုင်တဲ့ ဆန့်ကျင့်ဘက်အရာတွေကို ချက်ချင်းဖြေရှင်းတတ်ကြတယ်တဲ့။ အဲလိုမဟုတ်လား”
နဂါးမြို့တော် မသေမျိုးမိသားစုမှ အကြီးဆုံးသခင်လေးဖြစ်၍ ဖူနန်ဟွား ဉာဏ်မနိမ့်ပါ။ ဆုန်ကျိရှင်းစကားက ပဠေဟိဆန်နေသော်လည်း ဆိုလိုရင်းအချက်ကို သူချက်ချင်းရိပ်မိသည်။
ထို့ကြောင့် ပြုံးစေ့စေ့မျက်နှာဖြင့်
“ဟိုကောင်လေးနဲ့မင်း မကျေလည်စရာတွေ ရှိနေလို့လား”
ဆုန်ကျိရှင်း မျက်လုံးပြူးသွားသည်။ အံ့အားသင့်သွားသည့် ပုံစံဖမ်းလျက်
“ခင်ဗျား ဘာတွေပြောနေတာလဲ”
သို့သော် ပြောလိုက်ပြီးမှ သူနားလည်လာသည်။ ဖူနန်ဟွားကို လှည့်စား၍မရနိုင်မှန်း သိလိုက်သည်။ ထို့ကြောင့် အံ့ဩချင်ယောင်ဆောင်နေသည့်မျက်နှာကို ချက်ချင်းပြန်ပြင်ကာ အခန်းထဲမှ ကုလားထိုင်ပေါ်တွင် ဝင်ထိုင်လိုက်သည်။ ဖူနန်ဟွားကိုလည်း ထိုင်ရန် လက်ဟန်ပြလိုက်သည်။ ထို့နောက် သူ့မျက်နှာ လေးနက်တည်ကြည်သွားသည်။
“ဘေးအိမ်ကကောင်ရဲ့ နာမည်က ချန်ပင်အန်းပါ။ သူ့မိဘတွေက သူငယ်ငယ်ကတည်းက သေသွားကြပြီ။ နှစ်တွေအကြာကြီး ကျွန်တော်နဲ့သူ အိမ်နီးချင်းဖြစ်ခဲ့တယ်။ တစ်ခါမှ သူနဲ့စကားမများဖူးဘူး။ ယုံတာမယုံတာတော့ ခင်ဗျားသဘောပါပဲ”
ဆုန်ကျိရှင်းပြောလိုသည့် အတွင်းသားအဓိပ္ပါယ်ကို ဖူနန်ဟွား ရိပ်မိလိုက်သည်။ ချန်ပင်အန်းသည် အားကိုးရာ ဆွေးမျိုးမရှိသည့် တစ်ကောင်ကြွက်ဖြစ်ကြောင်း၊ သူသေလျှင်ပင် မည်သူမှ အရေးစိုက်မည်မဟုတ်ကြောင်း ရည်ညွှန်းနေခြင်းဖြစ်သည်။
ဖူနန်ဟွား နည်းနည်းသဘောကျသွားသည်။ ကံဆိုသည်မှာ မမျှော်လင့်သည့်အနေအထားမျိုးတွင် အလှည့်အပြောင်းဖြစ်တတ်တတ်ပေသည်ဟု သူတွေးလိုက်မိသည်။
ဆုန်ကျိရှင်းနှင့်ကျီကွေ့တို့၏ အိမ်လိပ်စာကို မပြောပြခဲ့သဖြင့် ချန်ပင်အန်း ဒုက္ခ‌ရောက်ခဲ့ရသည်။ ယခု သူ စောစောစီးစီး သေရတော့မည်ဖြစ်သည်။
ဆုန်ကျိရှင်းအဆင့်အတန်းသည် ချန်ပင်အန်းအနေအထားထက် များစွာသာလွန်သည်။ သို့သော်ယခု သူက ချန်ပင်အန်းကိုသတ်ရန် ဖူနန်ဟွားကို စကားလှည့်ဖြင့် ပြောနေသည်။
ဖူနန်ဟွားစိတ်တွင် ဆိုရိုးစကားတစ်ခုကို သတိရလသည်။
“ကျားသားပေါက်ဆိုသည်မှာ မွေးစကတည်းက နွားကိုအမဲလိုက်လိုသည့် ဗီဇစိတ်မျိုး ပါလာသည်”
——————
ကုစန်းမှာ အိမ်ထဲတွင် သော့ခတ်ခံထားရသည်။ သူမိခင်နှင့် သခင်စစ်ဆိုသူမှာ အိမ်အပြင်ဘက်တွင် မျက်နှာချင်းဆိုင် ထိုင်နေကြဆဲဖြစ်သည်။
သခင်စစ်အဘိုးအိုက လက်ဝါးပြင်မှ အရေးအကြောင်းများကို ကြည့်နေသည်။ ခဏကြာပြီးနောက် လက်ဝါးကို ပြန်ရုတ်လျက် မပွင့်တပွင့်ပြုံးလိုက်သည်။
“ကိစ္စပြီးသွားပြီ”
သူ့ရှေ့မှ အမျိုးသမီး၏မျက်နှာတွင် ဝေခွဲမရသည့် အမူအရာများ ပေါ်လာြပီးနောက်
“ချန်ပင်အန်းကို ဘယ်လိုလုပ်လိုက်-“
ရုတ်တရက် အဘိုးအိုမျက်လုံးများ အေးစက်တင်းမာသွားသည်။ အမျိုးသမီး ထိတ်လန့်သွားပြီး ချက်ချင်းစကားရပ်သွားသည်။
အဘိုးအိုက ခြံဝင်းဂိတ်တံခါးဆီ စိုက်ကြည့်လျက် အင်္ကျီလက်ကို လေထဲတွင် ဖျတ်ခနဲ ဝှေ့ယမ်းလိုက်သည်။ နူးညံသည့် လေပြေတစ်ခု ပတ်ဝင်းကျင်သို့ ရိုက်ခတ်သွားသည်။ ထို့နောက်

“ငါ အတော်အခက်ကြုံပြီး ရွေးစရာမရှိတော့လို့သာ ဒီကိုရောက်လာတာ။ အခုလောလောဆယ် အန္တရာယ်မရှိသေးပေမယ့် ငါဒီမှာ ကြာကြာနေလေ ပိုပြီး— ဆုန်ကျိရှင်းဆိုတဲ့ဟိုကောင်လေးပြောသလို ဝေ့ဝိုက်လွန်းနေရင် သိပ်မကြာခင် အန္တရာယ်ကြုံလာလိမ့်မယ်။ ဟိုလူက ကောင်းကင်‌ဒေါသကိုရော လူတွေရဲ့ဒေါသကိုပါ သွားဆွလိုက်တာ တစ်ခုကောင်းသွားတယ်။
“သူက အခွင့်ထူးရထားတယ်ဆိုပေမယ့် သေမှာမလွဲတော့ဘူး။ ကံဆိုးတာပဲ။ တကယ်ဆို သူဟာ အတော်အဆင့်မြင့်တဲ့ အနေအထားမျိုးကို ရောက်ရမှာ။ အခုတော့ သူ့အတွက် အဆိုးတွေပဲ ဖြစ်လာတော့မယ်။ လက်ရှိသူ့အခြေအနေက ကြည့်ရတာတောင် စိတ်မကောင်းစရာပဲ။ အဲဒါကြောင့်လည်း မင်းရဲ့သားအတွက် ငါအစီအစဉ်ချနိုင်ခဲ့တာ။
“အခု၊ ဒီမှာဖြစ်သွားတဲ့ကိစ္စကို သူတော်စင်တွေ မသေမျိုးတွေ မသိအောင် နောက်ကြောင်းရှင်းရှင်းနဲ့ ဟိုကောင်လေးအသက်ကို ငါအဆုံးသတ်နိုင်မလားဆိုတာ ကြည့်ရတော့မှာပေါ့။ အဲလိုမှသာ ဒီငါ့တပည့်သစ်လေးကို ကျင့်စဉ်လမ်းမှာ အဆင့်မြင့်မြင့်တက်ပြီး နဂါးတစ်ကောင်ဖြစ်လာအောင် လုပ်ပေးနိုင်မှာ”
အမျိုးသမီးမှာ ချွေးစေးများပြန်ကာ အသံတိတ်နေသည်။
အဘိုးအိုက တစ်ချက်ပြုံးလျက်
“မင်းစိတ်ထဲမှာ ထူးဆန်းတယ်လို့ ထင်နေမှာပေါ့။ မဟာတာအိုလမ်းစဉ်လိုက်ပြီး ကျင့်ကြံမှုမှာ နှစ်မြှုပ်ထားတဲ့ ငါ့လိုလူက ဒီလိုယုတ်ညံ့ပြီး သ‌ဘောထားသေးတဲ့လူ ဖြစ်လာကိုလေ။ ပြီးတော့ ငါဟာ မင်းလို့ ပညာမတတ်တဲ့ တောသူတစ်ယောက်နဲ့ ဘာမှမထူးတော့ဘူးလို့ တွေးနေတယ်မဟုတ်လား”
အမျိုးသမီး အမြန်ခေါင်းငုံ့သွားသည်။ တုန်ရင်သည့် လေသံဖြင့်
“ကျွန်မ ဒီလိုမဟုတ်တာတွေ မတွေးရဲပါဘူးရှင်”
အဘိုးအို မပွင့်တပွင့်ပြုံးနေသည်။ ဘာမှ ထပ်မပြောတော့။ ချိုင်ကျင်ကျန်း ရောက်အလာကိုသာ တိတ်ဆိတ်စွာ စောင့်ဆိုင်းနေသည်။
ကျင့်ကြံမှုလမ်းတွင် လူတစ်ယောက် ပိုင်ဆိုင်နိုင်သည့် စွမ်းအားဆိုသည်မှာ အကန့်အသတ်မရှိပေ။
ချိုင်ကျင်ကျန်းက မြို့ခံများကို ပုရွက်ဆိတ်များပမာ သဘောထားသည်။ သို့သော် ဤအဘိုးအိုကဲ့သို့ သခင်စစ်များ၏ မျက်လုံးထဲတွင်လည်း သူနှင့်ဖူနန်ဟွားလို လူများသည် ပုရွက်ဆိတ်နှင့်မခြားပေ။ ဘာအကြောင်းပြချက်မှမလိုပဲ အလွယ်တကူ နင်းခြေပစ်နိုင်ပေသည်။

Comment

Leave a Reply

Options

not work with dark mode
Reset