Switch Mode

အခန်း ( ၉၀ )

ငိုကြွေးခြင်းသည်လည်း တိုက်ကွက်တစ်ကွက်ပင်

တောင်ကာမန္တန်အစီအရင်ကြီး ပျက်ဆီးသွားသည်နှင့်တစ်ပြိုင်နက် လီချန်ရှို့သည် နတ်အဆင့် လေသံပြောင်းအတတ်ကို အသုံးပြုကာ အကြီးအကဲဝမ်လင်းယွမ်၏ အသံကို တုပခဲ့သည်။

ဆရာဦးလေးကျိုးဝူထံ အသံမပို့လွှတ်မီ လီချန်ရှို့၏ စိတ်ထဲတွင် အတန်ငယ် သံသယဖြစ်နေခဲ့၏။
‘ ဂိုဏ်းချုပ်က… ’

‘ သူလုပ်နိုင်ပါ့မလား… ’

‘ တုနတ်ဝိဇ္ဇာဂိုဏ်းရဲ့ ဂိုဏ်းချုပ်ဆိုတော့ တုနတ်ဝိဇ္ဇာဂိုဏ်းတည်ထောင်သူ အတုမဲ့တုအယ်နဲ့ အဆက်အသွယ်တော့ ရှိလောက်မှာပါ… ’

‘ ရန်ကျောင်းတော် တစ်ခုလုံးအနေနဲ့ဆို ဂိုဏ်းချုပ်ရဲ့ အဆင့်က အောက်ခြေအနားမှာပဲ… ’

‘ ဂိုဏ်းအပြင်က တိုက်ပွဲက တောင်ကာမန္တန်အစီအရင်ကို ကာကွယ်ဖို့ပဲ။ ဒါပေမဲ့ တောင်ကာမန္တန်အစီအရင်ကို ရန်သူ အာကာသနတ်မင်းရဲ့ ဓားချက်ကျစေခဲ့တယ် ’

‘ ဒါပေမဲ့ ဂိုဏ်းချုပ်ကလည်း အာကာသနတ်မင်းနှစ်ပါးကို တစ်ယောက်တည်း တိုက်ခိုက်နေ‌ရတာပဲလေ။ ပြီးတော့ အဲ့ အာကာသနတ်မင်းသုံးပါးရဲ့ တာအိုကထူးဆန်းတယ်။ နောက်ကွယ်မှာ အာဒိကပ္ပလောကရဲ့ အရှင်မဝမ်ရှိနေတဲ့ ပုံပဲ… ’

‘ ဟူး… ဂိုဏ်းချုပ်ဖြစ်ရတာလဲ မလွယ်ဘူးပဲ ’

လီချန်ရှို့သည် အချိန်မရွေး ထွက်ပြေးနိုင်ရန် ပြင်ဆင်ထား၏။ အကယ်၍ နောင်တွင် သူ တာ့လော်နတ်မင်းဖြစ်လာခဲ့လျှင်ပင် ကမ္မနှောင်ကြိုးများ ငြိတွယ်စေမည့် ဂိုဏ်းတည်ထောင်ခြင်းကိစ္စမျိုးကို မည်သည့်အခါမှ မလုပ်ဟု ဆုံးဖြတ်ချက်ချလိုက်သည်။

တောင်ကာမန္တန်အစီအရင် ပျက်ဆီးသွားပြီ ဖြစ်သဖြင့် အခြား အတားအဆီးများ မရှိတော့ပေ။

ကောင်းကင်ခွင်းတောင်သည် တောင်မကြီးဖြစ်သဖြင့် အလုံခြုံဆုံးနေရာဟု ထင်ရသော်လည်း အမှန်တွင် အန္တရာယ်အရှိဆုံးနေရာဖြစ်သည်။

အကယ်၍ ကောင်းကင်ပေါ်မှ ရန်သူ အာကာသနတ်မင်းများသည် နောက်တစ်ကြိမ် ဓားဖြင့် ပိုင်းလိုလျှင် သေချာပေါက် တောင်မကြီးကို စတင်ပိုင်းပေလိမ့်မည်။

ထို့ကြောင့် လီချန်ရှို့သည် လင်းအယ်နှင့် သူ့ဆရာတို့ ကောင်းကင်ခွင်းတောင်သို့ မသွားရစေရန် သူ၏ ဝှက်ဖဲတချို့ကိုပင် ရင်းရန် အဆင်သင့်ဖြစ်နေခြင်းပင်။ လီချန်ရှို့သည် လင်းအယ်ကို စက္ကူကိုယ်ပွားများနှင့် သူ့ဆရာကိုသယ်၍ မြေကြောအရေးပေါ်မန္တန်အစီအရင်တွင်သာ ကြိုစောင့်နေရန် ညွှန်ကြားခဲ့ပြီးဖြစ်သည်။

သူသည်လည်း အန္တရာယ်များမကြုံရအောင် ပုန်းအောင်းနေ၏။ နောက်ဆုံးတွင် သူအလိုရှိဆုံးအရာမှာ လုံခြုံမှုသာဖြစ်သည်။

တိုက်ပွဲအခြေအနေကို သူတစ်ယောက်တည်းအားဖြင့် မပြောင်းပစ်နိုင်ပေ။

စက္ကူကိုယ်ပွား သုံးရုပ်က ကာကွယ်ပေးနေသဖြင့် လင်းအယ်၏ လုံခြုံရေးအတွက် စိုးရိမ်စရာမလိုပေ။

လီချန်ရှို့သည် စက္ကူကိုယ်ပွား(၁)နှင့် စက္ကူကိုယ်ပွား(၂)ကို သူ့ဆရာနှင့် ညီမလေးထံ ပေးထားသည်မှာ ကြာပြီဖြစ်၏။

ဆရာဦးလေးကျိုးဝူထံသို့ အသံပို့လွှတ်ပြီးနောက် လီချန်ရှို့သည် နတ်အာရုံသုံးကာ ကောင်းကင်ခွင်းတောင်ကို အာရုံခံလိုက်ရာ မျိုးဆက်တူ တပည့်ငယ်များကို တွေ့လိုက်ရသည်။

သူသည် တပည့်ငယ်လေးများ၏ မျက်နှာငယ်လေးများကို ကြည့်ကာ သက်ပြင်းသဲ့သဲ့ ချလိုက်၏။
‘ အင်း… ငါတခြားတပည့်တွေရဲ့ အကူအညီကို မျှော်လင့်လို့မရဘူးပဲ… ’

‘ ငါတတ်နိုင်သမျှ လုပ်ရမှာပဲ ’
ထို့နောက် သူသည် စက္ကူကိုယ်ပွားကို ဆက်လက်ထိန်းချုပ်ကာ မြေအောက်မှနေ၍ တုနတ်ဝိဇ္ဇာဂိုဏ်းဆီသို့ အမြန်လာခိုင်းလိုက်သည်။

****

“ ပျက်ဆီးသွားပြီလား… ”

“ မန္တန်အစီအရင်ကြီး ပျက်ဆီးသွားပြီ… ”

ပိုင်ဖန်ခန်းမရှေ့မှ တပည့်ငယ်များသည် တောင်ကာမန္တန်အစီအရင်ကြီး ပျက်ဆီးသွားသည်ကို ကြည့်နေကြ၏။ သူတို့ခံစားနေရသော အာကာသနတ်မင်းများ၏ အရှိန်အဝါသည်လည်း အဆပေါင်းများစွာ ပိုများလာလေသည်ဖြစ်၍ အများစုသည် တုန်လှုပ်သွားကြ၏။

ယုံချင်ရွှမ်းယာသည် နှုတ်ခမ်းကိုက်၍ ပိုင်ဖန်ခန်းမ၏ တံစက်မြိတ်ပေါ်တွင် မတ်တတ်ရပ်နေလေသည်။ သူမသည် ခေါင်းမော့၍ ကောင်းကင်ပေါ်တွင် တိုက်ခိုက်နေသော အာကာသနတ်မင်းများကို ကြည့်လိုက်သည်။

တိုက်ပွဲမှ အရှိန်များသည် လှိုင်းလုံးကြီးများသဖွယ် ရိုက်ခတ်နေ၏။

အနောက်တောင်ဘက်နှင့် အနောက်မြောက်ဘက်မှ တိုက်ပွဲနှစ်ခုစလုံးသည် ပိုမို ပြင်းထန်လာကြသည်။

အာကာပြင်တွင် အလင်းတန်းများ တလက်လက်ထနေပြီး အရိပ်နက်များသည်လည်း ကောင်းကင်ခွင်းတောင်သို့ ချည်းကပ်လာပြီဖြစ်၏။

လက်ရှိအခြေအနေအရဆိုလျှင် တုနတ်ဝိဇ္ဇာဂိုဏ်း အရေးနိမ့်နေပေပြီ။

‘ ငါဘာလုပ်သင့်လဲ ’
ယုံချင်ရွှမ်းယာသည် သူမ၏ လက်တွင်းရှိ ကျောက်စိမ်းအဆောင်လေးကို ကြည့်လိုက်သည်။ ထိုအဆောင်သည် မြေကြောအရေးပေါ်မန္တန်အစီအရင်ကို ဖွင့်ရန် သော့ဖြစ်သည်။ ထိုအဆောင်သည် တပည့်ငယ်များ ရှောင်ပြေးလွတ်မြောက်ရန် အဓိကကျသော အရာလည်း ဖြစ်၏။

အကယ်၍ ဤနေရာတွင် အစ်ကိုချန်ရှို့ရှိမည်ဆိုလျှင် မည်သို့ လုပ်မည်နည်း။

မှန်၏။ သူသည် ဂိုဏ်းတူ ညီ၊ ညီမများ လွတ်မြောက်နိုင်စေရန် ရန်သူများနှင့် ရွပ်ရွပ်ချွံချွံတိုက်ခိုက်ပေလိမ့်မည်။

သူမသည် ထိုသို့တွေးနေမိ၏။ ထို့ကြောင့် သူမ စိတ်ဆုံးဖြတ်လိုက်သည်။
‘ ငါနဲ့ မျိုးဆက်တူ တပည့်တွေကို လုံခြုံတဲ့နေရာဆီ အောင်အောင်မြင်မြင် ပို့ဆောင်ပေးရမယ်။ ပြီးမှ ဂိုဏ်းကိုပြန်လာပြီး ငါအစွမ်းရှိသလောက် ဝင်တိုက်ခိုက်မယ် ’

ထိုအခိုက်တွင် ကျိုးဝူသည် သူ၏ဓားရှည်ကြီးကို ကိုင်၍ အပြေးအလွှားရောက်လာ၏။ သူသည် တပည့်များ၏ ခေါင်းပေါ်မှ ပျံသန်းသွားပြီး ခန်းမအတွင်းသို့ ဝင်လိုက်သည်။

ယုံချင်ရွှမ်းယာသည် တံစက်မြိတ်ပေါ်မှ ဆင်း၍ သူ့အ‌နောက်သို့လိုက်ကာ ခန်းမထဲကို လိုက်ဝင်လိုက်လေသည်။

သူမသည် ထိုအတုမဲ့နတ်ဝိဇ္ဇာမှာ တပည့်များထွက်ပြေးမည့် လမ်းကြောင်းကို ရှင်းပေးရန် ကတိုက်ကရိုက် လာခဲ့သည်ဟုထင်၍ သူ့ကို ကူညီရန် နောက်မှ လိုက်သွားခြင်း ဖြစ်သည်။

သို့သော် ယုံချင်ရွှမ်းယာနှင့် ခန်းမအပြင်မှ တပည့်များမှာ အောက်ပါအခြင်းအရာကို မျှော်လင့်မထားခဲ့ပေ။

တာအိုရသေ့ဂျပုသည် ပိုင်ဖန်ခန်းမအတွင်းရှိ အရှင်ထိုက်စန့်လောင်ကျွင်း၏ ပုံတော်ရှေ့တွင် ဒူးထောက်ကာ ငိုကြွေးလေတော့သည်။
“ အရှင်မြတ်က တန်ခိုးကြီးမားလှပါတယ်… ”

“ အရှင်မြတ်က တန်ခိုးကြီးမားလှပါတယ်။ ကျေးဇူးပြုပြီးတော့ အရှင်မြတ်ရဲ့ တန်ခိုးစွမ်းအားများနဲ့ တုနတ်ဝိဇ္ဇာဂိုဏ်းကို ကယ်မပေးတော်မူပါ … ”

“ တုနတ်ဝိဇ္ဇာဂိုဏ်းက အရှင်မြတ်ရဲ့ သင်ကြားမှုများကို လိုက်နာပါတယ်။ ဂိုဏ်းက တည်ငြိမ်အေးချမ်းစွာ ရှိခဲ့ပါတယ်။ ကျွန်တော်တို့ တပည့်တွေကလည်း အေးအေးချမ်းချမ်း ကျင့်ကြံပြီးတော့ လူသားမျိုးနွယ်ကို ကာကွယ်ပေးခဲ့ပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ ဂိုဏ်းက အကြောင်းအရင်းမရှိဘဲ အန္တရာယ်နဲ့ ရင်ဆိုင်နေရပါတယ် ခင်ဗျာ။ ကျွန်တော်တို့ ဂိုဏ်းက ကျောင်းတော်သုံးကျောင်းကို စိတ်ဝမ်းကွဲအောင်လုပ်မယ့် အစီအစဉ်ကြားမှာ မြေစာပင်ဖြစ်နေရပါတယ် အရှင်မြတ် ခင်ဗျား… ”

“ အရှင်မြတ်က တန်ခိုးကြီးမားလှပါတယ် ”

“ ကျွန်တော်တို့ကို ကယ်တင်ပေးတော်မူပါ ”

နှောင်..နှောင်..နှောင်
ကျိုးဝူသည် ပြောဆိုပြီးနောက် ကြေးစည်ကိုပါ တီးလိုက်၏။ ထို့နောက် သူသည် ကန်တော့ကာ မြေပြင်ပေါ်တွင် ထိုင်ချ၍ ငိုကြွေးနေပေသည်။

ယုံချင်ရွှမ်းယာသည် ထိုအခြင်းအရာများကို မြင်သောအခါ စိုးရိမ်သွားမိ၏။
‘ တကယ်ပဲ တုနတ်ဝိဇ္ဇာဂိုဏ်းက ဒီနေ့ တိုက်ပွဲကို မနိုင်,နိုင်တော့ဘူးလား… ’

‘ ဒါပေမဲ့ တိုက်ပွဲက စရုံပဲရှိပါသေးတယ်… တောင်ကာမန္တန်အစီအရင် ပျက်ဆီးသွားပြီဆိုပေမယ့် ငါတို့ဘက်မှာ ဒဏ်ရာရနေတဲ့ နတ်ဝိဇ္ဇာတွေလည်း နည်းနည်းပဲရှိပါသေးတယ်။ အကျအဆုံးလည်း မရှိသေးပါဘူး။ ကောင်းကင်ခွင်းတောင်ကိုကာထားတဲ့ မန္တန်အစီအရင်ကလည်း အကောင်းအတိုင်းရှိပါသေးတယ်။ ငါတို့ကို တိုက်ခိုက်တာမခံရသေးပါဘူး ’

‘ ဒီ ဆရာဦးလေးက ဘာလို့ ငါတို့ဂိုဏ်းတစ်ခုလုံး ပျက်ဆီးသွားတော့မလိုမျိုး ငိုနေရတာလဲ ’
ယုံချင်ရွှမ်းယာသည် နားမလည်နိုင်အောင် ဖြစ်နေ၏။

ကျိုးဝူသည် ဦးညွှတ်၍ အတန်ကြာအောင် ငိုကြွေးနေသည်။ သူ၏ ‌ခေါင်းထဲတွင် တခြားမည်သည့်အကြောင်းမှ တွေးမနေပေ။ သူ့အား ကြည့်နေသူများကိုလည်း ဂရုမစိုက်ပေ။

ကျိုးဝူသည် ခေါင်းမော့၍ ပုံတော်ကို ကြည့်လိုက်သည်။ သူ၏ မျက်ဝန်းများထဲတွင် သံသယများဖြင့် ပြည့်နှက်နေသည်။ ထို့နောက် သူသည် အသက်ပြင်းပြင်းတစ်ချက်ရှူလိုက်ပြီး သူပြောခဲ့သော ကြိုတင်ရေးထားသည့် စာသားများကို ထပ်‌ပြောလိုက်သည်။

ခန်းမတံခါးဝတွင် လာကြည့်နေကြသော တပည့်များသည် ကျိုးဝူ၏ ငိုကြွေးသံကို ကြားနေကြရ၏။ ထိုတပည့်အများစုသည်လည်း ဝမ်းနည်းနေပုံပေါ်လေသည်။

ထိုအခိုက်တွင်…

လီချန်ရှို့သည် စက္ကူကိုယ်ပွား လေးရုပ်ကို လျှို့ဝှက်ထိန်းချုပ်နေ၏။ သူသည် ရန်သူများကို တိုက်ခိုက်ရန် ပြင်ဆင်မှုများ လုပ်ပြီး သွားပြီ ဖြစ်သည်။

ထိုစက္ကူကိုယ်ပွား လေးရုပ်ကို ပြုလုပ်ရသည့်စက္ကူသည် ပုံမှန် ‘ကောင်းကင်’ စက္ကူကိုယ်ပွားများကို ပြုလုပ်ရသည့် စက္ကူထက် ဆယ်ဆပိုကုန်ခဲ့၏။

၎င်းတို့တွင် လီချန်ရှို့၏ နတ်တန်ခိုးတချို့ပါဝင်ပြီး သူ ဖော်စပ်ထားသည့် အဆင့်အမြင့်ဆုံး အရောင်အဆင်းမဲ့၊ အရသာမဲ့ အဆိပ်ဆေးလုံးများကိုလည်း သယ်ဆောင်ထားကြသည်။

၎င်းတို့သည် မြေအောက်တွင် ပုန်းကာ တိုက်ပွဲ ဖြစ်နေရာနေရာများသို့ ဖြည်းဖြည်ချင်း သွားနေကြသည်။

ဤသို့ တိုက်ပွဲပြင်းထန်နေစဉ်အတောအတွင်း ၎င်းတို့သာ အပြင်ထွက်လိုက်ပါက ချက်ချင်းပင် မာလကီးယားသွားမည် ဖြစ်၏။

သူသည် စိတ်ရှည်ရှည်ဖြင့် အချိန်ကောင်းကို စောင့်ဆိုင်းရပေမည်။

သစ်ပင်အိုကြီးများကို ရင်း၍ ပြုလုပ်ခဲ့ရသော ထိုစက္ကူကိုယ်ပွား လေးရုပ်ကို အလဟဿ မပျက်ဆီးသွားစေလိုပေ။

အလစ်တိုက်ခိုက်ခြင်းသည် ရဲရင့်မှု၊ သတိရှိမှု၊ ရက်စက်မှုတို့ အပေါ် မူတည်လေသည်။

တုနတ်ဝိဇ္ဇာဂိုဏ်းမှ နတ်ဝိဇ္ဇာများသည် လီချန်ရှို့ခန့်မှန်းထားသကဲ့သိုပင် တိုက်ပွဲနှစ်ဖက်စလုံး၌ ဆုတ်ချည်၊တိုက်ချည် ဗျူဟာကို သုံးနေကြပေသည်။

ထိုဗျူဟာသည် လီချန်ရှို့ စောင့်ဆိုင်းနေသော အခွင့်ကောင်းကို ပေးနိုင်၏။

တုနတ်ဝိဇ္ဇာဂိုဏ်းမှ နတ်ဝိဇ္ဇာများသည် အနီးကပ် လက်နက်ကိုင်တိုက်ပွဲတွင် လွန်စွာ အပေးအယူမျှနေ၏။ အကယ်၍ တစ်ဦးဦး ဒဏ်ရာရခဲ့လျှင် ထိုသူကို အနောက်သို့ ချက်ချင်းပြန် ခေါ်သွားကြ၏။ ထိုအခါ နောက်တန်းတွင် အင်အားခြွေတာ၍ တိုက်ခိုက်နေသူများသည် တဖန် ရှေ့တန်းသို့ တက်ကာ ကူညီတိုက်ခိုက်ကြ၏။

သို့သော် ထိုဗျူဟာကြောင့်ပင် နတ်ဝိဇ္ဇာအများစုသည် စိတ်ရှိသလို အစွမ်းကုန် မတိုက်ခိုက်နိုင်ပေ။ သူတို့သည် တစ်ဆုတ်တည်း ဆုတ်နေရလေသည်။

ဂိုဏ်းအပြင်ဘက်တွင် တောင်ခြောက်တောင်သည် ရှုံးနိမ့်ခဲ့လေပြီ။ သို့သော် အချင်းချင်း ကူညီမှုကြောင့် တုနတ်ဝိဇ္ဇာဂိုဏ်းဘက်မှ နတ်ဝိဇ္ဇာများတွင် သေဆုံးသူမရှိသေးသော်လည်း တစ်ဝက်ခန့်မှာ ဒဏ်ရာရနေပြီဖြစ်၏။

ရုပ်သေးရုပ် ရန်သူများမှာမူ တုနတ်ဝိဇ္ဇာဂိုဏ်းနှင့် ပြဒါးတစ်လမ်း သံတစ်လမ်းပင်။

သူတို့သည် အချင်းချင်း၏ အသက်များကို ဂရုမစိုက်ဘဲ တိုက်ခိုက်ရန်သာ အာရုံစိုက်နေကြသည်။

သူတို့သည် စိတ်ချင်းဆက်သွယ်နေကြသော ရက်စက်ကြမ်းကြုတ်သည့် သားရဲများကဲ့သို့ ထင်မှတ်ရ၏။ သူတို့သည် တိုက်ပွဲတွင် အပေးအယူမျှကြပြီး အချိန်တိုအတွင်းမှာပင် အစွမ်းကုန်တိုက်နိုင်အောင် ကြိုးစားနေကြသည်။

လီချန်ရှို့သည် သက်ပြင်းချ၍ တွေးလိုက်သည်။
‘ အရှင်မဝမ်ကတော့ တကယ်ကို တစ်ခုခုပဲ ’

ထိုအချိန်တွင် သူသည် အခွင့်ကောင်းကို မတွေ့သေးပေ။ သူက အခြားနေရာများသို့ အာရုံလွှဲလိုက်ပြီး နတ်အာရုံကို သုံး၍ တိုက်ပွဲတွင် အရေးကြီးဆုံးသူဖြစ်သည့် ကျိုးဝူကို အာရုံခံလိုက်သည်။

တုနတ်ဝိဇ္ဇာဂိုဏ်းတွင် ဖြစ်ပေါ်နေသော ပြဿနာများကို အမြစ်မှ နှုတ်ပစ်နိုင်ရန် တစ်နည်းသာရှိသည်။ တုနတ်ဝိဇ္ဇာဂိုဏ်းကို အသုံးချလိုသော အနောက်ကျောင်းတော် သို့မဟုတ် အခြားသူများ၏ ရန်မှကာကွယ်နိုင်ရန် နည်းလမ်းမှာ တစ်လမ်းသာရှိ၏။

တန်ခိုးစွမ်းအားကြီးမားသူများ ပေါ်လာရန်ဖြစ်သည်။ အကယ်၍ ကျိုးဝူတစ်ယောက် ဂိုဏ်းပျက်ဆီးပါတော့မည်ဟု ငိုကြွေးခဲ့ခြင်းကြောင့် ရန်ကျောင်းတော်မှ ပညာရှင်တချို့လာရောက် ကူညီပေးခဲ့လျှင် တုနတ်ဝိဇ္ဇာဂိုဏ်းသည် ယခုပြဿနာကို ကျော်လွှားနိုင်မည်သာမက နောင်တွင်လည်း ဤကဲ့သို့ ပြဿနာများကို ကြုံရတော့မည် မဟုတ်ပေ။

သို့သော်…
လီချန်ရှို့သည် ခေတ္တမျှအာရုံခံပြီးနောက် မျက်မှောင်ကြုတ်လိုက်သည်။

သူ၏ ဆရာဦးလေးကျိုဝူသည် အဆက်မပြတ်ငိုကြွေးနေ၏။ ထိုငိုကြွေးသံကို ကြားရသော ဘေးနားမှတပည့်များသည် ဝမ်းနည်းနေကြသော်လည်း ပုံတော်မှာ လှုပ်ပင်မလှုပ်သေးချေ။

‘ သူ ငိုနေတာ ခံစားချက် သိပ်မပါသေးလို့လား ’

‘ ငိုမယ့်လူ မလုံလောက်သေးတာလား… ’

‘ ဒါမှမဟုတ် ပြောတဲ့စကားလုံးတွေက အဆင်မပြေတာလား… ’
လီချန်ရှို့သည် ခေါင်းထဲတွင် အလျင်အမြန် စဉ်းစားလိုက်သည်။ သို့သော် သူသည် တိုက်ပွဲနှစ်ခုအပေါ်တွင်လည်း အာရုံမလွတ်သွားစေပေ။ သူသည် စက္ကူကိုယ်ပွားများကို ထိန်းချုပ်၍ တိုက်ပွဲအနောက်သို့ လျှို့ဝှက်၍ လိုက်ခိုင်းထား၏။

ကျိုးဝူ ထပ်မံငိုကြွေးလိုက်သည်။ အရှင်ထိုက်စန့်လောင်ကျွင်း၏ ပုံတော်တွင် မည်သည့်ပြောင်းလဲမှုမှ ပေါ်မလာသေးချေ။

အမှောင်ထုထဲတွင် ပုန်းအောင်းနေသော လီချန်ရှို့သည် လျင်မြန်စွာ ဆုံးဖြတ်ချက်ချလိုက်၏။ သူသည် နတ်အဆင့် အသံပို့လွှတ်မှုကို သုံး၍ တံခါးဝတွင် ရပ်နေသော ယုံချင်ရွှမ်းယာထံ အသံပို့လွှတ်လိုက်သည်။
“ ညီမလေး ယုံချင်… ခန်းမအပြင်ဘက်မှာ စကားပြောရအောင် ”

ယုံချင်ရွှမ်းယာသည် အစတွင် ကြောင်သွား၏။ ထို့နောက် သူမသည် နောက်လှည့်ကာ တုံ့ဆိုင်းမှုမရှိဘဲ ခန်းမအပြင်သို့ သွားလိုက်လေသည်။

လီချန်ရှို့သည် အသံထပ်မံပို့လွှတ်လိုက်သည်။
“ ဆရာဦးလေးကျိုးဝူတစ်‌ယောက် ခန်းမထဲမှာ ငိုနေသံကို အစ်ကိုကြားတယ်။ အဲဒါက အစ်ကိုတို့ကို ကယ်တင်နိုင်မယ့် နည်းတစ်ခုလို့ထင်တယ်။ ဒါပေမဲ့ ဆရာဦးလေးကျိုးဝူရဲ့ ငိုပုံငိုနည်းက မှားနေတယ် ”

“ အစ်ကိုက မထင်မရှားတပည့်လေးဆိုတော့ အစ်ကို့စကားကို ဘယ်သူမှ အလေးထားမှာမဟုတ်ဘူး။ ညီမက တုနတ်ဝိဇ္ဇာဂိုဏ်းရဲ့ တပည့်ငယ်ခေါင်းဆောင်ဆိုတော့ ဒီကိစ္စကို စမ်းကြည့်ချင်လား၊ စမ်းကြည့်ချင်တယ်ဆိုရင် ခေါင်းညိတ်ပြ ”

ယုံချင်ရွှမ်းယာသည် ချက်ချင်းပင် ခေါင်းညိတ်လိုက်သည်။ သူမသည် ဘေးပတ်လည်ကို အာရုံခံလိုက်သော်လည်း လီချန်ရှို့ကို ရှာမတွေ့ပေ။

တပည့်ငယ်များသည် သူတို့အပေါ်မှ အသံကျယ်ကြီးတစ်သံကို ရုတ်တရက် ကြားလိုက်ရသည်။ တပည့်များ မော့ကြည့်လိုက်ရာ အလင်းတန်းများ၊ လျှပ်စီးများ ဝင်းလက်နေသော တိမ်တိုက်များကို တွေ့လိုက်ရ၏။ စွမ်းအားလှိုင်းများသည် အောက်သို့ ဆင်းသက်လာကြ၏။

ခန်းမအပြင်ဘက်တွင်ရှိသည့် မူလနတ်ဝိဇ္ဇာ နှစ်ရာခန့်သည် သူတို့၏ နတ်တန်ခိုးများကို ထုတ်လိုက်ကြသည်။ သူတို့သည် နတ်တန်ခိုးများကိုသုံး၍ ကာကွယ် မန္တန်အစီအရင်တစ်ခု ဆင်လိုက်ပြီး တပည့်ငယ်များကို တိုက်ပွဲအရှိန် မရိုက်ခတ်စေရန် ကာကွယ်လိုက်ကြ၏။

သူတို့သည် ဟိန်းသံကြီးတစ်သံကို ကြားလိုက်ရ၏။ တိမ်များအတွင်းမှနေ၍ ခရမ်းရောင်မီးတောက်များ လွှမ်းခြုံနေသော သားရဲတစ်ကောင် ထွက်ပေါ်လာ၏။

ထိုသားရဲကြီးသည် ခေါင်းမော့၍ ဟိန်းလိုက်သည်။ သူ၏ ခန္ဓာကိုယ်ပတ်လည်မှ မီးတောက်များသည် အရပ်ဆယ်မျက်နှာသို့ ပျံထွက်သွားကြသည်။ ထို့ကြောင့် သူရှေ့တွင်ရှိနေသော အာကာသနတ်မင်းများသည် နောက်သို့ ဆုတ်သွားကြ၏။

ထိုသားရဲကြီးသည် ခန့်ညား၍ စွမ်းအားကြီးလှလေသည်။

သို့သော် ထိုနတ်သားရဲကြီး၏ ဘေးတွင် အနက်ရောင်ချီများ ရှိနေသဖြင့် အတန်ငယ် အားနည်းနေပုံရ၏။

တုနတ်ဝိဇ္ဇာဂိုဏ်း၏ အကြီးအကဲချီလင်းသည် သူ၏ မူလပုံစံအဖြစ် ပြန်ပြောင်းလဲခဲ့ခြင်းပင်။

ယုံချင်ရွှမ်းယာသည် လီချန်ရှို့၏ သတိပေးစကားကို ကြားလိုက်သဖြင့် မျက်မှောင်ကြုတ်လိုက်သည်။

လီချန်ရှို့ က မေးလိုက်၏။
“ အစ်ကိုပြောတာတွေ ညီမ မှတ်မိရဲ့လား။ မှတ်မိတယ်ဆိုရင် ခပ်သွက်သွက် ခေါင်းညိတ်ပြပါဦး ”

ယုံချင်ရွှမ်းယာ ခပ်သွက်သွက် ခေါင်းညိတ်လိုက်၏။

လီချန်ရှို့က အလောတကြီး ပြောလိုက်သည်။
“ ဒီအကြောင်းကို ဘယ်သူ့ကိုမှ ပြန်မပြောနဲ့နော်။ ဒီစကားတွေကို ညီမရဲ့ မူလဝိညာဉ်ထဲအထိ စွဲနေအောင် မှတ်ထား ”

“ ဒီလိုလုပ်ခိုင်းတာ အစ်ကိုဆိုတာလည်း မပြောနဲ့။ ဒီအတိုင်း ညီမ တစ်ခုခုခံစားလိုက်ရတယ်လို့ပဲ ပြောလိုက် ”
ယုံချင်ရွှမ်းယာသည် ညင်သာစွာ ခေါင်းညိတ်ပြလိုက်သည်။ သူမသည် လီချန်ရှို့၏ ကိုယ်ကျင့်တရားနှင့် အကျင့်စရိုက်ကို လွန်စွာ အထင်ကြီးသွား၏။

လီချန်ရှို့က ဆက်ပြောလိုက်သည်။
“ ပြီးရင် ညီမကို ဝမ်းနည်းဒေါသထွက်စေတဲ့ အကြောင်းတစ်ခုခုကို စဉ်းစားပြီး နှလုံးသားရဲ့ အနက်ရှိုင်းဆုံးတစ်နေရာကနေ ခံစားချက်တွေ ထွက်ပေါ်လာအောင် လုပ်လိုက် ”

‘ ငါ့နှလုံးသားအနက်ရှိုင်းဆုံးတစ်နေရာကနေ ခံစားချက်တွေထွက်လာစေမယ့် ဝမ်းနည်းဒေါသထွက်စရာ ကိစ္စ… ’
ယုံချင်ရွှမ်းယာသည် အနည်းငယ် နားမလည်နိုင်အောင် ဖြစ်သွား၏။ သူမသည် လီချန်ရှို့ ညွှန်ကြားသည့်အတိုင်း ထိုခံစားချက်ကို ရှာဖွေလိုက်သည်။

သူမတွင် ဝမ်းနည်းစရာ ကိစ္စမရှိသကဲ့သို့ပင်။ သူမ၏ မိသားစုသည် အဆင်ပြေနေပြီး သူမ၏ ကျင့်ကြံခြင်းသည်လည်း ဖြောင့်ဖြူးနေပေသည်။ သူမ၏ ဆရာကလည်း သူမကို သမီးအရင်းတစ်ယောက်သဖွယ် ဆက်ဆံ၏။

ယုံချင်ရွှမ်းယာက လျင်မြန်စွာ ပြန်ပြောလိုက်သည်။
“ အစ်ကိုချန်ရှို့… ရွှမ်းယာ ဘာမှ စဉ်းစားလို့မရဘူး ”

သူမ၏ အသံသည် အတန်ငယ်ကျယ်သွား၍ ဘေးမှ တပည့်များက လှည့်ကြည့်လိုက်ကြသည်။

ယုံချင်ရွှမ်းယာသည် ချက်ချင်းလှည့်၍ ခန်းမဆီ မျက်နှာမူလိုက်သည်။

လီချန်ရှို့၏ အသံကို သူမနားထဲတွင် ကြားနေရဆဲပင်။ သူ၏ အသံသည် ပကတိ တည်ငြိမ်လေ၏။
“ စိတ်မလှုပ်ရှားနဲ့၊ ဒီလိုအချိန်မျိုးမှာ စိတ်လှုပ်ရှားရင် အမှားတွေ ပိုလုပ်မိလိမ့်မယ် ”

“ တစ်ခုခုကို ရအောင် စဉ်းစားကြည့်ပါ။ ညီမ အချစ်ဆုံးအရာတစ်ခုကို စဉ်းစားကြည့်ပေါ့… တိရိစ္ဆာန်လေးတွေဆိုလည်း ရတာပဲ ”

ယုံချင်ရွှမ်းယာ ရေရွတ်လိုက်၏။
“ အစ်ကိုပေးထားတဲ့ ဝိညာဉ်သားရဲပေါက်လေးအကြောင်းကို စဉ်းစားလို့ရလား ”

“ ရတာပေါ့…. အဆင်ပြေတယ်… အဲ့သားရဲပေါက်လေး အပေါ် ညီမခံစားရတဲ့ ခံစားချက်တွေကို တွေးလိုက်။ အဲ့သားရဲပေါက်‌လေးက သူ့ရဲ့ အမြီးနဲ့ ညီမကို ပွတ်သပ်နေတယ်လို့ ပုံဖော်ကြည့်လိုက်…ပြီးတော့… ”

“ သူ့အပေါ်ကို တောင်ပေါ်က ကျောက်တုံးတစ်တုံး ပြုတ်ကျသွားပြီး ကံမကောင်းစွာပဲ သေသွားတယ်လို့ တွေးပြီး ပုံဖော်လိုက်၊ အဲဒါက တော်တော်ဝမ်းနည်းစရာပဲ၊ ညီမ သူ့ကို မြေမြုပ်ပေးလိုက်ရတယ်… ”
ယုံချင်ရွှမ်းယာသည် သူမ၏ နှုတ်ခမ်းကို ခပ်ဖွဖွ ကိုက်လိုက်သည်။ ဝိညာဉ်သားရဲပေါက်လေးကို သူမမြုပ်နှံပေးသည့် ပုံရိပ်များသည် သူမ၏ နှလုံးသားထဲတွင် ပေါ်လာသည်။ သူမသည် အပြစ်ရှိသလို ခံစားလိုက်ရပြီး မျက်နှာထားသည် ချက်ချင်းပင် မှိုင်းညို့သွားလေတော့သည်။

သို့သော် သူမ၏ ခံစားချက်သည် ဝမ်းနည်းမှုသပ်သပ်သာဖြစ်ပြီး ‌ဒေါသမပါ‌သေးကြောင်း လီချန်ရှို့ သိလိုက်၏။ ထို့ကြောင့် လီချန်ရှို့က ထပ်ဖြည့်ပြောလိုက်သည်။
“ ဒါပေမဲ့ ညီမသတိမထားမိလိုက်တဲ့ အချိန်မှာ ဝိညာဉ်သားရဲပေါက်လေးရဲ့ အလောင်းကို တစ်ယောက်ယောက်က ခိုးသွားတယ်။ ညီမက သူ့အလောင်းရဲ့ သဲလွန်စကို လိုက်ရှာဖို့ ရှေ့ကို ဖြည်းဖြည်းချင်းတိုးသွားတယ်… ”

ယုံချင်ရွှမ်းယာသည် အလိုလို ရှေ့သို့ လှမ်းလိုက်ပြီး ခန်းမအတွင်းသို့ ထပ်၍ ဝင်သွားလေ၏။ လီချန်ရှို့၏ အသံသည် သူမ၏ စိတ်အပေါ် အကျိုးသက်ရောက်မှုရှိသော မိစ္ဆာအသံကဲ့သို့ပင်။

လီချန်ရှို့က ဆက်ပြောလိုက်သည်။
“ တစ်ယောက်ယောက်က အဲ့အလောင်းကိုတူးပြီး မီးကင်စားလိုက်တာတဲ့ ”

ယုံချင်ရွှမ်းယာ၏ မျက်ဝန်းများတွင် ဝမ်းနည်းမှုများ၊ ဒေါသများဖြင့် ပြည့်နှက်လာလေတော့သည်။

လီချန်ရှို့သည် အမှောင်ထဲမှနေ၍ အသံပို့လွှတ်နေသည်။
“ ဟုတ်တယ်… ဒီခံစားချက်ကို ဆက်ထိန်းထား၊ ဆရာဦးလေးကျိုးဝူရဲ့ ‌ဘေးကို သွားလိုက် ”

“ အမွှေးတိုင်သုံးတိုင်ထွန်းပြီးတော့ သုံးခါ ကန်တော့လိုက်၊ ပြီးရင် ဒီစကားတွေကို ပြောလိုက် ”

ယုံချင်ရွှမ်းယာသည် အသက်ပြင်းပြင်းရှူ၍ ရှေ့သို့ တိုးသွားလိုက်သည်။ လီချန်ရှို့သည် ချက်ချင်းပင် အသံပို့လွှတ်မှုကို ရုတ်သိမ်းလိုက်သည်။

သူသည် ခန်းမအတွင်းသို့ နတ်အာရုံများ မပို့လွှတ်ဝံ့သဖြင့် အပြင်မှနေ၍သာ အခြေအနေကို စောင့်ကြည့်နေလေ၏။

တုနတ်ဝိဇ္ဇာဂိုဏ်း၏ မျိုးဆက်သစ်တပည့်ခေါင်းဆောင် ယုံချင်ရွှမ်းယာသည် ငိုကြွေးနေသော ကျိုးဝူ၏ အနီးသို့သွား၍ ခရမ်းရောင် အမွှေးတိုင်သုံးတိုင်ကို ယူကာ ထွန်းညှိလိုက်ပြီး အမွှေးတိုင် စိုက်ရန် နေရာတွင် ပူဇော်လိုက်သည်။

ထို့နောက် သူမသည် ခြေနှစ်လှမ်း ဆုတ်ကာ ကျိုးဝူဘေးရှိ တရားထိုင်ဖျာလေးပေါ်တွင် ဒူးထောက်လိုက်ပြီး ဦးညွှတ်၍ သုံးကြိမ်ကန်တော့လိုက်သည်။

ကျိုးဝူသည် ခေါင်းငဲ့၍ ကြည့်လိုက်သည်။ သူ နားမလည်နိုင်ဖြစ်နေ၏။

သူမ၏ ဆံပင်ရှည်များသည် အတန်ငယ် ရှုပ်ပွနေပြီး သူမ၏ အပြာနုရောင် ဝတ်စုံလေးသည်လည်း တွန့်ကြေနေလေသည်။ သူမ၏ မျက်နှာထားမှာ ညှိုးငယ်နေ၏။
“ တပည့်က တာအိုဂိုဏ်းရဲ့တပည့် ရွှမ်းယာဖြစ်ပါတယ်။ ရွှမ်းယာ ဒီနေရာကနေပြီးတော့ ကျောင်းတော်သုံးကျောင်းရဲ့ တည်ထောင်သူ တန်ခိုးရှင်သုံးပါးမှ တစ်ပါးဖြစ်သော အရှင်ထိုက်စန့်လောင်ကျွင်းကို နှုတ်ခွန်းဆက်သပါတယ်… ”

“ တုနတ်ဝိဇ္ဇာဂိုဏ်းက စိတ်ငြိမ်သုတ္တန်ကို ဂိုဏ်းရဲ့ အုတ်မြစ်အဖြစ် သဘောထားပါတယ်။ ဒါကြောင့် အရှင်ထိုက်စန့်လောင်ကျွင်းက ဒီတာအိုဂိုဏ်းရဲ့ တည်ထောင်သူလို့ ပြောလို့ရပါတယ် ”

“ ဒီနေ့ အပြင်က မိစ္ဆာတွေက ရွှမ်းယာတို့ဂိုဏ်းကို တိုက်ခိုက်ပြီး ကျောင်းတော်သုံးကျောင်းက တပည့်တွေကြားမှာ ပဋိပက္ခတွေ ဖြစ်အောင်လုပ်နေပါတယ်။ သူတို့က တုနတ်ဝိဇ္ဇာဂိုဏ်းနဲ့ ရန်ငြိုးမရှိပါဘဲ မကောင်းတဲ့ အကြံအစည်သပ်သပ်နဲ့ လာတိုက်ခိုက်ခြင်းဖြစ်ပါတယ်။ အဲ့မိစ္ဆာတွေကို တုနတ်ဝိဇ္ဇာဂိုဏ်းက အရင် ရန်ရှာခဲ့တာ မဟုတ်ပါဘူး။ တစ်ချက်လောက် ကြည့်ပေးပါ တန်ခိုးရှင်မြတ် ရှင့်… ”

ထို့နောက် ယုံချင်ရွှမ်းယာသည် ဒူးထောက်လျှက်သားကပင် စိတ်ငြိမ်သုတ္တန် ပထမတွဲကို စတင် ရွတ်ဖတ်လိုက်လေသည်။

ကျိုးဝူ ကြောင်သွား၏။
‘ ဘာလို့ သူပြောသွားတာတွေက ငါပြောတာတွေထက် ပိုအဆင့်မြင့်နေရတာလဲ ’

‘ ဒီတစ်ခါတော့… ’
ယုံချင်ရွှမ်းယာတစ်ယောက် စိတ်ငြိမ်သုတ္တန် ပထမတွဲ၏ ဒုတိယစာကြောင်းကို ရွတ်ဖတ်ပြီးသွားချိန်တွင် အရှေ့ရှိ ပုံတော်သည် အတန်ငယ် လှုပ်သွား၏။

စာဖြင့် ဖော်ပြ၍ မတတ်နိုင်သော အမျိုးအမည်မသိသည့် တာအိုသင်္ကတများသည် ပုံတော်အတွင်းမှ ပျံထွက်လာကြပြီး ခေတ္တမျှလှည့်ပတ်ပျံသန်းပြီးနောက် ပြန်ပျောက်ကွယ်သွားလေတော့သည်။

Comment

Leave a Reply

Options

not work with dark mode
Reset