အိမ်သို့ပြန်ရောက်ကလည်းက ချန်ပင်အန်း မျက်ခမ်းများလှုပ်နေသည်။ ဘယ်မျက်ခမ်းလှုပ်လျှင် ကံကောင်းခြင်းများ ရောက်လာ၍ ညာမျက်ခမ်းလှုပ်လျှင် ကံဆိုးတတ်သည်ဟု ဆိုကြသည်။
တံခါးလှေခါးထစ်ပေါ်တွင်ထိုင်၍ ကြွေအိုးပုံသွန်းသည့်လုပ်ငန်းကို စိတ်ကူးဖြင့်မှန်းဆကာ လက်ကိုလေထဲသို့ မြှောက်လိုက်သည်။ ထို့နောက် ချင်ချင်းပင် အာရုံနစ်မျောသွားသည်။ ထိုသို့လေ့ကျင့်သည်မှာ သူ့အလုပ်ပေါ် လေးစားခြင်းကြောင့်လည်း ဖြစ်သလို ထိုသို့လေ့ကျင့်နေလျှင် ဆာလောင်မှုကို မေ့ဖျောက်နိုင်ခြင်းကြောင့်လည်း ဖြစ်သည်။ စိတ်များရှုပ်ထွေးလာသည့်အချိန်တိုင်း သူလေ့ကျင့်သည်။
ကြွေအိုးမီးဖုတ်သည်အလုပ်မှာ ကောင်းကင်ဆန္ဒအပေါ်မူတည်သည်။ တရုတ်ကြွေထည်ပစ္စည်းအကြောင်း သေချာနားမလည်သေးမီအချိန်တွင် အသွင်သဏ္ဌာန် အရောင်အသွေးနှင့် ထည်ဝါမှုတို့ စံမီမမီ မသိနိုင်သော်လည်း ရလာသည့်ပစ္စည်းကို သုံးနိုင်သည်။ သို့သော် ကြွေထည်မီးဖုတ်ခြင်းလုပ်ငန်းကို နားမလည်သေးမီအချိန်မှာပင် ကြေထည်ပုံသွင်းလုပ်ငန်းစဉ်ကို တတ်သိနားလည်ထားရန် အလွန်တရာအရေးကြီးလှသည်။
ချန်ပင်အန်း ကံမကောင်းခဲ့။ သူ့ပါရမီညံ့ဖျင်းမှုကြောင့် အဘိုးယော်က ကြွေအိုးပုံမသွန်းမီ ရွံ့နယ်သည့်အလုပ်လောက်သာ လုပ်ခိုင်းခဲ့သည်။ ကြွေအိုးပုံသွင်းသည့်ပညာကို ဘေးမှသာ ကြည့်မြင်ခွင့်ရသည်။ ထို့နောက်တွင်မှ သူ့ကိုယ်သူ စိတ်ကူးယဉ်ပုံဖေါ်ခဲ့ရသည်။
ဘေးဘက်အိမ်မှ သစ်သားတံခါးတွန်းဖွင့်သံ ပေါ်လာသည်။ ဆုန်ကျိရှင်းနှင့် ကျီကွေ့တို့ ကိုယ်ပိုင်းကျောင်းမှ ပြန်လာကြခြင်းဖြစ်မည်။ ဆုန်ကျိရှင်းက စည်းရိုးတံတိုင်းနားသို့ လျှောက်လာကာ လွှားခနဲ ခုန်တက်လိုက်သည်။ ထို့နောက် ဆောင့်ကြောင့်ထိုင်ကာ လက်ကိုဖြန့်သည်။ သူ့လက်ထဲတွင် လက်သည်းပြားခန့်ရှိသည့် ဖြူစိမ်းနီ ရောင်စုံကျောက်တုံးလေးများ ပါလာသည်။
တန်ဖိုးမရှိသည့် ထိုကဲ့သို့ကျောက်တုန်းများ သူတို့မြို့၏ ချောင်းကမ်းစပ်တလျှောက် တစ်ပုံတစ်ပင် ရှိနေသည်။ လူအများစုရှာကြသည်မှာ ကြက်သွေးနှစ်ထားသကဲ့သို့ဖြစ်နေသည့် အုတ်နီရောင် ကျောက်တုံးများသာဖြစ်သည်။ ထိုကျောက်တုံးတစ်တုံးကို ဆရာချီက တံဆိပ်ပြားအသွင် ထွင်းထု၍ သူ့တပည့် ကျောက်ယော်ကို ပေးထားသည်။ ဆုန်ကျိရှင်းက ထိုတံဆိပ်ပြားကို လိုချင်သဖြင့် ကျောက်ယော်ထံသို့သွားကာ အလဲအလှယ်တစ်ခုခုလုပ်ရန် အကြိမ်ကြိမ်ကြိုးစားခဲ့သည်။ သို့သော် မရခဲ့။
ကျောက်တုံးတစ်တုံးကို ချန်ပင်အန်းရင်ဘတ်ဆီ ဆုန်ကျိရှင်း ပစ်ပေါက်လိုက်သည်။ သို့သော် ချန်ပင်အန်း လုံးဝ မလှုပ်ပေ။
နောက်ထပ်ကျောက်တုံးတစ်တုံး သူ့နဖူးသို့ လာမှန်သည်။ သို့သော် သူငြိမ်နေသည်။
ထိုအရာသည် ဆုန်ကျိရှင်း လုပ်နေကျအကျင့်ဖြစ်သည်။ ကျောက်တုံးခုနစ်ခုရှစ်ခုလောက် ပစ်ပေါက်တတ်သည်။ ချန်ပင်အန်း၏ လေ့ကျင့် အာရုံပျက်အောင် ကြိုးစားခြင်းဖြစ်သည်။ သို့သော် လက်ကိုထိအောင်တော့ သူမပစ်။ သူ့ဘက်မှ တရားလွန်ဖြစ်သွားမည်စိုးခြင်းကြာင့်ဖြစ်သည်။
လက်ထဲမှကျောက်တုံးအားလုံး ကုန်သွားပြီးနောက် သူလက်ခုပ်တီးလိုက်သည်။ ချန်ပင်အန်းက အသက်ကို တစ်ချက်ရှူထုတ်လျက် လက်ကောက်ဝတ်များကို လှုပ်ခါသည်။ ဆုန်ကျိရှင်းကို လုံးဝအရေးမစိုက်။ ခဏနားပြီးနောက် ခေါင်းကိုပြန်ငုံ့၍ ဘယ်ဘက်လက်ချောင်းများကို ကွေးညွှတ်လိုက်ပြန်သည်။ အိုးပုံသွင်းသည့်စူးချောင်းကို ကိုင်နေသည့်ဟန်မျိုးဖြစ်သည်။
အိုးပုံသွင်းသည့်ပညာမှာ မြို့ထဲမှ ဝါရင့်ကြွေအိုးအလုပ်သမားများအဖို့ ထူးဆန်းလှသည်မဟုတ်။ သို့သော် အဘိုးယော်၏ ပုံသွင်းပညာမှာ နာမည်ကျော်ဖြစ်သည်။ လူတိုင်းက အားကျချီးကျူးကြရသည်။
အဘိုးယော်သည် တပည့်အတော်များများ လက်ခံခဲ့သည်။ သို့သော် သူ့ပညာကို မီသူမရှိခဲ့။ လျိုရှန်ယန်ရောက်လာပြီးမှ သူ့ပညာကိုဆက်ခံနိုင်လောက်သည်ဟု သူယူဆခဲ့သည်။ လျိုရှန်ယန် ကြွေအိုးပုံသွင်းပညာကို လေ့ကျင့်နေသည့်အချိန်တိုင်း တစ်ခြားအလုပ်များမရှိလျှင် ချန်ပင်အန်းက ဘေးမှ စိတ်ဝင်တစားကြည့်ခဲ့သည်။
လျိုရှန်ယန်ကလည်း ကြွားဝါလိုသည်။ ချန်ပင်အန်းသည် နှုတ်လုံသူဖြစ်ကြောင်းသိ၍ အဘိုးယော်ထံမှ သူတတ်ထားသည့် လျှို့ဝှက်ချက်များကို ပြောပြကာ ကြွားလုံးထုတ်သည်။ ဥပမာအားဖြင့် အိုးပုံသွင်းချိန်တွင် စူးသွားတည်ငြိမ်စေရန် လက်ငြိမ်ရမည်၊ အထူးသဖြင့် စိတ်နှလုံး တည်ငြိမ်ဖို့လိုသည်ဟူ ပြောသည်။ ချန်ပင်အန်းက စိတ်နှလုံးတည်ငြိမ်သည်ဆိုသည့်အဓိပ္ပါယ်ကို နားမလည်သဖြင့် ပြန်မေးသည်။ လျိုရှန်ယန် မဖြေတတ်။
အတော်ကြာအောင်ကြည့်နေပြီးနောက် ဆုန်ကျိရှင်းငြီးငွေ့လာသည်။ စည်းရိုးပေါ်မှ ခုန်ဆင်းက အိမ်ထဲသို့ ဝင်သွားလေသည်။
ကျီကွေ့က စည်းရိုးဘေးတွင် ရပ်ကျန်နေသည်။ ခြေဖျားထောက်စရာမလိုဘဲ သူ့မျက်နှာတစ်ဝက်ခန့် စည်းရိုးပေါ်တွင် ပေါ်နေသည်။ ထိုတစ်ဝက်ခန့်ပေါ်နေသည့်မျက်နှာသည်ပင် နောင်တစ်ချိန် လှသွေးကြွယ်လာမည့်သူဖြစ်ကြောင်း သိသာနေပေသည်။
ခဏတုံ့ဆိုင်းနေပြီးနောက် သူခြေဖျားထောက်၍ ရပ်လိုက်သည်။ ချန်ပင်အန်းဘေးနားမှ မြေကြီးပေါ်သို့ မျက်လုံးဝေ့ကြည့်သည်။ သူသဘောကျသည့်ကျောက်တုံးနှစ်ခုကို တွေ့သွားသည်။ အရောင်စို၍ တောက်ပနေသည့် အနီရောင်ကျောက်တုံးနှင့် နှင်းဖြူရောင် ကျောက်တုံးတစ်ခုဖြစ်သည်။ ခုနကပင် ဆုန်ကျိရှင်း ပစ်ပေါက်ခဲ့သည့် ကျောက်တုံးများဖြစ်သည်။
ခဏစဉ်းစားနေပြီးနောက် ချန်ပင်အန်းကို မရဲတရဲဖြင့် သူလှမ်းခေါ်သည်။
“ချန်ပင်အန်း၊ ဟိုကျောက်တုန်းနှစ်တုံးကို ကောက်ပေးပါလား။ ငါ သဘောကျလို့”
ချန်ပင်အန်း မော့ကြည့်သည်။ ခဏစောင့်ရန် မျက်ရိပ်ပြလိုက်သည်။ သူ့လေ့ကျင့်မှုကို မရပ်။ သူ့လက်များက တည်ငြိမ်နေသည်။
ကျိကွေ့ က နှစ်လိုဖွယ်အပြုံးမျိုး ပြုံးပြသည်။ မြင်သူငေးလောက်သည့် အပြုံးမျိုးဖြစ်သည်။ နွေဦးလတွင် သစ်ကိုင်းတစ်ခုမှ ပထမဆုံး ထွက်လာသည့် အစိမ်းရောင်ပုရစ်ဖူးနှင့် တူသည်။
သို့သော် ချန်ပင်အန်းမှာ ခေါင်းငုံ့သွားပြီဖြစ်၍ ထိုအလှကို မြင်ခွင့်မရလိုက်။
ကျီကွေ့ နှုတ်ခမ်းများ အလိုမကျဟန်ဖြင့် အနည်းငယ်ကွေးညွှတ်သွားသည်။ သူ့မျက်လုံးထဲတွင် အရောင်တစ်ချို့ လက်လာသည်။ သေးငယ်သည့်သက်ရှိတစ်ချို့ ကူးခတ်လှုပ်ရှားနေသည်နှင့် တူနေသည်။
ချန်ပင်အန်း လေ့ကျင့်မှုပြီးသွားချိန်တွင် သူလိုချင်သည့်ကျောက်တုံးကို လက်ညှိုးထိုးပြခိုက်သည်။ ကျီကွေ့မျက်လုံးများ ပုံမှန်ပြန်ဖြစ်သွားသည်။ ခါတိုင်းကဲ့သို့ နူးနူးညံ့ညံ့ မဝံ့မရဲအသွင်မျိုး ပေါ်လာသည်။
ချန်ပင်အင်း ကျောက်တုံးနှစ်ခုကိုကောက်၍ စည်းရိုးနံရံဆီ လျှောက်သွားသည်။ ကျီကွေ့က လက်လှမ်းလိုက်သည်။ ချန်ပင်အန်းက ကျောက်တုံးများကို နံရံထိပ်တွင် တင်ပေးလိုက်သည်။
ကျီကွေ့က ကျောက်တုံများကို ယူ၍ လက်ထဲတွင် ခပ်တင်းတင်းဆုပ်ထားလိုက်သည်။
ကံကြမ္မာသာ မျက်နှာသာမပေးလျှင် နှစ်ပေါင်းများစွာ မရပ်မနားရှာဖွေသော်လည်း လိုချင်သည့်အရာကို တွေ့မည်မဟုတ်။ သို့သော် ကံကြမ္မာ မျက်နှာသာပေးလျှင် လမ်းဘေးဆိုင်မှ ပစ္စည်းများကဲ့သို့ အလွယ်တကူပင် တွေ့နိုင်လေသည်။ ယူမယူဆိုသည်မှာ စိတ်ဆန္ဒအပေါ်သာ မူတည်တော့သည်။
“ဟိုနှပ်တွဲလောင်းကောင်က မင်းကို ပြဿနာလာရှာမှာ မကြောက်ဘူးလား”
ချန်ပင်အန်းက ရယ်ကျဲကျဲဖြင့် မေးလိုက်သည်။
ကျီကွေ့က သူ့သခင်လေး သူများပစ္စည်းခိုးလာသည်ကို တိုက်ရိုက်ဝန်မခံပေ။ သို့သော် အမှန်တရားကိုလည်း ဖုံးကွယ်လိုခြင်းမရှိ။ ထို့ကြောင့် ဘာမှမပြောဘဲ ပြုံး၍သာနေလိုက်သည်။
ကြွေပန်းအိုးလမ်းတွင် သားအမိနှစ်ယောက်ရှိသည်။ ဤမြို့တွင် နှုတ်စောင်းထက်သည့်အရာ၌ ပြိုင်ဘက်ကင်းများဖြစ်သည်။ ဆုန်ကျိရှင်းတစ်ယောက်သာ ထိုသားအမိနှင့် နှုတ်လှန်ထိုး၍ ပြောနိုင်စွမ်းရှိသည်။ သားအမိနှစ်ယောက်တွင် သားဖြစ်သူမှာ ပို၍ဆိုးဝါးသည်။ နှပ်ကြောင်းနှစ်ခုက သူ့နှာခေါင်းဝတွင် အမြဲရှိနေသည်။ ငါးဖမ်းရသည်ကို ဝါသနာထုံ၍ ချောင်းကမ်းစပ်မှ ကျောက်တုံးများစုရသည်ကို သဘောကျသည်။
သူဖမ်းလာသည့်ငါးများကို ရေစည်တစ်ခုထဲတွင် ထည့်ထားသည်။ ကျောက်တုံးများကိုတော့ ရေစည်ဘေးတွင် ပုံထားလေ့ရှိသည်။ ဘာကြောင့်မှန်းမသိ။ ဆုန်ကျိရှင်းမှာ ထိုကောင်လေးကို အလွန်နှိပ်ကွပ်ချင်သည်။ မကြာခဏဆိုသလို သူစုထားသည့် ကျောက်တုံးများကို ဆုန်ကျိရှင်းက ယူလာတတ်သည်။ အစပိုင်းတွင် သိပ်မသိသာသော်လည်း ကြာလာသည်နှင့်အမျှ အဖြစ်မှန်ပေါ်လာသည်။ ထိုကောင်လေးက သူ့ကျောက်တုံးများ လျော့သွားတိုင်း အမြီးတက်နင်းခံရသည့် ကြောင်ပေါက်တစ်ကောင်ကဲ့သို့ ဆွေ့ဆွေ့ခုန် ဒေါသထွက်ကာ ဆုန်ကျိရှင်း အိမ်တံခါးသို့ လာ၍ဆဲဆိုသည်။ တစ်ခါတစ်ရံ နှစ်နာရီခန့် ကြာအောင်ပင် ပျစ်ပျစ်နှစ်နှစ်ပြောနေတတ်သည်။
သူ့မိခင်ကလည်း သွန်သင်ဖျောင်းဖျခြင်းမရှိး။ မြှောက်ပင့်၍ပင် နေသေးသည်။ ဆုန်ကျိရှင်းကို ဖခင်စွန့်ပစ်ခံရသည့် တရားမဝင်သားတစ်ယောက်ဟု ချိုးချိုးနှိမ်နှိမ်ပြောသည်။ တစ်ကြိမ်တွင် ဆုန်ကျိရှင်း မခံမရပ်နိုင်ဖြစ်ကာ အိမ်ဝင်းထဲမှ ခုံရှည်ကိုဆွဲ၍ ထိုသားအမိကို တိုက်ခိုက်ရန် ကြံခဲ့သည်။ ကျီကွေ့က သူ့ကိုဆွဲထားခဲ့ရသည်။
————
ရုတ်တရက် စူးရှသည့် အော်သံတစ်ခု ထွက်လာသည်။
“မြန်မြန်ထွက်ခဲ့ပါ ဆုန်ကျိရှင်း။ မင်းအစေခံက ချန်ပင်အန်းနဲ့ ပလူးပလဲလုပ်နေတယ်ကွ။ သူတို့ ကျိတ်ပုန်းခုတ်နေကြတာ သေချာတယ်။ အခုထွက်လာပြီး မင်းအစေခံကို မဆုံးမရင် ဒီည သူနံရံစည်းရိုးကျော်ပြီး ချန်ပင်အန်းတံခါးကို သွားခေါက်တော့မှာ။ ထွက်လာခဲ့၊ အခုထွက်လာခဲ့တော့။ ဟော ပြောရင်းဆိုရင်းပဲ ချန်ပင်အန်းက သူ့ပါးကိုပွတ်နေပြီကွ။ အမလေးကွာ။ ချန်ပင်အန်းမျက်နှာကြီး ရွံစရာကောင်းလောက်အောင် စပ်ဖြီးဖြီးဖြစ်နေတာကွ”
ဆုန်ကျိရှင်းက ထွက်မလာပေ။ အိမ်ထဲမှ ပြန်အော်သည်။
“အဲဒါ ဘာဟုတ်သေးလို့လဲကွာ။ မနေ့ညကဆိုရင် ချန်ပင်အန်းက မင်းအမေနဲ့ မဖွယ်မရာလုပ်နေတာကွ။ ငါတွေ့သွားတော့မှ ချန်ပင်အန်းက မင်းအမေရဲ့ အင်္ကျီပေါ်ကနေ လက်ပြန်ရုတ်တာ။ တကယ်တော့လည်း မင်းအမေကိုပဲ အပြစ်တင်ရမှာပါ။ မင်းအမေရဲ့ အဲဒီ့နေရာက အတော်ဖွံ့ဖွံ့ထွားထွားဆိုတော့ အတော်လေးလွန်းလို့ ချန်ပင်အန်းတောင် ချွေးသီးချွေးပေါက် ကျသွားတယကွ”
ဆုန်ကျိရှင်း၏ ခြံတံခါးကို ကန်ကျောက်ထုရိုက်သံများနှင့်အတူ ဒေါသတကြီးအော်သံတစ်ခု ထွက်ပေါ်လာသည်။
“ဟေ့ကောင် ဆုန်ကျိရှင်း၊ မင်းထွက်လာခဲ့။ ငါနဲ့တစ်ယောက်ချင်းချမယ်။ မင်းရှုံးရင် ကျီကွေ့ကို ငါ့အစေခံအဖြစ် ပေးရမယ်။ ငါ့ကို ထမင်းခွံ့ကျွေးခိုင်းမယ်။ ငါ့အိပ်ယာကိုပြင်ခိုင်းမယ်။ နေ့တိုင်း ငါ့ခြေထောက်ကို ဆေးခိုင်းမယ်ကွ။ ငါရှုံးရင် ချန်ပင်အန်းက မင်းရဲ့အစေခံလုပ်လိမ့်မယ်။ ဘယ်လိုလဲ၊ ငါစိန်ခေါ်တာ မင်းလက်ခံရဲလား။ လက်မခံရဲတဲ့ကောင်ဟာ ငကြောက်ပဲကွ”
ဆုန်ကျိရှင်းက ပျင်းရိပျင်းတွဲဟန်ဖြင့် ပြန်အော်သည်။
“ထွက်သွားစမ်းပါ ကုစန်းရာ။ လနက္ခတ်ဗေဒင် ငါကြည့်ထားတယ်ကွ။ ငါ့ကံဇာတာအရ ဒီနေ့ဟာ အဖေကသားကို ရိုက်နှက်သင့်တဲ့နေ့မဟုတ်ဘူးတဲ့။ မင်းကို လောလောဆယ် ချမ်းသာပေးထားလိုက်မယ်။ မင်းကံကောင်းသွားတယ်မှတ်ပါ ခွေးသူတောင်းစားလေးရဲ့”
ကုစန်းက ခြံတံခါးကို အားရှိအားကုန် အဆက်မပြတ် ကန်ကျောက်နေသည်။
“ကျီကွေ့ ၊သရဲဘောကြောင်တဲ့ သခင်နောက်ကိုလိုက်နေတာ မင်းမရှက်ဘူးလား။ လျိုရှီယန်နဲ့ ခိုးရာလိုက်ပြေးလိုက်စမ်းပါ။ အဲဒီ့အရူးက နင့်ကို အမြဲတမ်း စားမတတ်ဝါးမတတ် ကြည့်နေတာလေ”
ကျီကွေ့ လှည့်ထွက်၍ အိမ်ထဲသို့ ပြန်ဝင်သွားသည်။
အိမ်ထဲတွင် ဆုန်ကျိရှင်းမှာ အစိမ်းရောင်ဘူးသီးခြောက်တစ်ခုကို ဂရုတစ်စိုက် ပွတ်တိုက်နေသည်။ မည်သည့်ခေတ်ကာလမှ ပစ်စ္စည်းမှန်းတော့မသိ။ သခင်ဆုန် ချန်ထားခဲ့သည့် ရှေးဟောင်းပစ္စည်းတစ်ခုဖြစ်သည်။ အစက ဆုန်ကျိရှင်း ထိုပစ္စည်းကို သိပ်စိတ်မဝင်စားခဲ့။ နောက်ပိုင်းတွင် လျှပ်စီးမုန်တိုင်းများ ကျလာတိုင်း ထိုဘူးသီးခြောက်ထဲမှ တဝီဝီအသံများမြည်နေသည်ကို သူသတိထားမိလာသည်။ သို့သော် ဘူးဆို့ကို ဖယ်ကာ လှုပ်ခါကြည့်သော်လည်း ဘာမှထွက်မလာခဲ့။
ရေနှင့်သဲကို အထဲသို့ထည့်ကာ ပြန်၍သွန်ချကြည့်ဖူးသည်။ ရေနှင့်သဲ ပမာဏပြောင်းလဲခြင်းမရှိ။ ထို့ကြောင့် သူ ဘေးဖယ်ထားခဲ့ရသည်။ တစ်ကြိမ်တွင် ကုစန်း၏စွာတေးလန်မိခင်က ခြံတံခါးသို့ရောက်လာပြီး သူ့ကို စွန့်ပစ်ခံ တိတ်တိတ်ပုန်းသားဟုပြောကာ ထပ်ကာထပ်ကာစော်ကားခဲ့သည်။
စိတ်တိုလွန်းသဖြင့် ဓားတစ်ချောင်းကောက်ကာ ဒေါသဖြေသည့်အနေဖြင့် ထိုဘူးသီးခြောက်ကို အားကုန်ခုတ်ပစ်ခဲ့သည်။ ထိုအချိန်တွင် သူအံ့ဩခဲ့ရသည်။ သူ့လက်မှ ဓားသွားများ တွန့်လိပ်သွားသည်။ ဘူးသီးခြောက်မှာ ဘာမှမဖြစ်။ ခြစ်ကြောင်းရာပင် မထင်ခဲ့။
လွန်ခဲ့သည့်နှစ်အနည်းငယ်က ဆုန်ကျိရှင်း မီးရှို့လိုက်သည့် စာတစ်စောင်တွင် ဤသို့ရေးထားသည်။
“မင်းဆီပို့ပေးလိုက်တဲ့ ရွေတွေ ငွေတွေးနဲ့ ကြေးပြားတွေဟာ မင်းနဲ့ကျီကွေ့ရဲ့ ကုန်ကျစရိတ်အားလုံးအတွက် လုံလောက်ပါလိမ့်မယ်။ မင်းအားတဲ့အချိန်မှာ သဘောကျတဲ့ ရှေးဟောင်းပစ္စည်းတွေ လိုက်ရှာပြီး အပျင်းပြေ ဝါသနာတစ်ခုဖြစ်လာအောင် ကြိုးစားပါ။
ဒီမြို့က သိပ်မကြီးပါဘူး။ ဆန်ကြမ်းတွေဟာ ဝမ်းအဟာရအတွက် လုံလောက်တယ်။ စာအုပ်တွေဟာ စိတ်အဟာရအတွက် လုံလောက်တယ်။ ရှုခင်းတွေဟာ မျက်စိအဟာရဖြစ်ဖို့ လုံလောက်တယ်။ တိတ်ဆိတ်ငြိမ်ချမ်းမှုဟာ နှလုံးသားအဟာရအတွက် လုံလောက်ပါတယ်။ ဒီနေ့ကစလို့ မင်းအကောင်းဆုံး လုပ်ပါ။ ကျန်တာကို ကံတရားက ဆုံးဖြတ်လိမ့်မယ်။ လွင်ပြင်မှာ လှည့်လည်နေတဲ့ နဂါးဟာ တစ်နေ့နေ့မှာ ကောင်းကင်ဘုံကိုတက်နိုင်တဲ့ နေတစ်စင်းဖြစ်လာမှာပါ”
ဆုန်ကျိရှင်း သူ့အဖေကို နာကျည်းသော်လည်း သူ့ထံပို့လိုက်သည့်ငွေများကိုတော့ မသုံးဘဲမနေပါ။ မဖွံ့ဖြိုးသည့် ရိုးရိုးရှင်းရှင်း ဤမြို့ငယ်လေးတွင် ငွေများများသုံးစရာဟူ၍လည်း မရှိ။ နှစ်ကြာလာသည်နှင့်အမှ ပစ္စည်းစုဆောင်းရသည်ကို ဆုန်ကျိရှင်း အမှန်တကယ်ပင် ဝါသနာပါလာသည်။
သူ့အိမ်မှ အနီရောင်သေတ္တာကြီးထဲတွင် စိတ်ဝင်စားစရာကောင်းသည့် အမျိုးအမည်မသိ ပစ္စည်းပေါင်းစုံ ပြည့်နေသည်။ ထိုအထဲတွင် အစိမ်းရောင်ဘူးသီးခြောက်သည်သာ သူစိတ်အဝင်စားဆုံး အထူးဆန်းဆုံးပစ္စည်းဖြစ်သည်။
သံချေးတက်နေသည့် ခေါင်းလောင်းတစ်လုံးလည်းရှိသည်။ လှုပ်ခါလိုက်ချိန်တွင် အထဲမှခေါင်းလောင်းဆံက အတွင်းနံရံအား ရိုက်ခတ်သည်ကို မြင်နေရသည်။ သို့သော် လုံးဝအသံမထွက်။ ထိုအဖြစ်ကြောင့် ဆုန်ကျိရှင်း ထိတ်လန့်မိသလို စိတ်လည်းဝင်စားမိသည်။
နောက်ထပ် ထူးခြားပစ္စည်းတစ်မျိုးမှာ လက်ဖက်ရည်အိုးဟောင်းတစ်လုံးဖြစ်သည်။ အိုးပေါ်တွင် “မျောက်” ဟူသည့် စာလုံးကို ရေးထွင်းထားသည်။ တစ်ခြားပစ္စည်းများကိုတော့ သူသိပ်ဂရုမစိုက်ပေ။
ခြံအပြင်ဘက်တွင် ကုစန်းမှာ ဒေါသတကြီး ကျယ်လောင်စွာ အော်ဟစ်ဆဲဆိုနေဆဲ ဖြစ်သည်။
သို့သ်ော ခဏကြာပြီးနောက် သူ့အသံ တိခနဲ ရပ်သွားသည်။
ချန်ပင်အန်း၏ ခြံဝင်းတံခါးကို တွန်းဖွင့်၍ ထိတ်လန့်နေဟန်ဖြင့် သူအပြေးဝင်လာသည်။ တံခါးမင်းတုန်းကို ဘေးသို့တွန်းဖယ်လျက် ခြံတံခါးဘေးတွင် ငြိမ်၍ထိုင်နေသည်။ ချန်ပင်အန်းကိုလည်း သူ့ဘေးတွင် လာထိုင်ရန် လက်ဟန်ပြနေသည်။
သူဘာဖြစ်နေသည်ကို ချန်ပင်အန်း မသိ။ ဘဲထိုင်ထိုင်၍ ကုစန်းအနားသို့ အမြန်လှမ်းသွားသည်။ ထို့နောက် ခပ်တိုးတိုးလေသံဖြင့်
“ဘာဖြစ်တာလဲ ကုစန်း၊ မင်းအမေကို ဒေါသထွက်အောင် လုပ်မိလို့လား”
ကုစန်းက နှပ်ကြောင်းကို တစ်ချက်ရှုတ်လျက် လေသံတိုးတိုးဖြင့် ပြန်ပြောလိုက်သည်။
“အခုလေးတင် လူထူးဆန်းတစ်ယောက်ကို ငါတွေ့ခဲ့တယ်ကွ။ သူ့လက်မှာကိုင်ထားတဲ့ ခွက်ဖြူကြီးထဲကနေ နှစ်နာရီလောက်ကြာအောင် ရေတွေအဆက်မပြတ်ထွက်ကျနေတာ။ သူ့ခွက်က ဒီလောက်ပဲကြီးတာ”
ကုစန်းက လက်နှစ်ဘက်ကို ဝိုင်း၍ ခွက်အရွယ်အစားကို ပြောပြနေသည်။
“အဲဒီခွက်ထဲကနေ ရေတွေကျနေတာ နှစ်နာရီလောက်ကြာတယ်။ ခုနက ငါတို့ကြွေပန်းအိုးလမ်းကြားကို သူဖြတ်သွားတော့ ခြေလှမ်းခဏ ရပ်သွားသလိုပဲ။ ငါ့ကို မြင်သွားတာလားမသိဘူး။ ငါတော့ ဒုက္ခအကြီးအကျယ်ရောက်ပြီ”
ကုစန်းက မောဟိုက်နေသံဖြင့် သူ့ရင်ဘတ်သူပုတ်၍
“ဆုန်ကျိရှင်းရဲ့ ဒီအဖေကြီး တကယ်သေမတတ်ကြောက်နေပြီကွ”
“မင်းပြောတဲ့လူက ကန္တာရပင်အောက်က ပုံပြောဆရာလား”
ကုစန်း အမြန်ခေါင်းငြိမ်ပြသည်။
“ဟုတ်တယ် သူပဲ။ ဒီအဘိုးကြီးက လက်မောင်းအားသိပ်မသန်ဘူး။ ငါ့ကိုတောင် ကိုင်မမြှောက်နိုင်ဘူး။ ဒါပေမယ့် သူ့ခွက်က ကြောက်စရာကောင်းတယ်။ တကယ်ကို ကြောက်စရာကောင်းတာကွ”
ကုစန်းက ချန်ပင်အန်းလက်ကို ဖျတ်ခနဲဆွဲကိုင်၍
“ဒီတစ်ခါ ငါမင်းကို လိမ်နေတာမဟုတ်ပါဘူး။ ကျိန်ပြောရဲပါတယ်ကွာ။ တကယ်လို့ ငါလိမ်တာဆိုရင် ဆုန်ကျိရှင်း အသေဆိုးနဲ့သေပါစေ”
ချန်ပင်အင်းက လက်ညှိုးကို နှုတ်ခမ်းနားကပ်ပြ၍ တိတ်တိတ်နေရန် အချက်ပြလိုက်သည်။ ကုစန်း အသံတိတ်သွားသည်။
ခြေသံများ တဖြေးဖြေး နီးလားသည်။ ထို့နောက် အဝေးဆီသို့ လွင့်ပါးပျောက်ကွယ်သွားသည်။
လူတိုင်း တစ်ခုခုတော့ကြောက်ကြသည်။ ကုစန်းသည် အကြောက်အလန့်ရှိသူမဟုတ်။ သို့သော် ယခု သူ့မျက်နှာက လူသေတစ်ယောက်လို ဖြူရော်နေသည်။ မြေပေါ်တွင် ထိုင်လျက် သူ့မျက်နှာသူ လက်ဖြင့် ပွတ်နေသည်။ ထိုအဘိုးအိုကို သူတစ်ကယ်ကြောက်နေသည်မှာ သိသာလှသည်။
“အဲဒီသူတောင်းစားအိုကြီး ငါ့အိမ်ကိုတော့ မသွားလောက်ပါဘူးနော်။ ငါဘယ်လိုလုပ်ရမလဲကွာ”
ကုစန်းက ရုတ်တရက် မေးလိုက်သည်။
“မင်းအိမ်ကို အဖေါ်လိုက်ပြီး ငါအခြေအနေကြည့်ပေးရမလား”
ချန်ပင်အန်း မတတ်သာသည့်အဆုံး ထိုသို့ပင် ပြောလိုက်ရသ်ည။
ကုစန်းကလည်း ထိုစကားကို မျှော်လင့်နေပုံရသည်။ ချက်ချင်း မြေပေါ်မှ ထရပ်သည်။ ထို့နောက် အားပြတ်သွားသကဲ့သို့ ပြန်ထိုင်ချလိုက်ပြန်သည်။ ချန်ပင်အန်းကို သနားစဖွယ်မျက်နှာဖြင့် လှည့်ကြည့်၍
“ငါ့ဒူးတွေ မခိုင်တော့ဘူးကွ။ လမ်းမလျှောက်နိုင်တော့ဘူး”
ချန်ပင်အန်း ထရပ်လျက် ခါးကုန်းကာ ကုစန်း၏ အင်္ကျီကော်လာစကို လက်တစ်ဘက်တည်းဖြင့် ဆွဲမလိုက်သည်။ တံခါးမင်းတုန်းကို ပြန်ထိုး၍ ခြံထဲမှ ထွက်လိုက်သည်။
ကုစန်း၏အိမ်မှာ ချန်ပင်အန်းအိမ်မှ မီတာတစ်ရာခန့်သာ ဝေးသည်။ ထင်သည့်အတိုင်းပင်ဖြစ်သည်။ သူတို့ရောက်သည်နှင့် အဘိုးအိုကို ခြံဝင်းထဲတွင် တွေ့လိုက်ရသည်။ ကုစန်း၏မိခင်က ထိုအဘိုးအိုထိုင်ရန် ခွေးခြေတစ်လုံးပင် ထုတ်ပေးထားသေးသည်။
ကုစန်းမှာ ဦးခေါင်းများ ချာချာလည်သွားသကဲ့သို့ ခံစားလိုက်ရသည်။ ချန်ပင်အန်းနောက်တွင် ကုပ်တွယ်နေလေသည်။ ချန်ပင်အန်းက သူ့ကိုကာကွယ်ပေးမည်ဟု မျှော်လင်ထားသည်။
ကံကောင်းပါသည်။ ချန်ပင်အန်းက အခြေအနေကို အကဲခတ်လျက် ရှေ့ဆက်လျှောက်သွားသည်။ ကုစန်းမှာ သူ့နောက်မှ ဒရွတ်တိုက်ပါသွားလေသည်။
ချန်ပင်အန်းအင်္ကျီလက်ကို ဆုပ်ကိုင်လျက် ကုစန်း သတ္တိမွေးနေသည်။ သူ့ဘေးတွင် ချန်ပင်အန်းရှိသဖြင့် အားတက်နေဟန်ရှိသည်။
အဘိုးအိုက သူတို့နှစ်ယောက်ကို အရေးမစိုက်ပေ။ ထိုင်နေရင်းမှ တစ်ခုခုကို စဉ်းစားနေဟန်ရှိသည်။ အဖြူရောင်ခွက်သည်လည်း သူ့လက်ထဲတွင် မရှိတော့။
ကုစန်း၏သတ္တိများ ကြက်ပျောက်ငှက်ပျောက် ဖြစ်သွားသည်။ ထိတ်လန့်နေဟန်ဖြင့် ချန်ပင်အန်းနောက်သို့ နောက်တစ်ကြိမ် တိုးကပ်သွားပြန်သည်။
အဘိုးအိုက ထူးထူးခြားခြားတည်ငြိမ်နေသည့် အမျိုးသမီးကို တစ်ချက်ကြည့်သည်။ ထို့နောက် သတိဖြင့်ကြည့်နေသည့် ချန်ပင်အန်းဘက်သို့ လှည့်လာသည်။ နောက်ဆုံးတွင် ကုစန်းအပေါ် အကြည့်ရောက်သွားသည်။
“ဟိုနားက ရေစည်ထဲမှာ မင်းဘာတွေထည့်ထားတာလဲ’
ကုစန်းက ချန်ပင်အန်းနောက်မှ ပြန်အော်လိုက်သည်။
“ဘာထည့်ရမလဲ။ ချောင်းထဲကဖမ်းလာတဲ့ ငါးတွေ၊ ပုစွန်တွေ၊ ဂဏန်းလုံးတွေနဲ့ လယ်ရေမြောင်းထဲက မျှားလာတဲ့ ငါးရှဉ့်နဲ့ငါးခူတွေပေါ့။ ခင်ဗျားယူချင်ရင် အကုန်ယူသွားလို့ရပါတယ်ဗျာ…”
ပြောနေရင်းမှ သူ့အသံက တဖြေးဖြေး တိမ်ဝင်သွားသည်။ ယုံကြည်ချက်နှင့်သတ္တိများ လျော့ပါးသွားသည့်ပုံစံမျိုးဖြစ်သ်ည။
အမျိုးသမီးက ဆံပင်ကို တစ်ချက်သပ်ချလျက် ချန်ပင်အန်းဘက်သို့ လှည့်ကြည့်က နူးညံ့သည့်လေသံဖြင့် ခေါ်လိုက်သည်။
“ပင်အန်း”
ချန်ပင်အန်း သူပြောချင်သည့်အဓိပ္ပါယ်ကို သဘောပေါက်လိုက်သည်။ ကုစန်းခေါင်းကို တစ်ချက်ပုတ်၍ လှည့်ထွက်သွားလေသည်။
ချန်ပင်အန်းကျောပြင်ကို လှမ်းကြည့်ရင်း စိတ်မကောင်းသည့်အရိပ်တစ်ခု ထိုအမျိုးသမီး၏မျက်လုံးတွင် ပေါ်လာသည်။ သို့သော် ချက်ချင်းပင် ထိုခံစားချက်အတွေးများကို ဖျောက်လိုက်သည်။ ထို့နောက် အဘိုးအိုဘက်သို့လှည့်ကြည့်၍
“မသေမျိုးဆရာကြီး၊ ရှင်ဒီအထိရောက်အောင် အဝေးကြီးလာခဲ့ရတာပဲ။ ဒီအခွင့်အရေးကို ဝယ်ဖိုစီစဉ်နေတာလား။ ဒါမှမဟုတ် အားသုံးပြီးယူမှာလား”
အဘိုးအိုက ပြုံး၍ ခေါင်းကိုခါယမ်းလိုက်သ်ည။
“ဝယ်ဖို့ကလည်း စျေးမတတ်နိုင်ဘူး။ အားသုံးပြီးတော့ ယူနိုင်စွမ်းလည်း မရှိပါဘူး”
အမျိုးသမီးက ခေါင်းကိုခါယမ်းလျက်
“အရင်ကလိုဆိုရင်တော့ ဟုတ်တာပေါ့။ ဒါပေမယ့် ဒီအတိုင်း ဆက်သွားလို့ရမှာမဟုတ်ဘူး”
အဘိုးအို၏ တည်ငြိမ်အေးဆေးသည့်အမူအရာများ ချက်ချင်း ပျောက်ကွယ်သွားသည်။ ထိုအမျိုးသမီးစကားကြောင့် မိုးကြိုးပစ်ခံလိုက်ရသကဲ့သို့ ဖြစ်သွားသ်ည။ အင်္ကျီလက်ကို လေထဲတွင် ဖျတ်ခနဲခါလျက် လက်ချောင်းများကိုချိုးကာ တစ်စုံတစ်ခုကို တွက်ချက်နေလေသည်။
ထို့နောက် သက်ပြင်းရှည်တစ်ချက်ချလျက်
“ဒီလောက်အထိ တကယ်လုပ်ဖို့လိုလို့လား”
အမျိုးသမီးမျက်နှာတွင် အေးစက်သည့်အရိပ်တစ်ခု ပေါ်လာသည်။ မဲ့ပြုံးတစ်ချက်ပြုံးလျက်
“ဒီမြို့မှာ လူကောင်းတွေချည်းရှိနေတယ် ထင်လို့လား”
အဘိုးအို ထရပ်လိုက်သည်။ မှင်သက်မိနေသည့် ကုစန်းကို တစ်ချက်စိုက်ကြည့်သည်။ အလွန်အရေးကြီးသည့် ဆုံးဖြတ်ချက်တစ်ခုကို ချလိုက်ဟန်တူသည်။ လက်ကောက်ဝတ်ကို ဖျတ်ခနဲလှုပ်ရှားလိုက်သည်နှင့် အဖြူရောင်ခွက်တစ်လုံး ပေါ်လာသည်။
ခါးစောင်းခန့်မြင့်သည့် ရေစည်းကြီးထံသို့ လျှောက်သွားပြိး ရေတစ်ခွက် ကုန်း၍ခပ်လိုက်သည်။
အမျိုးသမီးမျက်နှာမှာ တည်ငြိမ်အေးဆေးသည့်အသွင်မျိုး ရှိနေသည်။ သို့သော် သူ့လက်ဝါးနှစ်ဘက်လုံးတွင် ချွေးစေးများ ထွက်နေပေသည်။
အဘိုးအိုက ခွေးခြေပေါ်တွင် ပြန်ထိုင်၍ ကုစန်းကို လက်ယပ်ခေါ်လိုက်သည်။
“ဒီကို လာကြည့်ပါဦး ကောင်လေး”
ကုစန်းက သူ့မိခင်ကိုလှည့်ကြည့်၍ အကဲခတ်လိုက်သည်။ သူ့မိခင်က အားပေးနေဟန်ဖြင့် ခေါင်းတစ်ချက် ငြိမ့်ပြသည်။
ကုစန်း အနားသို့ရောက်သွားသည်နှင့် အဘိုးအိုက ခွက်ထဲမှ ရေမျက်နှာပြင်ပေါ်သို့ လေမှုတ်လိုက်သည်။ ရေဂယက်များ ချက်ချင်းထလာသည်။
“ပါးစပ်ဟလိုက်ပါ”
အဘိုးအိုက ပြုံး၍ ပြောလိုက်သည်။ တစ်ချိန်တည်းမှာပင် ကုစန်းခန္ဓာကိုယ်ပေါ်သို့ လက်တစ်ချက်ဝှေ့ယမ်း၍ ကန္တာရသစ်ရွက်တစ်ခု ဆွဲထုတ်လိုက်သည်။ ထိုသစ်ရွက် မည်သို့မည်ပုံ ရောက်လာမှန်းတော့ ကုစန်းမသိ။
အဘိုးအိုက သစ်ရွက်ကို လက်နှစ်ချောင်းဖြင့် အသာညှပ်ကိုင်ထားသည်။
ကုစန်းက မြင်နေရသည့်အဖြစ်ကြောင့် တအံ့တဩဖြစ်ကာ ပါးစပ်ဟလာသည်။ ထိုစဉ် အဘိုးအိုက လက်ချောင်းကို ဖျတ်ခနဲလှုပ်ရှားလိုက်သည်။ အစိမ်းရောင်သစ်ရွက်မှာ ကုစန်းပါးစပ်ထဲသို့ ဝင်ရောက်ပျောက်ကွယ်သွားလေသည်။
ကုစန်း ရုတ်တရက် ကြက်သေသေသွားသည်။ သို့သော် သူ့ပါးစပ်ထဲတွင် ဘာကိုမျှ ထူးထူးခြားခြားမခံစားလိုက်ရပေ။
ထိုစဉ် အဘိုးအိုက လက်ဝါးပေါ်မှ ရေခွက်ကို လက်ညှိုးထိုးပြလျက်
“သေချာကြည့်လိုက်ပါ။ ပြီးရင် မင်းဘာမြင်သလဲဆိုတာ ငါ့ကိုပြောပြ”
ကုစန်း မျက်လုံးအပြူးသားဖြင့် ခွက်ထဲသို့ကြည့်လိုက်သည်။ ပထမတွင် ထူးဆန်းသည့် အနက်ရောက်အစက်ကလေးကို သူမြင်ရသည်။ ထို့နောက် ထိုအနက်စက်လေးမှ အနည်ငယ်ပိုကြီးသည့် ခပ်ရှည်ရှည် အနက်ရောင်မျဉ်းကြောင်းတစ်ခု ဖြစ်လာသည်။ ဖြေးဖြေးချင်း ပြန့်ကားလာသည်။ ထို့နောက် မြေဝါရောင် ငါးကြင်းတစ်ကောင်အဖြစ် ပြောင်းသွားပြီး ခွက်ထဲရှိ လှုပ်ခါနေသည့်ရေထဲတွင် ပျော်ရွှင်စွာ ကူးခတ်နေသည်ကို မြင်ရလေသည်။
ရှုပ်ထွေးနေသည့် ကုစန်း၏ စိတ်ထဲတွင် တစ်စုံတစ်ရာကို ရုတ်တရက် သတိရလာသည်။
“ဒီ ဒီဟာကို ကျွန်တော်မှန်မိတယ်။ ချန်ပင်အန်းရဲ့ဟာပဲ။ ကျွန်တော်—“
“ဖြန်း”
အမျိုးသမီးက ဒေါသထွက်လာဟန်ဖြင့် သူ့မျက်နှာကို ဖြတ်ရိုက်လိုက်သည်။
အဘိုးအိုက အံ့ဩဟန်မရှိ။ ပုံမှန်လေသံဖြင့်
“ငါတို့က မသေမျိုးအကျင့်ကို ကျင့်ကြံကြတာ။ ဒါဟာ သဘာဝစည်းမျည်းကို ဆန့်ကျင်တာပဲ။ ဒီတော့ ကျင့်စဉ်လမ်းအတွက် အကူအညီဖြစ်စေနိုင်တဲ့ ရင်းမြစ်တွေနဲ့ အခွင့်အရေးတွေ လုယူကြတာကို အပြစ်ပြောလို့မရပါဘူး။ သိပ်လည်း မစိုးရိမ်ပါနဲ့။ ဘယ်လိုပဲဖြစ်ဖြစ် ငါတို့သားပိုင်တဲ့အရာဟာ ငါတို့သားဆီကိုပဲ ရောက်လာမှာပါ။ ဟိုကောင်လေးမပိုင်တဲ့အရာဟာလည်း သူဘယ်တော့မှ ပိုင်ဆိုင်ခွင့်ရမှာမဟုတ်ဘူး”
ကုစန်းခန္ဓာကိုယ်သည် ကီလိုလေးဆယ်ပင်မပြည့်ပါ။ သို့သော် သူ့ပါရမီဓာတ်ခံက အတော်ပင်ကြီးမားသည်။
ယနေ့အစောပိုင်းက အဘိုးအိုသည် ထူးဆန်းသည့်အရာတစ်ခု လုပ်ခဲ့သည်။ မျိုးရိုးစဉ်ဆက် လက်ဆင့်ကမ်းလာသည့် လျှို့ဝှက်နည်းလမ်းတစ်ခုကို ထုတ်သုံးကာ လူတစ်ယောက်၏ စွမ်းအင်ကျင့်ကြံနိုင်မှု ပါရမီစွမ်းကို တိုင်းတာခဲ့သည်။ ကုစန်း၏အလေးချိန်ကိုသိရန် ကိုင်မြှောက်ကြည့်ခဲ့ခြင်းဖြစ်သည်။ သူမမြှောက်နိုင်ခဲ့။ ကုစန်းတွင် ထူးခြားသည့် ပါရမီဓာတ်ခံရှိကြောင်း သူသိခဲ့ရသည်။ ထို့ကြောင့်လည်း ယခု တပည့်အဖြစ်လက်ခံခဲ့ခြင်းဖြစ်သည်။
ထိုသို့လက်မခံခဲ့လျှင် ကုစန်းအရွယ်ကလေးတစ်ယောက်အနေဖြင့် ပိုင်ဆိုင်ထားသည့် ပါရမီဆုလာဒ်ကြောင့် ဒုက္ခဘေးဆိုးများ ကြုံလာနိုင်သည်။
စိတ်သက်သာရာရသွားသည့် အပြုံးတစ်ခု အဘိုးအိုမျက်နှာတွင် ပေါ်လာသည်။ သို့သော် သူ့မျက်လုံးများက ရေခဲကဲ့သို့အေးစက်နေသည်။
“အရင်က ဒီအရာကို ဟိုကောင်လေးပိုင်ထားခဲ့တာ မှန်ပေမယ့် အခုတော့ ဘာအရေးကြီးတော့လို့လဲ။ ငါရောက်လာပြီဆိုတော့ ဒါဟာ သူ့အပိုင်မဟုတ်တော့ဘူးလေ”
ကုစန်း၏သွားများ တဂတ်ဂတ်အသံမြည်လာသည်။ ရုတ်တရက် အတော်ချမ်းလာသကဲ့သို့ သူခံစားနေရသည်။
သို့သော် သူ့မိခင်မှာ အတော်စိတ်သက်သာရာ ရနေဟန်ရှိသည်။
အဘိုးအိုက ကြင်နာနွေးထွေးသည့်မျက်နှာဖြင့်
“ငါ့ကောင်လေး၊ ဒီခွက်ထဲက ရေဟာ မြစ်တစ်စင်းလောက်ရှိတယ်ကွ။ အခု ဒီထဲမှာ ရေနဂါးလေးတစ်ကောင် ရှိနေပြီ။ ဒီနေ့ကစလို့ မင်းဟာ ငါ့ရဲ့တပည့်ရင်းပဲ။ ငါက သခင်အစစ်ပဲ။ ဂိုဏ်းတည်ခေါင်းဆောင်ဖြစ်လာဖို့ ခြေတစ်လှမ်းပဲလိုတော့တယ်။ ဂိုဏ်းကတော့ အဆင့်သိပ်မမြင့်လှဘူးပေါ့ကွာ။ နောင်တစ်ချိန်မှာ သခင်စစ်နဲ့ ဂိုဏ်းတည်တယ်ဆိုတဲ့ စကားလုံးတွေ ဘယ်လောက်အရေးပါသလဲဆိုတာ မင်းနားလည်လာပါလိမ့်မယ်။ အဲဒီ့စကားလုံးတွေဟာ ဒီခွက်ထဲက မြစ်ရေတွေထက် ပိုပြီးအလေးချိန်စီးတယ်ကွ”
ထိုစဉ် ရုတ်တရက် ကုစန်း ငိုချလိုက်သည်။
“မဟုတ်ဘူး။ အဲလိုမျိုးမဟုတ်ဘူး။ ဒါက ချန်ပင်အန်းပိုင်တာပါ”
သူ့မိခင် ပို၍ ဒေါသထွက်လာသည်။ တုံးအသည့် သူ့သားကို နောက်တစ်ကြိမ် ထပ်ရိုက်ရန် လက်မြှောက်လိုက်သည်။ သို့သော် အဘိုးအိုက လက်ပြ၍တားလိုက်သည်။ ခပ်အေးအေးပြုံးလျက်
“သူ့မှာ ဒီလိုကြင်နာစိတ်ရှိတာဟာ ဆိုးဝါးတဲ့အရာတော့ မဟုတ်ပါဘူး”
ကုစန်းက ခေါင်းငုံ့၍ လက်ခုံဖြင့် မျက်ရည်များကို သုတ်နေသည်။ သူ့မိခင်က အဘိုးအိုကို လှည့်ကြည့်၍ အသံတိတ်နေသည်။
အဘိုးအိုက ခေါင်းတစ်ချက်ငြိမ့်၍ အဓိပ္ပါယ်ပါပါ ပြုံးပြလိုက်သည်။ သူတို့နှစ်ယောက် အချင်းချင်း နားလည်ကြသည်။ နောက်ထပ် ဆက်ပြောစရာမလိုတော့။
ကုစန်းခေါင်းမော့လာချိန်တွင် သူ့မိခင်နှင့် ရုတ်တရက်ပေါ်လာသည့် သူ့ဆရာတို့၏ မျက်နှာတွင် အပြုံးသဲ့သဲ့ ပေါ်နေသည်ကို မြင်လိုက်ရလေသည်။
ကုစန်း နောက်လှည့်ကြည့်လိုက်သည်။ ချန်ပင်အန်းက ထွက်သွားချိန်တွင် သူတို့ခြံတံခါးကို ပိတ်ပေးသွားကြောင်း သိလိုက်ရလေသည်။
ဤမြို့သည် ရိတ်သိမ်းရန် အသင့်ဖြစ်နေသည့် စိုက်ခင်းတစ်ခုနှင့်တူသည်။ သို့သော် ပေါင်းမြက်လို လူစားများလည်း သီးနှံများကြားတွင် ရောယှက်ပေါက်ဖွားနေပေသည်။ သူတို့ကို မည်သူမှ ဂရုမထားကြ။ မြက်ဖိနပ်စီးကာ ကြွေပန်းအိုးလမ်းတွင် လျှောက်လှမ်းနေသည့် အဖော်မဲ့လူငယ်သည်လည်း တစ်ယောက်အပါအဝင် ဖြစ်လေသည်။
*************************************