စာစဉ် (၁၃) အပိုင်း (၁၇၅)

သူတော်စင်မှော်စာလုံး

ရွှေရေကန် အတွင်းဘက်၌

ဇူယွမ်က ရေထဲသို့ ဆက်လက်ပြီး ကူးခပ်လိုက်ကာ သူ့နောက်မှ ကပ်ပါလာသော ထန်ထန်အား ကြည့်လိုက်၏။

သူတို့က ရေထဲသို့ ခပ်နက်နက် ဆက်ကူးသွားနေစဉ် ဇူယွမ်မှာ အားကောင်းသော ဖိအားက သူ့ထံသို့ နေရာအစုံမှ ဖိနှိပ်လာသည်ကို စတင်ခံစား လာရသည်။ ထိုဖိအား ပမာဏက သာမန်ရေများထက် များစွာသာလွန် နေ၏။

“ဘယ်လောက် ပြင်းထန်လိုက်တဲ့ ဖိအားလဲ။ ငါက ကောင်းကင်တံခါး အဆင့်ကို ရောက်နေတာတောင်မှ မခံမရပ်နိုင် ဖြစ်နေရတယ်” ဇူယွမ်၏ အသွင်က လေးနက်သွား၏။ ရွှေရေကန် အနက်ပိုင်းဟာ သာမန်လူများ မသွားရောက်နိုင်သော နေရာတစ်ခု ဖြစ်၏။

ဇူယွမ်ထံမှ နက်ရွှေရောင် မူလချီများ ထွက်ပေါ်လာကာ သူ့အား ဝန်းရံလာသည်။ သို့သော် မူလချီ အတားအဆီး၏ အကန့်အသတ်မှာ သိပ်ကြာကြာ ခံနိုင်တော့မည်ပုံ မပေါ်ပေ။ ဇူယွမ်က မတက်သာသဖြင့် ရပ်လိုက်ရကာ မပြုံးချင်ပြုံးချင် ပြုံးမိလိုက်၏။ သူက ရွှေရေကန်၏ အောက်ခြေသို့ ရောက်ရှိရန် ဤမျှ ခက်ခဲလိမ့်မည်ဟု မမျှော်လင့် ထားမိပေ။ ထန်ထန်က ဇူယွမ့်အဖြစ်ကို သဘောပေါက်သည့် အတွက် နောက်ပြန်ကူး လာခဲ့သည်။ သူက ခဏတာ တွေးဆလိုက်ပြီးနောက် ဇူယွမ့်အပေါ်သို့ တက်လိုက်သည်။ စွမ်းအားပြည့်ဝသော မူလချီများ ပျံ့နှံ့လာပြီး ရေပူဖောင်း တစ်ခုကဲ့သို့ ဇူယွမ်အား ဝန်းရံထားလိုက်သည်။ ချက်ချင်းပင် ဇူယွမ်ထံ ကျရောက်နေသာ ဖိအားများက ပျောက်ကွယ်လို့ သွား၏။

“ကျေးဇူးပဲ” ဇူယွမ်က ထန်ထန်ခေါင်းကို ညင်သာစွာ ပွတ်ပေးလိုက်သည်။

ထို့နောက် ထန်ထန်နှင့် ဇူယွမ်တို့က အောက်ခြေသို့ နောက်တစ်ကြိမ် ဆင်းသွားသည်။ မိနစ်အနည်းငယ် ကြာမြင့်ပြီးနောက် သူတို့ သွားလိုသော နေရာသို့ရောက်၏။

ရွှေရေကန်၏ အောက်ခြေမှာ ရွှေရောင်များ ဖျိုးဖျိုးဖျပ်ဖျပ် လက်နေ၏။ ထိုနေရာရှိ ကျောက်တုံးများကလည်း ရွှေရောင် ဆိုးထားသကဲ့သို့ တလက်လက် တဝင်းဝင်း ဖြစ်နေလေသည်။

ဇူယွမ်က ဤနေရာ တစ်ခုလုံးကို ခြုံကြည့်လိုက်သည့်အခါ ပဟေဠိ ဖြစ်မိသွားသည်။ သူ့စိတ်ဝိညာဉ်မှာ  သာမန်မဟုတ်သော မည်သည့်အရာ ကိုမျှ အာရုံ မခံမိဘဲ ရှိနေပေသည်။ ထန်ထန်ကတော့ ဆက်လက်၍ ဆင်းသက်သွားပြီး ရေကန်အောက်ခြေမှာ ခြေချလိုက်သည်။ ရုတ်တရက် ထန်ထန်က သူ့လက်ဖဝါးလေး များဖြင့် တစ်နေရာကို တူးဆွလိုက်သည်။ များစွာသော ရွှေရောင်ကျောက်တုံး များက ဖွာလန်ကြဲ ကုန်သည်။

အချိန်ခဏ ကြာမြင့်ပြီးနောက် ဇူယွမ့်က တစ်နေရာကို အာရုံစိုက် လိုက်မိသည်။ ထန်ထန်က ဆက်လက် တူးဆွနေရင်းနှင့်ပင် ပျက်စီးနေသော ကျောက်ပြားတစ်ချပ်ကို ရေကန်အောက်ခြေ၌ တွေ့လိုက်ရသည်။

ဇူယွမ်က သူ့အင်္ကျီလက်ကို ဝှေ့ယမ်းလိုက်ရာ မူလချီများ ထွက်ပေါ်လာပြီး ကျောက်တုံး အပိုင်းအစများအား ဖယ်ရှားသွားစေ၏။ ကျောက်ပြားမှာ ပြည့်ပြည့်ဝဝ ပုံပေါ်လာခဲ့သည်။ ဤကျောက်ပြားက တော်တော်လေး ပျက်စီးနေပြီး ဖြစ်၏။ သို့သော် ဇူယွမ်က ကျောက်ပြားမျက်နှာပြင်အား မခွာတမ်း သေချာ ကြည့်နေလျက် ရှိသည်။ သူက ကျောက်ပြားပေါ်၌ ရှေးဟောင်းပုံစံ အပြောက်အမွမ်း များကို တွေ့လိုက်ရ၏။ ဒီပုံစံများက နှိုင်းလို့မရအောင် ထူးဆန်းလွန်းနေ၏။ အလင်းခပ်ဖျော့‌ဖျော့က ပုံစံတစ်ခုနှင့် တစ်ခုကြား ချိတ်ဆက်ထားကာ  ရှေးကျသော၊ ထူးဆန်းလွန်းသော မှော်စာလုံးများ ဖြစ်ပေါ်နေလေသည်။

ဇူယွမ်က ထိုမှော်စာလုံး များကို သေသေချာချာ စူးစိုက်ကြည့်နေသည်။ ဤအခိုက်မှာပင် သူ့ကိုယ်ထဲရှိ မူလချီများက  ဖော်ပြနိုင်စွမ်း မရှိသော ဖိအားအောက်မှာ ခြောက်ကပ် သွားသလို ခံစားလိုက်ရ၏။ ဒီဖိအားက ထိုရှေးမှော်စာလုံး ထံမှ ဖြစ်ပေါ်လာသည်မှာ ရှင်းလင်းပေသည်။

“ဒီမှော်စာလုံးထံမှ ထွက်ပေါ်လာတဲ့ အရှိန်အဝါက ရင်းနှီးနေသလိုပဲ”

ဇူယွမ့် နှလုံးသားထဲ၌ ပြင်းထန်စွာ စိတ်လှုပ်ရှား မိပေသည်။ သူ့မျက်လုံးများက ဖျတ်ခနဲ တောက်ပလာသည်။ “ငါမှတ်မိပြီ။ ဒီအရာက သူတော်စင်ကျောက်ပြား ပေါ်က အရှိန်အဝါနဲ့ ဆင်တူနေတာပဲ”

ဒီအရာက မထူးဆန်းတော့ပေ။ မူလအစ ကတည်းက သူတော်စင် အကြွင်းအကျန် နယ်မြေဟာ သူတော်စင်တစ်ယောက် သေဆုံးပြီးနောက် ဖြစ်ပေါ်လာခြင်း ကြောင့်ပင် ဖြစ်၏။

“သူတော်စင် မှော်စာလုံး”

ဇူယွမ်က သူ့ကိုသူ တိုးတိုးပြောလိုက်သည်။ “ဒီမှော်စာလုံးက သေဆုံးသွားသော သူတော်စင် တစ်ယောက်ရဲ့ သွေးတစ်စက်မှ ဖြစ်ပေါ်လာတာ သေချာတယ်။  ကျပ်မပြည့်တဲ့လူ တောင်မှ ဒီမှော်စာလုံးက အံ့မခန်း ဖြစ်နေလိမ့်မယ် ဆိုတာကို သိလိမ့်မယ်။ ဒီလိုမှ မဟုတ်ရင် ထန်ထန်က အသည်းအသန် တူးဆွရှာဖွေ နေမှာ မဟုတ်လောက်ဘူး”

ထန်ထန်က သူ့လက်ဖဝါးလေးဖြင့် ကျောက်ပြားကို ညွှန်ပြကာ ဇူယွမ်ထံ ကြည့်လိုက်သည်။

“ဒီကျောက်ပြားကို ထိစေချင်တာလား” ဇူယွမ်က မေးလိုက်သည်။

ထန်ထန်က ထပ်ခါထပ်ခါ ခေါင်းညိတ် ပြလိုက်သည်။ ဇူယွမ်က ခဏတာ တုံ့ဆိုင်းသွားကာ အံတင်းတင်း ကြိတ်လိုက်သည်။ ထို့နောက်တွင် သူက ထန်ထန်နားသို့ ရောက်လာပြီး ကျောက်ပြားပေါ်ရှိ ရှေးဟောင်း မှော်စာလုံးကို အလွန်ဂရုစိုက်စွာ ထိလိုက်သည်။

ဇူယွမ်က မှော်စာလုံးကို ထိလိုက်သောအခါ မမြင်ရသော ရောင်ခြည်တန်းများ ထွက်ပေါ်လာပြီး ဇူယွမ့်မျက်ခုံး နှစ်ခုကြား ဝင်ရောက်သွားသည်။

“ဘုန်း“

ထိုအလင်းတန်း ထိတွေ့မိသော အခိုက်တွင် ဇူယွမ့် စိတ်ထဲ၌ ပေါက်ကွဲမှုများ အကြိမ်ကြိမ် ဖြစ်ပေါ်၏။ သူ့စိတ်ဝိညာဉ် မှာလည်း ပြင်းထန်စွာ တုန်ခါလို့ သွားသည်။ စိတ်ကူးလို့ပင် မရနိုင်အောင် ကြီးမားလှသော ရှေးဟောင်း မှော်စာလုံးက သူ့ရှေ့တွင် ပေါ်ထွက်လာကာ ကြောက်မက်ဖွယ် ဖိအားနှင့် သူ့စိတ်ဝိညာဉ်အား စတင် ဝါးမျိုလာသည်။

“ခရက် … “

ဇူယွမ့် စိတ်ဝိညာဉ်မှာ ထိုဖိအားကို တောင့်မခံနိုင်ပဲ များစွာ အက်ကွဲလို့ လာသည်။ သူ့နှလုံးသား ထဲ၌ ကြောက်ရွံ့မှုများ ပြည့်နှက်လို့နေ၏။ ဇူယွမ်က ဒီဖိအားအောက်တွင် သူ့စိတ်ဝိညာဉ်မှာ အသက်ဆယ်ကြိမ် ရှူစာလောက်ပင် တောင့်မခံ နိုင်တော့သည်ကို ခံစားမိသည်။ ဤကဲ့သို့ ဆက်ဖြစ်နေလျှင် သူ့စိတ်ဝိညာဉ်မှာ အပိုင်းအစ ဖြစ်သွားတော့မည်မှာ သေချာနေပေသည်။

“ဒါက ဘယ်လိုဖြစ်တာလဲ” ကြောက်ရွံ့မှုက သူ့နှလုံးသားထဲ၌ ပဲ့တင်ထပ် နေသည်။

“ငါထိန်းမရအောင် ကြောက်စိတ်မွှန် နေလို့မရဘူး။ ဒါက သူတော်စင် မှော်စာလုံးရဲ့ သူတော်စင်ဖိအား ဖြစ်တယ် …” ဇူယွမ်က သူ့ကိုယ်သူ မနည်းတည်ငြိမ်အောင် ထိန်းချုပ်နေရသည်။ သူက ထိုသို့ ကြောက်ရွံ့နေလျှင် သူ့စိတ် ဝိညာဉ်ဟာ ပျက်စီး ပျောက်ကွယ် သွားလိမ့်မည်ကို သိနေခဲ့၏။

“စိတ်ဝိညာဉ်သာ ဒီလိုဖြစ်သွားမယ် ဆိုရင်”

ဇူယွမ်က အသက်ခပ်ပြင်းပြင်း ရှူလိုက်ကာ မျက်လုံး မှိတ်လိုက်သည်။ မူလဖျက်ဆီးခြင်း နတ်ဘုရား၏ စိတ်ဝိညာဉ် ပေါင်းစပ်ခြင်း နည်းလမ်းကို  သူ့ခေါင်းထဲ၌ စတင်လည်ပတ် လိုက်သည်။

“ဘုန်း“

ဇူယွမ့်ရှေ့ရှိ ဟင်းလင်းပြင်မှာ ကွဲအက်လာပြီး မရေမတွက် နိုင်သော ကြယ်များ ပြည့်နေသည့် ကောင်းကင် အဖြစ်သို့ ပြောင်းလဲလို့ သွားကာ အဆုံးမဲ့သော နတ်ဘုရား ကျောက်တုံးကြီးက တဖြည်းဖြည်း ပေါ်လာခဲ့သည်။

ဇူယွမ်နောက်ရှိ နတ်ဘုရား ကျောက်တုံးက ရှေးဟောင်းသူတော်စင် မှော်စာလုံးထံသို့ တန်းတန်းမတ်မတ် လှိမ့်လာသည်။

“ခရက်“

ရှေးဟောင်းတည်ရှိမှု နှစ်ခုက လေဟာနယ်ထဲ၌ တွေ့ဆုံမိကြသည်။ ၎င်းအရာနှစ်ခု ထိပ်တိုက် တွေ့ဆုံမှုကြောင့် ကမ္ဘာတစ်ခုလုံး အက်ကွဲ ပျက်စီးသွားသလို ခံစားမိရသည်။ ဇူယွမ်က ဒီတည်ရှိမှု နှစ်ခုကို ကြည့်၍ နှလုံး တဒုတ်ဒုတ် ခုန်မိသည်။

“သူတော်စင် မှော်စာလုံးက အစစ်အမှန် ဘာဖြစ်မလဲ။ ဆရာကန်ယွမ်ရဲ့ မူလနတ်ဘုရားရဲ့ စိတ်ဝိညာဉ် ပေါင်းစပ်ခြင်း နည်းလမ်းတောင်မှ ဒီစိတ်ဝိညာဉ် မှော်စာလုံးကို နင်းချေဖျက်ဆီးခြင်း မလုပ်နိုင်တဲ့ပုံပဲ …”  ဇူယွမ်က အလွန့်အလွန် တုန်လှုပ်မိလေ၏။

ဆရာကန်ယွမ်သူ့အားပေးခဲ့သော မျက်ခုံးနှစ်ခု ကြားရှိ ဖျက်ဆီးခြင်း နတ်ဘုရား အမှတ်အသားဟာ မူလနတ်ဘုရား ကျောက်တုံး၏ အရှိန်အဝါ ရှိပေသည်။ သို့ကြောင့် အတိတ်တုန်းက ဇူယွမ်အား စိတ်ဝိညာဉ် တိုက်ခိုက်မှု ပြုလုပ်ခဲ့သောသူ များသည် အလွန်တရာ ကြောက်ရွံ့မှုအား ခံစားခဲ့ ကြရပေသည်။ ထိုစိတ်ဝိညာဉ် တိုင်းမှာ နတ်ဘုရား ကျောက်တုံး၏ ကြိတ်ချေခြင်းကို ခံခဲ့ရပေ၏။ သို့သော် ခုချိန်မှာ နတ်ဘုရား ကျောက်တုံးက ထိုသို့ မပြုလုပ် နိုင်တော့သည့်ပုံ  ရှိနေသည်။ သူတော်စင် မှော်စာလုံးက ကြံ့ကြံ့တောင့်ခံ နိုင်သည့်ပုံပင်။

ဒီရှေးဟောင်း အံ့မခန်း ကြောက်မက်ဖွယ် အရာနှစ်ခုက ရှေ့မတိုးသာ နောက်မဆုတ်သာဖြင့် အားပြိုင်လို့ နေသည်။

“ငါလုပ်နိုင်တာက စောင့်ကြည့်ရုံပဲ ရှိတော့တယ်” ဇူယွမ်က ဘာမျှ မတက်နိုင်တော့ချေ။ ဤကဲ့သို့သော တိုက်ခိုက်မှု၌ သူ့လို စိတ်ဝိညာဉ် ဖွဲ့စည်းခြင်း ထိပ်ဆုံးအဆင့်လေးက မည်သည့်နည်းနှင့်မျှ ကြားဝင်ရောက်နိုင်ခြင်း မရှိပေ။ သူက ဆက်လက် ထိုင်ကြည့်ရုံသာ ရှိတော့၏။ ဒီရှေးဆန်သော အရာနှစ်ခု၏ တိုက်ခိုက်မှုက မည်မျှကြာမြင့်မည် ဆိုတာကို နတ်ဘုရားများသာ သိပေတော့မည်။ ဇူယွမ့်စိတ်ဝိညာဉ် မှာလည်း စတင်မောပန်း လာလေသည်။

“ဘုန်း“

ဇူယွမ်က ဆက်လက် မတောင့်ထား နိုင်တော့သော ခဏ၌ ကျယ်လောင်သော အသံတစ်ခု မြည်းဟည်းလာ၏။ ဇူယွမ်က အလျင်စလို ကြည့်လိုက်ရာ နတ်ဘုရား ကျောက်တုံးက နောက်သို့ တဖြည်းဖြည်းချင်း ပြန်ဆုတ်သွားကာ ပျောက်ကွယ် သွားသည်ကို တွေ့လိုက်ရသည်။ တခြားတစ်ဖက် မှာလည်း ရှေးသူတော်စင် မှော်စာလုံးပေါ်ရှိ အလင်းများ ပေါက်ထွက်လာပြီး လျင်မြန်စွာ ကျုံ့သွားကာ အလင်းတန်းအသွင် ပြောင်းလဲ၍ ဇူယွမ်ခေါင်းထဲသို့ ဝင်ရောက်သွားလေသည်။

ရွှေရေကန်၏ အောက်ခြေ၌

ထိုခဏ၌ ဇူယွမ်က မျက်လုံး တင်းကျပ်စွာ ပိတ်ထားရာမှ ပြန်ဖွင့်လို့လာသည်။


Comment

Leave a Reply

Options

not work with dark mode
Reset