Switch Mode

အခန်း ၆

ကံဆိုးခြင်းတုတ်ချောင်း

အရှေ့ဂိတ်တံခါးသို့ ရောက်လာချိန်တွင် သစ်ငုတ်တိုတစ်ခုပေါ်ထိုင် တင်ပျဉ်ခွေထိုင်နေသည့် ဂိတ်စောင့်ကို ချန်ပင်အန်း တွေ့လိုက်ရသည်။ ပျင်းရိပျင်းတွဲဖြင့် နွေဦးလ၏ နေရောင်အောက်တွင် နေပူဆာလှုံနေသည်။ မျက်လုံးကိုမှိတ်၍ ဒူးနှစ်ဘက်ကို လက်ဖြင့်ပုတ်ကာ သီချင်းတစ်ပုဒ်ညည်းနေသည်။

ချန်ပင်အန်း သူ့ဘေးတွင် ဝင်ထိုင်လိုက်သည်။ ငွေ‌တောင်းရမည်ကို ပြောမထွက်ဘဲဖြစ်နေသည်။ ထို့ကြောင့် အရှေ့ဘက် လမ်းမကျယ်ဆီသို့သာ တိတ်ဆိတ်စွာ ငေးစိုက်ကြည့်နေလေသည်။ ရှည်လျားကွေ့ကောက်သည့် လမ်းမသည် အဝါရောင်မြွေတစ်ကောင်နှင့် တူသည်။

စွဲနေသည့် သူ့အကျင့်ကြောင့် မြေကြီးတစ်ဆုပ်ကို ကောက်ကိုင်၍ လက်ထဲတွင် လုံးချေ၍ကြည့်နေသည်။

အရင်က အဘိုးယော်နှင့်အတူ ဤမြို့တစ်ဝိုက် နေရာစုံအောင် သွားခဲ့ဖူးသည်။ ပေါက်တူး တူးရွင်း ဂေါ် ပြား ပစ္စည်းကိရိယာ အစုံထည့်ထားသည့်အိတ်ကိုထမ်းလျက် သွားခဲ့ရသည်။ အဘိုးယော်က နေရာအတော်များများသို့ သူ့ကိုခေါ်သွားသည်။ ချန်ပင်အန်းကို မြေကြီး ‘စား’ ခိုင်းသည်။ မြေကြီးအနည်းငယ်ကိုယူ ပါးစပ်ထဲသို့ ထည့်ဝါးကြည့်ကာ မြေနံ့နှင့်အရသာကို မြည်းစမ်းကြည့်ခြင်းဖြစ်သည်။

အချိန်ကြာသည်နှင့်အမျှ ထိုအလုပ်ကို သူပို၍ကျွမ်းကျင်လာသည်။ မြေကြီးကို လက်ဖြင့်ပွတ်ချေကြည့်ရုံဖြင့် မြေအရည်အသွေးကို ချက်ချင်းတန်းပြောနိုင်သည်။ ကြွေထည်အကျိုးအပျက်များကို လက်ထဲတွင် ဆ,ကြည့်ရုံဖြင့် မည်သည့်ကြွေထည်ရုံ မည်သည့်ဆရာမှ မီးဖုတ်ထာသည်ကိုပင် ပြောနိုင်လာသည်။

အဘိုးယော်သည် တစ်ခါတစ်ရံ အတော်လူမဆန်သည့် တစ်ကိုယ်ကောင်းသမားဖြစ်သည်။ ချန်ပင်အန်းကို မကြာခဏ ရိုက်နှက်ဆဲဆိုသည်။ တစ်ရက်တွင် အဘိုးယော်သည် ချန်ပင်အန်း တုံးပုံအပုံကို ဒေါသထွက်လွန်းသဖြင့် တောကြီးမျက်မည်းထဲတွင်  တစ်ယောက်တည်းပစ်ထားခဲ့ကာ ကြွေထည်ရုံသို့ ပြန်သွားသည်။ ချန်ပင်အန်းမှာ ကီလိုခြောက်ဆယ်ကျယ်သည့် တောင်တန်းမြေတွင် ကြိုးစား၍လမ်းရှာကာ တစ်ကိုယ်တည်းပြန်ခဲ့ရသည်။ သူပြန်ရောက်ချိန်တွင် ညာဉ့်အတော်နက်နေပြီဖြစ်သည်။ ထိုနေ့က မိုးလည်း သည်းသည်းမည်းမည်းရွာ နေခဲ့သည်။ ရွံ့တောထဲတွင် နာရီအတော်ကြာအောင် ဖြတ်လျှောက်ခဲ့ပြီးနောက် အလင်းစက်လေးတစ်ခုကို အဝေးတစ်နေရာ၌ မြင်လိုက်ရချိန်တွင် ခေါင်းမာ၍ ဇွဲကြီးသည့် ချန်ပင်အန်းတစ်ယောက် ပထမဆုံးအကြိမ် ငိုချင်စိတ်ဖြစ်ပေါ်လာခဲ့သည်။

သို‌သော် ချန်ပင်အန်း အဘိုးယော်ကို နာကျည်းမုန်းတီးခြင်းမရှိပါ။

သူသည် ဆင်းရဲသားလူတန်းစားမှ ပေါက်ဖွားလာသည်။ ပညာမသင်ခဲ့ရ။ သို့သော် စာအုပ်ထဲတွင် မပါသည့် နိယာမတစ်ခုကို နားလည်သည်။ မိဘမှလွဲ၍ မည်သူမှ ကိုယ့်အပေါ် ကောင်းကောင်းဆက်ဆံရန် တာဝန်မရှိ။ သူ့မိဘများကလည်း ငယ်စဉ်ကတည်းကပင် ဆုံးပါးသွားခဲ့သည်။

ချန်ပင်အန်း စိတ်ရှည်ရှည်ဖြင့် အသံတိတ် စောင့်ဆိုင်းနေသည်။ မျက်နှာလွှဲထားရုံဖြင့် ထိုကိစ္စ ပြီးပြတ်သွားမည်မဟုတ်ကြောင်း ဂိတ်စောင့်ကလည်း သဘောပေါက်လာသည်။  ထို့ကြောင့် မျက်လုံးကိုဖွင့်ကာ တစ်ချက်ပြုံးလျက်

“ယူမနေပါနဲ့တော့ကွာ၊ ကြေးပြားငါးပြားလေးပဲ ဥစ္စာ။ လူငယ်ဆိုတာ သဘောထားမသေးရဘူးကွ။ သဘောထားသေးရင် အောင်မြင်မှု မရနိုင်ဘူး”

“အခု သဘောထားသေးနေတာက ခင်ဗျားပဲ မဟုတ်ဘူးလား”

ချန်ပင်အန်း စိတ်ပျက်သည့်အမူအရာ ပေါ်လာသည်။

“သိပ်ဟုတ်တာပေါ့။ ဒါကြောင့် မင်းငါ့လို ဘဝမျိုးမကြုံချင်ရင် ဒီကြေးပြားငါးပြားကို မေ့လိုက်တော့လို့ပြောတာ”

ဂိတ်စောင့်က တဟဲဟဲရယ်သည်။ ဝါထိန်နေသည့် မညီမညာသွားများ ပေါ်လာသည်။

ချန်ပင်အန်း ပင့်သက်တစ်ချက်ရှိုက်၍ ခေါင်းမော့ကာ အလေးအနက်လေသံဖြင့်

“အခုချိန်မှာ ခင်ဗျား ငွေကြေးအဆင်မပြေဘူးဆိုရင်တောင် ကျွန်တော်က ငါးပြားမရလည်း လုပ်ပေးနိုင်ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ချင်း သဘောတူထားပြီးသားလေ။ ခင်ဗျားဒီလို ကတိဖျက်လို့ဘယ်ရမလဲ”

ဂိတ်စောင့်၏ခန္ဓာကိုယ်မှ ချဉ်စူးနံစော်သည့် အနံ့ဆိုးများထွက်လာသည်။ သွားကိုဖြဲလျက်

“မင်း ဒီလိုစိတ်ဓါတ်မျိုးနဲ့သာ ဆက်သွားရင် တစ်ချိန်မှာ ဒုက္ခရောက်လိမ့်မယ်။ အနစ်နာခံတာဟာ မင်္ဂလာတစ်ပါးပဲတဲ့။ မင်းမကြားဖူးဘူးလား။ ဒီလောက်အသေးအဖွဲလေးတောင် မင်းအနစ်နာမခံနိုင်ရင်–“

သူခဏ စကားရပ်သွားသည်။ ချန်ပင်အန်းလက်ထဲမှ မြေကြီးကိုကြည့်ကာ ခပ်တင်းတင်းလေသံဖြင့်

“အနစ်နာမခံနိုင်ရင် သိပ်မကြာခင် မြေကြီးထဲ ရောက်သွားလိမ့်မယ်ကွ”

“ငါးပြားမရလည်း လုပ်နိုင်ပါတယ်လို့ ကျွန်‌တော်ပြောခဲ့တယ်လေ။ ဒါက အနစ်နာခံတာပဲ မဟုတ်လား”

ထိုစကားကို မည်သို့ပြန်ချေပရမှန်း မသိသဖြင့် ဂိတ်စောင့် အတော်မကျေမနပ်ဖြစ်သွားသည်။ လက်တစ်ဘက်ဝှေ့ယမ်းပြလျက် ချန်ပင်အန်းကို နှင်ထုတ်လိုက်သ်ည။

“သွားစမ်းကွာ။ မင်းကိုပြောရတာ ကျွဲပါးစောင်းတီးရသလိုပဲ”

ချန်ပင်အန်း လက်ထဲမှ မြေကြီးကို လွှတ်ချကာ ထရပ်လိုက်သည်။

“ဒီသစ်ငုတ်တိုတွေက အတော်စိုထိုင်းထိုင်းဖြစ်နေတယ်။ ဒီပေါ်မှာ ဆက်ထိုင်နေရင် ခင်ဗျား ဒူလာစွဲလိမ့်မယ်”

ဂိတ်စောင့်က ခေါင်းမော့လာကာ နှာခေါင်းတစ်ချက်ရှုံ့လျက်

“မင်းငါ့ကို ဆရာလာလုပ်မနေစမ်းပါနဲ့။ ငါက ဒေါင်ဒေါင်မြည်ကျန်းမာပြီး သွေးဆူနေတဲ့လူကွ။ ငါ့ဖင်ပေါ်မှာတောင် မုန့်ဖုတ်လို့ရတယ်”

ချန်ပင်အန်း ထွက်သွားသည်ကို မျက်လုံးထောင့်ကပ်၍ သူကြည့်နေသည်။ နှုတ်ခမ်းများ လှုပ်ရှားနေသည်။ ကျိန်ဆဲနေခြင်း ဖြစ်ပေလိမ့်မည်။

————–

ယနေ့ ဘာကြောင့်မှန်းမသိ။ ကိုယ်ပိုင်ကျောင်းမှ ဆရာချီ ကျောင်းစောစောဆင်းပေးလိုက်သည်။ သူထိုသို့ လုပ်ရိုးထုံးစံမရှိပေ။

ကိုယ်ပိုင်ကျောင်းနောက်ဘက်တွင် မြေကွက်လပ်တစ်ခုရှိသည်။ မြောက်ဘက်တွင် တိုင်လုံးတံခါးငယ်လေးတစ်ခုရှိသည်။ အပြင်ဘက်ဝါးတောထဲသို့ ထွက်သည့် တံခါးဖြစ်သည်။

ဆုန်ကျိရှင်းနှင့်ကျီကွေ့တို့ ကန္တာရပင်အောက်တွင် ပုံပြင်နားထောင်နေစဉ် ဝတ်ရုံစိမ်းဝတ်လူငယ်လေးတစ်ယောက်က တရုတ်ကျားကွက် ကစားရန် လာခေါ်သည်။ ဆုန်ကျိရှင်း စိတ်မပါပေ။ သို့သော် ထိုလူငယ်က ဆရာချီလွှတ်လိုက်ခြင်းဖြစ်ကြောင်း ပြောသည်။ ထိုလူငယ်၏ ကျားစွမ်းရည် တိုးတက်မှု ရှိမရှိ ဆရာချီက သိချင်နေသည်ဟု ပြောသည်။ စည်းကမ်းတင်းကျပ်သည့် ဆရာချီ၏နာမည် ကြားသည်နှင့် ဆုန်ကျိရှင်း စိတ်ထဲတွင် ရှုပ်ထွေးသည့် ခံစားချက်များပေါ်လာသည်။ အကြောက်တရားနှင့် လေးစားမှုရောနေသည့် ခံစားချက်မျိုးဖြစ်သည်။

ဆရာချီ ခေါ်ခိုင်းသည်ဆိုလျှင် လက်ခံရုံမှတစ်ပါး သူဘာမှမတတ်နိုင်ပါ။ သို့သော် ပုံပြင်ကိုပြီးအောင် နားထောင်ပြီးမှ ကိုယ်ပိုင်းကျောင်းသို့ သွားမည်ဟု သူပြောလိုက်သည်။ ထို့ကြောင့် ဝတ်ရုံစိမ်းလူငယ် အရင်ပြန်နှင့်ရမည်ဖြစ်သည်။ သူထွက်မသွားမီ ဆုန်ကျိရှင်းကို ငယ်နိုင်ဖြစ်သည့် ဆရာချီနာမည်ဖြင့် ဖိအားပေး၍ နောက်မကျစေရန် သတိပေးသွားသည်။ ဆရာချီသည် စည်းကမ်းတင်းကြပ်သူဖြစ်ကြောင်း အချိန်မတိကျသည့် လူများကို အလွန်မုန်းတီးကြောင်း ပြောသွားသည်။

ဆုန်ကျိရင်း ဂဏာမငြိမ်ဖြစ်လာဟန်ဖြင့် သူ့နားရွက်သူ လက်ဖြင့်ပွတ်နေသည်။ ထိုလူငယ်မြန်မြန်ထွက်သွားစေရန် အလိုက်အထိုက် ပြောလိုက်ရလေသည်။

———–

ဆုန်ကျိရှင်း ကျောင်းမြေကွက်လပ်သို့ ရောက်လာချိန်တွင် လေပြေအေးများ တိုက်ခတ်နေသည်။ ခါတိုင်းကဲ့သို့ပင် ဝတ်ရုံစိမ်းလူငယ်က တောင်ဘက်ခြမ်းမှ ခွေခြေတစ်လုံးပေါ်တွင် တည်ကြည်သည့်မျက်နှာဖြင့် ခါးမတ်၍ ထိုင်နေနှင့်သည်။

ဆုန်ကျိရှင်း သူနှင့်မျက်နှာချင်းဆိုင်တွင် ထိုင်လိုက်သည်။ ဆရာချီက အနောက်ဘက်တွင်ထိုင်ကာ ကျားခုံကို တိတ်ဆိတ်စွာ ကြည့်နေသည်။

ကျီကွေ့မှာ သူ့သခင်လေး ကျားကစားတိုင်း အနှောက်အယှက်မဖြစ်စေရန် ဝါးတောထဲသို့သွားကာ လမ်းလျှောက်နေတတ်သည်။ ယနေ့လည်း ထိုနည်းတူပင်ဖြစ်သည်။

ဤသီခြားမြို့ငယ်လေးတွင် ပညာတတ်မျိုးရိုးမြင့်များမရှိ။ ထို့ကြောင့် ပညာတတ်သူ လူငယ်များ အတော်ရှားပါးလှသည်။

ဆရာချီချမှတ်ထားသည့် စည်းမျဉ်းအရ ဆုန်ကျိရှင်းနှင့် ဝတ်ရုံစိမ်းလူငယ်တို့ ကျောက်တုံးစုံမခွဲသည့် ကစားနည်းကို အကြိုကစားရမည်ဖြစ်သည်။ အနက်ရောင်ကျောက်တုံးရသူက အရင်ကျားကွက်ရွှေ့ခွင့်ရသည်။

ဆုန်ကျိရှင်းနှင့် ထိုလူငယ်တို့ တစ်ချိန်းတည်းလိုလိုပင် ပညာစသင်ခဲ့ကြသည်။ သို့သော် ဆုန်ကျိရှင်းက ပါရမီဉာဏ်ရည် ထူးချွန်သဖြင့် အမြန်တိုးတက်ခဲ့သည်။ ထို့ကြောင့်လည်း ကျားပညာသင်ပေးသည့် ဆရာချီက ဆုန်ကျိရှင်းကို အလားအလာကောင်းသည့် ကျားကစားသမားအဖြစ် အသိအမှတ်ပြုခဲ့သည်။

ကျောက်တုံးစုံမခွဲရန် ဆုန်ကျိရှင်းက ခွက်ထဲမှ အဖြူရောင်ကျောက်တုံးလက်တစ်ဆုပ်ကို ကျပမ်းနှိုက်ယူရမည်ဖြစ်သည်။ ဝတ်ရုံစိမ်းလူငယ်က အနက်ရောင်ကျောက်တုံ တစ်ခု သို့မဟုတ် နှစ်ခုယူရသည်။ ဆုံကျိရှင်းလက်ထဲမှ အဖြူရောင်ကျောက်တုံးများကို စုံမ မှန်အောင် ခန့်မှန်းနိုင်လျှင် အနက်ရောင်ကျောက်တုံးကို သူရမည်ဖြစ်ပြီး ပထမဆုံး ကျားစေ့ချခွင့်ရသည်။ အခွင့်အရေး တစ်ပန်းသာသည်။ ပထမနှစ်နှစ်အတွင်း သူတို့နှစ်ယောက် ကစားခဲ့သည့်ပွဲများတွင် ကျောက်တုန်းအဖြူဘက်မှဖြစ်စေ အနက်ဘက်မှဖြစ်စေ ဆုန်ကျိရှင်းကသာ အပြတ်အသတ်အနိုင်ရခဲ့သည်။

သို့သော် ဆုံကျိရှင်း ကျားကစားရသည်ကို စိတ်မဝင်စားခဲ့။ ကျားပညာသင်ရသည်ကိုလည်း ငြီးငွေ့သည်။ ဝတ်ရုံစိမ်းလူငယ်မှာ သူ့လောက် ပါရမီမကောင်းသော်လည်း ကိုယ်ပိုင်ကျောင်းတွင် ပညာသင်နေသကဲ့သို့ ဆရာချီ၏ အကူစာချကျောင်းသား အဖြစ်လည်း လုပ်ဆောင်ပေးသည်။ ထို့ကြောင့် ဆရာနှင့် အမြဲထိတွေ့မှုရှိသည်။ ဆရာချီ၏ ကျားကစားပွဲမှတ်တမ်းများကိုကြည့်၍ များစွာသင်ယူခွင့်ရသည်။

ထို့ကြောင့် အနက်ရောင်ကျောက်တုံးရလျှင် ဆုန်ကျိရှင်းကို သူအနိုင်ယူနိုင်လာသည်။ အနက်ရောင်ကျောက်တုံးရ၍ ကျားကွက်စတင်ခွင့်ရလျှင် ဆုန်ကျိရှင်းနှင့် တန်းတူအဆင့်ဖြစ်လာသည်။ သူပညာ သိသိသာသာ တိုးတက်လာသည်။ သို့သော် သူတို့နှစ်ယောက်ကြားတွင် စွမ်းရည်ကွာဟချက်ရှိမရှိဆိုသည်ကို ဆရာချီ တစ်ခါမှ ဝင်မပြောခဲ့။ ဘေးမှသာ ငြိမ်၍ ထိုင်ကြည့်နေခဲ့သည်။

ဆုန်ကျိရှင်က ကျောက်တုံးကို လှမ်းယူရန်ပြင်လိုက်စဉ် ဆရာချီက ရုတ်တရက် ဝင်ပြောသည်။

“ဒီနေ့ တစ်စုံကျားကစားနည်းကို ကစားပါ။ အဖြူဘက်က အရင်စလိုက်”

နှစ်ယောက်လုံး အံ့အားသင့်သွားကြသည်။ တစ်စုံကျားဆိုသည်ကို ဘာမှန်းမသိကြ။

ဆရာချီက ထိုကျားကစားနည်းကို ဖြေးဖြေးချင်းရှင်းပြသည်။ သိပ်တော့ မရှုပ်ထွေးပါ။ တစ်စုံကျားပွဲဆိုသည်မှာ ကျားစေ့အနက်တစ်စုံနှင့် အဖြူတစ်စုံကို ကျားခုံပေါ်ရှိ ကြယ်အမှတ်လေးခုနေရာတွင်ထား၍ ကစားခြင်းဖြစ်သည်။

ဆရာချီ သရုပ်ပြနေသည့် ကျားစေ့အရွှေ့အပြောင်းများက ရေအလျင်ကဲ့သို့ မြန်ဆန်သည်။ ကျွမ်းကျင်သည်။ အတော်ပင် ကြည့်ကောင်းလှသည်။

ဝတ်ရုံစိမ်းလူငယ်သည် စာအုပ်ကြီးသမားသာဖြစ်သည်။ ရုတ်တရက်ကစားနည်းပြောင်းလိုက်သဖြင့် သူ့အတွက် အိပ်မက်ဆိုးတစ်ခုလို ဖြစ်လာသည်။ ကျားခုံကို ငေးစိုက်ကြည့်နေရင်းမှ မဝံ့မရဲလေသံဖြင့်

“ဆရာချီ၊ ဒီလိုကစားမယ်ဆိုရင် ကျွန်တော်တို့ ရွှေ့ခွင့်မရှိတဲ့ ကျားကွက်တွေ အများကြီးဖြစ်နေမှာပေါ့”

ဆုန်ကျိရှင်းက ကစားနည်းအသစ်ကို မျက်မှောင်အနည်းငယ်ကျုံ့လျက် စဉ်းစားနေသည်။ ထို့နောက် သူ့မျက်လုံးများ အရောင်တောက်လာသည်။

“ဒါက ကျားခုံကို ချုံ့ပစ်လိုက်တဲ့ သဘောမျိုးပဲ”

ထိုသို့ပြောရင်း အချီးမွှမ်းခံလိုဟန်ဖြင့်် တစ်ချက်ပြုံးလျက် အတည်ပြုချက်ယူလိုက်သည်။

“ဟုတ်တယ်မို့လား ဆရာချီ”

“ဟုတ်ပါတယ်”

ဆရာချီက ခေါင်းငြိမ့်လိုက်သည်။

ဆုန်ကျိရှင်း ဝတ်ရုံစိမ်းလူငယ်ကို တစ်ချက်ကြည့်ကာ ဟက်ခနဲရယ်လျက်

“ကျွန်တော်သူ့ကို အကူကျောက်တုံးနည်းနည်းလောက် ပေးထားလိုက်ရမလား ဆရာ။ မဟုတ်ရင် ဒီကစားပွဲကို သူသေချာပေါက် ရှုံးတော့မှာ”

ရှက်စိတ်ကြောင့် ထိုလူငယ်မျက်နှာ နီရဲသွားသည်။ ဆုန်ကျိရှင်းကို သူအနိုင်ရထားသည့်ပွဲများမှာ သူ့စွမ်းရည်သက်သက်ကြောင့်မဟုတ်မှန်း သူ့စိတ်ထဲမှသိနေသည်။ ဤနှစ်များအတွင်း ဆုန်ကျိရင်းက ကျားကစားခြင်းကို စိတ်ဝင်စားမှုလျော့ပါးလာခြင်းကြောင့်သာ ဖြစ်သည်။ တမင်တကာ ပြောင်းလဲပစ်သည့် ကစားပွဲများရှိခဲ့သည်။ ပွဲအစပိုင်းတွင် အပြတ်အသတ်ဦးဆောင်နေပြီး တစ်ဝက်တစ်ပျက်ရောက်မှ အန္တရာယ်များသည့် အကွက်များကိုရွှေ့သည်။ အနိုင်ရရန် ကြိုးစားနေသယောင်ဖြင့် အရှုံးပေးသည်။

ထိုသို့ ပါရမီထူးသူဖြစ်သော်လည်း ဆုန်ကျိရှင်းမှာ ကျားပွဲကို အပျော်ကစားခြင်းသာဖြစ်သည်။

ဝတ်ရုံစိမ်းလူငယ်မှာမူ ကျားစေ့ကို စကိုင်လိုက်သည်နှင့် အနိုင်အရှုံးကိုသာ အာရုံစိုက်ထားသူဖြစ်သည်။

ဆရာချီက သူ့လက်ထောက်တပည့်ကို လှည့်ကြည့်၍

“မင်းက အဖြူနဲ့ အရင်စရွှေ့လိုက်”

ကျားပွဲစသည်နှင့် ဝတ်ရုံစိမ်းလူငယ်က ဖြေးဖြေးချင်း ဂရုတစ်စိုက် ကျားကွက်ကို ရွှေ့သည်။ အခြေခိုင်အောင် ဖြေးဖြေးချင် တည်ဆောက်သည်။ ဆုန်ကျိရှင်းမှာ ပုံမှန်းအတိုင်း ခပ်သွက်သွက်ပင်ရွှေ့သည်။ အကွက်ကျဲကျဲ ကစားသည်။

သူတို့နှစ်ယောက် အရည်အချင်းက မိုးနှင့်မြေလိုကွာခြားသည်။

ကျားကွက်ကိုးဆယ်မပြည့်မှီမှာပင် ဝတ်ရုံစိမ်းလူငယ် အကြီးအကျယ်ရှုံးနိမ့်သွားသည်။ နှုတ်ခမ်းကို တင်းတင်းစေ့ကာ ခေါင်းငုံ့၍ငြိမ်နေသည်။

ဆုန်ကျိရှင်းက စားပွဲပေါ်လက်တင်၍ ပါးပြင်ကို လက်ထောက်ထားသည်။ လက်နှစ်ချောင်းဖြင့် ကျားစေ့ကိုညှပ်၍ စားပွဲပေါ်တွင် တဒေါက်ဒေါက်ခေါက်ကာ ကျားကွက်ကိုကြည့်နေသည်။

ဆရာချီသတ်မှတ်ထားသည့် စည်းကမ်းအရ အနိုင်အရှုံးကို နှုတ်မှ ထုတ်ဖေါ်ပြောခွင့်မရှိ။ စားပွဲပေါ်သို့ ကျားစေ့ပစ်ချ၍ ကျားပွဲမှနှုတ်ထွက်ကြောင်း ပြသရသည်။

ဝတ်ရုံစိမ်းလူငယ်မှာ အရှုံးကိုဝန်မခံလိုသော်လည်း ကျားပွဲမှ နှုတ်ထွက်လိုက်‌ပေးလိုက်ရလေသည်။

“လက်ရေးပန်းချီ သွားလေ့ကျင့်နေပါ။ ကျားပွဲကို မသိမ်းနဲ့တော့။ “အမြဲ永” ဆိုတဲ့ စာလုံးကို အကြိမ်သုံးရာ ရေးပါ”

လူငယ်က အမြန်ထရပ်၍ လေးလေးစားစား ဦးညွှတ်ကာ ထွက်သွားသည်။

သူထွက်သွားပြီးနောက် ဆုန်ကျိရှင်းက လေသံတိုးတိုးဖြင့် မေးလိုက်သည်။

“ဆရာလည်း ဒီကနေ ထွက်သွားတော့မှာလား”

ဆရာချီ ခေါင်းငြိမ့်သည်။

“ဆယ်ရက်အတွင်း သွားမယ်”

ဆုန်ကျိရှင်း ပြုံးလိုက်သည်။

“ကောင်းပါတယ်။ ကျွန်တော် ဆရာ့ကို လိုက်ပို့ခွင့်ရတာပေါ့”

ဆရာချီက ခဏတွေဝေနေပြီးနောက်

“လိုက်ပို့စရာ မလိုပါဘူး။ မင်း ဒီမြို့ကထွက်သွားပြီးရင် ခပ်လျှိုလျှိုနေပါ။ သူများတွေ အာရုံစိုက်လာအောင် မလုပ်မိစေနဲ့။ ငါ့မှာလည်း အခြေခံစာအုပ်သုံးအုပ်ကလွဲလို့ ဘာမှမရှိဘူး။ “ကလေးများအတွက် လောကနီတိ”ရယ်၊ “အနုပညာနှင့် ဂီတ”ရယ်၊ “စာပေပေါင်းချုပ်”ရယ်ပေါ့။ မင်းအကုန်ယူလိုက်ပါ။ သေချာ ပြန်ဖတ်ပါ”

“စာတစ်အုပ်ကို ထပ်ကာတလဲလဲဖတ်မှ အတွင်းအဓိပ္ပါယ်ကို ရိပ်မိလာမှာ။ စာအုပ်တစ်သောင်းလောက် ဖတ်ပြီးရင် မင်းရေးတဲ့စာတွေ နတ်ရေးသလို ခမ်းနားလာလိမ့်မယ်။ မင်းလည်း ဒီအဆင့်ရောက်နေပြီဆိုတော့ ဒီစကားကဘာကိုဆိုလိုသလဲဆိုတာ နားလည်မှာပါ။ အပျော်ဖတ် စာအုပ်တွေအနေနဲ့ကတော့ “နက်နဲခြင်းသိမ်မွေ့ခြင်း”ရယ်၊ “ထောင်လီပေါင်းချုပ်”ရယ်၊ “တောင်နှင့်ပင်လယ်ပုံပြင်များ”ရယ် သုံးအုပ်ရှိတယ်။ မင်းအားတဲ့အချိန်ဖတ်ကြည့်ပြီး ကိုယ်ဘာသာ လေ့ကျင့်ကြည့်ပေါ့”

ဆုန်ကျီရှင်းမျက်နှာတွင် အနည်းငယ်အံ့ဩသွားသည့် အမူအရာ ပေါ်လာသည်။ အရဲစွန့်၍ သူပြောလိုက်သည်။

“ကျွန်တော်တို့ နောက်ထပ်ဆုံဖို့အကြောင်းမရှိတော့ဘူးဆိုတဲ့ သဘောမျိုးလား ဆရာ။ အတော်ထူးဆန်းနေသလို ခံစားရတယ်”

ဆရာချီက ပြုံးပြလျက် နူးညံ့သည့်လေသံဖြင့်

“မင်းတွေးနေသလောက်လဲ မဟုတ်ပါဘူးကွာ။ ငါတို့ တစ်နေ့နေ့ပြန်မတွေ့ဘူးလို့ ဘယ်ပြောနိုင်မလဲ။ ငါတို့ နောင်တစ်ချိန် ပြန်ဆုံကြမှာပါ”

သူ့မျက်နှာမှအပြုံးသည် မြင်ရသူကို ဘဝင်အေးစေသည့် အပြုံးမျိုးဖြစ်သည်။

“ကျောက်ယော်ဆီလည်း အလည်သွားလိုက်ပါဦး။ ကြိုနှုတ်ဆက်သလို ဖြစ်သွားတာပေါ့”

ဆုန်ကျီရှင်း ထရပ်ကာ တဟဲဟဲရယ်

“ဟုတ်ကဲ့ပါ။ ဒါဆို ကျားခုံကို ဆရာပဲသိမ်းလိုက်တော့နော်”

ထို့သို့ပြောပြီးနောက်နောက် သူပျော်ရွှင်စွာ ပြေးထွက်သွားသည်။ ဆရာချီက ခါးကိုင်းလျက် ကျားစေ့များကို တွေးတွေးဆဆအမူအရာဖြင့် ပြန်ကောက်သည်။ အဖြူတစ်လှည့်အနက်တစ်လှည့် အစဉ်အတိုင်းပြန်ကောက်ခြင်းဖြစ်သည်။ ပထမဆုံးကောက်လိုက်သည့် ကျားစေ့မှာ ဆုန်ကျိရှင်း နောက်ဆုံးချသွားသည့် အနက်ရောင်ကျောက်တုံးဖြစ်သည်။ ကစားသွားသည့် အစဉ်အတိုင်း ပြောင်းပြန် ပြန်ကောက်ခြင်းဖြစ်သည်။ အတော်အာရုံစိုက်၍ မမှားစေရန် အတိအကျပြန်ကောက်နေသည်။

ကျီကွေ့လည်း ဝါးတောထဲမှ ပြန်လှည့်လာသည်။ သို့သော် ကျောင်းမြေကွက်လပ်သို့ မဝင်သေးပဲ တံခါးအပြင်ဘက်တွင် ရပ်စောင့်နေသည်။

ဆရာချီက လှည့်မကြည့်ပဲ တည်ငြိမ်သည့် လေသံဖြင့် ပြောလိုက်သည်။

“အခု မင်းပဲ ကျန်တော့တယ်”

ကျီကွေ့မျက်နှာက မှင်သက်မိ၍ ကြောက်ရွံ့ဟန်မျိုး ဖြစ်နေသည်။ မြင်သူတိုင်းက သနားချင်စရာ ဖြစ်သည်။

ထိုစဉ် ဆရာချီမျက်နှာတွင် ဒေါသရိပ်များသန်းလာသည်။ တင်းမာအေးစက်သည့် မျက်လုံးများဖြင့် လှည့်ကြည့်လာသည်။

ကျီကွေ့မျက်နှာတွင် ငေးကြောင်၍ အူတူတူအမူအရာမျိုး ရှိနေဆဲဖြစ်သည်။

ဆရာချီ ထရပ်လာသည်။ ကျီကွေ့ကိုကြည့်ကာ အေးစက်စက် မဲ့ပြုံးတစ်ချက်ပြုံးလျက်

“အတော်ရွံ့စရာကောင်းတဲ့ သတ္တဝါပဲ”

ကျီကွေ့မျက်နှာမှ ရိုးသားသည့်အသွင်များ ပျောက်ကွယ်သွားသည်။ မျက်လုံးများ အေးစက်တင်းမာလာသည်။ ဆရာချီကို လှောင်ပြောင်နေသယောင်မျက်နှာဖြင့် ကြည့်နေသည်။ ‘ရှင်ဘာလုပ်ချင်လို့လဲ’ ဟု စိန်ခေါ်နေသည့် အကြည့်မျိုးဖြစ်သည်။

နှစ်ယောက်သား စိုက်ကြည့်နေကြသည်။ နဂါးနှင့်မြွေဟောက် ရန်စောင်နေကြသကဲ့သို့ပင် ဖြစ်သည်။ မဟာရန်သူတော်များလို ကြည့်နေကြခြင်းဖြစ်သည်။

ထိုစဉ် ခပ်လှမ်းလှမ်းမှ ဆုန်ကျိရှင်း၏အသံ ထွက်ပေါ်လာသည်။

“အိမ်ပြန်ကြစို့ ကျီကွေ့”

“ဟုတ်ကဲ့ သခင်လေး”

ကျီကွေ့က ခြေဖျားထောက်ရပ်လျက် ရိုရိုသေသေဟန်ဖြင့် ချက်ချင်းဖြေလိုက်သည်။

သစ်သားတံခါးကို တွန်းဖွင့်ကာ ဆရာချီဘေးမှ ခပ်သွက်သွက်ပြေးသွားသည်။ ခြေလှမ်းအနည်းငယ် ပြေးသွားပြီးနောက် ပြန်လှည့်ကြည့်ကာ အရိုအသေပေးလျက် နူးညံ့ချိုသာသည့်အသံဖြင့်

“သွားလိုက်ပါဦးမယ် ဆရာ”

အတော်ကြာပြီးနောက် ဆရာချီ သက်ပြင်းသဲ့သဲ့ချလိုက်သည်။

နွေဦးလေပြေက ခါတိုင်းကဲ့သို့ပင် နူးညံ့ညင်သာစွာ တိုက်ခတ်နေသည်။ ဝါးရွက်ပွတ်တိုက်သံများက အချိုးအလှည့်တစ်ခု ကူးပြောင်းတော့မည်အသွင်ကို ဆောင်နေသည်။။

———————–

ကြာပန်းဦးထုပ်ဆောင်းထားသည့် တာအိုဘုန်းကြီးငယ်က စိတ်ပျက်လက်ပျက် သက်ပြင်းချလျက် ရှေ့ဖြစ်ဟောသည့်နေရာကို သိမ်းဆည်းနေသည်။ သူ့အကြောင်းကောင်းကောင်းသိသည့် မြို့ခံများက သူ့မျက်နှာ ညှိုးမှိုင်နေရသည့် အကြောင်းရင်းကို မေးမြန်းကြသည်။ သို့သော် သူက ဘာမှပြန်မဖြေဘဲ ခေါင်းကိုသာ တွင်တွင်ခါနေသည်။

သူ့ထံတွင် ရှေ့ဖြစ်ဖတ်ဖူးသည့် လက်ထပ်ပြီးစ မိန်းကလေးတစ်ယောက် အနားမှဖြတ်သွားသည်။ တာအိုဘုန်းကြီးမျက်နှာ ပုံမှန်မဟုတ်သည်ကို သူရိပ်စားမိသည်။ ထို့ကြောင့် ခြေလှမ်းရပ်လျက် အသံချိုချိုဖြင့် အကျိုးအကြောင်း လာမေးသည်။ သို့သော် ဝိုင်းစက်ရွှမ်းလဲ့သည့် သူ့မျက်လုံးများက တာအိုဘုန်းကြီးငယ်၏ ချောမောသည့်မျက်နှာပေါ်တွင်သာ ရစ်ဝဲနေလေသည်။

တာအိုဘုန်းကြီးက မိန်းကလေးကို တစ်ချက်ကြည့်သည်။ သို့သော် သူ့အကြည့်က အောက်သို့နည်းနည်း ရောက်သွားသည်။ နူးညံ့သည့်အမို့အမောက်နေရာကို မြင်လိုက်ရသည်။ တံတွေးတစ်ချက် မသိမသာမျိုချလျက် မူမမှန်သည့်အသံဖြင့်

“ဒီနေ့ အစောပိုင်းကပဲ ကျုပ်ရဲ့ကံဇာတာကိုဖတ်ဖို့ ကျုပ်ကိုယ်တိုင် ကံကြမ္မာတုတ်ချောင်းတစ်ခု ရွေးကြည့်ခဲ့တယ်။ နိမိတ်ဆိုးကြုံမယ့် ကံဆိုးခြင်းတုတ်ချောင်း ဖြစ်နေတယ်လေ”

********************************

Comment

Leave a Reply

Options

not work with dark mode
Reset