Switch Mode

စာစဉ် (၁၃) အပိုင်း (၁၇၃)

သူတော်စင်ကျောက်ပြားပေါ်၌ နာမည်ရေးထိုးခြင်း

မြေပြင်တစ်ခုလုံးက လောင်ကျွမ်းမည်းနက်ကာ လုံးဝ ပျက်စီးကုန်သည်။

ဝူဟောင်က သူ့လက်မောင်းပေါ်ရှိ ဒဏ်ရာများအား ကြည့်ကာ မျက်နှာရှုံ့မဲ့ သွားသည်။ ထန်ထန်၏ လက်သည်းများက ထိုမျှ ကြောက်မက်ဖွယ် အဆင့်သို့ ရောက်နေပြီး ထက်ရှလွန်း နေမည်ဟု မထင်ထားမိပေ။ သူ့မူလချီ အကာအကွယ် ခုခံမှုက လုံးဝ အားမနည်းသော်လည်း ထန်ထန်လက်သည်း၏ အလွယ်တကူ ဆုတ်ဖြဲခြင်း ခံလိုက်ရသည်။

ယဲ့မင်က ဝူဟောင်အနားသို့ ကပ်သွားကာ လက်မောင်းပေါ်ရှိ ဒဏ်ရာကို ကြည့်လိုက်ပြီး မျက်မှောင်ကြုတ် မိသွားသည်။ “ဒီမူလ သားရဲက တကယ့်ကို သာမန်မဟုတ်ဘူး”

ဝူဟောင်က ခေါင်းညိတ်ပြလိုက်သည်။ “သူ့သွေးမျိုးဆက်က အရမ်းစွမ်းအား ရှိလွန်းတယ်”

ဒီအံ့ဖွယ် မူလသားရဲက  ကြမ်းကြုတ်ရက်စက်ပြီး ခြယ်လှယ်နိုင်စွမ်း အပြည့်ရှိသည်။ ဝူဟောင်က ၎င်းသားရဲကို မဆန့်ကျင်ဝံ့ဘဲ ရှိနေ၏။အခုလက်ရှိ အခြေနေမှာ သူက ထိုသားရဲအား တစ်ယောက်ချင်း မတိုက်ခိုက်နိုင်ပေ။

ဝူဟောင်က ယဲ့မင်အား အေးစက်စွာ ပြောလိုက်သည်။ “မင်းမှာ ဝှက်ဖဲ မရှိတော့ဘူး ဆိုရင် ငါက ငါ့ဘာသာ လွတ်မြောက်ဖို့ နည်းလမ်း ရှာရလိမ့်မယ်။ ဒီလိုပဲ ဆက်လုပ်နေမယ် ဆိုရင် ငါတို့အားလုံး လွတ်မြောက်နိုင်မှာ မဟုတ်ဘူး”

အခုလက်ရှိ အခြေအနေသည် သူတို့အတွက် လုံးဝ အရေးနိမ့်နေ၏။ ဇူယွမ်တို့ အဖွဲ့ကို ထည့်မတွက်ဘူး ဆိုလျှင်ပင် ဒီအဆင့်လေး မူလသားရဲ ဆယ့်နှစ်ကောင်က သူတို့အား အလွန် ခေါင်းကိုက်စေသည်။ ဤအတိုင်းဆိုလျှင် မကြာခင် သူတို့အတွက် ပိုဆိုးလာပေတော့မည်။

ယဲ့မင်ကလည်း ဤအခြေအနေနှင့် ပတ်သက်၍ သေချာပေါက် နားလည်၏။ သူက ဇူယွမ်ထံသို့ ကြည့်လိုက်ပြီး မတက်နိုင်သည့် ဟန်ဖြင့် သက်ပြင်းချ လိုက်မိသည်။  သူက အခြေအနေမှာ ဒီလိုဖြစ်လာ လိမ့်မည်လို့ မမျှော်လင့် မိခဲ့ပေ။ “ဇူယွမ်က တကယ်ပြဿနာ ပေးနိုင်တဲ့ကောင်ပဲ။ မင်းရဲ့ မဟာရန်ဖက် ဖြစ်နေတာ မထူးဆန်း တော့ပါဘူး”

“ဒါပေမဲ့ စိတ်ပူစရာ မလိုပါဘူး။ ငါတို့ ထွက်သွားချင်ရင် သူတို့ တားနိုင်မှာ မဟုတ်ဘူး”

ယဲ့မင်က ရှေ့သို့ တက်လိုက်၏။ သူ့မျက်လုံးအိမ် ထဲ၌ အနက်ရောင် ဝဲတစ်ခု ဖြစ်ပေါ်လာပြီး သူငယ်အိမ်မှာလည်း စတင်  ကျယ်ပြန့် လည်ပတ်လာခြင်း နှင့်အတူ လက်နှစ်ဖက်လုံးက ချိပ်တံဆိပ်ပုံစံ ဖန်တီးလိုက်သည်။

မှောင်မိုက်သော နတ်ဆိုးချီ၊ မှောင်မိုက်သော နတ်ဆိုးကောင်းကင်။

ယဲ့မင်၏ မျက်လုံးထဲမှ မှောင်မိုက်သော ချီအလင်းတန်း နှစ်ခုက ရုတ်ခြည်း ထွက်ပေါ်လို့လာ၏။ ထိုခဏ၌ ဒီနေရာ တစ်ခုလုံးက အဆုံးမဲ့သော အမှောင်ထုများဖြင့် ပြည့်နှက်လာဟန် ထင်ရသည်။ ကောင်းကင်တစ်ခုလုံး အမှောင်ထုများ ပြည့်နေသည်။ မြေပြင်ကိုလည်း ဖုံးလွှမ်းသွား၏။ ထိုအမှောင်ထုက လူတစ်ယောက်၏ အမြင်အား အတားအဆီး ဖြစ်စေရုံသာမက စိတ်ဝိညာဉ် ကိုလည်း အားပျော့စေသည်။

“ဝေါင်း“

အဆင့်လေး မူလသားရဲ များသည် ၎င်းတို့၏ ဦးတည်ရာ အာရုံအမြင်များ ပျောက်ရှကုန်၏။ သူတို့က ကြောက်လန့်တကြား လိုက်လံတိုက်ခိုက်ကုန်ကြသည်။

“တစ်ယောက်နဲ့တစ်ယောက် ကပ်ပြီး စုစုစည်းစည်း နေကြ” ဇူယွမ်အသံက ပျံ့နှံ့လာသည်။ ဤအမှောင်ထုများက လွှင့်ပြယ်ရန် ခက်ခဲနေသည်။ တစ်ယောက်ယောက်က တိုက်ခိုက်လျှင် အခြားလူများ အတွက် သူတို့နေရာကို သိသွားစေမည့် အခွင့်အရေးအား ပေးသလို ဖြစ်သွားလိမ့်မည်မှာ သံသယ ရှိစရာ မလိုပေ။

ကျိန်းရွှီးနှင့် လုလျိုတို့က ဇူယွမ့်အသံ ကြားပြီးပြီးချင်း သူ့ဘေးနားသို့ ကပ်လိုက်ကြသည်။ ထန်ထန်ကတော့ နီရဲသော မျက်လုံးများနှင့် ဒီဧရိယာ တစ်ခုလုံးအား သိမ်းကြုံး ကြည့်လိုက်ပြီး ခပ်ဖြည်းဖြည်း နောက်ပြန် ဆုတ်လိုက်သည်။

“တကယ် ဒုက္ခပေးနိုင်တဲ့ကောင်”

ယဲ့မင်က အမှောင်ထဲမှာ ခပ်တိုးတိုး ရေရွတ်လိုက်၏။ သူက အခြေအနေ ရှုပ်ယှက်ခတ် နေစဉ်အတွင်း သူတို့သုံး ယောက်အား ဖမ်းဆီးရန် စီစဉ်ထားခဲ့သည်။ အခြားတစ်ဖက်က ဂရုမစိုက်ဘဲ ရမ်းသမ်း တိုက်ခိုက်လျှင် သူက မြန်နိုင်သမျှ မြန်မြန် အားကုန်သုံး၍ ဖမ်းဆီးရန် အသင့်ပြင် ထားနေခဲ့ခြင်း ဖြစ်သည်။ သို့သော် ဇူယွမ်က လျင်မြန်စွာပင် တုံ့ပြန်လိုက်သည့် အတွက် သူ့အစီအစဉ်က မအောင်မြင်ဘဲ ဖြစ်ခဲ့ရ၏။

“ငါတို့ ပြန်ဆုတ်ဖို့ပဲ ရှိတော့တယ်နဲ့ တူတယ်”

ယဲ့မင်က သူ့လက်ကို ဖျတ်ခနဲ မလှုပ်ရှားခင် ခေါင်းယမ်းလိုက်၏။ ထိုအခါ အသံခပ်ဖျော့ဖျော့က ဝူဟောင်၊ ကျူးယင်နှင့် အခြားလူများထံ ရောက်ရှိသွားပြီး လူတိုင်းက ချက်ချင်းပင် နောက်ပြန် ဆုတ်လိုက်ကြသည်။

အမှောင်ထုက တဖြည်းဖြည်း ပျောက်ကွယ်လာ၏။

ချက်ချင်းပင် လုလျိုက ဝူဟောင်နှင့် အခြားလူများ ရှိနှင့်နေသော နေရာသို့ ကြည့်လိုက်၏။ သို့သော် သူတို့ အရိပ်အယောင်ကို မတွေ့ရတော့ချေ။ သူတို့သည် နဂိုထဲက ထွက်သွားရန် ဆုံးဖြတ်ပြီး ဖြစ်ပုံရသည်။

“သူတို့ပြေးပြီ” လုလျိုက ဤသို့ ဖြစ်သွားသည်ကို လုံးဝ မကြိုက်သည်မှာ ထင်ရှား၏။

ဇူယွမ်က လုလျိုထက်ပင် ပို၍ မချင့်မရဲ ဖြစ်မိသည်။  ထိုအရာက ဝူဟောင်၊ ယဲ့မင်နှင့် အခြားလူတွေကို ဒီနေရာ၌ မြေမြှုပ်ရန် အခွင့်အရေး ဖြစ်၏။ သို့သော် သူတို့က မဆုံးနိုင်သော ဝှက်ဖဲများ ရှိနေခဲ့သည်။

ဇူယွမ်က သူတို့ ပျောက်ကွယ်သွားသော နေရာသို့ စူးစိုက် ကြည့်နေရင်း သတ်ဖြတ်လိုသော စိတ်ဆန္ဒများ တဖွားဖွား ဖြစ်ပေါ်လာသည်။

“အလျင်လိုစရာ မလိုဘူး။ ငါတို့အတွက် အခွင့်ရေး ထပ်ရလိမ့်မယ်။ ငါတို့က သူတော်စင် အကြွင်းအကျန် နယ်မြေရဲ့ စစ်မှန်တဲ့ အောင်နိုင်သူ ဖြစ်အောင်လုပ်ရလိမ့်မယ် …”

ဝူဟောင်တို့အဖွဲ့ ထွက်ခွာသွားချိန်မှာ အဆင့်လေး မူလသားရဲ ဆယ့်နှစ်ကောင်က ဇူယွမ်တို့ အုပ်စုနားသို့ ဝန်းရံလာကာ ဟိန်းဟောက်သံများ ပြုလာ၏။

“ဝေါင်း“

သို့သော် ထန်ထန်က ၎င်းတို့အား ပြန်လည် ဟိန်းဟောက်လိုက်သည်။ ထိုဟိန်းသံကြောင့်  သစ်တောတစ်ခုလုံး တုန်ခါသွား၏။ ထန်ထန် ဟိန်းသံ ပြုလိုက်သည်နှင့် အဆင့်လေး မူလသားရဲများမှာ နောက်သို့ ခပ်ဖြည်းဖြည်း ပြန်ဆုတ်သွားကြသည်။ ထို့နောက် ထန်ထန်မှာ ခန္ဓာကိုယ်ကို ပြန်ကျုံ့လိုက်ရာ ချစ်စရာကောင်းသော မီးခိုးရောင် အကောင်လေး အဖြစ်ပြန် ပြောင်းလဲသွား၏။ ပြီးခဲ့သော တိုက်ပွဲ၌ ဒီပျင်းတိပျင်းတွဲ နေနေသော အကောင်လေးက မည်မျှကြောက်မက်ဖွယ် ကောင်းသည်မှာ သိသာခဲ့ပေသည်။

ထန်ထန်က ဇူယွမ်၏ ပခုံးပေါ်သို့ ခုန်တက်လိုက်သည်။ သူက ဇူယွမ်ကို ခပ်ဖွဖွ ပုတ်လိုက်ပြီး မျက်လုံးဝိုင်းလေးနှင့် ကြည့်လိုက်၏။

“သူက အစ်မကြီး ယောင်ယောင်ကို မေးနေတာပဲ” လုလျိုက ထန်ထန်အကြည့်အား နားလည်လိုက်သည်။

ဇူယွမ်က ထန်ထန်ခေါင်းကို ခပ်ဖွဖွ ပုတ်ကာ ပြောလိုက်၏။ “ယောင်ယောင်က သူတို့ လက်ထဲကနေ လွတ်မြောက်ခဲ့တယ်။ ခု သူအဆင်ပြေ နေပါပြီ။ သူက  တစ်နေရာရာမှာ အနားယူနေပြီး ငါတို့ သူမနဲ့ ပြန်တွေ့ကြရင် ကောင်းကောင်းမွန်မွန်ပဲ ရှိနေလိမ့်မယ်”

ဇူယွမ်စကားများကို ကြားပြီးနောက်မှာ ထန်ထန်က များစွာ စိတ်သက်သာရာ ရ၏။

သူတို့က စကားစမြည် ပြောနေစဉ်မှာပင် ကောင်းကင်ထက်မှ တစ်ခုခု ပေါ်ထွက်လာသည်ကို အာရုံခံ မိလိုက်သည်။ သူတော်စင် ကျောက်ပြားက စတင် လှုပ်ခတ်လို့လာသည်။ အလင်းများက သူတော်စင် ကျောက်ပြားအား ဖုံးလွှမ်းသွားပြီး ရှေးဟောင်းစာလုံးများ စတင်ပေါ်လာခဲ့၏။

လုလျိုက လုံးဝအံ့ဩ မိသွားသည်။ “တစ်ယောက်ယောက်က ကျောက်ပြားပေါ်မှာ သူ့နာမည်ကို ရေးထိုး နိုင်ခဲ့ပြီပဲ”

ဇူယွမ်နှင့် ကျိန်းရွှီး တို့ကလည်း အပေါ်သို့ အာရုံစိုက် ကြည့်လိုက်ကြသည်။ ယောင်‌ယောင်၊ ဝူဟောင်နှင့်ယဲ့မင် တို့က သူတို့နာမည်ကို သူတော်စင်ကျောက်ပြား ပေါ်မှာ ရေးထိုးနိုင်ခဲ့ပြီး ဖြစ်သည်။ ခုချိန်မှာလည်း အခြားတစ်ယောက်က ထပ်မံရေးထိုး နိုင်ခဲ့သည့်ပုံပင်။

“ကျန်းချွမ်း၊ တုံးရွှမ်းကုန်းမြေ”

“တိုက်ပွဲအောင်မြင် ပြီးမြောက်ခြင်း။ ကျိန်းရွှီးနှင့် တိုက်ပွဲ၌ အနိုင်ရသူ”

လုလျိုက ကျိန်းရွှီးကို စာနာစွာ ကြည့်လိုက်မိသည်။ ကျိန်းရွှီး၏ အသားအရေမှာ အမြဲဖျော့တော့နေဟန် ရှိကာ သူက မည်သည့် စိတ်ခံစားချက်မှ မရှိဘဲ တည်ငြိမ်စွာ ပြောလိုက်၏။  “သူ့အဖော်တွေက အနားမှာ ပုန်းပြီး မတိုက်ခိုက်ဘူး ဆိုရင် သူက ငါ့ကို လွယ်လွယ်နဲ့ နိုင်မှာ မဟုတ်ဘူး”  သို့သော် သူက လက်သီးတင်းကျပ်စွာ ဆုပ်လိုက်သည်။ သူ့မျက်နှာက အေးဆေးသလောက် စိတ်ထဲ၌ မကျေနပ် နိုင်သည်မှာ ထင်ရှားသည်။ တကယ်တော့ ကျိန်းရွှီးက ကန်မင်ကုန်းမြေကြီး၏ ထိပ်ဆုံးက ပါရမီရှင် တစ်ယောက်အဖြစ် သူ့ကိုသူ ဂုဏ်ယူမှု ရှိသည်မှာ အသိအသာပင် ဖြစ်သည်။

ဇူယွမ်က ကျိန်းရွှီး ပြောသည်ကို သဘောတူကြောင်း ခေါင်းညိတ်လိုက်သည်။ ကျိန်းရွှီးထံတွင် ရှိခဲ့သော ဂုဏ်သိက္ခာအရ သူက လုံးဝအရှုံးသမား တစ်ယောက် မဟုတ်ပေ။ တုံးရွှမ်းကုန်းမြေက လူတွေကသာ သောက်ကျစ် စဉ်းလဲစွာ ပြုမူခဲ့ကြခြင်း ဖြစ်၏။ သူတို့က ယောင်ယောင်အား အနိုင်ယူရန် တစ်ခုတည်းအတွက် တရားမျှတမှု ကိုပင် ဂရုမစိုက်ဘဲ အုပ်စုဖွဲ့ တိုက်ခိုက် ခဲ့ကြသည်ကို  လူတိုင်းက ရှင်းလင်းစွာ သဘောပေါက် ကြပေသည်။

ကျန်းချွမ်း၏ နာမည်ပေါ်လာပြီးနောက် သူတော်စင်ကျောက်ပြား ပေါ်၌ နောက်တစ်ကြိမ် အလင်းများထပ်၍ စုဝေးကာ နာမည်အသစ်တစ်ခု ထပ်မံ ပေါ်လာပြန်သည်။

“ကျူးယင်၊ တုံးရွှမ်းကုန်းမြေ”

“တိုက်ပွဲ အောင်မြင်ပြီးစီးခြင်း၊ လုလျိုနှင့် တိုက်ပွဲ၌ အနိုင်ရသူ”

လုလျို၏ မျက်နှာရွဲ့ လိုက်မိသည်။ သူက ကျိန်းရွှီးကို ရယ်သွမ်း သွေးသလို လုပ်နေစဉ်မှာပင် သူမကလည်း နောက်ထပ် အရှက်ခွဲခြင်း ခံခဲ့ရသော ဥပမာတစ်ခု ဖြစ်လာ၏။

“ဘယ်လိုတောင် ဒေါသထွက်စရာ ကောင်းလိုက်လဲ။ ငါ့သူကို ဘာလို့ ရှုံးခဲ့ရတာလဲ” လုလျိုက ဒီဆုံးဖြတ်ချက် အတွက် လုံးဝ လက်မခံနိုင်ပဲ ဖြစ်နေ၏။ အကယ်၍သာ သူမက အလစ်အငိုက် တိုက်ခိုက်ခြင်း မခံခဲ့ရသလို နှင်းခဲလေးကလည်း ချုပ်နှောင်ခြင်း မခံခဲ့ရဘူး ဆိုလျှင် သူတို့နှစ်ယောက်ပေါင်း စွမ်းအားကို ကျူးယင်က မည်သို့ ဆန့်ကျင် နိုင်မည်နည်း။

လုလျိုက မကျေမနပ် အော်ဟစ်နေစဉ် မှာပင် အလင်းများက ထပ်မံ၍ စုဝေးကာ နောက်ထပ်နာမည် တစ်ခုက တဖြည်းဖြည်း ပေါ်လာပြန်၏။

“ဇူယွမ်။ ကန်းမင်ကုန်းမြေ”

“တိုက်ပွဲအောင်မြင် ပြီးမြောက်ခြင်း။ ကျူးယင်နှင့် တိုက်ပွဲ၌ အနိုင်ရသူ”

ဇူယွမ်မျက်နှာပေါ်၌ တုန်လှုပ် အံ့ဩမှုများ ဖြစ်ပေါ်လာ၏။ သူသည် သူတော်စင် ကျောက်ပြားက ကျူးယင်နှင့် တိုက်ခိုက်ခဲ့သော တိုက်ပွဲကို အသိအမှတ် ပြုလိမ့်မည်ဟု မထင်ထားမိချေ။ သူ့နာမည်က ကျောက်ပြားပေါ်၌ ရေးထိုးပြီးဖြစ်၏။


Comment

Leave a Reply

Options

not work with dark mode
Reset