ဆီးသီးပန်းလမ်းတွင် သံသော့အိမ်ဟုခေါ်သည့် ရေတွင်းတစ်ခုရှိသည်။ လက်မောင်းခန့်တုတ်သည့် သံကြိုးတစ်ချောင်း ရေတွင်းထဲသို့ တွဲလောင်းကျနေသည်။ ထိုသံကြိုး အဘယ်ကြောင့် ဤနေရာတွင် ရှိနေမှန်းမသိကြ။ မည်သည့်ပုဂ္ဂိုလ် ရေတွင်းထဲသို့ ထူးထူးဆန်းဆန်း တွဲလောင်းချသွားသည် မသိကြ။ မြို့ထဲမှ အသက်အကြီးဆုံး ပုဂ္ဂိုလ်များလည်း ထိုကိစ္စနှင့်ပတ်သက်၍ ရေရေရာရာမပြောနိုင်ကြပေ။
တစ်ချိန်က စပ်စုတတ်သည့်မြို့ခံတစ်ယောက် ထိုသံကြိုးမည်မျှရှည်သည်ကို သိချင်ခဲ့သည်။ မြို့ခံသက်ကြီးပိုင်းများက ထိုသံကြိုးကို တစ်ပေဆွဲတင်လျှင် သက်တမ်းတစ်ဝက်တိုသွားလိမ့်မည်ဖြစ်ကြောင်း သတိပေးကြသည်။ သို့သော် ထိုလူက အယူသည်းသည့်စကားများကို ဂရုမစိုက်။ ဆယ့်ငါးမိနစ်ကြာအောင် သံကြိုးကို ကြိုးစား၍ ဆွဲထုတ်သည်။ သံကြိုးက ရေတွင်းပေါ်တွင် အပုံလိုက်ဖြစ်လာသည်။ သို့သော် အဆုံးကိုမမြင်ရသေး။
သို့သော် ထိုလူမှာ အတော်ခြေကုန်လက်ပန်းကျနေပြီဖြစ်သည်။ သံကြိုးကို ထိုအတိုင်းထားခဲ့၍ နောက်တစ်နေ့မှ ဆက်ဆွဲထုတ်မည်ဟု ပြောသည်။ သံကြိုးကို အဆုံးထိဆွဲတင်ရန် သူဆုံးဖြတ်ထားသည်။ သို့သော် ထိုနေ့ အိမ်ပြန်ရောက်ပြီးနောက် အိပ်ယာပေါ်တွင် ထိုလူ သေဆုံးသွားသည်။ ဒွာရကိုးပေါက်မှ သွေးများစီးကျနေသည်။ မျက်လုံးအပြူးသားဖြင့် သေနေသည်။
သူမိသားစုများက မျက်လုံးပိတ်ပေးရန် ကြိုးစားသော်လည်း မရ။ နောက်ဆုံးတွင် ရေတွင်းနားတွင်နေသည့် အဘိုးအိုတစ်ယောက်က မျက်လုံးပြူးနေသည့်အလောင်းကို ရေတွင်းဆီသယ်သွားပြီး သံကြိုးအား ရေတွင်းထဲသို့ပြန်ထည့်သည်ကို ကြည့်ခိုင်းရန် အကြံပေးသည်။ နောက်ဆုံးတွင် သံကြိုးခွေအားလုံး ရေတွင်းထဲ ပြန်ရောက်သွားသည်။ ထိုအလောင်းလည်း မျက်လုံးပိတ်သွားခဲ့သည်။
——————
အဘိုးအိုတစ်ယောက်နှင့် ကောင်လေးတစ်ယောက် သံသော့အိမ်ရေတွင်းဆီ ဖြေးညှင်းစွာ လျှောက်လာသည်။ ကောင်လေးမှာ အတော်ပင်ငယ်သေးသည်။ သူ့နှာခေါင်းမှ နှပ်ကြောင်းနှစ်ခု တွဲလောင်းကျနေသည်။ သို့သော် ကျောင်းနေစအရွယ် သာမန်ဆင်းရဲသားကလေးတစ်ယောက်နှင့် လုံးဝမတူပေ။ ထိုကောင်လေးသည် ပုံပြင်တစ်ပုဒ်ကို ချက်ကျလက်ကျ အဆက်အစပ်မိမိ ပြောတတ်သည်။
ယခု ထိုကောင်လေးက စပျစ်သီးကဲ့သို့ ဝိုင်းစက်နေသည့် မျက်ဝန်းနက်များဖြင့် မော့ကြည့်နေသည်။ နှာခေါင်းတစ်ချက်ရှုံ့လိုက်သည်နှင့် နှပ်ကြောင်းနှစ်ခု အထဲသို့ပြန်ဝင်သွားသည်။ အဖြူရောင်ခွက်ကြီးတစ်လုံး ကိုင်ထားသည့် ပုံပြောဆရာကို ကြည့်၍
“ပုံပြင်က ဒီမှာပဲဆုံးပြီ။ ခင်ဗျားခွက်ထဲမှာ ဘာရှိလဲဆိုတာ ကျွန်တော့်ကို ပြတော့လေ”
“အလျင်မလိုပါနဲ့ကွာ။ ရေတွင်းဘောင်ပေါ်မှာ ထိုင်ပါရစေဦး။ ပြီးရင် မင်းကြည့်ချင်တာ ကြည့်ရမှာပေါ့”
အဘိုးအိုက ရယ်ကျဲကျဲဖြင့် ပြောလိုက်သည်။
ကောင်လေးငယ်က ချက်ချင်းပင် စကားအလိမ္မာသုံး၍ ခြိမ်းခြောက်သည်။
“ခင်ဗျား ကတိဖျက်လို့မရဘူးနော်။ ကတိဖျက်ရင် အသေဆိုးနဲ့သေလိမ့်မယ်။ ရေတွင်းနားရောက်တာနဲ့ ဇောက်ထိုးကျလိမ့်မယ်။ ခင်ဗျားအလောင်းကိုတော့ ကျွန်တော်ပြန်မဆည်နိုင်ဘူး။ အဲလိုမဖြစ်ရင်တောင် ခင်ဗျားကို ကောင်းကင်က မိုးကြိုးပစ်ချပြီး မီးသွေးတုံးလို ဖြစ်သွားလိမ့်မယ်။ အဲဒီ့အချိန်ကျရင် ခင်ဗျားခန္ဓာကိုယ်ကို ကျောက်တုံးနဲ့ စိစိညက်ညက်ကြေအောင် ကျွန်တော်ထုပစ်မှာ…”
အဘိုးအိုမှာ ကောင်လေးငယ်ကျိန်စာတိုက်နေသည့်စကားများကို နားထောင်ရင်း ခေါင်းကိုက်လာသဖြင့် အမြန်ကတိပေးလိုက်ရသည်။
“ငါတကယ်ပြမှာပါကွ။ မင်းဒီလိုစကားတွေပြောတတ်အောင် ဘယ်သူ့ဆီက သင်ထားတာလဲ”
“ကျွန်တော့်အမေဆီကပေါ့”
ကောင်လေးက ခပ်တိုတို ဖြေသည်။
“မင်းအမေက အတော်သဘောကောင်းပြီး ကြင်နာစိတ်ရှိတဲ့ မိန်းမမျိုးပါလားကွာ”
အဘိုးအိုက ထောပနာပြုလိုက်သည်။
ကောင်လေးငယ်က ရုတ်တရက်ခြေလှမ်းရပ်ကာ နဖူးကြောရှုံ့၍ ပြန်မေးလိုက်သည်။
“ခင်ဗျားက အမေ့ကို ရွဲ့စောင်းပြောနေတာမဟုတ်လား။ တစ်ချို့လူတွေက အကောင်းပြောသလိုလိုနဲ့ ကဲ့ရဲ့တတ်ကြတယ်။ ဆုန်ကျိရှင်းလိုမျိုးပေါ့”
အဘိုးအို သူ့စွပ်စွဲချက်ကို အမြန်ငြင်းကာ ခေါင်းခါပြလိုက်ရသည်။ ထို့နောက် စကားလမ်းကြောင်းပြောင်း၍
“ဒီမြို့မှာ ထူးဆန်းတာတွေ ခဏခဏဖြစ်တတ်သလား”
ကောင်လေးငယ်က ခေါင်းငြိမ့်သည်။
“ပြောစမ်းပါဦးကွ”
အဘိုးအိုက တောင်းဆိုလိုက်သည်။
ကောင်လေးငယ်က အဘိုးအိုကို ခပ်တည်တည်ကြည့်ကာ လက်ညှိုးထိုး၍
“ထူးထူးဆန်းဆန်းအဘိုးကြီးတစ်ယောက် ခွက်ဖြူကြီးကိုင်ပြီး လျှောက်သွားနေတယ်။ အဲဒီ့ခွက်ထဲကို ငွေထည့်တာလည်း လက်မခံဘူး။ ခင်ဗျားပုံပြင်မဆုံးခင်မှာတောင် ကျုပ်အမေကပြောတယ်။ ခင်ဗျားဟာ နားရှုပ်စရာပုံပြင်တစ်ပုဒ်ကို ထပ်တလဲလဲပြောပြီး လူတွေကို လိမ်စားနေတဲ့ လူလိမ်ကြီးပဲတဲ့။ ဒါကြောင့်လည်း ကျုပ်ပေးတဲ့ ကြေးပြားတွေကို လက်မခံပဲ အတင်းငြင်းနေတာမဟုတ်လား။ ကဲ အခု ခွက်ထဲမှာဘာရှိလဲဆို ကျွန်တော့်ကိုပြတော့”
အဘိုးအို လုံးဝမှင်သက်မိသွားလေသည်။
ထိုအဘိုးအိုမှာ ကန္တာရပင်အိုအောက်တွင် ပုံပြောနေခဲ့သည့် ပုံပြောဆရာပင်ဖြစ်သည်။ နောက်ပိုင်းတွင် ထိုကောင်လေးအား ဆီးသီးပန်းလမ်းမှ ရေတွင်းဆီ ခေါ်သွားပေးရန် သူတောင်းဆိုခဲ့သည်။ ထိုကောင်လေးက လိုက်ပို့ရန် စိတ်မပါခဲ့။ ထို့ကြောင့် အဘိုးအိုက သူ့ခွက်ဖြူကြီးသည် အလွန်ထူးခြားသည့်ခွက်ဖြစ်ကြောင်၊ အလွန်ရှားပါးထူးခြားသည့်အရာများ ထည့်ထားကြောင်း ပြောလိုက်သည်။ ထိုကောင်လေးမှာ မွေးကတည်းက အလွန်တရာ စူးစမ်းစပ်စုတတ်သည့် ဗီဇရှိသူဖြစ်သည်။
သူ့မိဘများ ပြောစကားအရ သူသည် ခြေဆိုးဗွေပါလာသည့်ကလေးဖြစ်သည်။ ငယ်ကတည်းက လျိုရှန်ယန်ခေါင်းဆောင်သည့် တေလေဂျပိုးတစ်သိုက်နှင့် ခြေဦးတည့်ရာ လျှောက်သွားနေတတ်သည်။ သို့သော် သူ၏ ထူးခြားချက်မှာ အလွန်ဇွဲကောင်းခြင်းဖြစ်သည်။ ပူခြစ်နေသည့် နေရောင်အောက်တွင် ငါးတစ်ကောင် ဖမ်းမိနိုင်ရန် တစ်နာရီလောက်ကြာအောင် ငြိမ်၍ထိုင်နေနိုင်သည်။ အသက်အရွယ်နှင့်မမျှအောင် စိတ်ရှည်သူဖြစ်သည်။
ပုံပြောအဘိုးအိုက ခွက်ဖြူထဲတွင် ထူးဆန်းသည့်အရာရှိသည်ဟု ပြောလိုက်သည်နှင့် သူချက်ချင်း စိတ်ဝင်စားသွားသည်။
အဘိုးအိုက သူ့ကို ခန္ဓာကိုယ်မည်မျှလေးကြေင်း ကိုင်မြှောက်၍ စမ်းသပ်ကြည့်ချင်သည်ဟု ပြောသည်။ ကီလိုနှစ်ဆယ်ကျော် လေးမည်ဟု ခန့်မှန်းနေသည်။ တောင်းဆိုချက်က ကြောင်တက်တက်နိုင်သော်လည်း သူချက်ချင်းသဘောတူလိုက်သည်။ သူ့အတွက် ဆုံးရှုံးစရာ မရှိဟု သူယူဆသည်။
သို့သော် သူစိတ်ပျက်ရသည်။ အဘိုးအိုက ခွက်ဖြူကို ဘယ်လက်ဝါးပေါ်တွင် ကိုင်ထားပြီး သူ့ကို ညာလက်ဖြင့် လေးငါးကြိမ်ခန့် အားစိုက်၍ ကိုင်မြှောက်ကြည့်သည်။ သို့သော် လုံးဝမြှောက်တင်နိုင်ခြင်းမရှိ။
ကောင်လေးက အဘိုးအို၏ ခြေတံလက်လံများကို တစ်ချက်အကဲခတ်၍ စိတ်ပျက်ဟန်ဖြင့် ခေါင်းခါသည်။ ထိုအဘိုးအို၏ ကိုယ်လုံးကိုယ်ထည်သည် ချန်ပင်အန်းနှင့် တန်းတူအနေအထား ရှိသော်လည်း ချန်ပင်အန်းလောက် အားသန်ပုံမရ။
သို့သော် ထိုကောင်လေးမှာ အတော်ပါးနပ်သည်။ ခွက်ထဲတွင်ရှိသည့်အရာကို ကြည့်လိုသဖြင့် အဘိုးအို အရှက်မရစေရန် ဘာမှမပြောပဲ ပါးစပ်ပိတ်ထားသည်။ ကြွေပန်းအိုးလမ်းနှင့် ဆီးသီးပန်းလမ်း တစ်ဝိုက် နှုတ်စောင်းထက်သည့်အရာတွင် ထိုကလေးသည် တတိယအဆင့်ရှိသည်။ တစ်ဘက်သားကို ပိဿာလေးနှင့်ထုသကဲ့သို့ နာအောင်ပြောတတ်သည်။ ဆုန်ကျိရှင်းက ဒုတိယအဆင့်ဖြစ်သည်။ ထိုကောင်လေး၏ မိခင်က ပထမအဆင့် ခေါင်းဆောင်ကြီးဖြစ်သည်။
အဘိုးအိုက ရေတွင်းနားသို့ ကပ်သွားသည်။ သို့သော် ရေတွင်းဘောင်ပေါ်တွင် မထိုင်။
ရေတွင်းကို မြေအုတ်များဖြင့် တည်ဆောက်ထားသည်။ ဘာကြောင့်မှန်းတော့မသိ။ ရေတွင်းနားသို့ ကပ်လာသည်နှင့် အဘိုးအို၏ အသက်ရှူသံများ ပို၍ပြင်းထန်လာသည်။
ကောင်လေးသည်လည်း ရေတွင်းနားသို့ လျှောက်လာသည်။ ထို့နောက် ရေတွင်းကို နောက်ပြန်ကျောပေး၍ ဖျတ်ခနဲ ခုန်တက်လိုက်သည်။ သူ့ဖင်က ရေတွင်းဘောင်ပေါ် ကွက်တိရောက်သွားသည်။
အဘိုးအို ဖြေးညှင်းစွာ ရှေ့တိုးလာသည်။ သံကြိုးကို ခါးကိုင်း၍ ငုံ့ကြည့်သည်။ သံကြိုးအစွန်းတစ်ဘက်မှာ ရေငင်သည့် ဒလက်တုံးတွင် ချည်လျက်သား ရှိနေသည်။
‘ဒီတန်ဖိုးကြီးပစ္စည်းဟာ ဘယ်သူပိုင်တာများလဲ။ ဘာလို့ ဒီမှာရှိနေရတာလဲ’
အဘိုးအို သူ့ဘာသာတွေးနေရင်း စိတ်ထဲတွင် ခံစားချက်မျိုးစုံပေါ်လာသည်။
လွတ်နေသည့်သူ့ဘယ်လက်ကိုဖြန့်၍ လက်ဝါးပြင်ကိုစိုက်ကြည့်လိုက်သည်။ ရှုပ်ထွေးသည့် လက္ခဏာလမ်းကြောင်းများ ရှိနေသည်။ သို့သော် တစ်ဖြေးဖြေး ရှည်ထွက်လာဆဲဖြစ်သည့် လမ်းကြောင်းသစ်တစ်ခုလည်း ရှိသည်။ ကြွေအိုးမျက်နှာပြင်မှ အက်ကြောင်းတစ်ခုနှင့်တူနေသည်။
နတ်ဘုရားများ ကိုယ့်လက်ဝါးကိုယ် ကြည့်ခြင်းသည် ကမ္ဘာလောကကို စူးစမ်းကြခြင်းဖြစ်သည်။ သို့သော် အဘိုးအိုမှာ သူ့ဘာသာ ဆန်းစစ်ကြည့်နေခြင်းသာ ဖြစ်သည်။
သူ မျက်မှောင်ကျုံ့သွားသည်။
“နေ့ဝက်အတွင်းမှာတောင် အခြေအနေ ဒီလောက်ဆိုးလာတယ်ဆိုရင် သူတို့ ဘာတွေများ ဖြစ်နေပြီလဲ”
ကောင်လေးမှာ ရေတွင်းဘောင်ပေါ်တွင် မတ်တပ်ရပ်နေပြီဖြစ်သည်။ တင်ပါးပေါ်လက်တစ်ဘက်တင်လျက် အဘိုးအို၏ ညာလက်ဆီ လက်ညှိုးထိုးကာ အသံစူးစူးဖြင့် အော်ပြောလိုက်သည်။
“ခင်ဗျားခွက်ကို ပြမှာလား မပြဘူးလား”
“ဟေ့ကောင်လေး၊ မြန်မြန် ပြန်ဆင်းခဲ့ပါကွာ။ ငါ့ခွက်ကို အခုပဲ ပြပါ့မယ်”
အဘိုးအိုက စိတ်ပျက်လက်ပျက်ဟန်ဖြင့် ပြောလိုက်သည်။
ကောင်လေးက မယုံသင်္ကာဖြစ်နေသည်။ သို့သော် ရေတွင်းဘောင်ပေါ်မှ ခုန်ဆင်းလာသည်။
အဘိုးအို ခဏတာ တွေဝေနေပြီးနောက် မျက်နှာတွင် လေးနက်သည့်အမူအရာမျိုး ပေါ်လာသည်။
“ငါတို့က ရေစက်ပါလို့ ဆုံကြရတာပဲ။ မင်းကို ဒီခွက်အစွမ်း ပြရတော့မှာပေါ့။ ဒါပေမယ့် မင်းမြင်ပြီးရင် ဘယ်သူ့မှ လျှောက်မပြောရဘူးနော်။ မင်းအမေကိုတောင် မပြောနဲ့။ မပြောဘူးဆိုရင် ငါမင်းကိုပြမယ်။ နှုတ်မလုံရင်တော့ မင်းဘယ်လောက်ငါ့ကို စကားနာထိုးထိုး လုံးဝမပြဘူးကွ”
ကောင်လေးက ခေါင်းငြိမ့်သည်။
“ကျွန်တော်မပြောပါဘူး။ ပြပါတော့”
အဘိုးအိုက မျက်နှာတည်တည်ဖြင့် ရေတွင်းဆီရောက်လာသည်။ ကောင်လေးမှာ ရေတွင်းဘေးနားတွင် ဆောင့်ကြောင့်ထိုင်နေသည်။ အလွန်လက်ပေါက်ကပ်သည့် ကလေးမျိုးကို ခေါ်လာမိသဖြင့် အဘိုးအို နောင်တရနေမိသည်။
ထို့နောက်တွင် အရေးမပါသည့် အတွေးများကို သူ့စိတ်ထဲမှ မောင်းထုတ်လိုက်သည်။ ခွက်အခြေကို ညဘက်လက်ငါးချေသာင်းဖြင့် ဆုပ်ကိုင်လျက် ရေတွင်းကို မျက်နှာမူသည်။ သူ့လက်ဝါးပြင် မဆိုစလောက် အနည်းငယ် နိမ့်စောင်းလာသည်။
ကောင်းလေးမှာ ထိုခွက်ကိုကြည့်ရန် အချိန်အတော်ကာအောင် စောင့်ခဲ့ရခြင်းဖြစ်သည်။ သို့သော် သူ့ခေါင်းပေါ်ဝဲနေသည့်ခွက်တွင် မည်သည့်ထူးခြားမှုမှမမြင်ရ။ အဘိုးအို အမူအရာသည်လည်း အပြောင်းအလဲမရှိ။
ကောင်လေး၏ နှပ်ကြောင်းနှစ်ခုမှာ နှုတ်ခမ်းနားအထိပင် တွဲကျလာသည်။ သူစိတ်မရှည်နိုင်အောင် ဖြစ်လာသည်။
ထိုစဉ် ခွက်ထဲမှ လက်ချောင်းအရွယ် ရေစီးကြောင်းတစ်ခု ရေတွင်းထဲသို့ ညင်သာစွာ ကျဆင်းလာသည်။
ကောင်လေး စိတ်တိုသွားသည်။ ဒေါသတကြီး ဆဲဆိုရန် ဟန်ပြင်လိုက်သည်။ သို့သော် သူမြင်လိုက်ရသည့်အဖြစ်ကြောင့် ချက်ချင်း ပါးစပ်ပိတ်သွားလေသည်။
ခဏကြာပြီးနောက် သူ့မျက်နှာသည် အံ့ဩနေရာမှ တုန်လှုပ်သည့်အမူအရာသို့ ပြောင်းလဲသွားသည်။ ကြောက်ရွံ့သည့်အရိပ်များ သူ့မျက်လုံးတွင် ပေါ်လာသည်။ ထို့နောက် ရုတ်တရက် အသိပြန်ဝင်ဟန်ဖြင့် ရေတွင်းဘောင်ပေါ်မှ ခုန်ဆင်းကာ သူ့အိမ်ဆီသို့ ခြေကုန်သုတ်၍ ပြေးလေတော့သည်။
ရေတွင်းထဲသို့ ကျလာသည့် ရေပမာဏမှာ အဘိုးအိုခွက်ထဲတွင် ဝင်ဆန့်နိုင်ရေပမာဏထက် ပို၍များနေသည်။ ခွက်ထဲမှကျလာသည့် ရေများကလည်း ရပ်တန့်မသွားပဲ ဆက်၍ကျဆင်းနေဆဲဖြစ်သည်။ ကောင်လေးမှာ သရဲတစ်ကောင်မြင်ရသကဲ့သို့ ခံစားခဲ့ရသည်။
—————
လျိုရှန်ယန်သည် လမ်းလျှောက်နေရင်း လမ်းဘေးသစ်ပင်မှ ထိုးထွက်နေသည့် သစ်ကိုင်းတစ်ခုကို ချိုးယူလိုက်သည်။ ထိုသစ်ခက်ကို ဓားအဖြစ်သုံး၍ သိုင်းလေ့ကျင့်သည်။ ချာလပတ်ရမ်းနေသည့် ဘီးတစ်လုံးကဲ့သို့ ခန္ဓာကိုယ်ကို လှည့်ကာဝိုက်ကာဖြင့် လှုပ်ရှားနေသည်။ ဖုန်မှုန့်များ တထောင်းထောင်းထလာသည်။ သူ့ဖိနပ်သစ်များ ညစ်နွမ်းသွားမည်ကိုပင် သူဂရုမစိုက်။
မြို့ထဲမှထွက်လာပြီးနောက် တောင်ဘက်ဆီသို့ ဦးတည်၍ သူလျှောက်လာသည်။ သခင်ဆုန်၏ မ,တည်ငွေဖြင့် ဆောက်လုပ်ထားသည့် ခုံးတံတားကို ဖြတ်ကျော်ပြီး နှစ်ကီလိုခန့်ဆက်သွားလျှင် ဆရာရွမ်နှင့်သူ့သမီးဖြစ်သူတို့ တည်ထောင်ထားသည့် ပန်းပဲရုံသို့ရောက်မည်ဖြစ်သည်။ လျိုရှန်ယန်သည် အလွန်ဘဝင်မြင့်၍ မောက်မာသူဖြစ်သည်။ သို့သော် ဆရာရွမ်း၏ စကားတစ်ခွန်းကြာရုံဖြင့် သူလေးစားသွားသည်။
“ငါတို့ ဒီကိုလာတာ ဓားတွေဖန်တီးဖို့ပဲကွ”
ဓားတစ်လက်ပိုင်ဆိုင်ရမည့်အရေး တွေးမိရုံဖြင့် သူစိတ်များ လှုပ်ရှားလာသည်။ လက်ထဲမှသစ်ကိုင်းကို ဘေးသို့လွှင့်ပစ်ကာ ပျော်ရွှင်စွာ အော်ဟစ်ခုန်ပေါက်လိုက်လေသည်။
ဆရာရွမ်သီးသန့်သင်ထားသည့် လက်သီးသိုင်းတစ်ချို့ကို ပြန်စဉ်းစားသည်။ စတင် လေ့ကျင့်သည်။ သူ့ကိုယ်သူ သိုင်းသမားအစစ်ကဲ့သို့ ခံစားနေရဟန်ရှိသည်။
တဖြေးဖြေး ခုံးတံတားအနီးသို့ သူရောက်လာသည်။ တံတားမြောက်ဘက်အစွန် လှေခါးထစ်များပေါ်တွင် လူလေးယောက် ထိုင်နေကြသည်။
တစ်ယောက်မှာ အမို့အမောက်ကောက်ကြောင်းများဖြင့် အတော်လှပသည့် မိန်းကလေးတစ်ယောက်ဖြစ်သည်။ အနီရောင်ဝတ်စုံဝတ် ကောင်လေးတစ်ယောက်ကို သူလက်ဆွဲထားသည်။ ထိုကောင်းလေးမှာ အောင်ပွဲခံ၍ ပြန်လာသည့် စစ်သူကြီးပုံစံဖြင့် မျက်နှာမော့ ရင်ကော့ထားသည်။ တစ်ဘက်လှေခါးထစ်ပေါ်တွင် မျက်နှာတည်ကြည်သည့် ဆံဖြူအဘိုးအိုတစ်ယောက် ရှိနေသည်.
အဘိုးအိုက စိတ်ကောက်နေသည့် ကောင်မလေးတစ်ယောက်ကို ချော့နေရသည်။ ကောင်မလေး၏ အသားအရေမှာ အနုစိတ်ဖန်တီးထားသည့် ကြွေရုပ်ကလေးကဲ့သို့ ဖြူဖွေးနူးညံ့နေသည်။ သူ့ခန္ဓာကိုယ်သည် နေရောင်အောက်တွင် ကြည်လင်တောက်ပ၍နေသည်။ အရေပြားပေါ်မှ သွေးကြောစိမ်းလေးများကိုပင် မြင်နေရသည်။
ကလေးနှစ်ယောက် စကားအခြေအတင်ဖြစ်ထားကြသည်။ ကောင်မလေးမှာ ငိုမဲ့မဲ့ဖြစ်နေသည်။ ကောင်လေးမှာ ပို၍ပင် မောက်မာရဲတင်းလာသည်။
အဘိုးအိုက တောင်တစ်လုံးကဲ့သို့ တည်ငြိမ်စွာ ရပ်နေသည်။ သူဘေးမှ မိန်းကလေးက တောင်းပန်သည့်မျက်နှာဖြင့် ကြည့်နေသည်ကို လျစ်လျူရှုထားသည်။
လုမျိုးရိုးလူငယ်တစ်ယောက်လည်း လှေခါးခြေရင်းတွင် ရပ်နေသည်။ သူသည် လုမျိုးနွယ်ခေါင်းဆောင်၏ အကြီးဆုံးသားဖြစ်သည့် လုကျန်ချွမ်းဖြစ်သည်။ တစ်နေရာနှင့် တစ်နေရာ ရေမြေကွာခြားသောကြောင့် ဖြစ်မည်ထင်သည်။ ဤမြို့ခံများသည် အပြင်လူများထက် ပို၍ရုပ်ရည်ချောမောကြသည်။
သို့သော် လုကျန်ချွမ်းမှာ အရက်နှင်အပျော်အပါး အလွန်အကျွန်လိုက်စားမှုကြောင့် ထိုင်နေသည့် လူလေးယောက်နှင့်စာလျှင် အလွန်ကြည့်ရဆိုးသည့် လူတစ်ယောက်အသွင်ပေါက်နေသည်။ လုမျိုးနွယ်သည် ဤမြို့တွင် ကြွေထည်အလုပ်ရုံအများဆုံးပိုင်ထားသည့် မိသားစုဖြစ်သည်။ ကြွေထည်ရုံများကလည်း အရည်အသွေးအမြင့်ဆုံးဖြစ်သည်။ တစ်ခြားနေရာတွင် လုပ်ငန်းထောင်ရန် ထွက်သွားသည့် ကြွေလုပ်သားအများစုမှာ ထိုမျိုးနွယ်၏ တပည့်တပန်းများသာ ဖြစ်သည်။
ပုံမှန်ဆိုလျှင် လုကျန်ချွမ်းသည် မြို့ထဲတွင် မြို့ပိုင်နယ်ပိုင်ကဲ့သို့ ဆောင့်ကြွားကြွားသွားလာနေကျဖြစ်သည်။ သို့သော်ယခု သူ့မျက်နှာ ဖြူရော်နေသည်။ အလွန်ရိုကျိုးနှိမ်ချသည့် ပုံစံမျိုးရှိနေသည်။ တစ်ကိုယ်လုံးကို ထိန်းချုပ်၍ ကျောက်ရုပ်ကဲ့သို့ ရပ်နေသည်။ တစ်ချက်မှားလျှင် တစ်မျိုးလုံး အသက်ပေးရတော့မည့် ဟန်ပန်မျိုးဖြစ်နေသည်။
ကောင်လေးက မြို့ခံလူများနားမလည်သည့် ဘာသာစကားဖြင့်ပြောသည်။
“အမေ ဒီလျူဆိုတဲ့ တီကောင်လေးရဲ့ဘိုးဘေးက တကယ်—-“
စကားမဆုံးမီ ဘေးတွင်ရှိနေသည့် မိန်းကလေးက သူ့ပါးစပ်ကို လက်ဖြင့်အုပ်လိုက်သည်။
“မလိုအပ်ဘဲနဲ့ နာမည်ကိုတိုက်ရိုက်ထုတ်မပြောနဲ့လေ။ ဒီကိုမလာခင်က မင်းအဖေအထပ်ထပ်မှာထားတာကို မေ့သွားပြီလား”
ကောင်လေးက မိန်းကလေး၏လက်ကို ဆွဲဖယ်လိုက်သည်။ စိတ်လှုပ်ရှားလာဟန်ဖြင့် အသံတိုးတိုးဖြင့် ထပ်ပြောသည်။
“အဲဒီကောင်ရဲ့အိမ်မှာ ပစ္စည်းနှစ်ခုရှိတယ်ဆိုတာ လုမျိုးနွယ်က ကျိန်တွယ်ပြီးပြောနေတယ်”
ကောင်လေးအသွင်မှာ ထိန်းမနိုင်သိမ်းမရပုံစံဖြစ်နေသည်။
“အမေ၊ သူတို့နဲ့ ရတနာချင်း လဲကြမှာလား။ ကျွန်တော်တို့ ရဖို့ကြိုးစားနေတဲ့ သံချပ်ကာက ဘာကောင်းလို့လဲ။ စဉ်းစားကြည့်ပါ အမေ၊ တကယ်လို့ ကျွန်တော်တို့သာ ဓားကျမ်းကို ရမယ်ဆိုရင် ဓားပျံကိုသုံးပြီး လူတွေကို ခေါင်းဖြတ်ပစ်လို့ရတယ်လေ။ အဲဒါကမှ ဟိုသံချပ်ကာစုတ်ထက် ပိုကောင်းသေးတယ်”
မိန်းကလေး ဘာမှပြန်မပြောရသေးမီ သူတို့ဘေးတွင် ရှိနေသည့် ကောင်မလေးက ဒေါသတကြီး ဝင်ပြောလာသည်။
“ငါတို့တောင်တန်းရဲ့ရတနာကိုများ နင်က ယူဖို့စိတ်ကူးနေတယ်ပေါ့။ ငါတို့ဒီကိုလာတာ ငါတို့ပိုင်တဲ့ပစ္စည်းကို ပြန်ယူဖို့ပဲ။ ငါတို့က နင့်လို အရှက်မရှိတဲ့လူမဟုတ်ဘူး။ နင်က တကယ့် သူခိုး ဓားပြလိုလူပဲ”
ကောင်လေးက သူ့ကို လှောင်ပြုံးပြုံး၍ ပြန်ကြည့်သည်။ မခိုးမခန့်လေသံဖြင့်
“မင်းပြောတဲ့စကားထဲမှာတောင် အဓိပ္ပါယ်က ရှင်းနေပြီပဲ ငတုံးမရဲ့။ မင်းတို့တောင်တန်းရဲ့ အထွတ်အမြတ်ရတနာဆိုတာ ငါ့မျက်လုံးထဲမှာ ဘာမှမဟုတ်ဘူးဆိုတဲ့ သဘောမျိုးပဲပမဟုတ်လား”
လူငယ်က မိန်းကလေး၏ပေါင်ပေါ်မှ ထရပ်လာကာ ကောင်မလေးကို လှောင်ပြုံးပြုံး၍ကြည့်၍ ဆရာကတပည့်ကို ဆုံးမနေသည့်လေသံဖြင့်
“မဟာတာအိုလမ်းစဉ်ဟာ သဘာဝစည်းမျဉ်းကို ချိုးဖေါက်ဖို့ ကြိုးစားရတာပဲ။ ဒီလမ်းကို လျှောက်ဖို့အတွက် ရနိုင်သမျှ ရင်းမြစ်တွေကို ငါတို့ယူရမှာပဲလေ။ ဒီလောက်ရိုးရှင်းတဲ့ သဘောတရားလေးကိုတောင် မင်းနားမလည်ရင် မင်းတို့မျိုးနွယ်ကို မင်းဘယ်လို ဦးဆောင်မှာလဲ။ ဘိုးဘေးတွေရဲ့ ပညာတွေကို ဘယ်လို ထိန်သိမ်းနိုင်မှာလဲ။ နှစ်သုံးဆယ်ကြာတိုင်း မင်းတို့နေမီးတောင်တန်းကို အနည်းဆုံး ပေတစ်ထောင်လောက် ထပ်မြှင့်ရတယ်။ အဲဒီ့အလုပ်ဟာ မင်းအဖေနဲ့အဘိုးအတွက် အလွယ်လေးလို့ ထင်နေတာလား”
သူ့စကားကြောင့် ကောင်မလေး ကြက်သေသေသွားသည်။ ဘာမှပြန်မပြောနိုင်တော့ဘဲ ခေါင်းငုံ့သွားလေသည်။ ထိုကောင်လေး၏မျက်နှာကို မကြည့်ရဲတော့။
ခေါင်းဖြူအဘိုးအိုက လေသံတင်းတင်းဖြင့်
“ကလေးတွေကြားမှာ ဝင်မပါသင့်ဘူးဆိုတာတော့ နားလည်ပါတယ်။ ဒါပေမယ့် ဒီကောင်လေးရဲ့ စကားကြောင့် ငါတို့သခင်မလေးရဲ့ တာအိုနှလုံးသား ပျက်စီးသွားရင် မင်းတို့အားလုံး ဖြစ်လာမယ့်အကျိုးဆက်ကို ခံရမယ်နော်”
မိန်းကလေး အားတုံ့အားနာဟန်ဖြင့် ပြုံးပြသည်။ ခပ်တင်းတင်းမျက်နှာဖြင့် ကောင်လေးကို ရင်ခွင်ထဲသို့ ပြန်ဆွဲလိုက်သည်။ ထို့နောက် တည်ငြိမ်သည့်လေသံဖြင့်
“ဒါက ကလေးတွေချင်း ငြင်းခုံတဲ့ ကိစ္စလေးပါပဲ။ အတည်ယူဖို့ မလိုလှပါဘူး စီနီယာယွမ်။ ကျွန်မတို့ မျိုးနွယ်နှစ်ခုဟာ နှစ်တစ်ထောင်ကျော် ရင်းနှီးလာတာပါ။ ဒီလိုအသေးအဖွဲကိစ္စကြောင့် ဆက်ဆံရေး ပျက်စီးရမယ်ဆိုတာ လုံးဝမဖြစ်သင့်ပါဘူးရှင်”
သို့သော် အဘိုးအိုက အလျှော့မပေးပဲ ပြန်ပြောသည်။
“ငါတို့ နေမီးတောင်တန်းရပ်တည်လာတာ နှစ်ပေါင်းနှစ်ထောင့်ခြောက်ရာ ရှိပြီ။ ငါတို့အပေါ် မေတ္တာထားတဲ့လူကို မေတ္တာနဲ့ပဲ တုံ့ပြန်တတ်သလို စော်ကားလာတဲ့လူကိုလည်း ချမ်းသာမပေးတတ်ဘူး”
မိန်းကလေးက ဘာမှထပ်မပြောတော့ဘဲ ပြုံး၍သာနေသည်။ သူတို့နှစ်ယောက်လုံး အရေးကြီးတာဝန်များဖြင့် ဤမြို့သို့ ရောက်လာခြင်းဖြစ်သည်။ အထူးသဖြင့် သူသည် အလွန်အန္တရာယ်ကြီးသည့် အလောင်းအစားတစ်ခုကို လုပ်ခဲ့ခြင်းဖြစ်သည်။ သူ့သားလေးနောင်ရေးအတွက် သူ့အသက်နှင့် မိသားစုအမွေအနှစ်အားလုံးကို ရင်းနှီးထားခြင်းဖြစ်သည်။
သူ့ဝတ်ပုံစားပုံက အဆင်တန်ဆာမပါ ရိုးရှင်းလှသော်လည်း ရုပ်ရည်က လှပတင့်တယ်၍ ကျက်သရေရှိသည်။ ဤမြို့ခံ ပညာမဲ့လူတန်းစားများက သူ့ပုံစံအမှန်ကို သိနိုင်ကြမည်မဟုတ်။
လုကျန်ချွမ်းမှာ တစ်ချိန်လုံး တံတားကိုကျောပေး၍ ရပ်နေခဲ့သည်။
ထိုအဆင့်မြင့် ဧည့်သည်များ ပထမဆုံးအကြိမ် လုအိမ်တော်သို့ ရောက်လာခဲ့သည့်အချိန်ကို သူမှတ်မိနေသည်။ သူ့ညီငယ်က စည်းကမ်းသိပ်မရှိ။ စိတ်ဆန္ဒကို မထိန်းချုပ်နိုင်သဖြင့် အဘိုးဖြစ်သူ၏ သတိပေးစကားကို မေ့သွားသည်။ ထိုမိန်းကလေး၏ ရင်ဘတ်နေရာကို တစ်ချက်ခိုးကြည့်မိသည်။ ထိုအဖြစ်ကြောင့် သူတို့အဘိုး အကြီးအကျယ် ဒေါသထွက်သွားပြီး တစ်ကိုယ်လုံး ဆတ်ဆတ်တုန်နေခဲ့သည်။ ညီငယ်ဖြစ်သူကို ခြံထဲသို့ဆွဲထုတ်ကာ အသေရိုက်သတ်ရန် ချက်ချင်းအမိန့်ပေးခဲ့သည်။
ရိုက်နှက်နေချိန်တွင် သူ့ပါးစပ်ကို အဝတ်ဖြင့်ဆို့ထားဟန်ရှိသည်။ အော်သံဟစ်သံမျိုး လုကျန်ချွမ်း မကြားခဲ့ရ။ သွေးသံရဲရဲ အဆုံးစီရင်သည့်မြင်ကွင်းကိုလည်း သူမမြင်လိုက်ရပေ။ ထိုဧည့်သည်တော်များနှင့် တွေ့ဆုံမှုပြီးသွား၍ အခန်းထဲမှ ပြန်ထွက်လာချိန်တွင် ခြံဝန်းထဲမှ သွေးများအားလုံး ရှင်းလင်းပြီးဖြစ်နေသည်။ ကလေးနှစ်ယောက်အပါအဝင် ဧည့်သည်လေးယောက်လုံးမှာ ထိုအဖြစ်ကို လုံးဝအရေးစိုက်ဟန်မရှိ။ ထမင်းစားရေသာက်ကိစ္စလိုသာ သဘောထားဟန်ရှိသည်။
ထိုအချိန်က လုကျန်ချွမ်း အိပ်မက်မက်နေသကဲ့သို့ပင် ခံစားခဲ့ရသည်။ သက်ရှိမိသားစုဝင်တစ်ယောက် အသတ်ခံလိုက်ရသည်။ ခွေးလေခွေးလွင့်တစ်ကောင်ကို သတ်လိုက်သည်နှင့်မခြားလှ။
ထိုမတိုင်ခင်တစ်ညကပင် ညီအကိုနှစ်ယောက် အရက်အတူသောက်နေခဲ့ကြသည်။ သူ့ညီငယ်က စိတ်အားထက်သန်မှုအပြည့်ဖြင့် ပျော်ရွှင်နေခဲ့သည်။ သူတို့မျိုးနွယ်အတွက် အောင်မြင်အောင်ကြိုးစားပြီး ဂုဏ်ယူနိုင်အောင်လုပ်မည်ဟု အားတက်သရော ပြောနေခဲ့သည်။ သူတို့ညီအကိုနှစ်ယောက် လုအိမ်တော်တွင် အချိန်ဖြုန်းမနေဘဲ ဘဝတိုးတက်အောင် အတူတူကြိုးစားခဲ့ကြသည်။
ယနေ့ လုအိမ်တော်မှ ထွက်လာချိန်တွင် သူ့စိတ်များ ဗလာဖြစ်နေခဲ့သည်။ အတိတ်က အဖြစ်အပျက်ကြောင့် သူ့စိတ်တွင် စိုးရိမ်ထိတ်လန့်မှုများ ကြီးစိုးနေသည်။ ထိုဧည့်သည်တော်တို့၏ မေးခွန်များ ပြန်ဖြေရတိုင်း၊ သူ့ကို တစ်နေရာရာသို့ ခေါ်သွားကြတိုင်း ကြောက်ဒူးတုန်နေခဲ့သည်။ သူ့ပုံစံက သူ့အဘိုးနှင့် သူတို့မျိုးနွယ်အတွက် အရှက်ရစရာဖြစ်နေမှန်း သူသိပါသည်။ သို့သော် ကြောက်စိတ်ကို လုံးဝမထိန်းချုပ်နိုင်ပေ။ ထိုဧည့်သည်များရှေ့သို့ရောက်လျှင် ရေခဲတွင်းထဲသို့ ကျနေသကဲ့သို့ ခံစားရသည်။
ပြီးခဲ့သည့် နှစ်ကုန်ပိုင်းက သူ့အဘိုးသည် သူတို့ညီအကိုနှစ်ယောက်ကို လျှို့ဝှက်ခန်းသို့ခေါ်၍ အလွန်အရေးကြီးသည့် ပုဂ္ဂိုလ်တစ်စုအတွက် ကိစ္စတစ်ခုဆောင်ရွက်ရန် လုမျိုးနွယ်က တာဝန်ယူရမည်ဖြစ်ကြောင်း ပြောခဲ့သည်။ ထိုသို့လုပ်ခွင့်ရသဖြင့် အလွန်ကံကောင်းသည်ဟု ပြောခဲ့သည်။ ထိုလူများကို ဧည့်ခံရာတွင် အမှားအယွင်းမရှိ ဆက်ဆံနိုင်ရန် သူတို့နှစ်ယောက် ဂရုတစ်စိုက် လေ့ကျင့်ခဲ့ရသည်။ တာဝန်ကို အောင်မြင်စွာ ဆောင်ရွက်နိုင်လျှင် ထိုဧည့်သည်တော်များက အပြန်အလှန်အနေဖြင့် လုညီအကိုနှစ်ယောက်ကို လေ့ကျင့်သင်ကြားပေးမည်ဖြစ်သည်။
ထိုဧည့်သည်တော်များ ခေါင်းတစ်ချက်ငြိမ့်ရုံဖြင့် ဘဝခရီးလမ်းသည် မခန့်မှန်းနိုင်လောက်အောင် မြင့်မားသည့် အနေအထားသို့ ရောက်သွားမည်ဖြစ်သည်။ မခန့်မှန်းနိုင်လောက်သည့် ချမ်းသာကြွယ်ဝမှုနှင့် ကျော်ကြားမှုများ ရရှိလာမည်ဖြစ်သည်။ ငယ်စဉ်ကတည်းက ထူးဆန်းသည့်ဒေသဘာသာစကားများ အဘိုးဖြစ်သူက အဘယ်ကြောင့် အတင်းအကြပ် သင်ယူခိုင်းခဲ့သည်ကို ထိုအချိန်ကျမှ သူတို့နားလည်လာခဲ့သည်။
တစ်ဖြေးဖြေး တံတားနားသို့ ရောက်လာသည့် လျိုရှန်ယန်ကို လုကျန်ချွန်း စိုက်ကြည့်နေသည်။ သူ့စိတ်တွင် နာကျည်းမုန်းတီးစိတ်များ ရုတ်တရက် ပေါ်လာသည်။ ထိုလျိုရှန်ယန်သည် အောက်တန်းစားတတစ်ယောက်သာ ဖြစ်သည်။ တစ်ချိန်က လုကျန်ချွန်းနှင့် သူ့တပည့်တပန်းများက လျိုရှန်ယန်ကို ခွေးလိုနွားလို သေလုနီးပါးဖြစ်အောင် ရိုက်နှက်ခဲ့ဖူးသည်။ လမ်းပေါ်ထွက်၍ အကူအညီအော်တောင်းခဲ့သည့် ငရှုပ်တစ်ကောင်ကြောင့်သာမဟုတ်လျှင် သူတို့ကြိုတင်ကြံရွယ်ထားသည့်အတိုင်း မောက်မာလွန်းသည့် လျိုရှန်ယန်ကို သေးဖြင့်ဝိုင်းပန်းနိုင်ခဲ့ကြမည်သာဖြစ်သည်။
ယခု လုကျန်ချွမ်း နားမလည်နိုင်အောင် ဖြစ်နေသည်။ အထူးဧည့်သည်တော်များက ထိုလျိုရှန်ယန်ကို သဘောကျနေကြသည်။ သူတို့ဘာသာစကားဖြင့် ပြောနေသည့် သံချပ်ကာဝတ်ရုံ၊ ဓားကျမ်း၊ နေမီးတောင်တန်း၊ မသေမျိုးမဟာတာအို၊ ရင်းမြစ်အခွင့်အလမ်းအတွက် တိုက်ခိုက်မှုဆိုသည့် စကားလုံးများကိုတော့ လုကျန်ချွမ်း နားလည်ပါသည်။ သို့သော် ဘာကိုဆိုလိုမှန်း အဓိပ္ပါယ်ဖေါ်မရ။
သို့သော် သူ့စိတ်ထဲ၌ လျိုရှန်ယန်ကို ဤနေရာတွင် ချက်ချင်းသေသွားစေချင်သည်မှာ အသေအချာဖြစ်သည်။ နားကျည်းမုန်းတီးရသည့် အကြောင်းရင်းကိုတော့ သူထုတ်မပြောရဲ။ တွေးလည်း မတွေးရဲပေ။
တစ်ခြားလူများရှေ့တွင် ခွေးတစ်ကောင်လို နာခံနေရသည့်၊ လုမျိုးနွယ်၏ အလေးစားခံသခင်လေးဖြစ်သည့် သူ့အဖြစ်ကို လျိုရှန်ယန်လို တေလေးဂျပိုးမျိုးက တွေ့သွားသည်ထက်စာလျှင် သူအသေသာခံလိုက်ချင်သည်။
ထိုထက် ရှက်ရသည့်အဖြစ်မျိုး ရှိမည်မဟုတ်တော့။
လျိုရှန်ယန်ကို မြင်လိုက်သည်နှင့် မိန်းကလေးက ခပ်တိုးတိုးပြောလိုက်သည်။
“သူရောက်လာပြီ”
လျိုရှန်ယန်မှာ တံတားဆီသို့ လျှောက်လာရင်း သူ့လက်သီးသိုင်းကို လေ့ကျင့်နေဆဲဖြစ်သည်။ လက်သီးချက်တိုင်းကို မြန်ဆန်အားပြင်းစွာ လေ့ကျင့်နေသည်။ ထိုးလိုက်သည့် အားအရှိန်ကြောင့် ခန္ဓာကိုယ်ပင် အနည်းငယ် ယိမ်းယိုင်၍ သွားတတ်သည်။
သူ့လက်သီးသိုင်းကွက်များက သာမန်အခြေခံသာဖြစ်သည်။ သို့သော် ကျွမ်းကျင်သူတို့အမြင်အရ အင်အားပေါင်းစည်းနိုင်မှု စွမ်းရည်ကို တွေ့မြင်နေရပေသည်။ ဆရာအဆင့်ပညာရှင်များတွင်သာ တွေ့ရသည့် စွမ်းရည်မျိုးဖြစ်သည်။
လက်သီးသိုင်းပညာတွင် အခြေခံကျသည့်စကားတစ်ခုရှိသည်။
လက်သီးအဓိပ္ပါယ်မှန်ကို နားမလည်လျှင် နှစ်တစ်ရာကျင့်သော်လည်း ထူးခြားမလာဘဲ လက်သင်အဆင့်သာရှိနေမည်။ လက်သီး၏အဓိပ္ပါယ်မှန်ကို နားလည်မှသာ နတ်ဆိုးနှင့်နတ်ဘုရားများကိုပင် လှဲဖြိုနိုင်မည်ဟူ၏။
မိန်းကလေးမှာ အတော်စိတ်သက်သာရာရသွားဟန်ရှိသည်။ သူမျှော်လင့်ထားသကဲ့သို့ပင် လျိုရှန်ယန်မှာ သူတို့ရှာနေသည့် လူငယ်မျိုးဖြစ်နေသည်။ ထူးခြားသည့် ပါရမီဓာတ်ခံရှိသည်။ သူတို့၏ မသေမျိုးမိသားစုမှာပင် ထိုပါရမီမျိုးကို အထင်သေး၍မရ။
ထိုမိန်းကလေးနှင့် အဘိုးအိုတို့ နေထိုင်ရာ ကျယ်ပြန့်သည့်ကမ္ဘာလောကတွင်လည်း လျိုရှန်ယန်ကဲ့သို့ ကျင့်ကြံမှုစွမ်းရည်ကောင်းသည့် ပါရမီရှင်များ ရှိကြပါသည်။
မိန်းကလေး ထရပ်လာသည်။ လုကျန်ချွမ်းဘက်သို့လှည့်၍ ညွှန်ကြားလိုက်သည်။
“သူတို့မိသားစုအမွေအနှစ်ဖြစ်တဲ့ သံချပ်ကာနဲ့ကျမ်းစာအုပ်ကို ဘာနဲ့အလဲအလှယ်လုပ်ချင်လဲဆိုတာ သူ့ကိုသွားမေးလိုက်ပါ”
လုကျန်ချွမ်း မိန်းကလေးဘက်သို့လှည့်၍ ရိုရိုသေသေ ဦးညွှတ်လိုက်သည်။ မြို့ခံများ နားမလည်နိုင်သည့် ဘာသာစကားဖြင့်
“ဟုတ်ကဲ့ပါ သခင်မလေး”
“အဲဒီ့လူငယ်ကို လေးလေးစားစား ဆက်ဆံပါ။ သူ့ကို ဒေါသထွက်အောင် မလုပ်မိစေနဲ့”
ထိုစဉ် ကောင်လေးကလည်း လုကျန်ချွမ်းကို လက်ညှိုးထိုး၍ အစေခံတစ်ယောက်ကို ခြိမ်းခြောက်သည့်လေသံဖြင့်
“မင်းကြောင့် ဒီကိစ္စပြဿနာတက်ရင် မင်းကို အရေခွံခွာပြီး အကြောတွေအားလုံး ဆွဲထုတ်ပစ်မယ်။ မင်းဝိညာဉ်ကို မီးတောက်ဖြစ်အောင်ပြောင်းပြီး မီးအိမ်လုပ်ပစ်မယ်။ မီးအိမ်မငြိမ်းမချင်း သေလုမျောပါးဝေဒနာကို မင်းခံစားရအောင်ကို လုပ်ပစ်မယ်”
လုကျန်ချွမ်း တစ်ကိုယ်လုံး တုန်ခါသွားသည်။ ခေါင်းကို ပိုနှိမ့်၍ ဦးညွှတ်ကာ တုန်ရင်နေသည့်လေသံဖြင့် အမြန်ပြန်ပြောသည်။
“သူ့ကို နားဝင်အောင် သေချာပြောပါ့မယ်ခင်ဗျ”
ထိုအဖြစ်ကိုမြင်သည်နှင့် ဘေးတွင်ရှိနေသည့် ကောင်မလေးက သူ့ကိုချိုးဖဲ့ခဲ့သည့် ကောင်လေးအပေါ် လက်စားချေနိုင်သည့် အခွင့်အရေးကို အမိအရ အသုံးချကာ
“နင်က သေမျိုးတွေရှေ့မှာသာ မျက်နှာကြောတင်းနေတာပါ။ ဒီကိုလာတဲ့လမ်းမှာ နင့်ကို တစ်ခြားစွမ်းအားရှင်တွေက အလေအလွင့် သူတောင်းစားလို့ ခေါ်ကြတာတောင် နင်ပြန်ပြီး မတိုက်ခိုက်ရဲခဲ့ပါဘူး”
ထိုစဉ် သားအမိနှစ်ယောက်ကို အမြင်မကြည်သည့် အဘိုးအိုကလည်း ဝင်ပြောသည်။
“သခင်မလေး မှားနေပြီ။ သူက ပြန်မတိုက်ရဲတာမဟုတ်ဘူး။ ပြန်မပြောရဲတာပါ”
ကောင်လေး အံကိုတင်းတင်းကြိတ်၍ ကောင်မလေးကို မကျေမချမ်း ကြည့်လိုက်သည်။ သို့သော် ဘာမှ ပြန်မပြော။ မျက်နှာကို ချက်ချင်းပြင်၍ ပြုံးလိုက်သည်။ ကောင်မလေး၏စကားကို ဂရုမစိုက်သည့်ဟန်မျိုး ဖြစ်သည်။
မိန်းကလေး၏အကြည့်က ရှေ့တည့်တည့်မှ လမ်းဆီသို့သာ ရောက်နေသည်။ တည်ငြိမ်အေးချမ်းသည့် အသွင်မျိုး သူ့မျက်နှာတွင် ပေါ်နသည်။ ခုနကပြောလိုက်သည့်စကားများကို စိတ်ထဲထားမထား သူကိုယ်တိုင်မှလွဲ၍ မည်သူမှ မသိနိုင်ကြ။
ကောင်မလေးက ခပ်တင်းတင်းမျက်နှာဖြင့် နှုတ်ခမ်းတစ်ချက်မဲ့လျက် ချောင်းရိုးဘေးသို့ ပြေးထွက်သွားကာ ကမ်းစပ်တွင်ထိုင်၍ ရေထဲတွင်ကူးခပ်နေသည့် ငါးများကို ကြည့်နေလေသည်။
သူ့မျက်စိရှေ့၌ မကြာခဏဆိုသလို စိမ်းနီရောင်ငါးကြင်းအုပ်များစွာ ကူးခတ်သွားသည်ကို မြင်နေရသ်ည။
ကန္တာရပင်အောက်တွင် မြို့ခံသက်ကြီးပိုင်းတစ်ချို့ စကားဝိုင်းဖွဲ့၍ ပြောတတ်ကြသည်။ လျှပ်စီးမုန်တိုင်းများ ထွက်ပေါ်နေချိန်တွင် ခုံးတံတားပေါ်မှ သူတို့ဖြတ်သွားရင်း ရွှေရောင်ငါးကြင်းတစ်ကောင် ကူးခတ်သွားသည်ကို မြင်ဖူးသည်ဟု ဆိုကြသည်။
ထိုရွှေရောင်ငါးကြင်းမှာ လူ့လက်တစ်ဘက်ခန့်ရှည်သည်ဟု တစ်ချို့က ပြောကြသည်။ တစ်ချို့ကလည်း ထိုငါးကြင်းသည် အဆင့်မြင့် သက်ရှိသတ္တဝါတစ်ကောင်ကဲ့သို့ လူကြီးတစ်ယောက်၏ ခါးစောင်းခန့်ပင် ကြီးမားသည်ဟုပြောကြပြန်သည်။
ထိုဇတ်လမ်းနှင့်ပတ်သက်၍ မြို့ခံသက်ကြီးပိုင်းများ အမြဲငြင်းခုန်ကြသည်။ တစ်ယောက်တစ်မျိုး ပြောနေကြခြင်းဖြစ်၍ ထိုငါးကြင်းဇာတ်လမ်းကို ကလေးသူငယ်များက အယုံအကြည်မရှိကြပေ။
ချောင်းရေသည် ကြည်လင်လွန်းလှသဖြင့် အောက်ကြမ်းပြင်ကို ထိုးဖေါက်မြင်နေရသည်။ မိန်းကလေးမှာ လက်နှစ်ဘက်ပေါ်ပါးတင်လျက် ရေထဲသို့ စိုက်ကြည့်နေသည်။
အဘိုးအိုက သူ့ဘေးတွင် ရောက်လာသည်။ ကိုယ်ကို ကိုင်းညွှတ်လျက် ရယ်ကျဲကျဲမျက်နှာဖြင့်
“သခင်မလေး၊ လုမျိုးနွယ်ခေါင်းဆောင်ပြောတာသာ အမှန်ဆိုရင် အဲဒီ့သတ္တဝါက တစ်ခြားလူလက်ထဲ ရောက်သွားလောက်ပါပြီ”
ကောင်မလေးက အဘိုးအိုကို သွားဖြဲပြုံး၍ ပြန်ပြောလိုက်သည်။
“တစ်ကောင်မက ရှိချင်လည်း ရှိနေမှာပေါ့ အဘိုးယွမ်”
သွားဖြဲပြုံးလိုက်ချိန်တွင် သူ့ရှေ့သွားတစ်ချောင်း ကျိုးနေသည့်အဖြစ်က ထင်ရှားစွာ ပေါ်လာသည်။ ရယ်ချင်စရာပုံစံကလေး ဖြစ်နေသည်။ ကောင်မလေး အသိပြန်ဝင်လာပြီးနောက် ပါးစပ်ကိုလက်ဖြင့် အမြန်အုပ်လိုက်သည်။
အဘိုးအိုက ရယ်ချင်စိတ်ကို ထိန်းလျက် ထပ်ရှင်းပြသည်။
“ရေနဂါးမျိုးနွယ်တွေ မြစ်တွေထဲ ရောက်မလာခင်က အလွန်နယ်မြေအစွဲအလမ်း ကြီးကြတာ။ သူတို့မျိုးနွယ်တူချင်းတောင် အနားကပ်မခံကြဘူး။ ဒီတော့—“
ကောင်မလေးက စိတ်ပျက်ဟန်ဖြင့် မျက်နှာပြန်လှည့်သွားပြီး လက်ပေါ်ပါးတင်၍ ရေပြင်ကိုပြန်ကြည့်နေသည်။ ထို့နောက် ခပ်တိုးတိုးရေရွတ်နေသည်။
“ဒါပေမယ့် မထင်မှတ်ပဲ အခွင့်အရေးရှိနေရင်ရော…”
တည်ကြည်တင်းမာသည့် အဘိုးအိုမျက်နှာတွင် ပထမဆုံးအကြိမ်အဖြစ် နူးညံ့သည့်အမူအရာများပေါ်လာသည်။ ကောင်မလေး၏ခေါင်းကို လက်ဖြင့်ညင်သာစွာပွတ်၍ ခပ်အေးအေးလေသံဖြင့်ပြောလိုက်သည်။
“သခင်မလေး။ အမြဲတမ်းမှတ်ထားနော်။ ကံနဲ့အခွင့်အရေးကိုပဲ အားကိုနေရင် ကျင့်ကြံမှုလမ်းကြောင်းဟာ စောစောအဆုံးသတ်ရတတ်တယ်။ အဲလိုအတွေးမျိုးတွေကို သခင်မလေး စွဲလမ်းမနေသင့်ဘူး။ သခင်မလေးဟာ အလွန်အဖိုးတန်တဲ့ —“
ကောင်မလေးကာ အဘိုးအို၏လက်ကို ဖျတ်ခနဲဖယ်ထုတ်လျက် စိတ်မရှည်သည့်လေသံဖြင့်
“သိပါပြီ၊ သိပါပြီ။ ဒီစကားကိုကြားရတာ နားတောင်ကန်းတော့မယ်”
“ဟိုကိစ္စ ဘယ်လိုအခြေအနေရှိလဲ ကျုပ်သွားကြည့်ဦးမယ် သခင်မလေး။ အပေါ်ယံမှာတော့ သူတို့က ကျုပ်တို့ နေမီးတောင်တန်းနဲ့ မဟာမိတ်လို့ထင်ရတယ်။ ဒါပေမယ့် သူတို့ပုံစံနဲ့ အပြုအမူတွေက—-။ ကျုပ်မပြောတော့ပါဘူးလေ။ ဒါတွေက သခင်မလေး အာရုံစိုက်ဖို့လောက်ထိ မထိုက်တန်ပါဘူး”
ကောင်မလေးက အဘိုးအိုကို ထွက်သွားရန် လက်ဝှေ့ယမ်းပြလိုက်သည်။ အဘိုးအို ပုံမှန်မျက်နှာထားမျိုးဖြင့် ပြန်ထွက်သွားသည်။
ထိုအဘိုးအိုသည် ကောင်မလေး၏ အစေခံဖြစ်ပုံရသည်။ လမ်းလျှောက်လျှင် ခါးအနည်းငယ်ကုန်းနေသည်။ လက်နှစ်ဘက်မှာ ဒူးဆစ်နားအထိ တွဲလောင်းကနေသည်။ ကျောကုန်းပေါ်တွင် လေးလံသည့် ဝန်ထုပ်တစ်ခု ထမ်းပိုးထားရသည့် အသွင်မျိုးဖြစ်နေသည်။
ထိုစဉ် ရုတ်တရက် ကောင်မလေးမှာ တအံ့တဩဖြစ်သွားဟန်ဖြင့် သူ့မျက်လုံးသူ ပွတ်၍ကြည့်နေသည်။ ချောင်ရေမျက်နှာပြင် တဖြေးဖြေး သိသိသာသာ မြင့်တက်လာခြင်းကြောင့် ဖြစ်သည်။
ဤမြို့လေးတွင် ကြုံတွေ့ရခြင်းမဟုတ်လျှင်တော့ ထိုအဖြစ်သည့် အံ့ဩစရာမရှိလှ။ ဥမာပြောရလျှင် သူတို့ နေမီးတောင်တန်း သို့မဟုတ် သူတို့ဇာတိဒေသတွင် ချောင်းရေတစ်ပြင်လုံး မျက်တောင်တစ်ခတ်အတွင်း ခန်းခြောက်သွားလျှင်ပင် အံ့ဩမိမည်မဟုတ်။
ကောင်မလေး အတော်အံ့ဩနေသဖြင့် သူ့ကိုယ်သူ ခပ်တိုးတိုး ရေရွတ်နေသည်။
“လျှို့ဝက်ပညာရပ်တွေ၊ ဆန်းကြယ်တဲ့အစွမ်းတွေ၊ စွမ်းအားတွေအားလုံးကို ဒီနေရာမှာ တားမြစ်ထားတာမဟုတ်လား။ ဒီနေရာရောက်ရင် စွမ်းအားမြင့်လေ တုံ့ပြန်မှုဒါဏ် ခံရလေ မဟုတ်လား။ အဘိုးယွမ်ပြောတာတော့ ဟိုဒဏ္ဍာရီစွမ်းအားရှင်ကြီးတောင် ဒီနေရာမှာ အနေကြာပြီး စွမ်းအားတွေ အများကြီးလျော့သွားလို့ ငါတို့ အဖိုးတန်ပစ္စည်းတွေ လာယူတာကို မတားနိုင်တာတဲ့..”
နောက်ဆုံးတွင် သူခေါင်းကို ခါယမ်းလိုက်သည်။ အတွေးစများကို မောင်းထုတ်လိုက်သည်။ ထပ်မစဉ်းစားတော့။ အဘိုးအိုရှိရာသို့ သူလှည့်ကြည့်လိုက်သည်။ သူ့စိတ်ထဲတွင် အတွေးတစ်ခုဝင်လာပြီးနောက် ပျော်ရွင်နေလေသည်။ စွမ်းအင်အတားအဆီးများကို ဖယ်ရှားပြီးလျှင် အဘိုးယွမ်အား ဇာတိမြေမှ တိမ်လွှမ်းတောင်သို့ ခေါ်သွားပေးရန် ပြောရမည်။ ထိုတောင်တန်းတွင် သူ့ကိုယ်ပိုင် ပန်းဥယျာဉ်လေးတစ်ခု ဖန်တီးချင်သည်။
***********************************
good