စွက်…။
ဇူယွမ့်ပုံရိပ်ဟာ အစိမ်းရောင် လှိုင်းလုံးများကို ဧရာမ ရွှေရောင်စပါးအုံး မြွေကြီး တစ်ကောင်အလား ကြမ်းကြမ်း တမ်းတမ်း ထိုးဖောက်ကာ လျင်မြန်စွာ ရှေ့သို့ ရွေ့လာ၏။
ပြီးခဲ့သော မိနစ်ပိုင်းလောက်မှာ ဇူယွမ်ဟာ ပြင်းထန်ပြီး အံ့အားသင့်ဖွယ် ကောင်းသော စွမ်းအားများကို ထုတ်ဖော် ပြသခဲ့ပေသည်။ သူက နောက်ဆုံးနေရာမှာ ကျန်ခဲ့ရာကနေ ဒုတိယနေရာမှာ ရှိနေသော အုပ်စုအား ကျော်တက်လို့ လာခဲ့ပြီး ပထမအုပ်စုနှင့်ပင် နီးကပ်လို့လာပြီ ဖြစ်၏။ သည်အလှည့်အပြောင်းက သူတော်စင် အကြွင်းအကျန် နယ်မြေ အပြင်ဘက်၌ ရှိသော လူများစွာအား အုန်းအုန်းကျွက်ကျွက် ဖြစ်စေသည်။
လူတိုင်းက အဆုံးမဲ့သော အစိမ်းရောင် လှိုင်းများကို ဆန့်ကျင်ပြီး ရှေ့သို့ သွားရခြင်းသည် လူတစ်ယောက်၏ မူလချီအပေါ် မူတည်ကြောင်း သိကြပေသည်။ မူလချီကျင့်ကြံမှု အဆင့်က လုံလောက်အောင် သန်မာခြင်း မရှိပါက မူလချီများ ကုန်ဆုံးလို့လာပြီး သူတော်စင် မျှော်စင်မှ ပယ်ထုတ်ခြင်းကို ခံရလိမ့်မည် ဖြစ်၏။ သို့ရာတွင် ဇူယွမ်က ပြင်းထန်သော မူလ ချီစွမ်းအားများကို ပေါက်ကွဲ ထွက်စေခဲ့သော်လည်း မောပန်းသည့် အရိပ်အယောင် လုံးဝ မရှိသေးပုံရသည်။ ထိုအစား ပို၍ပင် ကြမ်းတမ်း ပြင်းထန်လို့ပင် လာနေသေး၏။ သည်မြင်ကွင်းက မရေမတွက်နိုင်သော လူများအား အံ့ဩမှင်တက် မိစေ၏။
“ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ…။ သူက ကောင်းကင်တံခါး အဆင့်သာသာပဲ ရှိသေးတာလေ..။ အခုလို ပေါများလှတဲ့ မူလချီတွေကို ဘယ်လိုများ ပိုင်ဆိုင် နေရတာလဲ…” များစွာသော ပါရမီရှင်များက သူတို့စိတ်ထဲ၌ ယခုလို အတွေးမျိုး မတွေးဘဲ မနေနိုင် ဖြစ်ရ၏။
သူတော်စင် အကြွင်းအကျန် နယ်မြေ အပြင်ဘက်၌ မုဝူကျိက စိတ်ကျေနပ်စွာ ပြုံးလိုက်လေသည်။ သူက ကြေးမုံထဲမှာ ပေါ်နေသော ဇူယွမ်ကို စူးစိုက် ကြည့်လိုက်ရင်း သူ့ကိုယ်သူ ခပ်တိုးတိုး ပြောလိုက်မိသည်။ “ကောင်းကင်တံခါး အဆင့်နဲ့ ဒီလောက် များပြားတဲ့ မူလချီတွေ ပိုင်ဆိုင်နေတာက သူ့ရဲ့မူလချီ သိုလှောင်ခန်းက မြင့်မားတဲ့အဆင့် ရှိနေတယ်လို့ ဆိုလိုတာပဲ။ ဒီကောင်ရဲ့ မူလချီ သိုလှောင်ခန်းက အနည်းဆုံး ခရမ်းရောင်အဆင့် ရှိနေနိုင်တဲ့အပြင် အဲဒီ အဆင့်ထက်တောင် ပိုနိုင်သေးတယ်။ ရွှေရောင်အဆင့် ချီသိုလှောင်ခန်းများ ဖြစ်နေမလား…”
“ရွှေရောင်ချီ သိုလှောင်ခန်း…။ ဆရာ သခင်ဟောင်းက သူ့ကို မြင့်မြင့်မှန်းခဲ့တာ အံ့ဩစရာတော့ မရှိဘူး…”
မုဝူကျိက ရယ်မော လိုက်သည်။ ချီသိုလှောင်ခန်း အဆင့် မြင့်မားခြင်းက လူတစ်ယောက်၏ အနာဂတ်ဟာ လုံးဝ ပြည့်စုံ နေလိမ့်မည်လို့ အတိအကျ ပုံဖော် မပေးနိုင်သော်လည်း အဆင့်တူ အတွင်းမှာတော့ အကျိုးများစွာ ရှိကာ အရည်အချင်း ရှိကြောင်း ညွှန်းဆို နိုင်ပေသည်။
မုဝူကျိ၏ ခံစားချက်က အတော်လေး ကောင်းမွန်လို့ နေသည်။ သူက မြင့်မြတ်သော နန်းတော်မှ တမန်တော် ကျောင်းဖန်အား ကြည့်၍ စပ်ဖြဲဖြဲ ပြောလိုက်၏။ “မင်း မျက်လုံးတွေက တော်တော်လေး အလုပ် မလုပ်တော့တဲ့ပုံပဲ…” ကျောင်းဖန်က အစောပိုင်းကပင် ဇူယွမ်အား အထင်သေးစွာဖြင့် ရှုမြင် ပြောဆိုခဲ့ပေသည်။
ကျောင်းဖန်က မတုန်မလှုပ် အသွင်ရှိနေ၏။ “ဝမ်းသာ မစောနဲ့ဦး…။ သူက မီအောင် လိုက်နိုင်မယ်ဆိုရင် ဝူဟောင်ကို အမှန်ဒေါသ ထွက်စေလိမ့်မယ်။ ဒါဆိုရင် အဲဒီကောင်လေးက အသက်ဆက်ရှင် နိုင်ပါ့ဦးမလား…”
မုဝူကျိက ဆေးတံကို ခေါက်လိုက်သည်။ “မင်း ထင်မြင်နေသလို ဖြစ်လာမှာ မဟုတ်ဘူးလို့ ငါတော့ ခံစားမိနေတယ်…”
ကျောင်းဖန်က လှောင်ရယ် လိုက်ကာ အေးစက်စွာ ပြောလိုက်၏။ “ဝူဟောင်က ဒီကောင်လေးကို သတ်ပြီးတဲ့ အချိန်ကျရင် မင်း ဒီလိုမျိုး ဆက်ပြောနိုင်ဖို့ ငါ မျှော်လင့်ပါတယ်…”
မုဝူကျိက အေးစက်စွာ နှာခေါင်းရှုံ့လိုက်ပြီး ကြေးမုံပေါ်သို့ ပြန်စူးစိုက် ကြည့်နေလိုက်
“ငါတို့ စောင့်ကြည့် ကြတာပေါ့…”
ဝုန်း…။
အဆုံးမဲ့သော အစိမ်းရောင် လှိုင်းလုံးများက အောက်သို့ ဆက်လက် စီးဆင်းနေဆဲပင်။ သည်အစိမ်းရောင် မူလချီလှိုင်းလုံးများ၏ ဖျက်ဆီးနိုင်စွမ်းက တောင်များကိုပင် လွယ်ကူစွာ ပြိုကျသွားစေနိုင်၏။
ဤကဲ့သို့သော အခြေအနေမှာပင် ပါရမီရှင်များက အဆုံးမရှိသော ကျောက်တုံး လှေကားများပေါ်သို့ အစိမ်းရောင် လှိုင်းလုံးများကို ဆန့်ကျင် ရုန်းကန်ကာ ရှေ့သို့ ဆက်တက်နေရခြင်း ဖြစ်သည်။
ဇူယွမ်က ရှေ့ဆုံးရှိ ပထမအုပ်စုနှင့် နီးကပ်လာပြီ ဖြစ်သည်။ ဇူယွမ်က သူ့ရှေ့တွင် ရောက်နေသော ဝူဟောင်၊ ယဲ့မင်၊ လီချွန်ကျွမ်နှင့် အခြားလူများနှင့် ခြေဆယ်လှမ်းလောက်သာ ကွာဝေးတော့သည်။ ပထမအုပ်စုနှင့် နီးနီးကပ်ကပ် ဖြစ်လာသောအခါ ဇူယွမ်၏ အမြန်နှုန်းက တဖြည်းဖြည်း လျော့လာခဲ့သည်။ သူ့နဖူးပေါ်မှာလည်း ချွေးများစို့နေပြီ ဖြစ်၏။ အစောပိုင်းက သူထုတ်ဖော်ခဲ့သော စွမ်းအားများက သူ့အား ခက်ခဲ ပင်ပန်းခြင်းကို ဖြစ်စေခဲ့သည်။
သူ့သွေးနီရောင် ချီသိုလှောင်ခန်းထဲ၌ များစွာသော မူလချီများသာ ရှိမနေခဲ့ဘူးဆိုလျှင် အစောတည်းက သူ့မူလချီများမှာ ကုန်ဆုံးနေလိမ့်မည် ဖြစ်ကာ သူလည်း အစိမ်းရောင် လှိုင်းကြောင့် မျှော်စင်ထဲမှ လွင့်စဉ် သွားပေလိမ့်မည်။ သို့သော် ယခုအချိန်မှာတော့ ဇူယွမ်သည် သူ့ချီသိုလှောင်ခန်းမှ မူလချီ အများအပြားကို သုံးစွဲခဲ့ပြီး ဖြစ်၏။ ထို့အတွက်ကြောင့် သူက အမြန်နှုန်း လျှော့ချလိုက်ပြီး မူလချီများ ပြန်ပြည့်လာအောင် လုပ်နေခြင်း ဖြစ်ပေသည်။ တကယ်တော့ ရှေ့တွင် မည်သည့်အရာများ ဖြစ်လာဦးမည်ကို မည်သူမှ မသိနိုင်ပေ။
ဟူး…။
ဇူယွမ်က အဆုံးမရှိသော ကျောက်တုံး လှေကားများကို ခေါင်းမော့ကာ ငေးကြည့်လိုက်ရင်း စိတ်တည်ငြိမ်အောင် လုပ်လိုက်သည်။ သူက အသက်ကို ဖြည်းညင်းစွာ ရှူသွင်းရှူထုတ် လုပ်လိုက်သည်။ သူ့ရင်ဘတ်မှာလည်း နိမ့်လိုက်မြင့်လိုက် ဖြစ်နေ၏။ ပတ်ဝန်းကျင်မှာ ရှိသော မူလချီများက အဖြူရောင် အမျှင်တန်း အဖြစ်သို့ ပြောင်းသွားပြီး သူ့ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်လို့ လာသည်။
“နဂါး အသက်ရှူခြင်း ကျင့်စဉ်…”
သည်နည်းစနစ်ကြောင့် ဇူယွမ်က သူ့မူလချီများကို အလွန်အကျွံ သုံးစွဲရဲခြင်း ဖြစ်သည်။ သူက ကုန်ဆုံးသွားသော မူလချီများကို နဂါးအသက်ရှူခြင်း ကျင့်စဉ်ဖြင့် တိုတောင်းသော အချိန်အတိုလေး အတွင်းမှာ ပြန်လည် ဖြည့်တင်းနိုင်စွမ်း ရှိပေသည်။ သည်ကျင့်စဉ်ဖြင့် သူက သူ့ပတ်ဝန်းကျင်မှာ ရှိသော မူလချီများကို အားပါးတရ စုပ်ယူနိုင်ပေသည်။
အစောပိုင်းတုန်းက လူများစွာသည် ဇူယွမ်က သူ့စွမ်းအင်များအား အလွန်အကြူး သုံးစွဲခဲ့သည့် အတွက် မကြာခင် မျှော်စင်မှ လွင့်ထွက် သွားတော့မည်ဟု ယုံကြည် ခဲ့ကြပေသည်။ သူတို့က ဇူယွမ်ကို အံ့ဩတကြီး ကြည့်လိုက် မိကြ၏။
သူက သူတို့ စိတ်ကူးထားသည်ထက် ပို၍ မူလချီများကို လျင်မြန်စွာ ပြန်ဖြည့်ဆည်း နိုင်ခဲ့လိမ့်မည်လို့ မည်သူက ထင်မြင်မိမည်နည်း။ သူက သူ့အနေအထားကို ပုံမှန် ပြန်ဖြစ်အောင် မြန်ဆန်စွာ လုပ်နိုင်ခဲ့ပေသည်။
အစိမ်းရောင် လှိုင်းလုံးများက ကြမ်းတမ်း ပြင်းထန်စွာ ဆင်းသက် နေဆဲပင်။ အချိန် ပိုကြာလာလေလေ သည်လှိုင်းလုံးများက ပို၍ ပြင်းထန်လာလေကို လူတိုင်းက စတင် ခံစားမိလာကြ၏။
ရှေ့ဆုံးသို့ ရောက်နေသော ပထမအုပ်စုရှိ ထိပ်သီး ပါရမီရှင်များ၏ အမူအရာများမှာ ပိုမို လေးနက် လာခဲ့လေသည်။ အကြောင်းမှာ သူတို့၏ မူလချီ သုံးစွဲရမှုသည် ပိုများလာသောကြောင့်ပင် ဖြစ်၏။ သို့သော် ကျောက်တုံး လှေကား၏ အဆုံးသတ်ကို အခုချိန်ထိ မမြင်တွေ့ရသေးချေ။ အချိန်က ကုန်မှန်းမသိ ကုန်လာခဲ့သည်။
ဝရုန်း…။
ဇူယွမ်က ရှေ့သို့ လှမ်းကြည့်လိုက်ကာ မျက်မှောင်ကြုတ် လိုက်မိသည်။ သူက ရှေ့တွင် တုန်လှုပ်ဖွယ် အရာတစ်ခုခု ရှိနေသည်ကို ခံစားမိပုံရ၏။ သူ၏ မျက်လုံးသူငယ်အိမ်မှာ ကျဉ်းမြောင်းသွားပြီး သူ့ပုံစံမှာလည်း အရေးတကြီး စိုးရိမ်သည့်အသွင် ဖြစ်သွား၏။ သူက ပေတစ်ရာခန့်ရှိသော လှိုင်းလုံးကြီးက သူတို့ရှေ့ရှိ အကွာအဝေး တစ်နေရာတွင် ပေါ်လာခဲ့သည်ကို မြင်လိုက် ရလေသည်။ သည်လှိုင်းလုံးကြီးက ကြီးမားသော အရိပ်ကြီး တစ်ခုလို ဖြစ်ပေါ်နေပြီး သူတို့အား ကြမ်းတမ်းစွာ ဖုံးလွှမ်းလို့ လာသည်။ ဤအစိမ်းရောင် လှိုင်းလုံးကြီးက သန့်စင်သော မူလချီများဖြင့် ဖွဲ့စည်းထားခြင်း ဖြစ်၏။ ၎င်း၏ တည်ရှိမှုက လုံလောက်အောင် ထိတ်လန့်စရာ ကောင်းပေ၏။
ဧရာမလှိုင်းလုံးကြီး ရုတ်တရက် ထွက်ပေါ်လာမှုက ဝူဟောင်၊ ယဲ့မင်နှင့် အခြားလူများ၏ အမူအရာများကို ပြောင်းလဲ သွားစေပေသည်။
ဝုန်း…။ တစ်ချိန်တည်းမှာပင် သည်ဧရာမ လှိုင်းလုံးကြီးက သူတို့ထံ ကျရောက် လာသောကြောင့် မူလချီများအား အသည်းအသန် ထုတ်ဖော် လိုက်ကြသည်။
စွမ်းအားများက အချိန် အတော်အကြာ အဆက်မပြတ် ပေါက်ကွဲကုန်သည်။
ဘုန်း…။
ထိုစွမ်းအား ပြည့်သော အင်အားက ဝူဟောင်နှင့် အခြား လူများအား နောက်သို့ ပြင်းထန်စွာ ဆုတ်သွားစေ၏။ ကံကောင်းစွာပင် သူတို့၏ ခိုင်မာသော အခြေခံများကြောင့် သူတို့ကိုယ်သူတို့ ရပ်တန့်နိုင်အောင် လုပ်ဆောင် နိုင်ခဲ့ပေသည်။
သူတို့နောက်ရှိ ပါရမီရှင်များ မှာတော့ ကြံမိကြံရာ မြေကြီးများကို ကုတ်ဆွဲ ထားကြသည်။
“အား…”
ထို့နောက်မှာတော့ ပါရမီရှင် များစွာ၏ ကျယ်လောင်စွာ အော်ဟစ်သံများ စီခနဲ ထွက်ပေါ် လာခဲ့တော့သည်။
ဇူယွမ်က မော့ကြည့် လိုက်သောအခါ ကျိုးချူးချင်ယု လွင့်ထွက် လာနေသည်ကို တွေ့လိုက်ရသည်။ သူမ၏ ရွေ့လျားမှုကျင့်စဉ်မှာ မြင့်မားလွန်းသောကြောင့် လှိုင်းအများစုကို ရှောင်နိုင်ခဲ့ပေသည်။ သို့သော် အခုတစ်ကြိမ် ကျရောက်လာသော လှိုင်းလုံးကြီးသည် ထူးဆန်းသော အင်အား တစ်ခုပါနေပြီး သူမ ခြေလှမ်းများကို အဟန့်အတား ဖြစ်စေသည်။ သည်အတွက်ကြောင့် သူမသည် ဟန်ချက်ညီအောင် မထိန်းလိုက်နိုင်ဘဲ ဖြစ်သွားကာ အစိမ်းရောင် လှိုင်းလုံးကြီး၏ တိုက်ချခြင်းကို ခံလိုက်ရပြီး ကျောက်တုံး လှေကားများ အောက်သို့ လိမ့်ကျ သွားရသည်။
ကျိုးချူးချင်ယု၏ မျက်နှာမှာ ဖျော့တော့လို့ သွားသည်။ သူမက သူ့ကိုယ်သူ တည်ငြိမ်အောင် မထိန်းနိုင်တော့ဘဲ မူလချီများကို မစုစည်းနိုင် ဖြစ်သွား၏။ နောက်ဆုံးမှာတော့ သူမက တောင့်မခံနိုင်တော့ဘဲ အလျှော့ပေးရန်သာ တတ်နိုင်တော့၏။
စွက်…။
သို့သော် ကျိုးချူးချင်ယုက အလျှော့ပေးခါနီး ဆဲဆဲမှာပင် လေတိုးသံတစ်သံ မြန်ဆန်စွာ ထွက်ပေါ်လာခဲ့၏။ အဖြူရောင် ချီအမျှင်တန်း တစ်ခုက အစိမ်းရောင် လှိုင်းလုံးကို ကျော်ဖြတ်၍ သူမထံသို့ ရောက်ရှိလာပြီး သူမ၏ သေးသွယ်သော ခါးလေးအား ပိုက်ထွေး ဆွဲယူလိုက်သည်။
ကျိုးချူးချင်ယုက အံအားသင့်ဟန်ဖြင့် ကြည့်လိုက်ရာ သူမဘေးနားမှာ ရှိသော ကျောက်တုံး တစ်ခုပေါ်၌ အနက်ရောင် စုတ်တံအား ကိုင်ဆောင် ထားသော ဇူယွမ်ကို တွေ့လိုက်ရသည်။ စုတ်တံထိပ်ရှိ အဖြူရောင် အမျှင်တန်းက ရှည်ထွက်ကာ ကျာပွတ်တစ်ခု အသွင်သို့ ပြောင်းလဲသွားပြီး သူမအား ဖမ်းဆွဲထား လိုက်နိုင်ခြင်း ဖြစ်၏။ ဇူယွမ်က အစိမ်းရောင်လှိုင်း ရိုက်ခတ်မှုကို အံကြိတ်ကာ တောင့်ခံလိုက်ရသည်။ ထို့နောက် ဇူယွမ်၏ ညင်သာသော လှုပ်ချက် တစ်ချက်နှင့်အတူ စုတ်တံအမျှင်များက ကျိုးချုးချင်ယုအား ဇူယွမ့်ထံသို့ ပိုက်ထွေး ခေါ်ဆောင်လာ၏။ စုတ်တံအမျှင်များက စုတ်တံထဲသို့ ပြန်ဝင်သွားစဉ်မှာပင် ကျိုးချူးချင်ယုက ဇူယွမ့်အနောက်သို့ ခြေချလိုက်သည်။ သည်နောက်မှာတော့ သူမက သူမ၏နှင်းကဲသို့ ဖြူဖွေးသော လက်ကောက်ဝတ်ဖြင့် ဇူယွမ်၏လည်ပင်းအား တင်းကျပ်စွာ သိုင်းဖက် လိုက်တော့သည်။ ဇူယွမ်က သူမ၏ နီရဲရဲ နှုတ်ခမ်းလေးထံမှ ထွက်ပေါ်လာသည့် မွှေးပျံ့သောရနံ့ သင်းသင်းလေးကို ရှူရှိုက်လိုက်ရ၏။
”နင် အဆင်ပြေရဲ့လား …” ဇူယွမ်က မသက်မသာ ရှုံ့မဲ့မိလိုက်သည်။ သူ့နောက်ကျောမှ နွေးထွေးနူးညံ့သော အထိအတွေ့လေးကြောင့် ဇူယွမ်က အတော်လေး အနေခက်စွာ ခံစားလိုက်ရသည်။
ကျိုးချူးချင်ယုက အံ့ဩမှင်တက်မိနေရာမှ သတိပြန်ဝင်လာပြီး ဇူယွမ် နောက်ကျောကို ကြည့်၍ နူးညံ့စွာ ပြောလိုက်သည်။
“ကျေးဇူးပါ…”
သူမက ဇူယွမ်သည် သူမအား အလွန်စွန့်စားပြီး ကယ်တင် လိုက်ရသည်ကို နားလည်ပေသည်။ အစိမ်းရောင်လှိုင်း၏ တိုက်ချခြင်းကို ခံလိုက်ရလျှင် မူလချီများ စုစည်းရန် မဖြစ်နိုင်တော့ပေ။ တိုက်ချခံလိုက်ရသော သူသည် မျှော်စင်ကို နှုတ်ဆက်သွားရုံသာ ရှိပေတော့မည် ဖြစ်၏။
ဇူယွမ်က ကျိုးချူးချင်ယုကို ပြုံးပြလိုက်သည်။ “နင်က ယောင်ယောင်ကို ကယ်ခဲ့တယ်လေ။ ငါလည်းနင့်ကို ပြန်ကူညီပေးရမှာပေါ့…”
ကျိုးချူးချင်ယုက တည်ငြိမ်သွားပြီးပြီးချင်း သူမ၏ ညှို့ယူနိုင်စွမ်းရှိသော ပုံမှန်ပုံစံလေး ချက်ချင်း ပြန်ဖြစ်သွား၏။ ပြီးနောက် သူမက တခစ်ခစ် အသံလေးဖြင့် စွဲမက်ဖွယ် ရယ်မောလိုက်ကာ ဇူယွမ်နားနားသို့ ကပ်၍ ခပ်တိုးတိုးလေး ပြောလိုက်သည်။ “ငါက နင်ဟာ ရုတ်တရက် အရမ်း ကြည့်ကောင်းလွန်း လာတယ်လို့ ခံစားမိလာတယ်…။ ကျိုးချူးကလန်ကို ငါနဲ့အတူ လိုက်လာပြီး ငါ့ယောကျ်ား လုပ်ပေးနိုင်မှာလား…”
ဇူယွမ့်ပါးစပ်က လုံးဝ ရှုံ့မဲ့လို့သွားသည်။ “နင်အဲဒီလောက် မပွင့်လင်းလို့ ရလား…”
ဇူယွမ်ပုံစံကြောင့် ကျိုးချူးချင်ယုက အားပါးတရ ရယ်မောလိုက်သည်။ ထို့နောက်မှာတော့ သူမက ခေါင်းအနည်းငယ် ငုံ့လိုက်ပြီး ဇူယွမ်၏နားအား သူမ၏ စိုပြည်နီမြန်းသော ပါးစပ်လေးကို အနည်းငယ်ဟကာ ညင်သာစွာ ခပ်ဖွဖွလေး ကိုက်ဆွဲလိုက်တော့သည်။ သူ့နားပေါ်ရှိ နွေးထွေး စိုစွတ်မှုလေးကြောင့် ဇူယွမ်မှာ ခြေထောက်များ ပျော့ခွေလုနီးပါး ဖြစ်သွား၏။
“ဟီးဟီး…။ ဒါက နင့်ကို ဆုချတာ…” ကျိူးချူးချင်ယု၏ ရယ်မောသံလေးက လွင့်ပျံ့လာတော့သည်။ ထို့နောက်မှာတော့ သူမ၏ သွယ်လျသော ကိုယ်လုံးလေးက အစိမ်းရောင် အလင်းတန်း အသွင်ပြောင်းသွားပြီး ငါးတစ်ကောင်အလား အစိမ်းရောင် လှိုင်းလုံးများ ကြားထဲသို့ တိုးဝင်သွားတော့၏။
ဇူယွမ်မှာ ငိုရခက်၊ ရယ်ရခက် ဖြစ်ကျန်ခဲ့၏။ သူက ထွက်ခွာသွားသော ပုံရိပ်လေးကို ငေးကြည့်လိုက်ရင်း ခေါင်းယမ်း မိလိုက်တော့သည်။
“ဆွဲဆောင်နိုင်စွမ်း ရှိလွန်းတဲ့ ကောင်မလေးပဲ…”
“ငါကတော့ နင့်ကို စိတ်လိုလက်ရ ကယ်ခဲ့ရတယ်…။ နင်ကတော့ ငါ့ကို ဒီလို ကျီစယ် သွားတယ်ပေါ့လေ…”