Switch Mode

အခန်း (၈၉)

မြန်မြန်သွားပြီး ခေါ်ခဲ့

ကောင်းကင်ခွင်းတောင်ရှိ ပိုင်ဖန်ခန်းမရှေ့၊

အပြာနုရောင် ဝတ်စုံလေးကို ဝတ်ဆင်ထားသော ယုံချင်ရွှမ်းယာသည် ဓားကြီးကို နောက်ကျောတွင်လွယ်ကာ အလုပ်များနေလေသည်။

ယုံချင်ရွှမ်းယာကို မည်သူမှ ထိုတာဝန်များကို ပေးခဲ့ခြင်းမဟုတ်ပေ။ သို့သော် ယုံချင်ရွှမ်းယာသည် မျိုးဆက်သစ်တပည့်ခေါင်းဆောင် ဟူသော ဂုဏ်ပုဒ်နှင့်အညီ ထိုတာဝန်များကို ပခုံးထမ်းလုပ်ကိုင်ပေးနေခြင်းပင်။

သို့သော် တပည့်ခေါင်းဆောင်ကို ကျင့်ကြံခြင်းအဆင့်နှင့် ရွေးလျှင် သိုသိုသိပ်သိပ်နေတတ်သော လီမျိုးနွယ် ကောင်လေးသာ ရသင့်ပေသည်။

သူသည် ကျင့်ကြံခြင်းအဆင့်အစစ်အမှန်ကို ဖုံးကွယ်ထားတတ်သည့် အတုမဲ့နတ်ဝိဇ္ဇာတစ်ပါးဖြစ်၏။ သူသည် အလွန်လုံခြုံသည်ဟု ယူဆထားသော တစ်နေရာတွင် ပုန်းအောင်းနေလေသည်။ သူသည် ဂိုဏ်းပြင်ရှိ တိုက်ပွဲတွင် ပေါ်ပေါ်ထင်ထင် ဝင်မတိုက်သော်လည်း ကြိုးစားပမ်းစား အစီအစဉ်များဆွဲ၍ တုနတ်ဝိဇ္ဇာဂိုဏ်း၏ လုံခြုံရေးအတွက် ပြုလုပ်ပေးခဲ့၏။

“ ရွှမ်းယာ… ”
ပိုင်ဖန်ခန်းမမှ အကြီးအကဲတစ်ဦးသည် ယုံချင်ရွှမ်းယာကို လှမ်းခေါ်လိုက်သည်။

ဂိုဏ်းပြင်ပ ကိစ္စများကိုတာဝန်ယူရသော အတုမဲ့နတ်ဝိဇ္ဇာ အကြီးအကဲများသည် ယုံချင်ရွှမ်းယာကို ကျောက်စိမ်းအဆောင်လေး ပေးလိုက်၏။ သူတို့သည် တောင်ကာမန္တန်အစီအရင်အပြင်သို့ အမြန်သွား၍ တိုက်ခိုက်ရမည်ဖြစ်သည်။

“ စိတ်မပူပါနဲ့ အကြီးအကဲတို့ ”
ယုံချင်ရွှမ်းယာသည် ကျောက်စိမ်းအဆောင်လေးကို လက်ထဲတွင် ကိုင်ထားလိုက်၏။ သူမ၏ မျက်လုံးများတွင် ပြတ်သားမှုများဖြင့် ပြည့်နေလေသည်။

အကြီးအကဲများသည် ခေါင်းညိတ်၍ ပြုံးပြလိုက်၏။ သို့သော် သူတို့သည် ယုံချင်ရွှမ်းယာ၏ စကားကြောင့် စိတ်ထဲတွင် နည်းနည်း မသက်မသာဖြစ်သွားကြ၏။

အတုမဲ့နတ်ဝိဇ္ဇာအကြီးအကဲများသည် ချက်ချင်းပင် တိမ်စီး၍ အနောက်တောင်ဘက်သို့ ပျံသန်းထွက်ခွာသွားလေသည်။

ပိုင်ဖန်ခန်းမတွင် မူလနတ်ဝိဇ္ဇာများ တစ်ရာကျော် ရှိသေး၏။ သူတို့သည် တောင်အသီးသီးမှ တပည့်ငယ်များကို တိုက်ပွဲအရှိန်ကြောင့် မတော်တဆဒဏ်ရာရသွားမည်စိုး၍ တိုက်ကွက်ခင်းကာ ကာကွယ်ထားကြသည်။

ကာကွယ်ပေးခံနေရပြီး အချိန်မရွေး‌ ရှောင်ပြေးရတော့မည့် တပည့်ငယ်များသည် ယခုအခိုက်တွင် မည်သို့မှ မကူညီနိုင်ကြပေ။ သူတို့သည် တောင်ကာမန္တန်အစီအရင် အပြင်ဘက်ကိုသာ မော့ကြည့်နေရ၏။

သူတို့၏ စိတ်အာရုံများသည် ဝေး‌ဝေးသို့ အာရုံမခံနိုင်ကြပေ။ သို့တစေ သူတို့သည် အံ့အားသင့်နေကြရလေသည်။

ဗဟုသုတများသော တပည့်ငယ်တချို့သည် တိုက်ပွဲအခြေအနေများကို အဆက်မပြတ် မှတ်ချက်ပေးနေပြီး အခြေအနေကို လှလှပပ ပုံဖော်ပြောပြနေကြ၏။

ဥပမာအားဖြင့် သူတို့သည် အောက်ပါအတိုင်း မှတ်ချက်ပေးကြ၏။
“ အဲ့ အတတ်တွေကို ကြည့်လိုက်ပါဦး။ အဲဒါတွေက တကယ်ကို မိုးကြိုးမုန်တိုင်းတစ်ခုလို အထင်ကြီးစရာကောင်းသလို စွမ်းအားကြီးမားပြီး မယုံနိုင်စရာကောင်းလောက်အောင် ပြင်းထန်တာပဲ…. ”

“ ရုတ်တရက်ကြီး တောင်တွေ မြေကြီးတွေက သိမ့်သိမ့်တုန်သွားလိုက်၊ ရုတ်တရက်ကြီး လက်နက်တွေရဲ့ အလင်းတန်းတွေက အရပ်ဆယ်မျက်နှာကို ပြိုးပြိုးပြက်ပြက် ဝင်းလက်သွားလိုက်နဲ့ ”

“ အာကာသနတ်မင်းတွေရဲ့ တန်ခိုးတွေက ငါတို့ရဲ့ ဝိညာဉ်တွေကိုပါ တုန်လှုပ်သွားစေတယ် ”

ဘေးမှနားထောင်နေသော လူများသည်လည်း သဘောတူကြောင်း ခေါင်းညိတ်ပြလိုက်ကြပြီး ပြန်ပြောလိုက်ကြသည်။
“ တော်တော်စွမ်းတာပဲ၊ တော်တော်စွမ်းတာပဲ ”

သူတို့သည်လည်း အာဒိကပ္ပလောကတွင် ဗဟုသုတများသူများကဲ့သို့ လူရာဝင်လိုကြပေသည်။

ထိုတပည့်ငယ်များထဲတွင် တာအိုတရား ကျင့်ကြံခြင်းကို အာရုံစိုက်သူများလည်း ပါ၏။ အသုံးမဝင်သော အချက်အလက်များပါသည့် စာအုပ်များကို ဖတ်မိထားသူများမှအပ တပည့်ငယ်အများစုသည် တိုက်ပွဲကို ကြည့်ကာ အားပေးနေကြသည်။
“ အထင်ကြီးစရာပဲ… ”

“ ဟုတ်တယ်… ဒါက အထင်ကြီးစရာပဲ ”

“ ငါတို့လည်း ဘယ်တော့မှ အဲဒီလို အစွမ်းကြီးလာမှာလဲ… ”

တပည့်ငယ်များထဲတွင် မင်းမျိုးမင်းနွယ်များလည်းပါ၏။ သူတို့သည် ဂိုဏ်းနှင့်အတူရှင်၊ ဂိုဏ်းနှင့်အတူသေရန် စိတ်ဆုံးဖြတ်ထားကြပြီးဖြစ်သည်။

ထိုလူအုပ်ကြားထဲတွင် မြေကြောအရေးပေါ်မန္တန်အစီအရင်အကြောင်း ပျံ့နှံ့သွား၏။ တပည့်ငယ်အများစုသည် စိတ်သက်သာရာရသွားဟန် သက်ပြင်းချလိုက်ကြ၏။

လူတိုင်းသည် ကိုယ့်အတွေးနှင့်ကိုယ်ဖြစ်ရာ မည်သူ့ကိုမှ အပြစ်မဆိုနိုင်ပေ။

သို့သော် တောင်ကာမန္တန်အစီအရင်တစ်ဝိုက်ရှိ အခြေအနေများသည် တစ်စထက်တစ်စ ပို၍ ပြင်းထန်လာလေသည်။

အနောက်တောင်အရပ်နှင့် အနောက်မြောက်အရပ် နှစ်ခုစလုံးတွင် အရိပ်နက် တစ်ရာခန့်သည် တောင်ကာမန္တန်အစီအရင် အလွှာကြီးကို ဖျက်ဆီးရန် ကြိုးစားနေကြသည်။

ဂိုဏ်းဘက်မှ အတုမဲ့နတ်ဝိဇ္ဇာများနှင့် ကောင်းကင်နတ်မင်းများသည်လည်း မန္တန်အစီအရင်ကြီး ပျက်ဆီးသွားလျှင် ရှေ့ထွက် တိုက်ခိုက်ရန် အသင့်ပြင်ထားကြသည်။

တောင်ကာမန္တန်အစီအရင်သည် အစွမ်းအပြည့် အခြေအနေတွင် ထိုးဖောက်၍ မရနိုင်သော လိပ်ခွံတစ်ခုကဲ့သို့ပင် ဖြစ်၏။ အပြင်မှသူများလည်း အတွင်းသို့ဝင်၍ မရသလို အတွင်းမှသူများသည်လည်း အပြင်သို့ မှော်အစွမ်းများသုံး၍ ဓမ္မရတနာများဖြင့် လှမ်းပစ်၍ မရပေ။

အပြင်မှ တိုက်ခိုက်နေသော အရိပ်နက်များကို ကြည့်၍ တောင်ကာမန္တန်အစီရင်ကြီးသည် သိပ်ကြာကြာတောင့်ခံနိုင်တော့မည် မဟုတ်ကြောင်း သူတို့သိလိုက်၏။

အရိပ်နက်များသည် သွေးခြင်များ၏ ထိန်းချုပ်မှုကို ခံနေရသော ရုပ်သေးရုပ်များဖြစ်၏။ ထိုသူများသည် ကိုယ်ပိုင်စဉ်းစားဉာဏ်မရှိကြတော့ဘဲ ပေးထားသည့် အမိန့်များကိုသာ လိုက်နာနိုင်ကြလေသည်။

သို့သော် သူတို့သည် တိုက်ခိုက်ရာတွင် တုနတ်ဝိဇ္ဇာဂိုဏ်းမှ နတ်ဝိဇ္ဇာများထက် ပို၍ အပေးအယူမျှလေသည်။

တော်သေးသည်မှာ လီချန်ရှို့၏ အဆိပ်မန္တန်အစီအရင်များသည် ရန်သူအင်အား၏ (၂၀)ရာခိုင်နှုန်းခန့်ကို သတ်ဖြတ်နိုင်ခဲ့၍ဖြစ်သည်။

တောင်ကာမန္တန်အစီရင်ကြီးမှ အချိန်ဆွဲပေးထားသဖြင့် လီချန်ရှို့သည် ဝိညာဉ်ကြောများနှင့် အာရုံခံကျောက်မျက်များကိုသုံးကာ ထိုရုပ်သေးရုပ်များ၏ နတ်တန်ခိုးများ၊ မိစ္ဆာတန်ခိုးများနှင့် စိတ်စွမ်းအားများကို လျှော့ချပစ်နိုင်လေသည်။

တုနတ်ဝိဇ္ဇာဂိုဏ်းသည် လက်ရှိတွင် အတန်ငယ် အရေးနိမ့်နေသော်လည်း ဆိုးဆိုးဝါးဝါးမဟုတ်သေးပေ။

****

ပိုင်ဖန်ခန်းမရှေ့တွင် အလုပ်များနေသော ယုံချင်ရွှမ်းယာသည် ခန်းမခေါင်မိုးပေါ်တွင် ထိုင်၍ အနားယူလိုက်သည်။ သူမသည် အောက်ရှိလူအုပ်ထဲသို့ ကြည့်လိုက်သည်။

‘ ဘာလို့ အစ်ကိုချန်ရှို့တို့ကို မတွေ့တာလဲ… ’
ယုံချင်ရွှမ်းယာ စိုးရိမ်သွားသည်။ သူမသည် ထပ်မံ၍ သေချာ ရှာကြည့်လိုက်သည်။

လီချန်ရှို့နှင့် လင်းအယ်သည် ပိုင်ဖန်ခန်းမရှေ့တွင် မရှိကြောင်း သူမ သေချာသွား၏။ ယုံချင်ရွှမ်းယာသည် ချုံတောင်လေးရှိရာ ဘက်သို့လှည့်ကြည့်လိုက်ပြီး အတန်ငယ် မျက်မှောင်ကြုတ်လိုက်သည်။ သူမသည် ချုံတောင်လေးသို့ အမြန်သွား၍ လီချန်ရှို့နှင့် လင်းအယ်တို့ကို ပိုင်ဖန်ခန်းမသို့ ခေါ်လာလို၏။

သို့သော် ယုံချင်ရွှမ်းယာတစ်ယောက် ဓမ္မတန်ခိုးများကို သုံး၍ ကောင်းကင်ပေါ်သို့ ပျံတက်တော့မည့်အချိန်တွင် ရုတ်တရက် သူမ၏ နားအတွင်းသို့ အသံလှိုင်းတစ်လှိုင်း ဝင်လာလေသည်။
“ ညီမလေးယုံချင်… အခုအချိန်မှာ အစ်ကိုနဲ့ လင်းအယ် ထွက်လာလို့ အဆင်မပြေသေးဘူး ”

“ တကယ်လို့ တောင်ကာမန္တန်အစီအရင် ပျက်ဆီးသွားရင် အစ်ကိုတို့ မြေအောက်က မန္တန်အစီအရင်မှာ စုံကြမယ် ”
ယုံချင်ရွှမ်းယာသည် ထိုစကားများကို ကြားလိုက်ရသောအခါမှ သက်ပြင်းချလိုက်ရ၏။

လီချန်ရှို့နှင့် လင်းအယ်သည် အဘယ်ကြောင့် လူအုပ်ထဲတွင် ပုန်းအောင်းနေကြောင်း သူမမသိသော်လည်း အစ်ကိုချန်ရှို့သည် ထိုသို့ပြောခဲ့သဖြင့် သူမစိုးရိမ်စရာမလိုတော့ပေ။

ထိုအခိုက်တွင် အမှောင်ထုထောင့်တစ်နေရာတွင် လီချန်ရှို့သည်လည်း သက်ပြင်းတစ်ချက်ချလိုက်၏။

ကံအားလျော်စွာပင် သူသည် အဆိပ်မအတွက် ကြိုတင်ပြင်ဆင်ခဲ့မိ၏။

လီချန်ရှို့သည် ထိုကိစ္စကို ဖြေရှင်းပြီးနောက် ဆက်၍‌လေ့လာလိုက်သည်။ အကယ်၍ ကျိုးကျိုးနှင့် ကျိုးဝူသည်လည်း သူ့ကိုလာခေါ်ရန် လုပ်လျှင်လည်း ထိုကဲ့သို့ အသံပို့လွှတ်ပေးရပေမည်။

ထိုအရာသည် မိတ်ဆွေများခြင်း၏ ဆိုးကျိုးတစ်ခုပင်။

ဂိုဏ်းမှ အနောက်တောင်ဘက်နှင့် အနောက်မြောက်ဘက် လီ(၁၅၀၀) အကွာတွင် အဆိပ်မန္တန်အစီအရင်များကို ထိန်းချုပ်ပေးခဲ့သော စက္ကူကိုယ်ပွား နှစ်ရုပ်သည် တာဝန်ပြီးဆုံးသွားပြီဖြစ်၍ သူတို့၏ သေတ္တာအသေးလေးများအတွင်းသို့ ပြန်ဝင်သွားကြပြီဖြစ်သည်။

လီချန်ရှို့ ယာယီ အနားယူနိုင်ပေပြီ။

လက်ရှိ အခြေအနေသည် လီချန်ရှို့ပြင်ဆင်ထားသည်ထက် များစွာပို၍ ရိုးရှင်းလေသည်။ ရန်သူဘက်တွင် အာကာသနတ်မင်းသုံးပါးသာပါ၍ တာ့လော်နတ်မင်းမပါပေ။

ထို့ပြင် တုနတ်ဝိဇ္ဇာဂိုဏ်းမှ နတ်ဝိဇ္ဇာများသည်လည်း အချဥ်မဟုတ်ချေ။

‘ တုနတ်ဝိဇ္ဇာဂိုဏ်းရဲ့ လက်ရှိတိုက်ခိုက်ပုံကိုကြည့်ရင် အရင်ဆုံး ထိပ်တိုက် တိုက်ခိုက်ပြီးမှ တဖြည်းဖြည်း ပြန်ဆုတ်မယ့်ပုံပဲ… ’

‘ မဟာအကြီးအကဲတွေရဲ့ နှုတ်ခမ်းတွေက လှုပ်နေတယ်။ နောက်ပိုင်းအခြေအနေတွေမှာ ရန်သူတွေကို ဘယ်လိုရင်ဆိုင်ရမလဲဆိုတာ နေရာအနှံ့ကလူတွေကို အသံပို့လွှတ်ပြီး ပြောနေတဲ့ ပုံပဲ… ’

ထိုအခြင်းအရာများကြောင့် လီချန်ရှို့ စိတ်သက်သာရာရသွားသည်။

ချီယွမ်၏ အသွင်ကိုဆောင်ထားသော စက္ကူကိုယ်ပွားသည် ဆေး‌ဖော်ဆောင်အရှေ့ရှိ လှုပ်ကုလားထိုင်လေးတွင် ထိုင်နေသည်။

လီချန်ရှို့သည် ထိုစက္ကူကိုယ်ပွားကို အသုံးပြု၍ အာကာသနတ်မင်းများ တိုက်ခိုက်နေသည်ကိုကြည့်ကာ တောင်ကာမန္တန်အစီအရင်၏ အခြေအနေကို လေ့လာနေခြင်းပင်။

သူ၏ခေါင်းထဲတွင် စက္ကူကိုယ်ပွားများကို မည်သို့နေရာသို့ ဆက်၍ ပို့ရမည်ကို တွေးတောနေပြီး တောင်ကာမန္တန်အစီအရင်ကြီး ပျက်ဆီးသွားမှ တရားဝင်တိုက်ပွဲကို စရန်ရည်ရွယ်၍ အခွင့်အရေးကောင်းကို သူ စောင့်နေလိုက်၏။

‘ ဆရာဒေါ်လေးကျိုးကျိုးနဲ့ ဆရာဦးလေးကျိုးဝူကို သူတို့ရဲ့ဆရာ အရှင်ဝမ်ချင်းက စောင့်ရှောက်မှာပါ။ ငါသူတို့အတွက် ပူပန်စရာမလိုလောက်ပါဘူး ’

လီချန်ရှို့သည် နတ်အာရုံသုံး၍ အနောက်တောင်အရပ်ကို အာရုံခံလိုက်ရာ ဆရာဒေါ်လေးကျိုးကျိုးကို တွေ့လိုက်ရသည်။

ကျိုးနတ်ဝိဇ္ဇာကိုးပါးသည် သူတို့၏ ဆရာ အရှင်ဝမ်ချင်း၏နောက်တွင် စီတန်းရပ်၍ ဓမ္မရတနာများကိုကိုင်ကာ တန်ခိုးများကို ကိုယ်တွင်း၌ စီးဆင်းနေစေ၍ အသင့်ပြင်ထားကြလေသည်။

ထိုကိုးပါးထဲတွင် အကြီးဆုံးဖြစ်သည့် အစ်မကြီး ကျိုးရီရီသည် ထင်ရှားမှုအရှိဆုံးဖြစ်သည်။

သူမ၏ မျက်နှာထားသည် ရေခဲတမျှ အေးစက်စက်ရှိနေလေသည်။ သူမ၏ ပတ်လည်တွင် ရတနာသုံး၊ လေးခု ပျံသန်းနေ၏။ သူမ၏ ကျင့်ကြံခြင်းအဆင့်သည် ကောင်ကင်နတ်မင်း အစောပိုင်းအဆင့်ဖြစ်သည်။

အရှင်ဝမ်ချင်း၏ဘေးတွင် မဟာအကြီးအကဲနှစ်ဦးသည် တစ်ဖက်စီတွင် ရပ်နေကြ၏။ သူတို့သည် ကောင်းကင်နတ်မင်းအဆင့်ရှိသော အကြီးအကဲဆယ့်နှစ်ယောက်နှင့်အတူ အနောက်တောင်ဘက်ရှိ တောင်ကာမန္တန်အစီအရင်အနီးတွင် ရပ်နေကြခြင်းပင်။

ဂိုဏ်းသည် တိုက်ခိုက်ခံနေရ၏။ ကျင့်ကြံခြင်းအဆင့်မြင့်မားသူများသည်‌ ကောင်းကင်ခွင်းတောင်ကို ရှေးဦးစွာသွား၍ မိမိနေရာကျသည့် တိုက်ပွဲနေရာကို မေးရလေသည်။ ထိုအရာသည် တုနတ်ဝိဇ္ဇာဂိုဏ်း၏ စည်းမျဉ်းဖြစ်လေသည်။

အရှင်ဝမ်ချင်းသည် တစ်စုံတစ်ခုကို သတိရသွားဟန်ပေါ်၏။ သူသည် သူ၏တပည့်မလေးကို လှည့်ကြည့်၍ မေးလိုက်သည်။
“ ကျိုးအာ… ”

ကျိုးကျိုးသည် အရက်အိုးကြီးကို ပိုက်၍ စိုးရိမ်ဟန်ဖြင့် ချုံတောင်လေးရှိရာသို့ မကြာမကြာ လှမ်းကြည့်နေ၏။
“ ကျိုးအာ ရှိပါတယ် ဆရာ ”

“ အင်း… ”
အရှင်ဝမ်ချင်း၏ နှုတ်ခမ်းစွန်းနှစ်ခုသည် တွန့်ကွေးသွား၏။
‘ ကျိုးအာရဲ့ ကျင့်ကြံခြင်းအဆင့်က မဆိုးဘူးပဲ ’

“ တကယ်လို့ ခဏနေ တိုက်ပွဲပြင်းထန်လာရင် တစ်ယောက်ကိုတစ်ယောက် စောင့်ရှောက်ပြီး ဝူအာကိုလည်း ဂရုစိုက်ပေးလိုက်ကြ။ သူ့ရဲ့ ဒဏ်ရာဟောင်းတွေက အရှင်းမပျောက်သေးဘူး ”

ကျိုးဝူအနည်းငယ် ရှက်သွား၏။ ကျန်ရှစ်ဦးသည် ဦးညွှတ်၍ အမိန့်နာခံလိုက်သည်။

သို့သော် ကျိုးဝူသည် အကြီးအကဲဝမ်လင်းယွမ် သူ့အား သတိပေးလိုက်သည်များကို ပြန်အမှတ်ရလိုက်၏။

အဟမ်း … အကြီးအကဲဝမ်လင်းယွမ်သည် သူ့ကို အထပ်ထပ်မှာကြားခဲ့၏။
“ တကယ်လို့ စွမ်းအားကြီး ရန်သူတွေကြောင့် တောင်ကာမန္တန်အစီအရင် ပျက်ဆီးသွားရင် ချက်ချင်း ကောင်းကင်ခွင်းတောင်ကို သွားလိုက်။ ရန်သူတွေကို တိုက်မနေဘဲနဲ့ ဒီပိုးအိတ်လေးကိုပဲ ဖွင့်ကြည့်လိုက်… သဘောပေါက်လား ”

ထိုပိုးအိတ်လေးသည် ကျိုးဝူ၏ အင်္ကျီလက်အတွင်း၌ ရှိ၏။ သူသည် ထိုအိတ်လေးကို အချိန်မကျသေးဘဲ ဖွင့်မကြည့်ဝံ့ပေ။

အကြီးအကဲဝမ်လင်းယွမ် သူ့ကို ထိုစကားများပြောခဲ့စဉ်က သူနှင့် ကျိုးရှစ်သည် အလွန်ထိတ်လန့်သွားသဖြင့် ရက်အနည်းငယ်ထိ အသိစိတ်မကပ်နိုင်အောင် ဖြစ်နေခဲ့ရ၏။

ကျိုးဝူသည် ခေတ္တမျှတွေးတော၍ ရှေ့သို့ ခြေနှစ်လှမ်းတက်လိုက်သည်။ သူသည် အရှင်ဝမ်ချင်း၏ အနောက်တွင်ရပ်၍ အကြီးအကဲဝမ်လင်းယွမ် သူ့အား ပြောထားသည့်အရာများကို ပြောပြလိုက်သည်။

အရှင်ဝမ်ချင်းသည် ထပ်၍ စစ်မေးမနေဘဲ ကျိုးဝူကို အကြီးအကဲဝမ်လင်းယွမ် ညွှန်ကြားသည့်အတိုင်းသာ လုပ်ရန် အမိန့်ပေးလိုက်၏။

ကျိုးဝူသည် မိမိ၏နေရာတွင် ပြန်ရပ်လိုက်ပြီး တောင်ကာမန္တန်အစီအရင် အပြင်ဘက်သို့ ကြည့်နေလိုက်သည်။ သူသည် တောင်ကာမန္တန်အစီအရင်အား တိုက်ခိုက်နေသော ရန်သူများကိုကြည့်၍ သူ၏ ဓားကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်လိုက်လေသည်။

သူသည် အဆိပ်ပုလင်းအနည်းငယ် ပြင်ဆင်ခဲ့၏။ သို့သော် အနန္တအဆိပ်ဆေးလုံးများကိုသာ သုံးရန် ဟန်ပြင်ထားလိုက်သည်။

ကျိုးဝူတွေးလိုက်သည်။
‘ တူလေးချန်ရှို့က အခုဆို ကောင်းကင်ခွင်းတောင်ကို ရောက်နေလောက်ပါပြီ ’

သူသည် နတ်အာရုံကိုသုံး၍ ကောင်းကင်ခွင်းတောင်ရှိ ပိုင်ဖန်ခန်းမကို အာရုံခံလိုက်သည်။ ကျိုးဝူ မျက်မှောင်ကြုတ်သွား၏။

ထပ်မံ၍ သေချာရှာဖွေပြီးနောက် ထိုအရပ်ပုသော တာအိုရသေ့သည် စိုးရိမ်တကြီးဖြစ်သွားလေသည်။

လီချန်ရှို့နှင့် လင်းအယ်သည် ပိုင်ဖန်ခန်းမရှေ့တွင် မရှိပေ။ သူတို့သည် ကောင်းကင်ခွင်းတောင်ပေါ်၌ပင် မရှိကြချေ။

ကျိုးဝူသည် တစ်စုံတစ်ခုကို တွေးလိုက်မိ၍ စိတ်ပူသွား၏။

ထပ်မံ၍ တွေးတောကြည့်ပြီးသောအခါ သူသည် လီချန်ရှိ့နှင့် လင်းအယ်တို့၏ လုံခြုံရေးအတွက် မစိုးရိမ်ဘဲ မနေနိုင်အောင် ဖြစ်လာပေသည်။

ထို့ကြောင့် ကျိုးဝူသည် သူ့ဆရာကို ထပ်ပြောလိုက်၏။
“ ဆရာ… ကျွန်တော် အရင်ဆုံး ချုံတောင်လေးကိုသွားပြီး တူလေး ချန်ရှို့နဲ့ တူမလေး လင်းအယ်ကို ပိုင်ဖန်ခန်းမကို လိုက်ပို့ချင်ပါတယ် ”

“ တူလေး ချန်ရှို့က သွေးဆူလွယ်တယ်။ သူက သူဆင်ထားတဲ့ မန္တန်အစီအရင်တွေကို သုံးပြီး ရန်သူတွေကို တိုက်ခိုက်ပြီး ကျွန်တော်တို့ကို ကူညီဖို့ လုပ်နေမှာ ကျွန်တော်စိုးရိမ်လို့ပါ ”

အရှင်ဝမ်ချင်းသည် ခေါင်းညိတ်၍ ပြောလိုက်သည်။
“ ကောင်းပြီ ”

ဘေးတွင် ရပ်နေသော ကျိုးကျိုးသည် တစ်ခုခုဝင်ပြောချင်သော်လည်း ချီတုံချတုံဖြစ်နေလေသည်။ သူမသည် နှုတ်ခမ်းစေ့၍ သူမ၏ အစ်ကို၊ အစ်မများနှင့် ရင်ဘောင်တန်း တိုက်ခိုက်ရန် ရပ်နေသော နေရာတွင်သာ ဆက်ရပ်နေလိုက်၏။
‘ အဲဒါက လီချန်ရှို့နဲ့ လင်းအယ်ကို ခေါ်ပြီး ပိုင်ဖန်ခန်းမကို ပို့ပေးရုံပါပဲ။ အစ်ကိုငါးတစ်ယောက်တည်း သွားလည်းရပါတယ်… ’

ကျိုးဝူသည် ကြံ့ကြံ့ခံနေသေးသော တောင်ကာမန္တန်အစီအရင်ကြီးကို တစ်ချက်ကြည့်ကာ ချုံတောင်လေးဆီသို့ အလျင်အမြန်သွားလိုက်လေသည်။

‘ ဒီလိုပဲ ဖြစ်မှာပေါ့… ’
အမှောင်ထုထဲရှိ လီချန်ရှို့သည် ထိုမြင်ကွင်းကို အာရုံခံမိလိုက်၍ ရင်ထဲတွင် သက်ပြင်းချလိုက်၏။ သူသည် ကျိုးဝူထံသို့ အသံပို့လွှတ်ရန် ပြင်လိုက်သည်။

ထိုအခိုက် …

ကောင်းကင်တွင် ရွှေရောင်အလင်းတန်းများ ဖြာထွက်လာပြီး မှော်အစွမ်းများပါသည့် ဓားရှည်ကြီးတစ်ချောင်းသည် တိမ်များကို ဖြတ်ကာ ကျန့်(၁၀၀၀)ခန့် ရှည်လျားသော ဓားအလင်းတန်းများကို သယ်ဆောင်လာပေသည်။ ထိုဓားကြီးသည် အရှိန်အဟုန်ကြီးစွာဖြင့် ကျဆင်းလာ၏။

အာကာသနတ်မင်းတစ်ပါးသည် တောင်ကာမန္တန်အစီအရင်ကြီးကို ရုတ်တရက် တိုက်ခိုက်လိုက်ခြင်းပင်။

တောင်ကာမန္တန်အစီအရင် အလင်းအလွှာကြီးသည် ပြင်းထန်စွာ လှုပ်ခတ်သွား၏။ ဂိုဏ်းချုပ်သည် မာန်သွင်း၍ ရန်သူဘက်မှ အာကာသနတ်မင်းနှစ်ပါး တောင်ကာမန္တန်အစီအရင်ကြီးကို ထပ်မတိုက်နိုင်ရန် တားဆီးတိုက်ခိုက်လိုက်သည်။

တောင်ကာမန္တန်အစီအရင်ကြီး မတည်မငြိမ်ဖြစ်နေချိန်တွင် အနောက်တောင်ဘက်နှင့် အနောက်မြောက်ဘက်မှနေ၍ မ‌ရေမတွက်နိုင်သော အလင်းတန်းများသည် မန္တန်အစီအရင်များကို တစ်ပြိုင်တည်း တိုက်ခိုက်လိုက်ကြလေသည်။

ထိုရုပ်သေးများသည် အပြန်အလှန်နားလည်၍ အပေးအယူမျှသည်။

တောင်ကာမန္တန်အစီအရင်ကြီး၏ အလင်းတန်းများသည် ပျောက်ကွယ်သွား၏။ ခေတ္တမျှကြာသောအခါ မန္တန်အစီအရင်ကြီးသည် ပေါက်ကွဲ ပျက်ဆီးသွားလေတော့သည်။ စိတ်တန်ခိုးများသည် ဆူနာမီလှိုင်းလုံးကြီးများကဲ့သို့ အရပ်မျက်နှာအနှံ့အပြားသို့ လွင့်ပျံသွားကြ၏။

တုနတ်ဝိဇ္ဇာဂိုဏ်းမှ မဟာအကြီးအကဲတစ်ဦးသည် တဖျပ်ဖျပ်ဝင်းလက်နေသော ဘုံကျောင်းပုံစံ လက်နက်ကို ကိုင်ကာ အော်လိုက်သည်။
“ တိုက်ကြ ”

ရုတ်ခြည်းပင် မရေမတွက်နိုင်သော အလင်းတန်းများသည် အနောက်တောင်ဘက်နှင့် အနောက်မြောက်ဘက်သို့ ပျံတက်သွားကြလေသည်။ မှော်အစွမ်းများနှင့် ဓမ္မရတနာများသည်လည်း အဆက်မပြတ် ထွက်ပေါ်လာတော့သည်။

အနောက်မြောက်ဘက်တွင် အဆိပ်လက်ကြီးတစ်ဖက်သည် ကောင်းကင်ပေါ်တွင် ပေါ်လာပြီး ရန်သူများကို ရိုက်ချလိုက်သည်။ အကြီးအကဲဝမ်လင်းယွမ်၏ အင်္ကျီလက်များသည် လှုပ်ယမ်းသွားပြီး မုတ်ဆိတ်မွေးများနှင့် ဆံပင်များသည်လည်း လေတွင် ဝဲလွင့်နေပေသည်။ သူသည် ခံ့ညားထည်ဝါလှပေ၏။

သို့သော် ကောင်းကင်နတ်မင်းအဆင့်ရှိသော မိစ္ဆာများသည် ထိုအတွက် ကြိုတင်ပြင်ဆင်ထား၏။ သူတို့သည် သူတို့၏ ဓမ္မရတနာများကို အဆုံးရှုံးခံ၍ အဆိပ်နတ်ဝိဇ္ဇာကို ကာကွယ်လိုက်ကြသည်။

နှစ်ဖက်စလုံးမှ အခြားနတ်ဝိဇ္ဇာများသည် ဓမ္မရတနာများနှင့် မှော်အစွမ်းများကို သုံး၍ အဝေးမှသာ တိုက်ခိုက်ဝံ့လေသည်။ သူတို့သည် လျင်မြန်စွာ ပျံ့နှံ့နေသော အစိမ်းရောင် အဆိပ်ငွေ့များအတွင်း မဝင်ရဲကြပေ။

အနောက်တောင်ဘက်တွင် ကောင်းကင်နတ်မင်း ဆယ့်နှစ်ပါးသည် အနီးကပ် တိုက်ပွဲ ဆင်နွှဲနေ၏။ အာကာတစ်ခွင်လုံး အလင်းတန်းများနှင့် ပြည့်နှက်နေပြီး တိမ်များအကြားတွင်လည်း တိုက်ခိုက်နေသူများ ရှိလေသည်။

ကျိုးဝူသည် ထိုအခြင်းအရာများကို မြင်သောအခါ ချက်ချင်း ပြန်လှည့်၍ ကူညီရန် ပြင်လိုက်သည်။

သို့သော် သူပြန်လှည့်ရန် လုပ်လိုက်စဉ်မှာပင် နားအတွင်းသို့ အသံလှိုင်းတစ်ခု ဝင်လာ၏။
“ ပိုးအိတ်ကို ဖွင့်ကြည့်လိုက်ပါ။ တခြား ဘယ်နေရာမှာမှ ဝင်မရှုပ်နဲ့။ ပြောတဲ့အတိုင်းလုပ်ရင် ဒီအခြေအနေကို မင်းကိုယ်တိုင်တောင် ပြောင်းပြန်လှန်လိုက်နိုင်တယ် ”

‘ အကြီးအကဲဝမ်လား… ’
ကျိုးဝူ အံ့အားသင့်သွားသည်။ သူသည် အင်္ကျီလက်အတွင်းမှ ပိုးအိတ်လေးကို ထုတ်၍ ကြည့်လိုက်သည်။ ထို့နောက် သူသည် တစ်စုံတစ်ခုကို သဘောပေါက်သွား၏။
‘ အာ… ’

‘ ငါဘာလို့ ဒါကို အရင်တုန်းကတည်းက မစဉ်းစားမိရတာလဲ ’
ပြင်းထန်နေသော တိုက်ပွဲကိုကြည့်၍ တာအိုရသေ့ဂျပုသည် အံကြိတ်ကာ ခြေဆောင့်လိုက်သည်။ ထို့နောက်သူသည် ပြန်လှည့်၍ ကောင်းကင်ခွင်းတောင်သို့ ခပ်သွက်သွက် သွားလိုက်လေသည်။

ကျိုးဝူထံသို့ အသံပို့လိုက်သူမှာ အမှောင်ထုထဲတွင် ပုန်းအောင်နေသော လီချန်ရှို့ပင်။ သူသည် အကြီးအကဲဝမ်၏ လေသံကို သုံး၍ အသံပို့လွှတ်လိုက်ခြင်းဖြစ်၏။

အကြီးအကဲဝမ်သည် ဂိုဏ်း၏ အနောက်မြောက်ဘက်တွင် သက်စွန့်ဆံဖျား တိုက်ပွဲဝင်နေသည်ဖြစ်ရာ အဘယ်သို့ ကျိုးဝူကို ဂရုစိုက်နေနိုင်ပေမည်နည်း။

‘ ပြီးရင်တော့… ’

‘ ဆရာဦးလေးတစ်ယောက် ဘယ်လို ငိုမလဲဆိုတာ စောင့်ကြည့်ရမှာပဲ… ’
လီချန်ရှို့သည် သူ၏ အာရုံကို အခြားနေရာသို့ ပြန်ပို့၍ တစ်ပြိုင်တည်း အလုပ်များစွာကို လုပ်လိုက်လေသည်။

တုနတ်ဝိဇ္ဇာဂိုဏ်းနှင့် လီရာချီဝေးသော နေရာရှိ တောအုပ်အတွင်း သစ်သားသေတ္တာလေး လေးလုံးသည် စက္ကူကိုယ်ပွားများကြောင့် ပွင့်လာ၏။

အဝတ်အိတ်များဖြင့် ဖုံးလွှမ်းနေပြီး အလွန်ထူထဲသော စက္ကူကိုယ်ပွားများသည် သေတ္တာအတွင်းမှ ခုန်ထွက်လိုက်ကြသည်။ ၎င်းတို့၏ ခန္ဓာကိုယ်များ လှုပ်ယမ်းသွားပြီး တာအိုကျင့်ကြံသူ အမျိုးသားနှစ်ဦးနှင့် အမျိုးသမီးနှစ်ဦးအဖြစ် ပြောင်းလဲသွား၏။
‘ ကဲ… တိုက်ပွဲဝင် စက္ကူကိုယ်ပွားတွေကိုတော့ လွှတ်လိုက်ပြီ ’

‘ နောက်က ချောင်းမြောင်းမတိုက်သင့်ဘူးဆိုပေမယ့် အချစ်နဲ့စစ်မှာ မတရားတာ မရှိဘူးမလား ’

စက္ကူကိုယ်ပွားလေးဦးသည် တောင်နှင့်မြောက်သို့ နှစ်ဦးဆီခွဲ၍ တုနတ်ဝိဇ္ဇာဂိုဏ်းအပြင်ရှိ တိုက်ပွဲပြင်းထန်နေသော နေရာသို့ သွားလိုက်ကြလေသည်။

Comment

Leave a Reply

Options

not work with dark mode
Reset