ဧရာမကျောက်တုံး လှေကားကြီးအပေါ်မှာ ဇူယွမ်အသွင်က မျက်မှောင်ကြုတ်ကာ ရုပ်ဆိုးလို့နေ၏။
“ယောင်ယောင်က မူလချီ လုံးဝ မရှိပေမဲ့ ချက်ချင်းတိုက်ချခြင်း မခံရတဲ့ပုံပဲ” ဇူယွမ်မျက်လုံး ထဲ၌ အတွေးတစ်ချက် ဖျတ်ခနဲ ပေါ်လာခဲ့သည်။ “ယောင်ယောင်၏ နည်းလမ်းများက အဆုံးမရှိဟန် ရှိနေတဲ့ ပုံပင်။ အမှန်ဆိုလျှင် သူမက လွယ်ကူစွာ ရှေ့တက်သွားနိုင်စရာ မရှိဘူး။ ဒါပေမဲ့ ယောင်ယောင်က လုပ်နိုင်ခဲ့ပြီး သူ့ပုံရိပ် မှာလည်း ကျောက်တုံးလှေကား ကနေ ဘယ်လိုများ ရုတ်တရက် ပျောက်ကွယ် သွားခဲ့ရတာလဲ”
“ဘယ်လိုများ လုပ်လိုက်တာလဲ” ဇူယွမ်က အံကြိတ်မိလိုက်သည်။ ယောင်ယောင်ရှိမှာ လျှို့ဝှက်ချက်များစွာ ရှိနေပြီး သူက ထိုအရာများကို သိရှိနိုင်စွမ်း မရှိ ဖြစ်နေရသည်။ သို့သော် သူက သူမအတွက် အကောင်းဆုံး ကာကွယ်ပေးရန် ဆန္ဒ ရှိနေတုန်းပင် ဖြစ်၏။ ဒီအရာက သူ ဆရာကန်ယွမ်ကို ပေးခဲ့သော ကတိလည်းဖြစ်၏။ ယောင်ယောင်က အန္တရာယ်ထဲသို့ တစ်ကြိမ်ပြီးတစ်ကြိမ် ကျရောက်ခဲ့ရသည်။ ထိုအတွက်လည်း သူက သူ့ကိုသူ အပြစ်တင် မိပေသည်။
ဇူယွမ်က ဤသို့ အာရုံထွေပြား နေစဉ်မှာပင် သူ့လိပ်ခွံ အကာအကွယ်မှာ တစ်ဆတစ်ဆ အက်ကွဲလို့ လာသည်။ ဒီအကာအကွယ်က ကန့်သတ်ချက်သို့ ရောက်တော့မည့် လက္ခဏာပင်။ ကြောက်မက်ဖွယ် မူလချီ လှိုင်းလုံးများက သူ့ရှိရာသို့ စီးဆင်းလာပြီး ဇူယွမ်က နောက်သို့ တစ်လှမ်းချင်း ဆုတ်နေရသည်။ အသက်ဆယ်ကြိမ် ရှူစာလောက် အတွင်းမှာပင် သူတို့အုပ်စု၏ နောက်သို့ ရောက်ရှိလို့ သွားသည်။ လုလျိုက ဒီအခြင်းအရာကို တွေ့လိုက်တော့ မြန်ဆန်စွာ အော်ဟစ် သတိပေးလိုက်၏။ “ဇူယွမ်။ အာရုံ မပြန့်စေနဲ့”
နောက်တစ်နေရာတွင် ရှိသော ကျိုးချူးချင်ယု ကလည်း အပြစ်တင်ဟန်ဖြင့် လှမ်းပြောလိုက်ပြန်သည်။ “စိတ်မပူနဲ့။ ယောင်ယောင် အဆင်ပြေသွားလိမ့်မယ်။ နင် သူ့စွမ်းရည်တွေကို သိသင့်တယ်”
ဇူယွမ်က အသက်ပြင်းပြင်း ရှူကာ ခေါင်းညိတ်ပြလိုက်သည်။ ယောင်ယောင်က မျှော်စင်က ထွက်ခွာသွားရမည် ဆိုလျှင်ပင် သူမအတွက် အဆင်ပြေ နေပါသေးသည်။ အနည်းဆုံးတော့ သူမက လုံခြုံ နေပေလိမ့်မည်။ ဇူယွမ်က အခွင့်ရှိခဲ့လျှင်တော့ ဒီသူတော်စင် တောင်မှာ သူမမည်သို့ ဖြစ်ပျက်သွားသည်ကို ရှာဖွေချင်သေးသည်။
ဇူယွမ်က နက်ရွှေရောင် မူလချီများအား ထုတ်ဖော်လိုက်ပြီး နောက်သို့ ရွေ့နေရာကို တဖြည်းဖြည်း ရပ်တန့်စေလိုက်၏။ သူက ခေါင်းမော့ကာ ရှေ့သို့ ကြည့်လိုက်သည်။ သူတော်စင်မျှော်စင် ထဲသို့ ဝင်ရောက်ခဲ့သော ပါရမီရှင်များက ပထမဆုံး အစိမ်းရောင် ချီလှိုင်းကြောင့် အုပ်စုများ ကွဲသွားသည်ကို တွေ့လိုက်ရ၏။ ရှေ့ဆုံးမှာတော့ ဝူဟောင်နှင့် ယဲ့မင်တို့ အုပ်စု ရှိနေကြသည်။ ဝူဟောင်က ရှေ့ဆုံးမှာ ရှိနေပြီး သူ့ကြက်သွေးရောင် မူလချီ များအား ပေါက်ကွဲစေလိုက်ရာ အစိမ်းရောင်လှိုင်း များပင် ခဏတာ ရပ်ဆိုင်း သွားရလေသည်။ ဝူဟောင်က ကြက်သွေးရောင် မူလချီများကို လက်ပေါ်မှာ စုဝေးလိုက်ပြီး ရှေ့သို့ ဆန့်ထုတ်လိုက်သည်။ ဒီမူလချီများက တစ်ပေပတ်လည် ကြက်သွေးရောင် အလုံးတစ်လုံး ဖြစ်သွားပြီး ၎င်းအထဲ၌ ကြောက်မက်ဖွယ် မူလချီများ ပါဝင်လျက် ရှိနေပေသည်။ လောင်ကျွမ်းနိုင်သော အပူလှိုင်းများ ထွက်ပေါ်လာပြီး ပတ်ဝန်းကျင် လေထုပင် လောင်ကျွမ်းလို့ သွားရ၏။ အစိမ်းရောင်လှိုင်းလုံး များနှင့် ကြက်သွေးရောင် အလုံးတို့က အဆက်မပြတ် ထိုးနှက်ကြရာ တစီစီ အသံများပင် ကြားရလေ၏။ ဝူဟောင်က ဒီကြက်သွေးရောင် ချီလုံးကို ကိုင်တွယ်ထားပြီး ရှေ့သို့ တစ်လှမ်းချင်း တက်၍သွားသည်။ သူက နောက်တွင် ကျန်ခဲ့သော ဇူယွမ်အား အထင်သေးစွာ ပြန်လှည့်ကြည့်လိုက်သည်။ သူတို့နှစ်ယောက်ကြားရှိ ကွာခြားချက်က အစကတည်းက ထင်ရှားလို့ နေပေသည်။ သူက ဇူယွမ်ထံ အာရုံစိုက်ခြင်း မရှိတော့ဘဲ ကျောက်တုံးလှေကား ပေါ်သို့ ဆက်တက်သွားလိုက်သည်။
ယဲ့မင်၏ နက်မှောင်သော မျက်လုံးအိမ်မှာလည်း ရစ်ဝဲ လည်ပတ်လို့ လာသည်။ သူက လက်နှစ်ဖက်လုံး ရှေ့သို့ ဆန့်တန်းလိုက်ပြီး အနက်ရောင် မူလချီများကို သူ့ရှေ့သို့ ဝဲကတော့ ပုံစံပြောင်းလဲ စေလိုက်သည်။ ယဲ့မင်သည် အနက်ရောင် မူလချီဝဲဖြင့် အစိမ်းရောင် လှိုင်းလုံးများကို ပြန့်ကျဲသွား စေလိုက်ပြီး သူက ရှေ့သို့ တက်လိုက်သည်။ သို့သော် သူက ထိုသို့ လုပ်ဆောင်စဉ်မှာ သူ့မျက်လုံးထောင့်၌ အနက်ရောင် သွေးတချို့ စီးကျလာသည်ကို တွေ့ရ၏။
လီချွန်ကျွမ်က ကြီးမားလှသော အနက်ရောင်ဓားကြီးကို တင်းကျပ်စွာ ဆုပ်ကိုင်လိုက်ပြီး ရှေ့သို့ ခုတ်ချလိုက်သည်။ လွှမ်းမိုးသော ဓားအရှိန်အဝါက ရှေ့သို့ ဦးတည်သွား၍ အစိမ်းရောင်လှိုင်း များကို ကွဲထွက်သွားစေသည်။ လီချန်ကျွမ်က ခုတ်လိုက် ရှေ့သို့ တက်သွားလိုက်၊ နောက်တစ်ချက် ထပ်ခုတ်လိုက် ရှေ့သို့ ထပ်တက်သွားလိုက် ပုံစံဖြင့် တစ်လှမ်းချင်း ဆက်တက်သွားသည်။
“ဟားဟား … ဒါက တကယ်ကောင်းတယ်”
နန်ကျန်းက ကောင်းကင်ပေါ် မော့ကြည့်ရင်း အူလိုက်အသည်းလိုက် ရယ်မောလိုက်သည်။ အားမာန်ပါသော မူလချီများက နန်ကျန်းထံမှ ထွက်ပေါ်လာခဲ့ပြီး သူ့ခန္ဓာကိုယ်မှာ ပိုမိုကြီးမားလာသည်။သူ့အရွယ်အစားမှာ လူသားမျောက်ဝံကြီး တစ်ကောင်အလား ထင်မှတ်ရသည်။ သူ့နည်းလမ်းမှာ အရိုင်းဆန် လွန်းလှသည်။ အကြောင်းမှာ သူက သန်မာကြီးမားသော ခန္ဓာကိုယ်ဖြင့် အစိမ်းရောင် လှိုင်းများကို ကြံ့ကြံ့ခံပြီး ကျောက်တုံးလှေကား ပေါ်သို့ ဆက်တက်သွားခြင်းကြောင့် ဖြစ်၏။
သူတို့ လေးယောက်လုံးက ရှေ့ဆုံးမှာ ရောက်နေပြီး သူတို့၏ သံသယ ဖြစ်စရာ မလိုသော သန်မာမှုများကို ဖော်ထုတ်ပြသလို့ နေသည်။ နောက်တွင် ကျန်ရစ်ခဲ့သော ပါရမီရှင် များစွာက ဒီလေးယောက်ကို လှမ်းကြည့်နေရင်း တိတ်တဆိတ် နှုတ်ခမ်းသတ် လိုက်မိကြသည်။
“ဟီး … သူတို့က ငါတို့အတွက် လက်ခုပ်သံတွေကို ခိုးယူသွားတာ ခွင့်ပြုပေးလို့ မရဘူး …”
“ငါလည်း ငါ့စွမ်းရည်ကို ပြရတော့မယ်”
လုလျိုက ဝူဟောင်တို့ လေးယောက်ရှေ့သို့ တက်သွားသည်ကို တွေ့လိုက် ရသောအခါ အံကြိတ်မိလိုက်သည်။ သူမ မျက်နှာ သွယ်သွယ်လေးက လေးနက်လို့ သွားသည်။ တန်ခါမှု တစ်ခုနှင့်အတူ အပြာရောင် အလင်းတစ်ချက် ဖျတ်ခနဲ လင်းသွားကာ လုလျို၏ ပခုံးပေါ်သို့ လာနားလေသည်။ ဒီအရာက နှင်းခဲလေး ဖြစ်၏။ ဒီရေခဲ ငှက်ကလေးက ရေခဲဖီးနစ် သွေးမျိုးဆက်ကို ပိုင်ဆိုင်ထားပေသည်။
၎င်းက လုလျိုနှင့် နှလုံးသားချင်း ဆက်သွယ်ထားပြီး ဖြစ်သည်။ ဒီအတွက်ကြောင့် ဒီနှင်းခဲလေးက အလင်းတိုင်လုံးများ ပေါ်မှ ထန်ထန်ကဲ့သို့ ဆင်းသက်လိုက်ရခြင်း မရှိပေ။
လုလျိုက ပါးစပ်ဟလိုက်ရာ မူလ ရေခဲချီများ ထွက်ပေါ်လာခဲ့၏။ တစ်ချိန်တည်း မှာပင် ရေခဲငှက်လေးက ၎င်း၏ ချွန်မြသော နှုတ်သီးကို ဟလိုက်ရာ အေးစက်သော မူလချီများ ထွက်ပေါ်လို့ လာပြန်သည်။ ဒီမူလချီ နှစ်ခုက သူတို့ရှေ့ရှိ အစိမ်းရောင် လှိုင်းလုံးများပေါ်သို့ ကျရောက်သွား၍ အေးခဲစေလိုက်သည်။ ခြေဆယ့်နှစ် လှမ်းစာလောက် အေးခဲသွားသည့် အတွက် လုလျိုက ထိုအပေါ်ကနေ ရှေ့သို့ ဆက်လက် ခုန်တက် သွားလိုက်သည်။
“ဟေး ဇူယွမ် … ငါသွားနှင့်ပြီ။ ခုချိန်မှာ နင်က ကိုယ့်ကိုကိုယ် အားကိုးရလိမ့်မယ်။ နင်လုပ်နိုင် မလုပ်နိုင်က နင့် အရည်အချင်းပေါ် မူတည်နေပြီ”
ကျိုးချူးချင်ယု ကလည်း ဇူယွမ်ထံ လှမ်းကြည့်လိုက်သည်။ သူမ၏ တောက်ပဝင်းလဲ့သော မျက်နှာပေါ်မှာ ကျီစယ်သော အပြုံးတစ် ခုပေါ်လာပြီး ဇူယွမ်အား လှမ်းပြောလိုက်သည်။ “ယောင်ယောင်က နင့်အနား မရှိတဲ့ အချိန်မှာ နင်က ငါ့ကို မီအောင် လုပ်နိုင်မယ် ဆိုရင် သင့်တော်တဲ့လူ တစ်ယောက် အနေနဲ့ စဉ်းစားပေးမယ်”
“သင့်တော်တဲ့သူ … ဘာလဲဟ သင့်တော်တဲ့လူက” ဇူယွမ်က မှင်တက်လို့ သွား၏။
ကျိုးချူးချင်ယုက ပြန်ဖြေခြင်း မရှိဘဲ တခစ်ခစ် ရယ်မောလိုက်သည်။ ထို့နောက်မှာတော့ သူမ၏ သွယ်လျသော ကိုယ်လုံးလေးမှာ အစိမ်းရောင် လှိုင်းလုံးများကြား ထဲသို့ တန်းတန်းမတ်မတ် ဝင်ရောက်သွားသည်။ အစိမ်းရောင် လှိုင်းလုံးများ ကြားထဲ၌ အနက်ရောင် ငါးကြင်းတစ်ကောင် အလား သူမက ရှေ့သို့ ဆက်တက်လို့ သွားလေသည်။
“ဇူယွမ် … ငါက မင်းအပေါ်မှာ အကြွေးတင် နေပေမဲ့ ဒီနေရာမှာတော့ ပြန်ကူညီပေးလို့ မရနိုင်သေးဘူး။ ငါရှေ့က သွားနှင့်ပြီ။ မင်းလည်း မကြာခင် မီလာဖို့ မျှော်လင့်ပါတယ်” ကျိန်းရွှီး၏ ခြောက်ကပ်ကပ် အသံက ဇူယွမ်ထံ ပြန့်လွင့်လာခဲ့သည်။
မီးခိုးရောင် မူလချီများက သူ့ခန္ဓာကိုယ်အား ဝန်းရံလှည့်ပတ်လို့ လာ၏။ လက်ဖဝါးနှစ်ဖက် ကြားရှိ မူလချီများအား စုစည်းလိုက်ရာ အရိုးခေါင်းပုံစံသို့ ပြောင်းလဲ စေလိုက်သည်။ အရိုးခေါင်းက ပါးစပ်ဟလိုက်ပြီး အစိမ်းရောင်လှိုင်း များအား စုပ်ယူလိုက်ရာ ကျိန်းရွှီးအတွက် ရှေ့တက်ရန် အခွင့်အရေး ပေါ်လာတော့သည်။
သူတို့သုံးယောက် ကလည်း ထိပ်ဆုံးက ပါရမီရှင် ပီသကြပေ၏။ သူတို့ ခွန်အားများကို အပြည့်အဝ အသုံးချ လိုက်သည်နှင့် အမြန်နှုန်းများ မြင့်တက်သွားကြပြီး ရှေ့တွင်ရှိသော ဝူဟောင်နှင့် အခြားသုံးယောက် နောက်သို့ အမီစလိုက်ကြတော့သည်။
သူတို့ နောက်မှာတော့ သူတို့ထက် တစ်ဆင့်နိမ့်သော ရှောင်ထျန်းရွှမ်နှင့် ဂူလင်းကဲ့သို့ ပါရမီရှင်များက လိုက်ပါသွားကြ၏။
ရှောင်ထျန်းရွှမ်က နောက်မှာ ကျန်ခဲ့သော ဇူယွမ်ထံသို့ ကြည့်၍ အေးစက်စွာ နှခေါင်းရှုံ့ လိုက်သည်။ ဂူလင်းကလည်း အလားတူ လှောင်ပြောင်ဟန်ဖြင့် ဇူယွမ်ထံ လှမ်းကြည့်လိုက်ပြန်သည်။
“ဟမ် … မင်းက ခုချိန်မှာ ရှေ့ဆက်တက်ဖို့ ကိုယ်ပိုင် မူလချီ တွေကိုပဲ မှီခိုရတော့မယ်။ မင်းရဲ့ တိုက်ပွဲစွမ်းရည်က ကောင်းမွန်ပေမဲ့ မင်းက အခုမှ ကောင်းကင်တံခါး အလယ်အဆင့်သာ ရှိသေးတယ်။ မင်းအခြေခံ မူလချီတွေက ငါတို့နဲ့ နှိုင်းယှဉ်လို့ မရဘူးဆိုတာ သိသင့်တယ်”
အမှန်တော့ သူတို့က ယောင်ယောက်အတွက် ဇူယွမ် အာရုံပျံ့နှံ့ သွားသည်ကို မသိရှိကြပေ။ ထိုအစား ဇူယွမ့် မူလချီများက အကန့်အသတ်ကို ရောက်သွား သောကြောင့်သာ နောက်ဆုတ်သွားရသည် ဟု ထင်မြင်နေကြခြင်း ဖြစ်ပေသည်။ ရှောင်ထျန်းရွှမ်နှင့် ဂူလင်းတို့က အကြည့်ချင်း ဖလှယ်လိုက်ကြသည်။ သူတို့မျက်လုံး ထဲ၌ ဝမ်းသာနေသည့်ဟန် များပေါ်လွင်လို့ နေ၏။
ဇူယွမ်၏ တိုက်ပွဲဝင် စွမ်းအားက အလွန် ကောင်းမွန်သော်လည်း ဒီအခြေအနေကို မဖြတ်ကျော်နိုင်ဘူး ဆိုလျှင် သူအားစိုက်ထုတ် ထားခဲ့သည့် အရာများက အလဟဿ ဖြစ်သွားပေလိမ့်မည် ဖြစ်၏။
“ဟူး“
ဇူယွမ်က အသက်ဝဝ ရှူလိုက်ပြီး သူ့စိတ်ထဲရှိ စိုးရိမ်မှုများကို ဖိနှိပ်ထားလိုက်သည်။ သူက ဆုံးဖြတ်ချက် မပြတ်သားသောသူ တစ်ယောက်မဟုတ်ပေ။ အခုလို စိုးရိမ်ပူပန် နေသည်မှာ အကျိုးမရှိမှန်း သိလေသည်။ အခုချိန်မှာ အရေးကြီးဆုံးက သူတော်စင် တောင်ထိပ်ပေါ်သို့ အရင်ဦးဆုံး တက်ရောက်နိုင်ရန်သာ ဖြစ်၏။
သူက အစိမ်းရောင် လှိုင်းလုံးများကြား ထိုးဖောက်ကြည့်လိုက်ရာ ရှေ့သို့ ဆက်သွားနေသော ဝူဟောင်အား တွေ့လိုက်ရသည်။ ဝူဟောင်ကို တွေ့လိုက်ရသည့် အတွက် သူ့မျက်လုံးထဲ၌ အေးစက်စက် အလင်းများ မြင့်တက်လာခဲ့သည်။
“ဒီလို ဆိုတော့လည်း …”
သူက သားကောင်ကို လိုက်ခါနီး ကျားသစ်နက် တစ်ကောင်အလား ကိုယ်ကို အနည်းငယ် ညွှတ်ကွေးလိုက်သည်။
“ကောင်းကောင်း ပြိုင်ဆိုင်ကြတာပေါ့ …”
“ဘယ်သူက တောင်ထိပ်ကို အရင်ရောက်မလဲ ကြည့်ရတာပေါ့ကွာ …”
ထိုခဏ၌ ဇူယွမ်ထံမှ နက်ရွှေရောင် မူလချီများက မီးတောင်ပေါက်ကွဲသည့် အလား ပြင်းထန် ကြမ်းတမ်းစွာ ထွက်ပေါ်လို့ လာခဲ့တော့သည်။