သတ်ဖြတ်လိုသော စိတ်ဆန္ဒက စင်မြင့်တစ်လျှောက် သိမ်းကြုံး ပျံ့နှံ့လာ၏။ ပါရမီရှင်များ၏ အသွင်က အနည်းငယ် ပြောင်းလဲသွားကြကာ ဝူဟောင်ထံသို့ ကြောက်လန့်စွာ ကြည့်လိုက်ကြသည်။ လူအုပ်ကြီး၏ အာရုံစိုက်မှုအောက် မှာပင် ဝူဟောင်က ဇူယွမ်ထံ အေးစက်စွာ စူးစိုက်ကြည့်လျက် ရှိသည်။
“မင်းနဲ့ ပတ်သက်ပြီး သနားစရာ အကောင်းဆုံးက ဒီကောင်းချီးပေးမှုကို ပိုင်ဆိုင်ဖို့ မထိုက်တန်တာပဲ။ ဒါအပြင် မင်းက ဒီအရာကို ပြန်ယူဖို့တောင် နုံနုံအအ ယုံကြည် နေသေးတယ် …”
“ဇူယွမ် …”
ဝူဟောင်၏ နှုတ်ခမ်းဖျား ပေါ်၌ လှောင်ပြုံးတစ်ခု တွဲခိုလာသည်။ “ ဒီအချိန်မှာပဲ မင်းက မသန်စွမ်းနဂါး တစ်ကောင်ဖြစ်ပြီး ငါကသာ စစ်မှန်တဲ့ နဂါးတစ်ကောင် ဆိုတာ မင်းနားလည်လာအောင် သင်ပေးရတော့မယ်။
ငါကမင်းကို မျှော်လင့်ချက် ပျက်သုဉ်းပြီး စိတ်ပျက်လက်ပျက် ဖြစ်တဲ့ အရသာကို မြည်းစမ်းခိုင်းမယ်”
ပြင်းထန်သော၊ လွှမ်းမိုးနိုင်သောမူ လချီများက ဝူဟောင်ထံမှ မုန်တိုင်းတစ်ခု အလား ထွက်ပေါ်လာခဲ့၏။ လူတိုင်းက သူ့အသံကို ရှင်းလင်းစွာ ကြားလိုက်ရသည်။ လူများစွာက ဇူယွမ်အား သနားစွာ ကြည့်လိုက်ကြသည်။ ဇူယွမ်က ကောင်းကင်တံခါး အလယ်အလတ် အဆင့်သို့ ရောက်ရှိနေသော်လည်း ဝူဟောင်ဖြင့် ယှဉ်လျှင် ကွာဟချက် များစွာ ရှိနေသေးပေသည်။
ဝူဟောင်၏ သတ်ဖြတ်လိုသော အကြည့်ကြောင့် ဖြစ်စေ၊ လူအများ၏ သနားသော အကြည့်ကြောင့် ဖြစ်စေ ဇူယွမ်အသွင်မှာ မည်သို့မျှ မနေဟန် ရှိနေ၏။ သူက အေးအေးဆေးဆေး ရယ်မောကာ ပြောဆိုလိုက်သည်။ “ငါချီစုဆောင်းမှု အဆင့်မှာတုန်း ကလည်း မင်းဒီလိုပဲ ပြောခဲ့တာပဲ။ ကံမကောင်းစွာနဲ့ပဲ မင်းဖြစ်ချင်သလို ဖြစ်မလာခဲ့ဘူး။ ဒါကြောင့်ပဲ … ဝူဟောင် … ခုချိန်မှာလည်း မင်းကထပ် စိတ်ပျက်ရဦးမှာပဲ”
သူတို့နှစ်ယောက်၏ စူးရှသော အကြည့်များက လေထဲ၌ ထိပ်တိုက် တွေ့ဆုံမိကြသည်။ နှစ်ယောက်လုံးထံမှ ထွက်ပေါ်လို့လာသော သတ်ဖြတ်လိုသော စိတ်ဆန္ဒများကြောင့် ပတ်ဝန်းကျင် လေထုပင် အေးခဲသွားသယောင် ထင်ရ၏။
“ဝုန်း “
လေထုထဲ၌ အသတ်အဖြတ် စိတ်ဆန္ဒများ ဖြစ်ပေါ်နေစဉ် မှာပင် စင်မြင့်နောက်ရှိ သူတော်စင်အကြွင်းအကျန် မျှော်စင်မှာ တုန်ခါမြည်ဟည်း လာလေ၏။ များစွာသော ပါရမီရှင်များက မျှော်စင်၏ ကြီးမားသော တံခါးကြီးများ တဖြည်းဖြည်း ပွင့်လာနေသည်ကို စူးစိုက် ကြည့်လိုက်ကြသည်။
“သူတော်စင်မျှော်စင် စပွင့်နေပြီ …”
လူတိုင်း၏ မျက်လုံးများက စိတ်လှုပ်ရှားမှုများဖြင့် ပြည့်နှက်လို့နေသည်။ သူတော်စင် အကြွင်းအကျန် နယ်မြေရှိ အကြီးကျယ်ဆုံး၊ အကောင်းဆုံး လက်ဆောင်မှာ ဤမျှော်စင် အတွင်းထဲ၌ ရှိနေ၏။ ဒီမျှော်စင်က ဒဏ္ဍာရီလာ မြင့်မြတ်သော ကုန်းမြေတစ်ခု ကဲ့သို့ ဖြစ်နေပေသည်။ စင်မြင့်ပေါ်ရှိ လူတိုင်းက သူတော်စင် အကြွင်းအကျန် နယ်မြေ၏ ကောင်းချီးပေးခြင်း အချို့ကို ရရှိခဲ့ကြသော်လည်း သူတို့ရှေ့ရှိ ကောင်းချီးပေးမှုဖြင့် ယှဉ်လျှင် ထိုအရာများမှာ ဘာမျှ မဟုတ်တော့ပေ။ အကြီးကျယ်ဆုံး ကံကောင်းမှု လက်ဆောင်ကို ရရှိမည် ဆိုပါက ကောင်းကင်ပေါ်သို့ ချက်ချင်းရောက်သွားခြင်း နှင့်ဆင်တူကာ လူတိုင်းအား ဖိနှိပ်နိုင်စွမ်းရှိလာမည် ဖြစ်၏။ ဒီဆွဲဆောင်မှုကြောင့် လူတိုင်းက သူတို့ စိတ်နှလုံးကို တည်ငြိမ်အောင် မထိန်းချုပ် နိုင်ကြတော့ပေ။
ယောင်ယောင်ကတော့ ထိုသို့မဟုတ်ချေ။ သူမက သူတော်စင် မျှော်စင်အား စူးစိုက် ကြည့်လိုက်သော်လည်း မည်သည့် စိတ်ခံစားချက်မှ မဖြစ်ပေါ်ခဲ့ပေ။ ထိုအစား သူမက မျက်မှောင် အနည်းငယ် ကြုတ်မိလိုက်သည်။ သို့သော် ဒီမျှော်စင်က သူမအား မဖော်ပြတတ်သော ခံစားချက်များ ပေးစွမ်းနေသည်ကို နားမလည်နိုင် ဖြစ်နေသည်။ ဒီလို အရာမျိုးကို တစ်နေရာရာမှာ တွေ့ဖူးသလို ထင်နေမိ၏။ သို့သော် သူမက မည်သို့ပင် ကြိုးစားပြီး စဉ်းစားစဉ်းစား မမှတ်မိနိုင် ဖြစ်နေပြန်သည်။ ဤသို့သော ခံစားချက်ကို ယောင်ယောင်က မနှစ်သက်နိုင် ဖြစ်နေသည်။
“သူတော်စင်မျှော်စင် ပွင့်နေပြီ။ မြန်မြန်ဝင်ကြစို့”
မျှော်စင်တံခါးက လုံးဝ ပွင့်နေပြီ ဖြစ်၏။ မျက်စိတစ်မှိတ် အတွင်းမှာ တစ်ယောက်ပြီးတစ်ယောက်က တံခါးဆီသို့ ပြွတ်သိပ် တိုးဝှေ့သွားကြသည်။ ဝူဟောင်နှင့်ယဲ့မင် ကလည်း အကြည့်ချင်း ဖလှယ်လိုက်၏။ ထို့နောက် သူတို့အဖွဲ့က တည့်မတ်စွာ တံခါးဆီသို့ မြန်ဆန်စွာ ရောက်သွားလေသည်။
ဇူယွမ်က ယောင်ယောင်နှင့် အခြားလူတွေကို ကြည့်လိုက်သည်။ “ငါတို့လည်း သွားသင့်ပြီ”
သွားကြမယ်။
“စွက်“
သူတော်စင် အကြွင်းအကျန် နယ်မြေရှိ မရေမတွက် နိုင်သောလူများ၏ အကြည့်များ အောက်မှာပင် ပုံရိပ်များစွာက မူလချီများ ထုတ်ဖော်ပြီး သူတော်စင်မျှော်စင် ထဲသို့ တစ်ဟုန်ထိုး ဝင်ရောက်သွားကြသည်။
သူတော်စင် အကြွင်းအကျန် နယ်မြေ အပြင်ဘက်၌
လူများစွာက သည်နေရာ၌ စုဝေးလျက် ရှိသည်။ သူတို့က ကန်မင်ကုန်းမြေ၏ အမျိုးမျိုးသော အင်အားစုများ၊ အဖွဲ့အစည်းများ ဖြစ်ကြကာ အပြင်ဘက်၌ သူတော်စင် အကြွင်းအကျန် နယ်မြေ၏ နောက်ဆုံးရလဒ်ကို စောင့်မျှော် နေကြပေသည်။ သူတို့က ထိုရလဒ်ဟာ ကန်မင်ကုန်းမြေ၏ အင်အားစုကို ပြောင်းလဲ သွားစေလိမ့်မည်ဟု သိရှိနေကြသည်။
ကောင်းကင်ထက်၌ အံ့အားသင့်ဖွယ် မူလချီ ခြောက်ခုက တိမ်တိုက်ခြောက်ခု သဖွယ်ဖြစ်နေ၏။ ထိုတိမ်တိုက်များ ပေါ်တွင် ပုံရိပ်ခြောက်ခုက ထိုင်လျက် ရှိနေသည်။ ထိုပုံရိပ်ခြောက်ခု ထံမှ ထွက်ပေါ်လာသော ဖိအားက အောက်မှာရှိသော လူများစွာ၏ လေးစားမှုကို ဖြစ်ပေါ်စေ၏။ သူတို့က မြင့်မြတ်သော ကလန်ခြောက်ခုမှ တမန်တော်များ ဖြစ်ပေသည်။ သူတို့က အစတည်းက မျက်လုံးပိတ်ကာ ကျောက်ရုပ်တစ်ရုပ်လို ငြိမ်သက်လျက် ရှိနေခဲ့၏။ သို့သော် ယနေ့မှာ သူတို့၏ တင်းကျပ်စွာ ပိတ်ထားသော မျက်လုံးများက တဖြည်းဖြည်း ပွင့်လာလေသည်။
“သူတော်စင် အကြွင်းအကျန် နယ်မြေမှာရှိတဲ့ အထွတ်အထိပ် ကုန်းမြေ ပေါ်လာခဲ့ပြီ” သူတို့ခြောက်ယောက်က သူတော်စင် အကြွင်းအကျန် နယ်မြေကို စူးစိုက်ကြည့် လိုက်ကြသည်။ သူတို့သည် ထူးဆန်းသော လှိုင်းများက သူတော်စင် အကြွင်းအကျန် နယ်မြေထဲမှ ခပ်ဖျော့ဖျော့ ထွက်ပေါ်လျက် ရှိနေသည်ကို အာရုံခံမိကြ၏။
“မြင့်မြတ်သော ကုန်းမြေက တကယ် ပေါ်လာခဲ့ပြီပဲ …” မြင့်မြတ်သော နန်းတော်၏ တမန်တော် ကျောင်းဖန်က သူတော်စင် အကြွင်းအကျန် နယ်မြေကို စူးနစ်ကြည့်ရင်း မျက်လုံး အနည်းငယ် ကျဉ်းမြောင်းသွားကာ မျက်လုံးထဲ၌ ဖျတ်ခနဲ တောက်ပသွားသည်။ သူ့စိတ်ထဲ၌ ရှိနေသည့်အရာကို သူသာ သိနိုင်ပေလိမ့်မည်။ နောက်တစ်နေရာ မှာတော့ ဇူယွမ်ကို တစ်ကြိမ် ကူညီခဲ့ဖူးသော ခြေဗလာနှင့် လူကြီးက သူ့ဆေးတံကို တတောက်တောက် ခေါက်လျက် ရှိနေသည်။ သူတော်စင် အကြွင်းအကျန် နယ်မြေကို ကြည့်နေရင်းဖြင့် သူ့အကြည့်ထဲ၌ ရှုပ်ထွေးမှုများ ဖြစ်ပေါ်လာခဲ့၏။
“ဟားဟား … ဒီတစ်ခေါက် သူတော်စင် အကြွင်းအကျန် နယ်မြေမှာ အကြီးကျယ်ဆုံး လက်ဆောင်ကို ဘယ်သူရမလဲ ဆိုတာ ငါ သိချင်နေပြီ …” တမန်တော် တစ်ယောက်က ရယ်မော ပြောဆိုလိုက်သည်။
မုတ်ဆိတ်ပြောင်အောင် ရိတ်ထားသော ကျောင်းဖန်က ခပ်ပါးပါး ပြုံးလိုက်သည်။ “ ဝူဟောင်က ကောင်းကင်က ချီးမြှင့်တဲ့ ကံကောင်းမှုကြီးကို ပိုင်ဆိုင်ထားပြီး အံ့ဩစရာ အရည်အချင်းလည်း ရှိတယ်။ ကန်မင်ကုန်းမြေမှာ သူက နံပါတ်တစ်ပဲ ဆိုတာ သံသယ ရှိစရာမလိုဘူး။ ဒီကောင်းချီးပေးမှု ကလည်း သူ့အတွက်ပဲ ဖြစ်လာလိမ့်မယ်”
ခြေဗလာဖြင့် လူကြီး မုဝူကျိက လှောင်ပြောင်လိုက်သည်။ “မင်းလေသံအရ ဆိုရင် မင်းတို့ရဲ့ မြင့်မြတ်တဲ့ နန်းတော်က သူ့ကို ကြိုလက်ခံ ထားတဲ့ပုံပဲ”
ကျောင်းဖန်က မုဝူကျိအား စိုက်ကြည့်လိုက်သည်။ “ဖီးနစ်တစ်ကောင်က နားခိုဖို့ အကောင်းဆုံး သစ်ပင်ကိုပဲ ရှာလိမ့်မယ်။ ဝူဟောင်က အကောင်းဆုံး ဆုံးဖြတ်ချက်ကို လုပ်ခဲ့တာပဲ …”
“အကောင်းဆုံးသစ်ပင်။ ဟက် …” မုဝူကျိက နှာခေါင်းရှုံ့လိုက်ကာ အေးစက်စက် ထပ်ပြောလိုက်၏။ “မင်းတို့ မြင့်မြတ်တဲ့ နန်းတော်ရဲ့ လူတွေက သူတော်စင် အကြွင်းအကျန် နယ်မြေထဲကို ဝင်ရဲတယ်လား”
ကျောင်းဖန်က မထူးခြားနားစွာ ပြန်ပြောလိုက်သည်။ “မုဝူကျိ။ မင်းတို့ ကန်ရွှမ်းကလန်က ဖြစ်ပြီးခဲ့တဲ့ အရာတွေကို ငြင်းဆို ချင်နေတဲ့ပုံပဲ။ မင်းတို့ရဲ့ ဘိုးဘေးက မြင့်မြတ်သော အမိန့်ကို မလိုက်နာခဲ့ဘဲ မြင့်မြတ်သောနေရာရဲ့ ဒေါသဖြစ်မှုကို ခံခဲ့ရတယ်။ သူက သူ့ကိုသူပဲ အပြစ်တင်သင့်တယ်။ ဟမ် … မင်းမှာ ပြောချင်တဲ့အမြင် တစ်ခုခုရှိရင် မြင့်မြတ်သော နန်းတော်မှာ သူတို့ကို လွတ်လွတ်လပ်လပ် ပြောနိုင်တယ်။ ဒါပေမဲ့ မင်းတို့ ကန်ရွှမ်းကလန်က ကန်ရွှမ်းကုန်းမြေမှာ နံပါတ်တစ် ဖြစ်နေတုန်းလို့ ယုံကြည် နေသေးတာလား”
မုဝူကျိက ဆေးတံကို တင်းကျပ်စွာ ဆုပ်ကိုင်လိုက်ပြီး သတ်ဖြတ်ချင်သော စိတ်ဆန္ဒက သူ့မျက်လုံးထဲ၌ ထွက်ပေါ် လာခဲ့ပေသည်။ ကျောင်းဖန်မျက်နှာ မှာလည်း အလားတူ အေးစက်စက် ရှိနေ၏။ သူတို့ နှစ်ယောက်ကြားရှိ လေထုမှာ ရန်လိုသော အငွေ့အသက်များဖြင့် ချက်ချင်းပင် ပြည့်နှက်လို့ လာခဲ့သည်။ အောက်ဘက်မှာ ရှိနေသာ လူများစွာက ဒီတမန်တော် နှစ်ယောက်က ဘာကြောင့်များ ရန်လိုဒေါသ ထွက်နေရသလည်း နားမလည်နိုင် ဖြစ်နေရ၏။ သူတို့ မျက်နှာပေါ်၌လည်း ကြောက်ရွှံ့မှု၊ အံ့အားသင့်မှုများ ပြည့်နှက်လို့ နေလေသည်။
အခြားတမန်တော် လေးယောက်ကတော့ ဒီရန်မီး မီးပွားကို ငြှိမ်းသတ်ရန် ပြောဆိုလိုက်ကြသည်။
“မင်းတို့နှစ်ယောက် အငြင်းပွား ရန်လိုနေစရာ မလိုဘူး။ သူတို့လည်း အထွတ်အထိပ် နယ်မြေကို ဝင်သွားကြပြီး ငါတို့လည်း လုပ်စရာရှိတာ စလုပ်ကြမယ်“
ဇောင်ဖန်နှင့်မုဝူကျိ တို့က အေးစက်စွာ နှာခေါင်းရှုံ့ လိုက်ကြပြီး သူတို့၏ မူလချီများကို ပြန်ရုပ်သိမ်း လိုက်ကြသည်။
“စကြစို့”
တမန်တော် ခြောက်ယောက်က သူတို့ လက်ဟန်များကို ချိပ်ပိတ်ဟန် ပြုလုပ်လိုက်ကြ၏။ အကန့်အသတ် မဲ့သော မူလချီများက ရှေ့သို့မြန်ဆန်စွာ ထိုးတက်သွား၍ သူတို့ရှေ့ရှိ လေထုထဲ၌ ဝှေ့ပတ်လျက်ရှိကာ တဖြည်းဖြည်းချင်းဖြင့် ကြီးမားသော မူလချီကြေးမုံ အဖြစ် ပြောင်းလဲသွားလေသည်။ ကြေးမုံထဲတွင် အလင်းများ စုဝေးပြီး ပုံရိပ်များ ပေါ်လာခဲ့၏။ သေချာကြည့်လျှင် ထိုပုံရိပ်များမှာ သူတော်စင် မျှော်စင်ထဲသို့ ဝင်ရောက်သွားသော (၃၈) ယောက် ဖြစ်နေသည်ကို တွေ့ရပေမည်။
သူတို့က အဆုံးမဲ့သော သူတော်စင်တောင်တန်းများကို တွေ့မြင်ရလေသည်။ ကြီးမားထူထပ်သော တောင်ကြီးများက ကြေးမုံရှေ့မှာ ပေါ်ထွက်လို့လာ၏။ သူတော်စင် အကြွင်းအကျန် နယ်မြေ အပြင်ဘက်ရှိ အုပ်စုများစွာ၊ လူများစွာမှာ ကြေးမုံပြင်ကို စူးစိုက်ကြည့်နေကြပြီး သူတို့ မျက်လုံးထဲ၌ အံ့အားသင့်မှုများ၊ လန့်ဖျပ် တုန်လှုပ်မှု များကို မြင်နိုင်ပေသည်။ သူတို့အားလုံးက လာမည့်တိုက်ပွဲဟာ ကန်မင်ကုန်းမြေ တစ်ခုလုံးအား ကြီးမားစွာ လှုပ်ခတ်နိုင်သည်ကို သိကြပေသည်။ များစွာသော ထိပ်တန်း ပါရမီရှင်တွေ ကြားထဲမှာ မည်သူကများ သူတို့ကိုသူတို့ ထွန်းတောက်လာအောင် လုပ်နိုင်မည်နည်း။