ကန္တာရသစ်ပင်ဆီသို့ ကျီကွေ့နှင့် ဆုန်ကျိရှင်းတို့ ရောက်လာကြသည်။ သစ်ပင်ရိပ်တွင် လူတစ်ရာခန့် စုဝေးရောက်ရှိနေသည်။ အိမ်မှယူလာသည့် ခွေးခြေကိုချလျက် ဆုန်ကျိရှင်းထိုင်လိုက်သည်။ ပုံပြင်နားထောင်ရန် ကလေးများကို လက်ဆွဲ၍ရောက်လာသည့် မိသားစုများလည်းရှိသည်။
ဆုန်ကျိရှင်းနှင့် ကျီကွေ့တို့ သစ်ပင်ရိပ်အစွန်းနားတွင် နေရာယူလိုက်ကြသည်။ သစ်ပင်ခြေရင်းတွင် အဘိုးအိုတစ်ယောက်ရှိနေသည်။ သူ့လက်တစ်ဘက်တွင် အဖြူရောင်ခွက်ကြီးတစ်လုံးကို ကိုင်ထားသည်။ တစ်ခြားလက်တစ်ဘက်ကို နောက်ပစ်ထားသည်။ အားမာန်အပြည့်ဖြင့် ကျယ်လောင်စွာ သူအော်ပြောနေသည်။
“ခုနက ကျုပ်ပြောခဲ့တာ နဂါးသွေးကြောရဲ ယေဘုယျလမ်းညွှန်ပေါ့ဗျာ။ အခု နဂါးအစစ်အကြောင်းကို ကျုပ်ပြောပြမယ်။ ဒါဟာ တကယ်စိတ်ဝင်စားစရာကောင်းတဲ့ ဇာတ်လမ်းတစ်ပုဒ်ပါ”
“လွန်ခဲ့တဲ့ နှစ်သုံးထောင်က နတ်စွမ်းအားရှင်တစ်ပါး လောကမှာပေါ်ထွက်လာခဲ့တယ်။ ပထမတော့ ကောင်းကင်ဘုံတစ်ခုမှာ စိတ်ရှည်ရှည်နှင့် စွမ်းအားကျင့်ကြံနေခဲ့တာပေါ့။ မဟာတာအိုအစွမ်းကို ရပြီးတဲ့အချိန်မှာ သူ့ဓားကိုကိုင်ပြီး ကမ္ဘာလောကကို စူးစမ်းဖို့ ရောက်လာခဲ့တယ်။ သုံးပေအရှည်သံသွားကိုကိုင်ထားတဲ့ သူ့စွမ်းအားဟာ ပြိုင်ဘက်ကင်းပဲ။ ဘာကြောင့်မှန်းတော့မသိဘူး။ သူဟာ နဂါးတွေကို မုန်းတီးနေတယ်။ နှစ်သုံးရာလုံးလုံး နဂါးတွေကို လိုက်ပြီးသတ်ဖြတ်ခဲ့တယ်။ နဂါးအစစ်ရယ်လို့ တစ်ကောင်တစ်လေတောင် မကျန်တော့တဲ့အချိန်ကျမှ သူရပ်သွားတော့တယ်။ နောက်တော့ ကမ္ဘာပေါ်ကနေ သူပျောက်ကွယ်သွားတယ်။
“သူဟာ မဟာတာအိုမူလစတင်ရာ အဆင့်မြင့်ဘုံကို ရောက်သွားတယ်လို့လည်း တစ်ချို့ကပြောကြတယ်။ အဲဒီဘုံက တာအိုခေါင်းဆောင်နှင့် ကျင့်စဉ်တွေအကြောင်း ဆွေးနွေးဖို့တဲ့။ ဒါပေမယ့် တစ်ချို့ကလည်း ပြောကြပြန်တယ်။ သူဟာ အလွန်ဝေးတဲ့ အနောက်ပိုင်းက သုခဝတ္တိ တော်ဝင်မြေကိုသွားပြီး ဗုဒ္ဓကျမ်းစာတွေအကြောင်း ဗုဒ္ဓနဲ့ ဆွေးနွေးနေသတဲ့။ တစ်ချို့ကလည်း သူဟာ မြေအောက်ငရဲဂိတ်တံခါးမှာ စောင့်ကြပ်ပြီး မကောင်းဆိုးဝါး ဝိညာဉ်တွေ လူသားကမ္ဘာကို အန္တရာယ်မပြုနိုင်အောင် ကာကွယ်ပေးနေသတဲ့”
အဘိုးအိုမှာ အားတက်သရော ပြောနေသဖြင့် သူ့ပါးစပ်မှ တံတွေးမှုန်များ လွင့်ထွက်နေသည်။ သို့သော် သူ့ဘေးတွင်ဝိုင်းနေသည့် မြို့ခံများမှာ အူကြောင်ကြောင်ပုံစံဖြင့်သာ ငေးကြည့်နေကြသည်။
“သုံးပေရှည်တဲ့ သံသွားဆိုတာ ဘာကိုပြောတာလဲဟင်”
ကျီကွေ့က နားမလည်ဟန်ဖြင့် မေးလိုက်သည်။
“ဓားကိုပြောတာပါ”
ဆုန်ကျိရှင်းက ပြုံး၍ဖြေသည်။
“ဒီအဘိုးကြီးက ဟိတ်ဟန်များလွန်းပြီး ဘဝင်မြင့်နေတဲ့လူပဲ။ ပုံပြောတာတောင် လူနားလည်အောင်မပြောတတ်ဘူး”
ကျီကွေ့က မကျေမနပ်ဖြစ်ဟန်ဖြင့် ပြောသည်။
ဆုန်ကျိရှင်းက အဘိုးအိုကို အထင်မကြီးဟန်ဖြင့် ကြည့်နေသည်။
“ငါတို့မြို့ကလူတွေဟာ စာတောင်ဖတ်တတ်ကြတာမဟုတ်ဘူးလေ။ ဒီပုံပြောသမားဘယ်လောက်ကြိုးစားကြိုးစား သိပ်အရာထင်မှာမဟုတ်ပါဘူး”
ကျီကွေ့က မေးပြန်သည်။
“အဆင့်မြင့်ဘုံဆိုတာ ဘာကိုပြောတာလဲဟင်။ အနှစ်သုံးရာလောက် အသက်ရှင်နိုင်တဲ့လူ ဒီကမ္ဘာမှာ တကယ်ရောရှိလို့လား။ ပြီးတော့ မြေအောက်ကမ္ဘာဆိုတာ လူသေတွေပဲ သွားတဲ့နေရာမဟုတ်ဘူးလား”
သူ့အမေးကြောင့် ဆုန်ကျိရှင်း အခက်တွေ့သွားသည်။ သို့သော် ဗဟုသုတနည်းသူဟု အထင်မခံလိုပေ။ သိပ်မထူးဆန်းလေဟန်ဖြင့်
“ပေါက်တတ်ကရတွေပါ။ လက်တွေ့မကျတဲ့ မထင်မရှား သမိုင်းကြောင်းလေးတွေ နည်းနည်းဖတ်ပြီး ပညာမတတ်တဲ့ အခြေခံလူတန်းစားတွေကို လှည့်စားဖို့ ပုံကြီးချဲ့ပြီးပြောနေတာပါ”
ထိုစဉ် အဘိုးအိုက ဆုန်ကျိရှင်းထံ တစ်ချက်လှမ်းကြည့်လာသည်။ မတော်တဆကြည့်ခြင်းလား ရည်ရွယ်၍ ကြည့်ခြင်းလားတော့ မသိ။ ဖျတ်ခနဲသာ လှမ်းကြည့်ပြီး မျက်နှာလွှဲသွားသည်။
ထိုအကြည့် ဆုံကျိရှင်းက သတိထားမိလိုက်သည်။ သို့သော် သူသိပ်မစဉ်းစားပေ။ တိုက်ဆိုင်မှုဟုသာ ယူဆသည်။
ကျီကွေ့က ကန္တာရပင်ကို မော့ကြည့်လိုက်သည်။ သစ်ကိုင်းသစ်ရွက်များကြားမှ ထိုးကျနေသည့် နေရောင်အစက်အပြောက်များကြောင့် မျက်လုံးများ မှေးစင်းသွားသည်။
ဆုန်ကျိရှင်းက သူ့ကိုလှည့်ကြည့်လိုက်သည်။ ဆုန်ကျိရှင်း ခဏတာ မှင်သက်မိသွားသည်။
ဘေးတိုက်အနေအထား မြင်နေရသည့် ကျီကွေ့၏မျက်နှာမှာ ကလေးမျက်နှာမျိုးမဟုတ်တော့။ ရင့်ကျက်စပြုလာပြီဖြစ်သည်။ အရင်က ဆုံကျိရှင်းမှတ်မိနေသည့် ပိန်ပိန်သေးသေး အစေခံလေးမဟုတ်တော့ပေ။
မြို့အစဉ်အလာအရ မိန်းကလေးတစ်ယောက်လက်ထပ်လျှင် ကံကောင်းခြင်းအပြည့်ရှိသည့် လူတစ်ယောက်ကို ဖိတ်ကြားရသည်။ ကံကောင်းခြင်းအပြည့်ဆိုသည်မှာ မိဘနှစ်ပါးနှင့် သားသမီးများအားလုံး သက်ရှိထင်ရှားရှိနေသည့်လူမျိုးကို ဆိုလိုသည်။ ထိုလူက သတို့သမီးမျက်နှာမှ နူးညံ့သည့် အမွေးအမျှင်များကို ရိတ်ဖြတ်ပေးရသည်။ နဖူးပေါ်ဝဲကျနေသည့် ဆံနွယ်များ၊ နားသယ်စပ်မှ ဆံစများကို ကိုက်ဖြတ်ပေးရသည်။ မျက်နှာဖွင့်ခြင်းအခမ်းအနား သို့မဟုတ် နဖူးတင်ခြင်းအခမ်းအနားဟု ခေါ်သည်။
ဤမြို့တွင်မရှိသည့် အစဉ်အလာတစ်ခုကိုလည်း စာအုပ်တစ်အုပ်ထဲမှ ဆုန်ကျိရှင်း ဖတ်ဖူးထားသည်။ ကျီကွေ့ ဆယ့်နှစ်နှစ်အရွယ်တွင် မြို့ထဲမှ အကောင်းဆုံး ဝိုင်သစ်တစ်အိုး သူဝယ်ခဲ့သည်။ ထို့နောက် သူဝှက်ထားသည့် ကြွေပန်းအိုးတစ်ခုထုတ်သည်။ ထိုပန်းအိုးအရောင်က အတော်လှပသည်။ စိမ်းဖန့်ဖန့်ရောင်ဖြစ်သည်။ ဝိုင်ကို ထိုပန်းအိုးထဲသို့ ဂရုတစိုက်ထည့်ကာ ရွှံ့ဖြင့်ပိတ်၍ မြေထဲတွင် မြှုပ်ထားခဲ့သည်။
“ပညာရှင်တွေစကားနဲ့ဆိုရင် ချန်ပင်အန်းလိုလူမျိုးကို ပုံသွင်းမရတဲ့သစ်ဆွေးတုံး၊ စည်းရုံးကာမရတဲ့ နွားချီး လို့ ပြောရမယ်။ ဒါပေမယ့် အနည်းဆုံးတော့ သူ့ဘဝမှာ အဓိပ္ပါယ်ရှိတဲ့အရာတစ်ခုတော့ လုပ်ခဲ့ပါတယ်”
ကျီကွေ့ ဘာမှပြန်မပြော။ ခေါင်းငုံ့နေသည်။ သူ့မျက်တောင်များ အနည်းငယ်တုန်ရင်နေသည်ကို တွေ့မြင်နိုင်သည်။
ဆုန်ကျိရှင်းက ဆက်ပြောသည်။ သူတစ်ယောက်တည်း ရေရွတ်နေဟန်ဖြင့် ပြောခြင်းဖြစ်သည်.
“ချန်ပင်အန်းဟာ လူဆိုးမဟုတ်ပါဘူး။ ဒါပေမယ့် ကိုယ်ရည်ကိုယ်သွေးက ညံ့ဖျင်းလွန်းတယ်။ သူလုပ်တာကိုင်တာတွေက ဉာဏ်မပါဘူး။ ဒါကြောင့်လည်း ကြွေထည်လုပ်သားဖြစ်လာတာတောင် ဘယ်လောက်ကြိုးစားကြိုးစား ပထမတန်းစားပစ္စည်းမျိုးကို မဖန်တီးနိုင်တာပေါ့။ ဒါကြောင့်လည်း အဘိုးယော်က သူ့ကို သဘောမကျတာပေါ့။
“အဘိုးယော်ဟာ အမြင်စူးရှတဲ့လူပါ။ ချန်ပင်အန်းဟာ ဒီလုပ်ငန်းနဲ့ မသင့်တော်မှန်းသိတယ်။ ပုံသွင်းမရတဲ့ သစ်ဆွေးတုံးဆိုတာ အဲဒါပဲ။ ချန်ပင်အန်းလို ဆင်းရဲသားဟာ အင်ပါယာရဲ့နဂါးဝတ်ရုံခြုံထားရင်တောင် သုံးစားမရတဲ့ အောက်တန်းစားတစ်ယောက် ဖြစ်နေဦးမှာပါပဲ”
သူ့မျက်နှာတွင် စိတ်အလိုမကျသည့် အမူအရာများပေါ်လာသည်။ သက်ပြင်းတစ်ချက်ချလျက်
“တကယ်တမ်းပြောရရင် ငါက သူ့ထက်တောင် ပိုပြီးအဖြစ်ဆိုးပါတယ်”
ကျီကွေ့ သူ့ကို မည်သို့ဖျောင်းဖျရမှန်းမသိပေ။
ဆုန်ကျိရှင်းနှင့် ကျီကွေတို့အကြောင်းကို ကံကြမ္မာသမင်လမ်းနှင့် မက်မွန်ရွက်လမ်းရှိ လူချမ်းသာတို့၏ အမြဲတမ်း အတင်းအဖျင်းပြောကြသည်။ အဓိကအားဖြင့် ထိုသို့ပြောကြခြင်းမှာ ဆုန်ကျိရှင်း၏ တရားမဝင်အဖေ သခင်ဆုန်၏ အတိတ်ရာဇဝင်ကြောင့် ဖြစ်သည်။
မြို့ထဲတွင် အထင်ကရပုဂ္ဂိုလ်ဟူ၍ မရှိ။ စိတ်ဝင်စားစရာဖြစ်ရပ်ဟူ၍မရှိ။ ထို့ကြောင့် ကြွေလုပ်ငန်းကို လာရောက်ကြီးကြပ်သည့် နန်းတွင်းအရာရှိများသည်သာ အထင်ရှားဆုံးလူများဖြစ်လာသည်။ လူအားလုံးက မျက်လုံးဒေါက်ထောက်ကြည့်၍ အကဲဖြတ်ကြသည်။ ဤမြို့သို့ရောက်လာသည့် အရာရှိများထဲတွင် သခင်ဆုန်သည် မြို့ခံများကြားတွင် ရေပန်းအစားဆုံးဖြစ်ခဲ့သည်။
သူ့အရင် ရောက်လာခဲ့သည့် အရာရှိများလိုမဟုတ်။ အရာရှိအိမ်တော်တွင် ခိုအောင်း၍ စွမ်အင်ကျင့်ကြံနေခြင်းမရှိ။ ဧည့်တွေ့လက်မခံဘဲ တစ်ကိုယ်တည်း စာအုပ်စာပေဖတ်ရှုလေ့လာနေခြင်းမျိုးလည်း မရှိ။ နန်းသုံးကြွေထည်ဖန်တီးမှုဆိုင်ရာ ကိစ္စများကိုသာ အမြဲတမ်းအာရုံစိုက်ခဲ့သည်။ ကြွေအလုပ်ရုံကြီးကြပ်သူဆိုသည်ထက် သာမန်လူတစ်ယောက်နှင့်သာ ပို၍တူသည်။
ဤမြို့တွင် ရှိခဲ့သည် ဆယ်နှစ်ကျော်အတွင်း စာပေပညာရှင်ဟန် ဖြူဖြူဖွေးဖွေးလူတစ်ယောက်အဖြစ်မှ အသားများညိုမည်းလာခဲ့သည်။ သူ့အဝတ်အစားများသည်လည်း ကြွေထည်လုပ်သားများနှင့် ထူးမခြားနားဖြစ်လာသည်။
တစ်ခြားလူများနှင့် ဆက်ဆံရာတွင် သူ၏ရာထူးအရှိန်အဝါဖြင့် ဆက်ဆံခြင်းမရှိ။ သို့သော် ကံဆိုးစွာပင် သူကြီးကြပ်နေသည့် မြို့ထဲမှ ကြွေထည်များ အရည်အသွေးမမီခဲ့။ အသွင်သဏ္ဌာန်၊ အရောင်အသွေး နိမ့်ကျနေခဲ့သည်။ နန်းသုံးကြွေထည် ထုတ်လှုပ်မှုနှုန်းသည်လည်း ယခင်ထက် များစွာကျဆင်းသွားသည်။ ထိုအဖြစ်ကို ကြွေထည်ပညာရှင်ကြီးများပင် နားမလည်နိုင်အောင် ဖြစ်ကြရသည်။
နောက်ဆုံးတွင် လုပ်ငန်းရလာဒ်မကောင်းသော်လည်း တော်ဝင်တရားရုံးက သခင်ဆုန်၏ကြိုးစားအားထုတ်မှု လေးစားကြသဖြင့် အရာထမ်းဌာနမှ အကဲဖြတ်မှတ်တမ်းတစ်ခုပို့ကာ နန်းမြို့တော်သို့ သူ့ကို ပြန်ခေါ်ခဲ့ကြသည်။
မြို့တော်သို့မပြန်မီတွင် သခင်ဆုန်က သူပိုင်ငွေကြေးအားလုံးကို ခုံးတံတားတစ်ခုဆောက်ရန်အတွက် သုံးစွဲခဲ့သည်။ သူပြန်သွားချိန်တွင် ကလေးတစ်ယောက်ယောက် ပါမသွားကြောင်းလည်း အများကသိကြသည်။ လူချမ်းသာမိသားစုများက ထိုအဖြစ်၏ နောက်ခန်အကြောင်းမှန်ကို ချက်ချင်းနားလည်ခဲ့ကြသည်။
သခင်ဆုန်သည် ဤမြို့တွင် ကူညီပံ့ပိုးမှုများစွာ လုပ်ခဲ့သည်ဟု ဆိုနိုင်သည်။ ဆုန်ကျိရှင်းကိုလည်း သူ့နေရာတွင် အစားဝင်လာသည့် အရာရှိထံ အပ်နှံခဲ့သည်။ ထို့ကြောင့် သူ့သားသည် စားဝတ်နေရေး မပူပင်ရပဲ မကြောင့်မကြ နေနိုင်ခဲ့သည်။
ကျီကွေ့ဟု နာမည်ပြောင်းထားသည့် အစေခံမလေးနှင့်ပတ်သက်၍ လူအများပြောကြသည့် ဇာတ်လမ်းအမျိုးမျိုး ခန့်မှန်းချက်အမျိုးမျိုး ရှိသည်။ ကြွေပန်းအိုးလမ်းတွင် နေထိုင်သူများက ထိုအစေခံသည် နှင်းကျနေသည့်ဆောင်းရာသီတစ်နေ့တွင် ထိုလမ်းထဲသို့ ရောက်လာခဲ့သည့် သူတောင်းစားလေးသာဖြစ်ကြောင်း အခိုင်အမာပြောကြသည်။ ဆုန်ကျိရှင်း၏ခြံတံခါးရှေ့တွင် သိမေ့နေခဲ့သည်။ အချိန်မီ သူ့ကိုမတွေ့ခဲ့ကြလျှင် ဘဝကူးပြီး ဖြစ်ပေလိမ့်မည်ဟု ဆိုသည်။
အရာရှိအိမ်တော်မှ အိမ်မှုကိစ္စများ ဆောင်ရွက်ရသည့်အဘိုးအိုက ဇာတ်လမ်းတစ်မျိုးပြောပြန်သည်။ ထိုအစေခံသည် တစ်ချိန်က သခင်ဆုန်ဝယ်ယူခဲ့သည့် မိဘမဲ့တစ်ယောက်ဖြစ်ကြောင်း၊ သူထွက်သွားပြီးလျှင် ဆုန်ကျိရှင်း အဖေါ်ရစေရန်အတွက် စီစဉ်ခဲ့ခြင်းဖြစ်ကြောင်း အများသိအောင် ကြေညာသည်။
မည်သို့ပင်ဆိုစေ ကျီကွေ့ဟူသည့်နာမည်ကို ဆုန်ကျိရှင်းက ပေးခဲ့ခြင်းဖြစ်၍ သားအဖနှစ်ယောက်ကြား ပတ်သက်မှုရှိသည်မှာတော့ အသေအချာပင် ဖြစ်သည်။ “ကျီကွေ့” ဟူသည့် စာလုံးအား သခင်ဆုန်အနှစ်သက်ဆုံး မင်တံဆိပ်တုံးတွင် ရေးထိုးထားသည်ကို မြို့ခံလူချမ်းသာအများစု မြင်ဖူးထားကြသည်။
————–
ဆုန်ကျိရှင်း အသိပြန်ဝင်လာပြီးနောက် သူ့မျက်နှာတွင် ဝေဆာသည့်အပြုံးတစ်ခု ပေါ်လာသည်။
“ဘာကြောင့်မှန်းတော့မသိဘူး။ ခေါင်းမာတဲ့ ခြေလေးချောင်းမြွေအကြောင်းကိုပဲ တွေးမိနေတယ်။ မင်းလည်း စဉ်းစားကြည့်ပါ ကျီကွေ့။ ငါက သူ့ကို ချန်ပင်အန်းအိမ်ဝင်းထဲကို လွှင့်ပစ်လိုက်တာ။ ဒါပေမယ့် ငါ့အိမ်ထဲသို့ ပြန်ဝင်လာတယ်။ ချန်ပင်အန်းရဲ့အိမ်က ဆိုးဝါးလွန်းလို့ အဲဒီ့မြွေ မနေချင်တာပဲဖြစ်ရမယ်”
ကျီကွေ့က တွေးတွေးဆဆဟန်ဖြင့်
“တစ်ချို့အရာတွေက ကံနဲ့ပဲဆိုင်မယ်ထင်ပါတယ်”
ဆုန်ကျိရှင်းက သူ့စကားကို သဘောတူဟန်ဖြင့် လက်မထောင်ပြသည်။
“သိပ်မှန်တာပေါ့။ ချန်ပင်အန်းဟာ ကံကောင်းခြင်းဆိုတာ လုံးဝမရှိတဲ့လူမျိုးပဲ။ အသက်ရှင်နေတာနဲ့တင် သူကျေနပ်သင့်ပါပြီ”
ကျီကွေ့ ဘာမှမပြော။
ဆုန်ကျိရှင်း သူ့အတွေးနှင့်သူ ကျေနပ်နေသည်။
“ငါတို့ဒီမြို့ကနေ ထွက်သွားပြီးရင် ချန်ပင်အန်းက ငါတို့အိမ်ကို စောင့်ရှောက်ပါလိမ့်မယ်။ ဒါပေမယ့် သူခိုးကို ဓားရိုးကမ်းသလိုများ ဖြစ်နေမလားမသိဘူး”
“မခိုးပါဘူး။ သခင်လေး”
ကျီကွေ့က ပြန်ပြောလိုက်သ်ည။
“ဩ၊ မင်းက သူခိုးကိုဓားရိုးကမ်းတယ်ဆိုတာကို နားလည်လို့လား”
ဆုန်ကျိရှင်းက ပြုံး၍မေးလိုက်သည်။
ကျီကွေ့က အရိုးခံမျက်နှာဖြင့် မျက်တောင်တဖျတ်ဖျတ်ခတ်လျက်
“အခုပြောလိုက်တဲ့ အဓိပ္ပါယ်ပဲမဟုတ်ဘူးလား”
ဆုန်ကျိရှင်းက တောင်ဘက်အရပ်ဆီ ငေးမျှော်ကြည့်နေသည်။ မျှော်လင့်တောင့်တရိပ်များ သူ့မျက်နှာတွင် ပေါ်လာသည်။
“နန်းမြို့တော်မှာ ငါတို့မြို့ထက် စာအုပ်တွေအများကြီးရှိတယ်လို့ ကြားဖူးတယ်”
ထိုစဉ်မှာပင် ပုံပြောသူက ကြေညာလိုက်သည်။
“တကယ်နဂါးအစစ်တွေ ဒီကမ္ဘာမှာမကျန်တော့ပါဘူး။ ဒါပေမယ့် နဂါးသွေးဆက်ဖြစ်တဲ့ ရေနဂါးတို့၊ မီးနဂါးတို့ ဦးချိုမဲ့နဂါးတို့ ဆိုတာတွေတော့ ဒီကမ္ဘာက လူတွေကြားထဲမှာ တကယ်ရှိနေပါတယ်။ ပြီးတော့ ဖြစ်နိုင်တာက–“
အဘိုးအိုက တမင်တကာ စကားကိုရပ်ထား၍ လူအများ သိချင်စိတ်ပြင်းပြလာအောင် ကြိုးစားသည်။ သို့သော် ပရိတ်သတ်မှာ ဘာမှမထူးခြားပေ။ သူဘာလုပ်နေသည်ကိုပင် နားလည်ဟန်မတူပေ။ အဘိုးအို စိတ်ပျက်လက်ပျက်ဖြင့် ဆက်ပြောလိုက်ရသည်။
“သူတို့ဟာ ကျုပ်တို့လူသားတွေထဲမှာ ပုန်းနေတာဖြစ်နိုင်တယ်။ တာအိုနတ်မင်းတွေဆိုတာ လူမြင်ကွင်းမှာ လှည့်လည်သွားလာနေတဲ့ နဂါးတွေကို ရည်ရွယ်ပြီးပြောတာပါပဲ”
ဆုန်ကျိရှင်း ငြီးငွေ့လာဟန်ဖြင့် သမ်းတစ်ချက်ဝေလိုက်သည်။
ရုတ်တရက် စိမ်းစိုသည့် ကန္တာရသစ်ပင်မှ သစ်ရွက်တစ်ရွက် ဝေ့ဝဲ၍ကျလာသည်။ တိုက်တိုက်ဆိုင်ဆိုင် ထိုသစ်ရွက်က ဆုန်ကျိရှင်း နဖူးပေါ်ကျသွားသည်။
ဆုန်ကျိရင်း သစ်ရွက်ညှာကို လက်နှစ်ချောင်းကြားတွင်ညှပ်လျက် ဝှေ့ယမ်းလိုက်သည်။
—————
ရရန်ကျန်နေသည့် ကြေးပြားငါးပြားကို သွားတောင်းချိန်တန်ပြီဟု စဉ်းစားကာ မြို့အရှေ့ဂိတ်တံခါးဆီ ချန်ပင်အန်းထွက်လာခဲ့သည်။ ကန္တာရပင်အိုနားသို့ ရောက်လာချိန်တွင် သစ်ရွက်တစ်ရွက် လေထဲတွင်ဝေ့ဝဲ၍ကျလာသည်ကို မြင်လိုက်ရသည်။ ချက်ချင်း ခြေလှမ်းအရှိန်မြှင့်ကာ လက်ကိုဆန့်ထုတ်၍ သစ်ရွက်ကို ဖမ်းလိုက်သည်။ သို့သော် သစ်ရွက်က လေပြေနှင့်အတူ သူ့လက်အနီးမှ ဖြတ်ခနဲကျော်သွားသည်။
ချန်ပင်အန်းကလည်း အတော်မြန်သည်။ ချက်ချင်း ရှေ့တစ်လှမ်းတိုး၍ ဘေးသို့ယိမ်းကာ သစ်ရွက်ကို ဖမ်းရန်ကြိုးစာသည်။ သို့သော် ဖမ်းမမိပေ။ သစ်ရွက်သည် လေထဲတွင် ဝေ့ကာဝဲကာ ပျံနေဆဲသာဖြစ်သည်။
ချန်ပင်အန်းလက်မလျှော့။ နောက်ထပ် သုံးလေးကြိမ်ထပ်ကြိုးစားသည်။ သို့သော် သစ်ရွက်ကို ဖမ်းမမိသဖြင့် သူစိတ်ဓာတ်ကျသွားသည်။
ကိုယ်ပိုင်ကျောင်းတွင် စာချကျောင်းသားလုပ်နေသည့် အစိမ်းရောင်ဝတ်ရုံဝတ် ကောင်လေးတစ်ယောက်က ချန်ပင်အန်းဘေးမှ ဖြတ်သွားသည်။ ထိုစဉ် ကန္တာရသစ်ရွက်တစ်ရွက် သူ့ပုခုံးပေါ်သို့ အမှတ်မထင် ကျလာလေသည်။
ချန်ပင်အန်းမှာ မြို့တံခါးဂိတ်ဆီ ဆက်သွားနေပြီဖြစ်သည်။ သူ့ရစရာရှိသည့်ငွေ တောင်း၍မရလျှင်ပင် ဂိတ်စောင့်ကို ဖိအားနည်းနည်းတော့ ပေးရပေလိမ့်မည်။
———-
ထိုအချိန်တွင် ခပ်လှမ်းလှမ်း ရှေ့ဖြစ်ဟောစင်မြင့်ပေါ်မှ တာအိုဘုန်းကြီးက သူ့ကိုယ်သူ ခပ်တိုးတိုးရေရွတ်လိုက်သည်။
“ကံကြမ္မာစက်ဝန်းထဲမှာ လူတိုင်းဟာ အဆင့်တူတွေပါပဲ”
********************