ယောက်ျားတစ်ယောက် မိန်းကလေးတစ်ယောက် ကြွေပန်းအိုးလမ်းကြားသို့ ရောက်လာသည်။ ယောက်ျားဖြစ်သူမှာ ဦးထုတ်ခွန်ဆောင်းကာ ကျောက်စိမ်းပြားခါးချိတ်ထားသည့် လူငယ်ဖြစ်သည်။ လုမိသားစုဝင်လူငယ်များကဲ့သို့မဟုတ်ဘဲ လူချမ်းသာသခင်လေးတစ်ယောက်နှင့်တူသည်။
မိန်းကလေး၏ အသက်အရွယ်မှာ ခန့်မှန်းရခက်သည်။ ရုတ်တရက်ကြည့်လျှင် နူးညံ့သည့်အသားအရေရှိသည်။ သူ့မေးစေ့မှာ ဆောင်းရာသည် တံစက်မြိတ်တွင် တွဲလောင်းကျနေသည့် နှင်းစွယ်နှင်းခဲနှင့်တူသည်။ သို့သော် အနီးကပ်ကြည့်မည်ဆိုလျှင် သက်လတ်ပိုင်းမိန်းမတစ်ယောက်၏ ရင့်ကျက်သည့်တည်ငြိမ်သည့် အလှမျိုးကိုတွေ့ရမည်ဖြစ်သည်။
ဖီးနစ်မျက်လုံး၊ ရှိုက်ဖိုကြီးငယ် အသွယ်သွယ်ရှိသည့် ကောက်ကြောင်း၊ ခေါင်းအစ ခြေအဆုံး အားလုံးက အပျိုစင် အရိုင်းပန်းတစ်ပွင့်နှယ်ဖြစ်သည်။ လမ်းလျှောက်ချိန်တွင် နိမ့်တုံမြင့်တုံ လှုပ်ရှားသွားသည့် တင်သားစိုင်နှစ်ခုက ဤမြို့ခံ မိန်းမများတွင် မတွေ့ရသည့် စွဲမက်ဖွယ်အာရုံမျိုးကို ပေးစွမ်းနိုင်သည်။
သူသည် ဘေးဘယ်ညာကို တောက်ပသည့်မျက်လုံးအစုံဖြင့် စူးစမ်းနေသည်။ လက်ကိုဆန့်ထုတ်၍ မြေအုတ်စည်းရိုးများကို စမ်းကြည့်သည်။ သို့သော် ထူးထူးခြားခြား ဘာမှမတွေ့။ သူ့မျက်နှာတွင် သံသယရိပ်တစ်ချို့ ပေါ်လာသည်။
“ဖူနန်ဟွား၊ နင်ပြောတဲ့ လျှို့ဝှက်ကောင်းချီးဘုံကမ္ဘာထဲကတစ်ခုဆိုတာ ဒီနေရာကိုပြောတာရော ဟုတ်ရဲ့လား။ ဒီကိုမလာခင် ငါတို့ခေါင်းဆောင်ကြီးပေးလိုက်တဲ့ မြေပုံအညွှန်းထဲမှာ ဒီလမ်းကြားအကြောင်း အထူးတလည် ဖေါ်ပြထားတာမျိုးလည်း မရှိပါဘူး”
လူငယ်က သူ့အမေးကိုမဖြေပဲ တန်ပြန်မေးခွန်းထုတ်လိုက်သည်။
“တကယ်လို့ ဒီနေရာမှ မျှော်လင့်မထားတဲ့ ဆုလာဘ်မျိုးတွေ့ရင် ငါ့ကိုဘယ်လိုကျေးဇူးဆပ်မှာလဲ”
မိန်းကလေးက သူ့ဘက်လှည့်လာသည်။ လက်နှစ်ဘက်ကို နောက်ကျောဘက်တွင်ယှက်လျက် မို့နေသည့်ရင်ကို ထပ်ကော့ကာ ချိုသာသည့်အပြုံးဖြင့် ရှေ့သို့တိုးလာသည်။ ပြီတီတီမျက်နှာဖြင့်
“နင်ငါ့ကို လုပ်ချင်တာလုပ်ခွင့်ပေးမယ်လေ။ ဘယ်လိုလဲ”
ထိုမျှ ရဲတင်းပွင့်လင်းသည့်အဖြေမျိုး ကြားရမည်ထင်မထားသဖြင့် လူငယ် ရုတ်တရက် ဆွံ့အသွားသည်။ ထို့အပြင် ဤနေရာသို့ မိတ်ဆွေ မိသားစုများထံ အလည်လာသည့်အသွင်မျိုးဖြင့် ရောက်လာကြခြင်းဖြစ်သည်။ အမှန်တကယ်အားဖြင့် သူတို့မျိုးနွယ်၏ နောက်ထပ်နှစ်တစ်ရာ နှစ်တစ်ထောင်၏ အနာဂတ်သည် ဤခရီးအပေါ်တွင် မူတည်နေသည်။ တစ်မြို့လုံး စောင့်ကြည့်ခံနေရချိန်တွင် ဤမိန်းကလေးနှင့် ပရောပရီ လုပ်ရမည့် ကိစ္စမျိုးကို သူမတွေးရဲပါ။
ထို့ကြောင့် လမ်းကြားကို လက်ညှိုးထိုးပြကာ ပြုံးရွှင်သည့်မျက်နှာဖြင့် ချက်ချင်းစကားလမ်းကြောင်း ပြောင်းလိုက်သည်။
“ငါတို့က မိတ်ဆွေတွေဆိုပေမယ့် ရင်းနှီးမှုနဲ့ အလုပ်ကိစ္စကို ရောလို့မရဘူးလေ။ ဒီတော့ ငါထပ်ပြောမယ်။ ငါတို့ ကြိုတင်သဘောတူထားတဲ့အတိုင်းပဲ ဒီကြွေပန်းအိုးလမ်းမှာ အကျိုးရနိုင်မယ့် မိသားစုနှစ်ခုရှိတယ်။ တစ်ခုက သခင်နဲ့အစေခံ၊ နောက်တစ်ခုက သားအမိပဲ။ မင်းကြိုက်ရာ ရွေးခွင့်ပေးတယ်။ အပြန်အလှန်အနေနဲ့ ငါတို့ နဂါးမြို့တော်ကို မင်းတို့ တိမ်အာရုဏ်တောင်တန်းက တိမ်မူလကျောက်တုံးဆယ်ခု နှစ်တိုင်းပေးရမယ်။ သဘောတူရဲ့လား မိုးနတ်မယ်ချိုင်”
“တူတာပေါ့”
မိန်းကလေးက ခေါင်းတစ်ချက်ငြိမ့်၍ ညှို့အားအပြည့်ပြုံး၍ ပြောလိုက်သည်။
ဖူနန်ဟွားက ရှေ့သို့လျှောက်နေရင်း စကားဆက်သည်။
“ခုချိန်ကစလို့ ငါတို့မျိုးနွယ်ရဲ့ ရည်ရွယ်ပစ္စည်းတွေအပြင် ဒီနေရာက နောက်ထပ် အကျိုးဖြစ်မယ့် ပစ္စည်းတွေ ရလာရင် မျှတတဲ့တန်ဖိုးကို အကဲဖြတ်ဖို့အတွက် ပစ္စည်းအားလုံး ငါတို့ရဲ့ နှစ်ဘက်ခေါင်းဆောင်တွေရှေ့ကို တင်ပြရမယ်။ ပြီးရင် မင်းတို့ တိမ်အာရုဏ်တောင်တန်း အဲဒီပစ္စည်းတွေရဲ့ တန်ဖိုးတစ်ဝက်နဲ့ညီမျှတဲ့ တိမ်မူလကျောက်တုံးတွေကို ပေးရမယ်။ မင်း ဘာပြောစရာရှိသေးလဲ ချိုင်ကျင်ကျန်း။
“ငါဆိုလိုတာက ဒီအပေးအယူကိုသဘောတူလို့ မင်းလိုချင်တာလည်း ရပြီးတဲ့အခါ တိမ်အာရုဏ်တောင်တန်းခေါင်းဆောင်တွေကို အခုသတ်မှတ်ထားတာတွေပေးဖို့ နားဝင်အောင် မင်းပြောနိုင်ပါ့မလားဆိုတာ သိချင်တာပါ”
ရုတ်တရက် ချိုင်ကျင်ကျန်းမျက်နှာတွင် တည်ကြည်ပြတ်သားသည့် အမူအရာများပေါ်လာသည်။ လုံးဝကွဲပြားသည့် လူတစ်ယောက်လို ဖြစ်သွားသည်။ မျက်နှာအပြောင်းအလဲက မြန်လွန်းသည်။ ဧကရီတစ်ပါးကဲ့သို့ ဩဇာအပြည့်ရှိသည့်လေသံဖြင့်
“ငါပြောနိုင်ပါတယ်”
ဖူနန်ဟွားမျက်လုံးများ အနည်းငယ်မှေးစင်းသွားသည်။ သူ့မျက်နှာလည်း လေးနက်တည်ကြည်လာသည်။ ခြေလှမ်းရပ်လျက် ချိုင်ကျင်ကျန်းကို စိုက်ကြည့်လိုက်သည်။
“ငါရှင်းအောင်ကြိုပြောမယ်။ မင်းနဲ့ငါဟာ နှစ်ဦးနှစ်ဘက်အကျိုးအတွက် ပူးပေါင်းထားတာပါ။ မြင်မြင်ချင်း ချစ်သွားတာတို့ ဘာတို့လို ကိုယ်ရေးကိုယ်တာအကြောင်းတွေအတွက် မဟုတ်ဘူး။
နဂါးမြို့တော်နဲ့တိမ်းအာရုဏ်တောင်တန်းက ငါတို့စီနီယာတွေ ဘိုးဘေးတွေဟာ နှစ်တွေအကြားကြီး စုစည်းထိန်းသိမ်းပြီး ကြိုးစားခဲ့ကြတာ။ ငါတို့ကြောင့် ဒီကိစ္စ ပျက်စီးပြီး အဘိုးကြီးတွေကို ဒေါသထွက်သွားရင် မင်းရောငါရော ဖြစ်လာမယ့်အကျိုးဆက်တွေကို ဖြေရှင်းနိုင်မှာမဟုတ်တော့ဘူး။ ငါတို့မိဘတွေနဲ့ ဆရာသမားတွေလည်း အတူတူပဲဖြစ်မှာ”
ချိုင်ကျင်ကျန်းက ပြုံးလျက်
“ဒါဆို ဒီမြို့မှာ ရှိနေတဲ့အချိန်အတွင်း ငါတို့နှစ်ယောက် စိတ်တူကိုယ်တူ ပွင့်ပွင့်လင်းလင်းနဲ့ သစ္စာရှိရှိ အလုပ်လုပ်ကြရမှာပေါ့”
လမ်းကြား၏ အရိပ်ကျ၍ အလင်းမှိန်သည့်နေရာသို့ ရောက်နေသ်ောလည်း ဖူနန်ဟွား၏ ချောမောသည့် မျက်နှာက အနည်းငယ်မျှ မှေးမှိန်သွားခြင်းမရှိ။ ချိုင်ကျင်ကျန်းကို တစ်ချက်ပြုံးပြလိုက်သည်။
“ဒါ့အပြင်….”
သူနောက်သို့ တစ်ချက်လှည့်ကြည့်လိုက်သည်။ ထို့နောက် အကြည့်ကို ပြန်လွှဲဖယ်ကာ လေသံကိုနှိမ့်၍
“ဟိုနှစ်ယောက်ကိုလည်း ငါတို့သတိထားရမယ်။ သူတို့က နေမီးဂိုဏ်းလို နာမည်အင်အား တောင့်တင်းတဲ့ဂိုဏ်းမျိုးက လာတာမဟုတ်ဘူး။ စည်းကမ်းကိုလည်း မလိုက်နာကြတဲ့ တကယ့်ပြဿနာကောင်တွေလို့ ငါကြားမိတယ်”
ချိုင်ကျင်ကျန်းက မျက်လုံးထောင့်ကပ်၍ ကြည့်နေသည်။ ဘာစကားမှမပြောသော်လည်း သူ့အကြည့်က ‘ဒါကြောင့်မို့ နင့်ကိုငါ ရွေးချယ်ခဲ့တာပေါ့’ဟု ပြောနေသယောင်ရှိသည်။
ဖူနန်ဟွား လေသံတိုးတိုး ဆက်ပြောလိုက်သည်။
“သွားစို့၊ ဒီနေရာက အဖွဲ့တွေအားလုံးကို တစ်သမတ်တည်းဖြစ်အောင် ထိန်းချုပ်နေတဲ့ သူတော်စင်တစ်ယောက် ရှိနေနိုင်တယ်။ ဒီလိုနေရာမျိုးမှာ မတော်တဆ သေမသွားအောင် ငါတို့ဂရုစိုက်မှဖြစ်မယ်။ ဘာပဲပြောပြော ငါတို့အဆင့်တွေ ပိုမြင့်လာဖို့ဆိုတာက ဒီခရီးစဉ်ပေါ် မူတည်နေတယ်လေ”
ဖူနန်ဟွားသည် အပြင်လောကတွင် နာမည်ကျော်ပါရမီရှင်ဖြစ်သည်။ စကားပြောနေရင်းမှ သူ့စိတ်ဓာတ်များ ပို၍ခိုင်မာပြတ်သားလာသည်။
‘မဟာတာအိုဟာ ငါ့အတွက်ပဲ ဖြစ်ရမယ်။ ငါ့လမ်းမှာ ဝင်ရှုပ်တဲ့လူမှန်သမျှ မသေမျိုးဖြစ်ဖြစ် နတ်ဘုရားဖြစ်ဖြစ် အကုန်သတ်ရှင်းပစ်မယ်’
လမ်းကြားထဲသို့ သူစိုက်ကြည့်နေသည်။ ခပ်ပိန်ပိန်လူငယ်တစ်ယောက် သူတို့ထံလျှောက်လာသည်ကို မြင်လိုက်ရသည်။
ထိုလူငယ်နှင့် ဒုတိယအကြိမ် ဆုံရခြင်းပင် ဖြစ်သည်။
ဖူနန်ဟွားနှင့် ချိုင်ကျင်ကျန်းတို့ လွတ်လပ်ပေါ့ပါးသည့် ခြေလှမ်းများဖြင့် ဆက်လျှောက်သွားကြသည်။ လူ့ကမ္ဘာသို့ အလည်အပတ်ထွက်လာသည့် မသေမျိုးဇနီးမောင်နှံနှင့် တူနေသည်။
ချိုင်ကျင်ကျန်းလည်း ထိုလူငယ်ကို မှတ်မိသည်။ စိတ်ဝင်စားလာသည့်မျက်နှာဖြင့်
“သူနဲ့ဆုံတာ နှစ်ကြိမ်ရှိပြီ။ သူလည်း—“
သူစကား တစ်ဝက်တစ်ပျက် ရပ်သွားသော်လည်း ဆိုလိုရင်းအဓိပ္ပါယ်ကို ဖူနန်ဟွား ရိပ်မိလိုက်သည်။ သူ့မျက်နှာ ပြုံးစေ့စေ့ဖြစ်လာသည်။ နှာခေါင်းတစ်ချက်ရှုံ့လျက်
“လက်တွေ့ကျကျလေး စဉ်းစားပါ မိုးနတ်မယ်ချိုင်။ ဒီမြို့မှာ မိသားစု ခြောက်ရာကျော်ရှိတယ်။ လူချမ်းသာမျိုးနွယ်ဆယ်ခုက အစေခံတွေပါ အားလုံးပေါင်းရင် လူဦးရေ ငါးထောင်နီးပါးရှိတယ်။
“ဒီမြို့က ဘယ်လောက်ပဲ ပါရမီရှင်တွေထွက်တယ်ပြောပြော ပြိုင်ဘက်ကင်းစွမ်းရည်ရှိတဲ့ ထိပ်တန်းပါရမီရှင်မှန်သမျှကို ငါတို့အထက်က စွမ်းအားရှင်ကြီးတွေ ခွဲယူသွားကြပြီးပြီလေ။ သူတို့ မလိုချင်လို့ ဒါမှမဟုတ် မျက်စိရှန်းသွားလို့ ကျန်နေခဲ့တဲ့ အကြွင်းအကျန်တွေလောက်ပဲ ငါတို့က လိုက်ကောက်ရတာပါ”
ကိုယ့်ကိုယ်ကို အလိုမကျသည့် အမူအရာများ ချိုင်ကျင်ကျန်းမျက်နှာတွင် ပေါ်လာသည်။ မျှော်လင့်ချက်ထားလွန်းသည့် သူ့စိတ်ကို သူ့ဘာသာ ရှက်ရွံ့နေမိသည်။
ခဏတွေဝေနေပြီးနောက်
“နင်တို့ စီနီယာတွေကတော့ ဘာပြောလဲမသိဘူး။ ငါအဖေ ပြောတာတော့ ဒီနေရာကိုရောက်ရင် နိမိတ်ပြသလိုမျိုး ကြုံဆုံလာတဲ့လူတွေကို ရှောင်ရမယ်တဲ့။ သူတို့ကို လုံးဝရန်မစဖို့ ပြောထားတယ်။ ဒီမြို့က ငယ်ငယ်လေးပေမယ့် တိမ်မယောင်နဲ့နက်တဲ့ ရေအိုင်တစ်ခုလိုပဲ။ အဲလိုဆုံလာတဲ့လူတွေဟာ ငါတို့ရန်သူ ဖြစ်လာနိုင်ချေအများဆုံးရှိတယ်။ ဒီမြို့မှာ ရတနာတွေကို သူတို့နဲ့ အပြိုင်လုရနိုင်တယ်တဲ့။
ငါတို့စိတ်မှာ ရင်းနှီးသလို ခံစားရတဲ့လူတွေကတော့ ကံကောင်းမှုပေးနိုင်တဲ့ လူတွေပေါ့။ သူတို့ကြောင့် နောက်ထပ် အခွင့်အလမ်းတွေ ရလာနိုင်တယ်တဲ့။
“ငါတို့ သတိထားရမှာက လူသတ်တာကို တတ်နိုင်သမျှ ရှောင်ဖို့ရယ် ကျောက်ကမ္ဗည်းတင်ထားတဲ့ ရှေးစည်းမျဉ်းဟောင်းတွေကို လိုက်နာဖို့ရယ်ပဲလိုတာပါ။ အဲဒါတွေကလွဲလို့ ကြိုက်သလိုလုပ်လို့ရတယ်။ ရတနာတွေကို လိမ်ယူလို့လည်းရတယ်။ လုယူလို့လည်းရတယ်”
ထို့နောက် မျက်မှောင်အနည်းငယ်ကျုံ့လျက် သူဆက်ပြောသည်။
“ဒါနဲ့ ဒီမြို့ခံကျောက်မျိုးနွယ်ကလူကို ငါခေါ်ချင်တာ နင်ဘာလို့ ခွင့်မပြုခဲ့တာလဲ။ ဒီကိုမလာခင်တုန်းက ဒီဒေသရဲ့ ဘာသာစကားကို ငါလေ့လာခဲ့ပါတယ်။ ဒါပေမယ့်—“
ဖူနန်ဟွားက ခေါင်းခါလျက် စကားဖြတ်ပြောလိုက်သည်။
“ဒီမှာရှိတဲ့ နာမည်ကြီးမျိုးနွယ်အားလုံးမှာ အပြင်ကမ္ဘာနဲ့ ဆက်သွယ်တဲ့ လျှို့ဝှက်လမ်းကြောင်းတွေရှိတယ်။ သူတော်စင်တွေ စောင့်ကြည့်နေတဲ့ကြားကနေ စည်းမျဉ်းချိုးဖေါက်တယ်လို့ ပြောမရအောင် သတင်းအသေးအဖွဲတစ်ချို့ကို အပြင်ဘက်ထိ ပို့နိုင်ကြတယ်လေ။ မျိုးရိုစဉ်ဆက် ကြာလာတော့ သူ့တို့နောက်ခံအင်အားက အတော်တောင့်တင်းနေပြီ။
“အဲဒီမျိုးနွယ်တွေနဲ့ယှဉ်ရင် ငါတို့ နဂါးမြို့တော်နဲ့ တိမ်အာရုဏ်တောင်တန်းက နည်းနည်းလေး အားနည်းနေသေးတယ်။ ပြီးတော့ တစ်ခြားလူဆီက တတ်နိုင်သမျှ အကူအညီမယူတာ အကောင်းဆုံးပဲ။ လူများလေ မထင်မှတ်တာတွေ ဖြစ်နိုင်ချေများလေပဲ။ ငါတို့အစီအစဉ်တွေ ပျက်စီးသွားနိုင်တယ်။ မင်းစကားမပြောချင်ရင်လည်း ငါပဲပြောပေးပါ့မယ်”
ချိုင်ကျင်ကျန်းက ပြုံးလျက် …
“နေပါစေ၊ ဒီက ဘာသာစကားနဲ့ငါ နည်းနည်းလေးစိမ်းနေရုံပါပဲ။ တစ်ခြားလူကို အကူတောင်းရလောက်အောင် ငါမညံ့ပါဘူး”
ဖူနန်ဟွား မပွင့်တစ်ပွင့်ပြုံးလိုက်သည်။ ချိုင်ကျင်ကျန်း ဘာမှထပ်မပြောတော့။
သူတို့သည် ယာယီမဟာမိတ်မျှသာဖြစ်သည်။ တစ်ယောက်နှင့်တစ်ယောက် သိပ်ရင်းနှီးကြသည်မဟုတ်ပေ။
ထိုအပြင် ရည်ရွယ်ချက်ကြီးမားသည့် မဟာတာအိုလမ်းစဉ် လိုက်စားကြကြများအတွက် မိသားစုသံယောစဉ်ဆိုသည်မှာပင် အသေးအဖွဲ ဆက်ဆံရေးမျှသာဖြစ်သည်။
ဖူနန်ဟွားသည် တည်ငြိမ်၍ဩဇာရိပ်ပါသည်လေသံဖြင့် စကားပြောနေသည်။ အလွန်တရာချမ်းသားသည့် မျိုးနွယ်မှ သခင်လေးတစ်ယောက်ကဲ့သို့ပင် ဖြစ်သည်။
ထိပ်တန်းလျှို့ဝှက်ချက်တစ်ခုနှင့် သူ့ဖခင်သီးသန့်သင်ထားသည့် ကျင့်စဉ်ကို ချိုင်ကျင်ကျန်းအား ပြောပြခဲ့သည့်ရည်ရွယ်ချက်မှာ အလွန်ရိုးရှင်းသည်။
သူနှင့်ခရီးအတူထွက်လာသည့်အဖွဲ့တွင် လူနှစ်ယောက်ပါလာသည်။ ဖြေးဖြေးမှန်မှန် ချင့်ချိန်တတ်သည့် သက်လတ်ပိုင်းလူတစ်ယောက်နှင့် အေးစက်တင်းမာသည့် အနက်ရောင်ဝတ် မိန်းကလေးတစ်ယောက်ဖြစ်သည်။ ဖူနန်ဟွားက ထိုနှစ်ယောက်ကဲ့သို့မဟုတ်။ ဤမြို့ထဲသို့ ရောက်ရောက်ချင်းကတည်းက ချိုင်ကျင်ကျန်းကို သတ်ပစ်ရန် ဆုံးဖြတ်ထားသောခဲ့သည်။
သူ့ခါးတွင် ချိတ်ထားသည့် အစိမ်းရောင်ကျောက်စိမ်းပြားကို ခပ်တင်းတင်းဆုပ်လိုက်မိသည်။
ချိုင်ကျင်ကျန်းက မျက်လုံးမှိတ်၍ စဉ်းစားနေသည်။ ခဏကြာပြီးနောက် မျက်လုံးပြန်ဖွင့်လျက်
“ငါကုစန်းကို ရွေးမယ်”
“ကောင်းပြီ၊ ဒါဆို အတည်ပြုလိုက်ပြီ”
ဖူနန်ဟွားက မျက်ခုံးတစ်ချက်ပင့်လျက် ပြောလိုက်သည်။
ထိုအချိန်တွင် ချန်ပင်အန်းမှာ သူ့ခြံဝင်းတံခါးနားသို့ ရောက်နေပြီဖြစ်သည်။ ခြံထဲသို့ဝင်ခါနီးတွင် ဖူနန်ဟွားနှင့် ချိုင်ကျင်ကျန်းတို့က သူ့ဆီ အမြန်ချဉ်းကပ်သွားကြသည်။
ဖူနန်ဟွားက ပြုံးရွှင်သည့်မျက်နှာဖြင့်
“ထပ်တွေ့ကြပြန်ပြီနော်၊ တိုက်ဆိုင်လိုက်တာကွာ”
ချန်ပင်အန်း လှည့်ကြည့်သည်။ ထို့နောက် ခေါင်းတစ်ချက်ငြိမ့်ပြလျက် ပြန်မေးလိုက်သည်။
“တစ်ခုခု အကူအညီလိုလို့လားဗျ”
ဤမြို့တွင်သုံးသည့် ဘာသာစကားကို ဖူနန်ဟွာ အတော်ကျွမ်းကျင်သည်။
“ဒီနေရာကို ကြွေပန်းအိုးလမ်းကြားလို့ ခေါ်တာမဟုတ်လား။ ဆုန်ကျိရှင်းဆိုတဲ့ နာမည်နဲ့လူ ဒီမှာ နေသလားဆိုတာ သိချင်လို့ပါ။ ပြီးတော့ ကုစန်းဆိုတဲ့ ကလေးရောပေါ့။ ငါက မြို့တော်ကလာတာပါ။ ငါ့မိဘတွေနဲ့ ဆုန်ကျိရှင်းအဖေက မိသားစုမိတ်ဆွေတွေပါ။
“ပြီးတော့ သူက ချိုင်ကျင်ကျန်းတဲ့။ ကုစန်းအမေရဲ့ ဆွေမျိုးတစ်ယောက်ပေါ့။ ဒါကြောင့် ငါတို့အတူတူ ခရီးထွက်လာကြတာ။ တိုက်တိုက်ဆိုင်ဆိုင်ပဲ၊ ငါတို့ရှာနေတဲ့ လူနှစ်ယောက်က တစ်လမ်းတည်းမှာ ရှိနေကြတယ်လေ။ တကယ့် ပုံပြင်ဇာတ်လမ်းထဲမှာ စီစဉ်ထားသလို ဖြစ်နေတယ်”
ဖူနန်ဟွာက ခင်မင်ရင်းနှီးသည့်အပြုံးမျိုးဖြင့် ပြောသည်။ ဆင်းရဲသားလူငယ်လေးနှင့် စကားပြောနေခြင်းဖြစ်သော်လည်း အပေါ်စီးမှ ငုံ့ကြည့်၍ ပြောနေခြင်းမဟုတ်။ ချန်ပင်အန်းမျက်နှာနှင့် တန်းတူအနေအထားမျိုးဖြစ်စေရန် ခါးကိုအနည်းငယ်ကိုင်းထားသည်။ သူ့ထံတွင် မကောင်းသည့်ရည်ရွယ်ချက်မရှိကြောင်း တစ်ဘက်လူ သံသယကင်းအောင် သဘာဝကျကျ တွေးတွေးဆဆ လုပ်ဆောင်လိုက်သည့် အပြုအမူပင် ဖြစ်သည်။ ဖြူစင်ရိုးသားသည့် လူရည်သန့်ပုံစံမျိုးပေါက်နေသည်။
ချန်ပင်အန်းမျက်နှာတွင် အားတုံ့အားနာအမူအရာတစ်ခု ပေါ်လာသည်။
“ဒါတကယ် အတော့်ကိုတိုက်ဆိုင်တာပါပဲ”
ဖူန်နန်ဟွားအပြုံးမျာ ပို၍ဝေဆာလာပြီး ထပ်မေးသည်။
“ဒီလမ်းထဲမှာ အဲဒီ့လူနှစ်ယောက် ဘယ်နားမှာနေကြသလဲကွာ”
သို့သော် သူအံ့ဩသွားရသည်။ ချန်ပင်အန်းက ခေါင်းခါပြသည်။
“ကျွန်တော်က မကြားသေးခင်ကမှရောက်လာတဲ့ တော်ဝင်ကြွေထည်ရုံက အလုပ်သင်ပါ။ မြို့အပြင်မှာ နှစ်တွေအကြာကြီးနေခဲ့ပြီး အခုမှပြောင်းလာတာ။ ဒါကြောင့် ဒီလမ်းထဲက အိမ်နီးချင်းတွေနဲ့ ကျွန်တော်သိပ်မရင်းနှီးပါဘူး။ တစ်ခြားတစ်ယောက်ကို မေးလိုက်တာ ပိုကောင်းပါတယ်”
ဖူနန်ဟွားက ပြုံးနေဆဲသာဖြစ်သည်။ စကားကို ချက်ချင်းပြန်မပြော။ မည်သို့ဆက်ပြောလျှင် အကောင်းဆုံဖြစ်မည်ကို စဉ်းစားနေဟန်ရှိသည်။
ထိုစဉ် ချိုင်ကျင်ကျန်းက ပြုံးလျက် စကားဖြတ်ပြောလာသည်။
“လိမ်တာဟာ ကောင်းတဲ့အကျင့်မဟုတ်ဘူး ကောင်လေး။ ငါတို့က လူဆိုးပုံပေါက်နေလို့လား။ ပြီးတော့ ဒီလို နေ့ခင်းကြောင်တောင်မှာ ငါတို့က ဘယ်လိုလုပ် ပြဿနာရှာနိုင်မှာလဲ”
ချန်ပင်အန်း ရိုးသားသည့်မျက်နှာဖြင့် မျက်တောင်တဖျတ်ဖျတ်ခတ်နေသည်။
“ကျွန်တော် တကယ်မသိတာပါ”
ချန်ကျင်ကျန်းက ဖူနန်ဟွားဘက်လှည့်ကာ သူတို့သုံးနေကျ ဘာသာစကားဖြင့် မေးလိုက်သည်။
“ဒီကောင်လေးက သူများနေရာကို ဝင်ယူချင်လို့များလား”
“မဖြစ်နိုင်ပါဘူး”
ဖူနန်ဟွား ပြန်ဖြေသည်။
ချိုင်ကျင်ကျန်းမျက်လုံးတွင် စိတ်ကိုအတော်ထိန်းချုပ်ထားရသည့် အမူအရာတစ်ချို့ ပေါ်လာသည်။
“လုံးဝမေးမြန်းလို့မရရင်လည်း အိမ်တံခါးတွေအားလုံးကို လိုက်ခေါက်ရတော့မှာပေါ့။ အဲလိုလုပ်လိုက်ရင်ရင် ငါတို့ရှာနေတဲ့လူကို တွေ့မှာပါ”
ဖူနန်ဟွားက ထိုစိတ်ကူးကို လက်လျှော့လိုက်ရန် လက်ဝှေ့ယမ်းပြလိုက်သည်။ စိတ်ရှည်ရှည်ဖြင့် ချန်ပင်အန်းဘက်သို့ ပြန်လှည့်လာသည်။
“ဒီလိုလုပ်ပါလား။ မင်းငါတို့ကို ကူညီမယ်ဆိုရင် ငါမင်းကိုတစ်ခုခုပေးမယ်လေ”
ချန်ပင်အန်း ခေါင်းကိုကုတ်နေသည်။ ဖူနန်ဟွားကို ရိုးသားကြည်လင်သည့် မျက်လုံးများဖြင့် ပြန်ကြည့်နေသည်။
ရုတ်တရက် ဖူနန်ဟွား ခါးကိုပြန်မတ်လိုက်ပြန်သည်။ သိပ်မဝေးလှသည့် နေရာမှ ခြံစည်းရိုတံတိုင်းပေါ်တွင် ဆောင့်ကြောင့်ထိုင်နေသည့် စာပေသမားလူငယ်လေးတစ်ယောက်ကို တွေ့လိုက်ခြင်းကြောင့်ဖြစ်သည်။
ထိုကောင်လေးလေးတွင် သက်တူရွယ်တူခန် ကောင်မလေးတစ်ယောက်လည်းရှိသည်။ မျက်နှာတစ်ဝက်သာ ပေါ်နေသည်။ သို့သော် သန့်ရှင်းဖြူစင်သည့်မျက်နှာနှင့် နူးညံ့သည့်မျက်ခုံးတစ်စုံကို ရှင်းလင်းစွာ မြင်နေရသည်။
ထိုကောင်လေးသည် သူရှာနေသည့်လူဖြစ်ကြောင့် ဖူနန်ဟွား နားလည်လိုက်သည်။
ဆုန်ကျိရှင်းက စည်းရိုးပေါ်တွင် ထရပ်လျက် ခပ်ကျယ်ကျယ်မေးလိုက်သည်။
“လူရှာနေတာလားဗျ”
ဖူနန်ဟွားနှင့် ချိုင်ကျင်ကျန်းတို့ ခေါင်းထောင်ကြည့်ကြသည်။ ဖူနန်ဟွားက
“ဟုတ်ပါတယ်၊ မင်းကိုလာရှာတာပါ။ ဒီက ငါ့အဖေါ်ကတော့ ကုစန်းကို လာရှာတာပေါ့။ မင်းငါတို့ကို ကူညီပေးလို့ရမလား”
“ကျွန်တော့်ကိုသိလို့လား”
ဆုန်ကျိရှင်း မျက်မှောင်ကျုံ့လျက် မေးလိုက်သည်။
ဖူနန်ဟွားက ပြုံးလျက်
“မင်းကိုတော့ ဘယ်သိပါ့မလဲကွာ။ ဒါပေမယ့် သခင်ဆုန်နဲ့ ငါရင်းနှီးတယ်လေ။ သူကအခု ရိုးရာယဉ်ကျေးမှုဝန်ကြီးဌာနမှာ အလုပ်လုပ်နေတယ်လေ”
ဆုန်ကျိရှင်း အသေးအဖွဲကိစ္စများကို ထပ်မပြောလိုတော့သဖြင့်
“အဲဒီ့နှပ်တွဲလောင်းကောင်ကုစန်းကိုရှာဖို့ ကျုပ်ကူညီပေးနိုင်ပါတယ်။ ဒါပေမယ့် အဲဒီ့အတွက် ကျုပ်ဘာပြန်ရမှာလဲ”
ဖူနန်ဟွားက သူ့ခါးမှ ကျောက်စိမ်းတံဆိပ်ပြားဖြုတ်၍ လှမ်းပစ်ပေးလိုက်သည်။
“ဒါကို မင်းရမယ်”
တံဆိပ်ပြားကို ဖမ်းရင်း ဆုန်ကျိရှင်း မှင်သက်မိသွားသည်။ သို့သော် မျက်နှာတည်တည်ဖြင့် ကျီကွေ့ဘက်သို့လှည့်၍ ညွှန်ကြားလိုက်သည်။
“သူတို့ကို ကုစန်းဆီ ခေါ်သွားပေးလိုက်ပါ”
ကျီကွေ့ ခေါင်းငြိမ့်လျက် ခြံဝင်းထဲမှ ထွက်လိုက်သည်။ အပြင်ဘက်လမ်းကျဉ်းလေးပေါ်တွင် ရပ်နေသည်။ သူထွက်လာသည်နှင့် ကြွေပန်းအိုးလမ်းတစ်ခုလုံး ထွန်းလင်းလာသယောင်ရှိသည်။
ဖူနန်ဟွားက ချန်ပင်အန်းကို လှည့်ကြည့်၍ ပြုံးပြလိုက်သည်။
“ငါမသွားခင် အကြံတစ်ခုပေးခဲ့မယ် ကောင်လေး။ ကောင်းကင်ဘုံက ကျလာတဲ့မိုးစက်တောင် အမြစ်မရှိတဲ့သစ်ပင်ကို ရှင်အောင်လုပ်မပေးနိုင်ဘူးကွ”
ထိုသို့ပြောပြီးနောက် ကျီကွေ့ဆီသို့ သူလျှောက်သွားသည်။ ချန်ကျင်ကျန်းမှာ နေရာမှာပင် ရပ်ကျန်ခဲ့သည်။ ပြုံးစေ့စေ့မျက်နှာဖြင့် ချန်ပင်အန်းကို ငုံ့ကြည့်၍
“အဲဒီ့စကားက ဘာအဓိပ္ပါယ်လဲဆိုတာသိလား”
ဘာကြောင့်မှန်းမသိ။ ထိုကောင်လေးကို စနောက်ချင်စိတ် ပေါ်လာမိသည်။ ချန်ပင်အန်း ပြန်မဖြေမီမှာပင် တခစ်ခစ်ရယ်လျက် သူဆက်ပြောလိုက်သည်။
“မင်းဒီနေ့ အခွင့်အရေးကြီးတစ်ခု လက်လွတ်ဆုံးရှုံးသွားပြီလို့ သူပြောသွားတာ။ သူ့လက်သည်းကြားမှာ ညပ်နေတဲ့ ဂျီးလေးနည်းနည်းလောက်ခြစ်ပြီး မင်းကိုပေးမယ်ဆိုရင်တောင် မင်းတစ်ဘဝလုံး မပူမပင်မကြောင့်မကျ နေသွားလို့ရတယ်။
“ဘယ်လိုအခွင့်အရေးမျိုးကို လက်လွတ်သွားသလဲဆိုတာတော့ မင်းဘယ်တော့မှသိမှာမဟုတ်ပါဘူး။ ဒါလည်း အဆိုးထဲက အကောင်းပါပဲလေ။ မင်းသိရင် နောင်တရပြီး သတ်သေချင်စိတ်ပေါက်သွားလိမ့်မယ်”
ဖူနန်ဟွား သူပြောသည့်စကားများကို ကြားနေရသည်။ ဘာမှနားလည်မည်မဟုတ်သည့် ကောင်လေးတစ်ယောက်ကို လေကုန်ခံ၍ပြောနေသည်ဟုသာ သူထင်မိသည်။
မြို့ထဲမှလူများနှင့် အပြင်လောကမှလူများမှာ မိုးနှင့်မြေလိုကွာခြားသည်။
ချိုင်ကျင်ကျန်းက ချန်ပင်အန်းကို ကြည့်နေရင်းမှ ကျီကွေ့ဆီသို့ ခြေလှမ်းနောက်ပြန် ဆုတ်သွားသည်။ ဖူနန်ဟွား၏စကားကို ထပ်ပြောလိုက်သည်။
“ကောင်းကင်ဘုံက မိုးစက်တောင် အမြစ်မရှိတဲသစ်ပင်ကို ရှင်သန်အောင်မလုပ်နိုင်ဘူးတဲ့။ အဲဒီ့စကားကို မင်းမမေ့နဲ့နော်”
ထိုစဉ် တစ်ချိန်လုံး ငြိမ်နေသည့် ချန်ပင်အန်းမျက်နှာ ပြောင်းလဲသွားပြီး ရုတ်တရက် လှမ်းအော်လိုက်သည်။
“သတိထား ခင်ဗျားနောက်မှာ—-“
ချိုင်ျင်ကျန်း တစ်ကိုယ်လုံး တောင့်တင်းသွားသည်။
“ခွေးချေးပုံရှိတယ်”
ချန်ပင်အန် သူ့စကားကို အဆုံးသတ်လိုက်လေးသည်။
**************************************************
LIKE
good
😆